အခြားသူများ ဘာမှမလုပ်နိုင်ခင်မှာပင် လုံချန်းသည် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားပြီး ဝင်ပေါက်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လုံချန်း သတိမထားမိလိုက်သည့် အချက်တစ်ခု ရှိနေသည်။ ကျောင်းတော်သခင် သူ၏လည်ပင်းကို ဖမ်းရန် ကြိုးစားစဉ်က ကျောင်းတော်သခင်၏ လက်သည်းနှင့် ပွတ်တိုက်မိသွားကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဒဏ်ရာမှ ထွက်လာသည့် လုံချန်း၏ သွေးတစ်စက်မှာ ဂူသင်္ချိုင်း၏ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မြေပြင်က ထိုသွေးစက်ကို စုပ်ယူသွားခဲ့သည်။
"ချိတ်ပိတ်ခဲ့သူရဲ့ သွေးက ချိတ်ပိတ်ခံထားရသူကို နိုးထစေခဲ့ပြီပေါ့။ ဟင်း... တကယ်ပဲ ဖြစ်လာခဲ့ပြီပဲ" လူငယ်တစ်ဦးသည် ကောင်းကင်ယံကို ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဂူသင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာ မှောင်မိုက်လွန်းသော အခန်းတစ်ခန်းအတွင်း၌ အသက် ၅ နှစ်အရွယ်ခန့်ရှိမည့် လှပသော ဆံပင်နက်နှင့် ကောင်လေးတစ်ဦး ထိုင်နေသည်။ ထိုကောင်လေးတွင် ဖျော့တော့သော အပြာရောင်မျက်ဝန်းများနှင့် ချစ်စရာကောင်းသော မျက်နှာလေး ရှိသည်။
သူသည် မှောင်မိုက်လွန်းသော အခန်းထဲတွင် ရှိနေသည်သာမက သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အတားအဆီး တစ်ခုက ဝိုင်းရံထားသေးသည်။ ကောင်လေးက လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း လျှပ်စစ်ဓာတ် အတိုက်ခံရသဖြင့် သူ၏ အော်ဟစ်သံများမှာ အခန်းတစ်ခန်းလုံးတွင် ပဲ့တင်ထပ်နေသည်။
ထိုကောင်လေး၏ မျက်လုံးများမှာ အပြစ်ကင်းသော ကလေးတစ်ယောက်ကဲ့သို့ ဗလာဖြစ်နေသည်။ အံ့သြစရာအကောင်းဆုံးမှာ သူ၏ ဝိညာဉ်ပင် ဖြစ်သည်။ ထိုကောင်လေး၏ ဝိညာဉ်ကို မတူညီသော နိယာမပေါင်း ၁၂၀ ကျော်ဖြင့် ပြုလုပ်ထားသည့် ဝိညာဉ်သံကြိုးများဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။
ဤလောက၏ မူလအစဖြစ်သော စကြဝဠာနိယာမများကို အသုံးပြု၍ တစ်စုံတစ်ယောက်က သူ၏ဝိညာဉ်ကို ပိတ်လှောင်ထားခဲ့ပုံရသည်။ နတ်ဘုရား သားရဲဘုရင်များပင် ဤသို့လုပ်နိုင်သည့် စွမ်းအားမျိုး မရှိကြပေ။
လုံချန်း၏ သွေးတစ်စက်မှာ ဂူသင်္ချိုင်းအလယ်သို့ ကျဆင်းသွားသောအခါ ထိုအတားအဆီးမှာ တောက်ပစွာ လင်းလက်လာပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ မကြာမီမှာပင် အတားအဆီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ကောင်လေးက လှုပ်ရှားကြည့်လိုက်သောအခါ ယခင်ကလို မနာကျင်တော့ကြောင်း သိလိုက်ရသဖြင့် သူ အံ့သြသွားမိသည်။
ဖီးနစ်ရုပ်တုအနားတွင်မူ ကျောင်းတော်သခင်သည် လုံချန်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်နေသည်။
"အဲဒီအကောင်၊ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို သူ ဖျက်ဆီးလိုက်ပြီ။ နှစ်ပေါင်း ထောင်ချီ စောင့်ဆိုင်းခဲ့တာတွေ အားလုံး အလဟသ ဖြစ်ကုန်ပြီ။ သူ့ကို တွေ့ရင် ငါ ကိုယ်တိုင် သတ်ပစ်မယ်" ကျောင်းတော်သခင်၏ ဟိန်းဟောက်သံမှာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ သူသည် ဤကိစ္စအတွက် အလွန်ပင် အားစိုက်ထုတ်ခဲ့ရသဖြင့် အလွန်အမင်း စိတ်ပျက်နေခြင်း ဖြစ်သည်။
ရုပ်တု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့နှင့် ရှေ့ဆက်သွားဖို့ နည်းလမ်းရှာခဲ့ရသည်များ၊ ဤသို့သော ဆေးမင်ပါရှိသူကို ရှာဖွေခဲ့ရသည်များအား သူ ပြန်တွေးနေမိသည်။ ကံကောင်းထောက်မစွာဖြင့် တစ်နေ့တွင် သူသည် လုံကျွင်း၏မိခင်တွင် လိုအပ်သော ဆေးမင်ပါနေသည်ကို တွေ့ခဲ့သည်။ သို့သော် ထိုဆေးမင်မှာ အမျိုးသားများတွင်သာ အကျိုးသက်ရောက်မှု ရှိပြီး အမျိုးသမီးခန္ဓာကိုယ်တွင် အသုံးမဝင်ပေ။ ထိုအမျိုးသမီးမှ မွေးလာမည့် ကလေးမှာ ယောကျ်ားလေးဖြစ်လျှင် ယဇ်ပူဇော်ရန် အသုံးပြုနိုင်ကြောင်း သူ သိထားသည်။
ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးမှာ အခြေအနေကို ရိပ်မိပြီး ထွက်ပြေးသွားခဲ့သည်။ ထိုစဉ်က ကျောင်းတော်သခင် ဒေါသထွက်လွန်းသဖြင့် သူမ၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ ထိုမိသားစုမှာ ကျောင်းတော်အတွင်း အဆင့်မြင့်နေရာတွင် ရှိသော်လည်း ကျောင်းတော်သခင်ကို ဆန့်ကျင်သည့်အတွက် တစ်ရက်အတွင်း အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။
မူယွမ်မှာမူ ထိုအချိန်က အခြားတိုက် တစ်တိုက်တွင် တာဝန်ဖြင့် ရောက်နေသဖြင့် အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။ သူမ ပြန်လာသောအခါ ခင်ပွန်းဖြစ်သူ ပါလာခဲ့ပြီး ထိုလူမှာ ကျောင်းတော်သခင်ပင် ကြောက်ရွံ့ရသူ ဖြစ်သည်။ ထို့ကြောင့် ကျောင်းတော်သခင်သည် မူယွမ်အား ရန်မပြုရဲဘဲ မိသားစု သတ်ဖြတ်ခံရသည့် အမှန်တရားကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူ ကမ္ဘာပေါ်တွက် မရှိတော့သည့်တိုင်အောင် ကျောင်းတော်သခင်သည် မူယွမ်ကို တစ်ခုခုလုပ်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရှာဖွေပြီးနောက်မှ လုံကျွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အားလုံး အဆင်ပြေခါနီးမှ လုံချန်းကြောင့် အစီအစဉ်များ ပျက်စီးသွားရသည်။ ကျောင်းတော်သခင်သည် လုံချန်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်နေစဉ်မှာပင် ဂူသင်္ချိုင်းကြီးတစ်ခုလုံး တုန်ခါလာသည်ကို မြင်လိုက်ရသည်။
"အဖေ... ရုပ်တုကြီး ပျောက်သွားပြီ" ရွမ်လေ့ချီက အော်ပြောလိုက်သည်။ ကျောင်းတော်သခင် ကြည့်လိုက်ရာ ရုပ်တုမှာ တကယ်ပင် ပျောက်ကွယ်သွားပြီး လမ်းကို ပိတ်ထားသော နံရံကြီးမှာလည်း ပြိုကျကာ ရှေ့ဆက်သွားမည့် လမ်းပွင့်သွားခဲ့သည်။
"တစ်ခုခုတော့ ပြောင်းလဲသွားပြီ။ လမ်းပွင့်သွားပြီပဲ။ ငါတို့ အထဲဝင်ကြမလား၊ ဒါမှမဟုတ် အဲဒီကောင်လေးကို လိုက်ရှာကြမလား။ သူ ဘယ်ကို ပျောက်သွားမှန်းလည်း ငါတို့ မသိဘူး။ ဒီနေရာမှာ ဝင်ပေါက် ဖွင့်နိုင်တယ်ဆိုကတည်းက သူက သာမန်လူတော့ မဟုတ်ဘူး" ယဇ်ပုရောဟိတ် တစ်ဦးက မေးလိုက်သည်။
"ထားလိုက်တော့... အဲဒီလူကို ခေါ်သွားပါစေ။ ငါတို့က လမ်းပွင့်ဖို့ပဲ သူတို့ကို လိုတာ၊ အခု လမ်းက ပွင့်သွားပြီပဲ။ သူ့ကို ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ်၊ မကြာခင် ငါတို့ ပြန်ဖမ်းမိမှာပါ" ကျောင်းတော်သခင်က ဆိုကာ အသစ်ပွင့်လာသည့် လမ်းအတိုင်း စတင် လျှောက်လှမ်းသွားတော့သည်။
လုံချန်းသည် ဟင်းလင်းပြင် ဖြတ်သန်းခြင်း ဝင်ပေါက်ထဲသို့ ဝင်ခဲ့သော်လည်း အတွင်းရောက်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ဝင်ပေါက်မှာ ပျက်စီးသွားပြီး လုံချန်းသည် တစ်နေရာသို့ လွင့်ထွက်သွားခဲ့သည်။
သူ ပြန်ကျလာသည့်နေရာမှာ အဖြူရောင်နှင့် အနက်ရောင် တံခါးနှစ်ချပ်ရှိသော အခန်းမကြီးပင် ဖြစ်သည်။
"ငါ ဂူသင်္ချိုင်းထဲမှာပဲ ရှိနေသေးတာလား" လုံချန်းက ထရပ်ရင်း ရေရွတ်လိုက်သည်။
"ဒီဂူသင်္ချိုင်းက ဟင်းလင်းပြင် ခရီးသွားခြင်းကို ပိတ်ပင်ထားပုံရတယ်။ နင့်ရဲ့ နေရာရွှေ့ပြောင်းခြင်းကို တားဆီးနိုင်တယ်ဆိုကတည်းက ဒါက အဆင့်မြင့်တဲ့ ဂူသင်္ချိုင်းပဲ။ နင့်မှာ ဟင်းလင်းပြင် နိယာမသစ်ပင် အပြည့်အဝ ရှိနေရင်တော့ တစ်မျိုးပေါ့၊ အခုတော့ နင်က အဲဒီအဆင့်ကို မရောက်သေးဘူး" ရွှင်းက ရှင်းပြသည်။
"တကယ်ပဲ... ဒုက္ခရောက်ရမယ့်အချိန်ကျမှ ဖြစ်ရတာပဲ" လုံချန်းက ဘေးပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ မည်သူမျှ လိုက်မလာသည်ကို တွေ့ရသည်။
"သူတို့ လိုက်မလာကြဘူး။ ဒီဂူသင်္ချိုင်းက ဝင်ပေါက်ကို ဖြတ်တောက်နိုင်မှန်း သူတို့ မသိကြဘူး ထင်တယ်။ ငါ အပြင်ရောက်သွားပြီလို့ ထင်နေကြတာ ဖြစ်ရမယ်"
"ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်။ ဒါပေမဲ့ သူတို့လည်း မကြာခင် ပြန်ထွက်လာကြမှာပဲ၊ ဘာလို့လဲဆိုတော့ နင့်အဖေမရှိဘဲ ရှေ့ဆက်သွားလို့ မရနိုင်ဘူးလို့ သူတို့ ထင်နေကြမှာလေ။ ငါတို့ ဒီကနေ မြန်မြန် ထွက်သွားကြရအောင်" ရွှင်းက တိုက်တွန်းသည်။
"အေးပါ" လုံချန်းက ထွက်ခွာရန် လှည့်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ခုခုက သူ့ကို ဆွဲဆောင်နေသလို တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသလို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ အနက်ရောင်တံခါး ဆီမှ လာနေခြင်း ဖြစ်သည်။
လုံကျွင်းသည် ကမ္ဘာတုထဲသို့ ရုတ်တရက် ရောက်ရှိသွားသည်။ လုံချန်းသည် သူ့ကို သူ၏အဘိုး၊ မိခင်နှင့် ဇနီးသည်များ ရှိရာ အိမ်အသစ်၏ ဧည့်ခန်းမထဲသို့ တိုက်ရိုက် ပို့ပေးလိုက်ခြင်း ဖြစ်သည်။
လုံကျွင်းသည် အခန်းအလယ်တွင် ပေါ်လာသော်လည်း ခြေကုန်လက်ပန်း ကျနေသဖြင့် ဒူးထောက်လျက်သား ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် လုံရန်၊ စီမာကျိယီ၊ ရွှယ်၊ မေ၊ ကျီချင်း နှင့် မင်ယုတို့မှာ စုထိုင်နေကြပြီး လုံရွှယ်ရင်းမှာမူ အခန်းထဲတွင် ကျင့်ကြံနေသည်။
လုံကျွင်းသည် စီမာကျိယီ ဘက်သို့ မျက်နှာမူကာ လုံရန်ဘက်သို့ ကျောပေးလျက် ဒူးထောက်နေမိသည်။
"မင်းက ဘယ်သူလဲ" လုံရန်က ဧည့်ခန်းအလယ်တွင် ပေါ်လာသော သူစိမ်းတစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။ တောင်းစားသူ တစ်ယောက်ကဲ့သို့ စုတ်ပြတ်နေပြီး ဆံပင်များ ရှုပ်ပွနေသော ဤလူက မည်သူဖြစ်ကြောင်း သူတို့ မသိကြသေးပေ။
***