“မောင်မင်းတို့က ငါကိုယ်တော်အပေါ် သစ္စာရှိရင်၊ ငါကိုယ်တော်ကလည်း မောင်မင်းတို့အပေါ် သစ္စာရှိမှာပါ”
ထိုစကားကို ကြားပြီးနောက် ပြည်သူအများစုမှာ စိတ်ထဲ ထိရှသွားကြပြီး ဆက်နေရန် ဆုံးဖြတ်လိုက်ကြတော့သည်။
သို့သော် ထိုအချိန်တွင် ခွန်အားဗလနှင့် ပြည့်စုံသော လူငယ်တစ်ဦးက ရှေ့သို့ တိုးထွက်လာပြီး...
“အမှန်အတိုင်း ပြောရရင် ကျွန်တော်မျိုး တော်တော်လေး စိတ်ကုန်နေပြီ” ဟု ဒေါသတကြီး ပြောလိုက်သည်။
“အရှင်မင်းကြီး... ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံး ကျွန်တော်မျိုးတို့ ဘာတွေ ကြုံခဲ့ရသလဲဆိုတာ ပြန်ကြည့်ပါဦး။ သဘာဝ ဘေးအန္တရာယ်တွေရော၊ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေကိုပါ ဘယ်လောက်တောင် ကြုံခဲ့ရပြီးပြီလဲ”
“မနှစ်ကစပြီး အရှင်မင်းကြီးက မဟာရှနိုင်ငံလိုမျိုး စီးပွားရေး တိုးတက်အောင်၊ ပြည်သူတွေ ဘဝမြင့်မားအောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ချင်တယ်ဆိုလို့ ကျွန်တော်တို့အားလုံး စိတ်ရောကိုယ်ပါ ထောက်ခံခဲ့ကြတယ်။ ဒါပေမဲ့ ရလဒ်က ဘာလဲ... ပြုပြင်ပြောင်းလဲမှုတွေဟာ ကျရှုံးခဲ့ရတယ်၊ စီးပွားရေးကလည်း အကြီးအကျယ် ထိုးဆင်းသွားပြီး ကျွန်တော်မျိုးတို့ရဲ့ အိတ်ကပ်တွေလည်း ပြောင်သလင်းခါကုန်ပြီ”
“အဲဒီနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် သီးနှံတွေ ပျက်စီးပြန်တယ်။ ရိက္ခာပြဿနာကို ဖြေရှင်းဖို့ဆိုပြီး မဟာဖုန်းအင်ပါယာဆီကို စစ်တပ်လွှတ်ခဲ့ပေမဲ့ ရိက္ခာလည်း ရမလာတဲ့အပြင် ကျွန်တော်မျိုးတို့ရဲ့ စစ်သည်တော်တွေ အကုန် ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်မျိုးရဲ့ အစ်ကိုလည်း အဲဒီတိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်၊ သူ့ရဲ့ ရုပ်အလောင်းကိုတောင် ပြန်ရှာမတွေ့ခဲ့ဘူး”
“ပြီးတော့ ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်သာ ကြုံရတဲ့ နှင်းကပ်ဘေးကြီး ဆိုက်ရောက်လာပြန်တယ်။ အားလုံး သိကြတဲ့အတိုင်း အခြေအနေက တော်တော်လေး ဆိုးဝါးခဲ့ပါတယ်။ အဲဒီကပ်ဘေးမှာ ကျွန်တော့်မျိုးရဲ့ နွားလေးလည်း သေခဲ့ရသလို၊ အသက်ကြီးပြီဖြစ်တဲ့ ကျွန်တော်မျိုးရဲ့ မိခင်ကြီးလည်း ဆုံးပါးသွားခဲ့ရတယ်။ တစ်နိုင်ငံလုံးမှာ အိမ်တိုင်းလိုလို ငိုကြွေးသံတွေ ဖုံးလွှမ်းပြီး ဘဝတွေက ခြောက်ကပ်နေခဲ့ရတယ်”
“ဒီနှစ်မှာတော့ အခြေအနေလေး တိုးတက်လာမလားလို့ မျှော်လင့်ခဲ့ပေမဲ့ မနှစ်ကထက်တောင် ပိုဆိုးနေပါသေးတယ်”
“နှစ်စမှာတင် အရှင်မင်းကြီးက မဟာရှနိုင်ငံကို သွားရောက် စော်ကားခဲ့လို့ သူတို့က စစ်တပ်လွှတ်ပြီး ကျွန်တော်တို့ရဲ့ ရိက္ခာနဲ့ ရတနာတွေကို အတင်းအဓမ္မ သိမ်းယူသွားကြတယ်။ အဲဒီနောက် ဂူဗိမာန်ကိုးခုက သိုင်းပညာရှင်တွေ သန်းနဲ့ချီပြီး ကျွန်တော်တို့ မြေပေါ်မှာ သောင်းကျန်းကြပြန်တယ်၊ ပြည်သူတွေရဲ့ ဘဝက ငရဲကျသလို ဖြစ်ခဲ့ရတယ်”
“အခုလည်း မိုးခေါင်ရေရှားမှုနဲ့ ကျိုင်းကောင်ဘေးက ထပ်ရောက်လာပြန်ပြီ...” သူက ပြင်းပြင်းထန်ထန်ပင် စွပ်စွဲလိုက်တော့သည်။
“အရှင်မင်းကြီး... ဒီတစ်နှစ်အတွင်းမှာ ကျွန်တော်မျိုးတို့ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲခဲ့ရသလဲဆိုတာ သိပါရဲ့လား။ ဒါတွေအားလုံးက အရှင်မင်းကြီးရဲ့ အမှားချည်းပဲလို့ ကျွန်တော်မျိုး မဆိုလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်မျိုးတို့က အေးအေးချမ်းချမ်း နေချင်ရုံသက်သက်ပဲ ရှိတဲ့ သာမန်ပြည်သူတွေပါ။ အဲဒီလို ရိုးရှင်းတဲ့ ဆန္ဒလေးတစ်ခုကိုတောင် ဘာလို့ ဖြည့်ဆည်းမပေးနိုင်ရတာလဲ”
ကျန်ရှိနေသော ပြည်သူများမှာလည်း ရင်ဘတ်ကို အရှိန်ပြင်းပြင်းနှင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်းက ဆင်းရဲဒုက္ခများကို ပြန်လည် မြင်ယောင်လာကြပြီး ဝမ်းနည်းကြေကွဲမှုများကို မထိန်းနိုင်တော့ပေ။
“ဟုတ်တယ်... ဒီနှစ်က တကယ်ကို ခက်ခဲလွန်းတယ်”
“ဘာအတွက်ကြောင့် အသက်ရှင်နေရမှန်းတောင် မသိတော့ဘူး”
“ငါ့ရဲ့ သားသမီးတွေသာ မရှိရင် ငါ ဒီလောကကြီးကို စောစောစီးစီး နှုတ်ဆက်မိမှာပဲ”
မဟာလော့ဧကရာဇ်မှာ ထပ်မံ၍ ဖျောင်းဖျလိုက်သည်။ “ငါကိုယ်တော် သိပါတယ်... ငါကိုယ်တော် အကုန်သိပါတယ်။ စိတ်မလောကြပါနဲ့ဦး။ အားလုံးကို အေးအေးဆေးဆေး ဆွေးနွေးလို့ရပါတယ်၊ ငါကိုယ်တော် ဖြေရှင်းပေးပါ့မယ်...”
“အရှင်မင်းကြီးက ဘယ်လို ဖြေရှင်းမှာလဲ” ထိုလူငယ်ကပင် နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ “ပြီးခဲ့တဲ့ သဘာဝဘေးတွေ၊ လူကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေထဲက တစ်ခုကိုတောင် အရှင်မင်းကြီး ဖြေရှင်းပေးနိုင်ခဲ့ဖူးလို့လား”
“ဒါကတော့...” မဟာလော့ဧကရာဇ်မှာ တစ်ခွန်းမျှ ပြန်မပြောနိုင်တော့ပေ။
“အကယ်၍ နောင်မှာလည်း အဲဒီလို ထပ်ဖြစ်လာရင်ရော အရှင်မင်းကြီး ဖြေရှင်းပေးနိုင်မှာလား”
“ငါ...” ဧကရာဇ်မှာ ထပ်မံ ဆွံ့အသွားပြန်သည်။
“ဘာတစ်ခုမှ ဖြေရှင်းမပေးနိုင်ခဲ့ဘူး” လူငယ်က အားမလိုအားမရ ဖြစ်စွာဖြင့် ပြောလိုက်သည်။ “ဒါဆို ကျွန်တော်မျိုးတို့ ဘာလို့ ဒီမှာ ဆက်နေရဦးမှာလဲ။ အရှင်မင်းကြီးအပေါ် မျှော်လင့်ချက်ထားနေမယ့်အစား ကျွန်တော်မျိုး ကိုယ့်ကိုယ်ကို အားကိုးပါတော့မယ်။ ဒါကြောင့် အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို သနားငဲ့ညှာတဲ့အနေနဲ့ သွားခွင့်ပေးပါတော့”
အခြားသော ပြည်သူများကလည်း တစ်ပြိုင်နက်တည်း ဟစ်အော်လိုက်ကြသည်။ “အရှင်မင်းကြီး... ကျွန်တော်မျိုးတို့ကို သနားငဲ့ညှာပြီး သွားခွင့်ပေးပါတော့”
ထိုအသံများမှာ ကောင်းကင်ကြီး တုန်ဟည်းသွားမတတ် ကျယ်လောင်လှသည်။ မဟာလော့ဧကရာဇ်၏ နှလုံးသားမှာ ထိုအချိန်တွင် ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသလို ခံစားလိုက်ရသည်။
မဟာလော့ပြည်သူတွေက ဆင်းရဲဒုက္ခတွေကို အတူ ရင်ဆိုင်မယ့်အစား သူ့ကို စွန့်ခွာသွားချင်ကြတာလား။ တစ်နည်းပြောရရင် သူဟာ သူ့ရဲ့ ကိုယ်ပိုင်ပြည်သူတွေရဲ့ အစွန့်ပစ်ခံ ဖြစ်သွားရပြီပေါ့။ သူ ပြည်သူတွေအပေါ် ထားခဲ့တဲ့ စေတနာတွေရဲ့ ရလဒ်က ဒါပဲလား။ တိုင်းပြည်နဲ့ ပြည်သူအတွက် သူ အရာအားလုံး ပေးဆပ်ခဲ့ပေမဲ့ နောက်ဆုံးမှာ ဒီလို ကံကြမ္မာနဲ့ပဲ ကြုံရတော့မှာပါလား။
ထိုအခိုက်အတန့်တွင် သူသည် လူသားတို့၏ သဘာဝကို ထိုးထွင်းသိမြင်သွားပုံရသည်။ သူ၏ နှလုံးသားမှာ အေးစက်သွားပြီး ခါးသီးစွာ ရယ်မောလိုက်တော့သည်။
“ကောင်းပြီ... ကောင်းပြီ... မောင်မင်းတို့အားလုံး ငါ့ကို စိတ်ပျက်အောင် လုပ်လိုက်တာပဲ။ ငါကိုယ်တော် ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲ၊ ဒါပေမဲ့ ပြန်ရတဲ့ ရလဒ်က ဒါပဲလား။ အခု ငါကိုယ်တော် မောင်မင်းတို့ကို ပြောလိုက်မယ်...”
“ဘယ်သူမှ ထွက်သွားခွင့်မရှိဘူး။ တစ်ယောက်မှ မသွားရဘူး”
“မင်းတို့ သေရမယ်ဆိုရင်တောင် ဒီမဟာလော့မြေပေါ်မှာပဲ သေရမယ်”
သူ၏ နောက်ဆုံးစကားများမှာ အော်ဟစ်ကြိမ်းမောင်းသံနှင့်ပင် တူနေတော့သည်။ မဟာလော့ပြည်သူများမှာ ပို၍ပင် ဆူညံလာကြသည်။
“ဘာလို့ ပေးမသွားတာလဲ”
“အရှင်မင်းကြီး ဖြစ်နေရုံနဲ့ ဒီလို လုပ်ပိုင်ခွင့်မရှိဘူး”
“အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ကို သတ်နေတာပဲ”
ပြည်သူအချို့မှာ စစ်သားများနှင့် အချင်းများကာ ရုန်းရင်းဆန်ခတ် ဖြစ်လာကြပြီး တိုက်ပွဲတစ်ခု စတင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိလာသည်။ သို့သော် မဟာလော့ဧကရာဇ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။
“စစ်သည်တော်များ နားထောင်ကြစမ်း... ဘယ်သူပဲဖြစ်ဖြစ် အတင်းထွက်ဖို့ ကြိုးစားရင် သေသည်အထိ တုတ်နဲ့ ရိုက်နှက်ပြီး တားကြ”
“အရှင်မင်းကြီး... ဒီလိုလုပ်ရင် လူအများကြီး သေကုန်ပါလိမ့်မယ်” ဟု အမတ်တစ်ဦးက ဝင်ရောက် တားမြစ်လိုက်သည်။
“သူတို့က ကျေးဇူးကန်းတဲ့သူတွေပဲ၊ သေသွားလည်း နှမြောနေစရာ မလိုဘူး” မဟာလော့ဧကရာဇ်သည် ဝတ်ရုံစကို ခါယမ်းကာ ထွက်ခွာသွားတော့သည်။
သူ ထွက်သွားပြီးနောက် ပြင်းထန်သော ပဋိပက္ခကြီး ဖြစ်ပွားလေတော့သည်။ ဧကရာဇ်၏ အမိန့်ကြောင့် စစ်သားများမှာ အလွန်ပင် ရက်စက်လာကြသည်။ ခဏအတွင်းမှာပင် သွေးများမှာ မြစ်ပမာ စီးဆင်းသွားပြီး ငိုကြွေးအော်ဟစ်သံများက လေထုထဲတွင် ပြည့်နှက်သွားသည်။
“မင်းဆိုးမင်းညစ်... မင်းဆိုးမင်းညစ်ပဲ”
“မင်းဆိုးမင်းညစ်ပဲ... အရှင်မင်းကြီးလည်း ကောင်းကောင်းသေရမှာ မဟုတ်ဘူး”
နန်းတော်သို့ ပြန်ရောက်ပြီးနောက် မဟာလော့ဧကရာဇ်သည် စစ်မှုထမ်းရန် အရေးပေါ် အမိန့်တစ်ခုကို ချက်ချင်း ထုတ်ပြန်လိုက်သည်။ အသက် ၁၆ နှစ်မှ ၆၀ ကြားရှိ ကျန်းမာသန်စွမ်းသော အမျိုးသားအားလုံး စစ်တပ်ထဲသို့ ဝင်ကြရမည် ဖြစ်သည်။
ဤလုပ်ရပ်ကြောင့် တစ်နိုင်ငံလုံးမှာ ဆူညံပွက်လောရိုက်သွားတော့သည်။
“အမျိုးသားတိုင်း စစ်သားလုပ်ရမယ်တဲ့လား။ ဒါက အတင်းအဓမ္မ စစ်ထဲသွင်းတာပဲ။ အရှင်မင်းကြီး ဘာလုပ်ဖို့ ကြံနေတာလဲ”
“စစ်တပ်ကို ဒီလောက်အထိ ချဲ့ထွင်နေတာ စစ်တိုက်ဖို့ကလွဲလို့ တခြားဘာရှိဦးမှာလဲ”
“စစ်တိုက်ဖို့ လူတွေ အများကြီး ဘာလို့ လိုတာလဲ။ လေ့ကျင့်မှု မရှိတဲ့သူတွေကို စစ်မြေပြင်ကို ပို့တာက ရူးသွပ်ရာ မကျဘူးလား”
“အရှင်မင်းကြီး ရူးသွားပြီလား။ ဘယ်လိုများ ဒီလိုလုပ်နိုင်ရတာလဲ”
“အင်း... မဟာလော့နိုင်ငံတော့ နောက်ထပ် ပရမ်းပတာတွေ ဖြစ်ကုန်တော့မှာပဲ”
ထိုအချိန်တွင် စစ်သားများမှာ မြို့ရွာအနှံ့သို့ ရောက်ရှိနေပြီး စစ်အင်အားတိုးချဲ့ရန် လူစုနေကြပြီ ဖြစ်သည်။ သူတို့သည် အိမ်တိုင်းစေ့ လိုက်လံစစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော အမျိုးသားမှန်သမျှကို အတင်းအဓမ္မ ခေါ်ဆောင်သွားကြသည်။
“ဦးလေးကျောက်... ခင်ဗျားသားက သန်သန်မာမာနဲ့ စစ်သားလုပ်ဖို့ ကောင်းတယ်”
ဦးလေးကျောက်က ငိုယိုကာ တောင်းပန်ရှာသည်။ “ဒါပေမဲ့ သူက အသက် ၁၄ နှစ်ပဲ ရှိသေးတာပါ”
“၁၄ နှစ်ဆိုတော့ ဘာဖြစ်လဲ၊ ကြည့်ရတာ လူကြီးပေါက်စ ဖြစ်နေပြီပဲ၊ စစ်ထဲလိုက်ခဲ့ရမယ်”
“ဒါပေမဲ့ သူက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သားလေးပါ။ မျိုးဆက် သုံးဆက်မြောက်မှာ တစ်ယောက်တည်းသော အဆက်အနွယ်လေးမို့ သနားပါဦး။ သွားခွင့်ပေးပါ... ကျွန်တော် ဒူးထောက်တောင်းပန်ပါတယ်...” ဦးလေးကျောက်က ပြောရင်း ဒူးထောက်ချလိုက်သည်။
“တောင်းပန်နေလည်း အပိုပဲ၊ ဒါက အရှင်မင်းကြီးရဲ့ အမိန့်”
“ကျွန်တော့်သား အစား ကျွန်တော်ပဲ လိုက်ခဲ့ပါရစေ”
စစ်ဗိုလ်က ဦးလေးကျောက်၏ ခြေထောက်တစ်ဖက် မရှိသည်ကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ “မရဘူး... ခင်ဗျားက ခြေတစ်ဖက် မရှိတော့ စစ်တိုက်လို့ မရဘူး။ ခင်ဗျားသားကတော့ မဖြစ်မနေ လိုက်ရမယ်။ ကဲ... မြန်မြန် ခေါ်သွားကြစမ်း”
“အဖေ... အမေ...”
ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ အိမ်ထောင်စုများစွာတွင် ဖြစ်ပွားနေသည်။ သားယောက်ျား အများအပြား ရှိသော မိသားစုများမှာ အမျိုးသား အားလုံး အခေါ်ခံလိုက်ရပြီး အမျိုးသမီးများသာ ကျန်ရစ်ခဲ့ကြသည်။ အချို့ကိစ္စများတွင် ရွာလုံးကျွတ် လူသူကင်းမဲ့သွားသည်အထိပင် ဖြစ်နေတော့သည်။
သူတို့က ပြန်လည် ခုခံချင်ကြသော်လည်း စစ်တပ်ကို ဘယ်လိုနည်းနှင့်မှ မယှဉ်နိုင်ကြပေ။ ထို့ကြောင့် နေရာအနှံ့အပြားတွင် ငိုကြွေးသံများနှင့် စိတ်ပျက်အားငယ်မှုများက ပြည့်နှက်နေတော့သည်။
မဟာလော့နန်းတော်သို့ စုန့်ယွီဖေးသည် အပြေးအလွှား ရောက်ရှိလာပြီး အပူတပြင်း မေးမြန်းလိုက်သည်။ “အရှင်မင်းကြီး... အခု အရှင်မင်းကြီးရဲ့ လုပ်ရပ်ကြောင့် ပြည်သူသန်းပေါင်းများစွာ ဘေးဒုက္ခရောက်ကုန်ပြီး သွေးချောင်းစီးနေရပြီလို့ ကြားပါတယ်၊ ဒါဟာ မင်းကောင်းမင်းမြတ်တို့ရဲ့ လုပ်ရပ် မဟုတ်ပါဘူး။ ဒီတိုင်းသာ ဆက်သွားရင် ပြည်သူတွေရဲ့ ယုံကြည်မှု ဆုံးရှုံးသွားပါလိမ့်မယ်။ အမိန့်ကို ပြန်လည် စဉ်းစားပေးပါဦး”
မဟာလော့ဧကရာဇ်မှာ ထိုစကားကို ကြားသောအခါ ဒေါသတကြီးဖြင့် “နတ်မိမယ် ယုဖေး... သူတို့က ကျုပ်ကို အရင် စွန့်ခွာခဲ့တာ။ ဒီနှစ်တွေအတွင်း သူတို့အတွက် ကျုပ် ဘယ်လောက်ထိ ပေးဆပ်ခဲ့သလဲ၊ ဒါပေမဲ့ အခက်အခဲလေး ကြုံတာနဲ့ သူတို့က ကျုပ်ကို ပစ်ထားခဲ့ကြတယ်။ သူတို့ကမှ မသစ္စာရှိတာ၊ ကျုပ်ကို ရက်စက်တယ်လို့ သူတို့ အပြစ်မတင်နိုင်ဘူး”
စုန့်ယွီဖေးမှာ ထပ်မံ ဖျောင်းဖျပြန်သည်။ “အရှင်မင်းကြီး... ပြည်သူတွေဆိုတာ အသိပညာ နည်းကြလို့ လမ်းပြပေးဖို့ပဲ လိုတာပါ။ အခုလို သွေးမြေကျ နှိမ်နင်းဖို့ မဟုတ်ပါဘူး။ အကယ်၍ ရိက္ခာပြတ်လပ်မှုကိုသာ ဖြေရှင်းပေးနိုင်ရင် ပြည်သူတွေက အရှင်မင်းကြီးဆီကို အလိုလို ပြန်ရောက်လာကြမှာပါ”
“ကျုပ်ကလည်း အခု အဲဒီပြဿနာကိုပဲ ဖြေရှင်းနေတာ မဟုတ်ဘူးလား”
မဟာလော့ဧကရာဇ်က ကျယ်လောင်စွာ ပြောလိုက်သည်။ “မဟာလော့မှာ ရိက္ခာမရှိဘူး၊ အကောင်းဆုံး နည်းလမ်းက တခြားနိုင်ငံတွေဆီကနေ သွားလုဖို့ပဲ။ အဲဒီလိုလုပ်ဖို့ စစ်သားတွေ လိုတယ်။ ဒါကြောင့် ကျုပ် စစ်သားတွေ စုဆောင်းပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ”
“ဒါပေမဲ့ အခုလို အတင်းအဓမ္မ စစ်ထဲသွင်းနေတာက ပြည်သူတွေကို ဒေါသထွက်စေပါတယ်”
“ကျုပ်က သူတို့ကောင်းကျိုးအတွက် လုပ်နေတာ။ သူတို့က ရိက္ခာမရှိလို့ ညည်းတွားနေကြတာ မဟုတ်ဘူးလား၊ အဲဒါကြောင့် သူတို့ဘာသာ သူတို့ သွားလုခိုင်းလိုက်တာပေါ့။ ရိက္ခာရလာရင် သူတို့ အသက်ရှင်မယ်၊ မရရင်လည်း သေလိုက်ကြပေါ့…။ အလကားနေရင်း ရိက္ခာတွေ ဖြုန်းနေမယ့်အစား သေသွားတာကမှ တော်ဦးမယ်။ ကျုပ် သူတို့အတွက် အများကြီး ပေးဆပ်ခဲ့ပြီးပြီ၊ အခုက သူတို့ ကျုပ်ကို ပြန်ပေးဆပ်ရမယ့် အချိန်ပဲ”
စုန့်ယွီဖေးမှာ တုန်လှုပ်သွားတော့သည်။ ဧကရာဇ်ဟာ ဤမျှအထိ အေးစက်ပြီး ရက်စက်သော စကားလုံးများကို ပြောလိမ့်မည်ဟု သူမ တစ်ခါမှ မထင်ခဲ့ပေ။
“ဒါပေမဲ့ အရှင်မင်းကြီး...”
“နတ်မိမယ် ယွီဖေး... ဘာမှ ဆက်မပြောပါနဲ့တော့၊ ကျုပ် ဆုံးဖြတ်ပြီးပြီ” မဟာလော့ဧကရာဇ်မှာ ဝတ်ရုံစကို ခါယမ်းကာ ဒေါသတကြီး ထွက်သွားတော့သည်။
ထွက်ခွာသွားသော ဧကရာဇ်၏ ကျောပြင်ကို ကြည့်ရင်း စုန့်ယွီဖေး တစ်ယောက် မဟာလော့ဧကရာဇ် ပြောင်းလဲသွားပြီဟု ခံစားလိုက်ရသည်။ သူသည် အလွန်ပင် မရင်းနှီးသော လူတစ်ယောက်ပမာ၊ ကြောက်မက်ဖွယ်ကောင်းသော လူတစ်ယောက် ဖြစ်သွားလေပြီ ဖြစ်သည်။
***