"အခုတော့ လူနည်းနည်းပဲ ကျန်တော့တယ်။ သူတို့ရောက်လာတာနဲ့ ငါတို့ ထွက်ခွာလို့ရပြီ" ယဇ်ပုရောဟိတ် ရူမြန်က ဆိုသည်။
စက္ကန့်အနည်းငယ်အကြာတွင် ကျောင်းတော်သခင်သည် သူတို့ရှေ့၌ ပေါ်လာသည်။ "လေ့ချီက သူ့ကိုခေါ်ပြီး အခုထိ ရောက်မလာသေးဘူးလား" ကျောင်းတော်သခင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း မေးလိုက်သည်။
ရွှင်းသည်လည်း လုံချန်းအနားတွင် ပေါ်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထို့နောက် သူမသည် လုံချန်း၏ နောက်ကျောဘက်သို့ လှမ်းကြည့်လိုက်ရာ မြင်လိုက်ရသည့် အရာကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။
"လုံချန်း၊ ဘာပဲဖြစ်ဖြစ် စိတ်ကိုထိန်းနော်၊ ဒေါသမထွက်ပါနဲ့။ နင် တည်တည်ငြိမ်ငြိမ်နဲ့ အနာဂတ်အတွက် စီစဉ်ရမယ်။ ဒီနေရာမှာ ဒေါသနောက်ပါသွားရင် ဘယ်သူမှ ဘေးကင်းမှာ မဟုတ်ဘူး" ရွှင်းက လုံချန်းကို သတိပေးလိုက်သည်။
'နင် ဘာတွေပြောနေတာလဲ' လုံချန်းက ဇဝေဇဝါဖြင့် ပြန်မေးသည်။ သူမ ဘာကိုဆိုလိုမှန်း သူ နားမလည်ပေ။ သူက အဘယ်ကြောင့် ဒေါသထွက်ရမည်နည်း။ သူက အသိစိတ် လွတ်သွားမည့် သူလည်း မဟုတ်ပေ။
လုံချန်းက ရွှင်း၏အဖြေကို စောင့်နေစဉ်မှာပင် အသံတစ်သံ ကြားလိုက်ရသည်။
"သမီး ရောက်ပါပြီ ဖေဖေ" နောက်ကွယ်မှ အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။ ကျောင်းတော်သခင်နှင့် အခြား ယဇ်ပုရောဟိတ်များ နောက်သို့ လှည့်ကြည့်လိုက်ကြသည်။ လုံချန်းလည်း ထိုအသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
လုံချန်း နောက်သို့ လှည့်ကြည့်လိုက်သောအခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်ကိုယ်လုံး တုန်လှုပ်သွားရတော့သည်။
ထိုနေရာတွင် အမျိုးသမီးတစ်ဦး ရပ်နေသည်။ သူမသည် အလွန်လှပသော အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း လုံချန်း၏ အာရုံကို ဆွဲဆောင်သွားသည်မှာ သူမ ဆွဲခေါ်လာသည့် လူတစ်ယောက်ပင် ဖြစ်သည်။
ထိုအမျိုးသမီးသည် လူတစ်ယောက်၏ လက်မောင်းကို ဆွဲကိုင်ထားသည်။ ထိုလူမှာ ဝတ်ထားသည့် အဝတ်အစားများမှာ စုတ်ပြတ်ညစ်ပတ်နေပြီး တောင်းစားသူတစ်ဦးနှင့်ပင် တူနေသည်။ အဝတ်အစားများပေါ်တွင် သွေးကွက်အချို့ကိုလည်း တွေ့ရသဖြင့် ထိုသူမှာ နှိပ်စက်ခံထားရကြောင်း သိသာလှသည်။ ရှည်လျားသော ဆံပင်များက မျက်နှာကို ဖုံးအုပ်ထားသော်လည်း လုံချန်းအတွက် ထိုမျက်နှာကို မြင်နိုင်ရန် အဟန့်အတား မဖြစ်ခဲ့ပေ။
ထိုသူမှာ အသက်လတ်ပိုင်း အရွယ်ခန့် ရှိပြီဖြစ်ပြီး ရက်သတ္တပတ်ပေါင်းများစွာ အနားမရခဲ့သလိုမျိုး အလွန်ပင် ပင်ပန်းနွမ်းနယ်နေပုံရသည်။ မျက်တွင်းများလည်း ဟောက်ပက်ဖြစ်နေသည်။ ထိုလူက မော့ကြည့်လိုက်သောအခါ လုံချန်းအား မြင်လိုက်ရသော်လည်း လုံချန်း ဝတ်ဆင်ထားသော လှည့်စားခြင်းမျက်နှာဖုံးကြောင့် မူလင်း၏ မျက်နှာကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။
သူ့သားကို မဟုတ်ဘဲ မူလင်းကို မြင်လိုက်ရသော်လည်း ထိုလူ၏ မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လာသည်။ မိသားစုဝင်တစ်ဦးကို တွေ့လိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားပုံရသည်။ မူလင်း၏ မိခင်မှာ သူနှင့် မိခင်တစ်ဦးတည်းမှ မွေးဖွားလာသည့် ညီမအရင်း မဟုတ်သော်လည်း မူလင်းမှာ သူ၏ တူတော်စပ်သူဖြစ်ကြောင်း သူ သိထားသည်။
ယနေ့သည် သူ၏ နောက်ဆုံးနေ့ ဖြစ်လာနိုင်သော်လည်း မူလင်းကို တွေ့လိုက်ရသည့်အတွက် သူ ဝမ်းသာနေမိသည်။ အနည်းဆုံးတော့ သူ သေဆုံးသွားခြင်းက မူလင်းအတွက် တစ်ခုခု အကျိုးရှိသွားနိုင်မည်ဟု သူ တွေးနေမိသည်။
သို့သော် လုံချန်း၏ တုန့်ပြန်မှုမှာမူ ထိုလူနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
အကြောင်းမှာ လုံချန်းသည် ထိုလူကို မှတ်မိနေသောကြောင့် ဖြစ်သည်။ ထိုသူမှာ သူ၏ဖခင် လုံကျွင်းပင် ဖြစ်သည်။ သူ၏မိခင်နှင့် အဘိုးတို့က သေဆုံးသွားပြီဟု ယုံကြည်ထားသည့် ဖခင်ဖြစ်သူမှာ သူ၏မျက်စိရှေ့တွင် ရပ်နေပြီး ခံစားနေရသည့် ဒဏ်ရာ ဒဏ်ချက်များကြောင့် လုံချန်း၏ နှလုံးသားမှာ နာကျင်စွာ တုန်လှုပ်သွားရသည်။
သူ့ဖခင်ကို ရာဇဝတ်ကောင် တစ်ယောက်လို ဆက်ဆံထားကြသည်ကို သူ မယုံကြည်နိုင်အောင် ဖြစ်ရသည်။ သူသည် ဝိညာဉ်အာရုံကို အသုံးချပြီး ဖခင်၏ ခန္ဓာကိုယ်ကို စစ်ဆေးလိုက်ရာ...
'ဘာ...' လုံချန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသည်။ လုံကျွင်း၏ အသံကြိုးများ မရှိတော့သည်ကို သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
'ဒီတိရစ္ဆာန်တွေက အဖေ့ရဲ့ အသံကြိုးတွေကိုပါ ဆွဲထုတ်ပစ်လိုက်ကြတာလား' လုံချန်း မြင်လိုက်ရသည့် အရာကို မယုံကြည်နိုင် ဖြစ်နေသည်။
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သွေးများမှာလည်း ဆူပွက်လာတော့သည်။ သူ့ဖခင်ကို ဖမ်းဆီးထားသည့် ထိုအမျိုးသမီး၏ အသွေးအသားများကို ဝါးမျိုပစ်ချင်လောက်အောင် ပြင်းထန်သော လူသတ်လိုစိတ်များ ပေါ်ပေါက်လာသည်။
အကယ်၍သာ လွန်ခဲ့သော ရက်အနည်းငယ်က မျက်နှာဖုံးပေါ်တွင် လူသတ်လိုစိတ်ကို ဖုံးကွယ်နိုင်သည့် အစီအရင် အသစ်အား မထည့်သွင်းထားခဲ့လျှင် အခုအချိန်တွင် တစ်ဂိုဏ်းလုံးက လုံချန်း၏ ကြောက်မက်ဖွယ် လူသတ်ငွေ့များအား အာရုံခံမိကြမည် ဖြစ်သည်။ သူ့ဖခင်ကို ထိုသို့ လုပ်ခဲ့သူများ၊ အထူးသဖြင့် ဖမ်းထားသော အမျိုးသမီးကို သတ်ပစ်ချင်စိတ်က လွဲ၍ တခြားဘာမှ မရှိတော့ပေ။
ရွှင်းကတော့ သူ အသိစိတ်မလွတ်သွားစေရန် ဘေးနားမှ စိတ်အေးအေးထားဖို့ အကြိမ်ကြိမ် တိုးတိုးလေး သတိပေးနေရှာသည်။ လုံချန်း လက်သီးကို တင်းတင်းဆုပ်ထားလွန်းသဖြင့် လက်သည်းများမှာ အရေပြားထဲ စူးဝင်ကာ သွေးများပင် ထွက်လာခဲ့သည်။
"အခွင့်အရေး ရလာမှာပါ။ အခု မဟုတ်သေးဘူး... အခု မဟုတ်သေးဘူးနော်။ နင့်အဖေ အသက်ရှင်နေသေးတာကိုပဲ စဉ်းစားပါ။ သူ့ဒဏ်ရာတွေကို ကုသပေးဖို့ သက်စောင့်ဆေးလုံးတွေ သုံးလို့ရပါတယ်။ ခဏတာ ဒေါသကြောင့် ကိုယ့်ကိုယ်ကိုယ်ရော နင့်အဖေကိုပါ အဆုံးရှုံးမခံပါနဲ့" ရွှင်းက လုံချန်းကို ဖျောင်းဖျနေသည်။
လုံချန်းသည် အံကို တင်းတင်းကြိတ်ကာ မျက်လုံးမှိတ်ပြီး အသက် ပြင်းပြင်းရှူလိုက်သည်။
'စိတ်မပူပါနဲ့ အဖေ။ သူတို့ အဖေ့ကို ပေးခဲ့တဲ့ နာကျင်မှုထက် အဆပေါင်းများစွာ ပိုတဲ့ ဝေဒနာတွေကို ပြန်ပေးဆပ်စေရမယ်။ သူတို့က စခဲ့တာဆိုပေမဲ့ သားကပဲ အဆုံးသတ်ပေးမယ်။ သား သူတို့နဲ့ စာရင်းရှင်းပြီးတဲ့အချိန်မှာ တစ်ယောက်မှ အသက်ရှင်ကျန်နေစေရဘူး' လုံချန်းက စိတ်ကို တည်ငြိမ်အောင် ထိန်းရင်း စိတ်ထဲမှ ကတိပေးလိုက်သည်။
လုံချန်း ကံကောင်းသွားသည့်အချက်မှာ လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်ကတည်းက သူ၏ နှလုံးသားမိစ္ဆာမှာ ထူးဆန်းစွာ ငြိမ်သက်နေခြင်းပင် ဖြစ်သည်။ နှလုံးသားမိစ္ဆာသည် သူ၏ သိုင်းဝိညာဉ်ရှေ့တွင် ဒူးထောက်လျက်သား ငြိမ်နေခဲ့သည်။ ၎င်းသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်နေသလိုမျိုး ကိုယ်ပွားဝိညာဉ်ဆီမှ ပညာတစ်ခုခုကို သင်ယူနေသလိုမျိုး ငြိမ်သက်နေခဲ့ခြင်း ဖြစ်သည်။
"နောက်ဆုံးတော့ ရောက်လာပြီပေါ့။ သူက အသင့်ဖြစ်နေပြီ မဟုတ်လား" ကျောင်းတော်သခင်က လေ့ချီကို မေးလိုက်သည်။
"ဟုတ်ကဲ့၊ အားလုံး အသင့်ပါပဲ" အမျိုးသမီးက ပြန်ဖြေသည်။
"ကောင်းပြီ၊ ဒါဆို အထဲဝင်ကြစို့" ကျောင်းတော်သခင်က ခေါင်းညိတ်ပြကာ ဝင်ပေါက်ဆီသို့ စတင် လျှောက်လှမ်းသွားသည်။ သူက ရှေ့ဆုံးမှ ဦးဆောင်ကာ ဝင်ပေါက်အတွင်းသို့ ဝင်သွားပြီးနောက် အမျိုးသမီးက လုံကျွင်းကို ခေါ်ဆောင်ကာ နောက်မှ လိုက်သွားသည်။ ယဇ်ပုရောဟိတ်များနှင့် လုံချန်းတို့လည်း ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားကြတော့သည်။
ဝင်ပေါက်ထဲသို့ ရောက်လိုက်သည်နှင့် လုံချန်း မြင်လိုက်ရသည်မှာ လူသူကင်းမဲ့သော လွတ်ပြင်ကြီးတစ်ပြင် ဖြစ်သော်လည်း ထူးခြားချက်မှာ သဲများမှာ အနက်ရောင် ဖြစ်နေခြင်းပင်။ ပတ်ဝန်းကျင်တွင် သစ်ပင်ပန်းမန်အချို့လည်း ရှိနေသည်။
ဤနေရာတွင် ခံစားရသော ချီစွမ်းအင်မှာ လုံချန်းတစ်သက်တွင် တစ်ခါမျှ မခံစားဖူးလောက်အောင် အလွန်ပင် သန့်စင်သိပ်သည်းလှသည်။ အမှောင် နတ်မိမယ် မျိုးနွယ်စု နယ်မြေထက်ပင် ပိုမို သန်မာလှသည်။
အခုမှပင် ၂၆ ထပ်မြောက်တွင် အဘယ်ကြောင့် ချီစွမ်းအင်များ ဤမျှ များနေရကြောင်း သူ နားလည်သွားတော့သည်။ ဤနေရာမှ စွမ်းအင်များ စိမ့်ထွက်သွားခြင်းကြောင့် ဖြစ်သည်။
သူသည် ရှေ့သို့ ကြည့်လိုက်ရာ အချို့နေရာများတွင် ပျက်စီးနေသော အဆောက်အအုံများနှင့် နံရံဟောင်းများကို တွေ့လိုက်ရသည်။ ၎င်းတို့မှာ ရှေးဟောင်းအပျက်အစီးများပင် ဖြစ်သည်။
လုံချန်းသည် အခြားသူများ၏ ရှေ့သို့ ရောက်အောင်သွားပြီး ဦးဆောင်နေသည့် ယဇ်ပုရောဟိတ်၏ အနားတွင် တမင်တကာ ကပ်လိုက်သွားသည်။ သို့မှသာ သူ့ဖခင်နှင့် ဖမ်းဆီးထားသော အမျိုးသမီးကို အနီးကပ် စောင့်ကြည့်နိုင်မည် ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့အဖွဲ့သည် အပျက်အစီးများနားသို့ နီးကပ်လာသောအခါ ကျောင်းတော်သခင်က ယဇ်ပုရောဟိတ် ရူမြန်ကို လုံချန်းအား ဘေးကင်းအောင် စောင့်ရှောက်ရန် မှာကြားလိုက်သည်။
လုံချန်းသည် ထိုအပျက်အစီးများကို ကြည့်ရင်း ဤအဆောက်အအုံများကို ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် ပစ္စည်းများဖြင့် တည်ဆောက်ထားကြောင်း သိလိုက်ရသည်။ ဤကမ္ဘာတွင် ထိုကဲ့သို့သော ပစ္စည်းများမှာ အလွန်ရှားပါးလှသည်။ တစ်နေရာလုံးကို ဤပစ္စည်းများဖြင့် တည်ဆောက်ထားသည်မှာ အံ့မခန်းဖွယ်ပင်။
ဤအပျက်အစီးများမှာ ဤကမ္ဘာမှ မဟုတ်ကြောင်း သူ ကြားထားဖူးသဖြင့် ၎င်းတို့မှာ အထက်ဘုံမှ ဖြစ်နိုင်ချေရှိသည်ကို သူ စဉ်းစားနေမိသည်။
သူတို့သည် အပျက်အစီးများအတွင်းသို့ ဝင်ရောက်ကာ အဆောက်အအုံများစွာကို ဖြတ်ကျော်လာခဲ့ကြသော်လည်း မည်သည့်နေရာတွင်မျှ ရပ်တန့်ခြင်း မရှိပေ။ သူတို့၏ ရည်မှန်းချက်မှာ ဤအဆောက်အအုံများ မဟုတ်သည်မှာ ထင်ရှားလှသည်။ လွန်ခဲ့သည့် စူးစမ်းမှုများတွင် ဤနေရာများကို ရှာဖွေပြီးသား ဖြစ်ဟန်တူသည်။ ယခု သူတို့ ဦးတည်နေသည်မှာ ယခင်က ဝင်ရောက်ရန် ကျရှုံးခဲ့သော နေရာ ဖြစ်သည့် လျှို့ဝှက်ဆန်းကြယ်သော ဂူသင်္ချိုင်းဆီသို့ပင် ဖြစ်သည်။
***