တောင်တန်းကြီးတစ်ခု…။ သစ်ပင်၊ တောတောင်၊ ကျောက်ဆောင်များ၊ စမ်းချောင်းများ၊ ရေတံခွန်များနှင့် အလွန်သာယာလှပ၏။ ကျေးငှက်သာရကာ တိရစ္ဆာန်များစွာတို့သည်လည်း မှီခိုနေထိုင်၏။
နွေဦးရာသီ၌ ထိုတောင်တန်းကြီးအနှံ့တွင် အရောင်၊ အဆင်း၊ အသွင်သဏ္ဍာန် ပုံစံအမျိုးမျိုး၊ မျိုးစိတ်အမျိုးမျိုးသော ပန်းမာလာတို့သည် ရေပြင်ပေါ်၌ လည်းကောင်၊ မြေပြင်ပေါ်၌ လည်းကောင်း၊ သစ်ပင်ကြီးငယ်တို့၌ လည်းကောင်း၊ နွယ်ပင် နွယ်ဖျား သစ်ခွကြား၌ လည်းကောင်း နေရာတိုင်းတွင် ဖူးပွင့်ဝေဆာသည့်အခါ ဖူးပွင့်ဝေဆာနေ၏။
နွေရာသီ၌ကား အသီးအပွင့်အရွက်တို့ ရင့်ရော်ကြွေလွင့် ရင့်ရော်ကြွေလွင့်ကြ၏။
ဆောင်းဦးရာသီ၌ တောင်တန်းကြီးတစ်ခုလုံးရှိ သစ်ပင်ကြီးငယ်တို့သည် စိမ်းသည် တချို့၊ ဝါသည် တစ်ဝက်၊ နီသည် တမျိုး၊ ညိုသည့် တစ်ဖုံနှင့် ရောင်စုံ အသွေးစုံ အမျိုးမျိုးအဖုံဖုံနှင့် ဆေးရောင်ရုံ ပန်းချီကားတစ်ချပ်လို ပြောင်းလဲလျက် ဆောင်းဦး၏ ရနံ့နှင့်အတူ လှပတင့်သည့်အခါတွင်လည်း လှပတင့်တယ်နေ၏။
ဆောင်ရာသီ၌ နှင်းပွင့် နှင်းခဲတို့ တဖွဲဖွဲ တလှုပ်လှုပ် တဖြုတ်ဖြုတ် ကြွေကျသက်ဆင်း နှင်းတို့ဖြင့် ဖွေးဖွေးလှုပ်နေသည့်အခါတွင်လည်း ဆောင်း၏ သရုပ်သည် ပေါ်လျက် တောင်တန်းကြီးတစ်ခုလုံး ဖွေးဆွတ်အေးခဲနေပြန်လေ၏။
ခေတ်တို့သည် ပြောင်းလဲသွားသည်။ အချိန်ယန္တရားကြီး လည်ပတ်သွားသည်။ ရာသီလေးပါးတို့သည် အဖန်ဖန် ပြောင်းလဲသွားသည်။ တောင်တန်းကြီး၏ အပေါ်ယံအသွင်ပြင်သည်လည်း အမျိုးမျိုး ပြောင်းလဲသွားသည်။ ထိုတောင်တန်းကြီးသည်လည်း တချို့ မြေမျက်နှာသွင်ပြင်များ ပြောင်းလဲသွားသည်။
ထိုတောင်တန်းကြီးအတွင်းက တောင်ကြားချိုင့်ဝှမ်းကြီးအတွင်း၌ ရာသီလေးပါးလုံး ရေအမြဲရှိသော ရေအိုင်ကြီးတစ်အိုင်လည်း ရှိနေ၏။ ထိုရေအိုင်ကြီးသည် ထိုတောင်တန်းကြီး၏ ရေအရင်းမြစ် ဖြစ်၏။ တောင်တန်းကြီးတွင် မှီတင်းနေထိုင်ကြသော ကျေးငှက်သာရကာ၊ တိရစ္ဆာန်ကြီးငယ်မျိုးစုံတို့၏ အမှီပြုရာလည်း ဖြစ်၏။
တစ်ချိန်တွင် ထိုတောင်တန်းကြီးပေါ်က တောင်ကြားတစ်ခုတွင် လူသားမျိုးနွယ်စုတစ်ခု လာရောက်နေထိုင်၏။ တောင်တန်းကြီး၏ ရေမြေသဘာဝကို အမှီပြု၍ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်ကြ၏။ လူသားများဖြစ်၍ လူနေမြို့ပြကိုက အလုံးစုံကင်း၍ မနေနိုင်ပါ။ တချို့စားနပ်ရိက္ခာ ဆေးဝါးများအတွက် လူနေမြို့ပြကို အားထားမှီခိုရ၏။
အချိန်ယန္တရားနှင့်အတူ ခေတ်တို့သည် ပြောင်းလဲသွား၏။ လူနေမြို့ပြတို့ စည်ကားတိုးတက်သည့် အချိန်ရှိ၏။ ဆုတ်ယုတ်ပျက်စီးသည့်အခါလည်း ရှိ၏။
ထိုတောင်ကြားရွာလေးသည်လည်း လူနေမြို့ပြခေတ်စနစ်၏ ပြောင်းလဲမှုဒဏ်ကို အနည်းနှင့်အများ ခံစားရ၏။ တောင်ကြားရွာလေး သာယာအေးချမ်းသည့်အခါလည်း ရှိ၏။ မသာယာ မအေးချမ်း ခက်ခဲပင်ပန်းချိန်လည်း ရှိ၏။ အစားစာဆေးဝါး ရှားပါးပြီး ရောဂါဘယ ထူပြောချိန်များလည်း ရှိ၏။
အဆိုးရွားဆုံးတစ်ခေတ်တွင် လူနေမြို့ပြများ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘေးတို့ ကြုံတွေ့ရသည့်အချိန်တွင် တောင်ကြားရွာလေးသည်လည်း သုသာန်တစ်စပြင်လို တိတ်ဆိတ်ခြောက်ကပ်၍ ငတ်မွတ်ခေါင်းပါးခြင်း ကပ်ဘေးကို ရင်ဆိုင်ရ၏။
လူငယ်လေးတစ်ယောက်။ ပိန်လှီညိုးချုံး၍ နွမ်းနယ်ပင်ပန်းနေသော လူငယ်လေးတစ်ယောက်။ တိတ်တဆိတ် ကျိတ်၍ ငိုနေ၏။ သူကိုယ်တိုင် ဆာလောင်ပင်ပန်းနေ၍လည်း ငို၏။ သူ့ရွာမှ မိဘဘိုးဘွားအသက်ကြီးပိုင်းများ၊ အစ်ကိုအစ်မသက်လတ်ပိုင်းများ၊ သူငယ်ချင်းမိတ်ဆွေရွယ်တူများ၊ ညီငယ်ညီမငယ် အသက်ငယ်သူများ အားလုံးအတွက်လည်း သူက မျက်ရည်ကျနေ၏။
သူ့တွင် လုပ်နိုင်စွမ်းသာ ရှိလျှင် သူ့ရွာသားများကို ဗိုက်မဆာအောင် လုပ်ပေးချင်နေ၏။ ဗိုက်ဆာလွန်း၍ ငိုနေသော ကလေးများကို အငိုတိတ်အောင် လုပ်ပေးချင်၏။ ကိုယ်တိုင်အငတ်ခံ၍ ကလေးများနှင့် အဘိုးဘွားများကို ကျွေးမွေးနေသော မိခင်များ၏ ချည့်နဲ့နေသော မျက်လုံးများကို မကြည့်နိုင်အောင် ဝမ်းနည်း၏။
သူကိုယ်တိုင် ဆာလောင်ခံခက်နေသော်လည်း သူ့ဝေစု ထမင်းခဲလေးကို မြိုချရသည့်အခါ ဆာလောင်သည်ထက် သူ့နှလုံးသားက ပိုနာကျင်၏။ အဆာပိုပြေအောင် အဆာပိုခံအောင် ထမင်းခဲလေးကို မဝါးဘဲ မြိုချတိုင်း နွမ်းနယ်စွာ ပြုံးကြည့်နေသော မိခင်တို့၏ မျက်လုံးများက သူ့နှလုံးသားကို နာကျင်စေ၏။
မဝသေး၍ ထမင်းတစ်လုံးလောက် ဖဲ့ခြွေဝေမျှပေးမည်ကို မျှော်လင့်နေသည့် ညီငယ် ညီမငယ်များ၏ မျက်လုံးများကြောင့် ထမင်းတစ်လုံးတိုင်းက မြိုချရခက်လှ၏။
ထိုလူလေးက မျက်ရည်စများနှင့် ကောင်းကင်ကို မော့ကြည့်၏။ ပုံပြင်ဒဏ္ဍာရီများထဲက နတ်ဘုရားများ၊ နတ်ဝိဇ္ဇာများကို အကူညီတောင်းချင်နေပုံရ၏။ သို့သော်လည်း နတ်ဘုရားများနှင့် နတ်ဝိဇ္ဇာများကို သူ မသိပေ။ မည်သို့ အကူညီတောင်းရမှန်းလည်း သူ မသိပေ။ ကောင်းကင်ဘုံက မြင့်လွန်း၏။ ဝေးလွန်း၏။ သူ့တွင် ထိုမျှ အဝေးကြီးကို လှမ်းအော်ပြောရန် ခွန်အား မရှိပေ။ သူ့တွင် လေသံမျှသာ ပြောနိုင်တော့သည် ခွန်အားသာ ရှိသည်။
ထိုလူငယ်လေးက ချည့်နဲ့နေသော ခြေလှမ်းများဖြင့် ရွာမှ ထွက်လာ၏။ အားနည်းချည့်နဲ့နေသော သူ့ခြေလှမ်းများကို မျှော်လင့်ချက်ဟူသော စိတ်ဖြင့် ဆွဲခေါ်၍ တောင်တန်းကြီးအတွင်းပိုင်း ချိုင့်ဝှမ်းကြီးအလယ်က ရေအိုင်ကြီးထံ ရောက်အောင် လာခဲ့သည်။
ရေအိုင်ကြီးဘေး ရေစပ်ကတွင် ထိုင်ရင်း ရေပြင်ကြီးကို ငြိမ်သက်စွာ ကြည့်နေ၏။ ရေကို လက်ခုပ်ဖြင့် ဗိုက်ဝသည်အထိ ခပ်သောက်လိုက်၏။ ဆာလောင်သမျှ ပင်ပန်းသမျှတို့ ခဏ သက်သာသွား၏။
သူတစ်ယောက် ရွာတွင် မရှိတော့လျှင် သူ့တစ်ယောက်စာ ထမင်းခဲဝေစု ပိုထွက်လာပေလိမ့်မည်။ သူ့အမေအတွက် ထမင်းခဲ ဝေစု ရသွားပေလိမ့်မည်။
ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းတို့ ရောနေသော မျက်ရည်များက ပါးပြင်ပေါ်မှတစ်ဆင့် ရေအိုင်ကြီးထဲသို့ ကျသွား၏။
သူ ငယ်ငယ်က နားထောင်ခဲ့ရသော ဒဏ္ဍာရီပုံပြင်ထဲတွင် ဤရေအိုင်ကြီး၌ နဂါးကြီးတစ်ကောင် ရှိသည်ဟု ကြားဖူး၏။
“အရှင် နဂါးမင်း…၊ ကျွန်တော်တို့ရွာကို ကူညီပေးပါ”
လူငယ်လေး၏ တိုးလျနွမ်းနယ်သော စကားသံက သူ့နားနှင့်ပင် သူကိုယ်တိုင် ကြားဖို့ ခက်နေ၏။ သို့သော်လည်း သူနှလုံးသားထဲတွင်တော့ ထိုအသံက ကျယ်လောင်နေ၏။ မျှော်လင့်ချက်များနှင့် ပြည့်နေ၏။
ရေကန်ကြီး၏ အလွန်နက်ရှိုင်းသော အောက်ခြေ၌ နှစ်ပေါင်းမည်မျှကြာအောင် ရစ်ခွေအိပ်စက်နေမှန်း မသိရသော သက်ရှိကြီးတစ်ကောင်က လူငယ်လေး၏ တောင်းပန်သံကို ကြား၏။ လူငယ်လေး၏ သန့်ရှင်းသော နှလုံးသားနှင့် ဖြူစင်သော စိတ်ကောင်းစေတနာကို မြင်၏။ ကတိသစ္စာ တည်မြဲမှုနှင့် ကျေးဇူးသိတတ်မှုကိုလည်း မြင်၏။ လူငယ်လေး၏ နာကျင်ဝမ်းနည်းမှုက ထိုသက်ရှိကြီး နှစ်ချို့နေသော နှလုံးသားကို လှုပ်ခါဝမ်းနည်းစေခဲ့၏။
ထိုသက်ရှိကြီး၏ မှိတ်ထားသော မျက်လုံးကြီးမှ မျက်ရည်တစ်စက် စိမ့်ထွက်လာခဲ့သည်။ ထိုမျက်ရည်တစ်စက်က ကန်ရေပြင်အောက်ခြေမှ ရေပြင်ပေါ်သို့ တဖြည်းဖြည်း တက်လာ၏။ နောက်ဆုံးတွင် လူငယ်လေး၏ ရှေ့ လေထဲတွင် တည်နေခဲ့၏။
အားကြီးသော အရှိန်ဝါနှင့် နေလိုလလို တောက်ပသန့်စင်နေသော ထိုမျက်ရည်စက်က တဖြည်းဖြည်း အေးခဲ၍ ပုလဲကြီးတစ်လုံးအဖြစ် ပြောင်းလဲသွား၏။
ထိုပုလဲကြီးမှာ လက်သီးဆုပ်ခန့် ကြီး၏။ အရောင်အဝါတို့မှာ မျက်စိဖြင့် မကြည့်နိုင်လောက်အောင် တောက်ပနေ၏။
လူငယ်လေးက လေထဲမှ တောက်ပဝင်းလက်နေသော ပုလဲကြီးကို ကြည့်၍ ဝမ်းမြောက်နေ၏။ ကြည်ညိုလေးစားနေ၏။ သူ့တကိုယ်လုံး ကျေးဇူးတင်စိတ်များ ပြည့်နက်ဖုံးလွှမ်းနေ၏။
လူငယ်လေး၏ ပင်ပန်းနွမ်းနယ်နေမှုများမှာလည်း ယူပစ်သလို ပျောက်သွား၏။ ထိုပုလဲကြီး၏ တောက်ပသော အရောင်ဝါများက လူငယ်လေးကို ခွန်အား ပေးခဲ့ပုံရသည်။
လူငယ်လေးက ရေစပ်တွင် ဒူးထောက်၍ ကန်ပြေကြီးကို ဦးညွှတ်၍ အရိုသေးပေးလေ၏။
“ကျေးဇူးတင်ပါတယ် အရှင်နဂါးမင်း။ ကျေးဇူးတင်ပါတယ် အရှင်နဂါးမင်း”
လူငယ်လေး ဦးညွှတ်အရိုသေပေးနေစဉ်မှာပင် လူငယ်လေး၏ စိတ်အာရုံထဲတွင် စကားသံတချို့ကို ကြားလိုက်ရသည်။
“_မျက်ရည်ပုလဲ၊ သန့်ရှင်းဖြူစင်တဲ့ နှလုံးသားနဲ့ ကတိသစ္စာကျေးဇူးတရား သိသူတွေရဲ့ ဆန္ဒကို ဖြည့်ပေးလိမ့်မယ်_”
ထိုအသံကြီးကို ကြားလိုက်ရသောအခါ လူငယ်လေးမှာ ပို၍ပင် ရိုသေလေးစားလိက် ဝပ်တွားကာ အရိုသေပေးနေခဲ့လေ၏။
လေထဲ လွင့်မျောနေသော ပုလဲလုံးကြီးက အရောင်ဝါများ တဖြည်းဖြည်း လျှော့ကျသွားပြီး သာမန်ပုလဲကြီးတစ်လုံးပုံစံအဖြစ် ပြောင်းလဲကာ ထိုလူငယ်လေး၏ လက်ထဲသို့ ဆင်းသက်လာခဲ့လေ၏။
လူငယ်လေးက ပုလဲကြီးကို တရိုတသေ လက်ခံယူရင်း ကန်ရေပြင်ကြီးကို အရိုသေထပ်ပေးသည်။ ထို့နောက် သူက ထိုနေရာမှ ပေါ့ပါးအားပြည့်သော ခြေလှမ်းများဖြင့် ပြေးထွက်သွားခဲ့သည်။
ကန်ရေပြင်ကြီးကတော ငြိမ်သက်တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့လေ၏။
လူငယ်လေးက ပုလဲကြီးကို သူ့အိမ်၏ အသန့်ရှင်းဆုံးနေရာတွင် ထား၍ ရိုသေစွာ ဂါရဝပြု၏။ အမွှေးတိုင်ဖြင့် ပူဇော်၏။ သူ့အိမ်သားများကိုလည်း အရိုသေပြုစေ၏။ ပူဇော်စေ၏။ ရွာသားများကိုလည်း အရိုသေပြုစေ၏။
တောင်ကြားရွာသားများဖြစ်၍ သူတို့၏ စိတ်က ပကတိ ရိုးသားဖြူစင်နေ၏။ လူငယ်လေး၏ အကူညီကို ကျေးဇူးတင်ကြ၏။ ထိုမျက်ရည်ပုလဲမှာ ရေကန်မှ နဂါးမင်းက ချီးမြှောက်လိုက်မှန်း သိပြီး ကြည်ညိုရိုသေမဆုံး ဖြစ်နေ၏။
ပုလဲကြီးက သူတို့ကို အစားဆေးဝါး မထုတ်ပေးသော်လည်း သူတို့၏ ပင်ပန်းနွမ်းနယ်နေမှုကို သက်သာစေ၏။ အားကိုးရာမဲ့မှုကို ပြေပျောက်စေ၏။ ကူရာကယ်ရာ ကင်းမဲ့မှုကို ပျောက်ကွယ်စေခဲ့၏။ စိတ်ရော ကိုယ်ရော လန်းဆန်းလာကြသည်။ သူတို့ကို ကူညီစောင့်ရှောက်နေသော နဂါးမင်း၏ မျက်ရည်ပုလဲရှိသည်ဟူသော စိတ်ဖြင့် ယုံကြည်မှုများ ရှိလာကြသည်။ လုံခြုံဘေးကင်းသလို ခံစားလာရသည်။
ထိုအခါ ရွာသားတိုင်းက ခွန်အားအပြည့်ဖြင့် တက်ကြွစွာ အလုပ်လုပ်ကြသည်။ ကြိုးစား၍ ထွန်ယက်စိုက်ပျိုးကြသည်။ အနာရောဂါရှိနေသူများလည်း ဆေးဝါးကို ယုံယုံကြည်ကြည် မှန်မှန်ကန်ကန် သောက်သုံးလာကြသည်။ သူတို့၏ ရှေ့တွင် ရှင်သန်ခြင်း ရှိနေသည်ဟု ယုံကြည်လျက် နေပြန်ကောင်းလာဖို့ကို ဆန္ဒပြင်းပြလာကြသည်။
ဤသို့ဖြင့် တောင်ကြားရွာလေးမှာ လပိုင်းအတွင်းမှာပင် အခြေနေဆိုးမှ လွတ်မြောက်ပြီး ကျန်းမာရွှင်လန်းသော စိုပြေအေးချမ်းသော ရွာကလေးအဖြစ်သို့ ပြန်ရောက်သွားခဲ့သည်။
ကလေးငယ်များ၏ ရယ်မောသံများ၊ ပြေးလွှားဆော့ကစားသံများ ပြန်လွင့်ပျံလာသည်။
မိခင်များ၏ သားချောတေးကလည်း ချစ်ခြင်းတရားတို့ဖြင့် ပြည့်နေခဲ့သည်။
ထိုလူငယ်လေးသည် လူလတ်ပိုင်းဖြစ်လာ၏။ လူလတ်ပိုင်းမှ လူကြီးဖြစ်လာ၏။ လူကြီးမှ လူအိုကြီးဖြစ်လာ၏။
သူ့တစ်ဘဝလုံး နောက်ထပ် မျက်ရည်မကျခဲ့ရတော့ပေ။ အမြဲတမ်း ပြုံး၍သာ နေသွားခဲ့သည်။ သူ့အပြုံးများက အလွန်သန့်ရှင်း၏။ အလွန်ဖြူစင်၏။ အလွန်ကြင်နာ၏။ စကားနည်း၏။ ပြောသောစကားတိုင်းတွင် ကတိသစ္စာတည်မြဲမှုနှင့် ကျေးဇူးသိတတ်မှုအကြောင်း ပါ၏။
တောင်ကြားတစ်ရွာလုံးကလည်း ထိုလူငယ်၏ စကားကို အသွေအဖယ်မရှိ လက်ခံယုံကြည်ကြ၏။ တစ်စိတ်တည်း တစ်ဝမ်းတည်း ဖြစ်၏။ တူသော အပြုံးနှင့် တူသော နှလုံးသားများ ရှိကြ၏။
ထိုတောင်ကြားရွာလေး၏ အလှပဆုံးနှင့် အသန့်ရှင်းဆုံး နေရာတွင် တစ်ရွာလုံးက လေးစားရိုသေစွာ ဝတ်ပြုဆုတောင်းသော ကျောင်းဆောင်တစ်ခု ရှိ၏။ ထိုကျောင်းဆောင်ထဲတွင် နဂါးရုပ်ကြီး တစ်ရုပ်နှင့် ပုလဲကြီးတစ်လုံး ရှိနေလေ၏။
“နဂါးမျက်ရည်ပုလဲ”
ရှောင်လုံတစ်ယောက် မပီမသ ရေရွတ်ရင်း ရုတ်တရက် နိုးလာခဲ့သည်။
သူ အိပ်မက်တစ်ခုကို မြင်မက်နေခဲ့သည်။ ထိုအိပ်မက်က သူ ရလာခဲ့သော နဂါးမျက်ရည်ပုလဲနှင့် ပတ်သက်နေခဲ့သည်။
‘အဲဒီ တောင်ကြားရွာလေးက လီကျေးရွာပဲ ဖြစ်လိမ့်မယ်။ အဲဒီ တောင်တန်းကြီးကို ရှာတွေ့ရင် လီကျေးရွာနဲ့ တောင်ချိုင့်ကြားက ရေအိုင်ကြီးကိုလည်း ရှာတွေ့မယ်ထင်တယ်။ ဒါပေမဲ့…’
ရှောင်လုံက သူမြင်ခဲ့သော အိပ်မက်ထဲ၌ပင် အချိန်စက်ဝန်း၏ လည်ပတ်မှုနှင့်အတူ တောင်တန်းကြီး၏ မြေမျက်နှာသွင်ပြင် တရွေ့ရွေ့ပြောင်းလဲနေခဲ့သည်ကို သတိရသွားခဲ့သည်။
အချိန်စက်ဝန်း…။
သူ မြင်မက်ခဲ့သော အိပ်မက်က မည်သည့်ခေတ် မည်သည့်ကာလ မည်သည့်အချိန်က မြင်ကွင်းမှန်း မသိပေ။ ထိုခေတ်ထိုအခါက မြင်ကွင်းမှာ ယခုနှင့် မတူတော့ဘဲ များစွာ ပြောင်းလဲနေမည်ကို သတိပြုမိခဲ့သည်။
‘နဂါးမျက်ရည်ပုလဲမှာ ဒီလို အတိတ်မျိုး ရှိခဲ့တယ်ထင်တယ်။ ဒါပေမဲ့ အခုတော့ ပုလဲကြီးက ကျောက်သားတစ်လွှာတောင် ဖုံးအုပ်နေခဲ့ပြီ။ အချိန်တွေ ဘယ်လောက်တောင် ကြာညောင်းခဲ့ပြီလဲ မသိဘူး။ ပုလဲကြီးကလည်း မြွေဟောက်ဂိုဏ်းရဲ့ ရတနာခန်းထဲ ရောက်နေခဲ့တာဆိုတော့ အဲဒီ လီကျေးရွာကလည်း ရှိမှ ရှိပါတော့မလား မသိဘူး…’
ရှောင်လုံတစ်ယောက် အတွေးများနှင့်အတူ အိပ်ရမှ ထလိုက်ပြီး နဂါးမျက်ရည်ပုလဲကို ထုတ်ကြည့်သည်။
‘ဒီလို ကြည့်ရင်တော့ တကယ်ကို ကျောက်တုံးတစ်တုံးအတိုင်းပဲ။ ညီညာလုံးချောနေတာကလွဲပြီး ဘာမှ ထူးထူးခြားခြား မဖြစ်နေဘူး။ ဒါပေမဲ့ အတွင်းထဲကို စိတ်ဝိညာဉ်အာရုံနဲ့ ထိုးဖောက်ကြည့်လိုက်ရင်တော့ မကြည့်နိုင်အောင်ကို တောက်ပနေတယ်။ အိပ်မက်ထဲမှာ မြင်ခဲ့တဲ့အတိုင်း တောက်ပနေခဲ့တယ်။ အိုး နေဦး…’
ရှောင်လုံက တွေးရင်းနှင့် အိပ်မက်ထဲတွင် မြင်ခဲ့သော လူငယ်လေး၏ အသက်အရွယ်အပြောင်းအလဲနှင့် ရုပ်ရည်အပြောင်းအလဲကို သတိရလာသည်။
‘အဲဒီ လူငယ်လေးကို မြင်ဖူးသလိုပဲ။ အဲ…နေဦး…’
ရှောင်လုံတစ်ယောက် တွေးရင်း အံ့ဩသွားခဲ့သည်။
‘ဦးလေးလီမင်နဲ့ တူနေတာပဲ…’
ဟုတ်သည်။ သူမြင်ခဲ့သော အိပ်မက်ထဲက လူငယ်လေး၏ လူလတ်ပိုင်းအရွယ်ပုံစံက ရွှေငါးစားတော်ဆက်၏ သားကြီး လီမင်နှင့် တူနေခဲ့သည်။
‘လီကျေးရွာ၊ လီမိသားစု…။ ဒါက တိုက်ဆိုင်မှုလား…’
ထိုစဉ် ရသေ့ကြီးလည်း အိပ်ရာမှ နိုးလာသည်။
“ဘာတွေးနေတာလဲ လူလေး”
“ဘိုးဘိုး…၊ ဒီကွေ့ကျိုးပြည်နယ်မှာ ရေအိုင်ကြီးတစ်အိုင်များ ရှိလား ဘိုးဘိုး”
“ရှိတယ် လူလေး။ ဒီကွေ့ကျိုးပြည်နယ်မှာ ဟုန်ဖုန်းရေအိုင်နဲ့ ဝမ်ဖုန်းရေအိုင်ဆိုပြီး ရေအိုင်းကြီး နှစ်အိုင် ရှိတယ်။ ဟုန်ဖုန်းရေအိုင်က ဒီကွေ့ယန်မြို့နားမှာပဲ ရှိတယ်။ ဝမ်ဖုန်းရေအိုင်ကတော့ ကွေ့ကျိုးပြည်နယ် အနောက်တောင်စွန်းက တောင်ကြားတွေထဲမှာ ရှိတယ်။ အဲဒီ ရေအိုင်ကြီးက ကွေ့ကျိုးပြည်နယ်၊ ကွမ်ရှီးပြည်နယ်နဲ့ ယူနန်ပြည်နယ် ပြည်နယ်သုံးခု အစပ်နားမှာ ရှိတာ။ ဘာလို့ မေးတာလဲ လူလေး”
ရှောင်လုံက ခေါင်းကုတ်၍ စပ်ဖြီးဖြီးရယ်ရင်း ပြောပြသည်။
“ဟီးဟီး…၊ သားအိပ်မက်ထဲမှာ တောင်တန်းတွေကြားက ရေအိုင်ကြီးတစ်အိုင်ကို မက်ခဲ့လို့ပါ”
ရှောင်လုံက ပြောပြရင်း သူတို့ ရခဲ့သော နဂါးမျက်ရည်ပုလဲကို ထုတ်ပြပြီး လီကျေးရွာဟု ရေးထားသော သေတ္တာလေးကိုလည်း ထုတ်ပြသည်။
ရသေ့ကြီးလည်း နဂါးမျက်ရည်ပုလဲကို သာမန်ကျောက်တုံးတစ်ခုဟူသော အကြည့်မျိုးဖြင့်သာ လှည့်ပတ်ကြည့်သည်။
“နဂါးမျက်ရည်ပုလဲ၊ လီကျေးရွာ။ အိမ်း…သေတ္တာရော သေတ္တထာထဲက စာရောက နည်းနည်းဟောင်းနေပြီဆိုပေမဲ့ နှစ်တစ်ရာအောက်က လက်ရာနဲ့ စာအရေးအသားပဲ။ ရှေးဟောင်းလက်ရာတစ်ခု မဟုတ်ဘူး”
ရသေ့ကြီးက ပြောနေရင်းက ရှောင်လုံကို ဖျပ်ကနဲ ကြည့်လာသည်။
“လူလေးရဲ့ အိပ်မက်ကို မှတ်မိသေးလား။ ဘိုးဘိုးကို ပြောပြကြည့်ပါလား”
“ဟုတ်ကဲ့ ဘိုးဘိုး…”
ရှောင်လုံလည်း သူမက်ခဲ့သော အိပ်မက်ကို ပြောပြလိုက်သည်။ သူက သူ့အိပ်မက်ကို အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
“ဒါက…”
ရသေ့ကြီးက ရှောင်လုံပြောပြသည်ကို နားထောင်ပြီး အံ့ဩမင်တက်နေခဲ့သည်။
“ဘာဖြစ်လို့လဲ ဘိုးဘိုး…”
ရသေ့ကြီးက ရှောင်လုံကိုကြည့်ပြီး တွေးတွေးဆဆဖြင့် ပြောသည်။
“လူလေးရဲ့ အိပ်မက်က တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်နေတယ်။ ပြီးတော့ လူလေးပြောတဲ့ တောင်တန်းတွေကြားက ရေအိုင်ကြီးဆိုတာကလည်း အဲဒီ ဝမ်ဖုန်းရေအိုင်ကြီးနဲ့ ခပ်ဆင်ဆင်ပဲ။ ပြီးတော့ ဒီကွေ့ကျိုးပြည်နယ်မှာ ဒဏ္ဍာပုံပြင်တစ်ပုဒ် ရှိတယ်။ အဲဒီ ဒဏ္ဍာရီပုံပြင်ကလည်း လူလေး အိပ်မက်နဲ့ ခပ်ဆင်ဆင်ပဲ။ လူလေး အိပ်မက်လောက်တော့ မရှင်းလင်းဘူး”
ရသေ့ကြီးက ပြောရင်းမှ ရှောင်လုံကို မေးခွန်းထုတ်သည်။
“လူလေးရော အဲဒီ ဒဏ္ဍာရီပုံပြင်ကို ကြားဖူးလား”
ရှောင်လုံက ခေါင်းခါသည်။ သူ့အဘိုး ပြောချင်သည့် အဓိပ္ပါယ်ကိုလည်း နားလည်သည်။ သူက ထိုဒဏ္ဍာရီပုံပြင်ကို ကြားခဲ့ပြီး အတွေးလွန်ကာ အိပ်မက်မက်ခြင်း ဖြစ်လေမလားဟူ၍ပင်။ ရှောင်လုံက ကွေ့ကျိုးပြည်နယ်သားများ ပြောတတ်သော ဒဏ္ဍာရီပုံပြင်ကို မကြားဖူးပါ။
“ကိုင်း…၊ ဒါက နည်းနည်း ထူးဆန်းပေမဲ့ နားလည်ဖို့ ခက်တဲ့ ကိစ္စဆိုတော့ ထားလိုက်ပါလေ။ ခရီးဆက်ဖို့ ပြင်ကြစို့ရဲ့”
“ဟီးဟီး…၊ ဟုတ်ကဲ့ ဘိုးဘိုး။ သားလည်း ထူးဆန်းနေလို့ လျှောက်တွေးနေမိတာပါ”
“အိမ်း…”
ထို့နောက် အိပ်ရာထ၍ ကိုယ်လက်သန့်စင်ပြီး ခရီးဆက်ရန် ပြင်ဆင်ကြသည်။
နှင်းပန်းလည်း နိုးနေပြီဖြစ်၍ သုံးယောက်သား ခရီးမဆက်ခင် မနက်စာ အရင်ဆင်းစားလိုက်ကြသည်။
တည်းခိုခန်း၏ စားသောက်ဆိုင်က အစားသောက် ကောင်းလှသဖြင့် တည်းခိုသူများသာမက အပြင်မှလည်း လာစားကြသည်။ ထို့ကြောင့် စားသောက်ခန်းမ၌ လူစည်နေ၏။
လူစည်မှုနှင့်အတူ သတင်းစကားများလည်း ကြားရ၏။
“မြွေဟောက်ဂိုဏ်းက အဆုံးသတ်သွားပြီ”
“ဘာ…၊ ဘယ်လို ဖြစ်သွားခဲ့တာလဲ။ မနေ့ကအထိ အကောင်းကြီး ရှိသေးတာလေ”
“မနေ့ကအထိ အကောင်းကြီးဆိုတာ ဟုတ်တယ်။ ညတုန်းက မြွေဟောက်ဂိုဏ်းမှာ ကိစ္စကြီးတစ်ခု ဖြစ်သွားတယ်”
“ဘာကိစ္စကြီးလဲ”
“မြွေဟောက်ဂိုဏ်းချုပ်နဲ့ လက်ထောက်နှစ်ယောက်အပါအဝင် ဂိုဏ်းသားတစ်ဝက်လောက် အသတ်ခံလိုက်ရတယ်လေ”
“ဘာ…၊ အဲလောက်တောင် ကိစ္စကြီးတာလား။ ကွေ့ကျိုးမှာ ဒါမျိုး မဖြစ်တာ ဘယ်လောက်တောင် ကြာပြီလဲ။ မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းပြီးနောက်မှာ ပိုအားကောင်းလာတာ မဟုတ်ဘူးလား။ သူတို့ရဲ့ နောက်ခံကလည်း နဂါးစိမ်းဂိုဏ်းလေ။ ဘယ်လိုလူက ဒီလောက် လက်ရဲဇက်ရဲ လုပ်နိုင်ရတာလဲ”
“ဘယ်သူ လုပ်သွားတာလဲတော့ မသိဘူး။ ပြောကြတာက ကျားဖြူရဲတိုက်၊ သိုင်းတောင်ကုန်းနဲ့ ကြာပန်းနက်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတယ်တဲ့”
“သိုင်းတောင်ကုန်းကို ကြားဖူးတယ်။ ဟိုတစ်လောကတောင် ပီကင်းဓားသိုင်းပြိုင်ပွဲမှာ သိုင်းတောင်ကုန်းမျိုးဆက်တစ်ယောက် ပေါ်လာသေးတယ် မဟုတ်လား”
“ဟုတ်တယ်”
“ကျားဖြူရဲတိုက်…၊ နေဦး ဒီနာမည်ကို ကြားဖူးနေသလိုပဲ”
“ကျားဖြူရဲတိုက်ဆိုတာက မြောက်ပိုင်း ရှီအန်းမှာ ဗဟိုပြုပြီး ရှန်ရှီးပြည်နယ်တစ်ဝက်လောက်ကို လွှမ်းမိုးထားတဲ့ ရဲတိုက်လေ။ အဲဒီ ရဲတိုက်က ထုတ်တဲ့ လက်နက်နဲ့ ချပ်ဝတ်တွေက နာမည်ကြီးတယ်”
“အား…၊ သိပြီ။ လက်နက်နဲ့ ချပ်ဝတ်ကောင်းတွေ ထုတ်လုပ်တယ်ဆိုတဲ့ အဲဒီရဲတိုက်ကိုး။ အဲဒီ ရဲတိုက်က ရှန်ရှီးပြည်နယ်မှာ နဂါးစိမ်းဂိုဏ်းနဲ့ အားပြိုင်နေခဲ့တာ မဟုတ်လား။ အခု ကွေ့ကျိုးပြည်နယ်ထဲ ဝင်လှုပ်ရှားတာဆိုတော့ ဒါက သာမန်တော့ မဟုတ်နိုင်ဘူး”
“ဟုတ်တယ်။ ရှန်ရှီးပြည်နယ် အနောက်ပိုင်းကို နဂါးစိမ်းဂိုဏ်းက လွှမ်းမိုးထားတာ။ အရှေ့ပိုင်းကိုတော့ အဲဒီ ကျားဖြူရဲတိုက်က လွှမ်းမိုးထားတာ။ သူတို့ ထိပ်တိုက်တွေ့သင့်တာက ရှန်ရှီးပြည်နယ်မှာပဲ ဖြစ်သင့်တာ။ အခုလို ကွေ့ကျိုးပြည်နယ်ထဲအထိ ဝင်လှုပ်ရှားတာက နောက်ဆက်တွဲ ကိစ္စကြီးတွေ ဖြစ်သွားနိုင်တယ်။ မြွေဟောက်ဂိုဏ်းရဲ့ နောက်မှာ နဂါးစိမ်းဂိုဏ်း ရှိနေခဲ့တာပဲလေ။ ဒီလှုပ်ရှားမှုက နဂါးစိမ်းဂိုဏ်းကို တိုက်ရိုက် ဦးမတည်ပေမဲ့ သွယ်ဝိုက်ပြီး ဦးတည်နေတယ် ”
“ဟုတ်တယ်။ ဒီပုံအတိုင်းဆိုရင် နဂါးစိမ်းဂိုဏ်းက လှုပ်ရှားလာနိုင်တယ်။ ဒါနဲ့ ကြာပန်းနက်ဂိုဏ်းကလည်း ပါနေတာလား။ အဲဒီဂိုဏ်းက နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းထားတာ မဟုတ်ဘူးလား”
“ဒီကိစ္စက နည်းနည်း ရှုပ်ထွေးနေတယ်။ တချို့သတင်းတွေကို ကောက်ချက်ချလို့ မရဘူး။ သေချာတာကတော့ မြွေဟောက်ဂိုဏ်းက အဆုံးသတ်သွားတာပဲ”
“ကြည့်ရတာ နဂါးစိမ်းဂိုဏ်းနဲ့ သိုင်းလောက အင်အားကြီး ဂိုဏ်းတွေရဲ့ အားပြိုင်မှုကြားမှာ ညှပ်သွားတာ ဖြစ်မယ်။ နောက်ထပ် ဘယ်ဂိုဏ်းတွေ ကြားညှပ်ဦးမလဲ မသိဘူး”
“သေချာတာပေါ့။ အားပြိုင်မှုတွေ ဖြစ်လာရင် သိုင်းလောကမှာပဲ ဖြစ်ဖြစ် အာဏာလောကမှာပဲ ဖြစ်ဖြစ် အဓိကအားပြိုင်ကြတဲ့ အင်အားနှစ်ဖက် ပျက်စီးတာထက် ကြားခံအင်အားတွေက ပိုပြီး ထိုခိုက်ပျက်စီးတာ ပုံမှန်ပဲ။ မင်းမှာ သူတို့လောက် အင်အားမရှိရင် သူတို့ကို မဆန့်ကျင်နိုင်ဘူး။ ဒီတော့ အဖြေက သူတို့နဲ့ ပူးပေါင်းမလား။ မပူးပေါင်းချင်ရန် ရန်သူရဲ့ ရဲ့သူဟာ မိတ်ဆွေဆိုတဲ့ အတိုင်းပဲ ရန်သူရဲ့ ရန်သူနဲ့ သွားပူးပေါင်းရမှာပဲ။ ဒါဆိုရင်တောင် အဲဒီ ပူးပေါင်းမှုက ယာယီတည်ငြိမ်မှုကိုပဲ ရလိမ့်မယ်။ ဟိုဖက်ဒီဖက် အားပြိုင်မှုကြားမှာ အဲဒီလို ပူးပေါင်းလာတဲ့ အင်အားစုလေးတွေက ရှေ့ဆုံးကနေ ထိခိုက်ပျက်စီးကြရတယ်။ မိတ်ဆွေလား ရန်သူလား ကွဲပြားဖို့ ထိပ်တိုက်တွေ့တဲ့ မျက်နှာစာမှာ အရင်ဆုံး လှုပ်ရှားကြရတာက အဲဒီ အင်အားစုဘေးတွေပဲဆိုတော့လေ”
“အဲဒါတော့ ဟုတ်တယ်။ မြွေဟောက်ဂိုဏ်းကိုပဲ ကြည့်ပေါ့။ နဂါးစိမ်းဂိုဏ်းနဲ့ မပူးပေါင်းရင် တခြားပြည်နယ်ကို ထွက်ပြီး အထွတ်ထိပ်ဂိုဏ်းကြီးတွေနဲ့ ပူးပေါင်းရမှာပဲ။ မြွေဟောက်ဂိုဏ်းက နဂါးစိမ်းဂိုဏ်းနဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တယ်။ အခု အင်အားစုကြီးတွေကြားက အားပြိုင်မှု ဖြစ်တာနဲ့ အရင်ဆုံးထိခိုက်တာက မြွေဟောက်ဂိုဏ်း ဖြစ်နေတော့တာပေါ့။ ဟူး…။ ဒီလောကမှ အားနည်းနေသမျှ ရှင်သန်ဖို့ အခွင့်ရေးက တကယ်နည်းတယ်”
“ဟားဟား…၊ ဟုတ်တယ်။ အဲဒါက အမှန်တရားပဲ။ မင်း အားနည်းနေရင် အမှန်တရားအကြောင်းတွေ တရားမျှတမှုအကြောင်းတွေ ရှင်သန်မှုအကြောင်းတွေကို မင်း ပြောရုံပဲ ပြောနိုင်လိမ့်မယ်။ စီရင်ဆုံးဖြတ်နိုင်စွမ်းတော့ မရှိဘူး”
“ဒါဆိုရင် အားကြီးအောင် ကြိုးစားရမှာလား”
“အားကြီးအောင်လား။ မင်း ဘယ်လောက်အထိ အားကြီးအောင် ကြိုးစားနိုင်မလဲ။ မွန်ဂိုအင်ပါယာကြီး ဘယ်လောက် အားကြီးခဲ့လဲ။ သိပ်ကို အားကြီးခဲ့တယ် မဟုတ်လား။ အခုတော့ ဘယ်လိုနေလဲ။ ပြိုကွဲနေပြီလေ။ နယ်မြေတွေ ပြန်ဆုံးရှုံးနေပြီလေ။ ‘အမြင့်ကို တက်လေလေ ပြုတ်ကျရင် နာလေလေ’ဆိုတဲ့ ရှေးစကားတောင် ရှိတယ်မဟုတ်လား။ တကယ်လို့သာ မွန်ဂိုအင်ပါယာက အခုအနေထားကို မထိန်းထားနိုင်ရင် တကယ် အကျနာလိမ့်မယ်။ မွန်ဂိုတွေဆိုတာ သမိုင်းတစ်လျှောက် အားကြီးခဲ့သလောက် အနာဂတ်မှာ သိပ်အားနည်းသွားလိမ့်မယ်”
“ဒါက မင်းရဲ့ အတွေးလား။ မွန်ဂိုတွေက အခုထိလည်း အားကောင်းနေတုန်းပဲလေ။ ဒီမင်းဆက်ကို ဖြိုချဖို့ မြင်းတပ်ကြီး ပြန်မဝင်လာနိုင်ဘူး ပြောနိုင်လား”
“ဒီမင်းဆက်လား။ ဒီမင်းဆက်လည်း အတူတူပဲ။ လက်ရှိ ယိုင်နဲ့နေတဲ့ အခြေနေကို မပြုပြင်မဖာထေးနိုင်ရင် ဒီမင်းဆက်လည်း ပြုတ်ကျသွားလိမ့်မယ်။ မင်အင်ပါယာဆိုတာလည်း ရှေးအင်ပါယာတွေလိုပဲ အတိတ်သမိုင်းတစ်ခု ဖြစ်သွားလိမ့်မယ်”
“မင်းစကားတွေက ပြင်းထန်လွန်းတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ကွေ့ကျိုးမှာ စကားကို လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။ တခြားပြည်နယ်တွေမှာသာ ဒီစကားမျိုး ပြောမိရင် အာဏာပိုင်တွေက ကြည့်နေမှာ မဟုတ်ဘူး”
“ငါက ကွေ့ယန်မြို့သားပဲလေ။ ဒါကြောင့် ဒါတွေ ပြောနေတာပေါ့။ ဟားဟားဟား…”
ရှောင်လုံတို့က နံနက်စာကို စားသောက်ရင်း သတင်းများကို နားစွင့်နေခဲ့ကြသည်။ စားသောက်ကြပြီးနောက် ငွေရှင်းကာ တည်းခိုခန်းမှ ထွက်လာလိုက်ကြသည်။
“ခရီးဆက်ကြစို့”
“ဟုတ်ကဲ့ ဘိုးဘိုး”
ထို့နောက် မြင်းများကို ပြန်ထုတ်ပြီး မြင်းကိုယ်စီဖြင့် ခရီးဆက်သွားလိုက်ကြသည်။
“ခွပ်ခွပ် ခွပ်ခွပ်”
“ဘိုးဘိုး…၊ နောက်ထပ် ဘယ်နှရက်လောက် သွားရဦးမလဲ”
“ဒီနှုန်းနဲ့ဆိုရင် ခုနစ်ရက်လောက်တော့ သွားရလိမ့်မယ်။ ဘာဖြစ်လို့လဲ လူလေး။ အခြေနေတွေ ပြောင်းလဲသွားမှာ စိုးရိမ်လို့လား”
“မဟုတ်ဘူး ဘိုးဘိုး။ အခုလို အဖြစ်အပျက်တွေ ဖြစ်သွားတာဆိုတော့ နဂါးစိမ်းဂိုဏ်းက အဲဒီဘက်ကို ပိုအာရုံစိုက်နေလောက်တယ်။ သားတို့ အသွားနှုန်းကို မြန်လိုက်မလားလို့ပါ”
“မလောနဲ့ လူလေး။ ဟန်မပျက် ဆက်သွားဖို့ လိုတယ်။ ဒီကိစ္စ ဖြစ်သွားပေမဲ့ နဂါးစိမ်းဂိုဏ်းရဲ့ မျက်လုံးတွေက အဲဒီလောက် မနည်းဘူး။ အဲဒီ ကိစ္စကို အာရုံစိုက်နေမှာ မှန်ပေမဲ့ တခြားဘက်ကိုလည်း အလွှတ်ပေးထားမှာ မဟုတ်ဘူး”
“ဟုတ်ကဲ့ ဘိုးဘိုး…၊ သား နားလည်ပါပြီ”
ရှောင်လုံက သူ အနည်းငယ် စိတ်လောနေမိသည်ကို နားလည်သွားသည်။
‘ခုနှစ်ရက်…၊ ကောင်းတယ်။ ဟူပေါင်တို့ရဲ့ ရွာသားတွေ ဘာမှ မဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်…’
အခန်း(၃၅၇)ပြီး
***