စစ်သားစုဆောင်းမှု ပြီးတဲ့နောက်မှာတော့ မဟာလော့နိုင်ငံ၏ စစ်အင်အားမှာ ငါးသန်းအထိ တုန်လှုပ်ဖွယ်ရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။
အခြေအနေကို နှိုင်းယှဉ်ကြည့်ရလျှင် မဟာလော့တစ်နိုင်ငံလုံး၏ လူဦးရေမှာ ၁၈ သန်းသာ ရှိသည်။ ထိုအထဲတွင် ထက်ဝက်မှာ အမျိုးသမီးများဖြစ်၍ အမျိုးသား ၉ သန်းသာ ကျန်ရှိတော့သည်။ ထိုကျန်ရှိနေသော အမျိုးသား ၉ သန်းထဲမှ အသက် ၁၆ နှစ်အောက်၊ ၆၀ အထက်နှင့် မသန်စွမ်းသူများကို ဖယ်ထုတ်လိုက်ပါက ၅ သန်းခန့်သာ ကျန်ရှိတော့ရာ၊ ဤသည်မှာ တိုင်းပြည်၏ လူသားအရင်းအမြစ် အကုန်အစင်ကို စစ်ပွဲအတွင်းသို့ ပုံအောလိုက်ခြင်းပင် ဖြစ်နေတော့သည်။
စစ်သည် ၅ သန်း... ဤအရေအတွက်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ အင်ပါယာကြီးများပင်လျှင် ဤမျှ များပြားသော စစ်အင်အားကို ထောက်ပံ့ရန် ရုန်းကန်ရမည်ဖြစ်ရာ၊ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သော ဘေးဒုက္ခများ ဆက်တိုက်ကြုံတွေ့ထားရသည့် မဟာလော့နိုင်ငံအတွက်မူ ဆိုဖွယ်ရာမရှိတော့ပေ။
အမှန်စင်စစ်တွင် မဟာလော့ဧကရာဇ်သည် ထိုစစ်သည်များကို ကျွေးမွေးထားရန် အစီအစဉ်မရှိပေ။ သူသည် ထိုသူများကို စစ်မြေပြင်သို့ ပို့ကာ ရိက္ခာနှင့် နယ်မြေများကို သွားရောက်လုယက်ခိုင်းရန်သာ ရည်ရွယ်ထားသည်။
အကယ်၍ စစ်နိုင်ခဲ့လျှင် ရိက္ခာနှင့် နယ်မြေများ ရရှိမည် ဖြစ်သလို၊ လူဦးရေကို လျှော့ချပြီး တိုင်းပြည်၏ ဝန်ထုတ်ဝန်ပိုးကို သက်သာစေမည့် အခွင့်အရေးလည်း ဖြစ်သည်။ ဤလုပ်ရပ်မှာ အလွန်ပင် ရူးသွပ်လှသည်ဟု ဆိုရမည်ဖြစ်သော်လည်း ထိရောက်မှုရှိနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်နေပြန်သည်။
စစ်သားစုဆောင်းမှုပြီးဆုံးသည်နှင့် စစ်သားသစ်များသည် ရက်အနည်းငယ်မျှသာ အခြေခံလေ့ကျင့်မှု ခံယူပြီးနောက် စစ်မြေပြင်သို့ စေလွှတ်ခြင်း ခံကြရသည်။
မဟာလော့မင်းဆက်ကို ဝန်းရံထားသော နိုင်ငံပေါင်း ငါးနိုင်ငံ ရှိသည်။ မဟာရှနိုင်ငံနှင့် မဟာဖုန်းနိုင်ငံတို့အပြင် မဟာလန်၊ မဟာရှီးနှင့် မဟာဝူနိုင်ငံတို့ ဖြစ်ကြသည်။ မဟာရှနိုင်ငံမှာ အလွန်အမင်း အင်အားတောင့်တင်းလှသဖြင့် သူတို့အား မယှဉ်နိုင်သောကြောင့် စာရင်းထဲမှ ဖယ်ထုတ်ထားလိုက်သည်။ မဟာဖုန်းနိုင်ငံမှာလည်း ယခုနှစ်တွင် သီးနှံထွက်နှုန်း ညံ့ဖျင်းသည့်အပြင် ဗုဒ္ဓဘာသာဂိုဏ်း၏ နယ်မြေဖြစ်နေသောကြောင့် လက်လျှော့လိုက်ပြန်သည်။
ထို့ကြောင့် မဟာလော့ဧကရာဇ်၏ ပစ်မှတ်မှာ မဟာလန်၊ မဟာရှီးနှင့် မဟာဝူဟူသော နိုင်ငံကြီး သုံးနိုင်ငံ ဖြစ်လာတော့သည်။ ပြင်ဆင်မှုများ ပြီးဆုံးသောအခါ ခံစစ်အတွက် စစ်သည် ၅ သိန်းခန့်သာ ချန်လှပ်ထားပြီး ကျန်ရှိသော စစ်သည်အားလုံးကို ထိုသုံးနိုင်ငံသို့ စေလွှတ်လိုက်လေသည်။
ထိုသို့ဖြင့် စစ်မီးမှာ ပြင်းထန်စွာ တောက်လောင်လာတော့သည်။
မဟာလော့က စေလွှတ်လိုက်သော စစ်သားအများစုမှာ စစ်သားသစ်များ ဖြစ်ကြသဖြင့် အသေအပျောက် အလွန်များပြားလှသည်။ နေရာအနှံ့တွင် အလောင်းများ ပုံနေပြီး သွေးများမှာ မြစ်ပမာ စီးဆင်းနေတော့သည်။ အကြမ်းဖျင်းအားဖြင့် ရန်သူတစ်ယောက်ကို သတ်နိုင်ရန် မဟာလော့စစ်သား ၂ ယောက်မှ ၃ ယောက်ခန့်၏ အသက်ကို ပေးဆပ်နေကြရခြင်း ဖြစ်သည်။
စုန့်ယွီဖေးမှာ ဆက်၍ မကြည့်ရက်တော့ဘဲ “အရှင်မင်းကြီး... အသေအပျောက်တွေက များလွန်းနေပါပြီ။ ကျေးဇူးပြုပြီး စစ်တပ်ကို ပြန်ဆုတ်ဖို့ အမိန့်ပေးပါတော့” ဟု တောင်းဆိုလိုက်သည်။
မဟာလော့ဧကရာဇ်မှာ အေးစက်စွာဖြင့် “နတ်မိမယ်... မင်းက စိုးရိမ်လွန်နေတာပဲ။ ဘယ်စစ်ပွဲကများ လူမသေဘဲ ရှိဖူးလို့လဲ” ဟု ပြန်ပြောလိုက်သည်။
စုန့်ယွီဖေးက ထပ်မံ၍ တိုက်တွန်းပြန်သည်။ “ဒါပေမဲ့ သေတဲ့သူတွေက များလွန်းလှပါတယ်။ သူတို့တွေအားလုံးက မဟာလော့ရဲ့ ပြည်သူတွေပါပဲ”
“သေပါစေ... သူတို့ရဲ့ ပေးဆပ်မှုက တန်ဖိုးရှိတယ်” မဟာလော့ဧကရာဇ်က ထိုသုံးနိုင်ငံရှိရာဘက်သို့ လက်ညှိုးညွှန်လိုက်ပြီး “ကျုပ်သာ အဲဒီသုံးနိုင်ငံကို သိမ်းပိုက်လိုက်ရင် သူတို့ရဲ့ ပြည်သူတွေက ကျုပ်ရဲ့ ပြည်သူတွေ ဖြစ်လာမှာပဲ မဟုတ်လား”
စုန့်ယွီဖေးမှာ မဟာလော့ဧကရာဇ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်မိသည်။
“အရှင်မင်းကြီး... ဘယ်လိုဖြစ်လို့ ဒီလောက်အထိ ရက်စက်သွားရတာလဲ”
မဟာလော့ဧကရာဇ်၏ မျက်နှာမှာ ဒေါသကြောင့် ပုံပျက်ပန်းပျက် ဖြစ်သွားကာ “ကျုပ်ကလည်း ဒီလိုဖြစ်ချင်နေတယ်လို့ မင်းထင်နေတာလား။ အခုလို အခြေအနေတွေ အားလုံးက ကျုပ်ကို တွန်းပို့ခဲ့တာပဲ။ ကောင်းကင်ကြီးက ကျုပ်ကို ဖိအားပေးခဲ့တယ်၊ မဟာရှနိုင်ငံက ကျုပ်ကို အကျပ်ကိုင်ခဲ့တယ်၊ ပြီးတော့ ကျုပ်စေတနာထားခဲ့တဲ့ ပြည်သူတွေကတောင် ကျုပ်ကို ဝိုင်းပြီး ဖိအားပေးခဲ့ကြတာ၊ ပြောစမ်းပါ... ကျုပ် ဘာမှားခဲ့လို့လဲ။ ကျုပ်က ပြည်သူတွေကို ရင်သွေးပမာ ချစ်တဲ့ ဧကရာဇ်တစ်ပါး ဖြစ်ချင်ခဲ့ရုံတင်ပါ”
စုန့်ယွီဖေးက “အရှင်မင်းကြီး...” ဟု တစ်ခွန်းစရုံရှိသေးသည်။
မဟာလော့ဧကရာဇ်မှာ ခါးသီးစွာ ရယ်မောလိုက်ပြီး “အခုတော့ ကျုပ် နားလည်သွားပြီ၊ ကိုယ်ကျင့်တရားတွေလည်း သွားလိုက်တော့၊ ကရုဏာတရားတွေကိုလည်း ဘေးဖယ်ထားလိုက်တော့၊ အရင်ကတော့ ကျုပ်ဒါတွေကို တန်ဖိုးထားခဲ့ပေမဲ့ အခုတော့ ဘာတစ်ခုမှ မလိုချင်တော့ဘူး၊ လောကကြီးက ကျုပ်အပေါ် သစ္စာဖောက်တာကို ခံရမယ့်အစား၊ ကျုပ်ကပဲ လောကကြီးကို သစ္စာဖောက်လိုက်တော့မယ်”
စုန့်ယွီဖေးမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ ဧကရာဇ်၏ ဘေးတိုက်ပုံရိပ်ကို ကြည့်ရင်း သူသည် သူမ တစ်ခါမှ မမြင်ဖူးသော သူစိမ်းတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် မဟာလော့ဧကရာဇ်က ခေါင်းလှည့်လာပြီး အေးစက်သော လေသံဖြင့် “နတ်မိမယ် ယွီဖေး... အကယ်၍ မင်းက သူတို့ သေမှာကို မကြည့်ရက်ဘူးဆိုရင် တာအိုဂိုဏ်းက သိုင်းပညာရှင်တွေကို ကူညီဖို့ ခေါ်ပေးလိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်ကတော့ စစ်တပ်ကို ပြန်ဆုတ်ခိုင်းမှာ မဟုတ်ဘူး”
စုန့်ယွီဖေးမှာ စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်ရတော့သည်။ ထို့နောက်တွင် တာအိုဂိုဏ်းမှ သိုင်းပညာရှင်များကို စေလွှတ်လိုက်ရာ မဟာလော့စစ်တပ်၏ အကျအဆုံးများ သိသိသာသာ လျော့နည်းသွားခဲ့သည်။ တာအိုဂိုဏ်း၏ အကူအညီဖြင့် မဟာလော့စစ်တပ်သည် မြို့များကို တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ကာ အသာစီး ရလာခဲ့သည်။
အခြေအနေ စိုးရိမ်ရလာသည်ကို သိရှိသွားသော မဟာလန်၊ မဟာရှီးနှင့် မဟာဝူတို့ နိုင်ငံကြီး သုံးနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများထံသို့ အကူအညီတောင်းရန် သံတမန်များကို စေလွှတ်လိုက်ကြသည်။ သို့သော် တာအိုဂိုဏ်း၏ အထောက်အပံ့ကို ရရှိထားသော မဟာလော့နိုင်ငံကို မည်သည့်နိုင်ငံကမျှ မယှဉ်ရဲကြပေ။ ထို့ကြောင့် ထိုနိုင်ငံသုံးနိုင်ငံမှ သံတမန်များသည် မဟာရှနိုင်ငံမှ လင်းပိုင်ဖန်ကို တွေ့ဆုံရန် မိုင်ထောင်ချီ ခရီးနှင်လာခဲ့ကြတော့သည်။
လင်းပိုင်ဖန်မှာ ‘အခက်တွေ့နေဟန်’ ဖြင့် “လေးစားရပါသော သံတမန်တို့... ခင်ဗျားတို့ရဲ့ တောင်းဆိုချက်ကို ငါကိုယ်တော် နားလည်ပါတယ်၊ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ငါကိုယ်တော်လည်း မကူညီနိုင်ဘူး။ မဟာလော့မှာ တာအိုဂိုဏ်းရဲ့ အထောက်အပံ့ ရှိနေတယ်။ သူတို့ရဲ့ အရှိန်အဝါက လူတကာကို ကြောက်လန့်စေတယ်။ ငါကိုယ်တော်ရဲ့ မဟာရှနိုင်ငံကတော့ သေးငယ်ပြီး အားနည်းလှပါတယ်၊ အင်အားလည်း မရှိတာမို့ သူတို့ကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်ကြပါတော့”
သံတမန်သုံးဦးမှာ ထိုစကားကို ကြားပြီး ပျို့အန်ချင်စိတ်ပင် ပေါက်သွားကြသည်။
သေးငယ်ပြီး အားနည်းတယ်….
အင်အား မရှိဘူး….
မယှဉ်နိုင်ဘူး…
‘ဘယ်လိုတောင် မျက်နှာပြောင်တိုက်ပြီး အလိမ်အညာ စကားလုံးတွေကို စဉ်းတောင် မစဥ်းစားဘဲ ပြောချလိုက်တာပါလား။ အလိမ်အညာလေး တစ်ခုကိုတောင် အကွက်စေ့အောင် မပြင်ဆင်နိုင်ဘူးလား။ လွန်ခဲ့တဲ့ လအနည်းငယ်ကတင် မဟာလော့နယ်မြေထဲ ဝင်မွှေပြီး အထိအခိုက်မရှိ ပြန်ဆုတ်လာခဲ့တာ မင်းပဲ မဟုတ်လား….’
မင်း... ဘယ်သူ့ကို လာလိမ်နေတာလဲ…
စိတ်ထဲတွင် ကျိန်ဆဲနေကြသော်လည်း သူတို့မှာ အကူအညီတောင်းခံရသည့် အနေအထားတွင် ရှိနေသဖြင့် နှိမ့်ချစွာပင် ထပ်မံ တောင်းပန်ကြရသည်။
“မဟာရှဧကရာဇ်ခင်ဗျာ... အရှင်မင်းကြီးသာ မကူညီရင် ကျွန်တော်မျိုးတို့ နိုင်ငံတွေတော့ တကယ်ပဲ ပျက်စီးရတော့မှာပါ”
“အရှင်မင်းကြီးသာ စစ်တပ်စေလွှတ်ပေးမယ်ဆိုရင် မဟာလော့စစ်တပ်တွေ ဆုတ်ခွာသွားမှာ အသေအချာပါပဲ။ ဘာလို့လဲဆိုတော့ မဟာလော့ ကြောက်ရတဲ့ တစ်ဦးတည်းသောသူက အရှင်မင်းကြီးရဲ့ မဟာရှနိုင်ငံပဲ မဟုတ်လား”
“အရှင်မင်းကြီး... ကျေးဇူးပြုပြီး စစ်တပ် စေလွှတ်ပေးပါ။ ‘နှုတ်ခမ်းမရှိရင် သွားတွေ အေးတတ်တယ်’ ဆိုတဲ့ စကားကို အရှင်မင်းကြီး နားလည်မှာပါ”
လင်းပိုင်ဖန်က သက်ပြင်းချရင်း “ခင်ဗျားတို့ ပြောတဲ့ အကြောင်းပြချက်တွေကို ငါကိုယ်တော် အကုန်နားလည်ပါတယ်။ ဒါပေမဲ့ သိနေတာနဲ့ အဲ့ဒါကို လုပ်ဖို့ဆိုတာ တခြားစီပဲလေ။ ငါကိုယ်တော်ရဲ့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက်လည်း ငဲ့ရဦးမယ်။ စစ်မီးကို မဆင်မခြင် မွှေးတာဟာ တိုင်းပြည်အတွက် အလွန် အန္တရာယ်များတဲ့ ကိစ္စပါ”
သံတမန်သုံးဦးမှာ ရင်ထဲတွင် ရွံရှာမိသွားကြပြန်သည်။
‘စစ်မီးကို မဆင်မခြင် မွှေးတာမျိုး မလုပ်ဘူး ဟုတ်လား၊ မင်းက လူတိုင်းကို လိုက် ပြဿနာရှာပြီး၊ အရူးတစ်ယောက်လို တိုက်ခိုက်နေတာပဲ မဟုတ်ဘူးလား။ အဲဒီလိုသာ မဟုတ်ရင် မင်းရဲ့ အင်ပါယာကြီးက ဘယ်ကနေ ရောက်လာမှာလဲ။ မင်းရဲ့ အရေခြုံမှုကို ထောက်ပြဖို့တောင် ငါတို့ ရွံလှပြီ’
“မဟာရှဧကရာဇ်ခင်ဗျာ... ကျွန်တော်မျိုးတို့ သေသွားမှာကိုတော့ ဒီတိုင်း ကြည့်မနေပါနဲ့”
လင်းပိုင်ဖန်က ထပ်မံ သက်ပြင်းချလိုက်ပြီး “အမှန်အတိုင်း ပြောရရင် ခင်ဗျားတို့ရဲ့ နိုင်ငံတွေက ကယ်တင်လို့ မရတော့ဘူး၊ ဒါကြောင့် လမ်းသစ်တစ်ခုကို ဘာလို့ ရှာမကြည့်ကြတာလဲ”
“လမ်းသစ်..” သံတမန်သုံးဦးမှာ ကြောင်အမ်းသွားကြသည်။
“ဟုတ်တယ်... လမ်းသစ်ပေါ့”
လင်းပိုင်ဖန်က “မဟာရှနိုင်ငံက အရှိန်အဟုန်နဲ့ တိုးတက်နေတော့ အခြေခံက အားနည်းနေသေးတယ်။ ငါကိုယ်တော်တို့နိုင်ငံမှာ ထူးချွန်ထက်မြက်သူတွေ အများကြီး လိုအပ်နေတာ။ ငါကိုယ်တော်က တော်တဲ့သူတွေကို အပူတပြင်း ရှာဖွေနေတာ။ အကယ်၍ ခင်ဗျားတို့သာ လာမယ်ဆိုရင် ငါကိုယ်တော်က အထူးလေးစားစွာနဲ့ ဆက်ဆံမှာပါ”
ဤသံတမန်သုံးဦးစလုံးမှာ ချီဖွဲ့တည်ခြင်းအဆင့် သိုင်းပညာရှင်များ ဖြစ်ကြရာ၊ လင်းပိုင်ဖန်က သူတို့ကို လွယ်လွယ်နှင့် လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။
သံတမန်များမှာမူ လင်းပိုင်ဖန်က သူတို့ကို သိမ်းသွင်းလိမ့်မည်ဟု မထင်ထားသဖြင့် ဆက်လက် ကြောင်အမ်းနေကြဆဲ ဖြစ်သည်။
“မဟာရှဧကရာဇ်ရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်” မဟာလန်နိုင်ငံမှ သံတမန်က ရှေ့သို့ တိုးထွက်လာပြီး စိတ်အားထက်သန်စွာဖြင့် “တိုင်းပြည် ပျက်စီးပြီး အိမ်ခြေယာခြေတွေ ပျောက်ဆုံးနေရတဲ့ အချိန်မှာ ကျွန်တော်မျိုးတို့အနေနဲ့ တခြားသခင်တစ်ဦးကို အလုပ်အကျွေးပြုဖို့ စိတ်မရှိပါဘူး”
“မှန်ပါတယ်၊ မဟာရှီးနိုင်ငံဟာ ကျွန်တော်မျိုး ချစ်ရတဲ့ တိုင်းပြည် ဖြစ်သလို၊ ဧကရာဇ်ဟာလည်း ကျွန်တော်မျိုး သစ္စာရှိရမယ့် အရှင်သခင်ပါ။ ဒီဘဝမှာ မဟာရှီးအတွက်ပဲ အလုပ်အကျွေးပြုပြီး သစ္စာရှိသွားချင်ပါတယ်။ တခြားနိုင်ငံကို ပြောင်းပြီး သစ္စာခံဖို့ ဆန္ဒမရှိပါဘူး” ဟု မဟာရှီးသံတမန်ကလည်း ပြတ်သားသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“အရှင်မင်းကြီးရဲ့ စေတနာကို ကျေးဇူးတင်ပေမဲ့ ကျွန်တော်မျိုးကတော့ မဟာဝူနိုင်ငံနဲ့အတူ အသေခံသွားပါ့မယ်” ဟု မဟာဝူသံတမန်ကလည်း အော်ဟစ်လိုက်သည်။
လင်းပိုင်ဖန်က ပြုံးလိုက်ပြီး “ဒီလောက် မြန်မြန်ဆန်ဆန်ကြီး ငြင်းမပစ်ပါနဲ့ဦး။ ခင်ဗျားတို့က ရာထူးကြီးကြီးနဲ့ ဆုလာဘ်တွေ၊ စည်းစိမ်ချမ်းသာတွေကို မလိုချင်ဘူးလား”
မဟာလန်သံတမန်က အနည်းငယ် ဒေါသတကြီးဖြင့် “မဟာရှဧကရာဇ်... ကျွန်တော်မျိုးတို့ကို ဒီလောက်အထိ အပေါ်ယံဆန်တဲ့ လူတွေလို့ ထင်နေတာလား” ဟု ပြန်ပြောလိုက်သည်။
မဟာရှီးသံတမန်ကလည်း “အရှင်မင်းကြီးက ကျွန်တော်မျိုးတို့ရဲ့ ဂုဏ်သိက္ခာကို စော်ကားနေတာလား” ဟု ဒေါသဖြင့် ဆိုလိုက်သည်။
မဟာဝူသံတမန်ကလည်း မကျေမနပ်ဖြင့် “မဟာရှဧကရာဇ်ခင်ဗျား စကားကို ဆင်ဆင်ခြင်ခြင် ပြောတော်မူပါ”
“အကယ်၍ ခင်ဗျားတို့က ပြင်ပပစ္စည်းတွေကို အထင်မကြီးဘူးဆိုရင်... ဒါတွေကိုရော ဘယ်လိုမြင်လဲ” လင်းပိုင်ဖန်က လက်ခုပ်တီးလိုက်ရာ၊ လူတစ်ဦးက နတ်ဆေးပုလင်းပေါင်းများစွာကို ချက်ချင်း ယူဆောင်လာခဲ့သည်။
မဟာလန်သံတမန်မှာ အံ့အားသင့်သွားပြီး “ ဒါ…ဒါက ဒဏ်ရာတွေကို ပျောက်ကင်းစေပြီး အင်အားတိုးစေတဲ့ ကျားနဂါးဆေးလုံးပါလား”
မဟာရှီးသံတမန်ကလည်း “ ဒါက နောက်ထပ် အသက်တစ်ချောင်း ပိုပေးနိုင်တဲ့ မသေဆေးပါလား”
မဟာဝူသံတမန်ကလည်း ဆွံ့အသွားကာ “ ဒါ..ဒါကလည်း သိုင်းပညာ အစွမ်းကို မြှင့်တင်ပေးနိုင်တဲ့ နုမျစ်ခြင်းဆေးလုံး မဟုတ်လား”
“ဒါတွေဆိုရင်ရော” လင်းပိုင်ဖန်က ထပ်မံ လက်ခုပ်တီးလိုက်ပြန်ရာ၊ လူတစ်ဦးက သိုင်းကျမ်းစာအုပ်များကို ယူဆောင်လာပြန်သည်။
မဟာလန်သံတမန်မှာ ထပ်မံ အံ့အားသင့်သွားပြီး “ ဝိုး ယန်ကိုးပါး သိုင်းကျမ်းက ဒဏ်ရာတွေကို ကုသပေးရုံတင်မကဘဲ အတွင်းအားကိုလည်း အဆုံးမရှိ စီးဆင်းစေတာပဲ”
မဟာရှီးသံတမန်မှာလည်း “ ဒီ ယင်ကိုးပါးသိုင်းကျမ်း ဆိုတာလည်း သိုင်းပညာရဲ့ ရတနာသိုက်ပဲဟ”
မဟာဝူသံတမန်ကလည်း “ ဒီ ချီဖွဲ့တည်ခြင်းစွမ်းရည်က ပြိုင်ဘက်ကင်းပဲ”
“နောက်ထပ် ရှိသေးတယ်” လင်းပိုင်ဖန်က လက်ခုပ် ထပ်တီးလိုက်ရာ၊ နတ်ဘုရားလက်နက်များ ထည့်ထားသော သေတ္တာကြီးတစ်လုံးကို ယူဆောင်လာပြန်သည်။
သံတမန်သုံးဦးမှာ- “သောက်ကျိုးနည်း များလှချည်လား….!!”