သိုင်းလေ့ကျင့်ရေးခန်းမထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုနှင့်အတူ လေးလံသော ဖိအားတစ်ခု ရှိနေ၏။ သွေးညှီနံ့ကြီးတစ်ခုကလဲ လေထဲတွင် ပျံ့လွင့်နေသည်။
မြွေဟောက်ဂိုဏ်းသားများက မျက်တောင်မခတ်ဘဲ ပိုင်ဖေးယိနှင့် ဝမ်သခင်လေးကို ပြူးကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ခက်ထန်မှုများနှင့် ပြည့်နှက်နေ၏။ ခုနက ရုတ်တရက်မို့ အနည်းငယ် ထိတ်လန့်သွားသော်လည်း အခုတော့ မထိတ်လန့်တော့ပေ။
မြွေဟောက်ဂိုဏ်းချုပ်ကလည်း ဝမ်သခင်လေးကို လေးလေးနက်နက် ကြည့်လာခဲ့သည်။ သူက ဝမ်သခင်လေးကို ပိုင်ဖေးယိထက်ပင် ပိုစိတ်ဝင်စားလာခဲ့သည်။
“ဒီလို ငယ်ရွယ်မှုနဲ့ ဒီလို သန်မာမှု။ ဒီလို လေးလံထက်ရှတဲ့ လခြမ်းဓား။ ဒီလို လျင်မြန်တိကတဲ့ ခုတ်ချက်။ ငါထင်တာသာ မမှားရင် မင်းက လွန်ခဲ့တဲ့ လပိုင်းလောက်က မြောက်ပိုင်းသိုင်းလောကမှာ ကျော်ကြားခဲ့တဲ့ ရွှေချပ်ဝတ်နဲ့ လခြမ်းဓားသမားဆိုတဲ့ လူပဲ ဖြစ်လိမ့်မယ်”
မြွေဟောက်ဂိုဏ်းချုပ်က ဝမ်သခင်လေး၏ ရွှေလခြမ်းဓားနှင့် ခုတ်ချက်တစ်ချက်ကို မြင်ရုံနှင့် ဝမ်သခင်လေး၏ ဇစ်မြစ်ကို အကဲခတ်နိုင်ခဲ့သည်။ အတော်ကို ထက်မြက်သော လူဟု ပြောရပေမည်။ တစ်ဖက်တွင်လည်း မြွေဟောက်ဂိုဏ်းက သိုင်းလောကသတင်းများကို သေချာနားစွင့်ထားမှန်း သိသာနေသည်။
ပိုင်ဖေးယိကို သိနေခြင်းက ပီကင်းဓားသိုင်းပြိုင်ပွဲနှင့်အတူ ကျော်ကြားလာ၍ သိနေခြင်းက သာမန်ဖြစ်သည်။ ပိုင်ဖေးယိ၏ နောက်ခံကလည်း ထူးခြားသောကြောင့် ပီကင်းဓားသိုင်းပြိုင်ပွဲသတင်းနှင့်အတူ ပိုင်ဖေးယိ၏ ပုံရိပ်က သိုင်းမိသားစုများနှင့် သိုင်းဂိုဏ်းများ၏ သတိထားရမည့် လူငယ်မျိုးဆက်စာရင်းထဲတွင် ပါသွားပြီ ဖြစ်သည်။
ဝမ်သခင်လေးမှာ မြောက်ပိုင်းသိုင်းလောကတွင် အနည်းငယ်သာ လူလုံးပြပြီး လှုပ်ရှားခဲ့သဖြင့် ရွှေချပ်ဝတ်နှင့် လခြမ်းဓားသမားဟူသော နာမည်က ထိုမျှအထိ ထင်ရှားကျော်ကြားနေခြင်း မဟုတ်ပေ။ သို့တိုင် မြွေဟောက်ဂိုဏ်းချုပ်က သေချာသိနေခဲ့သည်က ထူးခြားနေမှာ အမှန်ပင်။ သိုင်းလောက၏ လူငယ်မျိုးဆက်များကို ဂရုတစိုက် စောင့်ကြည့်နေသကဲ့သို့ပင် ဖြစ်နေသည်။
ထို့ကြောင့် ဝမ်သခင်လေးက မြွေဟောက်ဂိုဏ်းချုပ်ကို လေးနက်စွာ ပြန်ကြည့်လိုက်မိသည်။
ဝမ်သခင်လေး၏ အမူအရာကို ကြည့်ပြီး မြွေဟောက်ဂိုဏ်းချုပ်က ရယ်သည်။
“ဟားဟား…၊ အံ့ဩသွားတာလား။ ဒါပေါ့ လူငယ်မျိုးဆက်တွေအတွက် ဒါက အံ့ဩစရာဖြစ်နေမှာပဲပေါ့။ ဒါပေမဲ့ ဒါက ရိုးရှင်းတဲ့ သုံးသပ်ချက်လေးတစ်ခုထက် မပိုပါဘူး။ သိုင်းလောက အတွေ့ကြုံရှိတဲ့လူတိုင်းက ဒါကို အလွယ်တကူ ကောက်ချက်ချနိုင်ကြမှာပဲ။ လခြမ်းဓားကို မြင်လိုက်တာနဲ့ မြောက်ပိုင်းသိုင်းလောကသားလား တောင်ပိုင်းသိုင်းလောကသားလားဆိုတာ ခွဲခြားလို့ ရတယ်။ မြောက်ပိုင်းသိုင်းလောကသားတွေက လေးလံတဲ့ လခြမ်းဓားကို သုံးရတာ ကြိုက်ကြတယ်လေ။ လခြမ်းဓားဆိုတာ ဓားကိုင်သူတစ်ယောက်ချင်းစီရဲ့ ခွန်အားနဲ့ နည်းစနစ်တွေအတိုင်း ဖန်တီးထားတဲ့ လက်နက်ပဲ မဟုတ်ဘူးလား။ သန်မာတဲ့ ခွန်အားရှိသူတွေက ပြင်းထန်တဲ့ ခုတ်ချက်တွေ ထုတ်ဖို့အတွက် လေးလံတဲ့ လခြမ်းဓားကို သုံးကြတယ်လေ။ ဒါက မြောက်ပိုင်းသိုင်းလောကသားတွေရဲ့ ပုံစံဆိုရင်လည်း ဟုတ်တယ်။ ခွန်အားထက် နည်းစနစ်နဲ့ လျင်မြန်ပေါ့ပါးမှုကို အလေးထားတဲ့ တောင်ပိုင်းသိုင်းလောကသားတွေက ပေါ့ပါးတဲ့ လခြမ်းဓားကို သုံးကြတယ်”
ဤမျှ ရိုးရှင်းပါသည်လော။ ဤကား သိုင်းလောက အတွေ့အကြုံဟူသော အသိမြင်ကျယ်ပြန့်မှုပင်လော။
မြွေဟောက်ဂိုဏ်းချုပ်က ဆက်ပြောသည်။
“လေးလံတဲ့ လခြမ်းဓားကို မြင်ရုံနဲ့ကတော့ မြောက်ပိုင်းသိုင်းလောကသားလို့ပဲ ကောက်ချက်ချလို့ ရသေးတယ်။ ဘယ်သူဆိုတာ အတိကျ ကောက်ချက်ချဖို့တော့ ဘယ်လိုလခြမ်းဓားကို အသုံးပြုတာလဲ၊ လခြမ်းဓားကို ဘယ်လို အသုံးပြုတာလဲဆိုတာ ထပ်ကြည့်ဖို့ လိုသေးတယ်။ လခြမ်းဓားဆိုတာ သိုင်းသမားတစ်ယောက်ချင်းစီရဲ့ ခွန်အားနဲ့ ဓားပညာနည်းစနစ်နဲ့ လိုက်ဖက်အောင် ဖန်တီးထားတယ်ဆိုတဲ့ အတိုင်းပဲ ဒီလို မာကျောထက်ရှလွန်းတဲ့ လခြမ်းဓားမျိုးက ရှာမှရှားတဲ့ သတ္တုကောင်းနဲ့ တကယ့်လက်နက်ပညာရှင်က သွန်းလုပ်ပေးထားတာပဲ ဖြစ်ရမယ် မဟုတ်လား။ ဒီလို လေးလံထက်ရှတဲ့ လခြမ်းဓားကို ပေါ့ပေါ့ပါးပါး ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုသွားနိုင်တာကလည်း သာမန်လူထဲက ဘယ်ဖြစ်နိုင်ပါတော့မလဲ။ မဟုတ်ဘူးလား။ နာမည်မရှိရင်တောင် နောက်ခံကောင်းကတော့ ရှိရမှာပဲလေ။ ဟုတ်တယ် မလား ဝမ်သခင်လေး။ ဟားဟားဟား…”
ဝမ်သခင်လေး…။
မြွေဟောက်ဂိုဏ်းချုပ်က ဝမ်သခင်လေး၏ နာမည်ကိုပင် အတိအကျ ထုတ်ဖော်ပြောလာခဲ့သည်။ ကြည့်ရသည်မှာ ဝမ်သခင်လေး၏ နောက်ခံကိုလည်း တွက်ချက်ထားခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ဝမ်သခင်လေး၏ မျက်နှာက ပို၍ လေးနက်လာခဲ့သည်။ မည်မျှပင် သိုင်းလောကအတွေ့ကြုံရှိသည်ဆိုစေ လုံလောက်သော သတင်းအချက်လက် မရှိလျှင် ထိုကဲ့သို့ တိကျသော တွက်ချက်မှုများ မလုပ်နိုင်ပေ။ အဓိပ္ပါယ်မှာ မြွေဟောက်ဂိုဏ်း၏ သတင်းကွန်ယက်နှင့် လက်တံက အလွန်ရှည်လျားကြောင်းကို ဖော်ပြရာ ရောက်နေသည်။
အခုလည်း သူတို့အဖွဲ့ သိုင်းခန်းမထဲသို့ရောက်လာသည်နှင့် မြွေဟောက်ဂိုဏ်းသားများက အဆင်သင့်စောင့်နေခဲ့သည်။ သူတို့အဖွဲ့၏ ခြေလှမ်းတိုင်းကို စောင့်ကြည့်နေခဲ့သည်ဟူသော သဘော သက်ရောက်နေခဲ့သည်။
မြွေဟောက်ဂိုဏ်းက ထိုမျှအထိ လက်တံရှည်ပါသလော။
သူတို့အဖွဲ့က ခရီးစဉ်တစ်လျှောက်လုံး တစ်စုတစ်ဖွဲ့တည်း မသွားလာဘဲ လူခွဲ၍ သွားခဲ့သည်။ ကွေ့ယန်မြို့သို့ မရောက်လာခင်ကတည်းက နားမျက်စိများကို သတိထား၍ လူခွဲ၍ လှုပ်ရှားခဲ့ပါလျက် မြွေဟောက်ဂိုဏ်းက ကြိုသိနေခဲ့သည်။
သူတို့မှာတော့ ခရီးစဉ်တစ်လျှောက်တွင် မြွေဟောက်ဂိုဏ်းသားများကို အရိပ်ယောင်ပင် မတွေ့ခဲ့ရပေ။ သူတို့က အလင်းထဲတွင် ရှိနေခဲ့ပြီး မြွေဟောက်ဂိုဏ်းက အမှောင်ထဲတွင် ရှိနေခဲ့ပုံပင်။
မြွေဟောက်ဂိုဏ်းချုပ်က ထိုင်ခုံပေါ်မှ ပြုံး၍သာ ထိုင်ကြည့်နေခဲ့သည်။ သူ့ဂိုဏ်းသား ငါးယောက် သေဆုံးခဲ့ရသည်ကိုလည်းကောင်း ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့၏ နောက်ခံကိုလည်းကောင်း ဂရုမစိုက်ဟန်ဖြင့် တည်ငြိမ်စွာ ကြည့်နေခဲ့သည်။
ခေါင်းမိုးပေါ်မှ ချောင်းကြည့်နေခဲ့သော ရှောင်လုံတို့လည်း အခြေနေကို အထူးစိတ်ဝင်စားနေကြသည်။
~~မမရော ဝမ်ကောင်စုတ်လေးရဲ့ နောက်ခံကို အရင်က သတိထားမိခဲ့လား~~
~~ဟင့်အင်း…၊ မမ သတိမထားမိခဲ့ဘူး။ သူက မမတို့ရှေ့မှာ ဘာသိုင်းပညာမှ မထုတ်ပြဖူးဘူးလေ။ သူ ဘယ်လောက် သန်မာလဲဆိုတာ မမလည်း အခုမှ မြင်ဖူးတာ~~
~~ဟုတ်တယ်နော်။ သူ့ရဲ့ သိုင်းအဆင့်နဲ့ အတွင်းအဆင့်အရဆိုရင် အဲဒီလို ခုတ်ချက်ကို ထုတ်ဖော်ဖို့ မဖြစ်နိုင်ဘူး။ သူက တကယ်ကို ကောင်းကောင်း ဖုန်းကွယ်ထားတာပဲ။ ရှီရေကန် လရိပ်ကျွန်းမှာလည်း သိုင်းပညာအကြောင်းတောင် မဆွေးနွေးခဲ့ဘူး။ ပန်းချီပညာအကြောင်းပဲ ဆွေးနွေးခဲ့တယ်~~
~~ဟုတ်တယ်။ သူက လက်သည်းဝှက်ထားတဲ့ ကျားတစ်ကောင်ပဲ။ တကယ်လို့ အခုလိုမျိုး သူ့လက်သည်းကို ထုတ်ပြဖူးရင်တော့ မမလည်း တွက်ချက်လို့ ရလိမ့်မယ်။ ဒါက မမ တော်လို့မဟုတ်ဘူး။ ချယ်ရီဂိုဏ်းရဲ့ သတင်းအချက်လက်တွေကို အသုံးချပြီး တွက်ချက်ရုံပဲ ရှိတာ။ အဲဒီ မြွေဟောက်ဂိုဏ်းချုပ်ကလည်း သတင်းအချက်လက်တွေကို သုံးပြီး တွက်ချက်ခဲ့တာပဲ။ ဝမ်သခင်လေးရဲ့ နာမည်က အဲဒီလောက်ကြီး မထင်ရှားခဲ့ဘူးလေ။ ပီကင်းဓားသိုင်းပြိုင်ပွဲ အပြီးလောက်မှာ ရှီအန်းကနေ ရွှေချပ်ဝတ်သိုင်းသမားဆိုတာလောက်ပဲ နာမည်နည်းနည်း ထွက်ခဲ့တာ~~
ရွှေချပ်ဝတ်သိုင်းသမား။
ထိုနာမည်ကို ရှောင်လုံလည်း ကြားဖူးသည်။ သူတောင်းစားဂိုဏ်းသားများထံမှ ကြားဖူးထားခြင်း ဖြစ်သည်။
~~သူက ရွှေချပ်ဝတ်သိုင်းသမားဆိုတော့ သူ့ဝတ်ရုံအောက်မှာ ချပ်ဝတ်တွေ ဝတ်ထားတာများလား။ ဒါကြောင့် သူက အဲဒီ ဝတ်ရုံကြီး ထပ်ဝတ်ထားတာ ထင်တယ်~~
~~ဟုတ်လိမ့်မယ်။ ရာသီဥတု အေးတာလည်း မဟုတ်ဘဲနဲ့ အဲဒီ ဝတ်ရုံဖြူကို ထပ်ဝတ်ထားတာက ရွှေချပ်ဝတ်ကို ဖုံးကွယ်ထားဖို့ ဖြစ်လိမ့်မယ်။ မြောက်ပိုင်းလို အေးတဲ့နေရာက လာတဲ့လူက တောင်ပိုင်းလို ပူတဲ့နေရာမှာ ဝတ်ရုံကြီး ထပ်ဝတ်ထားတာက တစ်ခုခုကို ဖုံးကွယ်ထားဖို့ပဲ ဖြစ်မယ်~~
~~မမ…၊ ဝမ်ကောင်စုတ်လေးရဲ့ နောက်ခံက ဘာလဲ~~
~~မြောက်ပိုင်းဒေသ ရှီအန်းမြို့မှာ လက်နက်နဲ့ ချပ်ဝတ်တွေ ထုတ်လုပ်တဲ့ နာမည်ကြီးတဲ့ ရဲတိုက်တစ်ခု ရှိတယ်။ ကျားဖြူရဲတိုက်တဲ့။ ရဲတိုက်သခင်ကလည်း ဝမ်မျိုးရိုးပဲ။ ဒီဝမ်သခင်လေးရဲ့ မျိုးရိုးနာမည်ကလည်း ဝမ်ပဲ။ သူ့ရဲ့ လခြမ်းဓားကလည်း လုံးဝသာမန်မဟုတ်ဘူးဆိုတော့ ဒီအချက်လက်နဲ့တင် ဝမ်သခင်လေးနဲ့ ကျားဖြူရဲတိုက်က ဆက်စပ်နေတယ်လို့ အဖြေထွက်လာတယ်~~
~~ဒီလိုဆိုတော့လည်း အဓိပ္ပါယ်ရှိသားပဲ။ ကျားဖြူရဲတိုက်က အားကောင်းလား မမ~~
~~ကျားဖြူရဲတိုက်က သိုင်းပညာထက် စီးပွားရေးနဲ့ ကြွယ်ဝချမ်းသာမှုမှာ အင်အားကြီးတယ်။ မြောက်ပိုင်းတစ်ခုလုံးရဲ့ လက်နက်နဲ့ ချပ်ဝတ်ဈေးကွက်ကို ချုပ်ကိုင်ထားတယ်။ မြို့စောင့်တပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေတောင် ကျားဖြူရဲတိုက်ရဲ့ လက်နက်တွေနဲ့ ချပ်ဝတ်တွေကို အားကိုးနေရတယ်။ ချမ်းသာကြွယ်ဝမှုကလည်း စွမ်းအားတစ်ခုပဲလေ။ ပြီးတော့ သူတို့က လက်နက်ကောင်းတွေနဲ့ ချပ်ဝတ်ကောင်းတွေ ထုတ်လုပ်နေတာဆိုတော့ သိုင်းလောကသားတွေနဲ့ရော အာဏာပိုင်တွေနဲ့ရော ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။ ငွေကြေးကို ဂရုမစိုက်တဲ့ သိုင်းလောကသားဆိုရင်တောင် လက်နက်ကောင်းနဲ့ ချပ်ဝတ်ကောင်းကိုတော့ ဂရုစိုက်သေးတယ်။ ငွေကြေးနဲ့ ငှားရမ်းလို့ မရတဲ့ သိုင်းသမားမျိုးကို လက်နက်ကောင်းနဲ့ ငှားလို့ ရနိုင်တယ်။ ဓားငှားပြီး လူသတ်နိုင်တဲ့ နောက်ခံမျိုးမို့ သတိထားရတဲ့ နောက်ခံပါပဲ~~
~~ဒါပေမဲ့ အဲဒီ မြွေဟောက်ဂိုဏ်းချုပ်က ပိုင်ဖေးယိရဲ့ နောက်ခံကိုရော ဝမ်ကောင်စုတ်လေးရဲ့ နောက်ခံကိုရော လုံးဝဂရုမစိုက်ဘူးနော် မမ။ မြွေဟောက်ဂိုဏ်းက သိပ်အားကောင်းလို့များလား။ ဒါမှမဟုတ် သူတို့မှာလည်း နောက်ခံကောင်း ရှိလို့များလား~~
~~နောက်ခံကောင်းရှိလို့ ဖြစ်လိမ့်မယ်။ မမထင်တာ မမှားရင် သူတို့ရဲ့ နောက်ခံက နဂါးစိမ်းဂိုဏ်း ဖြစ်လိမ့်မယ်။ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းနေတယ်။ မြွေဟောက်ဂိုဏ်းလို ထိပ်သီးအဆင့်ပဲရှိတဲ့ ဂိုဏ်းတစ်ဂိုဏ်းက နောက်ခံအားကိုးနဲ့ သိုင်းတောင်ကုန်းနဲ့ ကျားဖြူရဲတိုက်ကို ဂရုမစိုက်ဘူးဆိုတာက ထူးဆန်းနေတယ်။ မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းအတွက် ဘယ်လောက်အထိ အရေးပါတဲ့ဂိုဏ်းမို့လဲ။ သိပ်အရေးမပါဘူးဆိုရင် မြွေဟောက်ဂိုဏ်းအနေနဲ့ သိုင်းတောင်ကုန်းနဲ့ ကျားဖြူရဲတိုက်ကို ထိပါးရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲက တကယ်ကြီးမားလိမ့်မယ်။ အဲဒီနောက်ဆက်တွဲကို မြွေဟောက်ဂိုဏ်းက သူ့အစွမ်းအစနဲ့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ နဂါးစိမ်းဂိုဏ်းဆိုရင်တောင် တော်တော်လေး ရင်ဆိုင်ရခက်လိမ့်မယ်။ နဂါးစိမ်းဂိုဏ်းနဲ့ အထွတ်ထိပ်ဂိုဏ်းကြီးကိုးဂိုဏ်း အခြေနေတင်းမာနေတဲ့ အခုလိုအချိန်မျိုးမှာ ပိုပြီးတော့တောင် ရင်ဆိုင်ရ ခက်ခဲလိမ့်မယ်~~
~~ဟုတ်တယ်နော် မမ။ နဂါးစိမ်းဂိုဏ်းကိုယ်တိုင်ဆိုရင်တောင် ဒီအခြေကို သတိထားပြီး ကိုင်တွယ်ဖို့ လိုလိမ့်မယ်။ ပြီးတော့ ဟိုသံလှောင်အိမ်ထဲက အမျိုးသမီးကြီးက ဘယ်သူလဲ မသိဘူး။ သူ့အငွေ့သက်က နည်းနည်း ထူးဆန်းနေတယ်။ လုံးဝ သာမန်လူတစ်ယောက်လို ဖြစ်နေတယ်။ သာမန်လူတစ်ယောက်တာတော့ သေချာတယ်~~
ရှောင်လုံ၏ စကားကြောင့် နှင်းပန်း၏ မျက်လုံးများ ဖျပ်ကနဲ တောက်ပသွားသည်။
~~ဘာဖြစ်လို့လဲ မမ~~
~~မြွေဟောက်ဂိုဏ်းချုပ်က သိုင်းတောင်ကုန်းနဲ့ ကျားဖြူရဲတိုက်ကို ဂရုမစိုက်ဘူး။ သူရထားတဲ့ သတင်းအချက်လက်တွေက သူ့လက်တံ ရှည်လျားမှုကို ဖော်ပြနေတယ်။ မြွေဟောက်ဂိုဏ်းချုပ်ရဲ့ တည်ငြိမ်မှုနဲ့ သူ့ရဲ့ ခွန်အားကလည်း သာမန်သိုင်းထိပ်သီးတစ်ယောက်ရဲ့ ခွန်အားမျိုး မဟုတ်ဘူး။ ဒါတောင် သူက သူ့အရှိန်ဝါကို ဖိနှိပ်ထားသေးတယ်။ ပြီးတော့ အဲဒီ သံလှောင်အိမ်ထဲက အမျိုးသမီးပဲ။ သူက ကြာပန်းနက်ဂိုဏ်းက အရေးပါတဲ့ လူဖြစ်လိမ့်မယ်။ ခုနက မြွေဟောက်ဂိုဏ်းချုပ်က ကုချင်းရှင်ကို ကြာပန်းနက်ဂိုဏ်းက အကြွင်းအကျန်လို့ ပြောခဲ့သေးတယ်။ ကြာပန်းနက်ဂိုဏ်းကလည်း မြွေဟောက်ဂိုဏ်းလိုပဲ နဂါးစိမ်းဂိုဏ်းရဲ့ ဖိနှိပ်သိမ်းသွင်းတာ ခံလိုက်ရတဲ့ ဂိုဏ်းပဲ။ အခြေနေတူတွေဆိုပေမဲ့ ကြာပန်းနက်ဂိုဏ်းက မြွေဟောက်ဂိုဏ်းထက် အအများကြီး ပိုအားကောင်းတဲ့ ရှေးဟောင်းဂိုဏ်းတစ်ခုပဲ။ ဒါပေမဲ့ အခုတော့ ကြာပန်းနက်ဂိုဏ်းရဲ့ အရေးပါတဲ့ လူတစ်ယောက်ကို မြွေဟောက်ဂိုဏ်းမှာ လျှို့ဝှက်အကျဉ်းချထားတယ်။ ဒါတွေက တစ်ခုခုတော့ တစ်ခုခုပဲ။ ဆက်စောင့်ကြည့်ရအောင်။ တစ်ခုခုတော့ အဖြေထွက်လာလိမ့်မယ်~~
ခန်းမထဲက အခြေနေမှာ ပြန်လှုပ်ရှားလာသဖြင့် ရှောင်လုံနှင့် နှင်းပန်းလည်း ဆက်စောင့်ကြည့်လိုက်ကြသည်။
လှုပ်ရှားလိုက်သူမှာ ကုချင်းရှင် ဖြစ်သည်။ သူက လူခြောက်ယောက်အလယ်တွင် နေရာယူနေရာမှ ညာခြေတစ်ဖက်တည်းဖြင့် ဒူးကွေး၍ မြင်းထိုင်ပုံစံ ရပ်လိုက်သည်။ ဘယ်ခြေကို ညာဒူးပေါ်တွင် တင်၍ ခြေချိတ်လိုက်သည်။ ပုံစံက ထိုင်ခုံတွင် ခြေချိတ်၍ ထိုင်နေသကဲ့သို့ပင်။ ထို့နောက် ကုချင်းရှင်က ကုချင်းကို ခြေချိတ်ခွင်ပေါ်တွင် တင်လိုက်ပြီး ကုချင်းကြိုးများပေါ်တွင် လက်နှစ်ဖက်လုံး တင်ထားလိုက်သည်။
သူ့ပုံစံနှင့် သူ့ဟန်ပန်က တည်ငြိမ်လွန်းနေခဲ့သည်။
ကုချင်းရှင်က ထိုသို့ ပြင်ဆင်လိုက်သည်နှင့် ပိုင်ဖေးယိ၊ ဝမ်သခင်းလေးနှင့် ယဲ့ကျုံးတို့၏ မျက်လုံးများ လေးနက်သွားကြသည်။ သူတို့က အခြေနေတစ်ခုကို ကြိုတင်တိုင်ပင်ပြီး ပြင်ဆင်လာကြပုံရသည်။
တစ်လျှောက်လုံး ဂရုမစိုက်ဘဲ တည်ငြိမ်နေခဲ့သော မြွေဟောက်ဂိုဏ်းချုပ်ပင် ကုချင်းရှင်၏ ပုံစံကိုကြည့်ပြီး မျက်ခုံးတွန့်သွားခဲ့သည်။ သူက တစ်ခုခုကို အာရုံခံမိသလို မျက်လုံးမျိုးဖြင့် ကုချင်းရှင်ကို စူးရှစွာ ကြည့်လာခဲ့သည်။ တစ်ဆက်တည်း သံလှောင်အိမ်ထဲမှ ငြိမ်သက်နေသော အမျိုးသမီးကြီးကိုလည်း လှမ်းကြည့်သည်။
ထိုစဉ်မှာပင် ကုချင်းတီးခတ်သံက ထွက်ပေါ်လာခဲ့သည်။
“ဒင် ဒေါင်ဒေါင် ဒင်ဒင် ဒန်…”
ကုချင်းသံထဲတွင် နက်နဲသိပ်သည်းသော ဖိအားတစ်ခု ပါဝင်နေခဲ့သည်။ နှလုံးကို ဆုပ်ညှစ်လိုက်သလိုမျိုး တစ်ချက် တောင့်တင်းသွားသည်။ စီးဆင်းနေသော သွေးများ တစ်ဒင်္ဂ တုံ့ဆိုင်းသွားခဲ့သည်။
မြွေဟောက်ဂိုဏ်းသားများမှာ တစ်ဒင်္ဂ တောင်းတင်းသွားခဲ့သည်။
တစ်ဒင်္ဂသာဖြစ်၍ မကြာပါ။ သို့သော်လည်း သေခြင်းနှင့် ရှင်ခြင်းကြားတွင် တစ်ဒင်္ဂစာမျှပင် အချိန်က မရှိနေခဲ့ပေ။
“ရွှမ်း…ရွှီး…”
“ဝှီး ဝှီး ဝှစ် ဝှစ်…”
”ရွှမ်း ရွှမ်း …”
ထိုတစ်ဒင်္ဂမှာပင် ဓားသံများ ဓားရိပ်များ တဖွေးဖွေးတလက်လက် ထွက်ပေါ်လာခဲ့သည်။
ပိုင်ဖေးယိ၏ မိုးဓားမြေဓားက အသက်ဝင်နေသည့်အလား လေထဲတွင် လျှပ်စီးလျက်သလို ပျံသန်းသွားသည်။
“ရွှစ် ရွှစ် ရွှစ်…”
ဓားပျံသန်းရာ လမ်းတစ်လျှောက်အနောက်တွင် သွေးစက်များ လွင့်စင်ကျန်ခဲ့သည်။ မြွေဟောက်ဂိုဏ်းသားများ တဖြုတ်ဖြုတ် လဲကျသွားကြသည်။
တစ်ဖက်တွင်လည်း ယဲ့ကျုံးနဲ့ ဝမ်သခင်လေး၏ ကိုယ်ရံတော်ဓားသမားနှစ်ယောက်က ဓားများကို တဝင်းဝင်းတလက်လက် တောက်ပသွားသည်အထိ တရစပ် ဝှေ့ယမ်းခုတ်ထစ်သွားသည်။
“ဝှစ် ဝှစ် ဝှစ်…”
“ရွှပ် ရွှပ် ရွှပ်…”
မြွေဟောက်ဂိုဏ်းသားများ ထွေးကနဲ ထွေးကနဲ လဲကျသွားကြသည်။ သွေးများကလည်း ခန်းမထဲ လွင့်စင်ပျံ့ကြဲသွားသည်။
အမြန်ဆုံးမှာ ရွှေရောင်တောက်ပနေသော လခြမ်းဓားချက်များ ဖြစ်သည်။ ဝမ်သခင်လေးက လူရော လခြမ်းဓားရော စကြာလို လည်လျက် မြွေဟောက်ဂိုဏ်းသားများကြားထဲ တိုးဝင်သွားခဲ့သည်။ လခြမ်းဓားချက် တစ်ချက်ထွက်ပေါ်လာတိုင်း ရွှေရောင် အလင်းတန်းတစ်ခုက လခြမ်းတစ်ခုလို ဖျပ်ကနဲ ဖျပ်ကနဲ ပေါ်ထွက်လာသည်။
“ဝှီး ဝှီး ဝှီး…”
ခုနက ဓားချက်ထက် နှစ်ဆခန့် ပိုမြန်သော ဓားချက်များနှင့် ဓားအလင်းရိပ်များ။
ထိုလခြမ်းအလင်းရိပ် ဖြတ်သန်းသွားတိုင်း မြွေဟောက်ဂိုဏ်းသားများ၏ ဦးခေါင်းမသုံးလုံး၊ လေးလုံး၊ ငါးလုံးက လေထဲ မြောက်တက်သွားကြသည်။ လည်ပင်းပြတ်ရာမှ သွေးများက ရေပန်းလို တဖြန်းဖြန်း ပန်းထွက်လာသည်။
တစ်ဒင်္ဂတုံ့ဆိုင်းမှု။
ကြိုတင်ပြင်ဆင်ထားသူများအတွက် တစ်ဒင်္ဂအချိန်က သေခြင်းနှင့် ရှင်ခြင်းကို အဆုံးဖြတ်ပေးနိုင်သော အခွင့်ရေး ဖြစ်နေခဲ့သည်။
မြွေဟောက်ဂိုဏ်းသား သုံးဆယ်ကျော်မှာ ထိုတစ်ဒင်္ဂအတွင်း၌ အသက်ပျောက်သွားခဲ့သည်။
“သတ်ကြစမ်း…!!”
ထိုစဉ် မြွေဟောက်ဂိုဏ်းချုပ်၏ ဟိန်းဟောက်သံကြီး ဟိန်းထွက်ပေါ်လာသည်။ ခန်းမတစ်ခုလုံး သိမ့်ကနဲ တုန်ခါသွားသည်။
ထိုအခါ တောင့်တင်းတုံ့ဆိုင်းနေကြသော မြွေဟောက်ဂိုဏ်းသားများလည်း ဆတ်ကနဲ တုန်သွားပြီး လှုပ်ရှားလာကြသည်။ အားလုံး လျှပ်တစ်ပြက်လှုပ်ရှားပြီး နောက်ဆုတ်သွားကြသည်။
ကုချင်းသံကလည်း ပြောင်းသွားသည်။
“ဒေါင်ဒေါင် ဒင်ဒင် ဒန်ဒန် ဒင်…”
ကုချင်းသံက နှလုံးသွေးကို ပူလောင်သွားစေပြီး သွေးထဲသားထဲက တိုက်ခိုက်သတ်ဖြတ်ချင်စိတ်တစ်ခု နိုးထလာစေသည်။
ပိုင်ဖေးယိ၊ ဝမ်သခင်လေးတို့ ခြောက်ယောက်လုံး ချက်ချင်းနောက်ပြန်ဆုတ်ပြီး ကုချင်းရှင်ကို ဝိုင်းရံ၍ ခံစစ်ကို ဖွင့်ထားလိုက်သည်။
မြွေဟောက်ဂိုဏ်းသားများက ရုတ်တရက် နောက်ဆုတ်သွားရာမှ ချက်ချင်း ရှေ့ပြန်တက်လာကြပြီး တရကြမ်း တိုက်ခိုက်ကြတော့သည်။
“ယား…”
“ကျား…”
“သတ်ကြ…”
“သေကြစမ်း သေကြစမ်း…”
“ထန်း ထန်း ထန်း…”
“ချွမ်းချွမ်းချွမ်း…”
သူတို့ဂိုဏ်းသားများ အသတ်ခံရခြင်းနှင့်အငိုက်မိခဲ့ခြင်းတို့ကြောင့် သူတို့၏ ဒေါသများ ပေါက်ကွဲထွက်ကုန်ပြီ ဖြစ်သည်။ ပိုဆိုးသည်က ကုချင်းသံက စေ့ဆော်နေသော သေသေကြေကြေ တိုက်ခိုက်သတ်ဖြတ်ချင်စိတ်က သူတို့ သွေးသားထဲမှ တစိမ့်စိမ့် ထွက်ပေါ်နေသည်။ ထိုကြောင့် အားလုံးက သူသေကိုယ်သေ တရကြမ်း တိုက်ခိုက်ကြတော့သည်။
အကောင်းဆုံးသော တိုက်စစ်မှာ အလုံခြုံဆုံးသော ခံစစ်ဖြစ်သည်။
ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့ ခြောက်ယောက်က ခံစစ်ကို ဟာကွက်မရှိအောင် ခုခံထားလိုက်ကြသည်။ ယဲ့ကျုံးနှင့် ကိုယ်ရံတော်နှစ်ယောက်က ဓားတစ်ကမ်းအတွင်း ဝင်လာသမျှကို ခုခံထားကြသည်။ ဝမ်သခင်လေးက လခြမ်းဓားတစ်ကမ်းအကွာဝေးကို ခုခံထားသည်။ ပိုင်ဖေးယိက မိုးဓားတစ်လက်ဖြင့် ဓားထိန်းကြိုးတစ်ကမ်းအကွာဝေးကို ခုခံထားခဲ့သည်။
“ယား ယား…”
မြွေဟောက်ဂိုဏ်းသားများမှာ ဒေါသတကြီးနှင့် တရကြမ်းတိုက်ခိုက်နေသော်လည်း ဓားရှည်တစ်ကမ်း၊ လခြမ်းဓားတစ်ကမ်းနှင့် ဓားထိန်းကြိုးတစ်ကမ်းဖြင့် သုံးထပ် ဖြစ်နေသော ခံစစ်ကို မထိုးဖောက်နိုင်ဘဲ ဖြစ်နေခဲ့သည်။ သူတို့၏ တိုက်ခိုက်မှုအားလုံးက ခံစစ်သုံးထပ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
တရကြမ်းတိုက်ခိုက်မှု တိုးမပေါက်သောအခါ တိုက်စစ်ပုံစံပြောင်းရန် စဉ်းစားသွားကြသည်။ သူတို့လက်ထဲက ဓားချိတ်များက တိုက်စစ်အကွာဝေးအတွက် အကန့်သတ်ဖြစ်နေသည်။ လက်နက်ပြောင်းရမည်။
တရကြမ်းတိုက်စစ်က တန့်သွားခဲ့သည်။ တိုက်စစ်အား လျှော့သွားသည်။ အသက်ရှူချိန်မရအောင် တရကြမ်းဖိတိုက်နေခဲ့ တိုက်စစ်က အသက်ရှူချိန်ရသည့်အနေထားလောက် အရှိန်ဟုန်ကျသွားသည်။
ထိုကဲ့သို့ တိုက်စစ်အရှိန်ဟုန် ကျသွားသည်နှင့် မည်သည့်နေရာက ထွက်လာမှန်း မသိရသော ဓားပျံတစ်လက်က ကြမ်းပြင်နားမှ ကပ်၍ ပျံသန်းထွက်လာပြီး မြွေဟောက်ဂိုဏ်းသားများ၏ ခြေထောက်များကို ဖြတ်သန်းသွားသည်။
“ဝှစ် ဝှစ်…”
“ရွှစ် ရွှစ်…”
ဓားပျံက မြန်လွန်းသည်။ အသက်ရှိနေသလိုမျိုး ကွေ့၍ ဝိုက်၍ လစ်ကနဲ လစ်ကနဲ ပျံသန်းသွားသည်။
ပိုင်ဖေးယိ၏ မြေဓားဖြစ်သည်။
ရှေ့ဆုံးမှ တိုက်ခိုက်နေကြသော မြွေဟောက်ဂိုဏ်းသားများ၏ ခြေထောက်တွင် ဓားချက်တစ်ခုစီ ရသွားသည်။
“အင့်…”
“အာ့…”
မြွေဟောက်ဂိုဏ်းသားများ၏ ညည်းညူသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဓါးချက်က မပြင်းထန်သော်လည်း အခြေယိုင်သွားစေရန်တော့ လုံလောက်သည်။
အားလျှော့နေသော တိုက်စစ်က အခြေယိုင်သော တိုက်စစ်ဖြစ်သွားခဲ့သည်။ ဟာကွက်ပေါ်ကုန်သည်။
ထိုအခိုက်တန့်မှာပင် လေထံပျံသန်းသွားလာနေသော မိုးဓားက ဟာကွက်ပေါ်သွားသော နေရာများသို့ တန်းတန်းမတ်မတ် တိုးဝင်လာတော့သည်။
“ရွှစ် ရွှစ် စွပ် စွပ်…”
မိုးဓားမြေဓားအစုံက လစ်ကွက်ဟာကွက်ကို အမိဖမ်း၍ အတွဲညီညီနှင့် တန်ပြန်တိုက်စစ် ဖွင့်လာခဲ့သည်။
မြွေဟောက်ဂိုဏ်းသားများ အလဲလဲအပြိုပြို ဖြစ်ကုန်သည်။ ဒဏ်ရာရသူက ဒဏ်ရာရ၊ အသက်ပျောက်သူက အသက်ပျောက်၊နောက်ဆုတ်သူက နောက်ဆုတ် ဖြစ်ကုန်သည်။
တရကြမ်းတိုက်ခိုက်နေသော တိုက်စစ်မှာလည်း တစ်ခါတည်း ပြိုကွဲသွားတော့သည်။
တိုက်စစ်ပြိုကွဲခြင်း။
ထိုအချိန်တွင် ကုချင်းသံက တစ်မျိုး ပြောင်းသွားပြန်သည်။
မြွေဟောက်ဂိုဏ်းသားများ၏ သွေးသားထဲ စိမ့်ဝင်နေသော သေသေကြေကြေ တိုက်ခိုက်သတ်ဖြတ်လိုစိတ်များလည်း ပျောက်ကွယ်သွားသည်။ နောက်ဆုတ်…။ နောက်ဆုတ်…။ ကုချင်းသံက နောက်ဆုတ်ဖို့ စေ့ဆော်နေသည်။ အမြန်နောက်ဆုတ်ဖို့ အချက်ပေးနေသည်။
မြွေဟောက်ဂိုဏ်းသားများ တိုက်စစ်ကို ဖျက်၍ ဖရိုဖရဲနှင့် နောက်ဆုတ်ကြသည်။
သူတို့၏ လှုပ်ရှားမှုထက် မိုးဓားမြေဓားက ပိုမြန်သည်။ လခြမ်းဓားချက်များကလည်း လေထဲ ရွှေရောင်လင်းလက်သွားသည်။
မြွေဟောက်ဂိုဏ်းသားများမှာ နောက်ဆုံးနေရင်းနှင့် ထွေးကနဲ ထွေးကနဲ လဲကျကျန်ခဲ့သည်။ အော်ဟစ်ရန်ပင် မစွမ်းသာ။ ညည်းညူရန်ပင် အခွင့်ရေး မရခဲ့ပါ။ တချို့မှာ တစ်ခါတည်း အသက်ပျောက်သွားသည်။ တချိုးမှာ ခေါင်းနှင့်ကိုယ် အဆက်သွယ်ပြတ်သွားသည်။
သွေးများက မိုးရွာသလို လွင့်စင်ပြန့်ကျဲကုန်သည်။
ကုချင်းသံက အဆက်မပြတ် ထွက်ပေါ်နေ၏။ ကုချင်းသံက တိုက်ပွဲတစ်လုံးကို ထိန်းချုပ်ထား၏။
အစက အယောက်တစ်ရာခန့် ရှိခဲ့သော မြွေဟောက်ဂိုဏ်းသားများမှာ အခုတော့ အယောက်ငါးဆယ်ခန့်သာ ရှိတော့သည်။
တိုက်ပွဲတစ်ခုလုံး အစမှ အဆုံးထိ လူခုနစ်ယောက်ကသာ စနစ်တကျ လှုပ်ရှားခဲ့ကြသည်။ လက်ဦးမှုယူရမည့်အချိန်တွင် လက်ဦးမှု ယူခဲ့သည်။ ခံစစ်ဖွင့်ရမည့်အချိန်တွင် ခံစစ်ကို လုံအောင် ဖွင့်ခဲ့သည်။ လစ်ကွက်ဟာကွက် စောင့်ရမည့်အချိန်တွင် လစ်ကွက်ဟာကွက်ကို အမိအရ ဖမ်းဆုပ်ခဲ့သည်။ နောက်ကလိုက်၍ ဖိတိုက်ရမည့်အချိန်တွင် နောက်က လိုက်၍ ဖိတိုက်ခဲ့သည်။
အခုလည်း နောက်ကလိုက်ဖိတိုက်နေရာမှ ချက်ချင်းရပ်ပြီး နောက်ပြန်ဆုတ်ကာ ခံစစ်ပုံစံ ပြန်ယူထားလိုက်ကြပြီ ဖြစ်သည်။
“ကောင်းတယ်။ အရမ်းကောင်းတယ်။ မင်းတို့က ဒီခေတ်ရဲ့ ပါရမီရှင်တွေလို့ မပြောရဘူး။ တကယ်ကို လက်သည်းနဲ့ အစွယ်နဲ့ပဲ။ ဟားဟား…”
မြွေဟောက်ဂိုဏ်းချုပ်က မျက်နှာကြီး နီရဲတင်းမာလျက် ဟားတိုက်ရယ်မောနေခဲ့သည်။ ပျော်၍ ရယ်မောနေခြင်းတော့ မဟုတ်ပေ။ သူ၏ ရယ်သံထဲတွင် သတ်ဖြတ်လိုစိတ်များက ခက်ထန်ကြမ်းကြုတ်စွာ ပါဝင်နေခဲ့သည်။ သူ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်ခြင်း အငွေ့သက်များနှင့် ပြည့်နေ၏။ သို့သော် သူက ထမလှုပ်ရှားခဲ့ပေ။ သူ့ခွန်အားနှင့် သူ့အဆင့်အတန်းအရ ထိုနောက်ပေါက်လူငယ်မျိုးဆက်များကို ကိုင်တွယ်ရန် မလိုအပ်သောကြောင့် ဖြစ်သည်။
မြွေဟောက်ဂိုဏ်းချုပ်က တိုက်ပွဲတစ်ခုလုံးကို အပေါ်စီးမှ ကြည့်နေခဲ့သူဖြစ်၍ အားလုံးကို မြင်နေခဲ့သည်။
ထိုလူငယ်များ၏ တိုက်ပွဲပုံစံက သိုင်းသမားတို့ကြားက တိုက်ပွဲတစ်ပွဲကို တိုက်ခိုက်နေသည်နှင့် မတူဘဲ စစ်မြေပြင်က စစ်ပွဲတစ်ခုကို တိုက်ခိုက်နေသလိုမျိုး နည်းစနစ်တကျနှင့် အချိန်ကိုက် လှုပ်ရှားသွားခဲ့ကြသည်။
ထိုလှုပ်ရှားမှုအားလုံးကို ကုချင်းသံက ထိန်းချုပ်ထားခဲ့သည်။ အခုလည်း ကုချင်းသံက စစ်မြေပြင်မှ စစ်စည်သံလို စည်းချက်တကျ ထွက်ပေါ်နေခဲ့သည်။
“ဒီတစ်ခါ ကြည့်ရသေးတာပေါ့။ မင်းတို့ ဘာဆက်လုပ်နိုင်မလဲဆိုတာ ငါ သိချင်သေးတယ်”
ဝမ်သခင်လေးနှင့် ပိုင်ဖေးယိက မြွေဟောက်ဂိုဏ်းချုပ်ကို စူးစူးရဲ တစ်ချက် ပြန်ကြည့်သည်။ မြွေဟောက်ဂိုဏ်းချုပ်ကိုယ်တိုင် ထမလှုပ်ရှားသေးသမျှ သူတို့တွင် အခွင့်ရေးရှိသေးသည်ဟုလည်း စိတ်ထဲ တွေးထားလိုက်ကြသည်။
“တက်ကြ…!! သတ်ကြ…!!။ တစ်ယောက်မှ အရှင်မထားနဲ့။ သွေးကြွေးကို သွေးနဲ့ ဆေးကြောကြ…”
မြွေဟောက်ဂိုဏ်းချုပ်၏ သတ်ဖြတ်ချင်စိတ်ပြင်းထန်နေသော အမိန့်ပေးသံကြီးက ခန်းမထဲ ခက်ထန်စွာ ထွက်ပေါ်လာလေ၏။
အခန်း(၃၅၂)ပြီး
***