ရှောင်လုံတို့ ထွက်သွားပြီး မကြာခင်မှာပင် မြွေဟောက်ဂိုဏ်းရှိရာ တောင်ကုန်းပေါ်သို့ လူရိပ်တစ်ခု လျင်မြန်စွာ ရောက်ရှိလာသည်။ ထိုလူက တောင်ကုန်းပေါ် ရောက်သည်နှင့် မြွေဟောက်ဂိုဏ်းသိုင်းခန်းမထဲသို့ လစ်ကနဲ ရောက်လာခဲ့သည်။
“ဝှစ်…ဟူး…”
လူရိပ်၏ လှုပ်ရှားမှုက အလွန်မြန်သည်။ ကိုယ်ဖော့ပညာအလွန်ကောင်းကြောင်း ဖော်ပြနေသည်။
နဂါးစိမ်းဂိုဏ်းဝတ်စုံကို ဝတ်ဆင်ထားသော အသက်ခြောက်ဆယ်ခန့်ရှိသည့် သာမန်ဆန်သော လူကြီးတစ်ယောက် ဖြစ်သည်။
ခန်းမထဲက အလောင်းများ၊ သွေးများနှင့် ထက်ပိုင်းပြတ်နေသော သံလှောင်အိမ်ကို မြင်လျှင် ထိုလူ၏ မျက်နှာက အေးစက်သွားသည်။ ခက်ထန်ကြမ်းကြုတ်သော သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဒေါသထွက်နေသော သားရဲရိုင်းတစ်ကောင်၏ မျက်လုံးမျိုးဖြင့် ခန်းမတစ်ခုလုံး လိုက်ကြည့်သည်။
“ဌာနချုပ်မှူး…”
မြွေဟောက်ဂိုဏ်းသားတစ်ယောက်က ထိုလူကို မြင်လျှင် ပြာပြာသလဲ အရိုသေပေးသည်။
“ပြောစမ်း…။ ဘာတွေ ဖြစ်သွားတာလဲဆိုတာ အမြန်ပြောစမ်း…”
“ဟုတ်…ဟုတ်ကဲ့ ဌာနချုပ်မှူး…။ ဒီလိုပါ…”
မြွေဟောက်ဂိုဏ်းသားက အဖြစ်အပျက်အားလုံးကို အစအဆုံး ပြောပြသည်။
ဌာနချုပ်မှူး။ ဟုတ်သည် ယခု ရောက်လာသူမှာ နဂါးစိမ်းဂိုဏ်း၏ အနောက်တောင်ပိုင်းဌာနချုပ်မှူး ကွေ့ကျိုး ဖြစ်လေ၏။ ကျားပျံဂိုဏ်းချုပ်မှသည် အနောင်တောင်ပိုင်းဌာနချုပ်မှူး ကွေ့ကျိုး ဖြစ်လာသူလည်း ဖြစ်လေ၏။
မြွေဟောက်ဂိုဏ်းမှာ နဂါးစိမ်းဂိုဏ်းက ကွေ့ကျိုးပြည်နယ်ကို လွှမ်းမိုးပြီးနောက် ဟန်မပျက် လှုပ်ရှားခိုင်းထားသော နယ်မြေခံဂိုဏ်းတစ်ခု ဖြစ်သည်။
နဂါးစိမ်းဂိုဏ်း၏ အင်ပါယာမြောက်ပိုင်း၊ အင်ပါယာအလယ်ပိုင်းနှင့် အင်ပါယာအနောက်တောင်ပိုင်း နယ်မြေချဲ့ထွင်လွှမ်းမိုးမှု အစီစဉ်တွင် ဒေါင်းမြီးစိမ်းနှင့် ကျောက်ခွဲလက်ဝါး တန်စွတ်ရှီက အနောက်တောင်ပိုင်းနယ်မြေဖြစ်သော ကွေ့ကျိုးပြည်နယ်နှင့် ကွမ်ရှီးပြည်နယ်ကို လွှမ်းမိုးနိုင်ခဲ့ပြီး နဂါးစိမ်းဂိုဏ်း၏ အနောက်တောင်ပိုင်းဌာနချုပ်ကို ဖွင့်လှစ်နိုင်ခဲ့သည်။
ကွေ့ကျိုးပြည်နယ်၏ နယ်မြေခံဖြစ်သော မြွေဟောက်ဂိုဏ်းနှင့် ကွမ်ရှီးပြည်နယ်၏ နယ်မြေခံဖြစ်သော အလံနက်ဂိုဏ်းတို့ကို သိမ်းသွင်းထိန်းချုပ်ပြီး ပူးပေါင်းခဲ့သည်ဟူသော အသံမျိုးကိုသာ ထွက်စေ၍ ဟန်မပျက်စေဘဲ ဆက်လက်လှုပ်ရှားစေခဲ့သည်။
ရည်ရွယ်ချက်မှာ နယ်မြေကို တည်ငြိမ်နေစေရန်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ နဂါးစိမ်းဂိုဏ်းက နယ်မြေခံဂိုဏ်းများကို ဖျက်ဆီး၍ လွှမ်းမိုးချုပ်ကိုင်ခဲ့လျှင် ဆန့်ကျင်မှုများနှင့် နယ်မြေမငြိမ်မသက်မှုများ ဖြစ်လာနိုင်သည်။ ထို့ကြောင့် နယ်မြေခံဂိုဏ်းများကို ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟူသော နာမည်ဖြင့် လွှမ်းမိုးထိန်းချုပ်၍ ဟန်မပျက် ဆက်လက် လှုပ်ရှားစေခဲ့သည်။
ထို့အပြင် နယ်မြေခံဂိုဏ်းကို အခြေနေတစ်ခုအထိ အင်အားရှိလာအောင်လည်း ထောက်ပံ့ပေးခဲ့သေးသည်။ ထိုနည်းလမ်းက နဂါးစိမ်းဂိုဏ်း၏ ခြေလှမ်းကို စောင့်ကြည့်နေသော တခြားနယ်မြေများမှ နယ်မြေခံဂိုဏ်းများ၏ အတွေးအမြင်ကို ပြောင်းလဲစေရန် ဖြစ်သည်။
နဂါးစိမ်းဂိုဏ်းလို အင်အားကြီးဂိုဏ်းတစ်ခုက နယ်မြေခံထိပ်သိမ်းအဆင့်ဂိုဏ်းများကို ဖျက်ဆီးသိမ်းပိုက်ရန်မှာ အလွန်လွယ်ကူသည်ဟု မဆိုနိုင်သော်လည်း သိပ်တော့ မခက်ခဲပေ။ သို့သော် တိုက်ခိုက်ဖျက်ဆီး၍ သိမ်းပိုက်အနိုင်ယူခြင်းသည် စစ်မှန်သော အောင်မြင်မှု မဟုတ်ဟူသော စကားကို နဂါးစိမ်းဂိုဏ်းက လက်ကိုင်ထား၍ နယ်မြေချဲ့ထွင်သိမ်းပိုက်မှုကို ကျွမ်းကျင်ပါးနပ်စွာ ကိုင်တွယ်ခဲ့သည်။
ထို့ကြောင့်လည်း နဂါးစိမ်းဂိုဏ်း၏ အင်အားက တစ်နေ့တခြား ကြီးထွားလာသလို နဂါးစိမ်းဂိုဏ်း၏ နယ်မြေက တည်ငြိမ်အေးချမ်း၍ တိုးတက်ပြောင်းလဲနေခဲ့ခြင်းလည်း ဖြစ်သည်။
သိုင်းလောက၏ အထွတ်ထိပ်ဂိုဏ်းကြီးများကိုသာ ဖယ်ရှားနိုင်လျှင် နဂါးစိမ်းဂိုဏ်း၏ ထိုခြေလှမ်းကို တခြားနယ်မြေခံဂိုဏ်းများက ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်နေကြမည် မဟုတ်တော့ပေ။ နဂါးစိမ်းဂိုဏ်း၏ လွှမ်းမိုးမှုကို အသာတကြည်လက်ခံ၍ ပူးပေါင်းဆောင်ရွက်ဖို့သာ များသည်။
နဂါးစိမ်းဂိုဏ်းကလည်း ထိုရလာဒ်မျိုးကိုသာ လိုလားသည်။
မတိုက်ခိုက်ရဘဲ သိမ်းပိုက်နိုင်ခြင်းကသာ စစ်မှန်သော အနိုင်ရမှု ဖြစ်သည် မဟုတ်ပါလား။
ယခုတော့ နဂါးစိမ်းဂိုဏ်း၏ နောက်လိုက်ဂိုဏ်းတစ်ခုက ကြီးကြီးမားမား ထိခိုက်ပျက်စီးသွားခဲ့လေပြီ။ မြွေဟောက်ဂိုဏ်း၏ နောက်တွင် နဂါးစိမ်းဂိုဏ်း ရှိနေမှန်း အားလုံးက သိထားကြပြီး ဖြစ်သည်။ ထို့ကြောင့်လည်း မြွေဟောက်ဂိုဏ်းကို ပြိုင်ဘက်ဂိုဏ်းများက အရင်လို ပခုံးချင်းယှဉ်၍ မတိုက်ခိုက်ကြတော့ဘဲ လက်ရှောင်ခဲ့ရသည်။ ဤသို့ဖြင့် မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းနှင့် ပူးပေါင်းပြီးနောက် ပို၍ အင်အားကောင်းလာခဲ့သလို နောက်ခံကောင်းကိုလည်း ရရှိခဲ့သည်။
သို့ပါလျက် ယခုတော့ မြွေဟောက်ဂိုဏ်းတွင် ကိစ္စကြီး ဖြစ်သွားခဲ့လေပြီ။
နဂါးစိမ်းဂိုဏ်းက တာဝန်ပေး၍ လျှို့ဝှက်ထိမ်းသိမ်းခိုင်းထားသော တစ်စုံတစ်ယောက် လွတ်မြောက်သွားခဲ့သည်။ ထိုအတွက် မြွေဟောက်ဂိုဏ်းချုပ်က အပြည့်အဝတာဝန်ယူရမည်သာ ဖြစ်သည်။ အသက်နှင့်ရင်း၍ ပြန်ပေးဆပ်ရမည်သာ ဖြစ်သည်။
သို့သော်လည်း မြွေဟောက်ဂိုဏ်းချုပ်နှင့် ဂိုဏ်းလက်ထောက်နှစ်ယောက်လုံး အသတ်ခံလိုက်ရပြီ ဖြစ်သည်။ သူတို့၏ အသက်ဖြင့် တာဝန်ယူသွားခဲ့လေပြီ။
ထိုအတွက် နဂါးစိမ်းက လုပ်ရန်တစ်ခုသာ ရှိသည်။ ရန်သူကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ရမည်။ နဂါးစိမ်းဂိုဏ်းက သူတို့၏ ခြေလှမ်းကို ပူးပေါင်းဆောင်ရွက်မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုဖြင့် လှမ်းနေခဲ့သော်လည်း ပူးပေါင်းမရသော အထွတ်ထိပ်ဂိုဏ်းကြီးများလို ရန်သူကိုတော့ ပြတ်သားစွာ ကိုင်တွယ်သည်။ အမြစ်ပြတ် ရှင်းထုတ်သည်။
မြွေဟောက်ဂိုဏ်းသား၏ စကားကို နားထောင်ပြီးနောက် ဌာနချုပ်မှူးကွေ့ကျိုး၏ မျက်လုံးများထဲတွင် တိုက်ခိုက်သတ်ဖြတ်ချင်စိတ်များ ထင်ဟပ်တောက်လောင်လာခဲ့သည်။
“သိုင်းတောင်ကုန်းနဲ့ ကျားဖြူရဲတိုက်က နောက်မျိုးဆက် လူငယ်တွေရဲ့ လက်ချက်ပေါ့လေ။ ကြည့်ရတာ နဂါးစိမ်းဂိုဏ်းက ထိပါးလို့မကောင်းဘူးဆိုတဲ့ အတွေးမျိုး တချို့လူတွေစိတ်ထဲ မရှိတော့ဘူးထင်တယ်။ ဟင်းဟင်း…”
ဌာနချုပ်မှူးကွေ့ကျိုးက အေးတိအေးစက်ပြောရင်း ထက်ပိုင်းပြတ်နေသော သံလှောင်အိမ်ကို သေချာကြည့်နေခဲ့သည်။
ကြာပန်းနက်ဂိုဏ်း။
ထိုလှောင်အိမ်ထဲတွင် ချုပ်နှောင်ထားသူမှာ ကြာပန်းနက်ဂိုဏ်း၏ ဂိုဏ်းအကြီးကဲဖြစ်သည်။
ကြာပန်းနက်ဂိုဏ်းမှာ နဂါးစိမ်းဂိုဏ်း၏ အင်ပါယာအလယ်ပိုင်း နယ်မြေလွှမ်းမိုးမှု၌ ရင်ဆိုင်ခဲ့ရသော နယ်မြေခံဂိုဏ်းကြီးဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ လွှမ်းမိုးနိုင်ခဲ့သော်လည်း တချို့က မပူးပေါင်းဘဲ ဆန့်ကျင်ခဲ့သည်။ တချို့က ထွက်ပြေးခဲ့သည်။ ဆန့်ကျင်သူတချို့ကို ရှင်းလင်းသုတ်သင်လျှင် ပူးပေါင်းဆောင်ရွက်မှုကို ထိခိုက်စေနိုင်သဖြင့် ချုပ်နှောင်၍သာ ထားခဲ့ရသည်။ အချိန်ယူစဉ်းစားခွင့် ပေးထားသည့် သဘောဖြစ်သည်။
“ကြာပန်းနက်ဂိုဏ်းမှာ ဒီလို အရည်ချင်းမျိုး ရှိတယ်ပေါ့လေ”
ကြာပန်းနက်ဂိုဏ်းမှာလည်း ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်၍ ခန့်မှန်းရခက်သော ခွန်အားမျိုးရှိသည်။ ယခု အဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် ကြားပန်းနက်ဂိုဏ်း၏ လျှို့ဝှက်ဆန်းကျယ်သော သိုင်းပညာအတိမ်အနက်ကို မြင်နိုင်သည်။
“လခြမ်းဓားက ကောင်းလှတယ်ဆိုရင်တောင် အထွတ်ထိပ်အဆင့်တစ်ယောက်က ဒီလှောင်အိမ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ သိုင်းထိပ်သီးအဆင့်နှစ်ယောက်နဲ့ သိုင်းအကျော်မော်နှစ်ယောက်ကိုလည်း ဘယ်လို အသတ်ခံလိုက်ရမှန်း မသိအောင် သတ်ဖြတ်သွားနိုင်မှာ မဟုတ်ဘူး။ အရှိန်ဝါတွေနဲ့အတူ အရောင်အငွေ့တွေပါ ထင်ဟပ်နေတဲ့ အတွင်းအားကို ထုတ်ဖော်ခဲ့တယ်ဆိုတော့ ဟင်းဟင်း…။ အထွတ်ထိပ်ကို ကျော်လွန်တဲ့ အဆင့်တစ်ယောက်ကို တွေ့ချင်နေခဲ့တာနဲ့ အတော်ပဲပေါ့”
ဌာနချုပ်မှူးကွေ့ကျိုးက တစ်ယောက်တည်း ရေရွတ်ရင်း သူ့မျက်လုံးထဲတွင် တိုက်ပွဲဆာလောင်မှုနှင့် သတ်ဖြတ်ချင်စိတ်များ ထင်ဟပ်လာခဲ့သည်။
“တခြားရော ဘာတွေ ဖြစ်ပျက်ခဲ့သေးလဲ”
“တခြားလား…”
ဌာနချုပ်မှူးကွေ့ကျိုး၏ မေးခွန်းကြောင့် မြွေဟောက်ဂိုဏ်းသားမှာ မည်သို့ပြောရမှန်း မသိအောင် ဖြစ်သွားသည်။ သူတို့က အခုထိ သိုင်းခန်းမထဲတွင်သာ ရှင်းလင်းနေခဲ့ကြသောကြောင့် ဂိုဏ်းအတွင်း တခြားကိစ္စ ဖြစ်မဖြစ်ကို မသိရသေးပေ။
“တခြား ဘာတွေ ဖြစ်သွားသေးလဲဆိုတာလဲ စစ်ဆေးလိုက်ကြ။ ဂိုဏ်းချုပ်နဲ့ ကျဆုံးသွားတဲ့ ဂိုဏ်းသားတွေကို သေချာ သင်္ဂြိုဟ်ပေးလိုက်ကြ။ ပြီးတော့ ကျဆုံးသွားတဲ့ ဂိုဏ်းသားတွေရဲ့ မိသားစုတွေကို ထောက်ပံ့လိုက်ပါ။ ကျန်တဲ့ ဂိုဏ်းသားတွေလည်း ကြိုးစားတိုက်ခိုက်ခဲ့ကြတဲ့အတွက် ဆုလာဘ်တွေ ပေးလိုက်ပါ။ လောလော ဒီကိစ္စတွေကို မင်းကပဲ ကိုင်တွယ်ထားလိုက်။ မကြာခင် နဂါးစိမ်းဂိုဏ်းသားတွေ ရောက်လာလိမ့်မယ်။ အားလုံး ပူးပေါင်းပြီး ကိုင်တွယ်ထားလိုက်ကြ။ မင်းတို့မြွေဟောက်ဂိုဏ်းက ငါတို့အရိပ်အောက်မှာ ရှိတယ်ဆိုကတည်းက မင်းတို့အတွက် ငါက လက်တုံ့ပြန်ပေးရမှာပေါ့”
ဌာနချုပ်မှူးကွေ့ကျိုး၏ စကားကြောင့် မြွေဟောက်ဂိုဏ်းသားများ တစ်ချက် တုန်ခါသွားသည်။ ကြက်သီးမွေးညင်းများလည်း ထကုန်ကြသည်။
“ဟုတ်…ဟုတ်ကဲ့ ဌာနချုပ်မှူး။ ဂိုဏ်းတူညီအစ်ကိုတွေကိုယ်စား ဌာနချုပ်မှုးကို ကျေးဇူးတင်ပါတယ်”
“ဌာနချုပ်မှူးကို ကျေးဇူးတင်ပါတယ်…”
တခြားမြွေဟောက်ဂိုဏ်းသားများကလည်း ကျေးဇူးတင်စကား ပြောလာကြသည်။
နဂါးစိမ်းဂိုဏ်းက မြွေဟောက်ဂိုဏ်းကို လွှမ်းမိုးထိန်းချုပ်ထားသော်လည်း ဂိုဏ်းသားများ၏ ကျဆုံးမှုနှင့် ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပေးပြီး ထောက်ပံ့ကြေးနှင့် ဆုလာဘ်များ ပေးဖို့ မမေ့မလျှော့ စီမံပေးခဲ့သည်။ မြွေဟောက်ဂိုဏ်း၏ လက်ရှိအင်အားအရ ဂိုဏ်းမပျက်ရုံသာ ကျန်တော့သည် မဟုတ်ပါလား။ လက်ရှိအခြေနေရ မြွေဟောက်ဂိုဏ်းကို ဖျက်သိမ်း၍ နဂါးစိမ်းဂိုဏ်းက သိမ်းပိုက်လိုက်လျှင်လည်း ကန့်ကွက်စရာ မရှိသည့် အခြေနေတွင်ပင် နဂါးစိမ်းဂိုဏ်းက ထိုသို့ မလုပ်ခဲ့ပေ။ နဂါးစိမ်းဂိုဏ်း၏ ကိစ္စကို နဂါးစိမ်းဂိုဏ်းသားများကိုသာ ကိုင်တွယ်စေခဲ့သည်။ သူတို့အတွက်လည်း လက်တုံ့ပြန်ပေးဦးမည်။
“ကောင်းပြီ…။ ကျန်တာတွေ နောက်မှ ဆက်ပြောကြတာပေါ့”
ဌာနချုပ်မှူးကွေ့ကျိုးက ပြောပြီးသည်နှင့် လှုပ်ရှားလိုက်သည်။
“ဝှစ် ဟူး…”
တစ်ချက်လှုပ်ရှားလိုကိသည်နှင့် သိုင်းခန်းမ တံခါးဝသို့ ရောက်သွားပြီး နောက်တစ်ချက် ထပ်လှုပ်ရှားလိုက်ရာ မြင်ကွင်းက ပျောက်ကွယ်သွားလေတော့သည်။
“အရမ်းမြန်တယ်”
“ရန်သူတွေနောက်ကို လိုက်သွားတာ ဖြစ်မယ်”
“ကျွန်တော်တို့ ဂိုဏ်းချုပ်နဲ့ ဂိုဏ်းတူညီအစ်ကိုတွေအတွက် လက်တုံ့ပြန်ပေးပါ ဌာနချုပ်မှူး…”
မြွေဟောက်ဂိုဏ်းသားတစ်ယောက်က ပျောက်ကွယ်သွားသော ဌာနချုပ်မှူး ထွက်သွားရာဘက်သို့ ဦးညွှတ်၍ အော်လိုက်သည်။
ထိုအခါ တခြားမြွေဟောက်ဂိုဏ်းသားများလည်း ဦးညွှတ်၍ အော်လိုက်ကြသည်။
“ကျွန်တော်တို့အတွက် လက်တုံ့ပြန်ပေးပါ ဌာနချုပ်မှူး…”
အားနည်းမှု၊ ထိတ်လန့်မှု၊ အားကိုးရာမဲ့မှုတို့ဖြင့် နာကျင်ချည့်နဲ့နေခဲ့သော မြွေဟောက်ဂိုဏ်းသားတို့၏ စိတ်များ ပြန်၍ သွေးဆူလာခဲ့သည်။ ပြန်၍ တက်ကြွလာခဲ့သည်။
“ညီအစ်ကိုတို့ ဆက်ရှင်းလိုက်ကြစို့။ ကျဆုံးသွားတဲ့ ဂိုဏ်းညီတူညီအစ်ကိုတွေကို နာမည်စာရင်းလုပ်ဖို့ တစ်ယောက် တာဝန်ယူပေးပါ။ ပြီးရင် ဂိုဏ်းစည်းကမ်းအတိုင်း ကျဆုံးသူတွေအတွက် ထောက်ပံ့ကြေး ပေးဖို့နဲ့ ကျန်တဲ့သူတွေကို ဆုလာဘ်ပေးဖို့ ငွေစာရင်းလည်း လုပ်ပေးပါ။ စာရင်းရရင် ရတနာခန်းကိုဖွင့်ပြီး ငွေသွားထုတ်လိုက်ပါ”
လက်ကျန်မြွေဟောက်ဂိုဏ်းသား အယောက်ငါးဆယ်ခန့်မှာ လုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်နေကြလေ၏။
ထိုအချိန်တွင် ဌာနချုပ်မှူးကွေ့ကျိုးက တောင်ကုန်းပေါ်မှ သားရဲကြီးတစ်ကောင်လို တစ်ဟုန်ထိုး ပြေးဆင်းလာသည်။ ကိုယ်ဖော့ပညာကိုလည်း အစွမ်းကုန် ထုတ်သုံးထားသည်။ သူ့စိတ်ထဲတွင် တိုက်ပွဲဆာလောင်မှုများနှင့် ပြည့်နက်နေခဲ့သည်။ သူက သိုင်းထိပ်သီးအဆင့်သာ ဖြစ်သော်လည်း အထွတ်ထိပ်အဆင့်များသည်ပင် သူ့အတွက် မလုံလောက်ပေ။ သူ၏ တိုက်ပွဲစိတ်ဆာလောင်စိတ်ကို အစွမ်းကုန်ဖွင့်ထုတ်၍ အားကုန်တိုက်ခိုက်လို့ရမည့် ပြိုင်ဘက်ကို လိုချင်နေခဲ့သည်။
ယခု ပြိုင်ဘက် ရှိလာပြီ ဖြစ်သည်။ ထို့ကြောင့် သူက အလွတ်မခံနိုင်ဘဲ တရကြမ်း ပြေးလိုက်လာခဲ့ခြင်း ဖြစ်သည်။
သူ၏ ကိုယ်ဖော့ပညာကလည်း အံ့ဩစရာကောင်းလောက်အောင် လျင်မြန်ပြီး ခြေရာခံနိုင်စွမ်းကလည်း ထိတ်လန့်စရာကောင်းလောက်အောင် ထူးချွန်နေခဲ့သည်။
သူကား မည်သူနည်း။ ဌာနချုပ်မှူးကွေ့ကျိုးဆိုသည်မှာ အသွင်ပြင်တစ်ခုနှင့် နာမည်တစ်ခု သက်သက်သာ ဖြစ်သည်။ သူ၏ အစစ်မှန်ကား ကျားပျံဂိုဏ်းချုပ် ဖြစ်သည်။ ကျားပျံသိုင်းနှင့် ကျားပျံအတောင်ပံဖြန့်ကိုယ်ဖော့ပညာက အနောက်ပိုင်းသိုင်းလောကတွင် အလွန်ထင်ရှားခဲ့သည် မဟုတ်ပါလား။ ထို့အပြင်လည်း နဂါးစိမ်းနှင့် ပူးပေါင်းပြီး မကောင်းဆိုးဝါးဆန်စွာ လေ့ကျင့်ခဲ့ပြီးနောက်တွင် သူ၏ ကိုယ်ဖော့ပညာကလည်း မကောင်းဆိုးဝါးဆန်လာခဲ့သည်။
လေထဲတွင် လွှားကနဲ လွှားကနဲ ခုန်ပျံကျော်လွှား၍ အတင်းလိုက်တော့သည်။ သူ့မျက်လုံးများနှင့် သူ့နှာခေါင်းကလည်း ရန်သူ၏ သဲလွန်စအားလုံးနှင့် အနံ့အသက်အားလုံးကို တစ်ခုမှ အလွှတ်မပေးခဲ့ပေ။
လရောင်အောက်တွင် ကျားပျံကြီး အမဲလိုက်လေပြီ။
ကွေ့ယန်မြို့ အနောက်တောင်ဘက်တောအုပ်ထဲတွင် လူရှစ်ယောက် လျင်မြန်စွာ သွားနေ၏။ ထိုလူရှစ်ယောက်သည်ကား ကြာပန်းနက်ဂိုဏ်းအကြီးကဲ အမျိုးသမီးကြီးဦးဆောင်သော လူငယ်ခုနစ်ယောက်တို့အဖွဲ့ ဖြစ်သည်။
လရောင်က တောအုပ်ထဲ ကွက်တိကွက်ကြားသာ တိုးပေါက်နိုင်သဖြင့် တောအုပ်အတွင်း မြင်ကွင်းက မရှင်းလင်းပါ။ ထို့ကြောင့် သူတို့၏ လှုပ်ရှားမှုက အကန့်သတ်တချို့ ရှိနေခဲ့သည်။
ထိုစဉ် ဦးဆောင်နေသော ကြာပန်းနက်ဂိုဏ်းအကြီးကဲက ရုတ်တရက် ရပ်လိုက်သည်။
“ဘာဖြစ်လို့လဲ ဆရာမကြီး”
ပိုင်ဖေးယိက မေးလိုက်သည်။
အမျိုးသမီးကြီးက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် အနောက်သို့ ပြန်လှည့်ကြည့်နေသည်။ ထို့နောက် သူမက ပြောသည်။
“မင်းတို့တွေ ဆက်သွားနေလိုက်ကြ။ ကွေ့ကျိုးပြည်နယ်က အမြန်ဆုံးထွက်သွားလိုက်ကြ”
အမျိုးသမီးကြီးက ပြောပြီးသည်နှင့် အနောက်သို့ ပြန်လှည့်ထွက်သွားခဲ့သည်။
“နဂါးစိမ်းဂိုဏ်းက လိုက်လာတာ ထင်တယ်”
“ဖြစ်နိုင်တယ်။ မြွေဟောက်ဂိုဏ်းက မီးကျည်နဲ့ အချက်ပြခဲ့တာဆိုတော့ နဂါးစိမ်းဂိုဏ်းက လိုက်လာတာပဲ ဖြစ်မယ်”
“ငါတို့ ဘာလုပ်ကြမလဲ”
“ဘာလုပ်ရမှာလဲ။ ကွေ့ကျိုးပြည်နယ်က အမြန်ဆုံး ထွက်သွားရမှာပေါ့။ ဆရာမကြီးက နောက်ပြန်လှည့်သွားတာဆိုတော့ လိုက်လာတဲ့ ရန်သူက သာမန်မဟုတ်လောက်ဘူး။ ခြေရာခံမိမှာစိုးလို့ မြင်းတွေ မသုံးဘဲ ခြေကျင်လှုပ်ရှားခဲ့တာတောင် သူတို့က လိုက်လာနိုင်တယ်”
“ဒါက သူတို့ ပိုင်နက်ပဲလေ။ ခြေရာခံဖို့ လွယ်နေမှာပေါ့”
“ဟုတ်တယ်။ သူတို့ပိုင်နက်ကနေ မြန်မြန် ထွက်သွားရမယ်။ တောအုပ်အလွန်မှာ မြင်းတွေ စီစဉ်ထားတယ်။ သွားကြစို့”
“ရောင်းရင်း ယဲ့ကျုံး…၊ ခင်ဗျား အဆင်ပြေရဲ့လား”
ပိုင်ဖေးယိက ယဲ့ကျုံးကို မေးသည်။ သူတို့ အားလုံးထဲတွင် ယဲ့ကျုံးတစ်ယောက်က ဒဏ်ရာရထားသောကြောင့် ဖြစ်သည်။
“ကိစ္စမရှိဘူး”
ယဲ့ကျုံးက သူ့ပုံစံအတိုင်း အေးတိအေးစက်ပြောသည်။
ဝမ်သခင်လေးက ကုချင်းရှင်ကို ခေါ်သည်။
“သွားကြစို့။ ဆရာမကြီးရဲ့ ခွန်အားနဲ့ဆိုရင် ငါတို့ စိတ်ပူနေဖို့မလိုဘူး။ ငါတို့အတွက်နဲ့ ဆရာမကြီး အကြပ်အတည်းမဖြစ်အောင် မြန်မြန်သွားကြစို့”
ကုချင်းရှင်က အနောက်ဘက်သို့ တစ်ချက်လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် လူငယ်ခုနစ်ယောက်က ထိုနေရာမှ ပြေးထွက်သွားကြသည်။
“ဖျတ် ဖျတ် ဖျတ်…”
ခဏအတွင်းမှာပင် ခြေသံများရော လူရိပ်များရော တောအုပ်အတွင်း တိုးဝင်ပျောက်ကွယ်သွားခဲ့လေ၏။
အနောက်ပြန်လှည့်လာသော အမျိုးသမီးကြီးက လူငယ်များ ထွက်သွားသည်ကို အာရုံခံမိဟန်ဖြင့် အသာခေါင်းညိတ်သည်။
“မဆိုးဘူး။ လုပ်တာကိုင်တာ ပြတ်သားမှု ရှိတယ်”
အမျိုးသမီးကြီးက တီးတိုးရေရွတ်ရင်း မှောင်ရိပ်ကျသော သစ်ပင်တစ်ပင်အောက်တွင် ရပ်နေလိုက်သည်။ သူမ၏ မျက်လုံးများက အမှောင်ထဲမှာပင် စူးရှတောက်ပနေ၏။
“ဖျတ် ဖျတ်…”
“ဝုန်း…”
လေတိုးသံနှင့်အတူ ခြေသံတချို့ ထွက်ပေါ်လာပြီး သစ်တောထဲသို့ လူရိပ်တစ်ခု အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် ရောက်လာခဲ့သည်။
သားရဲကြီးတစ်ကောင် ခုန်ပျံ၍ ရောက်ချလာသကဲ့သို့ပင်။
ဌာနချုပ်မှူးကွေ့ကျိုး…။ ရောက်လာခဲ့လေပြီ။
“ဟမ့်…”
ဌာနချုပ်မှူးကွေ့ကျိုးက ကိုယ်ရှိန်သတ်၍ ရပ်လိုက်ပြီး သစ်ပင်အောက် အမှောင်ရိပ်ထဲသို့ ကြည့်လိုက်သည်။ သူ၏ သိစိတ်က သူ၏ မျက်လုံးထက် ပိုထက်ရှအားကောင်းသည်။
“သရဲလိုလို တစ္ဆေလိုလို လုပ်ချင်သေးတာလား”
သစ်ပင်အောက် မှောင်ရိပ်ထဲမှ ညင်သာသော လှုပ်ရှားမှုနှင့်အတူ အမျိုးသမီးကြီး လှမ်းထွက်လာသည်။ သူမက စကားမပြောပါ။
“အဆင့်တက်သွားလို့ ဂုဏ်ယူပါတယ်လို့ ပြောဖို့လိုသေးလား”
အမျိုးသမီးကြီးက နှာခေါင်းရှုံးပြီး အေးတိအေးစက် ပြောသည်။
“ဟက်…၊ သေခါနီးလူတစ်ယောက်ရဲ့ စကားက အရေးမပါပေမဲ့ ပြောချင်စိတ်ရှိရင် ပြောလို့ရပါတယ်။ နောက်ဆုံးဆန္ဒ ရှိတယ်ဆိုရင်လည်း ပြောခဲ့လို့ ရတယ်”
“ဘယ်သူသေပြီး ဘယ်သူရှင်မယ်ဆိုတာ ပြောဖို့ စောပါသေးတယ်”
“လှုပ်ရှားဖို့ အခွင့်ရေး ပေးထားတယ်နော်”
အမျိုးသမီးကြီးက ပြောရင်း သာမန်ဟန်ဖြင့် ရပ်နေခဲ့သည်။
ဌာနချုပ်မှူးကွေ့ကျိုးကလည်း ပြုံးလိုက်သည်။ သူ့အပြုံးထဲတွင် ခက်ထန်ကြမ်းကြုတ်သော တိုက်ပွဲဆာလောင်မှုများ ရှိနေခဲ့သည်။
“ယား…”
ဌာနချုပ်မှူးကွေ့ကျိုးက စကားမပြောနေတော့ဘဲ လျှပ်တစ်ပြက် ခုန်အုပ်လိုက်သည်။ သူ၏ လက်များကလည်း ရိပ်ကနဲ လှုပ်ရှားသွားခဲ့သည်။
“ဝှီး… ဝှစ်…”
ကွက်တိကွက်ကြား လရောင်အောက်တွင် သံမဏိလက်သည်းရိပ်က ဖွေးကနဲ ဝင်းလက်သွား၏။
ကျားပျံလက်သည်း။
ခုန်ဝင်လာမှုနှင့် လက်သည်းကုတ်ချက်က လျှပ်တစ်ပြက်အတွင်း ဖြစ်သည်။ အလွန်လည်း လျင်မြန်သလို အလွန်လည်း ကြမ်းတမ်းသည်။
အမျိုးသမီးကလည်း မြန်သည်။ နောက်သို့ လစ်ကနဲ ဆုတ်သွားသည်။ သူမက ထိပ်တိုက် ရင်မဆိုင်ဘဲ ရှောင်တိမ်းမှုကိုသာ ဦးစားပေးခဲ့သည်။
လက်သည်းကုတ်ချက်က လေကိုသာ ကုတ်မိသွားသည်။ သို့သော် ဌာနချုပ်မှူးကွေ့ကျိုး၏ တိုက်ခိုက်မှုက ထိုမျှနှင့် မရပ်နေခဲ့ပေ။ လေမုန်တိုင်းတိုက်သလို အရှိန်အဟုန်နှင့် တစ်ဆက်တည်း တရကြမ်း ထပ်ထွက်ပေါ်လာသည်။
“ဝူး…ဟူး…”
“ဝှစ် ဝှစ်…”
လေထဲက ပြန်အကျမှာပင် မြေပေါ်သို့ ခြေရောလက်ရော ထောက်၍ အားယူပြီး နောက်တစ်ကြိမ် ထပ်ခုန်ပျံ၍ အမျိုးသမီးကြီး နောက်သို့ တိုးဝင်လိုက်ပါသွားသည်။
“ဟူး…”
မြားတစ်စင်း ပစ်လွှတ်လိုက်သလို မြန်ဆန်လွန်းသည်။
တိုက်ခိုက်မှုကလည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့သည်။
“ဝှစ် ဝှစ် ဟူး ဟူး…”
လက်သည်းရိပ်များ တဖွေးဖွေး တလက်လက် တောက်ပသွား၏။ လေထဲတွင် လွင့်ပျံနေသော ရွက်ကြွေများ အပိုင်းပိုင်း ပြတ်တောက်လွင့်စင်သွားသည်။
လျင်မြန်လွန်းသည်။ ကြမ်းတမ်းလွန်းသည်။ ထက်ရှလွန်းသည်။
အမျိုးသမီးကြီးလည်း မပေါ့ဆဘဲ သတိထား၍ ဘေးသို့ ရိပ်ကနဲနေအောင် အမြန်ရှောင်သည်။ နောက်သို့ ထပ်ဆုတ်လျင် မလွတ်မှာ စိုးရသည်။ နောက်ဆုတ်စရာကလည်း ခြေလှမ်းအနည်းငယ်စာသာ ရှိသည်။ သူမနောက်တွင် သစ်ပင်ကြီးတစ်ပင် ရှိနေ၍ပင် ဖြစ်သည်။
“ဖြောင်း ဖြောင်း ဖန်း…”
ဌာနချုပ်မှူးကွေ့ကျိုးက အမျိုးသမီးကြီးဘေးမှ ရိပ်ကနဲ ဖြတ်ကျော်သွားသည်။ သူ့လက်သည်းကုတ်ချက်များက အနောက်က သစ်ပင်ကြီးပေါ် ကျရောက်သွား၏။
သစ်ခေါက်များသာမက သစ်သားများပင် တဖွားဖွား လွင့်စင်ထွက်သွားခဲ့သည်။ သစ်ပင်ကြီးလည်း သိမ့်ကနဲ တုန်ခါယိမ်းထိုးသွားသည်။ သစ်ပင်ပေါ်မှ သစ်ရွက်များ သစ်ခက်ခြောက်များ တဖွဲဖွဲ ကျဆင်းလာခဲ့သည်။
“ဖျောက်ဖျောက်…”
“ဖြောင်း ဂျွတ်…”
လူနှစ်ယောက်ဖက်ခန့်ရှိသော သစ်ပင်ကြီးသည်ပင် ယိမ်းထိုးလှုပ်ခါသွားသည်ဖြစ်၍ လူကိုသာ ကုတ်ဆွဲမိပါလျှင်…။
အမျိုးသမီးကြီးက အမှောင်ထဲမှာပင် မျက်ခုံးတွန့်သွားသည်။ ထိုခွန်အားနှင့် ထိုလျင်မြန်မှုက သိုင်းထိပ်သီးအဆင့်တစ်ယောက်၏ ခွန်အားနှင့် လျင်မြန်မှုမျိုး မဟုတ်နေ၍ပင် ဖြစ်သည်။ သိုင်းအထွတ်ထိပ်အဆင့်များတွင်ပင် ထိုခွန်အားမျိုးကို လူတိုင်း မပိုင်ဆိုင်ကြပေ။
အမျိုးသမီးကြီးက ဆက်ပြီး မရှောင်တိမ်းနေတော့ဘဲ ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ အလင်းရောင် မလုံလောက်သော သစ်တောထဲတွင် ဖြစ်နေ၍ ရှောင်တိမ်း၍သာ နေလျှင် မတော်တဆ ခြေချော်လက်ချော် ဖြစ်ပြီး ချောင်ပိတ်မိသွားနိုင်သည်။
“ဟုန်း…”
အမျိုးသမီးကြီးထံမှ သိပ်သည်းသန့်စင်သော အတွင်းအားအရှိန်ဝါကြီး ပေါက်ကွဲထွက်လာသည်။ သူမ၏ ဆံပင်များက လေထဲတွင် ပျံဝဲလူးလွန့်နေ၏။
“ဟားဟားဟား…၊ ကောင်းတယ်။ အထွတ်ထိပ်ကိုကျော်လွန်တဲ့ခွန်အားက ဘယ်လိုလဲဆိုတာ ပြစမ်း…”
ဌာနချုပ်မှူးကွေ့ကျိုးက ဟားတိုက်ရယ်မောပြီး တရကြမ်းတိုက်ခိုက်တော့သည်။
“စိတ်ချ။ မင်းက ငါ သတ်တဲ့ ပထမဆုံး နဂါးစိမ်းဂိုဏ်းသားပဲ ဖြစ်လိမ့်မယ်”
အမျိုးသမီးကလည်း တရကြမ်း ပြန်တိုက်ခိုက်သည်။
“ဝုန်း ဝုန်း…”
“ဖြောင်း ဖြောင်း…”
အထွတ်ထိပ်ကိုကျော်လွန်သည့် အဆင့်တစ်ယောက်နှင့် မကောင်းဆိုးဝါးလို ကြမ်းတမ်းသော သိုင်းထိပ်သီးအဆင့်တစ်ယောက်တို့၏ တိုက်ခိုက်သတ်ဖြတ်မှုက တောအုပ်ထဲတွင် တရကြမ်း ဖြစ်ပေါ်လာ၏။
တစ်တောလုံးလည်း ဆူညံပွက်လောရိုက်သွားသည်။
တောထဲက ငှက်များနှင့် သားရဲတိရစ္ဆာန်လေးများသည်ပင် ကြောက်လန့်တကြား ထပြေးသံများ ဟိုမှသည်မှ ထွက်ပေါ်လာသည်။
“သေစမ်း သေစမ်း…”
“ကျား ယား…”
ဌာနချုပ်မှူးကွေ့ကျိုး၏ တိုက်ခိုက်မှုတိုင်းက သရဲသဘက်ဆန်ပြီး ကြမ်းကြုတ်ရက်စက်လွန်းလှသည်။
အမျိုးသမီးကြီး၏ တိုက်ခိုက်မှုများကလည်း မညင်သာနေခဲ့ပါ။
ထိပ်တိုက်ရင်ဆိုင်မိတိုင်း နှစ်ယောက်လုံး နောက်ပြန် လွင့်စင်ထွက်လာသည်။ သို့သော် မည်သူမှ မရပ်တန့်နေဘဲ တရကြမ်းပြန်ခုန်ဝင်ကာ တိုက်ခိုက်ကြပြန်သည်။
ထိုစဉ်
“သေလိုက်တော့…”
“ရွှစ် ရွှစ်…”
လှီးဖြတ်သံတချို့ ထွက်ပေါ်လာသည်။ လူချင်းလည်း ပြန်ကွဲသွားသည်။ လေထဲတွင် သွေးညှီနံ့တချို့ လွင့်ပျံ့လာသည်။
တစ်ယောက်ယောက်က ဒဏ်ရာရသွားပုံပင်။
တောအုပ်ထဲ ခဏ တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ဖြောင်း…”
ရိပ်ကနဲ လှုပ်ရှားသွားပြီး ဝင်းလက်သော လက်သည်းရိပ်များ ထွက်ပေါ်လာသည်။
တခြားလူရိပ်တစ်ခုမှာလည်း နောက်သို့ လွင့်ထွက်သွားခဲ့သည်။
“သေရမှာလား။ ဒီဒဏ်ရာလောက်နဲ့လား။ ခင်ဗျားလုပ်နိုင်တာက ဒီလောက်ပဲဆိုရင်တော့ သေရမှာက ခင်ဗျားပဲ ဖြစ်လိမ့်မယ်။ ဟားဟားဟား…”
ဒဏ်ရာရခဲ့သူမှာ ဌာနချုပ်မှူးကွေ့ကျိုး ဖြစ်သည်။ သို့သော် မကောင်းဆိုးဝါးလို အသက်ပြင်းသော နဂါးစိမ်းဂိုဏ်း၏ လျှို့ဝှက်အင်အားစုဝင်တစ်ယောက်က ထိုဒဏ်ရာမျှဖြင့် သေစရာလော။
အမျိုးသမီးကြီး၏ သတ်ဖြတ်ကွက်က ဌာနချုပ်မှူး၏ အသက်ကို မနုတ်ယူနိုင်ခဲ့ပေ။ ထိုအစား ပို၍ ရက်စက်ကြမ်းကြုတ်သော ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုကိုသာ ရရှိခဲ့သည်။
အမျိုးသမီးကြီးမှာ နောက်သို့ လွင့်စင်လာသော အားကို ချေဖျက်ရင်း ဟန်ချက် ပြန်ထိန်းလိုက်သည်။ သူမ၏ မျက်နှာက သုန်မှုန်နေ၏။ သူမ၏ လျှပ်တစ်ပြက် သတ်ဖြတ်ကွက်က ကျရှုံးသွား၍ ဖြစ်သည်။
“ဒါဆိုရင်လည်း မသေမချင်း သတ်ပေးရသေးတာပေါ့”
အမျိုးသမီးကြီးက ကြိမ်းဝါးရင်း ရှေ့သို့ ပြန်ခုန်ဝင်သွားသည်။
“ဖြောင်းဖြောင်း…”
ထိပ်တိုင်ရင်ဆိုင်တိုက်ခိုက်သံများ ဆူညံသွားပြန်လေ၏။
တချို့သစ်ပင်ငယ်များမှာ သူတို့နှစ်ယောက်၏ ခွန်အားကို မခံနိုင်သဖြင့် ကျိုးပဲ့လွင့်စင်ကုန်သည်။ လေထဲတွင်လည်း သစ်ရွက်များ လွင့်စင်ပလူပျံနေ၏။
ကွေ့ယန်တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေချိန်တွင် မြို့စွန်တောအုပ်တွင်း၌ကား အသေအကြေတိုက်ခိုက်မှုကြီးတစ်ခုက တောပြိုမတတ် ဆူညံပွက်လောရိုက်နေခဲ့လေ၏။
“ဝေါး ဝေါ…”
“ဖြောင်း…ဖြောင်း…”
အခန်း(၃၅၅)ပြီး
***