“ဒါက ဘယ်နေရာလဲ”
တောင်ကုန်းပေါ်မှ ဆင်းလာစဉ် အမျိုးသမီးကြီးက ဝမ်သခင်လေးကို လှည့်မေးသည်။
“ကွေ့ယန်မြို့၊ မြွေဟောက်ဂိုဏ်းပါ ဆရာမကြီး”
“ကွေ့ယန်မြို့လား…”
အမျိုးသမီးကြီးက တီးတိုးရေရွတ်သည်။ သူမ အချုပ်နှောင်ခံထားရသော နေရာကို သူမက မသိပုံပင်။
အမျိုးသမီးကြီးက ပိုင်ဖေးယိနှင့် ယဲ့ကျုံးတို့ကို ကြည့်ပြီး အသိမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“နောက်မှ စကားပြောကြတာပေါ့။ အရင်ဆုံး ဒီနေရာက ထွက်ကြမယ်”
အမျိုးသမီးကြီးက ပြောရင်း ဆင်းသွားသည်။
လူငယ်များလည်း နောက်က ပြေးလိုက်သွားကြသည်။
သူတို့က လူကယ်ဖို့သာ လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ အခု လူကယ်ပြီးပြီဖြစ်၍ သွားရန်သာ ရှိတော့သည်။
မြွေဟောက်ဂိုဏ်းသားများနှင့် ဆက်ပြီး တိုက်ခိုက်သတ်ဖြတ်နေရန် မလိုတော့ပေ။
နောက်တစ်ချက်မှာ သူတို့က ဤနေရာမှ အမြန်ဆုံး ထွက်သွားရမည် ဖြစ်သည်။ မြွေဟောက်ဂိုဏ်း၏ နောက်တွင် နဂါးစိမ်းဂိုဏ်း ရှိနေသည် မဟုတ်ပါလား။
အမျိုးသမီးကြီးကိုယ်တိုင်ကလည်း လက်တုံ့ပြန်ဖို့ မကြိုးစားဘဲ ထွက်သွားဖို့သာ ရွေးချယ်ခဲ့သည်။ သူမ တစ်ယောက်တည်း မဟုတ်နေ၍ပင်။ လူငယ်များအတွက် သူမက အမြန်ဆုံး ထွက်သွားဖို့ လိုအပ်သည်။ ထို့ကြောင့်အချိန်ကုန်ခံ၍ တိုက်ခိုက်မသတ်ဖြတ်နေတော့ဘဲ တောင်ကုန်းပေါ်မှ အမြန်ဆင်းသွားလိုက်ကြသည်။
မြွေဟောက်ဂိုဏ်း သိုင်းခန်းမထဲတွင်တော့…
“ဂိုဏ်းချုပ်…”
မြွေဟောက်ဂိုဏ်းသားတစ်ယောက်က သူတို့ ဂိုဏ်းချုပ်ကို ခေါ်လိုက်သည်။
ထိုအခါ မြွေဟောက်ဂိုဏ်းချုပ်က တောင့်တင်းငြိမ်သက်နေရာမှ လှုပ်ရှားလာသည်။ သူ့မျက်နှာပေါ်တွင် ခက်ထန်မှုကြီး ထင်ဟပ်လာသည်။ ဒေါသတကြီး ပြောလိုက်သည်။
“အချက်ပြမီးကျည် လွှတ်…အဟွတ်…”
သို့သော် စကားကို ဆုံးအောင် မပြောလိုက်ရပါ။ မျက်လုံးကြီး ပြူးကျယ်သွားပြီး ပါးစပ်ထဲက သွေးများ ပွက်ကနဲ ထွက်ကျလာသည်။ လည်ပင်းတွင်လည်း ဆံချည်မျှင်လို သွေးအစင်းကြောင်းကလေးတစ်ခု ပေါ်ထွက်လာသည်။
မြွေဟောက်ဂိုဏ်းချုပ်က လည်ပင်းကို လက်ဖြင့် အမြန်ဆုပ်ကိုင်၍ ဖိအုပ်ထားလိုက်သည်။ သို့သော် လက်ကြားထဲမှ သွေးများ ဖြန်းကနဲ ပန်းထွက်လာသည်။
“မဖြစ်… မဖြစ်… နိုင်…”
မြွေဟောက်ဂိုဏ်းချုပ်မှာ ပလုံးပထွေး ပြောရင်း လဲကျသွားလေ၏။
“ဘိုင်း…”
တစ်ချက်နှစ်ချက် အကြောဆွဲပြီး ငြိမ်သက်သွားလေ၏။
သေသွားခဲ့လေပြီ။
ဂိုဏ်းသားများမှာ အလွန်ထိတ်လန့်တုန်လှုပ်ကုန်သည်။ သူတို့ ဂိုဏ်းချုပ် မည်သို့ ဒဏ်ရာရလိုက်မှန်း မသိခဲ့ပေ။ သူတို့ဂိုဏ်းချုပ်ကိုယ်တိုင်လည်း သူ့ကိုယ်သူ မည်သို့ ဒဏ်ရာရခဲ့မှန်း သိပုံမရပေ။
ဂိုဏ်းသားများ၏ အကြည့်က သိုင်းအကျော်မော်နှစ်ယောက်ထံ ရောက်သွားသည်။
သိုင်းအကျော်မော်နှစ်ယောက်မှာ ယခုတိုင် ငြိမ်သက်နေ၏။ မျက်တောင်လည်း မခတ်ကြပေ။ အသက်လည်း မရှူကြပါ။
“သေ…သေကုန်ပြီ။ အားလုံး သေကုန်ပြီ”
မြွေဟောက်ဂိုဏ်းသားများမှာ အလွန်ထိတ်လန့်ကုန်ကြသည်။ တချို့မှာ ဒူးများတုန်ကာ ဖင်ထိုင်ကျသွားသည်။ ခုနကအထိ သူတို့က ရပ်တည်နေနိုင်ခြင်းမှာ သူတို့၏ နောက်တွင် ဂိုဏ်းချုပ်ရှိသည်ဟူသော အသိကြောင့် ဖြစ်သည်။ ထို့ကြောင့် ရန်သူ ခုနစ်ယောက်ကို ဖြစ်စေ အမျိုးသမီးကြီးကို ဖြစ်စေ ထိန့်လန့်ခဲ့ကြသော်လည်း သွေးပျက်လောက်အောင် မကြောက်ခဲ့ပေ။ အခုတော့ သူတို့အားလုံး သွေးပျက်ထိတ်လန့်သွားကြသည်။ ရန်သူက သူတို့ ထင်ထားသည်ထက် ကြောက်စရာကောင်းလွန်းနေသည်။
သူတို့၏ ဂိုဏ်းချုပ်နှင့် ဂိုဏ်းလက်ထောက်နှစ်ယောက်လုံး မည်သည့်အချိန်ကတည်းက အသတ်ခံရမှန်း မသိဘဲ မတ်တပ်ကြီး သေဆုံးနေခဲ့ကြလေ၏။ ဤကား အမှန်ပင် ကြောက်စရာကောင်းလွန်းသည်။ သူတို့၏ အသက်မှာလည်း ရန်သူက ချမ်းသာပေးခဲ့၍သာ အသက်နှင့်ကိုယ် မြဲနေခြင်း ဖြစ်ကြောင်း နားလည်သွားသည်။ သူတို့က အားနည်းလွန်းနေသောကြောင့် ရန်သူက အချိန်ကုန်ခံ၍ မသတ်ဖြတ်နေတော့ခြင်းဖြစ်ကြောင်း နားလည်သွားသည်။
“မီးကျည်… အချက်ပြမီးကျည် မြန်မြန် လွှတ်ရမယ်”
ဂိုဏ်းသားက မြွေဟောက်ဂိုဏ်းချုပ် နောက်ဆုံး ပြောခဲ့သော စကားကို သတိရလာပြီး အော်ပြောလိုက်သည်။ ထို့နောက် ခန်းမအပြင်သို့ ပြေးထွက်ပြီး အချက်ပြမီးကျည်တစ်ခု ပစ်လွှတ်လိုက်သည်။
“ရွှီး…”
“ဒိန်း…”
ကောင်းကင်ထက်တွင် အနီရောင် မီးပန်းကြီး ပေါက်ကွဲလင်းထိန်သွားလေ၏။
ခေါင်မိုးပေါ်တွင်တော့ ရှောင်လုံနှင့် နှင်းပန်းက အခြေနေအားလုံးကို ကြည့်နေခဲ့ကြသည်။
~~မောင်လေး…၊ အဲဒီလူတွေ ဘယ်လို အသတ်ခံလိုက်ရတာလဲ~~
နှင်းပန်းလည်း မြွေဟောက်ဂိုဏ်းချုပ်နှင့် သိုင်းအကျော်မော်နှစ်ယောက် မည့်သို့ အသတ်ခံခဲ့ရမှန်း မသိခဲ့ပေ။ သတ်သူမှာ အမျိုးသမီးကြီးမှန်း တွက်ချက်မိသော်လည်း အမျိုးသမီးကြီး လှုပ်ရှားခဲ့သည်ကို နှင်းပန်းက မမြင်နိုင်ခဲ့ပေ။
~~အဲဒီ အမျိုးသမီးကြီး မြွေဟောက်ဂိုဏ်းချုပ်ရှေ့ကနေ ဖြတ်သွားတုန်းက သတ်သွားတာ~~
~~ဟုတ်လား…၊ ဘာမှ မလှုပ်ရှားခဲ့ဘူး မဟုတ်လား။ ဒီအတိုင်း ဖြတ်လျှောက်သွားတာ မဟုတ်ဘူးလား။ အဲဒီအမျိုးသမီးကြီး တစ်ခုခု လှုပ်ရှားလေမလားဆိုပြီး မမက သေချာ စောင့်ကြည့်နေသေးတာ။ အင်္ကျီလက်တောင် မလှုပ်ရှားသွားဘူး~~
ရှောင်လုံက ခေါင်းညိတ်သည်။
~~ဟုတ်တယ်။ မြွေဟောက်ဂိုဏ်းချုပ်လည်း အဲဒီအမျိုးသမီးကြီး လှုပ်ရှားလာရင် ခုခံရှောင်တိမ်းလို့ရအောင် အသင့်ပြင်ပြီး မျက်တောင်မခတ် စောင့်ကြည့်နေတာပါပဲ။ ဒါပေမဲ့ အဲဒီ အမျိုးသမီးက လက်နဲ့ သတ်သွားတာ မဟုတ်ဘူး။ ဆံပင်နဲ့ သတ်သွားတာ။ လေထဲ လွင့်နေတဲ့ ဆံပင်တွေထဲက တစ်ပင်က အဲဒီ လူတွေရဲ လည်ပင်းကို ဖြတ်သွားခဲ့တာ~~
~~ဆံပင်လား~~
~~ဆံပင်ပဲလား တစ်စုံတစ်ခုလားတော့ မသေချာဘူး။ ဆံပင်လိုပဲ လေထဲ လွင့်နေတဲ့ အမျှင်လေးတစ်ခုက လည်ပင်းကို ဖြတ်သွားတာ~~
နှင်းပန်းလည်း ထိုအမျိုးသမီးကြီး နိုးထလာစဉ်က အတွင်းအားအရှိန်ဝါနှင့်အတူ ဆံပင်များ လေထဲ လွင့်နေသည်ကို ပြန်သတိရသွားသည်။ တစ်စုံတစ်ခုကိုလည်း ရိပ်မိသွားသည်။
~~အဲဒီလိုကိုး၊ သူမက ဆံပင်တွေကို အတွင်းအားနဲ့ ထိန်းချုပ်နိုင်တာထင်တယ်။ ဒါမှမဟုတ် သူမရဲ့ ဆံပင်တွေထဲမှာ လူသတ်ကြိုးမျှင်တွေ ရောထားတာ ထင်တယ်~~
သူမ ရရှိခဲ့သော နဂါးဆူးနွယ်လက်နက်သည်ပင် အတွင်းအားမပိုးလွှတ်လျှင် သာမန်ပိုးကြိုးသဖွယ် ပျော့ပျောင်းနေသော်လည်း အတွင်းအားပို့လွှတ်စီးဆင်းစေလိုက်လိုက် ကြောက်စရာကောင်းသော လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည် မဟုတ်ပါလား။
ထိုအမျိုးသမီး၏ လက်နက်ကလည်း ထိုကဲ့သို့ အရာမျိုး ဖြစ်လျှင် ဖြစ်နေနိုင်သည်။ ဆံပင်လည်း ဖြစ်နေနိုင်သည်။ ထိုအမျိုးသမီး၏ အတွင်းအားက အလွန်အားကောင်းလွန်းနေသည်။
~~မောင်လေး…၊ အဲဒီအမျိုးသမီးကြီးရဲ့ အတွင်းအားက အားကောင်းလွန်းနေတယ်။ အထွတ်ထိပ်အဆင့် အတွင်းအားနဲ့ မတူဘူး။ ဧကန္တ ဟိုအဆင့်များလား~~
နှင်းပန်းဆိုလိုသည်က ဉာဏ်အလင်းပွင့်အဆင့်များလားဟူ၍ပင် ဖြစ်သည်။
ရှောင်လုံက ခေါင်းခါပြသည်။
~~မဟုတ်ဘူး မမ၊ ဉာဏ်အလင်းပွင့်အဆင့်ရဲ့ အတွင်းအားက ဒီထက် ပိုအားကောင်းတယ်။ ကျွန်တော် နစ်မြုပ်ရှေးဟောင်းပြာသာဒ်ခေါင်းဆောင် အဆင့်တက်တာ မြင်ခဲ့ဖူးတယ်။ အတွင်းအားက သန့်စင်တဲ့ အနေထားကနေ လုံးဝ မတူတဲ့ အနေထားထိ ပြောင်းလဲသွားတယ်။ အခု အဲဒီအမျိုးသမီးကြီးရဲ့ အတွင်းအားက တော်တော်အားကောင်းပေမဲ့ လုံးဝ မပြောင်းလဲသွားသေးဘူး။ သန့်စင်လွန်းတဲ့ အနေထားနဲ့ ပြောင်းလဲမယ့် အရိပ်အယောင်လောက်ပဲ ရှိသေးတယ်။ ဉာဏ်အလင်းပွင့်အဆင့် မဟုတ်သေးဘူး။ အထွတ်ထိပ်ကို ကျော်လွန်တဲ့အဆင့် ဖြစ်လိမ့်မယ်~~
ရှောင်လုံက ပြောရင်း အတွေးနက်နေခဲ့သည်။
သူက အထွတ်ထိပ်အဆင့်မှ ဉာဏ်အလင်းပွင့်အဆင့်သို့ အကူးအပြောင်း အဆင့်တက်ပုံကို ပို၍ နားလည်လာသည်။ အထွတ်ထိပ်အဆင့်မှ ဉာဏ်အလင်းပွင့်အဆင့်သို့ တက်ရန်မှာ အတွင်းအားအသွင်ပြောင်းလဲမှု၊ သိုင်းပညာထိုးထွင်းသိမြင်မှုနှင့် ကိုယ်ဖော့ပညာထိုးထွင်းသိမြင်မှုတို့ အပြည့်အစုံ လိုအပ်ကြောင်း ပိုနားလည်လာသည်။ ထိုးထွင်းသိမြင်မှု အပြည့်အစုံ မဟုတ်လျှင် ဉာဏ်အလင်းပွင့်အဆင့်သို့ မရောက်နိုင်ဘဲ အထွတ်ထိပ်ကိုကျော်လွန်သောအဆင့်ထိသာ ရောက်နိုင်ကြောင်း နားလည်သွားသည်။
သူ့ဘိုးဘိုးကလည်း ကိုယ်ဖော့ပညာ၌ သိမြင်နားလည်မှုတစ်စွန်းတစ်စ ရရှိခဲ့သည်။ ယခု ထိုအမျိုးသမီးကြီးကလည်း အတွင်းအားပညာ၌ သိမြင်နားလည်မှု တစ်စွန်းတစ်စ ရပြီး အတွင်းအားအသွင်ပြောင်းလဲမှု အရိပ်အယောင်များ ပိုင်ဆိုင်ထားသည်။ သို့သော် ၎င်းမှာ အစစ်မှန် အတွင်းအားအသွင်ပြောင်းလဲခြင်း မဟုတ်နေပေ။
~~ဘာဖြစ်လို့လဲ မောင်လေး~~
~~သူတို့ အဲဒီအမျိုးသမီးကြီးကို လာကယ်ကြတာက ကောင်းတာလား ဆိုးတာလား မသိတော့ဘူး~~
နှင်းပန်းက နားမလည် ဖြစ်သွားသည်။
~~ကျွန်တော်ထင်တာ မမှားရင် အဲဒီ အမျိုးသမီးက အတွင်းအားပညာကို သိမြင်နားလည်မှုတချို့ ရပြီး အတွင်းအား လေ့ကျင့်နေခဲ့တာပဲ~~
ထိုတော့မှ နှင်းပန်းလည်း ရှောင်လုံပြောချင်သော အဓိပ္ပါယ်ကို နားလည်သွားသည်။
~~ဟုတ်သားပဲ။ လှောင်အိမ်ထဲမှာ သူ ငြိမ်နေခဲ့တဲ့ ပုံစံ တစ်ခုခုကို လေ့ကျင့်နေတာနဲ့ တူနေခဲ့တာပဲ။ ကုချင်းသံနဲ့ အနှိုးခံလိုက်ရတော့ နိုးနိုးချင်း တော်တော်လေး ခက်ထန်အေးစက်နေခဲ့တာ။ သူလေ့ကျင့်နေတာကို အနှောက်ယှက်ခံလိုက်ရသလို ဖြစ်သွားတာ ထင်တယ်~~
ရှောင်လုံနှင့် နှင်းပန်းတို့ ပြောဆိုနေကြစဉ် ခန်းမထဲတွင်တော့ မြွေဟောက်ဂိုဏ်းသားများက အလောင်းများကို ရှင်းလင်းနေကြသည်။
ရှောင်လုံက နှင်းပန်းကို ပြောလိုက်သည်။
~~မမ…၊ ဒီမြွေဟောက်ဂိုဏ်းက သာမန်ဂိုဏ်းမဟုတ်ဘူးဆိုတော့ အခြေနေပေးတုန်း သူတို့ဂိုဏ်းထဲ တစ်ချက် လိုက်စစ်ဆေးကြည့်ရင် မကောင်းဘူးလား~~
နှင်းပန်းက ရှောင်လုံကို ကြည့်လာသည်။ သူ့မောင်လေး၏ အတွေးကို သူမက ရိပ်မိနေ၍ ဖြစ်သည်။ သူမမောင်လေးက ကြက်မ မရှိတုန်း ကျင်းထဲက ဥနှိုက်ချင်နေသည် မဟုတ်ပါလား။
~~ခစ်ခစ်…၊ မောင်လေးက အခွင့်ရေးကို အသုံးချမလို့လား~~
~~ဟီးဟီး…၊ မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းရဲ့ လက်အောက်ကဆိုတော့ မြွေဟောက်ဂိုဏ်းကို အားနည်းအောင်လုပ်တာက နဂါးစိမ်းဂိုဏ်းကို အားနည်းအောင် လုပ်ရာ ရောက်တယ်လေ မမ~~
~~ခစ်ခစ်…၊ အဲဒီလိုလား~~
~~ဟုတ်ကဲ့~~
~~အင်း…၊ ဒါဆို တစ်ချက်လောက် ကြည့်ကြည့်ကြတာပေါ့။ ဒီနေရာက ထွက်သွားဖို့လည်း အချိန်ကျပြီဆိုတော့ မြန်မြန် လှုပ်ရှားလိုက်ကြစို့~~
နှင်းပန်းက သူမမောင်လေး၏ အကြံကို သဘောတူ ခေါင်းညိတ်လိုက်ပြီး ခေါင်မိုးအုတ်ကြွပ်ကိုလည်း အသာပြန်ပိတ်လိုက်သည်။
ထို့နောက် နှစ်ယောက်လုံး ထိုနေရာမှ ရိပ်ကနဲ ပျောက်ကွယ်သွားလေ၏။
ရှောင်လုံက နှင်းပန်းကို ဆွဲခေါ်၍ မြွေဟောက်ဂိုဏ်း၏ အဆောက်ဦးခေါင်မိုးများပေါ်တွင် တရိပ်ရိပ် လျှောက်သွားလိုက်သည်။ တစ်ဆက်တည်း မျက်လုံးပေါက်မပါသော စိတ်ဝိညာဉ်ကြေးမျက်နှာဖုံးကို တပ်၍ အဆောက်ဦးတစ်ခုလုံးကိုလည်း စိတ်ဝိညာဉ်ဖြင့် အာရုံခံကြည့်လိုက်သည်။
ရှောင်လုံက စိတ်ဝိညာဉ်ကြေးမျက်နှာဖုံးကို သူ့စိတ်ဝိညာဉ်အာရုံခံမှုကို ဖုံးကွယ်ရန်အတွက်သာ အသုံးပြုသည်။ စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ချဲ့ထွင်ရန် မသုံးခဲ့ပေ။ ထိုစိတ်ဝိညာဉ်ကြေးမျက်နှာဖုံးက စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ဆယ်ဆအထိ တိုးချဲ့နိုင်သော်လည်း စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးမှုကလည်း အလွန်ကြီးမားသည်။ စိတ်ဝိညာဉ်အာရုံခံမှုကို ဖုံးကွယ်ရန်အတွက်သာဆိုပါက စိတ်ဝိညာဉ်စွမ်းအား ကုန်ဆုံးခြင်း မရှိပေ။
အခုလက်ရှိတွင် ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံခံနယ်မြေကလည်း ပေငါးထောင်ပတ်လည်ကို အာရုံခံနိုင်နေပြီဖြစ်သည်။ သူ၏ အမှောင်ထုခြေလှမ်းနှင့် ပေါင်းစပ်ပြီး တစ်နေရာမှ တစ်နေရာသို့ လျင်မြန်စွာ သွားလာပြီး အာရုံခံလိုက်လျှင် စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ချဲ့ထွင်ရန် မလိုအပ်တော့ပေ။ မြွေဟောက်ဂိုဏ်းတစ်ခုလုံးကို စစ်ဆေးရန် အချိန်သိပ်မကြာလိုက်ပါ။
ခဏအကြာတွင်
~~တွေ့ပြီ မမ~~
ရှောင်လုံက သူတို့ရောက်နေသော အဆောက်ဦးထဲတွင် ငွေတုံးများနှင့် ရတနာများ သိမ်းဆည်းထားသည့် အခန်းတစ်ခန်းရှိနေသည်ကို အာရုံခံမိခဲ့သည်။
~~ပစ္စည်းကောင်းတွေ ရှိလား မောင်လေး~~
နှင်းပန်းကလည်း စိတ်ဝင်တစား မေးသည်။
~~ရှိတယ် မမ၊ ဟီးဟီး~~
ရှောင်လုံက သူ့မမ၏ စိတ်ဝင်စားနေမှုကို ကြည့်ပြီး ရယ်သည်။ သူ့မမကိုကြည့်ပြီး ငှက်နီကိုပင် သတိရသွားသည်။ ငှက်နီကလည်း ပစ္စည်းကို အလွန်သိပြီး အလွန်စိတ်ဝင်စားသည် မဟုတ်ပါလား။
‘အဲဒီကောင်က ဘယ်တွေ လျှောက်သွားနေပြန်ပြီလဲ မသိဘူး။ ငါနဲ့ သွားရတာက သူစိတ်ဝင်စားတဲ့ ပစ္စည်းကောင်းတွေ မတွေ့ရလို့ ထွက်သွားတာ ဖြစ်မယ်…’
ငှက်နီကို သူ့အနားမှာ နေရန် ခေါ်ထားသော်လည်း ငှက်နီက ရက်အနည်းငယ်သာ နေပြီး ထွက်သွားခဲ့သည်။ အရိပ်မဲ့ကျွန်းပေါ်တွင် နေစဉ်ကလည်း ထိုသို့ပင် သွားချင်ရာ လျှောက်သွားနေတတ်သည်သာ။
‘သူက အဲဒီလို လျှောက်သွားနေလို့ ဆရာတို့နဲ့ အဆက်သွယ်ပြတ်ခဲ့တာပဲနေမှာ…’
ရှောင်လုံက ငှက်နီအကြောင်း တွေးရင်းက သူ့မမကို ခေါ်၍ ခေါင်မိုးပေါ်မှ ဆင်းလိုက်သည်။
ပုံမှန်ဆိုလျှင် အစောင့်ရှောက် ရှိနေနိုင်သော်လည်း အခုတော့ မည်သည့်အစောင့်မှ မရှိနေပေ။ အပြင်မီးအိမ်တစ်လုံးသာ ချိတ်ဆွဲထွန်းညှိထားသည်။ တံခါးကိုတော့ သော့ပိတ်ထားလေ၏။
~~တံခါးကို သော့ပိတ်ထားတယ် မမ။ ဖျက်လိုက်မယ်~~
~~နေဦး မောင်လေး~~
နှင်းပန်းက ပြုံးစစနှင့် လက်ကို အသာလှုပ်လိုက်ရာ သူမ လက်ထဲတွင် ဆံခြည်မျှင်အပ် လက်နက်ပုံးနှစ်ချောင်း ပေါ်လာသည်။ ထို့နောက် သူမက သော့ပေါက်ထဲကို ဆံချည်မျှင်အပ်ဖြင့် ထိုးထည့်၍ ကလိလိုက်သည်။
ရှောင်လုံကလည်း သူ့မမ လုပ်နေသည်ကို စိတ်ဝင်တစား ကြည့်နေခဲ့သည်။ ထို့အပြင် သော့အိမ်ထဲသို့လည်း စိတ်ဝိညာဉ်အာရုံဖြင့် ထိုးဖောက်၍ ကြည့်နေလိုက်သည်။
~~ဝါး…၊ မမက အရမ်းတော်တာပဲ~~
သူ့မမက သော့အိမ်ထဲမှ သော့ခလုတ်များကို ဆံခြည်မျှင်အပ်ဖြင့် ဖိ၍ ထောက်၍ ပွင့်စေခဲ့သည် မဟုတ်ပါလား။
“ချောက်”
သော့ ပွင့်သွားခဲ့လေပြီ။
~~ခစ်ခစ်…၊ မမ တော်တယ် မဟုတ်လား~~
နှင်းပန်းက သူ့မောင်လေး အမြဲမေးတတ်သော ထိုမေးခွန်းကို ပြန်မေးလိုက်သည်။
~~အရမ်းတော်တယ် မမ။ သော့ဖွင့်တာက စိတ်ဝင်စားဖို့ကောင်းတယ်~~
~~မမ သင်ပေးမယ်လေ~~
~~ဟုတ်ကဲ့ မမ သင်ပေးနော်~~
သော့ပွင့်သွားပြီဖြစ်၍ နှစ်ယောက်သား အဆောက်ဦးထဲသို့ ဝင်သွားလိုက်ကြသည်။ အထဲတွင် မှောင်မည်းနေ၏။
နှင်းပန်းက ညလင်းသလင်းကျောက်ကို ထုတ်လိုက်သည်။ ထိုအခါ မှိန်ဖျော့ဖျော့ အလင်းရောင် ထွက်ပေါ်လာ၏။
ရှောင်လုံက သူ အာရုံခံမိထားသော အခန်းကို တန်းတန်းမတ်မတ် သွားလိုက်သည်။ သို့သော် အခန်းတွင် တံခါးမရှိဘဲ ကျောက်တုံးနံရံကြီးသာ ပိတ်နေခဲ့သည်။
~~အခန်းက ဒီနံရံအနောက်မှာ မမ~~
~~ဒါဆို ဒီနံရံမှာ လျှို့ဝှက်တံခါး ရှိလိမ့်မယ်။ တံခါးကို ဖွင့်တဲ့ လျှို့ဝှက်ခလုတ်လည်း ရှိလိမ့်မယ်။ စစ်ဆေးကြည့်လိုက်~~
ရှောင်လုံလည်း ကျောက်တုံးနံရံကြီးကို စစ်ဆေးကြည့်သည်။ ကျောက်တုံးနံရံကြီးတွင် ပိရိသေသပ်သော အဆက်စပ်နေရာကို ရှာတွေ့ခဲ့သည်။ ထိုအဆက်စပ်က သာမန်မျက်စိဖြင့် မမြင်နိုင်အောင် ပိရိသေသပ်နေခဲ့သည်။
နှင်းပန်းကလည်း ညလင်းသလင်းကျောက်အလင်းရောင်ဖြင့် လိုက်စစ်ဆေးကြည့်နေသည်။
~~ဟုတ်တယ် မမ၊ လျှို့ဝှက်တံခါး ရှိနေတယ်။ လျှို့ဝှက်ခလုတ်က အဲဒီနေရာဖြစ်လိမ့်မယ်~~
ရှောင်လုံ၏ အကြည့်က နံရံပေါ်က နေရာတစ်ခုသို့ ရောက်သွားသည်။ ထိုနောက် သူက နံရံကို လက်ဖြင့် ဖိတွန်းကြည့်လိုက်သည်။
အသံတစ်ချက်နှင့်အတူ နံရံကျောက်သားက လက်တစ်ဝါးစာ လေးထောင့်တစ်ကွက်ကလေးတစ်နေရာ နစ်ဝင်သွားသည်။
“ဂျီ ဂျီ …”
တစ်ချိန်မှာပင် ကျောက်တုံးနံရံကြီးမှာ ကျောက်သားပွတ်တိုက်သံထွက်လာပြီး လျှို့ဝှက်ကျောက်တံခါးက တစ်ပတ်လည်ပြီး ပွင့်သွားခဲ့သည်။
~~ပွင့်သွားပြီ~~
လျှို့ဝှက်တံခါးများနှင့် လျှို့ဝှက်ခလုတ်များမှာ ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံခံမြင်ကွင်းအောက်၌ ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။
နှစ်ယောက်သားမှာ ပြောနေစရာပင် မလိုဘဲ အတွဲညီညီနှင့် လျှို့ဝှက်တံခါးထဲ အမြန်ဝင်လိုက်ကြသည်။
“_ငွေတုံးတွေ…၊ ရတနာတွေ…_”
ပြောလာသူကတော့ တစ်ချိန်လုံးငြိမ်နေခဲ့သော ကြွက်ရုပ်လေး ဖြစ်လေ၏။ ကြွက်ရုပ်လေးက ရတနာခန်းထဲက ငွေတုံးများနှင့် ရတနာများကို အာရုံခံမိပြီး နိုးထလာပုံရသည်။
“_ကြွက်ကလေး…၊ မင်းက ငွေတုံးနံ့ရမှပဲ နိုးလာတော့တယ်နော်။ ဒီအခန်းထဲမှာ ဘာပစ္စည်းကောင်းတွေ ရှိလဲဆိုတာ ငါ့ကို ပြောပြစမ်းပါဦး။ ငွေတွေ ရတနာတွေ များလွန်းလို့ ငါ မရွေးတတ်တော့ဘူး_”
ထိုလျှို့ဝှက်ခန်းထဲတွင် မြွေဟောက်ဂိုဏ်း၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားသည်။ မြွေဟောက်ဂိုဏ်းက ဓားပြဂိုဏ်းလေးတစ်ခု မဟုတ်ပေ။ ကွေ့ကျိုးပြည်နယ်တွင် အရှိန်ဝါကြီးခဲ့သော ထိပ်သိီးအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ ပိုင်ဆိုင်မှုက သာမန်တော့ မဟုတ်ပေ။
ရှောင်လုံလို ငွေမမြင်ဖူးသူအတွက်ကတော့ ထိုငွေသေတ္တာများနှင့် ရတနာများက အလွန်များပြားသော ပမာဏ ဖြစ်နေခဲ့သည်။
အခန်းထဲတွင် ငွေသေတ္တာများနှင့် ရတနာများကို သူတို့နှစ်ယောက်တည်းဖြင့် အကုန်လုံး သယ်မသွားနိုင်ပေ။ သိုဖြစ်၍ အဖိုးတန်ဆုံး ပစ္စည်းကောင်းကို ရွေးယူသွားရပေမည်။
~~မမ…၊ ကောင်းတာတွေပဲ ရွေးယူသွားရအောင်~~
~~အင်း…~~
နှင်းပန်း၏ မျက်လုံးများလည်း တောက်ပနေခဲ့သည်။ သူမက စိတ်လည်း လှုပ်ရှားနေခဲ့သည်။ ရွှေငွေရတနာများနှင့် ပတ်သက်၍ သူမတွင် မည်သည့်အတွေးမှ မရှိဖူးပေ။ ပိုင်ဆိုင်မှုလည်း မရှိဖူးပေ။ အထူးတလည် နှစ်သက်ခြင်းလည်း မရှိဖူးပေ။ ယခု သူမ စိတ်လှုပ်ရှားပြီး စိတ်ဝင်တစားဖြစ်နေသည်က သူမမောင်လေးနှင့်အတူ ယခုလို လုပ်နေရသည်ကို စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ပျော်ဖို့ကောင်းသည်ဟုလည်း ခံစားနေရသည်။ သူမမောင်လေးက ငွေတုံးများနှင့် ရတနာများကို အတော်လေး သဘောကျနေပုံရသည် မဟုတ်ပါလား။
ကလေးကစားစရာကို လူကြီးများက သဘောမကျသော်လည်း ကိုယ့်ကလေးက ထိုကစားစရာကို သဘောကျနေခဲ့လျှင် လူကြီးကလည်း လိုက်သဘောကျမိသကဲ့သို့ပင်။
ယခုလည်း နှင်ပန်းက ရတနာများကို စိတ်မဝင်စားသော်လည်း သူမမောင်လေးက စိတ်ဝင်စားပြီး သဘောကျနေသဖြင့် သူမလည်း လိုက်စိတ်ဝင်လာခဲ့သည်။ သူမမောင်လေး ပျော်လျှင် သူမလည်း ပျော်သည်။ သူမမောင်လေး စိတ်ဝင်စားလျှင် သူမလည်း စိတ်ဝင်စားသည်။
သို့သော် သူမက မည်သည့်ရတနာက ကောင်းမှန်း မသိပေ။ မည်သည့်ရတနာက မည်မျှအဖိုးတန်မှန်းလည်း မသိပေ။ ထို့ကြောင့် မည်သည့်ရတနာကို ရွေးယူရမှန်း မသိအောင် ဖြစ်နေတော့သည်။
ရှောင်လုံလည်း အတူတူပင်။ ငွေကိုပင် သေချာ မမြင်ဖူးသူဖြစ်၍ ရတနာကိုကား အဘယ်မှာ တန်ဖိုးနားလည်နိုင်ပါမည်နည်း။ တောက်တောက်ပြောင်ပြောင် လှလှပပနှင့် ကြည့်ကောင်း၍သာ သဘောကျနေခဲ့ခြင်း ဖြစ်သည်။
နှစ်ယောက်သား မည်သည့်ရတနာကို ယူရမှန်း မသိဖြစ်နေစဉ် ကြွက်ရုပ်လေးက ပြောလာသည်။
“_သခင်…၊ ကောင်းတာတစ်ခု ကျွန်တော်အာရုံခံမိတယ်_”
“_အိုး…၊ ဟုတ်လား။ အဲဒါ ဘာလဲ။ ဘယ်နားမှာလဲ_”
“_သခင့် ညာဘက် သေတ္တာထဲက ကျောက်တုံးပါ။ အဲဒီကျောက်တုံးက ဒီအခန်းထဲက ရွှေ၊ ငွေ၊ ရတနာတွေ အားလုံးပေါင်းရင်တောင် အဲဒီကျောက်တုံးလောက် အဖိုးမတန်ဘူး_”
ကြွက်ရုပ်ကလေး၏ စကားကြောင့် ရှောင်လုံ၏ မျက်လုံးများ တောက်ပသွားသည်။ ဤအခန်းထဲရှိ ရွှေ၊ ငွေ၊ ရတနာ အားလုံးပေါင်းထက်ပင် အဖိုးတန်သည်ဆိုလျှင် အမှန်ပင် တန်ဖိုးကြီးရတနာတစ်ခု ဖြစ်နေလိမ့်မည်။
“_ကြွက်ကလေး မင်း တော်တယ်_”
ရှောင်လုံက ကြွက်ရုပ်ကလေးကို ချီးမွမ်းပြီး သေတ္တာကို ရှာလိုက်သည်။
‘ဒီသေတ္တာဖြစ်မယ်…’
ရှောင်လုံက သေတ္တာလေးကို ယူပြီး ဖွင့်ကြည့်လိုက်သည်။
‘ဟင်…’
သေတ္တာထဲတွင် ကျောက်တုံးတစ်တုံး အမှန်ပင် ရှိနေသည်။ သို့သော် ထိုကျောက်တုံးက လုံးလုံးချောချော ဖြစ်ပြီး လက်သီးဆုပ်လောက် ရှိသည့် သာမန်ကျောက်တုံးတစ်တုံးသာ ဖြစ်နေခဲ့သည်။
ကျောက်တုံး၏ အသွင်အပြင်ကို ကြည့်ပြီး ရှောင်လုံက တစ်ချက် တွန့်သွားသည်။ ကျောက်တုံးက ရေကန်များထဲတွင် တွေ့ရတတ်သော သာမန်ကျောက်တုံးတစ်တုံးသာ ဖြစ်နေ၍ပင်။ တချို့လူများ ရေချိုးလျှင် ချေးတိုက်သော ကျောက်တုံးနှင့်ပင် တူနေသေးသည်။
“_ကြွက်ကလေး…၊ မင်းပြောတာက ဟုတ်မှ ဟုတ်ပါ့မလား။ ကျောက်တုံးက တန်ဖိုးကြီးရတနာနဲ့ တကယ်မတူဘူး_”
“_သခင်…၊ ဒီကျောက်တုံးက တကယ့်ရတနာ၊ တောက်ပလွန်းလို့ ကျွန်တော် စေ့စေ့တောင် မကြည့်နိုင်ဘူး_”
တောက်ပလွန်း၍ စေ့စေ့မကြည့်နိုင်ဘူးလော။ ကြည့်ရသည်မှာ ကြွက်ရုပ်ကလေး၏ ရတနာကို အာရုံခံပုံက ရတနာ၏ တောက်ပမှုကို အာရုံခံခြင်း ဖြစ်ပုံရသည်။ သို့သော်လည်း ထိုကျောက်တုံးက တောက်ပဖို့ နေနေသာသာ ရေညှိချိုးလို ချေးတစ်ထပ်ပင် တက်နေသေး၏။
“_ကောင်းပြီလေ၊ မင်းက ဒီလောက်တောင် ပြောနေမှတော့ ယူလိုက်ပါ့မယ်_”
ရှောင်လုံက ကျောက်တုံးကို သေတ္တာထဲမှ ယူထုတ်လိုက်သည်။ ထိုအခါ ကျောက်တုံးအောက် သေတ္တာအတွင်းတွင် စာရေးထားသည်ကို တွေ့လိုက်ရသည်။
နဂါးမျက်ရည်ပုလဲ၊ လီကျေးရွာ…။
ရှောင်လုံတစ်ယောက် သေတ္တာထဲက စာကိုတစ်လှည့် လက်ထဲက ကျောက်တုံးကို တစ်လှည့် ကြည့်နေမိသည်။
‘ကြည့်ရတာ သာမန်တော့ မဟုတ်ဘူးထင်တယ်…’
ရှောင်လုံလည်း တစ်စုံတစ်ခု တွေးမိပြီး ကျောက်တုံးအတွင်းသို့ စိတ်ဝိညာဉ်ဖြင့် ထိုးဖောက်ကြည့်လိုက်သည်။
‘ဒါက…’
ရှောင်လုံမှာ သူ့စိတ်ဝိညာဉ်အာရုံကို အမြန်ပြန်ရုတ်သိမ်းလိုက်ရသည်။ ကျောက်တုံး၏ အပေါ်ယံကျောက်လွှာကို ဖြတ်ကျော်လိုက်သည်နှင့် အတွင်းထဲကို မကြည့်နိုင်အောင် တောက်ပသော အလင်းရောင်ကို မြင်လိုက်ရသောကြောင့်ပင် ဖြစ်လေ၏။
‘ဒါဆို ဒါက တကယ်ကြီး နဂါးမျက်ရည်ပုလဲလား…’
ရှောင်လုံက သေတ္တာထဲက စာကို ပြန်ကြည့်သည်။
‘လီကျေးရွာလို့လည်း ရေးထားသေးတယ်…’
ရှောင်လုံလည်း နားမလည်အောင် ဖြစ်နေသည်။
‘ကြည့်ရတာ ဒီကျောက်တုံးက လီကျေးရွာနဲ့ တစ်ခုခု ပတ်သက်နေတာ များလား…’
ရှောင်လုံလည်း သူ မတွေးတတ်ဖြစ်နေ၍ သူ့မမကို မေးကြည့်လိုက်သည်။
~~မမ…၊ ဒီမှာ ကြည့်ကြည့်…၊ လီကျေးရွာဆိုတာ ရှိလား~~
နှင်းပန်းလည်း သေတ္တာထဲက စာကို ကြည့်သည်။
~~လီကျေးရွာတွေက ရှိမှာပဲပေါ့။ ဒီကွေ့ကျိုးပြည်နယ်တစ်ခုတည်းမှာတောင် လီကျေးရွာတွေက အများကြီး ရှိနေနိုင်တယ်~~
ဟုတ်လည်း ဟုတ်သည်။ အင်ပါယာတစ်ဝှမ်းတွင် လီမျိုးရိုးများ နေထိုင်သည့် လီကျေးရွာများစွာ ရှိပေလိမ့်မည်။
~~ဒီကျောက်တုံးကို နဂါးမျက်ရည်ပုလဲလို့ ရေးထားတာဆိုတော့ သာမန်တော့ မဟုတ်လောက်ဘူး။ လောလောဆယ် သိမ်းထားလိုက်လေ။ နောက်မှ ဆက်လေ့လာကြည့်ပေါ့~~
နှင်းပန်းကတော့ ကျောက်တုံး၏ အတွင်းက တည်ရှိမှုကို မမြင်နိုင်သဖြင့် နဂါးဝိညာဉ်ပုလဲကို ကျောက်တုံးတစ်တုံးအဖြစ်သာ မြင်နေခဲ့သည်။
~~ဟုတ်ကဲ့ မမ၊ ဘိုးဘိုးကို မေးကြည့်ရမယ်~~
ထို့နောက် နှစ်ယောက်သား အဖိုးတန်လိမ့်မည်ဟု ထင်ရသော ရတနာများနှင့် ငွေတုံးတချို့ကို နိုင်သလောက်ယူ၍ အခန်းထဲမှ ပြန်ထွက်လာလိုက်ကြသည်။
အားလုံး ခြေရာလက်ရာ မကျန်အောင် ဂရုစိုက်ပြီး အဆောက်ဦးထဲက ပြန်ထွက်လိုက်ကြသည်။ တံခါးသော့ကိုလည်း အနေထားမပျက် ပြန်ခတ်ထားလိုက်သည်။
~~သွားကြစို့~~
ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးစိစိနှင့် ကြည့်လိုက်ကြပြီး ထိုနေရာမှ တစ္ဆေသရဲလို ပျောက်ကွယ်သွားကြသည်။
ကောင်းကင်တွင်တော့ ဆယ်လပိုင်း ဆယ်ရက်နေ့ည၏ လမင်းက တိတ်ဆိတ်စွာ သာနေခဲ့လေ၏။
အခန်း(၃၅၄)ပြီး
***