ရှောင်လုံက ထပ်ပြောလိုက်သည်။
~~အခြေနေ သိပ်မကောင်းဘူး~~
~~ဘာဖြစ်လို့လဲ~~
~~ကြည့်ရတာ မြွေဟောက်ဂိုဏ်းက ထင်ထားတာထက် ပိုအင်အားကောင်းနေပုံပဲ~~
ရှောင်လုံတို့ ပြောနေကြစဉ်မှာပင် အဆောင်ဦးကြီးထဲမှ ရယ်မောသံကြီး ထွက်ပေါ်လာသည်။
“ဟားဟားဟား…”
တစ်ချိန်တည်းမှာပင် အဆောက်ဦးထဲမှ မီးရောင်များ လင်းလာလဲ့သည်။
“ဂျိုင်း ဂျိုင်း ဂျိုင်း…”
တံခါးပိတ်သံကြီးများ ပေါ်ထွက်လာသည်။
~~သွားပြီ။ သူတို့တော့ လှောင်အိမ်ထဲ ဝင်မိတဲ့ ကြွက်တွေလို ဖြစ်ကုန်ပြီ~~
ရှောင်လုံက အဆောက်ဦးထဲက အခြေနေကို အာရုံခံမိပြီး ခေါင်းခါသည်။
~~မြွေဟောက်ဂိုဏ်းက တကယ်အင်အားကောင်းတာပဲ။ အဆင့်မြင့်သိုင်းသမားတွေတောင် တစ်ရာလောက်ရှိတယ်။ အကျော်မော်အဆင့်ကလည်း နှစ်ယောက်တောင် ရှိတယ်။ ပြီးတော့ ဂိုဏ်းချုပ်က သိုင်းထိပ်သီးအဆင့်။ သိုင်းထိပ်သီးတောင်မှ တော်တော်အားကောင်းတဲ့ သိုင်းထိပ်သီးပဲ~~
ရှောင်လုံက အဆောက်ဦးထဲက အခြေနေများကို အာရုံခံ၍ နှင်းပန်းကို ပြောပြနေခဲ့သည်။
~~ခုနစ်ယောက်နဲ့ အယောက်တစ်ရာ ရင်ဆိုင်ရတော့မယ်။ မြွေဟောက်ဂိုဏ်းသား အဆင့်မြင့်သိုင်းသမားတွေက သူတို့ကို ဝိုင်းထားလိုက်ပြီ။ ဟော…၊ တိုက်ခိုက်ကုန်ပြီ~~
ရှောင်လုံ၏ စကားအဆုံးမှာပင် အဆောက်ဦးထဲမှ မာန်သွင်းသံများ၊ တိုက်ခိုက်သံများ၊ လျက်နက်ချင်း ထိခိုက်သံများ ထွက်ပေါ်လာသည်။
“ယား…”
“ကျား…”
“ရွှမ်း ရွှမ်း…”
“ထန်း ထန်း…”
~~အဲ…၊ မဆိုးဘူးပဲ။ သူတို့ကလည်း တော်တော်လေး အားကောင်းကြတယ်။ မြွေဟောက်ဂိုဏ်းသား တစ်ရာကို ခုနစ်ယောက်တည်းနဲ့ အကြိတ်အနယ် ပြန်ခုခံနေတယ်~~
ရှောင်လုံက ဆက်၍ ပြောပြနေခဲ့သည်။
နှင်းပန်းက နားထောင်ရင်းနှင့် မရိုးမရွဖြစ်လာသည်။
~~ မမ သွားချောင်းကြည့်ချင်လား~~
ရှောင်လုံက မေးလျှင် နှင်းပန်းက မျက်လုံးဒေါင့်ကပ်၍ ပြန်ကြည့်လာသည်။
~~အဲ…၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီအတိုင်း အာရုံခံနေရတာ မကောင်းဘူး။ မျက်လုံးနဲ့ တိုက်ရိုက် သွားချောင်းကြည့်ရင် ကောင်းမယ်။ မမ လိုက်မလား~~
နှင်းပန်းက ညီညာလှပသော သွားတန်းကလေးများ ပေါ်သည်အထိ ကျိတ်ရယ်သည်။ သူမ၏ မောင်လေးက သူမကို ချောင်းကြည့်ချင်အောင် အမျိုးမျိုးပြောနေသည် မဟုတ်ပါလား။
နှင်းပန်းလည်း သူမ၏ မျက်လုံးများဖြင့် ကိုယ်တိုင်ချောင်းကြည့်ချင်နေပြီ ဖြစ်၍ ခေါင်းညိတ်ပြလိုက်သည်။
~~အင်း…၊ သတိတော့ ထားရမယ်နော်~~
~~ဟုတ်ကဲ့ မမ~~
ရှောင်လုံက အဆောက်ဦးအနေထားကို အကဲခတ်ပြီးနောက် ချောင်းကြည့်ရမည့် နေရာကို ရှာတွေ့သွားသည်။
~~ခေါင်မိုးပေါ်က တက်ချောင်းကြရအောင် မမ~~
အဆောက်ဦးကြီးက အတော်ကြီးပြီး ခေါင်မိုးကလည်း အတော်မြင့်သည်။ ဝါးတစ်ပြန် မကပေ။ နှင်းပန်း၏ ကိုယ်ဖော့ပညာဖြင့် ခုန်ပျံတက်ရန် မဖြစ်နိုင်ပေ။
ရှောင်လုံက နှင်းပန်း၏ လက်မောင်းမှ ဆွဲကိုင်၍ နေရာမှ ရိပ်ကနဲ ပျောက်ကွယ်သွားပြီး အဆောက်ဦးကြီး၏ ခေါင်မိုးပေါ်သို့ ရိပ်ကနဲ ရောက်သွားခဲ့သည်။
အမှောင်ထုခြေလှမ်း…။
‘ဒီကိုယ်ဖော့ပညာကတော့…’
နှင်းပန်းမှာ ကိုယ်ဖော့ပညာနှင့် ပတ်သတ်၍ အသိမြင်တချို့ ရရှိလာခဲ့သော်လည်း သူမမောင်လေး၏ ထိုကိုယ်ဖော့ပညာကိုတော့ ဘာတစ်ခုမှပင် မရိပ်မိသလို ဘာမှလည်း နားမလည်နိုင်အောင် ဖြစ်ရသည်။ သရဲတစ္ဆေလို လျင်မြန်လွန်းလှသည့် ထိုကိုယ်ဖော့ပညာက သူမ သိထားသော ကိုယ်ဖော့ပညာသဘောတရားအားလုံးကို ကျော်လွန်သလို ဖြစ်နေသည်။
ထိုစဉ် ရှောင်လုံက ခေါင်မိုး အုပ်ကြွပ်ကို ခွာဟန်ပြင်သည်။
~~နေဦး~~
နှင်းပန်းက တားလိုက်ပြီး ကောင်းကင်ပေါ်က လကို မျက်စပစ်ပြသည်။
~~အုပ်ကြွပ်ပွင့်သွားရင် လရောင် အထဲဝင်သွားနိုင်တယ်။ ဒါဆို အထဲကလူ တစ်ယောက်ယောက် သတိထားမိသွားနိုင်တယ်~~
နှင်းပန်းက ချယ်ရီဂိုဏ်းတွင် သင်ယူလေ့ကျင့်ခဲ့ရသော ပညာများကို အခြေခံ၍ ပြောပြသည်။
~~ဟုတ်သားပဲ၊ မမက အရမ်းတော်တာပဲ~~
~~အထဲကလူ မရိပ်မိအောင် ဘယ်လို ချောင်းရလဲဆိုတာ မမ သင်ပေးမယ်။ မောင်လေးရဲ့ အနက်ရောင်အင်္ကျီ တစ်ထည် ထုတ်လိုက်~~
ရှောင်လုံလည်း သူ့အင်္ကျီတစ်ထည် ယူထုတ်ပေးသည်။
နှင်းပန်းက ရှောင်လုံ၏ အင်္ကျီနက်ကို သူမ ကိုယ်ပေါ်တွင် လွှမ်းခြုံ၍ ခေါင်မိုးပေါ်တွင် အရိပ်ကျအောင် လုပ်လိုက်သည်။ ထို့နောက် ကြောင်ကလေးတစ်ကောင်လို ညင်သာစွာ ဝပ်လိုက်ပြီး အရိပ်ကျနေသော နေရာအလယ်မှ အုပ်ကြွပ်ကို ညင်သာစွာ ခွာလိုက်သည်။
~~ဒီခေါင်မိုးက သန့်ရှင်းရေးလုပ်ထားတဲ့ ခေါင်မိုးမို့ ဒီလို လွယ်လွယ်ခွာလိုက်တာ။ အဆောက်ဦးဟောင်းတွေဆိုရင် ဒီလောက် မလွယ်ဘူး။ အုပ်ကြွပ်ခွာလိုက်ရင် အုပ်ကြွပ်ကြားက အမှိုက်တွေ သဲတွေ အောက်ကျသွားနိုင်သေးတယ်။ အဲဒါဆိုရင်လည်း အထဲကလူ သတိထားမိသွားနိုင်တယ်~~
နှင်းပန်းက သူမ သိထားသော ချောင်းကြည့်နည်းများကို ပြောပြသည်။ သူမမောင်လေးအတွက် ထိုသို့ ချောင်းကြည့်နေရန် မလိုမှန်း သိသော်လည်း ပြောနေမိသည်။
~~ဟုတ်ကဲ့ မမ၊ ကျွန်တော် မှတ်ထားမယ်။ မမက အရမ်းတော်တာပဲ~~
ရှောင်လုံက သူ့မမကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်ပြီး သေချာမှတ်သားနေခဲ့သည်။
နှင်းပန်းက ကျေနပ်စွာ ပြုံးလိုက်ပြီး ခေါင်းဆတ်ကာ အချက်ပြသည်။
~~လာ၊ ချောင်းကြည့်လို့ ရပြီ~~
ထိုနောက် နှစ်ယောက်သား ကြောင်ကလေးနှစ်ကောင်လို ခေါင်မိုးပေါ်တွင် ဝပ်၍ အထဲက မြင်ကွင်းကို ချောင်းကြည့်လိုက်ကြတော့သည်။
အဆောက်ဦးထဲတွင် မီးရောင် ထိန်ထိန်လင်းနေ၏။ တိုက်ပွဲတစ်ခုကလည်း အကြိတ်အနယ်ဖြစ်နေသည်။
မီးခိုးရောင်ဝတ်စုံနှင့် အဆင့်မြင့်သိုင်းသမား တစ်ရာခန့်က ဝတ်စုံနက် လူခုနစ်ယောက်ကို ဝိုင်းရံ၍ တိုက်ခိုက်နေကြသည်။
“ချွမ်း ချွမ်း…”
ထိုအဆောက်ဦးကြီးက သိုင်းလေ့ကျင့်ခန်းမကြီး ဖြစ်နေသည်။ ခန်းမဘေးဘယ်ညာတွင် လက်နက်စင်များ ရှိနေသည်။ ထိုမျှ မကသေးပါ။ ထိုခန်းမကြီးက ရန်သူကို အကြိတ်အနယ် ခုခံတိုက်ခိုက်ရန် စနစ်တကျ တည်ဆောက်ထားပုံရသည်။ ပိတ်ချထားသော တံခါးများအားလုံး၏ အတွင်းဘက်တွင် အကျဉ်းထောင်တံခါးလို သံတိုင်တံခါးတစ်ထပ်လည်း ရှိနေသေးသည်။ အပြင်မှ ထိုးဖေါက်ရန် မလွယ်သော အဆောက်ဦးဖြစ်သည်။ ယခုလို အထဲတွင် ပိတ်မိသွားလျှင်လည်း လွတ်မြောက်ဖို့ မလွယ်လောက်ပေ။
ဝတ်စုံနက်ခုနစ်ယောက်မှာ ပိုက်ကွန်ထဲ အမိခံနေရသော ယုန်များလို စုစည်းမိနေကြသည်။ အချင်းချင်း ကျောပေး၍ ခုခံနေကြသည်။
မြွေဟောက်ဂိုဏ်းသားများကလည်း ပတ်ပတ်လည်မှ ထွက်ပေါက်မရှိအောင် ဝိုင်းရံပိတ်ဆို့၍ တရကြမ်း တိုက်ခိုက်နေကြသည်။
ဝတ်စုံနက်ခုနစ်ယောက်က မျက်နှာများ ဖုံးအုပ်ထား၍ မည်သူမည်ဝါဟု မမြင်ရသော်လည်း သူတို့၏ ပုံစံကို ကြည့်ပြီး မည်သူမည်ဝါမှန်း ခန့်မှန်းသိနိုင်သည်။
“ဝှစ်ဝှစ်…၊ ရွှီးရွှီး…”
“ထန်း ထန်း ထန်း…”
ပိုင်ဖေးယိ၏ မိုးမြေဓားတစ်စုံမှ မိုးဓားတစ်လက်က လေထဲ ပျံသန်းနေပြီး မြွေဟောက်ဂိုဏ်းသားများကို တရကြမ်း ခုခံတိုက်ခိုက်နေသည်။ မိုးမြေဓားတစ်စုံလုံးကို ထုတ်မသုံးသေးသဖြင့် ပိုင်ဖေးယိက သူ၏ ခွန်အားကို ထိန်းထားမှန်း သိသာနေသည်။ ထိုတိုက်ခိုက်မှုမျှဖြင့်ပင် မြွေဟောက်ဂိုဏ်းသားများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ဟန့်တားထားနိုင်သည်။
ယဲ့ကျုံးက သာမန်ဓားရှည်တစ်လက်ကို အသုံးပြု၍ တိုက်ခိုက်နေသည်။
“ဝှစ်ဝှစ်…၊ ရွှမ်းရွှမ်း…”
“ချွမ်း ချွမ်း ချွမ်း…”
ပိုင်ဖေးယိ၏ အေးစိမ့်အဆိပ်ဓား ပျက်စီးသွားပြီ ဖြစ်၍ သာမန်ဓားကိုသာ ကိုင်နေခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း သူ၏ ဓားသိုင်းက အတော်ကောင်းသည်။ အေးစိမ့်အဆိပ်ဓား မကိုင်ထားသည့်တိုင် တိုက်ခိုက်နိုင်စွမ်း အတော်အားကြီးသည်။ အထူးသဖြင့် သူ၏ ဓားချက်များက ရက်စက်ပြတ်သားလှသည်။ ထို့ကြောင့်လည်း မြွေဟောက်ဂိုဏ်းသားများမှာ ယဲ့ကျုံးနားသို့ မကပ်နိုင်အောင် ဖြစ်နေကြသည်။
ဝမ်သခင်လေးက သူ့ကျောပေါ်က လက်နက်ရှည်ကို အခုထိ မထုတ်သေးပေ။ လက်ဗလာဖြင့်သာ တိုက်ခိုက်နေခဲ့သည်။
“ဝှီးဝှီး…၊ ဝှစ်ဝှစ်…”
“ဖြောင်းဖြောင်းဖြောင်း…”
ဝမ်သခင်လေးကလည်း အတော်သန်မာသည်။ လက်ဗလာနှင့်သာ တိုက်ခိုက်နေသည့်တိုင် သူ၏ လက်သီးချက် ခြေကန်ချက်များက ပြင်းထန်အားပါလှသည်။ ဝမ်သခင်လေးကလည်း မြွေဟောက်ဂိုဏ်းသားများကို ကောင်းစွာ ခုခံထားနိုင်သည်။
ဝမ်သခင်လေး၏ နောက်လိုက်ဓားသမားနှစ်ယောက်ကတော့ သူတို့၏ ဓားရှည်များကို ထုတ်သုံး၍ ခုခံနေကြသည်။
“ဝှစ်ဝှစ် ရွှစ်ရွှစ် ရွှမ်းရွှမ်း…”
“ထန်းထန်း…၊ ချွမ်းချွမ်း…”
သူတို့နှစ်ယောက်ကလည်း လက်တွဲညီပြီး ပူးပေါင်းခုခံမှုရော ပူးပေါင်းတိုက်ခိုက်မှုပါ အားကောင်းကြသည်။ အထူးသဖြင့် ခံစစ်တွင် အတော်အားကောင်းကြသည်။ ကိုယ်ရံတော်သက်တော်စောင့်များအဖြစ် တကူးတက လေ့ကျင့်ထားသော ဓားသမားများ ဖြစ်ပုံရသည်။ သူတို့နှစ်ယောက် ပူးပေါင်း၍ လက်တွဲညီညီ ထုတ်ဖော်တိုက်ခိုက်နေသော ဓားချက်များက တိကျပြီး ညီညာနေခဲ့သည်။
ကုချင်းရှင်ကတော့ ကြာပွတ်လက်နက်ကို သုံးလျက် တိုက်ခိုက်နေ၏။
“ရွှမ်းရွှမ်း…”
“ဖြောင်း ဖြန်း ဖန်း…”
သူ၏ ကြာပွတ်ရိုက်ချက်များက အတော်ပြင်းထန်သည်။ မြွေဟောက်ဂိုဏ်းသားများက ကြာပွတ်ရိုက်ချက် အထိမခံရဲကြဘဲ ရှောင်တိမ်းနေရသည်။ တစ်ချက်တစ်ချက် ကြမ်းပြင်ပေါ် ရိုက်မိသွား ရိုက်ချက်များက တဖြောင်းဖြောင်း မြည်ဟိန်းသွားသည်။
မြွေဟောက်ဂိုဏ်းသားများကလည်း ဓားချိတ်လက်နက်ကိုယ်စီဖြင့် တိုက်ခိုက်နေကြသည်။
ဓားချိတ်လက်နက်ဆိုသည်မှာ ဓားကောက်ကဲ့သို့လည်း ခုတ်နိုင် ပိုင်းနိုင်ပြီး ချိတ်ကဲ့သို့လည်း ချိတ်ဆွဲနိုင်သော လက်နက်ဆန်းတစ်မျိုး ဖြစ်သည်။ ဓားလှံတို့လောက် အသုံးပြုသူ မများသော်လည်း တချို့သိုင်းသမားများနှင့် တချို့ဂိုဏ်းများကတော့ လက်စွဲတော်လက်နက်အဖြစ် အသုံးပြုတတ်ကြသည်။
မြွေဟောက်ဂိုဏ်း၏ လက်နက်မှာလည်း ဓားချိတ်လက်နက် ဖြစ်သည်။ သို့သော်လည်း ထိုလေ့ကျင့်ကျင့်ရေးခန်းမကြီး၏ ဘေးဘယ်ညာက လက်နက်စင်များပေါ်တွင် ချိတ်ပါသော စစ်သုံးလှံများလည်း ရှိနေသဖြင့် ဓားချိတ်လက်နက်အပြင် ထိုစစ်သုံးလှံများကိုလည်း အသုံးပြုကြပုံရသည်။
တိုက်ပွဲတစ်ခုလုံးက အကြိတ်နယ် ဖြစ်နေသော်လည်း နှစ်ဘက်လုံးက အားကုန်တော့ မတိုက်ခိုက်ကြသေးပေ။ ကြည့်ရသည်မှာ အားစမ်းနေကြပုံ ရသည်။ မည်သည့်ဘက်ကမှ အသာစီး မရသေးသလို ခွန်အားအစစ်အမှန်ကိုလည်း ထုတ်မပြကြသေးပေ။
~~မြွေဟောက်ဂိုဏ်းက ဒီလို အင်အားမျိုးကို ပိုင်ဆိုင်ထားတာလား။ ဂိုဏ်းသားတွေက တော်တော်အားကောင်းကြတယ်~~
နှင်းပန်းက မြွေဟောက်ဂိုဏ်းသားများ၏ တိုက်ခိုက်နိုင်စွမ်းကို ကြည့်ပြီး အနည်းငယ်အံ့ဩနေသည်။ ထိပ်သီးအဆင့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းသားများက ထိုမျှအထိ တိုက်ခိုက်နိုင်စွမ်း မြင့်မားနေခြင်းက ပုံမှန်တော့ မဟုတ်ပေ။ နဂါးစိမ်းဂိုဏ်းနှင့် ပူးပေါင်းလိုက်၍ ထိုသို့ အားကောင်းလာခြင်းများလားဟုလည်း တွေးနေမိသည်။
ရှောင်လုံက နှစ်ဘက်အင်အားကို ကြည့်၍ ပြောသည်။
~~ဒီမြွေဟောက်ဂိုဏ်းသားတွေရဲ့ ခွန်အားလောက်နဲ့ဆိုရင်တော့ အဲဒီ ခုနစ်ယောက်ကို ထိန်းချုပ်ဖို့ တော်တော် အားစိုက်မှ ရလိမ့်မယ်။ ဒါပေမဲ့ မြွေဟောက်ဂိုဏ်းဘက်မှာ သိုင်းထိပ်သီးတစ်ယောက်နဲ့ သိုင်းအကျော်မော် နှစ်ယောက် ရှိနေသေးတာဆိုတော့ သူတို့ ခုနစ်ယောက်အတွက် မလွယ်ကူနိုင်ဘူး~~
နှင်းပန်းကလည်း ခေါင်းညိတ်သည်။ လက်ရှိအခြေနေတွင် နှစ်ဘက်လုံးက ခွန်အားများ ထိန်ချန်ထားသော်လည်း အစစ်မှန်ခွန်အား ထုတ်သုံးလာလျှင် ထိုခုနစ်ယောက်အတွက် ခက်ခဲသွားပေလိမ့်မည်။
ခန်းမထဲက စင်မြင့်ရှေ့တွင် သိုင်းအကျော်မော်နှစ်ယောက်က လက်ပိုက်၍ အေးအေးလူလူ ရပ်ကြည့်နေသလို စင်မြင့်ပေါ်တွင်လည်း သိုင်းထိပ်သီးအဆင့် ဂိုဏ်းချုပ်က ထိုင်ခုံပေါ်တွင် အခန့်သားထိုင်၍ အေးတိအေးစက်နှင့် ကြည့်နေခဲ့သည်။
~~သူတို့က ဘာအတွက်နဲ့ လှုပ်ရှားနေကြတာလဲ မသိဘူး။ လေးနက်တဲ့ အကြောင်းမရှိဘဲနဲ့တော့ ဒီလို ကျားရဲတွင်းထဲကို တိုးဝင်လာကြမှာ မဟုတ်ဘူး~~
~~မမက မြွေဟောက်ဂိုဏ်းရဲ့ အင်အားကို အံ့ဩနေတာဆိုတော့ မမတို့ ရထားတဲ့ သတင်းအချက်လက်တွေအရဆိုရင် မြွေဟောက်ဂိုဏ်းက ဒီလောက် အားမကောင်းဘူးတဲ့လား~~
~~ဟုတ်တယ်။ ရထားတဲ့ သတင်းတွေအရဆိုရင် မြွေဟောက်ဂိုဏ်းက ဒီလောက် အားမကောင်းသင့်ဘူး။ နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းလိုက်တယ်ဆိုတာက စကားအရသာ ပြောတာ။ နဂါးစိမ်းဂိုဏ်းရဲ့ လွှမ်းမိုးဖိနှိပ်တာ ခံလိုက်ရတာပဲ။ ဂိုဏ်းမပျောက်ကွယ်သွားဘဲ ဆက်တည်ရှိနေတာကိုက နဂါးစိမ်းဂိုဏ်းရဲ့ သက်ညှာမှုလို့ ပြောရမယ်။ တကယ်ဖြစ်သင့်တာက အရင်ကလောက် အားမကောင်းတော့တဲ့ ဂိုဏ်းတစ်ခု ဖြစ်နေရမှာ။ ဒါပေမဲ့ အခုတော့ အရင်ကထက် အများကြီး ပိုအားကောင်းနေတယ်~~
နှင်းပန်းက ပြောရင်းမှ တစ်စုံတစ်ခုကို တွေးမိသွားသည်။
~~ဧကန္တ သူတို့ကလည်း မြွေဟောက်ဂိုဏ်းရဲ့ လက်ရှိခွန်အားကို မသိဘဲ တိုးဝင်လာခဲ့ကြတာများလား~~
~~ကြည့်ရတာ အဲဒီလို ဖြစ်မယ်ထင်တယ်~~
တိုက်ပွဲအခြေနေက အချိန်တစ်ခုအထိ ထိုအနေထားအတိုင်း ဆက်တိုက်ခိုက်နေကြသည်။ ခုနစ်ယောက်က ခန်းမတစ်ခုလုံးအနှံ့ နေရာရွှေ့ပြောင်း၍ ခံစစ်အရှင်ပုံစံဖြင့် လှည့်ပတ်ခုခံသည်။ မြွေဟောက်ဂိုဏ်းသားများကလည်း လိုက်၍ တိုက်ခိုက်ကြသည်။
ထိုစဉ် မြွေဟောက်ဂိုဏ်းချုပ်က ဆက်ကြည့်ရန် စိတ်မဝင်စားတော့ဟန်ဖြင့် ပြောလိုက်သည်။
“လက်စသတ်လိုက်တော့”
မြွေဟောက်ဂိုဏ်းချုပ်၏ အသံက သေမင်းခေါ်သံလို ခန်းမထဲ ပျံ့နှံ့သွားသည်။
ထိုအခါ မြွေဟောက်ဂိုဏ်းသားများ၏ တိုက်အားက မြင့်တက်လာသည်။ အားစမ်းသလို သူဝင်တိုက် ငါဝင်တိုက်မဟုတ်တော့ဘဲ အချင်းချင်း အချိတ်ဆက်မိမိဖြင့် တိုက်ခိုက်လာကြသည်။
“ယား ကျား…”
“သတ်…”
ခုနစ်ယောက်လည်း ခွန်အားကို မထိန်ချန်ထားနိုင်တော့ဘဲ ခွန်အားပြည့် ထုတ်ဖော်တိုက်ရတော့သည်။
ဝမ်သခင်လေးက အခုထိ လက်ဗလာနှင့်သာ ခုခံတိုက်ခိုက်နေသည်။ သူက တိုက်ခိုက်နေရင်းမှ ကုချင်းရှင်ကို မေးသည်။
“မတွေ့သေးဘူးလား”
ကုချင်းရှင်က ခေါင်းခါသည်။
“ခန်းမတစ်ခုလုံး လိုက်စမ်းကြည့်ပြီးတာတောင် မတွေ့ဘူးဆိုတော့ ဧကန္တ…”
ဝမ်သခင်လေး၏ အကြည့်က စင်မြင့်ပေါ်သို့ ရောက်သွားခဲ့သည်။
ကုချင်းရှင်ကလည်း စင်မြင့်ဘက်ကို လှမ်းကြည့်သည်။
ဝမ်သခင်လေးနှင့် ကုချင်းရှင်တို့ အပြန်လှန်ဆက်သွယ်မှုကို တခြားလူများကလည်း မြင်သလို စင်မြင့်ထက်မှ မြွေဟောက်ဂိုဏ်းချုပ်ကလည်း မြင်သည်။
မြွေဟောက်ဂိုဏ်းချုပ်၏ မျက်လုံးများ ဖျပ်ကနဲ တောက်ပသွားပြီး တဖြည်းဖြည်း ပြုံးလာသည်။
“နေဦး…”
မြွေဟောက်ဂိုဏ်းချုပ်က လက်မြှောက်၍ ဟန့်တားလိုက်သည်။
မြွေဟောက်ဂိုဏ်းသားများအားလုံး တိုက်ခိုက်မှုကို ရပ်လိုက်ကြသည်။
“ဟားဟားဟား…၊ ငါ သိပြီ၊ ငါ သိပြီ။ ဘယ်သူတွေကများ လာပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်နေတာလဲလို့။ လက်စသတ်တော့ ကြာပန်းနက်ဂိုဏ်းက အကြွင်းအကျန်ကိုး…။ ဒါကို လာရှာကြတာထင်တယ်”
မြွေဟောက်ဂိုဏ်းချုပ်က ပြောရင်း ထိုင်ခုံလက်တင်ကို တစ်ချက် ဆွဲလိုက်သည်။
“ချောက်…”
ထိုအခါ မြွေဟောက်ဂိုဏ်းချုပ်၏ ဘေး မလှမ်းမကမ်းရှိ စင်မြင့်ကြမ်းပြင်က အပေါက်ကြီးတစ်ပေါက် ပွင့်သွားသည်။
“ဂျိုင်း…”
“ဂျိဂျိ ကျီကျီ…”
တစ်ဆက်တည်းမှာပင် သတ္တုပွတ်တိုက်လှုပ်ရှားသံများ ထွက်ပေါ်လာပြီး ကြမ်းပြင်အပေါက်ကြီးထဲမှ သံလှောင်အိမ်တစ်ခု တအိအိနှင့် တက်လာသည်။ သံလှောင်အိမ်ထဲတွင် လူတစ်ယောက် ထိုင်လျက်သား ရှိနေလေ၏။
သံလှောင်အိမ်ထဲက လူမှာ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးကြီးတစ်ယောက် ဖြစ်ပြီး ဆံပင်များ ဖားလျားကျလျက် အဝတ်စားများ စုတ်ပြတ်ကာ ပိန်ချုံးနေခဲ့သည်။ သူမက မျက်လုံးများ မှိတ်လျက် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သံလှောင်အိမ်ထဲက အမျိုးသမီးကြီးကို မြင်လျှင် ကုချင်းရှင်မှာ တစ်ချက် တုန်ခါသွားသည်။ သူက ချက်ချင်းပင် စင်မြင့်ထက်သို့ ပြေးတက်သွားရန် ဟန်ပြင်သည်။
သို့သော် ဝမ်သခင်လေးက တားထားလိုက်သည်။
“နေဦး…၊ မလောနဲ့။ အားလုံးပဲ…၊ လူကို တွေ့ပြီဆိုတော့ ခွန်အားတွေ မထိန်ချန်ထားကြနဲ့တော့”
ဝမ်သခင်လေးက ပိုင်ဖေးယိနှင့် ယဲ့ကျုံးတို့ကို ပြောရင်း သူကိုယ်တိုင်လည်း နောက်ကျောမှ လက်နက်ရှည်ကို ယူလိုက်သည်။
“ခွန်အားအကုန်သုံးကြမယ်ပေါ့။ ဟားဟားဟား…၊ မင်းတို့ရဲ့ ခွန်အားလောက်နဲ့ ဘာလုပ်နိုင်မှာလဲ”
ဟုတ်လည်း ဟုတ်သည်။ ဝမ်သခင်လေးတို့ ခုနစ်ယောက်လုံး၏ သိုင်းအဆင့်က အဆင့်မြင့်သိုင်းသမားများသာ ဖြစ်ကြသည်။ ပါရမီကောင်းကြ၍ သာမန်အဆင့်မြင့်သိုင်းသမားများထက် ပိုအားကောင်းကြသော်လည်း မြွေဟောက်ဂိုဏ်းသားတစ်ရာကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထို့အပြင် မြွေဟောက်ဂိုဏ်းဘက်တွင် သိုင်းအကျော်မော်နှစ်ယောက်နှင့် ဂိုဏ်းချုပ်က ရှိနေသေးသည်။ မည်သည့်နည်းနှင့်မျှ မတိုက်ခိုက်နိုင်ပေ။
သို့သော်လည်း ပိုင်ဖေးယိနှင့် ယဲ့ကျုံးက တွေဝေခြင်းမရှိဘဲ ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။
တစ်ဆက်တည်းမှာပင် ပိုင်ဖေးယိက မိုးမြေဓားတစ်စုံလုံးကို ထုတ်ကိုင်လိုက်သည်။
ယဲ့ကျုံး၏ မျက်လုံးများကလည်း ပို၍ အေးစက်လာသည်။
ဝမ်သခင်လေး၏ နောက်လိုက်ဓားသမားနှစ်ယောက်က လက်ထဲက ဓားရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ ရှေ့တစ်လှမ်းတိုးလာသည်။
ကုချင်းရှင်ကတော့ အသာနောက်ဆုတ်သွားပြီး သူ့အဖေါ် ခြောက်ယောက်၏ အလယ်တွင် နေရာယူလိုက်သည်။
ဝမ်သခင်လေးက သူ့လက်နက်ရှည်ပေါ်က ပိုးထည်အစွပ်ကို ဖြေလိုက်သည်။
ထိုအခါ ရွှေရောင် တောက်ပနေသော လခြမ်းဓားကြီး ပေါ်ထွက်လာခဲ့သည်။
လခြမ်းဓား။ သံမဏိလှံရိုးနှင့် အဖျားတွင် လခြမ်းဓား တပ်ဆင်ထားသော ထိုလက်နက်သည် မင်အင်ပါယာခေတ်၌ သိုင်းပညာရှင်တချို့ ကိုင်စွဲအသုံးပြုလာသော လက်နက်ဖြစ်သည်။ ရှေးခေတ် စစ်သုံး ကွမ်းတောင်းဟူသော လက်နက်ရှည်ကို အခြေခံထားသော လက်နက်ဖြစ်သည်။ စစ်မြေပြင်သုံး မဟုတ်ဘဲ သိုင်းပညာရှင်တို့အကြိုက် ပုံစံပြောင်းထားသော လက်နက် ဖြစ်သည်။
ထိုလက်နက်ကို ခွန်အားကောင်းသော သိုင်းပညာရှင်များသာ အသုံးပြုတတ်ကြသည်။ လှံထက် အဆများစွာ ပိုလေးသည့်အပြင် အသုံးပြုရာတွင် လှံထက်လည်း ပိုခက်သောကြောင့် ဖြစ်သည်။ သို့သော် လှံထက် အဆများစွာ ပိုကြောက်စရာကောင်းသည်။ လခြမ်းဓားကို သိုင်းပညာရှင်တစ်ယောက်ချင်းစီ၏ စိတ်ကြိုက်ပုံစံဖြင့် ဖန်တီးထားတတ်ကြသည်။ ထို့ကြောင့်လည်း လခြမ်းဓားကိုင်သော သိုင်းပညာရှင်များမှာ ခွန်အားသန်မာရုံသာမက သိုင်းပညာပါရမီနှင့် လက်နက်ပါရမီရှိသူများ ဖြစ်ကြသည်။
ဝမ်သခင်လေးလက်ထဲက ရွှေရောင်လခြမ်းဓားကလည်း အတော်အလေးချိန်စီးမည့်ပုံပင်။ ထူထဲပြီး ဗျက်ကြီးသော လခြမ်းဓားတစ်ခုတည်းကပင် အလေးချိန် အတော်စီးနေပေလိမ့်မည်။ သံမဏိအရိုးရှည်နှင့်ပါ ထည့်တွက်လျှင် သာမန်သိုင်းသမားတစ်ယောက် ကိုင်မြှောက်ရန်ပင် ခက်ခဲနိုင်သည်။
ဝမ်သခင်လေးက သူ၏ လခြမ်းဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်၍ ကြမ်းပြင်ကို အရိုးဖြင့် အသာထောက်ချလိုက်သည်။
“ဒုန်း…”
“ဖတ်…”
ကြမ်းခင်းကျောက်ပြား ကွဲကြေသွားခဲ့သည်။
မြွေဟောက်ဂိုဏ်းချုပ်က လေးနက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူက ပိုင်ဖေးယိလက်ထဲက မိုးမြေဓားတစ်စုံကိုလည်း အလေးအနက် ကြည့်နေခဲ့သည်။
“အဲဒါက ခုတလော နာမည်ကြီးနေတဲ့ မိုးဓားမြေဓားပဲ ဖြစ်မယ် ထင်တယ်။ ဒါဆိုရင် မင်းက ပီကင်းဓားသိုင်းပြိုင်ပွဲမှာ ပေါ်ထွက်လာတဲ့ သိုင်းတောင်ကုန်းမျိုးဆက် ပိုင်ဖေးယိပဲ ဖြစ်လိမ့်မယ်”
ထိုမျှ တပ်အပ်သေချာ ပြောနေပြီ ဖြစ်၍ ပိုင်ဖေးယိလည်း သူ့မျက်နှာပေါ်က အဝတ်စကို ဖယ်ကာ မျက်နှာ ပြလိုက်သည်။
“ဟုတ်တယ်။ ကျုပ်က ပိုင်ဖေးယိပဲ။ နောက်ဆက်တွဲတွေကို ဂရုစိုက်တယ်ဆိုရင် အဲဒီလူကို ကျုပ်တို့ ခေါ်သွားမယ်”
ပိုင်ဖေးယိက သူ့နောက်ခံကို သုံး၍ အနည်းငယ် ဖိအားပေးကြည့်လိုက်ခြင်း ဖြစ်သည်။
သူ့နောက်ခံက သိုင်းတောင်ကုန်း မဟုတ်ပါလား။ သိုင်းတောင်ကုန်းက မည်သို့သော တည်ရှိမှုနည်း။ မြွေဟောက်ဂိုဏ်းလို ထိပ်သီးအဆင့်ဂိုဏ်း မဆိုထားနှင့် အထွတ်ထိပ်အဆင့်ဂိုဏ်းကြီးများကပင် သိုင်းတောင်ကုန်းကို ဂရုစိုက်၍ ဆက်ဆံရသည်။ သိုင်းတောင်ကုန်းမှ သိုင်းလောကထဲ ဆင်းလာသော မျိုးဆက်များကို အန္တရာယ်မပြုရဲကြပေ။ နောက်ဆက်တွဲကို ဂရုစိုက်သောကြောင့် ဖြစ်သည်။
လက်ရှိ သိုင်းတောင်ကုန်း၏ အဆင့်အတန်းကို မည်သူမှ အတိအကျ မသိကြသော်လည်း ရှေးခေတ်များတွင် ပေါ်ထွက်လာခဲ့ဖူးသော သိုင်းတောင်ကုန်းသခင်များသည် သိုင်းလောကကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်သည်အထိ အားကောင်းခဲ့ကြသည်။ သိုင်းတောင်ကုန်းက သိုင်းလောကအရေးခင်းများတွင် ပါဝင်ပတ်သက်ခဲပြီး သီးသန့်သာ နေထိုင်တတ်သောကြောင့် သိုင်းလောကထဲတွင် တွေ့မြင်ရခဲသည်။
တစ်ခါတစ်ရံ သိုင်းတောင်ကုန်းမျိုးဆက်တချို့သာ သိုင်းလောကထဲ ဆင်းလာတတ်ကြသည်။ ထိုမျိုးဆက်များက သိုင်းပညာရှာဖွေဆည်းပူးနေချိန်၌ သိပ်အားမကောင်းတတ်ကြသော်လည်း ပါရမီရှင်များချည်းသာ ဖြစ်ကြသည်။ သိုင်းလောကတွင် နာမည်တစ်လုံး ချန်ထားရစ်နိုင်အောင် ထူးချွန်ကြသည်။ ထိုကဲ့သို့ ပါရမီလည်းကောင်းပြီး နောက်ခံလည်း ကောင်းသော သိုင်းတောင်ကုန်းမျိုးဆက်များကို မိုက်မဲသူများကသာ ပဋိပက္ခပြုရဲကြသည်။ ပဋိပက္ခပြုရဲသူတိုင်းသည်လည်း တစ်ဦးတစ်ယောက်ဖြစ်စေ၊ မိသားစုဖြစ်စေ၊ ဂိုဏ်းအဖွဲ့ဖြစ်စေ ဇာတ်သိမ်း မကောင်းတတ်ကြပေ။
အခု ပိုင်ဖေးယိက သူ့နောက်ခံဖြင့် မြွေဟောက်ဂိုဏ်းချုပ်ကို စကားပြောနေလေပြီ။
မြွေဟောက်ဂိုဏ်းချုပ်က ပိုင်ဖေးယိကို စိုက်ကြည့်နေပြီး စဉ်းစားနေသည်။ သို့သော် သူ့မျက်နှာပေါ်တွင် သိုင်းတောင်ကုန်းကို စိုးရွံ့သော ပုံစံ မရှိနေပေ။ သူက တဖြည်းဖြည်း ပြုံးလာသည်။
“စိတ်မကောင်းပါဘူး။ သိုင်းတောင်ကုန်းကို ကြောက်တဲ့အထဲမှာ ငါတို့ မပါတဲ့အတွက် ဒီလူကို ထုတ်မပေးနိုင်ဘူး”
“ဒါဆိုလည်း စကားပြောတာကို ရပ်ပြီး ခွန်အားနဲ့ပဲ ပြောကြတာပေါ့”
“ဟားဟားဟား…၊ ခွန်အားနဲ့ စကားပြောမယ်ပေါ့။ ကြည့်ရတာ မင်းရဲ့ နောက်ခံကြောင့် မင်းကို မသတ်ရဲဘူးထင်နေတာတော့ မဟုတ်ပါဘူးနော်”
မြွေဟောက်ဂိုဏ်းချုပ်က ရယ်မောပြောဆိုပြီး လက်မြှောက်ကာ အချက်ပြလိုက်သည်။
“သတ်ကြ…”
မြွေဟောက်ဂိုဏ်းသားများကလည်း ချက်ချင်းပင် ပြေးဝင်လာကြသည်။
ပိုင်ဖေးယိ၏ မျက်နှာက လေးနက်တင်းမာသွားသည်။ သိုင်းတောင်ဂိုဏ်းကို ဂရုမစိုက်ဘဲ သတ်ဖြတ်ရဲသည့် ဂိုဏ်းတစ်ခုကို တွေ့နေရသောကြောင့်ပင်။
“ရွှီး ရွှီး…”
ပိုင်ဖေးယိ၏ လက်ထဲမှ မိုးမြေဓားတစ်စုံက လျှပ်စီးလက်သလို တရှီးရှီးအော်မြည်၍ ပျံသန်းထွက်သွားသည်။
“မြန်လွန်းတယ်”
“အင့်…”
“အာ့…”
တိုးဝင်လာသော မြွေယောက်ဂိုဏ်းသားမှာ နှစ်ယောက်မှာ ဓားချိန်ကို ကိုင်မြှောက်ရုံသာ ရှိသေးသည်။ လျင်မြန်လွန်းသော မိုးမြေဓားက သူတို့၏ လည်ပင်းနားမှ ဖြတ်သန်းသွားခဲ့သည်။
နှစ်ယောက်လုံး ညည်းညူရင် တအိအိ လဲကျသွားသည်။ သူတို့၏ လည်ပင်မှ သွေးနီကြောင်းကလေး ပေါ်ထွက်လာပြီးနောက် ဒဏ်ရာ ပွင့်ထွက်ကာ သွေးများ တရဟော ထွက်ကျလာခဲ့သည်။
လျှပ်တစ်ပြက်အတွင်း မြွေဟောက်ဂိုဏ်းသားနှစ်ယောက် အသတ်ခံလိုက်သည်။
“ဝှီး…ဝှမ်း…”
“ထန်း…”
“အီး…”
“အား…”
တစ်ဖက်တွင်လည်း ဝမ်သခင်လေး၏ ရွှေရောင်လခြမ်းဓားကြီးက လေထဲ ရိပ်ကနဲ မြောက်တက်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ရေပြင်ညီ ဖြတ်သန်းသွားသည်။
တိုးဝင်လာသော မြွေဟောက်ဂိုဏ်းသား သုံးယောက်၏ လက်ထဲမှ ဓားချိတ်များ ခါးလည်မှ ထက်ပိုင်းကျိုးပြတ်ကုန်သည်။ တစ်ချိန်တည်းမှာပင် ဦးခေါင်းသုံးလုံးလည်း လေထဲ မြောက်တက်သွားသည်။ လည်ပင်းပြတ်မှ သွေးများ ပန်းထွက်လာပြီး တခြားလူများကို စင်ကုန်သည်။
“ဘုန်း…ဘိုင်း…ဘုန်း…”
သုံးယောက်လုံး တဘိုင်းဘိုင်း လဲကျ ငြိမ်သက်သွားကြသည်။
လခြမ်းဓားချက်က မြန်လွန်းသည်။ လခြမ်းဓားကလည်း ထက်လွန်းသည်။ ဓားတစ်ချက်တည်းဖြင့် လူသုံးယောက်ကို သတ်ပစ်လိုက်သည်။ ဓားပေါ်တွင် သွေးတစ်စက်ပင် မစွန်းထင်းနေခဲ့ပေ။
ရှေ့တက်လာသော မြွေဟောက်ဂိုဏ်းသားများ တုံ့ကနဲ ရပ်သွားကြသည်။ မည်သူမှ ရှေ့မတက်ရဲကြတော့ပေ။ သူတို့၏ ဓားချိတ်လက်နက်များက ဓားတစ်ကမ်းအထိ အနီးကပ်ဝင်ဖို့ လိုသည်။ သို့သော် သူတို့ အနားမကပ်နိုင်သေးခင်မှာပင် သူတို့လူငါးယောက် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကိုယ့်နှလုံးခုန်သံကိုပင် ကိုယ်ပြန်ကြားနေရလေ၏။
အခန်း(၃၅၁)ပြီး
***