“ယား…”
“ဝုန်း ဝုန်း…”
“ဖြောင်း ဖြောင်း…”
တောအုပ်ထဲက တိုက်ပွဲကား ပြင်းထန်ကြမ်းတမ်းလွန်းလှ၏။ တချို့သစ်ပင်များပင် လဲပြိုကုန်သည်။
တိုက်ပွဲနယ်ပယ်ကလည်း ကျယ်ပြန့်လာသည်။ သစ်ပင်တချို့ လဲပြိုကုန်၍ လရောင်က တိုက်ပွဲနေရာတစ်ဝိုက်တွင် လင်းရှင်းနေခဲ့သည်။
တစ်ဖက်တွင် ကြာပန်နက်ဂိုဏ်းအကြီးကဲ အမျိုးသမီးကြီး၊ တစ်ဖက်တွင် နဂါးစိမ်းဂိုဏ်းဌာနချုပ်မှူးကွေကျိုး။
နှစ်ယောက်လုံးက အလျှော့မပေးသလို အညှာတာလည်း မရှိဘဲ တရကြမ်းတိုက်ခိုက်နေကြသည်။ တစ်ယောက်ယောက်က သေမှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည့်ပုံပင်။
ဌာနချုပ်မှူးကွေ့ကျိုးက နာမှာလည်း မကြောက် သေမှာလည်း မကြောက်ဘဲ တရကြမ်း အတင်းတိုးဝင်တိုက်ခိုက်နေသောကြောင့် သူ့တစ်ကိုယ်လုံးတွင် အရိုးပေါ်သည်အထိ လှီးဖြတ်ခံထားရသော ဒဏ်ရာများနှင့် ပြည့်နေ၏။ အင်္ကျီသည် အပိုင်းပိုင်းအစစ ပြတ်တောက်ကာ လွင့်စင်သွားပြီ ဖြစ်သည်။
ကြာပန်းနက်ဂိုဏ်းအကြီးကဲအမျိုးသမီးက ပြိုင်ဘက်၏ ခန္ဓာကိုယ်ပေါ်တွင် သူမကြောင့် ရထားသော လှီးဖြတ်ဒဏ်ရာများကို ကြည့်နေသည်။ အရိုးပေါ်သည်အထိ လှီးဖြတ်ခဲ့သော ဒဏ်ရာများက လျင်မြန်စွာ ပြန်စေ့ပြီး သွေးတိတ်သွားသည်ကိုမြင်ပြီး မျက်ခုံးတွန့်သွားသည်။
‘ဘယ်လို မကောင်းဆိုးဝါးလဲ…’
ထို့အပြင် ထိုမကောင်းဆိုးဝါး၏ ကိုယ်ပေါ်တွင် သူမ ပေးခဲ့သော ဒဏ်ရာထက် ပိုကြီးသော ဒဏ်ရာအမာရွတ်ကြီးများလည်း ရှိနေခဲ့သည်။ ဒဏ်ရာတစ်ခုစီတိုင်းက သေလောက်သော ဒဏ်ရာများချည်း ဖြစ်သည်။
သူမက နှစ်အတော်ကြာ ဖမ်းဆီးအကျဉ်းချခံထားရ၍ နဂါးစိမ်းဂိုဏ်းတွင် နာမှာမကြောက်သော သတ်ရခက်သည့် ဂိုဏ်းသားများရှိမှန်း မသိပေ။ ယခု သူမက ပထမဆုံး တွေ့နေခြင်း ဖြစ်သည်။ ပုံမှန်သာဆိုလျှင် သူမ၏ သတ်ဖြတ်မှုအောက်တွင် လဲကျသေဆုံးနေရမည် ဖြစ်သည်။ အခုတော့ ဒဏ်ရာများစွာ ရထားပါလျက် မသေရုံသာမက နာကျင်မှုလည်း မရှိ။ ခွန်အားဆုတ်ယုတ်မှုလည်း မရှိ။ ဒဏ်ရာများကလည်း လျင်မြန်စွာ သွေးပြန်တိတ်ပြီး ဒဏ်ရာ ပိတ်သွားခဲ့သည်။
နောင်တစ်ချက်မှာ သက်လုံဖြစ်သည်။ ထိုမျှ တိုက်ခိုက်ပြီးသည့်တိုင် ဒဏ်ရာများစွာ ရထားသည့်တိုင် ပြိုင်ဘက်က သက်လုံမကျသွားပါ။ ခွန်အား မကျသွားပါ။ တိုက်ခိုက်ချိန်ကြာလေ ကြမ်းတမ်းလေ ဖြစ်နေသည်။
ထို့ကြောင့် သူမတွင် ဒဏ်ရာတချို့သာ ရထားပါလျက် သူမ၏ သက်လုံကို ဂရုစိုက်နေရသည်။ ရင်ဆိုင်တိုက်ခိုက်မှုတိုင်းက အညှာတာမဲ့ ခွန်အားအကုန်သုံး၍ တိုခိုက်နေသဖြင့် သူမ၏ သက်လုံက အခုမကျသေးသော်လည်း သိပ်မကြာခင် သက်လုံ ကျသွားနိုင်သည်။ သူမ၏ အတွင်းအားကသာ အထွတ်ထိပ်အဆင့်ကို မကျော်လွန်နေခဲ့လျှင် သူမအတွက် မလွယ်ကူနိုင်ပေ။
‘နဂါးစိမ်းဂိုဏ်းမှာ ဒီလို မကောင်းဆိုးဝါးတွေ ဘယ်နှယောက်တောင် ရှိနေမလဲ…’
အမျိုးသမီးကြီးက တွေးရင်း စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
ဌာနချုပ်မှူးကွေ့ကျိုးကလည်း အမျိုးသမီးကြီး၏ ဆံပင်ရှည်များကို ကြည့်နေခဲ့သည်။ ဆံပင်များက လေထဲ လူးလွန့်လွင့်မျောနေပြီး လရောင်အဟပ်တွင် လက်ကနဲလက်ကနဲ တောက်ပသွားသည်။ ဆံပင် လူးလွန့်သွားခိုက် ဆံပင်ဖျားမှ သွေးစက်တချို့ လွင့်စင်သွားသည်။
ဌာနချုပ်မှူးကွေ့ကျိုး၏ ကိုယ်ပေါ်က လှီးဖြတ်ဒဏ်ရာအားလုံးမှာ ဆံပင်ကြားထဲ ရောထားသော ထိုလူသတ်လက်နက်ကြောင့် ရခဲ့ခြင်း ဖြစ်သည်။ ထိုလက်နက်က ဆံခြည်မျှင်လို သေးမျှင်လှသော်လည်း အရေပြား၊ အသားနှင့် သွေးကြောများကို လှီးဖြတ်နိုင်စွမ်း ရှိသည်။ သေးမျှင်လွန်းပြီး လှုပ်ရှားမှုက အလွန်လျင်မြန်သောကြောင့် ခုခံတားဆီးရန် ခက်လှသည်။ ထို့ကြောင့် မြွေဟောက်ဂိုဏ်းချုပ်တို့ မည်သို့ အသတ်ခံရမှန်း မသိခဲ့ဘဲ သေဆုံးသွားကြခြင်း ဖြစ်ပေမည်။
တော်သေးသည်က ဌာနချုပ်မှူးကွေ့ကျိုးတွင် အလိုလျောက် ဒဏ်ရာပြန်ကောင်းနိုင်စွမ်း ရှိနေသည်။ သို့မဟုတ်လျှင် သူသည်လည်း လူသေအလောင်းတစ်လောင်း ဖြစ်နေပေလိမ့်မည်။ အမျိုးသမီးကြီး၏ ခွန်အားကသာ ကြောက်စရာကောင်းသည် မဟုတ်၊ လျှို့ဝှက်လူသတ်လက်နက်ကလည်း ကြောက်စရာ ကောင်းနေသည်။
“အဟားဟား…၊ အထွတ်ထိပ်အဆင့်ကိုကျော်လွန်တဲ့ ခွန်အားက ဒီလောက်ပဲလား။ ဒါဆိုရင် သေဖို့ အဆင်သင့်ပြင်ထားလိုက်တော့”
“ကျား…”
ဌာနချုပ်မှူးကွေ့ကျိုးက တရကြမ်းခုန်ဝင်လာပြန်သည်။
“ဒီလောက်ဆိုရင် အချိန်ကျပြီ…”
အမျိုးသမီးကြီးက ကောင်းကင်ပေါ်က လကို တစ်ချက်မော့ကြည့်ပြီး တီးတိုးရေရွတ်သည်။ တစ်ဆက်တည်း အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်သည်။ လက်ဟန်တချို့ကိုလည်း တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။
“ဟိတ်…”
“ဝှစ် ဝှစ် ဟူး…”
ထိုအခါ သူမ၏ မျက်လုံးများက ငွေရောင်လင်းလက်သွားပြီး အေးစိမ့်သော အတွင်းအားအရှိန်ဝါတစ်ခု ပေါက်ကွဲထွက်လာသည်။ သူမ၏ ဆံပင်များကြားထဲမှ ငွေရောင်တောက်ပနေသော ဆံခြည်မျှင်တချို့ ပို၍ လူးလွန့်လှုပ်ရှားလာပြီး လျင်မြန်စွာ ရှည်ထွက်လာသည်။
ထိုအချိန်မှာပင် တရကြမ်းခုန်ဝင်လာသော ဌာနချုပ်မှူးကွေ့ကျိုးကလည်း အနားသို့ ရောက်လာသည်။ သံမဏ်လက်သည်းရိပ်များ ဝင်းလက်သွားသည်။
“သေစမ်း”
“ဝှီး…ဝှီး…”
“ဝှစ် ဝှစ်…”
ထိုအခိုက်မှာပင် ဌာနချုပ်မှူးကွေ့ကျိုး၏ တိုက်ကွက်လမ်းကြောင်းထဲသို့ ငွေရောင်ဆံခြည်မျှင်များ ဖွေးကနဲ ဖွားကနဲ ထွက်ပေါ်လာသည်။
သံမဏိလက်သည်းကုတ်ချက်များက ငွေရောင်တောက်ပနေသော ဆံခြည်မျှင်များနဲ့ ထိပ်တိုက်တွေ့သွားသည်။
“ပြတ်စမ်း…”
ဆံခြည်မျှင်များကို သံမဏိလက်သည်းဖြင့် ခုတ်ဖြတ်သည်။
“ရွှစ် ရွှစ်…”
သံမဏိလက်သည်း။ ၎င်းမှာ ဌာနချုပ်မှူးကွေ့ကျိုး၏ အထူးလက်နက်ဖြစ်သည်။ သားရေလက်အိတ်တွင် ဓားသွားလို ထက်ရှသော သံမဏိကျားလက်သည်းများ တပ်ဆင်ထားသည့် လက်နက်ဖြစ်သည်။ ကျားပျံလက်သည်းသိုင်းအတွက် အလိုက်ဖက်ဆုံး လက်နက်လည်း ဖြစ်သည်။ လူ့ခန္ဓာကိုယ် အသွေးသားကိုသာမက အရိုးကိုပါ ကုတ်ဆွဲချိုးဖြတ်နိုင်သည်အထိ သန်မာသည်။ တော်ရုံသစ်ပင်လောက်ကို ကြေမွပြတ်ထွက်သွားအောင် ကုတ်ဆွဲနိုင်သည်။
ဆံပင်လား။ အသာအယာ လက်ဝှေ့ယမ်းရုံနှင့် ဖြတ်တောက်နိုင်သည်။
“ချိ ချိ…”
သို့သော် ဌာနချုပ်မှူးကွေ့ကျိုး ထင်သလို မဖြစ်ခဲ့ပါ။ ရုတ်တရက် ရှည်ထွက်လာသော ငွေရောင်ဆံခြည်မျှင်များက မပြတ်သွားခဲ့ပါ။ သံမဏိကြိုးမျှင်များလို ပျော့နွဲ့ခံနေသည်။
“မဖြစ်နိုင်တာ…”
လေထဲ လူးလွန်ပျံဝဲနေသော ငွေရောင်ဆံခြည်မျှင်များက အသက်ရှိနေသလိုမျိုး လှုပ်ရှားသွားသည်။ ဌာနချုပ်မှူးကွေ့ကျိုး၏ လက်နှစ်ဖက်လုံးကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။
“ဖယ်စမ်း…”
ဌာနချုပ်မှူးကွေ့ကျိုးက ရုန်းကန်ရင်း နောက်ပြန်ခုန်ဆုတ်သည်။
“ဝှစ် ဟူး…”
အမျိုးသမီးကြီးကလည်း နောက်က မျောလိုက်သွားသည်။
ငွေရောင်ဆံခြည်မျှင်များက မလွတ်သွားပါ။ ဌာနချုပ်မှူးကွေ့ကျိုး၏ လက်နှစ်ဖက်တွင် ရစ်ပတ်နေတုန်းပင် ရှိသေးသည်။
ဌာနချုပ်မှူးကွေ့ကျိုးက တရကြမ်းခုန်ဆုတ်ရင်းက သစ်ပင်တစ်ပင်ကို ကျောနှင့် တိုက်မိပြီး ရပ်တန့်သွားသည်။
“ဝုန်း…”
သူ့လက်နှစ်လုံး လှုပ်ရှားမရအောင် သစ်ပင်နှင့် တွဲ၍ အချုပ်နှောင်ခံလိုက်ရဖြစ်သည်။
ဌာနချုပ်မှူးကွေ့ကျိုးတစ်ယောက် ထိတ်ကနဲ ဖြစ်သွားသည်။
အမျိုးသမီး၏ မျက်လုံးများက ငွေရောင်လင်းတောက်နေပြီး ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထိုမျက်လုံးထဲတွင် ခံစားချက် မရှိပါ။ ရေခဲလို အေးစက်နေ၏။
အမျိုးသမီးကြီးက ဌာနချုပ်မှူးကွေ့ကျိုးကို အေးစက်စွာ ကြည့်နေခဲ့သည်။
ထိုစဉ် တခြားငွေရောင်ဆံခြည်မျှင်တချို့က လူးလွန့်လာပြီး ဌာနချုပ်မှူးကွေ့ကျိုးထံ မြွေငယ်လေးများလို တိုးဝင်လာသည်။
“ဝှစ် ဝှစ် ဝှစ်…”
ထောင်သောင်းချီသော ဆံခြည်မျှင်များက ဌာနချုပ်မှူးကွေ့ကျိုး၏ အရေပြားကို ထိုးဖောက်၍ အသားထဲ တိုးဝင်သွားသည်။
အပ်ပေါင်း ထောင်သောင်းဖြင့် ထိုးစိုက်ခံလိုက်သလိုပင်။
နာကျင်မှူကို မသိသော ဌာနချုပ်မှူးကွေ့ကျိုးသည်ပင် မျက်နှာကြွက်သားများ လှုပ်ခါသွားသည်။ တကိုယ်လုံး အကြောဆွဲပြီး တဆတ်ဆတ်တုန်သွားသည်။
“အီး…”
သာမန်လူသာဆိုလျှင် နာကျင်လွန်း၍ အသံကုန်အော်ရင်း တစ်ခါတည်း အသက်ထွက်သွားလောက်သည်။
ဆံခြည်မျှင်များက အရေပြား၊ အသားနှင့် အကြောများကို ထိုးဖောက်ပြီး ကိုယ်တွင်းကလီစားများကိုပါ ထိုးဖောက်သွားသည်။ မထိုးဖောက်နိုင်သည့်အရာဟူ၍ အရိုးများသာ ကျန်သည်။
“ဖြန်း…”
ရင်ဘတ်မှ တိုးဝင်လာသော ငွေဆံခြည်မျှင်များက နောက်ကျောမှ ဖောက်ထွက်လာခဲ့သည်။ ငွေဆံခြည်များ မဟုတ်တော့ပါ။ သွေးရောင်လွှမ်းနေဆံခြည်မျှင်များ ဖြစ်နေခဲ့လေပြီ။
အမျိုးသမီးကြီး၏ မျက်လုံးကလည်း ငွေရောင်မဟုတ်တော့ဘဲ ပန်းရောင်သန်းလာသည်။
ထူးဆန်းသည်မှာ ကောင်းကင်ပေါ်က ဆယ်ရက်ည၏ လသည်လည်း ပန်းရောင်အနည်းငယ် သန်းသွားခဲ့သည်။
ဌာနချုပ်မှူးကွေ့ကျိုးတစ်ယောက် အကြောဆွဲပြီး တွန်းထိုးရုန်းကန်နေ၏။
“အီး အင့်…”
ခဏအကြာမှာတော့ ဆက်မရုန်းနိုင်တော့ဘဲ ခေါင်းငိုက်စိုက်ကျသွားပြီး ငြိမ်သက်သွားခဲ့သည်။
ထိုတော့မှ အမျိုးသမီးကြီး၏ ငွေဆံခြည်မျှင်များက နောက်ပြန်ဆုတ်ပြီး ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာကြသည်။
“ရွှစ် ရွှစ် ရွှစ်…”
ငွေရောင်ဆံချည်များက အခုတော့ သွေးရောင်လွှမ်းလျက် သွေးတစက်စက် ကျဆင်းနေခဲ့သည်။
ရစ်ပတ်ချုပ်နှောင်ထားသော ငွေဆံခြည်မျှင်များကလည်း ဌာနချုပ်မှူးကွေ့ကျိုးကို လွှတ်လိုက်ပြီး နောက်ပြန်ဆုတ်လာခဲ့သည်။
ထိုအခါ ဌာနချုပ်မှူးကွေ့ကျိုးမှာ သစ်ပင်နှင့် တရွတ်တိုက်လျက် ပြုတ်ကျသွားသည်။
“ဘုန်း…”
သစ်ပင်ရင်းတွင် ဖင်ထိုင်လျက် ခေါင်းငိုက်စိုက်နှင့် ငြိမ်သက်နေလေ၏။
အမျိုးသမီးကြီးက ကောင်းကင်ပေါ်က လကို မော့ကြည့်သည်။ အသက်ဝဝရှိုက်သွင်းပြီး လက်ဟန်တချို့ကို လှုပ်ရှားလိုက်ပြန်သည်။
ထိုအခါ အသက်ဝင်သလို ရှည်ထွက်၍ လူးလွန့်နေသော ငွေဆံချည်မျှင်များက တဖြည်းဖြည်း ပြန်တိုဝင်သွားပြီး နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အမျိုးသမီးကြီး၏ မျက်လုံးများကလည်း ငွေရောင်အလင်းများပျောက်ပြီး နဂိုအတိုင်း ပြန်ဖြစ်သွားသည်။
ကောင်းကင်ပေါ်က လမှာလည်း ပန်းရောင်သန်းနေရာမှ နဂိုအတိုင်း ငွေရောင်ပြန်ဖြစ်သွားသည်။
“ဟူး…”
အမျိုးသမီးကြီးက ပင်ပန်းသွားဟန်ဖြင့် သက်ပြင်းရှိုက်ရင်း ငြိမ်သက်နေသော ဌာနချုပ်မှူးကွေ့ကျိုးကို တစ်ချက်ကြည့်သည်။
“ကောင်လေးတွေနောက်ကို လိုက်ရမယ်။ ကွေ့ကျိုးပြည်နယ်က ထွက်နိုင်ဖို့က နောက်ထပ် အတားဆီးတွေ ရှိလိမ့်ဦးမယ်”
ထို့နောက် ထိုနေရာမှ လျင်မြန်စွာ ထွက်သွားလေ၏။ ခဏအတွင်းမှာပင် တောအုပ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ပိုင်ဖေးယိနှင့် ဝမ်သခင်လေးတို့ ခုနစ်ယောက်က မြင်းကိုယ်စီဖြင့် အနောက်မြောက်ဘက်သို့ ဦးတည်၍ ဒုန်းစိုင်း ပြေးနေကြသည်။
“ဟိုင်း…ဟိုင်း…”
“ခွပ်ခွပ် ခွပ်ခွပ်…”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း…”
တိတ်ဆိတ်သော ညသန်းခေါင်ကျော်အချိန်တွင် မြင်းခွာသံများက ဆူညံနေတော့သည်။ လူသူကင်းမဲ့သော မြို့ပြင်ဘက်ဖြစ်၍ ဆူညံသံကို ထည့်မတွက်ဘဲ အတင်းဒုန်းစိုင်းပြေးနေကြခြင်း ဖြစ်သည်။ နဂါးစိမ်းဂိုဏ်းက နောက်မှ လိုက်မမီဖို့ လိုသည် မဟုတ်ပါလား။ နဂါးစိမ်းဂိုဏ်းသားများ လိုက်မီလာခဲ့လျှင် ရှေ့တွင် တားဆီးနေဦးမည့် နဂါးစိမ်းဂိုဏ်းသားများကို ရင်ဆိုင်ရ ခက်ခဲသွားပေမည်။
ကွေ့ယန်မြို့က ကွေ့ကျိုးပြည်နယ်၏ မြို့တော်လည်း ဖြစ်သလို နဂါးစိမ်းနယ်မြေများ ပတ်လည်ဝိုင်းနေသော နေရာလည်း ဖြစ်သည်။ အရှေ့ဘက်ကို သွားလျှင်လည်း အလယ်ပိုင်းဒေသတချို့နှင့် ကြာပန်းနက်ဂိုဏ်းကို လွှမ်းမိုးထားသော နဂါးစိမ်းဂိုဏ်း၏ အင်အားက ရှိနေသည်။ အနောက်ဘက်ကို သွားလျှင်လည်း နဂါးစိမ်းဂိုဏ်း၏ အသိုက်နှင့်တူသော စီချွမ်ပြည်နယ်ဖြစ်နေသည်။ မြောက်ဘက်နှင့် တောင်ဘက်ကို သွားပြန်လျှင်လည်း နဂါးစိမ်းဂိုဏ်းက လွှမ်းမိုးထားသော နယ်မြေများချည်း ဖြစ်နေသည်။
ဝမ်သခင်လေးအတွက် ကျားဖြူရဲတိုက်ကို ပြန်ဖို့အတွက်ဆိုလျှင်ပင် အရှေ့မြောက်ဘက်သို့ ဦးတည်ရမည် ဖြစ်သည်။ နဂါးစိမ်းဂိုဏ်း၏ နယ်မြေများစွာကို ဖြတ်သန်းသွားမှ ရပေမည်။ လွတ်မြောက်ဖို့ မဖြစ်နိုင်ပေ။
ထို့ကြောင့် အနောက်မြောက်ဘက်သို့ ဦးတည်ခဲ့ကြသည်။ ကွေ့ယန်မြို့၏ အနောက်မြောက်ဘက်တွင် နဂါးစိမ်းဂိုဏ်း၏ နယ်မြေဟူ၍ အန်းရွှမ်မြို့မှ ဌာနခွဲတစ်ခုသာ ရှိသည်။ ထိုမြို့ကို ဖြတ်ကျော်နိုင်လျှင် ကွေ့ကျိုးပြည်နယ်ကို လွန်၍ ယူနန်ပြည်နယ်ထဲသို့ ရောက်သွားပေမည်။
နဂါးစိမ်းဂိုဏ်းက အင်ပါယာအနောက်တောင်စွန်း ယူနန်ပြည်နယ်နှင့် ခွန်လွန်တောင်တန်းများကို မထိပါးသေးဘဲ ပြည်မသိုင်းလောကကိုသာ အလေးနက်ထားနေခဲ့သည်။ ထို့ကြောင့် ခွန်လွန်ဂိုဏ်းနှင့် ယူနန်ပြည်နယ်မှာ နဂါးစိမ်းဂိုဏ်း၏ အရိပ်အောက်မှ လွတ်မြောက်နေသေးသည်။
ဝမ်သခင်လေးတို့အတွက် ခရီးအတိုဆုံးနှင့် လွတ်မြောက်ရန် အခွင့်အလမ်းအရှိဆုံးက အနောက်တောင်ဘက်သို့ ဦးတည်၍ ယူနန်ပြည်နယ်ထဲသို့ ဝင်ရန် ဖြစ်သည်။
ထို့ကြောင့် ရှေ့တွင် ကြုံတွေ့ရမည့် မတားအဆီးကို တရကြမ်းထိုးဖောက်ဖြတ်ကျော်နိုင်ရန် လိုသည်။ အရှေ့နှင့် အနောက် နှစ်ဖက်ညှပ်ပိတ်မိသွားလျှင် လွတ်မြောက်ဖို့ မလွယ်နိုင်တော့ပေ။
ထိုစဉ်…
သူတို့၏ အနောက်မှ လိုက်လာသော မြင်းခွာသံများ ထွက်ပေါ်လာသည်။
“မြင်းခွာသံပဲ”
အားလုံး သတိထားလိုက်ကြသည်။ မြင်းတစ်ကောင်တည်း၏ ခွာသံဖြစ်နေ၍ သူတို့၏ မျက်နှာများက အနည်းငယ် သက်သာရာ ရသွားသည်။ သို့သော် သတိကိုတော့ မလျှော့ရဲကြပေ။
နောက်ကလိုက်လာသော မြင်းခွာသံက တဖြည်းဖြည်း နီးလာသည်။ မြင်းနှင့် မြင်းပေါ်မှ လူကို မြင်လိုက်ရသည်။
“ဆရာမကြီးပဲ။ ကောင်းတယ်”
မကြာခင်မှာပင် နောက်ကလိုက်လာသော မြင်းလည်း မီလာသည်။
“ဆက်သွားကြ”
ထို့နောက် မြင်းရှစ်ကောင်နှင့် လူရှစ်ယောက်တို့သည် အနောက်မြောက်ဘက်သို့ ဒုန်းစိုင်းထွက်ခွာသွားလေ၏။
ကောင်းကင်တွင်ကား လမင်းက တိတ်ဆိတ်ငြိမ်သက်စွာ သာမြဲသာနေ၏။
သစ်တောထဲတွင်ကား လဲပြိုနေသော သစ်ပင်များကြားက သစ်ပင်ကြီးတစ်ပင်ခြေရင်းတွင် ဌာနချုပ်မှူးကွေ့ကျိုးတစ်ယောက် ခေါင်းငိုက်စိုက်ကျလျက် ငြိမ်သက်နေ၏။
သို့သော် သူရထားသော အရိုးထိအောင် နက်သော ဒဏ်ရာများက အားလုံး ပြန်စေ့နေခဲ့ပြီး ဒဏ်ရာအဝနားတွင် တလှုပ်လှုပ်တရွရွ ဖြစ်နေ၏။ ဆံခြည်မျှင်ဖြင့် ထိုးဖောက်ခံထားရသော ဒဏ်ရာများကား အစအနပင် မရှိအောင် ပျောက်နေခဲ့ပြီ ဖြစ်သည်။
တလှုပ်လှုပ်တရွရွ ဖြစ်နေသော ဒဏ်ရာများက အချိန်တစ်ခုစာခန့်အကြာတွင် ငြိမ်သက်သွားသည်။ ဒဏ်ရာအားလုံး ပြန်စေ့သွားပြီး အမာရွတ်သွေးနီအစင်းကြောင်းများသာ ကျန်ရစ်နေခဲ့သည်။
ထိုအခိုက်မှာပင်
“ဟီး…”
ဝင်သက်ရှူရှိုက်သံကြီး တစ်ချက်နှင့်အတူ ရုတ်တရက် ခေါင်းပြန်ထောင်လာသည်။ အသက်ကို အမောတကော လုရှူနေခဲ့ပြီး မျက်လုံးကြီးများကလည်း ပြူးကျယ်နေခဲ့သည်။
“ဟောဟဲ ဟောဟဲ ဟောဟဲ”
သေရာမှ ပြန်ရှင်လာသူတစ်ယောက်လို ဖြစ်နေ၏။ သူ့မျက်လုံးများက အသိစိတ်ကင်းမဲ့နေခဲ့သည်။ သူ့လက်ရှိအခြေနေကို မသိဘဲ ဖြစ်နေသည်။ ဗလာကျင်းသော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေခဲ့သည်။
အတန်ကြာမှသာ အသက်ရှူသံများ ပုံမှန်ပြန်ဖြစ်သွားပြီး ပြန်တည်ငြိမ်သွားသည်။ မျက်လုံးများလည်း ပြန်ကြည်လင်လာခဲ့သည်။ အဖြစ်အပျက်အားလုံးကိုလည်း ပြန်မှတ်မိလာပုံရသည်။
ဌာနချုပ်မှူးကွေ့ကျိုးက တဖြည်းဖြည်း ပြန်ထရပ်လိုက်သည်။ သူ့ကိုယ်ပေါ်က ဒဏ်ရာများကို ပြန်ငုံ့ကြည့်ပြီး အေးတိအေးစက်နှင့် ပြုံးလိုက်သည်။
“ကြာပန်းနက်ဂိုဏ်း…။ ရှေးဟောင်းဂိုဏ်းလို့ မပြောရဘူး။ ဒီလို ထူးဆန်းတဲ့ သိုင်းပညာမျိုးတောင် ရှိနေတယ်”
ထိုထူးဆန်းသော ငွေဆံခြည်မျှင်များက အလွန်သန်မာနေခဲ့သည်။ အသက်ရှိနေသလိုမျိုးလည်း လှုပ်ရှားနိုင်သည်။ သံမဏိကျားလက်သည်းဖြင့်လည်း မဖြတ်တောက်နိုင်ပေ။ ရစ်ပတ်ချုပ်နှောင်မှုကလည်း အလွန်အားကောင်းသည်။ ရုန်းထွက်နိုင်စွမ်းပင် မရှိခဲ့ပေ။ ခန္ဓာကိုယ်ကို ထုတ်ချင်းခတ် ထိုးဖောက်သွားနိုင်သည်က ပို၍ပင် ထူးခြားနေသေးသည်။ အရိုးမှလွဲ၍ အားလုံးကို ထိုးဖောက်သွားခဲ့သည် မဟုတ်ပါလား။ လှီးဖြတ်နိုင်စွမ်းကလည်း အတူတူပင်။ အရိုးကလွဲ၍ အားလုံးကို လှီးဖြတ်နိုင်သည်။
ဌာနချုပ်မှူးကွေ့ကျိုးက တောအုပ်အခြေနေကို တစ်ချက်ကြည့်ပြီး အနောက်မြောက်ဘက်သို့ ပြေးလိုက်သွားလေ၏။
“ဘယ်အထိ ပြေးနိုင်မလဲ ငါ သိချင်တယ်”
သိပ်မကြာခင် တောအုပ်အလွန်သို့ ရောက်လာခဲ့သည်။
“မြင်းတွေနဲ့ ပြေးသွားကြတာလား။ ဒါဆိုရင် သူတို့က အစစမရာရာ ကြိုတင်ပြင်ဆင်ထားခဲ့တာပဲ”
မြင်းများနှင့် ထွက်ပြေးသွားကြပြီဖြစ်၍ သည်အတိုင်း လိုက်၍တော့ မမီနိုင်တော့ပေ။ သူ၏ ကိုယ်ဖော့ပညာက ကောင်းသည်ဆိုသော်လည်း မြင်းလောက်တော့ မမြန်ပေ။
ဌာနချုပ်မှူးကွေ့ကျိုးက သစ်ရွက်ခြောက်တချို့ကို လုံးခြေစုပုံလိုက်သည်။ ထို့နောက် မီးမွေးလိုက်လေ၏။ မီးပုံကို ပို၍ ကြီးသထက်ကြီးအောင် မွေးလိုက်သည်။
“ဟူး…ဟူး…”
မီးညွန့်တလူလူနှင့် မီးပုံကြီးက တဟူးဟူး တောက်လောင်လာသည်။ မီးရောင်ကြောင့် တောအုပ်အထက် ကောင်းကင်၌ နီရဲသွားသည်။
ထိုသို့ တောက်လောင်လာသည်နှင့် ဌာနချုပ်မှူးကွေ့ကျိုးက မီးပုံကို ယက်ဖြဲချကာ မီးညွန့်ကျိုးအောင် လုပ်လိုက်သည်။
နီရဲနေသော သစ်တောအထက် လေထုက ပြန်ပျောက်သွားသည်။
ထို့နောက် ဌာနချုပ်မှူးကွေ့ကျိုးက မီးပုံကို ပြန်စုစည်းပြီး နောက်တစ်ကြိမ် ပြန်တောက်လောင်စေလိုက်ပြန်သည်။
ထိုသို့ဖြင့် မီးပုံကြီးကို တဟုန်းဟုန်းတောက်အောင် ရှို့လိုက် ပြန်ယက်ဖြဲလိုက် ပြန်ရှို့လိုက်နှင့် လုပ်နေခဲ့သည်။
နောက်က လိုက်လာသည့် နဂါးစိမ်းဂိုဏ်းသားများကို အချက်ပြနေခြင်းဖြစ်သည်။
ထိုစဉ်
မြင်းခွာသံများနှင့်အတူ မီးတုတ်များကို ကိုင်ဆောင်ထားသော မြင်းစီးသမား တစ်ရာခန့် ရောက်လာသည်။ နဂါးစိမ်းဂိုဏ်းသားများ ဖြစ်လေ၏။ ထိုအဖွဲ့ကို သိုင်းအကျော်မော်အဆင့်နှစ်ယောက်က ဦးဆောင်လာသည်။ မြင်းအပိုတစ်ကောင်လည်း ပါလာ၏။
“ဌာနချုပ်မှူး…”
နဂါးစိမ်းဂိုဏ်းသားအားလုံး မြင်းပေါ်က ဆင်း၍ ဌာနချုပ်မှူးကွေ့ကျိုးကို အရိုသေပေးကြသည်။
“အန်းရွှမ်ဌာနခွဲကို စာပို့ခိုလွှတ်လိုက်။ ရန်သူတွေကို ပိတ်ဆို့ထားပါလို့ ပြောလိုက်”
“ဟုတ်ကဲ့ ဌာနချုပ်မှူး…”
သိုင်းအကျော်မော်တစ်ယောက်က အမိန့်နာခံပြီး ဆက်သားကိုခေါ်၍ ချက်ချင်းပင် စာပို့ခို လွှတ်တင်လိုက်သည်။
“ဖျပ်ဖျပ် ဖျပ်ဖျပ်…”
စာပို့ခိုက အနောက်မြောက်ဘက်သို့ ဦးတည်ပျံသန်းသွားလေ၏။
“လိုက်ကြမယ်”
“ဟိုင်း…”
ဌာနချုပ်မှူးက မြင်းအပိုပေါ်သို့ ခုန်တက်ပြီး အနောက်မြောက်ဘက်သို့ ဦးတည်၍ ဒုန်းစိုင်းပြေးထွက်သွားသည်။
“လိုက်ကြ…”
အနောက်က နဂါးစိမ်းဂိုဏ်းသားများလည်း နောက်ချန်မနေရစ်ကြဘဲ အနောက်က ဒုန်းစိုင်းပြေးလိုက်သွားကြသည်။
“ဒုန်းဒုန်း ဒုန်းဒုန်း…”
မြင်းတစ်ရာခန့်၏ ဒုန်းစိုင်းခွာသံက သန်းခေါင်းကျော် မိုးသောက်ယံ ကောင်းကင်အောက်၌ တဝုန်းဝုန်း ဆူညံသွား၏။ မြေပြင်သည်ပင် သိမ့်သိမ့်တုန်ခါသွားခဲ့လေ၏။
ထိုသို့ ပြေးသူနှင့်လိုက်သူတို့ မအိပ်စက်နိုင်အောင် လှုပ်ရှားနေကြချိန်တွင် ကွေ့ယန်မြို့ကြီးကတော့ ငြိမ်သက်တိတ်ဆိတ်နေခဲ့လေ၏။ သန်းခေါင်ယံအလွန် မိုးသောက်ယံအဝင် ဤအချိန်သည်ကား လွန်စွာအိပ်မောကျသော အချိန်လည်း ဖြစ်၍ လူတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ကြသည်။
သို့သော်လည်း မြွေဟောက်ဂိုဏ်းသားများမှာတော့ အိပ်မပျော်ကြပါ။ အားလုံး၏ စိတ်ထဲတွင် ပူလောင်နေကြသည်။ သိုင်းခန်းမကြီးကို ရှင်းလင်းပြီး အလောင်းများကို မြေမြှုပ်ပြီး ဖြစ်၍ သိုင်းခန်းမထဲတွင် ရှင်းလင်းနေသည်။
နဂါးစိမ်းဂိုဏ်းသားများလည်း လာရောက်ကူညီရှင်းလင်းပေးခဲ့သည်။ အချက်ပြမီးရောင်ကို မြင်ပြီးနောက် အားလုံး လိုက်သွားကြသည်။
အခု မြွေဟောက်ဂိုဏ်းသားများသာ ကျန်ရစ်တော့သည်။
“အဲဒါက ဘယ်လို ဖြစ်တာလဲ”
“ဘယ်လို ဖြစ်မှန်း မသိဘူး။ သော့ကလည်း အကောင်းတိုင်းပဲ ရှိနေတယ်။ ခတ်လျက်သားနဲ့ ရှိနေတယ်။ အထဲမှာလည်း ဘာခြေရာလက်ရာမှ မရှိဘူး။ ဒါပေမဲ့ ရတနာတွေနဲ့ ငွေတုံးတွေ ပျောက်နေတယ်”
ခြေရာလက်ရာ မကျန်ဘဲ ရတနာများ ပျောက်သွားခြင်းကြောင့် မြွေဟောက်ဂိုဏ်းသားများ ရင်ပူနေကြခြင်း ဖြစ်သည်။ ထိုငွေတုံးများနှင့် ရတနာများကို အသုံးပြု၍ ကျဆုံးသွားသော ဂိုဏ်းတူညီအစ်ကိုများ၏ မိသားစုကို ထောက်ပံ့ပေးရမည် ဖြစ်သည်။ ကျန်ရစ်သော ဂိုဏ်းသားများကိုလည်း ဆုလာဘ်ပေးရမည် ဖြစ်သည်။ ထို့အပြင် မြွေဟောက်ဂိုဏ်းကို ဆက်လက်လည်ပတ်ရန်လည်း သုံးစွဲရဦးမည် ဖြစ်သည်။ ဂိုဏ်းသားတစ်ဝက်ခန့် ကျဆုံးသွားပြီဖြစ်၍ ဂိုဏ်းသားသစ်များ စုဆောင်းရန် ငွေလိုသည်။ ပျက်စီးသွားသော လက်နက်များ ဖြည့်တင်းရန်လည်း ငွေလိုသည်။
ယခုတော့ ငွေက မလုံလောက်တော့ပေ။ လက်ရှိအခြေနေကို ဖြေရှင်းရန် ရှိသမျှ ငွေနှင့် ရတနာ အကုန်သုံးလိုက်လျှင် ပြေလည်နိုင်သော်လည်း မြွေဟောက်ဂိုဏ်းကြီး ဆက်လက်တည်တန့်ဖို့အတွက်ကား မတတ်နိုင်တော့ပေ။
“ငါတို့ မြွေဟောက်ဂိုဏ်းက ဒီလိုပုံစံနဲ့ ပျက်စီးရမှာလား”
“ဘာလို့ ဒီလို ပုံစံနဲ့ ပျက်စီးရတာလဲ”
“အား…”
မြွေဟောက်ဂိုဏ်းသားများမှာ မချိတင်ကဲနှင့် အော်ဟစ်ကုန်ကြသည်။
ထိုတစ်ညတည်းမှာပင် ဂိုဏ်းချုပ်နှင့်တကွ ဂိုဏ်းလက်ထောက်နှစ်ယောက်အပါအဝင် ဂိုဏ်းသားတစ်ဝက်ခန့် အသတ်ခံလိုက်ရသည်။ တာဝန်ယူထားရသော အကျဉ်းသားလည်း လွတ်သွားသည်။ ရတနာခန်းလည်း ဖောက်ထွင်းခံလိုက်ရသည်။
ထိုအနေထားဖြင့် မြွေဟောက်ဂိုဏ်းက မည်သို့ ရှေ့ဆက်တည်တန့်နိုင်ပါတော့မည်နည်း။
“ညီအစ်ကိုတို့…၊ ဒါက လက်ခံဖို့ ခက်ပေမဲ့ ငါတို့ လက်ခံဖို့ လိုတယ်။ ငါတို့ရဲ့ မြွေဟောက်ဂိုဏ်းက အဆုံးသတ်သွားပြီ။ ကျန်တဲ့ ငွေနဲ့ ရတနာတွေကို ခွဲဝေပြီး ကျဆုံးသွားတဲ့ ဂိုဏ်းတူညီအစ်ကိုတွေရဲ့ မိသားစုကို ထောက်ပံ့လိုက်ပါ။ ပြီးတော့ ကျန်တာကို ငါတို့ ခွဲယူလိုက်ကြတာပေါ့။ ဘယ်လို ရှေ့ဆက်မလဲဆိုတာကိုတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ ရွေးချယ်ကြပါ။ ငါကတော့ နဂါးစိမ်းဂိုဏ်းထဲ ဝင်လိုက်တော့မယ်”
“ငါတို့လည်း နဂါးစိမ်းဂိုဏ်းထဲ ဝင်မယ်”
ကျန်ဂိုဏ်းသားများကလည်း ပြိုင်တူ ပြောလိုက်ကြသည်။
“ဒါဆို ဂိုဏ်းအဆောက်ဦးတွေကို နဂါးစိမ်းဂိုဏ်းကိုပဲ စီစဉ်ခွင့် ပေးလိုက်မယ်။ ဒါက ငါတို့ရဲ့ ကျေးဇူးသိတတ်မှုကို ဖော်ပြရာ ရောက်တယ်”
“ဟုတ်တယ်။ နဂါးစိမ်းဂိုဏ်းက ငါတို့ကို အများကြီး ကူညီခဲ့တယ်။ ဒီအဆောက်ဦးတွေက တန်ဖိုးရှိပေမဲ့ ငါတို့မှာ ဆက်ထိန်းသိမ်းဖို့ အစွမ်းစ မရှိဘူး။ နဂါးစိမ်းဂိုဏ်းကို အပ်နှံလိုက်တာက ကောင်းတဲ့ အစီစဉ်ပဲ”
“ဒါဆို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့”
အားလုံး ခေါင်းညိတ်လိုက်ကြသည်။
“ငါ တကယ်သိချင်တယ်။ ဘယ်လို သူခိုးက ဒီလောက် ကျွမ်းကျင်ရတာလဲဆိုတာပေါ့”
“အဲဒါ သိုင်းလောကမှာ နာမည်ကြီးနေတဲ့ ဇီးကွက်များ ဖြစ်နေမလား”
“ဇီးကွက်လား…။ မဟုတ်လောက်ဘူး။ ဇီးကွက်က ဒီလို သေးငယ်တဲ့ အလုပ်မျိုးတွေ မလုပ်ဘူးလို့ ကြားဖူးတယ်”
“ဒါဆိုရင် ဘယ်သူများ ဖြစ်မလဲ။ သိုင်းလောကမှာ ဒုတိယ ဇီးကွက်တစ်ယောက် ပေါ်လာတာများလား။ ငါတို့ အခြေနေရှုပ်ထွေးနေတုန်း အခွင့်ရေးယူသွားတာဆိုတော့ ဇီးကွက်လို အလုပ်ကြီးလုပ်တဲ့ စောရတော့ မဟုတ်လောက်ဘူး။ သူတောင်းစားလို သူခိုးဂျပိုးတစ်ကောင်ပဲ ဖြစ်လိမ့်မယ်”
“ဟုတ်တယ်။ ခွေးသခိုးကောင်။ ငါ ဒီနေရာကနေ ကျိန်ဆဲတယ်။ ခွေးသူခိုးကောင်”
တစ်ယောက်က စလိုက်သည်နှင့် ကျန်မြွေဟောက်ဂိုဏ်းသားများအားလုံးလည်း ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းကြလေတော့သည်။
ထိုအချိန်တွင် ရှောင်လုံတစ်ယောက်ကတော့ တဲခိုခန်း၌ ရတနာထုပ်ကို ပိုက်၍ ပြုံးပြုံးကြီး အိပ်မောကျနေခဲ့လေ၏။
အခန်း(၃၅၆)ပြီး
***