မြွေဟောက်ဂိုဏ်းချုပ်က ဂိုဏ်းသားများကိုသာ အမိန့်ပေး၍ တိုက်ခိုက်ခိုင်းခဲ့သည်။ သူကိုယ်တိုင် မလှုပ်ရှားခဲ့ပေ။
အဆင့်တူချင်းကြားမှ တိုက်ခိုက်သတ်ဖြတ်မှုက မြွေဟောက်ဂိုဏ်းချုပ်ကိုယ်တိုင် တိုက်ခိုက်သတ်ဖြတ်မှုနှင့် အခြေနေမတူပေ။ အဆင့်တူချင်းကြားက တိုက်ခိုက်မှုများကြောင့် ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့ သေဆုံးသွားလျှင်ပင် သူတို့၏ နောက်ခံကို အကြောင်းပြချက် ပေး၍ ရသည်။ နောက်ဆက်တွဲအကျိုးဆက်များ ရှိလာသည့်တိုင် ဖြေရှင်း၍ ရသည်။ သို့သော် မြွေဟောက်ဂိုဏ်းချုပ်ကသာ ကိုယ်တိုင် လှုပ်ရှားခဲ့လျှင် အခြေနေက မတူနိုင်တော့ပေ။ မြွေဟောက်ဂိုဏ်းချုပ်က ဤလူငယ်ခုနစ်ယောက်ကို အလွယ်တကူ သတ်ဖြတ်နိုင်သော်လည်း ဖြစ်လာမည့် နောက်ဆက်တွဲကိုတော့ ဖြေရှင်းနိုင်စွမ်း မရှိပေ။
ထိုကြောင့်လည်း မြွေဟောက်ဂိုဏ်းချုပ်က ကိုယ်တိုင်မလှုပ်ရှားခြင်း ဖြစ်သည်။ သူ့တွင် ထိုလူငယ်များကို ကိုင်တွယ်ရန် နည်းလမ်းရှိနေ၍လည်း ၎င်းတို့၏ နောက်ခံကို ဂရုမစိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင် လှုပ်ရှားရလောက်အောင် သူက မတုံးအနေပေ။
“အဟမ့်…၊ ကုချင်းသံနဲ့ ငါ့ဂိုဏ်းသားတွေကို စိတ်ထွေပြားအောင် ထပ်လုပ်နိုင်ဦးမလားဆိုတာ ငါ သိချင်တယ်”
မြွေဟောက်ဂိုဏ်းချုပ်က ကိုယ်တိုင် မလှုပ်ရှားသော်လည်း ကုချင်းသံဖြင့် စိတ်ထွေပြားအောင် လုပ်မှုမျိုးကိုတော့ သူက ထိုင်ကြည့်နေမည် မဟုတ်ပေ။
“မင်းတို့က သတ်ရဲဖြတ်ရဲနေတာဆိုတော့ တကယ်တိုက်ခိုက်သတ်ဖြတ်တာက ဘယ်လိုလဲဆိုတာ မင်းတို့ကို ပြပေးရမှာပေါ့”
ပိုင်ဖေးယိနှင့် ဝမ်သခင်းလေးတို့က မြွေဟောက်ဂိုဏ်းသားများကို တွေဝေခြင်းမရှိဘဲ တိုက်ခိုက်သတ်ဖြတ်သွားခဲ့သည်။ ဤသို့ တိုက်ခိုက်သတ်ဖြတ်ရန်မှာ သာမန်မျိုးဆက်သစ်လူငယ်သိုင်းသမားများ လုပ်နိုင်သော အရာ မဟုတ်ပေ။ လူတစ်ယောက်ကိုမှ မသတ်ဖူးထားလျှင် မည်မျှပင် ရန်သူ ဖြစ်နေပါစေ သတ်ဖြတ်ရန် လက်တွန့်နေတတ်သည်။ တွေဝေနေတတ်သည်။ တိုက်ခိုက်သတ်ဖြတ်မှုကို လက်တွေ့ လေ့ကျင့်ထားသူ အတွေ့ကြုံရှိသူမျိုးမှသာလျှင် ယခုလို သေရေးရှင်ရေးအခြေနေ၌ တွေဝေမှုမရှိဘဲ တိုက်ခိုက်သတ်ဖြတ်နိုင်မည် ဖြစ်သည်။
အကယ်၍ အတွေ့ကြုံမရှိပါဘဲ တွေဝေခြင်းမရှိ တိုက်ခိုက်သတ်ဖြတ်ရဲနေလျှင်ကား ပို၍ အံ့ဩစရာ ကောင်းနေပေမည်။ ဤလူငယ်များ၏ စိတ်က လွန်စွာ ရဲရင့်ပြတ်သားနေ၍သာ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့်လည်း မြွေဟောက်ဂိုဏ်းချုပ်က ပိုင်ဖေးယိထက် ဝမ်သခင်လေးကို ပို၍ အလေးနက်ထားကာ ကြည့်နေခဲ့သည်။ ထိုမျှ ငယ်ရွယ်သော လူငယ်မျိုးဆက်တစ်ယောက်က တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းကို မတွေဝေဘဲ လုပ်နိုင်ခဲ့သည့်အပေါ် အာရုံစိုက်မိခဲ့သည်။
မြွေဟောက်ဂိုဏ်းသားများက လက်နက်စင်မှ စစ်သုံးလှံချိတ်များကို ယူ၍ တစ်လှမ်းချင်း ရှေ့ပြန်တိုးလာကြသည်။ ဓားချိတ်လက်နက်က အကွာဝေးအကန့်သတ် ဖြစ်နေခဲ့သည်။ သူတို့၏ တိုက်စစ်က တိုးမပေါက်ဖြစ်နေခဲ့သည်။ ထိုအခြေနေကို ဖြေရှင်းရန် စစ်သုံးလှံချိတ်လက်နက်ကို ပြောင်းသုံးလိုက်ကြပြီ ဖြစ်သည်။ သူတို့၏ ပုံစံက စစ်မြေပြင်က စစ်သည်များလို တိုက်ပွဲဝင်ပုံစံ ဖြန့်ကျက်၍ တညီတညာတည်း ရှေ့တက်လာကြသည်။
သူတို့၏ မျက်လုံးများက နီရဲနေ၏။ မျက်နှာကြီးများကလည်း တင်းမာနေ၏။ သူတို့ကိုယ်ပေါ်တွင်လည်း သူတို့ဂိုဏ်းတူညီအစ်ကိုများ၏ သွေးများနှင့် စွန်းထင်းနေသည်။ သူတို့က သတ်ဖြန်ချင်စိတ်များနှင့် ပြည့်နေသော အကြည့်ဖြင့် ခန်းမအလည်က လူခုနစ်ယောက်ကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။
“ဒေါင်ဒေါင် ဒင်ဒင် ဒန်ဒန်…”
ကုချင်းသံက ခန်းမထဲတွင် လွင့်ပျံနေလေ၏။
ပိုင်ဖေးယိ၏ မျက်လုံးများကလည်း တိုက်ပွဲကို ဆာလောင်သော အငွေ့သက်များနှင့် ပြည့်နှက်နေခဲ့လေ၏။
ဝမ်သခင်လေးက မြွေဟောက်ဂိုဏ်းသားများ၏ စုပေါင်းလှုပ်ရှားမှုကို ကြည့်ပြီး လေးနက်နေခဲ့သည်။
‘ဒီမြွေဟောက်ဂိုဏ်းက လုံးဝ သာမန်မဟုတ်ဘူးပဲ။ ဂိုဏ်းသားတွေကို ဒီလိုပုံစံမျိုး လေ့ကျင့်ပေးထားတယ်…’
သူ၏ ဉာဏ်ပညာနှင့် ဗဟုသုများအရ မြွေဟောက်ဂိုဏ်းသားများ၏ အခင်းကျင်းက စနစ်တကျ အချိန်ယူလေ့ကျင့်ထားသည့် ပုံစံမှန်း သိနေခဲ့သည်။ သူကိုယ်တိုင်လည်း ကျားဖြူရဲတိုက်တွင် ချပ်ဝတ်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး လေ့ကျင့်ပေးနေခဲ့သူဖြစ်၍ ပိုသိသည်။
တိုက်ပွဲက ခုနကလို မလွယ်ကူနိုင်တော့ပေ။ သူတို့၏ ကြိုတင်ပြင်ဆင်ထားမှုများကို အသုံးပြုခဲ့ပြီးပြီ ဖြစ်သည်။ ရန်သူဘက် အဆင်သင့်မဖြစ်ခင် လက်ဦးမှုလည်း ယူခဲ့ပြီးလေပြီ။ ရန်သူများ၏ ဒေါသကို နိုးဆွပြီး အသေအကြေတိုက်ခိုက်လာအောင်လည်း တိုက်စစ်ကို မြူဆွယ်ပြီးလေပြီ။ တိုက်စစ်အားလျှော့ချိန် လစ်ကွက်ဟာကွက်ကိုလည်း ဖမ်းဆုပ်ခဲ့ပြီးလေပြီ။ ဆုတ်ခွာချိန်တွင်လည်း လိုက်လံတိုက်ခိုက်ပြီးလေပြီ။
အခုအချိန်မှာတော့ ရန်သူကလည်း အဆင်သင့် ဖြစ်သွားခဲ့လေပြီ။ ဗျူဟာအခင်းကျင်းနှင့် သင့်တော်သော လက်နက်ကိုလည်း အသုံးပြုနေခဲ့လေပြီ။ သတိလက်လွတ်ဖြစ်လောက်အောင်လည်း ဒေါသ မရှိတော့ပေ။ တည်ငြိမ်သွားကြပြီဖြစ်သည်။
စစ်မှန်သော ထိပ်တိုက်ရင်ဆိုင်မှု စတင်ချိန် ရောက်လေပြီ။
နှစ်ဖက်လုံးက သတိအပြည့်ဖြင့် တည်ကြည်လေးနက်နေခဲ့ကြသည်။
ယဲ့ကျုံး၏ မျက်လုံးများက စိမ်းဖန့်ဖန့် အရောင်များ ထွက်ပေါ်လာသည်။ အေးစိမ့်သော အတွင်းအားအရှိန်ဝါတစ်ခုလည်း ထွက်ပေါ်လာသည်။
“အဲဒါကို ထိန်းထား။ မလိုအပ်ဘဲ ထုတ်မသုံးနဲ့”
ဝမ်သခင်လေးက ယဲ့ကျုံးကို သတိပေးလိုက်သည်။
ထိုအခါ ယဲ့ကျုံးက သူ့အတွင်းအားအရှိန်ဝါကို ပြန်ထိန်းချုပ်လိုက်သည်။ အေးစိမ့်သော အရှိန်ဝါလည်း ပြန်ပျောက်သွားသည်။ မျက်လုံးအရောင်လည်း ပုံမှန်ပြန်ဖြစ်သွားသည်။
တစ်ဆက်တည်း ဝမ်သခင်လေးက ကုချင်းရှင်ကို ပြောလိုက်သည်။
“အဲဒါကို စလိုက်တော့။ ငါတို့ အချိန်ယူပေးမယ်”
ကုချင်းရှင်က ခေါင်းညိတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်နှစ်ဖက်ကလည်း ကုချင်းကြိုးပေါ် ပြေးလွှားလှုပ်ရှားသွားသည်။
စစ်ချီသံလို သံစဉ်ထဲတွင် ထူးခြားသော ကုချင်းသံတစ်ခု ရောပါလာသည်။
ထိုကုချင်းသံက ထူးခြားဆန်းကြယ်သော တစ်စုံတစ်ခုကို ဆင့်ခေါ်နေသလို သံစဉ်မျိုး ဖြစ်နေသည်။ ကြားရသူတိုင်း ကြက်သီးမွေးညင်းများ ထကုန်ကြလေ၏။
တစ်ချိန်တည်းမှာပင် မြွေဟောက်ဂိုဏ်းသားများက ရန်သူခုနစ်ယောက်ကို ဝိုင်းရံလိုက်ကြပြီး စစ်လှံများဖြင့် တိုက်ခိုက်လိုက်ကြသည်။
“ယား…”
“ဝှီး ဝှီး ဝှီး…”
စစ်လှံများက ပတ်ပတ်လည်မှ တိုးဝင်လာသည်။
“လခွမျးဓားကို သတိထား”
မြွေဟောက်ဂိုဏ်းချုပ်က လခြမ်းဓား၏ လက်နက်ချင်း ခုတ်ဖြတ်နိုင်သည်အထိ ထက်ရှမှုကို မမေ့မလျှော့နှင့် သတိပေးသည်။
ထိုအချက်ကို မြွေဟောက်ဂိုဏ်းသားများကလည်း မမေ့လျှော့ထားကြပါ။ ထို့ကြောင့် သူတို့၏ လှံချက်များက ဂရုတစိုက် ထိုးနှက်တိုက်ခိုက်သည်။ လခြမ်းဓားဖြင့် ခုတ်ဖြတ်မခံရအောင် ဂရုစိုက်သည်။
“ထန်း ထန်း ထန်း…”
“သတိထားကြ”
ပိုင်ဖေးယိ၊ ဝမ်သခင်လေးနှင့် ယဲ့ကျုံးတို့လည်း လှံချက်များကို ခုခံရတော့သည်။
လှံချက်များက ပတ်ပတ်လည်မှာ တိုးဝင်လာကြ၍ ရှောင်တိမ်းရမည့် လှံချက်များကို ရှောင်တိမ်းရသည်။ ခုခံရမည့် လှံချက်များကို ခုခံရသည်။
ယဲ့ကျုံးနှင့် ကိုယ်ရံတော် ဓားသမားနှစ်ယောက်မှာ အလူးအလဲ ရှောင်တိမ်းနေရသည်။ သူတို့မှာက ဓားရှည်မျှသာ ဖြစ်၍ ခုခံနိုင်သည့် စွမ်းအားရော ခုခံနိုင်သည့် နယ်ပယ်ရော အားနည်းနေခဲ့သည်။
အထက်က လှံချိတ်များကို ခုခံနေချိန်မှာပင် အောက်ဘက်မှ တိုးဝင်လာသော လှံချိတ်များကို အလူးအလဲ ရှောင်တိုင်းနေရသည်။ လွတ်လွတ်လပ်လပ်လည်း မရှောင်တိမ်းနိုင်ကြပေ။ လှံချိတ်များက ဓားကိုလည်း ချိတ်ဆွဲနေသလို ခြေထောက်ကိုလည်း ချိတ်ဆွဲနေ၍ ဖြစ်သည်။
စစ်လှံချိတ်ဆိုသည်မှာလည်း သာမန် လှံများကဲ့သို့ အထိုး၊ အခုတ်၊ အပိုင်း၊ အဖြတ်၊ အရိုက်၊ အနှက်များသာမက အချိတ်အဆွဲများကိုလည်း ကောင်းကောင်း လုပ်နိုင်သည့် လက်နက်များ ဖြစ်သည်။ မြွေဟောက်ဂိုဏ်းသားများကလည်း စစ်လှံချိတ်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ကြသည်။
“ချွမ်း ချွမ်း ချွမ်း…”
ထို့ကြောင့် ဓားသမားသုံးယောက်မှာ အလူးအလဲ ခုခံရှောင်တိမ်းနေရတော့သည်။
လက်နက်အားသာချက်က စကားပြောလာခြင်း ဖြစ်သည်။ ခုနကလည်း ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့က လက်နက်အားသာမှုဖြင့် ဖိနှိပ်တိုက်ခိုက်ခဲ့သည် မဟုတ်ပါလား။
ပိုင်ဖေးယိ၏ မိုးမြေဓားမှာလည်း လွတ်လပ်စွာ မပျံသန်းနိုင်တော့ပေ။ မိုးမြေဓား၏ လျင်မြန်မှုနှင့် လွတ်လပ်မှုတို့က ပျားပန်းခတ် ရှုပ်ထွေးနေသော စစ်လှံချိတ်များကို တိုးမပေါက် ဖြစ်နေခဲ့သည်။ အလစ်အငိုက်နှင့် လစ်ကွက်ဟာကွက်ကို ရှာဖွေတိုက်ခိုက်ရန် အခွင့်လမ်းမရှိဘဲ ခုခံမှုကိုသာ မနားတမ်း ထုတ်ဖော်ထားရသည်။ ဓားထိန်းကြိုးက ခုတ်ဖြတ်ခံရမည်ကို မစိုးရိမ်ရသော်လည်း စစ်လှံချိတ်များဖြင့် ရစ်ပတ်ချိတ်ဆွဲခံရမည်ကိုတော့ စိုးရိမ်ရသည်။ တစ်ယောက်ချင်းသာ ဆိုလျှင် ရစ်ပတ်ချိတ်ဆွဲခံရသည့်တိုင် ပြန်ရုန်းထွက်နိုင်ပေသည်။ ယခုလို အများနှင့် ရင်ဆိုင်နေရချိန်တွင်တော့ ရစ်ပတ်ချိတ်ဆွဲခံရလျှင် အခြေနေမကောင်းနိုင်တော့ပေ။
ဝမ်သခင်လေးမှာလည်း စစ်လှံချိတ်များကို လခြမ်းဓားဖြင့် ခုတ်ဖြတ်ရန် မတတ်သာ ဖြစ်နေခဲ့သည်။ စစ်လှံချိတ်တချိူ့ကို ခုတ်ဖြတ်ရန် ကြိုးစားလိုက်လျှင် တခြားစစ်လှံချိတ်များက လခြမ်းဓားကို ချိတ်ဆွဲ၍ တစ်မျိုး၊ ထိုးထောက်၍ တစ်ဖုံ ဟန့်တား ထားကြသည်။ လခြမ်းဓားကို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်အောင် နှောက်ယှက်ထားကြသည်။
“ဒင်ဒင် ဒေါင် ဒင် ဒန်ဒန်…”
ကုချင်းသံစဉ်က တဖြည်း ပြင်းထန်လာသည်။ လူတိုင်း၏ နားစည်ကို တုန်ခါသွားစေသည်။ လူတိုင်း၏ စိတ်ကို ဖိညှစ်ထားသလို ခံစားရစေသည်။ တစ်ချိန်တည်းမှာပင် ဆန်းကြယ်သော သံစဉ်တစ်ခုကလည်း ပို၍ ပြင်းထန်လာသည်။ တစ်စုံတစ်ခုကို ဆင့်ခေါ်မှုက ပို၍ ခံစားလာရသည်။
မြွေဟောက်ဂိုဏ်းချုပ်၏ မျက်ခုံးများ တွန့်ကွေးသွားသည်။ သူ့အကြည့်က ကုချင်းရှင်ထံ စူးစိုက်ကျရောက်နေသည်။
ထိုအချိန်မှာပင်
“ဒင် ဒန် ဒန်…”
သိပ်သည်းပြင်းထန်သော ကုချင်းသံစဉ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟူး…”
ပြင်းထန်သော အသံလှိုင်းကြောင့် လေထုပင် တုန်ခါလှိုင်ထသွားသည်။
ထိုအခါ သံလှောင်အိမ်ထဲတွင် ငြိမ်သက်စွာ ထိုင်နေသော အမျိုးသမီးကြီး၏ မှိတ်ထားသော မျက်လွှာက တဖျပ်ဖျပ် လှုပ်ရှားလာခဲ့သည်။ တစ်ဆက်တည်းမှာပင် သူမ၏ ဖားလျားကျနေသော ဆံပင်များက လေမတိုက်ဘဲ အနည်းငယ် လှုပ်ခတ်သွားသည်။ သိပ်သည်းပြင်းထန်သော အတွင်းအားအရှိန်ဝါတစ်ခု ထွက်ပေါ်လာတော့မည့် အရိပ်ယောင် ဖြစ်ပေါ်လာသည်။
ထိုအခြေနေကို မြွေဟောက်ဂိုဏ်းချုပ်ကလည်း သတိထားမိသွားသည်။ သူ၏ မျက်နှာကြီး လေးနက်တင်းမာသွားတော့သည်။ ထိုအခြေနေကို သူ သဘောမကျကြောင်း ထင်ရှားနေခဲ့သည်။
စင်မြင့်အောက်တွင် ရပ်နေသော သိုင်းအကျော်မော်နှစ်ယောက်လည်း တောင့်တင်းသွားသည်။
“ဒါက…”
ကုချင်းသံက ထိုအမျိုးသမီးကြီးကို နိုးထလာအောင် လုပ်နေမှန်း သိသွားကြသည်။
“မြန်မြန် တိုက်ကြ။ မြန်မြန် သတ်ကြ”
မြွေဟောက်ဂိုဏ်းချုပ်က ဒေါသတကြီး အမိန့်ပေးသည်။
မြွေဟောက်ဂိုဏ်းသားများက တိုက်အားကို အစွမ်းကုန်မြှင့်၍ တရကြမ်း တိုက်ခိုက်လာကြတော့သည်။
“ကျား…”
“ဝှစ် ဝှစ် ဝှစ်…”
လှံချိတ်များက ထက်အောက်ဘယ်ညာမှ နေရာလပ်မရှိအောင် စုပြုံ တိုးဝင်လာကြသည်။
“ရွှစ် ရွှပ် ”
“အင့်…”
“အာ့…”
ယဲ့ကျုံး၏ ကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ရသွားသည်။
“ဒုတ် ဒေါက်…”
“ဗျိ ဗျိ…”
ကိုယ်ရံတော်နှစ်ယောက်မှာလည်း လှံချက် ထိမှန်ပြီး နောက်သို့ ယိုင်ထွက်သွားသည်။ သူတို့၏ ဝတ်ရုံမှာလည်း လှံချိတ်၏ ချိတ်ဆွဲခံရပြီး စုတ်ပြတ်ထွက်သွားသည်။ သို့သော် ဒဏ်ရာတော့ မရလိုက်ကြပေ။ လှံချက်များကို သူတို့ကိုယ်ပေါ်က ချပ်ဝတ်များက တားဆီးထားခဲ့၍ ဖြစ်သည်။
သိုင်းချပ်ဝတ်…။
ကိုယ်ရံတော်နှစ်ယောက်လုံးက သိုင်းချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။
လှံချက်များက သိုင်းချပ်ဝတ်ကို ထိုးဖောက်နိုင်ခြင်း မရှိပေ။ သို့မဟုတ်လျှင် ထိုလှံချက်များအောက်တွင် ကိုယ်ရံတော်နှစ်ယောက်လုံး လဲကျသွားပေလိမ့်မည်။
ကိုယ်ရံတော်နှစ်ယောက်က မျက်လုံးများ အေးစက်သွားပြီး တရကြမ်းပြန်ဖိတိုက်သည်။ လှံချက်များက ချပ်ဝတ်ကို တိုးမပေါက်သဖြင့် ရှေ့တိုးတိုက်ခိုက်ရန် ပြင်သည်။
“ခံစစ်ကိုပဲ လုံအောင် ဂရုစိုက်”
ဝမ်သခင်လေးက သတိပေး၍ တားထားလိုက်သည်။
တန်ပြန်တိုက်စစ်ဖွင့်ရမည့် အချိန်မဟုတ်နေ၍ပင်။ ကိုယ်ရံတော်နှစ်ယောက် ရှေ့တိုးတိုက်လျှင် ခံစစ်ပျက်သွားပေလိမ့်မည်။
တစ်ဆက်တည်း ဝမ်သခင်လေးက ကုချင်းရှင်ကိုလည်း သတိပေးသည်။
“မြန်မြန်…”
ကုချင်းရှင်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူကာ ကုချင်းသံစဉ်ကို အစွမ်းကုန် မြှင့်တင်လိုက်သည်။
“…! …! …!”
ကုချင်းသံက အသံလှိုင်းတုန်ခါမှုနှင့်အတူ မိုးချုန်းသံလို ဒိန်းကနဲ ပေါက်ကွဲမြည်ဟီးသွားသည်။ ခန်းမအတွင်း လေထုလည်း လှိုင်းထသွားသည်။ တိုက်ခိုက်နေကြသူများကို အသံလှိုင်း ဖြတ်သန်းသွားခိုက် အားလုံး တုန်ခါသွားခဲ့သည်။
ကုချင်းသံက ပြင်းထန်ကျယ်လောင်လွန်းသည်။
တိုက်ခိုက်နေသူများ အထိတ်တလန့်နှင့် နောက်ဆုတ်သွားကြသည်။
ကုချင်းရှင်ထံမှ ညည်းညူသံထွက်လာသည်။ သူ၏ ဝတ်စုံဖြူပေါ်သို့ သွေးစက်တချို့ ကျဆင်းလာသည်။ သူ၏ လက်ချောင်းများလည်း တဆတ်ဆတ် တုန်နေ၏။ ခြေတစ်ဖက်တည်းဖြင့် မြင်းထိုင်ရပ်နေသော ပုံစံအနေထားလည်း ယိမ်းထိုးသွားသည်။ ဆက်မရပ်နေနိုင်တော့၍ မြင်းထိုင်ပုံစံကို ဖြုတ်ကာ ခြေစုံ ရပ်လိုက်ရသည်။ သူ လုပ်နိုင်စွမ်းရှိသမျှ အကုန်လုပ်လိုက်ပုံရသည်။
ဝမ်သခင်လေးက မေးသည်။
“အဆင်ပြေရဲ့လား”
ကုချင်းရှင်က သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းရပ်ရင်း ခေါင်းညိတ်ပြသည်။ သူက လှောင်အိမ်ထဲမှ အမျိုးသမီးကြီးကို လှမ်းကြည့်နေသည်။
ဝမ်သခင်လေးနှင့် ပိုင်ဖေးယိလည်း လှမ်းကြည့်ကြသည်။
မြွေဟောက်ဂိုဏ်းသားများလည်း နောက်ကျောမလုံသော ခံစားမှုတစ်ခုကို ခံစားရသဖြင့် မည်သူမှ ဆက်မတိုက်ခိုက်ကြတော့ဘဲ နောက်ကို လှည့်ကြည့်လိုက်ကြသည်။
လှောင်အိမ်ထဲက အမျိုးသမီးကြီး၏ မျက်လုံးများက တဖျပ်ဖျပ်လှုပ်ခတ်နေရာမှ ရုတ်တရက် ပွင့်လာ၏။ ဖားလျားချထားသော ဆံပင်ရှည်များ လေထဲ မြောက်တက်လာသည်။
“ဟုန်း…”
အလွန်သိပ်သည်းပြင်းထန်သော အတွင်းအားအရှိန်ဝါကြီးတစ်ခုလည်း ထွက်ပေါ်လာသည်။
မြွေဟောက်ဂိုဏ်းချုပ်မှာ အလွန်သတိထားသော မျက်နှာဖြင့် ထရပ်လိုက်သည်။ သူက လှောင်အိမ်ကို အောက်ပြန်ချမည် လုပ်ခဲ့သေးသည်။ သို့သော် သူက မလုပ်ခဲ့ပါ။ လှောင်အိမ်ထဲက အမျိုးသမီးကြီးကိုသာ ကြည့်နေခဲ့သည်။
သိုင်းအကျော်မော်နှစ်ယောက်လည်း မြွေဟောက်ဂိုဏ်းချုပ်ဘေးတွင် သွားရပ်ပြီး အခြေနေကို စောင့်ကြည့်နေလိုက်ကြသည်။
အမျိုးသမီးကြီးက မျက်လုံးပွင့်လာသော်လည်း လက်ရှိအခြေနေနှင့် ပတ်ဝန်းကျင်ကို မြင်ပုံမရဘဲ ပြူးကြောင်၍သာ ကြည့်နေသည်။ အတွင်းအားအရှိန်ဝါကလည်း ပို၍ပို၍ မြင့်တက်လာသည်။ သူမပတ်ဝန်းကျင် လေထုက လှိုင်းထနေပြီး မည်းမှောင်သော အငွေ့အသက်တချို့ပါ ရစ်ဝဲလာသည်။ သူမ၏ ဆံပင်များသာမက အဝတ်စားများပါ တဖျပ်ဖျပ်လှုပ်ခတ်၍ လေထဲ လွင့်ပျံနေသည်။
“ဒီအတွင်းအားအရှိန်ဝါက…”
ထိုအတွင်းအားက အရှိန်ဝါ ကြီးမားလွန်းနေသည်။ သိပ်သည်းသန့်စင်လွန်းနေသည်။ အတွင်းအားအရှိန်အဝါထဲတွင် အရောင်အငွေ့များပင် ပါဝင်နေသည်။ မြင်တွေ့နေကျ အထွတ်ထိပ်အဆင့် အတွင်းအားမျိုး မဟုတ်နေပေ။ အထွတ်ထိပ်အဆင့် အတွင်းအားထက် ပိုသန့်စင်ပြီး ပိုသိပ်သည်းနေခဲ့သည်။
မြွေဟောက်ဂိုဏ်းချုပ်၏ မျက်နှာက မှုန်ကုပ်နေ၏။ သူ မမျှော်လင့်ထားသော အခြေနေတစ်ခု ဖြစ်ပေါ်လာခဲ့လေပြီ။
ခန်းမတစ်ခုလုံး ငြိမ်သက်နေ၏။ အားလုံး၏ မျက်လုံးများက ထိုအမျိုးသမီးကြီးကိုသာ ကြည့်နေကြသည်။ မည်သူမှ မလှုပ်ရှားရဲကြပါ။
ထိုစဉ်…
“ဒင် ဒေါင် ဒင် ဒီ…”
ကြည်လင်သာယာ၍ ညင်သာငြိမ့်ညောင်းသော ကုချင်းသံစဉ်တစ်ခု ထွက်ပေါ်လာသည်။
ထိုအခါ အမျိုးသမီးကြီးက မျက်တောင်တစ်ချက်နှစ်ချက် ခတ်လိုက်သည်။ မျက်လုံးများ တဖြည်းဖြည်း ကြည်လင်သွားသည်။ ခက်ထန်ကြမ်းတန်းစွာ တစ်ဟုန်ထိုး မြင့်တက်နေသော အတွင်းအားအရှိန်ဝါကလည်း တည်ငြိမ်သွားသည်။ လေထဲ လွင့်နေသော ဆံပင်များနှင့် အဝတ်စားများ ကျဆင်းငြိမ်သက်သွားသည်။
အခု သူမက လက်ရှိအခြေနေကို သိမြင်နားလည်သွားပုံရသည်။ သူမ၏ အကြည့်က ကုချင်းရှင်ထံ ရောက်သွားသည်။ သူမ၏ မျက်လုံးများက ကြည်လင်တည်ငြိမ်နေ၏။ အနည်းငယ်လည်း နူးညံ့နေ၏။
ထို့နောက် သူမက ခန်းမတစ်ခုလုံးကို မျက်လုံးတစ်ချက် ဝှေ့ကြည့်သည်။ မြွေဟောက်ဂိုဏ်းသားများနှင့် မြွေဟောက်ဂိုဏ်းချုပ်တို့ကို ကြည့်သော သူမ၏ အကြည့်ထဲတွင် အေးစက်ခြင်းလည်း မရှိသလို ခက်ထန်ခြင်းလည်း မရှိပေ။ မည်သည့်ခံစားချက်မှလည်း မထင်ဟပ်နေပေ။ လူကို ကြည့်သည်နှင့်ပင် မတူနေခဲ့ပေ။ သက်မဲ့အရာဝတ္ထုများကို ကြည့်သည့် အကြည့်မျိုး ဖြစ်နေသည်။
အမျိုးသမီးကြီး၏ အကြည့်က သူ့ကို ချုပ်နှောင်ထားသော လှောင်အိမ်ပေါ်သို့ ရောက်သွားသည်။ ထို့နောက် သူမက ပိန်လှီနေသော လက်နှစ်ဖက်ဖြင့် လှောင်အိမ်သံတိုင်ကို စုံကိုင်၍ ဖိတွန်းလိုက်သည်။
“ဂျိုင်း…”
သံလှောင်အိမ်သာမက ခန်းမကြီးပါ တုန်ခါသွားသည်။
ပြင်းထန်ကြမ်းတမ်းလွန်းသော အတွင်းအားပါပေ။
သို့သော် သံလှောင်အိမ်က မပျက်စီးခဲ့ပေ။ သံတိုင်တချို့သာ အနည်းငယ် ကွေးညွတ်သွားသည်။ အလွန်ခိုင်မာသော သံလှောင်အိမ်ပင်။
ထိုအခြေနေကို ကြည့်ပြီး မြွေဟောက်ဂိုဏ်းချုပ်၏ တည်တင်းနေသော မျက်နှာက တဖြည်းဖြည်း ပြေလျှော့သွားသည်။ ထို့နောက် သူက ပြုံးလိုက်သည်။
“တော်ပါပေတယ်။ တော်ပါပေတယ်။ မင်းတို့က အစီစဉ်တကျ သေချာ လှုပ်ရှားခဲ့ကြတာပဲ။ ဒါပေမဲ့ အဆုံးသတ်မှာ ရလဒ်ကတော့…၊ ဟားဟား…”
လှောင်အိမ်ထဲမှ အမျိုးသမီး အပြင်မထွက်လာနိုင်လျှင် ကျန်သည့်ကိစ္စကို ဂရုစိုက်ရန် မလိုတော့ပေ။
“ဝှီး…ဝှီး…ဝှီး…”
ရွှေရောင်အလင်းတန်းကြီးတစ်ခုက စကြာလို ချာချာလည်၍ လျင်မြန်စွာ ပျံသန်းလာသည်။
ရွှေလခြမ်းဓား…။
ဝမ်သခင်လေး ပစ်လွှတ်လိုက်ခြင်းဖြစ်သည်။
စကြာလို လည်ပတ်ပျံသန်းလာသော လခြမ်းဓားကြီးက သံလှောင်အိမ်ကို လာခုတ်ပိုင်းချလိုက်သည်။
“ဝှီး…ဝှီး…”
“ချွမ်း…”
ခုတ်ချက်က လက်နှင့်ကိုင်၍ ခုတ်ပိုင်းချလိုက်သလို တိကျနေခဲ့သည်။ သံတိုင်များပေါ် ထိထိမိမိ ခုတ်ပိုင်းမိခဲ့သည်။
သံတိုင်များ မပြတ်သွားပါ။ သို့သော် သံတိုင်များပေါ်တွင် ဓားရာတော့ ထင်သွားသည်။
“ဟားဟား…။ မင်းရဲ့ လခြမ်းဓားက ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ ခွန်အားလောက်နဲ့ လှောင်အိမ်ကို ခုတ်ဖြတ်နိုင်မှာတဲ့လား”
မြွေဟောက်ဂိုဏ်းချုပ်က ရယ်မော၍ ပြောရင်း ဝမ်သခင်လေးကို အေးတိအေးစက် လှမ်းကြည့်နေခဲ့သည်။ ထိုဓားချက်က အမှန်ပင် တိကျလွန်းနေခဲ့သည်။ အမှန်တိုင်း ဝန်ခံရလျှင် ထိုဓားချက် ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်ပြီး မြွေဟောက်ဂိုဏ်းချုပ်ပင် ထိတ်ကနဲ ဖြစ်သွားခဲ့ရသည်။
၎င်းမှာ လခြမ်းဓား ဖြစ်သည်။ ပိုင်ဖေးယိ၏ မိုးဓားမြေဓား မဟုတ်ပါ။ လိုသလို ထိန်းချုပ်ပစ်ခတ်အသုံးပြုရသော ဓား မဟုတ်ပါ။ သို့သော် ဝမ်သခင်လေးက လခြမ်းဓားကြီးကို ပစ်ခတ်၍ ခုတ်ပိုင်းခဲ့သည်။ လှောင်အိမ်ကသာ သာမန်သံလှောင်အိမ်ဆိုပါက သံတိုင်များ ပြတ်တောက်သွားမည်ကို စိုးရိမ်ရသည်။ ဤသံလှောင်အိမ်က ကောင်းမွန်လွန်းနေ၍သာ တော်တော့သည်။
ဝမ်သခင်လေးက မြွေဟောက်ဂိုဏ်းချုပ်ကို ပြန်စိုက်ကြည့်၍ ပြုံးလိုက်သည်။
“သူ့ခွန်အားနဲ့ ဆိုရင်ရော…”
“ဘာ…”
မြွေဟောက်ဂိုဏ်းချုပ်မှာ ကျောရိုးထဲမှ စိမ့်ကနဲ ဖြစ်သွားပြီး ကြက်သီးမွေးညင်း ထသွားသည်။ သူက ဆတ်ကနဲ ပြန်လှည့်ကြည့်လိုက်သည်။
“… …”
ဆွံ့အမင်တက်လျက် မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ တဖျပ်ဖျပ် လှုပ်ခတ်သွားသည်။
လခြမ်းဓားက အမျိုးသမီးကြီး၏ လက်ထဲတွင် ရောက်နေခဲ့လေပြီ။
သူမ၏ ခွန်အားနှင့်သာဆိုလျှင်…
မြွေဟောက်ဂိုဏ်းချုပ် ကြည့်နေစဉ်မှာပင် အမျိုးသမီးကြီးက လက်ကို တစ်ချက် လှုပ်ရှားလိုက်သည်။
ရွှေရောင်အလင်းတန်းကြီး တောက်ပသွားခဲ့သည်။ မီးပွားများ တဖြန်းဖြန်း ပွင့်ထွက်သွားသည်။
“ချွမ်း…ချွမ်း”
နားအူမတတ် ဆူညံသံကြီး ထွက်ပေါ်လာပြီး သံလှောင်အိမ်မှာ ထက်ပိုင်း ပြတ်ထွက်သွားလေ၏။
တစ်ချက်တည်း ခုတ်ဖြတ်ပစ်လိုက်သည်။ ခိုင်မာလှပါသည်ဆိုသော သံလှောင်အိမ်၏ သံတိုင်များမှာ ဝါးလုံးများလို တိတိရိရိ ပြတ်ထွက်ကုန်၏။
ထက်ရှလွန်းသည့် လခြမ်းဓား။ ပြင်းထန်လွန်းသည့် ခွန်အား။ မည်သည့် ဓားပညာ မည်သည့် ဓားနည်းစနစ်မှ မပါဘဲ သည်အတိုင်း ထင်းခုတ်သလို ဝါးခုတ်သလို ခုတ်ပိုင်းလိုက်သော ဓားချက်တစ်ခုက သံလှောင်အိမ်ကို ပိုင်းဖြတ်သွားခဲ့သည်။
အမျိုးသမီးကြီးက လခြမ်းဓားကို တစ်ချက်ကြည့်သည်။
“ဓားကောင်းပဲ”
သူမ၏ အသံက တိုးလျသည်။ သို့သော် လူတိုင်းကို ခေါင်းပေါ်မှ ရေခဲရေနှင့် လောင်းချခံလိုက်ရသလိုမျိုး အေးစိမ့်သွားစေသည်။
လခြမ်းဓားက အမှန်ပင် ကောင်းလွန်း၏။ ဤမျှ ခိုင်ခံ့သော သံလှောင်အိမ်ကို ခုတ်ဖြတ်ခဲ့ပါလျက်၊ ဤမျှ ပြင်းထန်သော ခုတ်ချက်ကို ထုတ်ဖော်ခဲ့ပါလျက် လခြမ်းဓားမှာ ပွန်းခြင်း ပဲ့ခြင်းလည်း မရှိသလို ထက်မြမှုလည်း မလျှော့သွားခဲ့ပါ။
ဝမ်သခင်လေးတွင်သာ လုံလောက်သော ခွန်အား ရှိခဲ့ပါလျှင် ခုနက လေထဲမှ ခုတ်ပိုင်းချက်ကပင် သံတိုင်များကို ဖြတ်တောက်သွားပေလိမ့်မည်။
အမျိုးသမီးကြီးက ခန္ဓာကိုယ်ကို အသာလှုပ်ရှားလိုက်ရာ လှောင်အိမ်အပြင်သို့ ရောက်လာခဲ့သည်။ သူမက မြွေဟောက်ဂိုဏ်းချုပ်ကို ကြည့်ပင် မကြည့်ဘဲ သည်အတိုင်း ရှေ့မှ ဖြတ်လျှောက်၍ စင်မြင့်ထက်မှ ဆင်းသွားခဲ့သည်။
မြွေဟောက်ဂိုဏ်းချုပ်မှာ တားဆီးရန် ဟန်ပြင်သော်လည်း သူ့ခြေလက်များက လှုပ်ရှားမရ ဖြစ်နေခဲ့သည်။ ပါးစပ်ကလည်း စကားမပြောနိုင် ဖြစ်နေခဲ့သည်။ ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့တစ်ကိုယ်လုံးကို ချပ်ပိတ်ထားသလို ဖြစ်နေသည်။
သိုင်းအကျော်မော်နှစ်ယောက်မှာလည်း အတူတူပင်။ တောင့်တင်းလျက်သာ ရပ်ကြည့်နေခဲ့ကြသည်။
အမျိုးသမီးကြီးက မြွေဟောက်ဂိုဏ်းသားများကြားမှ ဖြတ်လျှောက်လာခဲ့သည်။
မည်သည့် မြွေဟောက်ဂိုဏ်းသားကမှ မတားဆီးရဲကြပေ။ သည်အတိုင်း တောင့်တင်းလျက် ပြူးကြည့်နေကြသည်။ တွန့်ဆုတ်တွန့်ဆုတ်နှင့် နောက်ဆုတ်၍ လမ်းဖယ်ပေးကြသည်။
အမျိုးသမီးကြီးက ဝမ်သခင်လေးကို တစ်ချက်ကြည့်ပြီး လခြမ်းဓားကို ပြန်ပေးလိုက်သည်။
“ဓားငှားလို့ ကျေးဇူးတင်ပါတယ်”
ဝမ်သခင်လေးက တစ်ခုခု ပြန်ပြောရင် ပြင်သော်လည်း ပြောခွင့် မရခဲ့ပေ။ အမျိုးကြီးက ကုချင်းရှင်ထံသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
ကုချင်းရှင်မှာ အားကုန်ထုတ်သုံးခဲ့ရ၍ အလွန်ပင်ပန်းနေ၏။ အတော်အားယူ၍ ရပ်နေရပုံမျိုး ဖြစ်နေသည်။
အမျိုးသမီးကြီး၏ လက်တစ်ဖက်က ကုချင်းရှင်၏ ပခုံးပေါ်သို့ ရောက်သွားသည်။
ခဏအတွင်းမှာပင် ကုချင်းရှင်က ပြန်တည်ငြိမ်သွားသည်။
“အင်း…၊ သွားကြစို့…”
အမျိုးသမီးကြီးက ထိုမျှသာ ပြောပြီး ခန်းမတံခါးဆီ လျှောက်သွားသည်။
ကုချင်းရှင်က ခေါင်းညိတ်၍ နောက်က ကပ်လိုက်သွားသည်။
အမျိုးသမီးကြီးက တံခါးကို လက်ဝါးတစ်ချက် ရိုက်လိုက်ရာ
“ဝုန်း…”
တံခါးကြီးမှာ တစ်ချက်တည်း ပွင့်ထွက်ပြီး ကျိုးပဲ့လွင့်စင်သွားသည်။
ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့လည်း ခန်းမထဲ မနေကျန်ခဲ့ဘဲ အနောက်က အမြန်ပြေးလိုက်သွားကြသည်။
မြွေဟောက်ဂိုဏ်း သိုင်းခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်လျက် ကျန်ရစ်ခဲ့လေ၏။
အခန်း(၃၅၃)ပြီး
***