ထိုစဉ်မှာပင် ကိုးယောက်မြောက်မင်းသားသည် ချိုင်ယွီရှင်း၏ ဦးဆောင်မှုဖြင့် အထဲသို့ ဝင်လာလေသည်။
သူသည် လင်းပိုင်ဖန်ကို မြင်လိုက်ရသည်နှင့် မိမိခေါင်းပေါ်က အစိမ်းရောင်ဦးထုပ်ကို သတိရသွားပြီး ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေသည် “လင်းပိုင်ဖန်... မင်းနဲ့ငါနဲ့ တစ်ပွဲလောက် နွှဲကြရအောင်” ( အစိမ်းရောင် ဦးထုပ်- Green hat ဆိုသည်မှာ မိမိ၏ မိန်းကလေးကို အလုခံရခြင်းကို ဆိုလိုသည်)
ပြိုင်ဘက်ကင်း လှံနတ်ဘုရားက မျက်မှောင်ကြုတ်လိုက်ပြီး “ဘာတွေလုပ်နေတာလဲ၊ ဒါက ဘယ်လိုအမူအရာမျိုးလဲ... ဘာလို့ ဒီလောက်တောင် ဆူညံနေရတာလဲ”
ကိုးယောက်မြောက်မင်းသားက ဝမ်းနည်းပန်းနည်းဖြင့် “ဆရာ... ဆရာ မသိပါဘူး၊ ဒီကောင် လင်းပိုင်ဖန်ကလေ...”
လှံနတ်ဘုရား၏ မျက်နှာက ပို၍ပင် လေးနက်သွားကာ “အရှင်မင်းကြီးအပေါ် မရိုမသေ မလုပ်နဲ့၊ အမြန်ဆုံး ‘ဆရာကြီး’ လို့ ခေါ်လိုက်စမ်း”
ကိုးယောက်မြောက်မင်းသားမှာ ကြောင်အသွားပြီး “ဘာ... ဆရာကြီး ဟုတ်လား”
“မင်းရဲ့ဆရာက အရှင်မင်းကြီးကို ဆရာအဖြစ် တင်မြှောက်ထားတာ၊ ဒါကြောင့် သူက ဆရာ့ရဲ့ဆရာပေါ့... အဲဒါကြောင့် မင်းက အရှင်မင်းကြီးကို ‘ဆရာကြီး’ လို့ ခေါ်ရမှာပဲ” ဟု လှံနတ်ဘုရားက လေးနက်စွာ ရှင်းပြလိုက်သည်။
ကိုးယောက်မြောက်မင်းသားက “F**k...” ဟု ရေရွတ်လိုက်မိသည်။
ဒီကောင် လင်းပိုင်ဖန်က ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး သူ၏ ‘ဆရာကြီး’ ဖြစ်သွားရတာနည်း။ မျိုးဆက် နှစ်ဆက်တောင် ကွာခြားသွားပြီ မဟုတ်ပါလား။ ဒီကောင် သူ၏ဆရာကို ဘယ်လိုများ ပြုစားလိုက်ပါသနည်း။
“စီနီယာအစ်မ... ဒါက တကယ်ပဲလား” ကိုးယောက်မြောက်မင်းသားက မျှော်လင့်ချက်အနည်းငယ်ဖြင့် ချိုင်ယွီရှင်းကို လှမ်းမေးလိုက်သည်။
ချိုင်ယွီရှင်းက ကိုယ်ချင်းစာစွာဖြင့် သက်ပြင်းချလိုက်ပြီး “မောင်လေး... လက်တွေ့ကို လက်ခံလိုက်ပါတော့။ အရှင်မင်းကြီးက တကယ်ပဲ ငါတို့ဆရာရဲ့ ဆရာ ဖြစ်သွားပြီ၊ ဒါကြောင့် သူက မောင်လေးရဲ့ ‘ဆရာကြီး’ ပါပဲ”
ကိုးယောက်မြောက်မင်းသားမှာ ပျာယာခတ်သွားပြီး “စီနီယာအစ်မ... ဒါမျိုးကို အစ်မက ဘယ်လိုလုပ် သဘောတူနိုင်ရတာလဲ”
ချိုင်ယွီရှင်းက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ “ငါလည်း ဘယ်လိုလုပ်နိုင်မှာလဲ။ ခုနက ငါ ကန့်ကွက်လို့ ဆရာက ငါ့ကို တပည့်အဖြစ်ကနေတောင် ထုတ်ပယ်လိုက်ပြီလေ”
ကိုးယောက်မြောက်မင်းသားက “F**k...” ဟု ထပ်မံ ရေရွတ်လိုက်ပြန်သည်။
“ဒါကြောင့် မောင်လေးလည်း ကိုယ့်ဘာသာကိုယ်ပဲ သတိထားတော့၊ ငါလည်း ဘာမှ မတတ်နိုင်တော့ဘူး” ဟု ချိုင်ယွီရှင်းက အားကိုးရာမဲ့စွာ ပြောလိုက်သည်။
ကိုးယောက်မြောက်မင်းသားမှာ တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူ၏ဆရာက လင်းပိုင်ဖန်ကို ဆရာတင်လိုက်ခြင်းမှာ လင်းပိုင်ဖန်ဘက်က ရပ်တည်လိုက်ခြင်းပင် ဖြစ်သည်။ သူ့ကို ကူညီနိုင်မည့် တစ်ဦးတည်းသော စီနီယာအစ်မမှာလည်း တပည့်အဖြစ်မှ ထုတ်ပယ်ခံလိုက်ရပြီ။ သူ ဘာလုပ်ရတော့မည်နည်း။
ထိုစဉ်တွင် လင်းပိုင်ဖန်က ကြင်နာတတ်သော မျက်နှာထားဖြင့် “ဪ... တပည့်လေး လီထျန်းချုံး ရောက်လာပြီကိုး” ဟု ဆိုလိုက်သည်။
ကိုးယောက်မြောက်မင်းသား - “...”
လင်းပိုင်ဖန်က ဆက်လက်၍ “တစ်နှစ်လောက် ရှိပြီနော်၊ မင်း တော်တော်လေး ပိန်သွားတယ်”
ကိုးယောက်မြောက်မင်းသား - “...” (မင်းပေးတဲ့ ဒုက္ခတွေကြောင့် ပိန်ရတာလေ...)
“မိန်းမရော ရပြီလား”
ကိုးယောက်မြောက်မင်းသား - “...” (ငါ့ရဲ့ ဇနီးလောင်း နှစ်ယောက်လုံးကို မင်းပဲ ယူသွားတာလေ...)
“တကယ်လို့ ရှိရင်လည်း ဆရာကြီးနဲ့ မိတ်ဆက်ပေးဦးလေ၊ ငါတို့တွေ ရင်းရင်းနှီးနှီး ရှိသွားအောင်...”
ကိုးယောက်မြောက်မင်းသား - “F**k...”
“ဪ... ဆောရီး၊ ငါ စကားမှားသွားလို့” လင်းပိုင်ဖန်က ချက်ချင်းပင် ပြန်ပြင်လိုက်သည် “ငါ ဆိုလိုတာက မင်းမှာ မရှိသေးရင် ဆရာကြီးက တစ်ယောက်လောက် ရှာပေးရမလားလို့ပါ”
ကိုးယောက်မြောက်မင်းသားက လင်းပိုင်ဖန်ကို စေ့စေ့ကြည့်လိုက်သည်။
သူက မာန်တင်းပြီး ပြောလိုက်သည် “လင်းပိုင်ဖန်... မင်းကိစ္စ မင်းလုပ်ပါ။ ငါ့ကိစ္စ ငါဘာသာ ဖြေရှင်းနိုင်တယ်”
လှံနတ်ဘုရားက စိတ်ဆိုးသွားပြီး “ချုံးအာ... မင်း ဘယ်လို စကားပြောနေတာလဲ။ အဆင့်အတန်းအရ မင်းက အရှင်မင်းကြီးကို ‘ဆရာကြီး’ လို့ ခေါ်ရမယ်၊ ရိုသေမှုလည်း ရှိရမယ်။ မင်းရဲ့ လေသံကို မပြင်ဘူးဆိုရင် ဆရာ မင်းရဲ့ ခြေထောက်ကို ရိုက်ကျိုးပစ်မယ်၊ မှတ်ထား”
ကိုးယောက်မြောက်မင်းသားမှာ အသက်ရှူပင် ကျပ်သွားရသည်။ စိတ်ထဲတွင် မည်မျှပင် နာကျင်နေပါစေ၊ ဆရာက တကယ် ခြေထောက်ရိုက်ကျိုးပစ်မည်ကို ကြောက်သဖြင့် သူ လက်ခံလိုက်ရတော့သည်။
“ဆရာ... ကြီး...”
“အွန်း…ဟုတ်ပြီ”
လင်းပိုင်ဖန်က ကျေနပ်အားရစွာဖြင့် ထူးလိုက်ပြီး “နောက်တစ်ခါလောက် ထပ်ခေါ်ပါဦး၊ ပိုကျယ်ကျယ်လေးနော်... မင်းရဲ့ ခံစားချက်တွေကို အောင့်မထားနဲ့”
ကိုးယောက်မြောက်မင်းသားမှာ ဝမ်းချုပ်နေသူတစ်ဦး၏ မျက်နှာပေးမျိုးဖြင့် “ဆရာကြီး…” ဟု အော်လိုက်ရသည်။
“အင်း…” လင်းပိုင်ဖန်က လက်ယမ်းပြရင်း “ရပါပြီ၊ အော်မနေနဲ့တော့။ မင်းရဲ့ စေတနာကို သိရင်ပဲ ကျေနပ်ပါပြီ”
“ဒါနဲ့ တပည့်လေး... ဘာကိစ္စရှိလို့ ငါ့ဆီ လာတာလဲ” ဟု လင်းပိုင်ဖန်က ထပ်မေးလိုက်သည်။
“ဘာမှ မဟုတ်ပါဘူး၊ ဆရာကြီးကို လာပြီး ဂါရဝပြုတာပါ” ကိုးယောက်မြောက်မင်းသားက အံကြိတ်ကာ ပြောလိုက်သည် “ဆရာကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းပေးပါတယ်”
လင်းပိုင်ဖန်က အလွန်ပင် စိတ်လှုပ်ရှားသွားဟန်ဖြင့် “ဒီကလေးက တကယ့်ကို သိတတ်တာပဲ”
“ဆရာ ပြောတာ တကယ်မှန်ပါတယ်” ဟု လှံနတ်ဘုရားက ရယ်မောလိုက်သည် “ချုံးအာက ငယ်ကတည်းက သိတတ်တဲ့ ကလေးပါ။ တော်ဝင်မိသားစုက မွေးဖွားလာပေမယ့် ဆင်းရဲဒုက္ခကို သည်းခံနိုင်တယ်။ ကောင်းတာလေးတွေရှိရင်လည်း ဒီအဖိုးကြီးကို ဘယ်တော့မှ မမေ့တတ်ဘူး”
“ဟုတ်လား... ဒါဆိုရင် နောက်ပိုင်း ငါတို့နှစ်ယောက် ပိုပြီးတော့ ရင်းရင်းနှီးနှီး နေကြရအောင်” လင်းပိုင်ဖန်က ပြုံးလိုက်သည်။
ကိုးယောက်မြောက်မင်းသားမှာ ငိုချင်စိတ်ပင် ပေါက်သွားတော့သည်။
‘ငါ မင်းနဲ့ နည်းနည်းလေးမှ မရင်းနှီးချင်ဘူး၊ လူယုတ်မာကြီးရဲ့….!’
ထို့နောက် လင်းပိုင်ဖန်က လှံနတ်ဘုရားအတွက် ခမ်းနားသော ဂုဏ်ပြုစားပွဲကြီးကို ပြင်ဆင်ပေးလိုက်သည်။
နောက်ပိုင်းရက်များတွင် လှံနတ်ဘုရားသည် နန်းတော်ထဲသို့ နေ့စဉ်ဝင်ကာ လင်းပိုင်ဖန်နှင့် စစ်တုရင်ကစားရင်း သူ၏လှံသိုင်းပညာကို လေ့ကျင့်လေသည်။ ကိုးခုမြောက်မင်းသားမှာမူ လင်းပိုင်ဖန်ကို မတွေ့ချင်သဖြင့် အရိပ်အယောင်ပင် မပြတော့ချေ။
ချိုင်ယွီရှင်းကမူ...
တိတ်ဆိတ်သော ညတစ်ညတွင် သူမကို လင်းပိုင်ဖန်က တားဆီးလိုက်သည်။
“ယွီရှင်း... မင်း ငါတို့ရဲ့ လောင်းကြေးကို ရှုံးသွားပြီနော်။ ရှုံးတဲ့သူက နိုင်တဲ့သူရဲ့ တောင်းဆိုချက်တစ်ခုကို လိုက်လျောရမယ်ဆိုတာ မမေ့သေးဘူးမလား” လင်းပိုင်ဖန်က တိုက်ရိုက်ပင် မေးလိုက်သည်။
“ကျွန်မ ရှုံးတာ ဝန်ခံပါတယ်။ အရှင်မင်းကြီးက ဘာလုပ်စေချင်တာလဲ” ဟု ချိုင်ယွီရှင်းက ပြတ်သားစွာ ပြောလိုက်သည်။
“ယွီရှင်း... ငါ အလိုရှိတာက...” လင်းပိုင်ဖန်က သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
စကားကို ကြားလိုက်ရသည့်အခါ ချိုင်ယွီရှင်း၏ မျက်နှာလေးမှာ ရဲတက်သွားပြီး “အရှင်မင်းကြီး... ဒါက မသင့်တော်ဘူး ထင်တယ်။ ကျွန်မတို့ လက်မထပ်ရသေးဘူးလေ...”
“စောတာနဲ့ နောက်ကျတာပဲ ကွာတာလေ။ အရင်ဆုံး သင်္ဘောကို စီးပြီးမှ လက်မှတ်ဖြတ်တာပေါ့... ဘာပဲဖြစ်ဖြစ် မင်းက ငါ့လက်ခုပ်ထဲက ရေပဲ မဟုတ်လား” ဟု ဆိုကာ လင်းပိုင်ဖန်က ချိုင်ယွီရှင်းကို ပွေ့ချီပြီး အိပ်ဆောင်ထဲသို့ ပြေးဝင်သွားလေတော့သည်။
ချိုင်ယွီရှင်းက အနည်းငယ် ရုန်းကန်သော်လည်း နောက်ဆုံးတွင် လက်လျှော့လိုက်သည်။
‘ ထားလိုက်ပါတော့လေ... သူ့အတွက်ဆိုရင် ဖြစ်ပါတယ်’
ဘာပဲဖြစ်ဖြစ် သူမတစ်သက်မှာ သူ့ကိုပဲ လက်ထပ်မှာပဲ မဟုတ်ပါလား။
ထိုညတွင် စောင်းသံနှင့် ပုလွေသံတို့က ဟန်ချက်ညီကာ နဂါးနှင့် ဖီးနစ်တို့ ပေါင်းစည်းသကဲ့သို့ မင်္ဂလာရှိသော ညတစ်ည ဖြစ်ခဲ့လေသည်။
………
ဤအချိန်တွင် မဟာရှနိုင်ငံမှာ ငြိမ်းချမ်းသာယာနေသော်လည်း အိမ်နီးချင်း မဟာလော့နိုင်ငံတွင်မူ နှစ်ဆန်းကတည်းက ရေရှားပါးမှု ပြဿနာနှင့် ရင်ဆိုင်နေရသည်။ ပူပြင်းသော နွေရာသီနှင့်အတူ ပြင်းထန်သော မိုးခေါင်ရေရှားမှုဒဏ်ကြောင့် သီးနှံစိုက်ပျိုးရန် အလွန်ပင် ခက်ခဲနေလေသည်။
ထိုသို့ ခက်ခဲနေသည့်ကြားမှ တောင်သူများမှာ လယ်ယာကို မနားတမ်း လုပ်ကိုင်နေကြရသည်။ အကြောင်းမှာ မစိုက်ပျိုးလျှင် စားစရာ မရှိသောကြောင့်ပင် ဖြစ်သည်။
နိုင်ငံပျက်လျှင် ပြည်သူတွေ ဒုက္ခရောက်သလို၊ နိုင်ငံစည်ပင်လျှင်လည်း ပြည်သူတွေပဲ ဒုက္ခရောက်ကြရစမြဲ ဖြစ်သည်။ ရှေးယခင်ကတည်းက ဤအတိုင်းပင် ဖြစ်လေသည်။
ထိုစဉ်မှာပင် ရုတ်တရက် တဝီဝီ အသံများကို ကြားလိုက်ရသည်။ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်ယံတွင် အုပ်စုလိုက် ပျံသန်းလာကြသည့် အင်းဆက်ပိုးမွှားများကို မြင်လိုက်ရသည်။ နေရောင်ကိုပင် ကွယ်နေပြီး တောင်ကုန်း တောင်တန်း တစ်ပြင်လုံး ဖုံးလွှမ်းသွားသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည်။
တောင်သူများမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည် “ကျိုင်းကောင်တွေ... ကျိုင်းကောင်ဘေး ဆိုက်ပြီဟေ့”
***