လုံချန်းသည် မျက်မှောင်ကြုတ်လျက် ကျောင်းတော်သခင်ကို ကြည့်လိုက်သည်။ လေ့ချီက သူ့ဖခင်ကို ရုပ်တုနားသို့ ခေါ်ဆောင်သွားသည်ကို မြင်သောအခါ သူ စိတ်ထဲတွင် မကောင်းသော အငြိုးအတေးတစ်ခုအား ခံစားလိုက်ရသည်။ သူတို့ပြောပုံအရဆိုလျှင် ဤအခိုက်အတန့်အတွက်ပင် သူ့ဖခင်ကို ပြန်ပေးဆွဲထားခဲ့ခြင်း ဖြစ်ပုံရသည်။
"မူလင်း... မင်းလည်း ရုပ်တုနားသွားပြီး မင်းရဲ့ လက်ယာဘက်လက်ကို ဖီးနစ်ရုပ်တုရဲ့ ဦးခေါင်းပေါ် တင်လိုက်ပါ" ကျောင်းတော်သခင်က ခိုင်းစေလိုက်သည်။
လုံချန်းသည် ကျောင်းတော်သခင်နှင့် ရုပ်တုကို တစ်လှည့်စီ ကြည့်လိုက်ရင်း ရုပ်တုဆီသို့ လျှောက်သွားသည်။ ထိုစဉ် လုံချန်း၏ စိတ်ထဲတွင် ရွှင်း၏ အသံထွက်ပေါ်လာသည်။
"ငါ သိပြီ၊ ဒါ ဘာလဲဆိုတာ ငါ သိပြီ"
'ဘာလဲ၊ မြန်မြန်ပြောစမ်းပါ' လုံချန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"ဒါက အမွေအနှစ်ရုပ်တုပဲ။ ဒီလိုရုပ်တုမျိုးတွေက စကြဝဠာအနှံ့မှာ နည်းနည်းပဲ ရှိတာ။ ဒါက နတ်ဘုရားသားရဲတစ်ကောင်ရဲ့ ရုပ်တုပဲ ဖြစ်ရမယ်။ သူက နင့်ကို ရုပ်တုခေါင်းပေါ် လက်တင်ခိုင်းတာကိုး။ နင့်အဖေကို ဘာလို့ ဖမ်းထားသလဲဆိုတာ အခုမှ အကွက်စေ့သွားတော့တယ်" ရွှင်းက ရှင်းပြသည်။
'အချိန်မဖြုန်းနဲ့တော့၊ ဒါက အဖေ့အတွက် အန္တရာယ်ရှိလားဆိုတာပဲ မြန်မြန်ပြော' လုံချန်းက ရုပ်တုကို ကြည့်ရင်း မေးလိုက်သည်။ သူသည် ရုပ်တုခေါင်းပေါ်သို့ လက်မတင်သေးပေ။
"နင် အဲဒီဖီးနစ် ခေါင်းပေါ် လက်တင်လိုက်တာနဲ့ ဒီရုပ်တုထဲမှာရှိတဲ့ အမွေအနှစ်ကို ရလိမ့်မယ်။ အဲဒီအမွေအနှစ်ကို အသက် ၃၀ အောက် ကျင့်ကြံသူတွေပဲ လက်ခံရရှိနိုင်တာ။ အဲဒါကြောင့်လည်း သူတို့က ယဇ်ပူဇော်ပွဲကို သုံးပြီး အသက် ၃၀ အောက် ကိုယ်စားလှယ်တစ်ယောက်ကို ရွေးခဲ့တာပေါ့" ရွှင်းက သူ၏အနားတွင် ပေါ်လာရင်း ဆိုသည်။
'ဒါဆို အဖေက ဒီထဲမှာ ဘယ်လို ပါဝင်နေတာလဲ'
"ဘာလို့လဲဆိုတော့ နင့်အဖေရဲ့ ကိုယ်ပေါ်မှာ မွေးရာပါပါလာတဲ့ တက်တူးကြောင့်ပဲ။ ရုပ်တုပေါ်က ပုံစံအတိုင်း တက်တူးပါတဲ့သူ သူတို့ လိုအပ်နေတာ။ အဲဒီလူရဲ့ အသက်စွမ်းအားကို ယဇ်ပူဇော်ပြီး ရုပ်တုကို အသက်သွင်းရမှာ။ အဲဒီအခါမှ နင်က အမွေအနှစ်ကို ရမှာလေ။ သူတို့က နင့်အဖေကို ရုပ်တုကို နှိုးဆော်ဖို့ စွမ်းအင်အရင်းအမြစ်အဖြစ် သုံးချင်နေတာ။ အမွေအနှစ်ကို ထုတ်ယူလိုက်နိုင်မှ ရှေ့ဆက်သွားမယ့်လမ်း ပွင့်လာမှာမို့လို့ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ ရှေ့မတိုးနိုင်ခဲ့တာ ဖြစ်ရမယ်"
"အခု နင့်အဖေရဲ့လက်က ရုပ်တုပေါ်မှာ ရှိနေပြီ။ နင်သာ နင့်လက်ကို တင်လိုက်ရင် ရုပ်တုက အသက်ဝင်လာပြီး နင်က အမွေအနှစ်ကို ရလိမ့်မယ်၊ တခြားသူတွေလည်း ဂူသင်္ချိုင်းထဲ ဆက်ဝင်လို့ရမယ်။ ဒါပေမဲ့... နင့်အဖေကတော့ သေသွားလိမ့်မယ်" ရွှင်းက လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။
"ဒီလိုနေရာမျိုးမှာရှိတဲ့ အမွေအနှစ်ဆိုတော့ ဒါဟာ သက်တံဖီးနစ်ရဲ့ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ အမွေအနှစ် ဖြစ်နိုင်တယ်။ နင့်အဖေကို ကယ်မလား၊ ဒါမှမဟုတ် သူတို့ခိုင်းတဲ့အတိုင်းလုပ်ပြီး အမွေအနှစ်ကိုပဲ ယူမလားဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်ပါ။ နင့်ရဲ့ ပြတ်သားမှုကို ငါ ကြည့်ချင်တယ်" ထိုသို့ ဆိုကာ ရွှင်း ပျောက်ကွယ်သွားသည်။
လုံချန်းသည် ရုပ်တုပေါ်တွင် လက်တင်ထားသော ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ သူ့ဖခင်မှာ ဘာဖြစ်မည်ကို သိပုံမရဘဲ သို့မဟုတ် တစ်ခုခုကို ခြိမ်းခြောက်ခံထားရသဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ရပေမည်။ 'မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်နိုင်တယ်။ သူတို့ တစ်ခုခု ခိုင်းနေတာကို သူ သိမှာပါ'
"မင်း ဘာလုပ်နေတာလဲ။ မြန်မြန်လုပ်စမ်း၊ ရုပ်တုပေါ် လက်တင်လိုက်" လုံချန်း ငြိမ်နေသည်ကို မြင်သောအခါ ကျောင်းတော်သခင်က အော်ဟစ်လိုက်သည်။
"လုပ်လိုက်စမ်းပါ ကောင်လေး၊ ငါတို့ ရှေ့ဆက်သွားဖို့ လိုသေးတယ်"
"စိတ်မပူပါနဲ့၊ ဒါက အန္တရာယ်မရှိပါဘူး။ မင်းကို ပိုပြီး သန်မာလာစေမှာပါ"
ယဇ်ပုရောဟိတ်များကလည်း လုံချန်းကို ဝိုင်းဝန်း တိုက်တွန်းနေကြသည်။
"ငါ ဘာလုပ်မလဲဆိုတာ သံသယရှိနေသေးလို့လား။ ငါကတော့ ပိုပြီး တန်ဖိုးရှိတဲ့အရာကိုပဲ ရွေးချယ်မှာပေါ့" လုံချန်းက ရွှင်းကို ပြန်ဖြေလိုက်သလိုမျိုး ရေရွတ်လိုက်သည်။
ကျောင်းတော်သခင်နှင့် အခြားသူများမှာ လုံချန်း ဘာကို ဆိုလိုသနည်းဟု တွေးတောရင်း စောင့်ကြည့်နေကြသည်။ ထိုစဉ် လုံချန်းက သူ့ဖခင်ဆီသို့ လျှောက်သွားလိုက်သည်။ လုံကျွင်းကလည်း ဘာဖြစ်မည်နည်းဟု တွေးတောကာ သူ့သားကို ကြည့်နေသည်။
"နောက်ဆုံးတော့ အဖေနဲ့ ပြန်တွေ့ရပြီနော်... အဖေ" လုံချန်းက ဖခင်ဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ "အမေနဲ့အတူ ခဏလောက် စောင့်နေပေးပါဦး။ သား အဖေ့ကို နောက်မှ ပြန်ကုပေးမယ်"
လုံချန်းသည် သူ့လက်ကို ဆန့်ထုတ်ကာ လုံကျွင်း၏ လက်ကို ထိလိုက်သည်။ ထိုအခါမှ ကျောင်းတော်သခင်မှာ တစ်ခုခု မှားနေပြီကို ရိပ်မိသွားကာ လုံချန်းဆီသို့ ပြေးဝင်လာသည်။
သို့သော် လုံချန်းက သူ့ဖခင်၏လက်ကို ထိလိုက်သည်နှင့် ကမ္ဘာတုလက်စွပ်မှာ အသက်ဝင်လာပြီး လုံကျွင်းမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ကျောင်းတော်သခင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားသည်။
မူလင်း တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သူ သိလိုက်ပြီ။ 'မူလင်းက သူလျှိုလား။ ဒါမှမဟုတ် မူယွမ်က ငါတို့ သူ့ရဲ့ မိသားစုကို သတ်ခဲ့တာကို သိသွားလို့ လုံကျွင်းကို ကယ်ဖို့ စီစဉ်လိုက်တာလား'
သူသည် လုံချန်း၏ လည်ပင်းကို ဖမ်းရန် လက်အား ဆန့်ထုတ်လိုက်သော်လည်း သူ၏လက်က လုံချန်းကို ထိလုဆဲဆဲမှာပင် လုံချန်းမှာ ပျောက်ကွယ်သွားပြီး အခန်း၏ အခြားတစ်ဖက်တွင် ပေါ်လာခဲ့သည်။
လုံချန်းသည် မျက်နှာဖုံးအား သုံးကာ သူ၏မျက်နှာကို မူလင်း၏မျက်နှာလည်း မဟုတ် သူ၏ မျက်နှာအစစ်လည်း မဟုတ်သော အခြားမျက်နှာတစ်ခုသို့ ပြောင်းလဲလိုက်သည်။
"မင်းတို့ကို လှည့်စားဖို့ မူလင်းအဖြစ် ဟန်ဆောင်နေခဲ့ရတာ မယုံနိုင်စရာပဲ။ တစ္ဆေကျောင်းတော်ရဲ့ အရှင်သခင်ဆိုတာလည်း ဘာမှ မဟုတ်ပါလား။ အဲဒီကောင်ရဲ့ အမေအရင်းတောင် သူ့သားကို မမှတ်မိဘူးလေ။ မီယင်ရဲ့ ညီမလေးက မူလင်းအစစ်ကို သတ်ပေးလိုက်လို့ ငါ တော်တော် ဝမ်းသာသွားရတယ်။ နှုတ်ဆက်ခဲ့ပါတယ် ငတုံးအုပ်စုကြီးတို့ရေ" လုံချန်းက အရူးတစ်ယောက်လို အော်ဟစ် ရယ်မောလိုက်သည်။ သူ၏နောက်ကွယ်တွင် အဝေးတစ်နေရာသို့ သွားနိုင်သော ဟင်းလင်းပြင် ဝင်ပေါက် တစ်ပေါက် ပေါ်လာသည်။ သူသည် လျှို့ဝှက်နယ်မြေ၏ အစွန်းပိုင်းသို့ ရောက်သွားရန် မျှော်လင့်ထားသည်။
မူလက လုံချန်း၏ အစီအစဉ်မှာ သူ့ဖခင်ကို ကယ်တင်ပြီး ကမ္ဘာတုထဲ ပို့လိုက်ကာ မူလင်းအဖြစ်နှင့်ပင် တစ္ဆေကျောင်းတော်မှ ထွက်ခွာသွားရန် ဖြစ်သည်။ မူယွမ်ကို စိတ်မနာစေရန် သူမသား သေဆုံးသွားသည်ကို ဖုံးကွယ်ထားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့ဖခင်ကို ဂူသင်္ချိုင်းထဲ ခေါ်လာသည်ကို မြင်လိုက်ရကတည်းက ထိုအစီအစဉ်မှာ မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သည်။
သူ့ဖခင်ကို လူအများရှေ့တွင် ကယ်တင်လိုက်ရသဖြင့် မူယွမ်ကို အပြစ်မရောက်စေရန် သူသည် မူယွမ်၏သား မဟုတ်ကြောင်း သူလျှိုတစ်ဦးသာ ဖြစ်ကြောင်း အားလုံးကို သိစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ကီလိုမီတာ ၅၀၀ အတွင်းရှိ မည်သည့်နေရာသို့မဆို နေရာရွှေပြောင်းနိုင်သော ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို အသုံးပြုလိုက်တော့သည်။
သူသည် အခြားကမ္ဘာတစ်ခုအတွင်း ရောက်နေသဖြင့် ဤနေရာမှ တိုက်ရိုက် ထွက်ခွာ၍ မရနိုင်ကြောင်း သိနေသည်။ အကောင်းဆုံးမှာ လျှို့ဝှက်နယ်မြေဝင်ပေါက်သို့ နေရာရွှေ့ပြောင်းပြီး အခြားသူများ မလိုက်လာနိုင်ခင် ထိုနေရာမှ ထွက်ခွာသွားရန်ပင် ဖြစ်သည်။
***