ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကြုံခဲလှတဲ့ နှင်းကပ်ဘေးအန္တရာယ်၊ မဟာရှနိုင်ငံရဲ့ ကျူးကျော်မှုနဲ့ ဂူဗိမာန်ကိုးခုကနေ ပုန်ကန်မှုတွေကိုပါ ကြုံတွေ့ခဲ့ရပြီးတဲ့ နောက်မှာတော့ မဟာလော့နိုင်ငံရဲ့ အင်အားဟာ အတော်လေးကို ဆုတ်ယုတ်အားနည်းနေခဲ့ပြီ ဖြစ်သည်။
ယခုနှစ် ဆောင်းဦးရိတ်သိမ်းချိန်မှာတော့ ဆုံးရှုံးသွားတာတွေကို ပြန်လည်ကုစားနိုင်လိမ့်မယ်လို့ မဟာလော့ဧကရာဇ်မှာ မျှော်လင့်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ကျိုင်းကောင်ဘေးနှင့် မိုးခေါင်ရေရှားမှုဒဏ်ကို တစ်ပြိုင်နက် ခံလိုက်ရသဖြင့် သီးနှံအားလုံးမှာ ပျက်စီးသွားခဲ့ရလေသည်။ ရိက္ခာမရှိတော့လျှင် မဟာလော့နိုင်ငံက ဘာဆက်လုပ်ရတော့မည်နည်း။
ပြည်သူတွေကရော ဘယ်လို အသက် ဆက်နိုင်ကြတော့မည်နည်း။ သူသည် ကောင်းကင်ကြီးကို မော့ကြည့်ရင်း လမ်းပျောက်နေသကဲ့သို့ ခံစားလိုက်ရသည်။
နန်းတက်ကတည်းက သူသည် နိုင်ငံနှင့် ပြည်သူကို အမြဲဦးစားပေးခဲ့ပြီး တစ်စက္ကန့်မျှ ပေါ့လျော့ခြင်းမရှိဘဲ ကြိုးစားအားထုတ်ခဲ့သူ ဖြစ်သည်။ ကောင်းကင်ကြီး အမျက်ရှရလောက်အောင်၊ ပြည်သူတွေ နာကြည်းရလောက်အောင်လည်း သူ ဘာမှအမှားမှ မလုပ်ခဲ့ပေ။ သို့သော် ကံကြမ္မာက သူ့အပေါ် ဘာကြောင့် ဒီလောက်အထိ ရက်စက်နေရသနည်း။ သူ ဘာများ မှားယွင်းခဲ့လို့ပါလိမ့်။
ထိုအချိန်တွင် အမတ်တစ်ဦးက အပြေးအလွှား ဝင်ရောက်လာသည်။
“အစီရင်ခံပါတယ် အရှင်မင်းကြီး... မဟာလော့ပြည်သူ အမြောက်အမြားဟာ သူတို့ရဲ့ မိသားစုတွေကို ခေါ်ပြီး မဟာရှနိုင်ငံဘက်ကို ထွက်ပြေးနေကြပါပြီ”
“သွားပါစေ... တားမနေပါနဲ့တော့” မဟာလော့ဧကရာဇ်မှာ စိတ်ဓာတ်ကျနေသည့် လေသံဖြင့် လက်ခါပြလိုက်သည်။
ယခင်ကလည်း မဟာလော့ပြည်သူအချို့ မဟာရှနိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းမှာ ထူးဆန်းသည့်ကိစ္စ မဟုတ်တော့ပေ။ သို့သော် ထိုသူအများစုမှာ လေလွင့်နေသူများနှင့် သူတောင်းစားများသာ ဖြစ်ကြသည်။
အိုးအိမ်အတည်တကျနှင့် လယ်ယာလုပ်ကိုင်သူများကတော့ ထွက်မသွားကြသဖြင့် သူ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။ အိုးမဲ့အိမ်မဲ့များ ထွက်သွားခြင်းက မဟာလော့နိုင်ငံအတွက် စီမံခန့်ခွဲမှုစရိတ် သက်သာစေသဖြင့် ကောင်းသည့် အချက်ဟုပင် ဆိုနိုင်သေးသည်။
“အရှင်မင်းကြီး... ဒီတစ်ခါတော့ လွှတ်ထားလို့ မဖြစ်ပါဘူး” အမတ်က အရေးတကြီး ဆက်ပြောလိုက်သည်။ “ဒီတစ်ခါ ထွက်သွားတဲ့သူက အနည်းဆုံး လူဦးရေ ဆယ်သန်းလောက် ရှိပါတယ်”
“ဘာ... ဆယ်သန်းတောင် ဟုတ်လား” မဟာလော့ဧကရာဇ်မှာ တုန်လှုပ်သွားတော့သည်။
မဟာလော့နိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ ၁၈ သန်းသာ ရှိပြီး အင်ပါယာစံနှုန်းကို မနည်းမီအောင် ကြိုးစားနေရခြင်း ဖြစ်သည်။ ယခုမူ လူဦးရေ ဆယ်သန်းကျော် ထွက်သွားမည်ဆိုပါက နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ လူဦးရေ ထက်ဝက်မရှိတော့လျှင် နိုင်ငံ၏အင်အားမှာ အကြီးအကျယ် ပျက်စီးသွားရုံသာမက တစ်နိုင်ငံလုံး ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေပင် ဖြစ်သည်။
“တကယ်ပဲလား... ဆယ်သန်းတောင် ထွက်သွားတာ သေချာလို့လား” ဧကရာဇ်က ထပ်မံ မေးမြန်းလိုက်သည်။
“မှန်လှပါ အရှင်မင်းကြီး... တကယ်ကို အတည်ပြုပြီးသားပါ၊ ကျန်တော်မျိုး အရှင်မင်းကြီးကို မလိမ်ရဲပါဘူး”
“သူတို့က ဘာလို့ ထွက်သွားချင်ကြတာလဲ”
အမတ်၏ မျက်နှာမှာ ပို၍ပင် ညှိုးငယ်သွားပြီး “အရှင်မင်းကြီး... ကျိုင်းကောင်ဘေးနဲ့ မိုးခေါင်တဲ့ဒဏ်ကြောင့်ပါ၊ မဟာလော့မှာ စားစရာ ရိက္ခာတွေ အကုန်ပြတ်လပ်နေပါပြီ”
မဟာလော့ဧကရာဇ်က ငိုင်တိုင်စွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်သားပဲ... ရိက္ခာမှ မရှိတာ၊ ထွက်သွားကြမှာပေါ့”
သူ ကောင်းကောင်း နားလည်ပါသည်။ ငတ်ပြတ်နေတဲ့ နေရာမှာ ဘယ်သူက ဆက်နေချင်ပါ့မလဲ။ အသက်မှ မရှိတော့ရင် ဘာမှကျန်မှာ မဟုတ်ဘူးလေ။ သို့သော် သူ ပြည်သူတွေကို နိုင်ငံ့အပြင် အထွက်မခံနိုင်ပေ။ အကယ်၍ သူတို့သာ တကယ် ထွက်သွားကြလျှင် မဟာလော့နိုင်ငံမှာ တကယ်ပင် ဇာတ်သိမ်းသွားတော့မည် ဖြစ်သည်။
“ချက်ချင်းသွားတားကြစမ်း... တစ်ယောက်မှ အထွက်မခံနဲ့”
“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး”
ဤသို့ဖြင့် မဟာရှနိုင်ငံသို့ သွားရာ နယ်စပ်လမ်းကြောင်းများကို တပ်မတော်ဖြင့် ပိတ်ဆို့လိုက်ပြီး မည်သူ့ကိုမျှ ဖြတ်သန်းခွင့် မပြုတော့ချေ။ ထိုအခါ ပြည်သူများမှာ အလွန်အမင်း ဒေါသထွက်လာကြသည်။
“ဘာဖြစ်လို့လဲ... ဘာလို့ ငါတို့ကို ပေးမသွားတာလဲ”
“ဒီမှာနေရင် ငါတို့ အသက်မရှင်နိုင်တော့ဘူး၊ မဟာရှကိုသွားပြီး အလုပ်လုပ်တာ ဘာမှားလို့လဲ”
“ငါတို့ရဲ့ လွတ်လပ်ခွင့်ကို မင်းတို့ ပိတ်ပင်လို့မရဘူး”
နှစ်ဖက်စလုံးမှာ ရုန်းရင်းဆန်ခတ်မှုများပင် ဖြစ်ပွားလာတော့သည်။ ထိုအချိန်တွင် မဟာလော့ဧကရာဇ်က အပြေးအလွှား ရောက်ရှိလာပြီး အခြေအနေကို ထိန်းသိမ်းရန် အသံကို မြှင့်လိုက်သည်။
“ငါ့ရဲ့ ပြည်သူတို့... စိတ်မလောကြပါနဲ့ဦး၊ ငါကိုယ်တော် ပြောတာကို အရင်နားထောင်ပေးကြပါဦး”
သူ၏ ဖျောင်းဖျစကားများကြောင့် ပြည်သူများမှာ တဖြည်းဖြည်း ငြိမ်သက်သွားကြသည်။
“မဟာလော့ပြည်သူတို့... ငါကိုယ်တော် မောင်မင်းတို့ကို မေးပါရစေ၊ ဒီနှစ်တွေအတွင်းမှာ ငါကိုယ်တော် မောင်မင်းတို့အပေါ် ဘယ်လို ဆက်ဆံခဲ့သလဲ၊ ငါကိုယ်တော်များ မောင်မင်းတို့အပေါ် ပေါ့လျော့ခဲ့တာများ ရှိသလား” မဟာလော့ဧကရာဇ်မှာ ကျယ်လောင်စွာ မေးလိုက်သည်။
ပြည်သူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထိုစဉ် ပညာတတ်ပုံစံပေါက်သည့် သက်ကြီးရွယ်အိုတစ်ဦးက ရှေ့သို့တက်လာပြီး ဧကရာဇ်ကို အရိုအသေပေးကာ ပြောလိုက်သည်။
“အရှင်မင်းကြီး... အရှင်မင်းကြီး ဒီနှစ်တွေအတွင်း လုပ်ဆောင်ခဲ့တာအားလုံးကို ကျွန်တော်မျိုးတို့ မြင်တွေ့ခဲ့ရပါတယ်”
“အရှင်မင်းကြီး နန်းတက်ကတည်းက ပြည်ပက ရန်သူတွေကို နှိမ်နင်းခဲ့တယ်၊ ပြည်တွင်းက အကျင့်ပျက် ခြစားတဲ့ အရာရှိတွေကို အပြစ်ပေးခဲ့တယ်၊ ပြည်သူတွေကို အနားယူစေပြီး ကုန်ထုတ်လုပ်မှုကို အားပေးခဲ့တယ်။ အရှင်မင်းကြီးရဲ့ ထက်မြက်တဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ရဲ့ ဘဝတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာခဲ့ပါတယ်၊ အရှင်ဟာ ရှားပါးတဲ့ မင်းကောင်းမင်းမြတ် တစ်ပါးပါ”
အားလုံးကလည်း ထောက်ခံကြလေသည်။
“ဟုတ်ပါတယ်... အရှင်မင်းကြီးဟာ ဧကရာဇ်ကောင်း တစ်ပါးပါ”
“တကယ်ပါ... အရှင်မင်းကြီး လက်ထက်မှာ ကျွန်တော်တို့ ဘဝတွေ တကယ် တိုးတက်လာခဲ့တာပါ”
“ဒါဆိုရင်... ဘာလို့ အခု ငါကိုယ်တော်ကို ထားရက်ခဲ့ကြတာလဲ”
မဟာလော့ဧကရာဇ်က ရင်နင့်စွာဖြင့် ပြောလိုက်သည်။ “ငါကိုယ်တော် မောင်မင်းတို့အပေါ်ကို စစ်မှန်တဲ့ စိတ်စေတနာတွေနဲ့ ဆက်ဆံခဲ့တာပါ၊ ဘာလို့ ငါကိုယ်တော်ကို စွန့်ခွာသွားချင်ကြတာလဲ”
ပြည်သူများမှာ တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်ရင်း တိတ်ဆိတ်သွားကြသည်။ ထိုသက်ကြီးရွယ်အိုကပင် ဝမ်းနည်းကြေကွဲစွာဖြင့် ပြန်ပြောလိုက်သည်။
“အရှင်မင်းကြီး... ကျွန်တော်မျိုးတို့မှာ ထွက်သွားဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိလို့ပါ။ မသွားရင် ကျွန်တော်မျိုးတို့အတွက် လမ်းစမရှိတော့ပါဘူး။ အရှင်မင်းကြီးလည်း သိတဲ့အတိုင်း နှစ်ပေါင်းငါးဆယ်မှာ တစ်ကြိမ်သာ ကြုံရတဲ့ မိုးခေါင်မှုနဲ့ ကျိုင်းကောင်ဘေးကို ခံနေရတာပါ။ လယ်ကွင်းထဲမှာ ဘာသီးနှံမှ မစိုက်နိုင်တော့ဘူး၊ မနည်းစိုက်ထားတဲ့ သီးနှံလေးတွေကိုလည်း ကျိုင်းကောင်တွေက ဖျက်ဆီးသွားကြပြီ။ စားနပ်ရိက္ခာမရှိဘဲနဲ့... ကျွန်တော်မျိုးတို့ ဘယ်လို အသက်ဆက်ရမှာလဲ”
သူ့စကားကြောင့် ပြည်သူများမှာ ပြန်လည် နိုးကြားလာကြသည်။
“ဟုတ်ပါတယ်... မသွားရင် တကယ်ကို မရှင်သန်နိုင်တော့လို့ပါ”
“ရိက္ခာမရှိရင် ကျွန်တော်မျိုးတို့ ဘာကိုစားပြီး ဘာကို သောက်ရတော့မှာလဲ”
“ဒီတိုင်း ထိုင်ပြီးတော့ အသေခံမနေနိုင်ဘူးလေ၊ သစ်ပင်က ရွှေ့ရင်သေပေမယ့် လူကတော့ အသက်ရှင်ဖို့ လမ်းစရှာရမှာပဲ”
“စားစရာလေး ရှာချင်တာပါ၊ အဲဒါက မှားနေလို့လား”
“မောင်မင်းတို့ရဲ့ အခက်အခဲတွေကို ငါကိုယ်တော် သိပါတယ်၊ အမှန်အတိုင်း ပြောရရင် ငါကိုယ်တော်ရဲ့ နှလုံးသားကလည်း မောင်မင်းတို့လိုပဲ နာကျင်နေရပါတယ်”
မဟာလော့ဧကရာဇ်မှာ ခံစားချက်အပြည့်ဖြင့် ဆက်ပြောသည်။ “ကျိုင်းကောင်ဘေးကို ဖြေရှင်းဖို့ ငါကိုယ်တော် နည်းလမ်းမျိုးစုံ ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ မောင်မင်းတို့မြင်တဲ့အတိုင်းပဲ ဘာမှ မထူးခဲ့ဘူး။ ကျိုင်းကောင်တွေ သီးနှံတွေကို ဝါးမျိုနေတာ မြင်ရတာ ငါကိုယ်တော်ရဲ့ ရင်ထဲမှာ သိပ်ကို ခံရခက်ပါတယ်။ အဲဒီသီးနှံတွေ နေရာမှာ ငါကိုယ်တော်ရဲ့ အသားနဲ့ သွေးတွေကိုပဲ ကျိုင်းကောင်တွေကို ကျွေးလိုက်ချင်ပါတော့တယ်”
ထိုစကားကို ကြားသောအခါ ပြည်သူများမှာ မျက်ရည်ကျလောက်အောင် စိတ်ထိခိုက်သွားကြသည်။ အမှန်စင်စစ် ဤကျိုင်းကောင်ဘေးအတွင်း သူတို့၏ ဧကရာဇ်သည် အစွမ်းကုန် ကြိုးစားခဲ့သည်မှာ အားလုံးအသိပင် ဖြစ်သည်။
သူသည် တာအိုဂိုဏ်းထံမှ အဆိပ်ကို တောင်းခံခဲ့သည်။ အဆိပ်က အလုပ်မဖြစ်သည့်အခါ စစ်သည်တွေကိုယ်တိုင် ကျိုင်းကောင်တွေကို နှိမ်နင်းခိုင်းခဲ့သည်။ နေ့မနား ညမနား ဆယ့်ငါးရက်တိုင်တိုင် ကျိုင်းကောင်တွေနဲ့ တိုက်ပွဲဝင်ခဲ့သည်။ နောက်ဆုံးတွင် ကံမကောင်းစွာဖြင့် ရှုံးနိမ့်ခဲ့ရသော်လည်း သူ၏ စိတ်ဓာတ်နှင့် ကြိုးစားမှုကို ပြည်သူများက အသိအမှတ်ပြုကြသည်။ ဘယ်ဧကရာဇ်က ဒီလောက်အထိ အပင်ပန်းခံမှာလဲ။
“ငါ့ရဲ့ ပြည်သူတို့... ငါ့ရဲ့ မိသားစုဝင်တို့”
မဟာလော့ဧကရာဇ်မှာ ရင်ထဲမှလာသော ခံစားချက်များဖြင့် ပြောလိုက်သည် - “ဒီတစ်ခါ ကျိုင်းကောင်ဘေးကို ငါတို့ ရှုံးခဲ့ပေမယ့် ငါတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကတော့ ရှုံးနိမ့်မသွားခဲ့ဘူး။ အခက်အခဲပေါင်းများစွာကို ငါတို့ ကျော်ဖြတ်လာနိုင်ခဲ့ပြီပဲ၊ အခု တစ်ခုကိုလည်း ငါတို့ ကျော်ဖြတ်နိုင်မှာပါ။ ဒါကြောင့် အားလုံးပဲ ဒီမှာ ဆက်နေကြပါ၊ ငါတို့အတူ လက်တွဲပြီး ဒီခက်ခဲတဲ့ အချိန်တွေကို အတူ ကျော်ဖြတ်ကြရအောင်။ မောင်မင်းတို့က ငါကိုယ်တော်အပေါ် သစ္စာရှိရင် ငါကိုယ်တော်ကလည်း မောင်မင်းတို့အပေါ် သစ္စာရှိမှာပါ”
ထိုစကားကို ကြားပြီးနောက် ပြည်သူအများစုမှာ စိတ်ထဲ ထိရှသွားကြပြီး ဆက်နေရန် ဆုံးဖြတ်လိုက်ကြတော့သည်။
***