အန်းရွှမ်မြို့မှာ ကွေ့ယန်မြို့၏ အနောက်တောင်ဘက်ရှိ မြို့တစ်မြို့ ဖြစ်သည်။
ကွေ့ကျိုးပြည်နယ်နှင့် ယူနန်ပြည်မှာ နယ်မြေချင်း ထိစပ်နေသောကြောင့် ပြည်နယ်နှစ်ခုကြား ဝင်ထွက်သွားလာနိုင်သော ပြည်နယ်ချင်းဆက်လမ်းကြောင်းများစွာ ရှိသည်။
သို့သော် ကွေ့ယန်မြို့မှ ယူနန်ပြည်ထဲသို့ ဝင်ရန်ဆိုလျှင်ကား အနီးဆုံးလမ်းမှာ အန်းရွှမ်မြို့ကို ဖြတ်၍ သွားသော လမ်းကြောင်းက အနီးဆုံးဖြစ်သည်။ အန်းရွှမ်မြို့ကို မဖြတ်ဘဲ ရှောင်ကွင်းသွားလျှင် ခရီးလမ်းက သုံးဆခန့် ပိုရှည်သွားပေလိမ့်မည်။
အချိန်မရသူများအတွက် တစ်နည်းအားဖြင့် နဂါးစိမ်းဂိုဏ်း၏ နယ်မြေမှ အမြန်ဆုံးထွက်ခွာလိုသူများအတွက် အန်းရွှမ်မြို့ကို ဖြတ်သွားသည်က အတိုဆုံးနှင့် အမြန်ဆုံးလမ်းကြောင်း ဖြစ်သည်။
သို့သော်လည်း အန်းရွှမ်မြို့တွင် နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲတစ်ခု ရှိနေသဖြင့် အန်းရွှမ်မြို့ကို ဖြတ်သန်းချင်လျှင် နဂါးစိမ်းကို ဌာနခွဲကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။
ယခု မြင်းစီးသမားရှစ်ယောက်တစ်ဖွဲ့သည် အန်းရွှမ်မြို့သို့ ဦးတည်၍ ဒုန်းစိုင်း စီးနှင်လာကြ၏။
“ဟိုင်း…”
“ခွပ်ခွပ် ခွပ်ခွပ်…”
“ဒုန်းဒုန်း ဒုန်းဒုန်း…”
ထိုမြင်းစီးသမား ရှစ်ယောက်တို့သည်ကား ကြာပန်းနက်ဂိုဏ်းအကြီးကဲ အမျိုးသမီးနှင့် ပိုင်ဖေးယိတို့ ဝမ်သခင်လေးတို့ ရှစ်ယောက်အဖွဲ့ ဖြစ်လေ၏။
သူတို့အဖွဲ့ အန်းရွှမ်မြို့တံခါးအနီးသို့ ရောက်သွားချိန်မှာတော့ မြို့တံခါးရှေ့တွင် မြို့စောင့်ရဲမက်အများအပြားနှင့် နဂါးစိမ်းဂိုဏ်းသား တစ်ရာခန့်ကို တွေ့လိုက်ရသည်။
မြို့စောင့်ရဲမက်များက မြို့အဝင်လူများကို စစ်ဆေးနေကြသောကြောင့် မြို့တံခါးရှေ့တွင် လူများ တန်းစီ၍ စောင့်ဆိုင်းနေရ၏။
“ဒီနေ့မှ ဘာလို့ အစစ်ဆေးက ဒီလောက် တင်းကြပ်နေတာလဲ မသိဘူး”
“နဂါးစိမ်းဂိုဏ်းသားတွေလည်း ရှိနေတယ်။ တစ်ခုခု ဖြစ်နေတဲ့ပုံပဲ”
ထိုစဉ် အသက်လေးဆယ်ခန့်ရှိသော နဂါးစိမ်းဂိုဏ်းသား သိုင်းအကျော်မော်တစ်ယောက်က မြို့တံခါးရှေ့က လူများကို လှမ်းကြည့်သည်။ သူမျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်သွားသည်။
သူက ဤအန်းရွှမ်မြို့ရှိ နဂါးစိမ်းဂိုဏ်းဌာနခွဲမှူး ဖြစ်သည်။ စာပို့ခိုကို လက်ခံရရှိပြီးနောက်တွင် သူက သူ့ဌာနခွဲအင်အားကို အပြည့်အဝ ထုတ်သုံး၍ မြို့တံခါးတွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာမက မြို့စောင့်ရပ်မက်များနှင့် ညှိနှိုင်း၍ အစစ်ဆေးကိုပါ တင်းကြပ်ထားလိုက်သည်။
“ရောက်လာကြပြီပေါ့။ မင်းတို့ ဘယ်ပြေးမလဲ”
နဂါးစိမ်းဂိုဏ်း ဌာနခွဲမှူးက သူ့အစီစဉ် ကျေနပ်နေခဲ့သည်။ သူ့တာဝန်က ရန်သူကို တားဆီး၍ အချိန်ဆွဲထားရန်သာ လိုသည်။ မြို့အဝင် လူများကြားတွင် ရုတ်ရုတ်သဲသဲ တိုက်ခိုက်ထိုးဖောက်လျှင် သာမန်လူများကို ထိခိုက်ပေလိမ့်မည်။ သို့ဆိုလျှင် မြို့စောင့်ရဲမက်များကို ကြည့်နေမည် မဟုတ်ပေ။
ရန်သူက အားကြီးလျှင်ပင် မြို့စောင့်ရဲမက်များကိုတော့ မတိုက်ခိုက်နိုင်ပေ။ ရာဇဝတ်မှုကြီး ဖြစ်သွားပေလိမ့်မည်။
နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးက အပြုံးနှင့် ကြည့်နေစဉ် လခြမ်းဓားကို ဝှေ့ယမ်း၍ မြင်းစီးလူငယ်တစ်ယောက် ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
“မဆိုင်သူတွေ ဖယ်ထား။ လူယုတ်မာကြီး ခင်ဗျားကို လက်စားချေမယ်…”
“ဖြောင်းဖြောင်း ဖြောင်းဖြောင်း…”
“ဝှီး ဝှီး ဝှီး…”
လခြမ်းဓားကြီးကို တဝှီးဝှီးမြည်အောင် ဝှေ့ယမ်း၍ မြင်းခွာသံ တဖြောင်းဖြောင်းဆူညံလျက် ပြေးတက်လာသော လူငယ်တစ်ယောက်ကြောင့် မြို့ထဲဝင်ရန် စောင့်နေကြသော လူများ ထိတ်လန့်ပြီး ဘေးရှဲသွားကြသည်။
လက်စားချေခြင်းလော။ သိုင်းလောကသားတို့၏ လုပ်နည်းကိုင်နည်းကို အားလုံးက ရင်းနှီးနေကြသဖြင့် မဆိုင်ဘဲ ဝင်မရှုပ်သင့်ကြောင်း နားလည်ကြသည်။
ဝမ်သခင်လေးက လခြမ်းဓားကြီးကို ဝှေ့ယမ်းရင်း မြင်းကို ဒုန်းစိုင်းသွားသည်။
ကြာပန်းနက်ဂိုဏ်းအကြီးကဲအမျိုးသမီး၊ ပိုင်ဖေးယိနှင့် ကျန်လူများက မလှုပ်ရှားကြဘဲ ကြည့်၍သာ ရပ်နေရစ်ကြသည်။
နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးက ရုတ်တရက် လှုပ်ရှားလာသော အခြေနေကြောင့် မျက်ခုံးတွန့်သွားသည်။ ထိုလူငယ်က သူ့ကို ခက်ထန်စွာ စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။ ထိုလူငယ်ကို သူ မသိပေ။ သို့သော် သိုင်းလောကသားတစ်ယောက်ဖြစ်၍ ရန်ကြွေးနှင့် မကင်းပေ။ သူ့ရန်သူတစ်ယောက်ယောက်၏ အကြွင်းအကျန် ဖြစ်ပုံရသည်ဟု တွေးလိုက်မိသည်။
“ဟမ့်…၊ အဆင့်မြင့်သိုင်းအဆင့်လေးနဲ့ သေချင်လို့လား”
ဌာနခွဲမှူးက နှာခေါင်းရှုံ့ရင်း သူ့ဘေးက ဂိုဏ်းသားတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
ဌာနခွဲမှူးဘေးမှ နဂါးစိမ်းဂိုဏ်းသားက ရှေ့သို့ ပြေးထွက်လာသည်။
“မောက်မာတဲ့ ကောင်စုတ်လေး၊ မသေချင်ရင် ရပ်လိုက်စမ်း…”
နဂါးစိမ်းဂိုဏ်းသားက ဟိန်းဟောက်ပြီး တားဆီးရန် ကြိုးစားနေတုန်းမှာပင် သူ့မြင်ကွင်းထဲသို့ ရွှေရောင်အလင်းတန်းကြီး ပြေးဝင်လာသည်။
လခြမ်းဓားကြီးက ပျံသန်းလာပြီး ထိုနဂါးစိမ်းဂိုဏ်းသား၏ ရင်ဝတည့်တည့်ကို ထုတ်ချင်းခတ် ထိုးဖောက်သွားခဲ့သည်။
“ဝှီး…”
“စွပ်…”
“ဒုတ်…”
“ဘုန်း…”
နဂါးစိမ်းဂိုဏ်းသားမှာ အော်ပင် မအော်လိုက်နိုင်ဘဲ လခြမ်းဓား၏ ပျံသန်းထိုးစိုက်လာသော အားကြောင့် တုံးကနဲ နောက်ပြန်လဲကျကာ ငြိမ်သက်သွား၏။ ပါးစပ်ကြီး ဟလျက် မျက်လုံးကြီး ပြူးလျက်နှင့် အသက်ထွက်သွားခဲ့သည်။
လျှပ်တစ်ပြက်အတွင်း ချက်ချင်း အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ခုခံတားဆီးနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။
အားလုံးက မြေပေါ်တွင် ပက်လက်ငြိမ်သက်နေသော နဂါးစိမ်းဂိုဏ်းသား၏ အလောင်းနှင့် ရင်ဝတွင် တန်းလန်းကြီး ထိုးစိုက်ထောင်မတ်နေသော လခြမ်းဓားကြီးကို ပြူးကြည့်နေကြသည်။
“ယား…”
မြင်းက တရကြမ်း ဆက်ပြေးဝင်လာပြီး အလောင်းနားက ဖြတ်ကျော်သွားသည်။ လခြမ်းဓားကြီးက ဝမ်သခင်လေး၏ လက်ထဲ ပြန်ပါသွားသည်။
ထိတ်လန့်စရာကောင်းလှသော အခြေနေကြောင့် သာမန်လူများသာမက နဂါးစိမ်းဂိုဏ်းသားများရော မြို့စောင့်ရဲမက်များပါ အလိုလို နောက်ဆုတ်မိသွားကြသည်။
နောက်မဆုတ်သူဟူ၍ ဌာနခွဲမှူးတစ်ယောက်သာ ကျန်သည်။ သူ့မျက်လုံးများက တောင့်တင်းနေပြီး မြင်းပေါ်က လူငယ်ကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ဓားရိုးပေါ်တွင်လည်း လက်တင်ထားလိုက်သည်။ ထိုမြင်းစီးလူငယ်က သူ့ဆီသို့ တန်းတန်းမတ်မတ် လာနေသည် မဟုတ်ပါလား။
ဝါးတစ်ပြန်ခန့်အကွာသို့ အရောက်တွင် ဝမ်သခင်လေးက မြင်းပေါ်မှ လေထဲသို့ လွှားကနဲ ခုန်ပျံတက်သွားသည်။
မြင်း၏ အရှိန်နှင့် အားကို ယူ၍ ခုန်ပျံလိုက်သောကြောင့် ဝမ်သခင်လေး၏ လှုပ်ရှားမှုက အလွန်မြန်နေသည်။ လေထဲ ရိပ်ကနဲ ခုန်ပျံတက်သွားသည်။
“မင်းက သေချင်နေတာပဲ”
“ကျား…”
“ရွှမ်း…”
နဂါးစိမ်းဂိုဏ်း ဌာနခွဲမှူးကလည်း လေထဲ လွှားကနဲ ခုန်ပျံတက်သွားသည်။ သူ့လက်ထဲတွင်လည်း ဓားက ထုတ်ကိုင်ထားပြီး ဖြစ်သည်။
လူရိပ်နှစ်ခု လေထဲ ဝါးတစ်ပြန်အမြင့်တွင် ထိပ်တိုက်ရင်ဆိုင်တွေ့ကြသည်။
“ချွမ်း…”
ဓားရောင်များ ဖွေးကနဲ ဝင်းကနဲ လင်းလက်သွားသည်။ လက်နက်ချင်း ထိသံကြီးလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထို့နောက် နှစ်ယောက်လုံး မြေပေါ်သို့ ပြန်ကျလာကြသည်။
“ဝှစ် ဝှစ်”
“ဖျပ် ဖျပ်”
ဌာနခွဲမှူးက ဟန်ချက်ထိန်းပြီး ရပ်လိုက်သည်။
ဝမ်သခင်းလေးက မြေပေါ်တွင် နှစ်ပတ်လှိမ့်သွားပြီး မုဆိုးဒူးထောက်ဟန်ဖြင့် ဒူးတစ်ဖက်ထောက်လိုက်မှ အရှိန်နှင့် ဟန်ချက်ကို ထိန်းလိုက်နိုင်သည်။
လေထဲတွင် ခုန်ပျံ၍ လှုပ်ရှားတိုက်ခိုက်နိုင်စွမ်းတွင် သိုင်းအကျော်မော်တစ်ယောက်နှင့် အဆင့်မြင်းသိုင်းသမားတစ်ယောက်၏ ကွာခြားချက်က ကြီးမားသည်။ အမြင့်သို့ ခုန်တက်နိုင်စွမ်းချင်းပင် ကွာခြားသည်။ သိုင်းအကျော်မော်များက ဝါးတစ်ပြန်အမြင့်ထိ ခုန်ပျံနိုင်ပြီး လေထဲတွင် ဟန်ချက်မပျက်စေဘဲ လှုပ်ရှားတိုက်ခိုက်နိုင်ကြသည်။ အဆင့်မြင့်သိုင်းသမားများက ထိုသို့ မလုပ်နိုင်ကြပေ။ ဝါးတစ်ပြန်အမြင့်ထိလည်း ခုန်ပျံမတက်နိုင်သလို ထိုမျှအမြင့်တွင်လည်း ဟန်ချက်ထိန်း၍ မလှုပ်ရှားမတိုက်ခိုက်နိုင်ပေ။
ယခုလို ဝါးတစ်ပြန်အမြင့်ထိ ခုန်ပျံတိုက်ခိုက်ခြင်းက နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးအတွက် အခွင့်ရေးကြီးတစ်ခု ဖြစ်နေသည်။ ထို့ကြောင့်လည်း ဌာနခွဲမှူးက အခွင့်ရေးကို အမိအရ ဖမ်းဆုပ်၍ ခုန်ပျံတိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
သို့သော် မြေပေါ် ပြန်ရောင်ချိန်တွင်တော့ ဌာနခွဲမှူး၏ လက်ထဲက ဓားမှာ ခါးလယ်မှ ထက်ပိုင်းကျိုးနေ၏။
“ဖြန်း…”
ဌာနခွဲမှူး၏ အင်္ကျီရင်ဘတ်က နှစ်ခြမ်းကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာခဲ့သည်။
“မဖြစ်နိုင်…”
ဌာနခွဲမှူးမှာ မယုံနိုင်စွာဖြင့် ဗလုံးဗထွေး ရေရွတ်ရင်း ဒူးထောက်ကျသွားခဲ့သည်။ ထို့နောက် မှောက်လျက် လဲကျပြီး လုံးဝ ငြိမ်သက်သွားလေ၏။
အဆင့်မြင့်သိုင်းသမားလူငယ်လေးတစ်ယောက်ဟု အထင်သေးစွာ ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းက သူ့ကိုယ်သူ သေကြောင်းကြံမိခဲ့ခြင်းဖြစ်ကြောင်းနှင့် သူက အခွင့်ရေးကို ဖမ်းဆုပ်ခဲ့ခြင်း မဟုတ်ဘဲ အခွင့်ရေး ပေးလိုက်မိခြင်းဖြစ်မှန်းလည်း အသက်မထွက်ခင်လေးတွင် နားလည်သွားခဲ့သည်။
ရန်သူကို အထင်သေးခြင်းကြောင့် အသက်ပေးရသော သိုင်းသမားများ မည်မျှ များခဲ့ပြီနည်း။
တစ်ယောက် ထပ်သေသွားပြန်လေပြီ။
ယခု သေသွားသည်က နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲမှူးဖြစ်နေသည်။ သိုင်းအကျော်မော်တစ်ယောက်က အဆင့်မြင့်သိုင်းသမားလူငယ်လေး၏ ဓားချက်တစ်ချက်တည်းအောက်တွင် သေဆုံးသွားခဲ့သည်။
ဌာနခွဲမှူး၏ ရန်သူကို အထင်သေးမိခြင်း၊ ရန်သူ၏ လခြမ်းဓားက ထိုမျှ ထက်ရှမှန်း မသိခြင်း၊ ရန်သူကို အခွင့်ရေးပေးမိခြင်းတို့ကို ဘေးလူများက မသိပေ။ သူတို့က သူတို့ မြင်လိုက်သည်ကိုသာ သိသည်။ တစ်ကွက်တည်းဖြင့် အသတ်ခံလိုက်ရခြင်းကိုသာ သူတို့ မြင်ခဲ့သည်။ ထိုထက်ပို၍လည်း သူတို့က မြင်နိုင်စွမ်း မရှိပေ။
အားလုံး၏ မျက်လုံးများထဲတွင် အကြောက်တရား၏ အရိပ်များ ထင်ဟပ်ကာ တုန်လှုပ်ကုန်ကြ၏။
ဝမ်သခင်လေးက လခြမ်းဓားကို ဝှေ့ယမ်းလိုက်ပြီး လဲကျအသက်ပျောက်နေသော ဌာနခွဲမှူးကို စူးစူးရဲရဲ ကြည့်နေခဲ့သည်။ သူမျက်နှာပေါ်တွင် ကလဲ့စားချေလိုက်ရ၍ ကျေနပ်နေသည် အရိပ်များ ထင်ဟပ်နေခဲ့သည်။ ထို့နောက် သူက ကျန်နဂါးစိမ်းဂိုဏ်းသားများကို ကြည့်လိုက်သည်။
နဂါးစိမ်းဂိုဏ်းသားအားလုံး တွန့်ကနဲ ဖြစ်သွားကြသည်။ ထပ်ပြီး သတ်ဖြတ်ဦးလေမလားဟု တွေးရင်း စိုးရိမ်ကုန်သည်။ သည်အတိုင်းတော့ အသတ်မခံနိုင်ပေ။ အားလုံး လက်နက်များပေါ် လက်တင်လိုက်ကြသည်။ သူတို့၏ လက်များက မသိမသာလေး တုန်နေ၏။
“ဟူး…”
“ကျုပ်ရဲ့ ကလဲ့စားချေမှုက ပြီးသွားပြီ။ မဆိုင်တဲ့လူတွေရဲ့ အသက်ကို ကျုပ်မယူတော့ဘူး”
ဝမ်သခင်လေးက သက်ပြင်းချရင်း သူ့မျက်နှာပေါ်က ခက်ထန်နေမှုကို ရုတ်သိမ်းလိုက်သည်။
ထိုအချိန်မှာပင် နောက်ချန်နေရစ်သော ကြာပန်းနက်အကြီးကဲနှင့် ပိုင်ဖေးယိတို့ ခုနှစ်ယောက်က လိုက်လာကြသည်။
ရှစ်ယောက် ပြန်ပေါင်းစည်းမိသွားသည်။
“အကြီးကဲနဲ့ အစ်ကိုတို့ကို တောင်းပန်ပါတယ်။ ကျွန်တော် စိတ်မထိန်းနိုင် ဖြစ်သွားခဲ့တယ်”
နဂါးစိမ်းဂိုဏ်းသားများ၏ လက်ဖဝါးထဲ ချွေးစို့လာသည်။ လခြမ်းဓားနှင့် အငယ်ဆုံးလူငယ်လေးတစ်ယောက်တည်းကပင် ကြောက်စရာ ကောင်းလွန်းနေပြီ ဖြစ်သည်။ အကြီးကဲဆိုသူ အမျိုးသမီးကြီးနှင့် အစ်ကိုဆိုသူများကိုပါ ထည့်တွက်လိုက်လျှင်…။ ဓားရိုးပေါ်တင်ထားသော သူတို့၏ လက်များက အားမရှိပေ။ သူတို့၏ အရေအတွက်က များနေသော်လည်း လူများခြင်းက အလောင်းများခြင်းသာ ဖြစ်သွားပေလိမ့်မည်။
ဝမ်သခင်လေးက နဂါးစိမ်းဂိုဏ်းသားများကို လျစ်လျူရှုထားလိုက်ပြီး မြို့စောင့်ရဲမက်ခေါင်းဆောင်ဖြစ်ပုံရသူကို လှမ်းကြည့်သည်။ မျက်နှာပေါ်တွင်လည်း နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။
ခုနက ကြောက်စရာကောင်းလှသော လူငယ်က အခုတော့ နူးညံ့သော အပြုံးနှင့် ကြည်လင်သန့်ရှင်း ချောမောလှသော လူငယ်လေး ဖြစ်သွားခဲ့သည်။
မြို့စောင့်ရဲမက်ခေါင်းဆောင်လည်း အလိုလို ပြန်ပြုံးပြလိုက်မိသည်။ သို့သော် မျက်လုံးများကတော့ သတိထားမှုနှင့် လေးနက်တင်းမာနေ၏။
“တောင်းပန်ပါတယ်။ ကျွန်တော့် စိတ်မထိန်းနိုင်ဖြစ်သွားခဲ့တယ်။ ခေါင်းဆောင်ရဲ့ ဝတ္တရားကို အနှောက်ယှက်ပေးသလို ဖြစ်သွားတယ်”
ဝမ်သခင်လေးက တောင်းပန်စကားပြောရင်း ရဲမက်ခေါင်းဆောင်နား သွားကာ အထုပ်လေးတစ်ထုပ် ကမ်းပေးလိုက်သည်။
“ဒါက…”
“ဘာရယ် မဟုတ်ပါဘူး။ ခေါင်းဆောင်ရဲ့ ဝတ္တရားကို နှောက်ယှက်မိလို့ ကျွန်တော့်ရဲ့ တောင်းပန်မှုလေးပါ။ ခေါင်းဆောင်အနေနဲ့ အခါခွင့်သင့်လို့ ရှန်ရှီးပြည်နယ်ဘက်ကို ရောက်ဖြစ်ခဲ့ရင် ကျားဖြူရဲတိုက်မှာ ကျွန်တော့်ကို လာရှာဖို့ သတိရပေးပါ။ ဝမ်သခင်လေးလို့ ပြောလိုက်ရင် ရပါပြီ”
“ရှန်ရှီးပြည်နယ်၊ ကျားဖြူရဲတိုက်၊ ဝမ်သခင်ငယ်လေး…”
ရဲမက်ခေါင်းဆောင်၏ မျက်လုံးများ အရောင်ပြောင်းသွားသည်။ လေးနက်တင်းမာနေမှုများ ပျောက်သွားသည်။ ကျားဖြူရဲတိုက်က သူတို့ စစ်သည်များ ရဲမက်များအတွက် မစိမ်းနေပေ။ ကျားဖြူရဲတိုက်မှ ထုတ်လုပ်သော လက်နက်နှင့် ချပ်ဝတ်များက အလွန်ကောင်းမွန်သောကြောင့် နယ်ခြားစစ်မြေပြင်တွင် အလွန်အားထားရသည် မဟုတ်ပါလား။
ဝမ်သခင်ငယ်လေး…။
“ဟားဟားဟား…၊ ဒါက ကျားဖြူရဲတိုက်ရဲ့ ပါရမီရှင် သခင်ငယ်လေး ဖြစ်နေတာကိုး။ ဒါကြောင့် ဒီလို အရည်ချင်းမျိုးရှိနေတာ မအံ့ဩတော့ဘူး မအံ့ဩတော့ဘူး။ ဝမ်သခင်ငယ်လေးလို လူကိုမှ အဲဒီတစ်ယောက်က အပြစ်လုပ်ခဲ့တာဆိုတော့ ဒါက သူနဲ့ ထိုက်တန်တဲ့ ပေးဆပ်မှုပဲ”
ရဲမက်ခေါင်းဆောင်က ပြောရင်းက လဲကျသေဆုံးနေသော နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် မည်သည့်ခံစားချက်မှ မရှိနေခဲ့ပေ။
ဝမ်သခင်လေးက ထပ်ပြုံးလိုက်ပြီး ပြောသည်။
“ခေါင်းဆောင်နဲ့ စကားဆက်ပြောချင်ပေမဲ့ ခေါင်းဆောင်မှာလည်း ဝတ္တရားတွေ ရှိနေသေးတယ်။ ကျွန်တော်လည်း ခရီးဆက်စရာလေး ရှိနေသေးတယ်။ ဒါကြောင့် ဒီလောက်နဲ့ပဲ နှုတ်ဆက်စကား ပြောပါရစေ”
“ကောင်းပါပြီ ကောင်းပါပြီ…၊ ကျုပ်လည်း ဒီနေ့မှ အလုပ်လေးတွေ ရှုပ်နေတာ”
ရဲမက်ခေါင်းဆောင်က မြို့တံခါးတွင် ပိတ်ဆို့စစ်ဆေးနေသော သူ့ရဲမက်များကို တစ်ချက် လှမ်းကြည့်သည်။
ရဲမက်များကလည်း အရိပ်ကဲနားလည်ကြသဖြင့် လမ်းဖယ်ပေးလိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်…၊ ဒါဆို သွားလိုက်ပါဦးမယ်။ ဆက်ပြီး တာဝန်တွေ ဆောင်ရွက်လိုက်ပါဦး”
“ကောင်းပါပြီ။ ဖြည်းဖြည်းသွားပါ ဝမ်သခင်ငယ်လေး။ ကျုပ် မအားလပ်လို့ လိုက်မပို့တော့ဘူး”
ထို့နောက်တွင်တော့ ဝမ်သခင်လေးက ဦးဆောင်၍ မြို့တံခါးကို ဖြတ်ကျော်ကာ အန်းရွှမ်မြို့ထဲသို့ ဝင်သွားလိုက်ကြသည်။
ရဲမက်ခေါင်းဆောင်က သူ့တာဝန်ကို ဆက်၍ ဆောင်ရွက်ရင်း ကျန်ခဲ့သည်။
နဂါးစိမ်းဂိုဏ်းသားများမှာတော့ သက်ပြင်းကျိတ်ချရင်း ချွေးသုတ်နေကြသည်။ သို့သော် သူတို့က ထိုနေရာမှ မထွက်သွားကြပေ။ ခေါင်းပြတ်သွားသော ယင်ကောင်များလို မည်သို့ ဆက်လုပ်ရမှန်းမသိ ဖြစ်နေကြသည်။ ရန်သူကို တားဆီးရန် လာခဲ့ကြသော်လည်း ရန်သူကို မတားဆီးထားနိုင်ခဲ့ကြပေ။ ရန်သူက ချမ်းသာပေး၍သာ အသက်ရှင်ခဲ့ရသည်။
ဝမ်သခင်လေးတို့ကတော့ အန်းရွှမ်မြို့ထဲတွင် အနားမယူဘဲ မြို့ကို အမြန်ဖြတ်ကျော်သွားလိုက်ကြသည်။
“ဟားဟား…၊ ညီလေးဝမ်က ကောင်းကောင်း လှုပ်ရှားခဲ့တာပဲ။ ကလဲ့စားချေမယ်ဆိုတဲ့ စကားနဲ့ ပုဂ္ဂိုလ်ရေး ပြဿနာပုံစံ ဖန်တီးလိုက်တယ်။ အကျော်မော်အဆင့်ကို တစ်ချက်တည်း သတ်ပြလိုက်တာက ကျန်ဂိုဏ်းသားတွေကို မလှုပ်ရှားရဲအောင် တားဆီးပြီးသား ဖြစ်သွားတယ်။ ဒါပေမဲ့ သူသေကိုယ်သေ ပြန်ခုခံဖို့ ပြင်လာချိန်မှာ ညီလေးဝမ်က မဆိုင်သူတွေကို မသတ်ဘူးဆိုတဲ့ စကားနဲ့ သူတို့ကို လုံးဝ လှုပ်ရှားမလာအောင် ထိန်းလိုက်တယ်။ ပြီးတော့ ရဲမက်ခေါင်းဆောင်ကို လက်ဆောင်ပေးပြီး နောက်ခံအားနဲ့ ထိန်းလိုက်တယ်။ ပြောင်မြောက်ပါတယ်။ တကယ်ပြောင်မြောက်တယ်”
ပိုင်ဖေးယိက ဝမ်သခင်လေး၏ လှုပ်ရှားမှုများ သုံးသပ်ပြောဆိုရင်း သဘောကျနေခဲ့သည်။
ယဲ့ကျုံးကတော့ မျက်နှာသေဖြင့်သာ ကြည့်နေ၏။
ကြာပန်းနက်ဂိုဏ်းအကြီးကဲက မသိမသာ ခေါင်းညိတ်သည်။
“အဲဒီလောက်လည်း မဟုတ်ပါဘူး၊ ဟိုလူကို ပြင်ဆင်ချိန်ရော စဉ်းစားချိန်ရော မရအောင် အမြန်လှုပ်ရှားလိုက်လို့ အခွင့်ရေး ရသွားတာပါ။ တကယ်ရင်ဆိုင်ရရင် ကျွန်တော့်မှာ အဲဒီလို အစွမ်းစ မရှိပါဘူး”
“အင်း…၊ အဲဒီတစ်ယောက်က တော်တော်လေး ပေါ့ဆသွားတယ်။ လခြမ်းဓားကို ဒီလောက် ထက်ရှမယ်မှန်း သူ မထင်ထားတာက သူ့အတွက် ကံဆိုးသွားတာပဲ”
“ဟုတ်တယ်။ သူသာ သတိထားရင် အခြေနေတွေက ဒီလောက် မလွယ်နိုင်ဘူး”
“ဟားဟား…၊ အဲဒီလို ဆိုရင်တောင် ညီလေးဝမ်မှာ အရံအစီစဉ်က ရှိပြီးသားပဲ မဟုတ်လား”
ဝမ်သခင်လေးရ နူးညံ့စွာ ပြုံးလိုက်သည်။ ခေါင်းလည်း မညိတ်သလို ခေါင်းလည်း မခါခဲ့ပေ။
“အန်းရွှမ်မြို့ကို ဖြတ်ကျော်နိုင်ပြီဆိုပေမဲ့ ယူနန်ပြည်နယ်ထဲ မရောက်သေးသမျှ စိတ်မချရသေးဘူး။ မြန်မြန်လေး သွားလိုက်ကြစို့”
“ဟုတ်တယ်”
မြင်းရှစ်ကောင်တို့၏ ဒုန်းစိုင်းပြေးသော ခွာသံများက နံနက်ခင်းနေရောင်အောက်တွင် ဆူညံသွားခဲ့လေ၏။ အလွန်လျင်မြန်သော အရှိန်မဟုန်ဖြင့် အဝေးသို့ ရောက်သွားပြီး မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှာပင် အန်းရွှမ်မြို့တံခါးသို့ မြင်းတစ်ရာခန့်က ဒုန်းစိုင်း၍ ရောက်လာကြသည်။
ယခုတွင်တော့ မြို့ထဲဝင်ရန် စစ်ဆေးခံနေရသော လူများလည်း မရှိတော့ပေ။ အားလုံး မြို့ထဲဝင်သွားကြပြီ ဖြစ်သည်။
မြို့စောင့်ရဲမက်များလည်း အနည်းငယ်သာ ရှိတော့သည်။
နဂါးစိမ်းဂိုဏ်းသားများကတော့ ရှိနေသေးသည်။
မြင်းများက မြို့တံခါးဝအထိ ဒုန်းစိုင်းနှင်လာကြပြီးမှ ရပ်လိုက်ကြသည်။
“ဟီး ဟီးဟီးဟီး…”
တချို့မြင်းများက ပတတ်ရပ်၍ ဟီကုန်သည်။
ထိုမြင်းစီးသမားအဖွဲ့မှာ ဌာနချုပ်မှူးကွေ့ကျိုး ဦးဆောင်သော နဂါးစိမ်းဂိုဏ်းသားများ ဖြစ်လေ၏။
ဌာနချုပ်မှူးကွေ့ကျိုး၏ မျက်နှာက အေးစက်ခက်ထန်နေသည်။ သူက မြို့တံခါးတွင် စောင့်နေကြသော နဂါးစိမ်းဂိုဏ်းသားများကို စူးစူးရဲရဲကြည့်လိုက်သည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ဌာနချုပ်မှူးကွေ့ကျိုးကို ပြန်မကြည့်ရဲကြပေ။
“လူတွေရော”
ဌာနချုပ်မှူးကွေ့ကျိုးက မေးလိုက်သည်။
“လူ…လူတွေ ထွက်သွားကြပါပြီ”
နဂါးစိမ်းဂိုဏ်းသားတစ်ယောက်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေသည်။
“ထွက်သွားကြပြီ။ ဟုတ်လား။ မင်းတို့ မတားထားကြဘူးလား”
“တား…တားပါတယ်”
ဌာနချုပ်မှူး၏ မျက်လုံးက ဂိုဏ်းသားများကို ဝှေ့ကြည့်သည်။
“ဌာနခွဲမှူးက ဘယ်မှာလဲ”
“သူက…”
နဂါးစိမ်းဂိုဏ်းသားများက အနည်းငယ် လူစုခွဲလိုက်သည်။
ထိုအခါ ဌာနခွဲမှူး၏ အလောင်းနှင့် ဂိုဏ်းသားတစ်ယောက်၏ အလောင်းက ပေါ်လာသည်။
ဌာနချုပ်မှူးကွေ့ကျိုးက အလောင်းနှစ်လောင်းကို ကြည့်ပြီး မျက်ခုံးတွန့်သွားသည်။ အလောင်းနှစ်ခုလုံးက တစ်ချက်တည်းဖြင့် အသတ်ခံထားရ၍ ဖြစ်သည်။ ထွက်ပြေးသွားသည့် အဖွဲ့ထဲတွင် ထိုမျှ အစွမ်းထက်သော ဓားသမားတစ်ယောက်လည်း ပါနေသေးသည်လော။
ဌာနချုပ်မှူးကွေ့ကျိုးက မြင်းကို ရှေ့တိုးစီးသွားလိုက်ပြီး ဒဏ်ရာကို သေချာကြည့်သည်။ လခြမ်းဓားကြောင့် ရထားသော ဒဏ်ရာမှန်း သိသွားသည်။ မည်သူ့လက်ချက်မှန်းလည်း သိသွားသည်။
“ကျားဖြူရဲတိုက်က လခြမ်းဓားချက်ပဲ။ ဟမ့်…၊ ရန်သူကို အထင်သေးခဲ့လို့ ဟိုက အခွင့်ရေးယူသွားတာပဲ”
ဌာနချုပ်မှူးကွေ့ကျိုး၏ အတွေ့အကြုံများအရ အခြေနေကို အနီးစပ်ဆုံး တွက်ချက်နိုင်လိုက်သည်။ သိုင်းအကျော်မော်တစ်ယောက်က အဆင့်မြင့်သိုင်းသမားတစ်ယောက်၏ ဓားချက်အောက်တွင် တစ်ကွက်တည်းနှင့် အသတ်ခံရခြင်းမှာ ရန်သူကို အထင်သေးလွန်းခဲ့၍သာ ဖြစ်ရပေမည်။
“အဲဒီ လခြမ်းဓားက တကယ်ထက်တာပဲ”
ဌာနချုပ်မှူးကွေ့ကျိုး၏ အကြည့်က ဌာနခွဲမှူး၏ လက်ထဲက ဓားကျိုးကို ကြည့်နေမိသည်။ ဓားကို တစ်ချက်တည်း ချိုးဖျက်၍ လူကို တစ်ကွက်ဖြင့် သတ်ဖြတ်သွားခြင်းက အခွင့်ရေးအားလုံးက အမိအရဆုပ်ကိုင်ပြီး အသုံးချသွားသည့် လက္ခဏာများပင်။
“ကျားဖြူရဲတိုက်…”
ဌာနချုပ်မှူးကွေ့ကျိုးက အံကြိတ်၍ ရေရွတ်ရင်း ဂိုဏ်းသားများကို ကြည့်သည်။ အားလုံး၏ မျက်လုံးထဲတွင် အကြောက်တရားများ ဖုံးလွှမ်းနေသည်ကို မြင်လျှင် ခေါင်းခါလိုက်သည်။
ထိုဓားချက်တစ်ချက်က ဌာနခွဲမှူးကို သတ်သွားရုံသာမက ဂိုဏ်းသားများ၏ စိတ်ထဲကိုလည်း အကြောက်တရား စိုက်ထည့်သွားခဲ့မှန်း နားလည်လိုက်သည်။
“သူတို့ ထွက်သွားတာ ဘယ်လောက် ကြာပြီလဲ”
“အချိန်နှစ်ခုစာလောက် ရှိပါပြီ”
“အချိန်နှစ်ခုစာ…”
နောက်ကျလွန်းသွားခဲ့ပေပြီ။ ဌာနခွဲမှူးက ရန်သူများကို အချိန်အနည်းငယ်မျှပင် မတားဆီးထားနိုင်ခဲ့မှန်း သိလိုက်ရသည်။
ဌာနချုပ်မှူးကွေ့ကျိုးက ဂိုဏ်းသားများကို ကြည့်ပြီး ပြောသည်။
“သူတို့က မင်းတို့ကို ဘာလို့ မသတ်သွားတာလဲဆိုတာ ငါ နားမလည် ဖြစ်နေတယ်”
“အဲဒီ ကောင်လေးက ဌာနခွဲမှူးနဲ့ ရန်ကြွေးရှိတာဖြစ်မယ်။ ကလဲ့စားချေမယ်လို့ ပြောပြီး လျှပ်တစ်ပြက်တိုက်ခိုက်သတ်ဖြတ်သွားတာပါ။ ကျွန်တော်တို့ကိုတော့ မဆိုင်တဲ့သူတွေကို မသတ်ဘူးဆိုပြီး လွှတ်ထားခဲ့ပါတယ်။ တကယ်လို့ သူက တိုက်ခိုက်လာရင် ကျွန်တော်တို့က သူသေကိုယ်သေ ပြန်တိုက်ဖို့ ဆုံးဖြတ်ထားပြီးပါပြီ”
ဌာနချုပ်မှူးကွေ့ကျိုး၏ မျက်ခုံးနှစ်ဖက် မြင့်တက်သွားသည်။
“ရန်ကြွေးရှိတယ်။ ကလဲ့စားချေတယ်”
သူက ပြောရင်း ခေါင်းခါလိုက်သည်။
“မင်းတို့ရဲ့ သူသေကိုယ်သေ ပြန်တိုက်မယ်လို့ ဆုံးဖြတ်ချက်ကို ကျေးဇူးတင်လိုက်ပါ”
နဂါးစိမ်းဂိုဏ်းသားများ၏ မျက်လုံးထဲတွင် ထိတ်လန့်ရိပ်များ ထင်ဟပ်သွားသည်။ အားလုံး ခေါင်းငုံ့သွားကြသည်။ ဌာနချုပ်မှူး၏ စကားအဓိပ္ပါယ်ကို သူတို့ နားလည်လိုက်၍ ဖြစ်သည်။
သူတို့ကသာ ရန်သူကို သူသေကိုယ်သေ ခုခံတိုက်ခိုက်ရန် မဆုံးဖြတ်ထားခဲ့လျှင် ဂိုဏ်းအပေါ် သစ္စာမဲ့ရာ ရောက်သွားပေလိမ့်မယ်။ ရန်သူကို ကြောက်ရွံ့၍ မတိုက်ခိုက်ရဲသော ဂိုဏ်းသားများအတွက် အပြစ်ဒဏ်က ကြီးလေးလှသည်။ အထောက်ပံ့များစွာပေး၍ လေ့ကျင့်မွေးမြူထားခံရသော နဂါးစိမ်းဂိုဏ်းသားတိုင်းက ရန်သူလက်ချက်ဖြင့် သေရမည်ထက် နဂါးစိမ်းဂိုဏ်းက ပေးမည့် ထိုအပြစ်ဒဏ်ကို ပိုကြောက်ကြသည်။
“ဟမ့်…”
ဌာနချုပ်မှူးက နှာခေါင်းရှုံ့ပြီး ထိုနေရာမှာ ထွက်လာခဲ့လိုက်သည်။ သူ့မျက်နှာက လေးနက်နေ၏။ အတွေးလည်း နက်နေလေ၏။
‘ရန်သူတွေက အစီစဉ်တကျ လှုပ်ရှားသွားကြတယ်။ လှည့်ကွက်တွေလည်း သုံးသွားတယ်။ ယူနန်ပြည်နယ်…၊ ပြေးထားကြဦးပေါ့လေ…’
ထိုရန်သူအနည်းငယ်မျှအတွက် သူ ဂရုမစိုက်နိုင်တော့ပေ။ နဂါးစိမ်းဂိုဏ်း၏ အစီစဉ်နှင့် ခြေလှမ်းများကိုသာ သေချာဂရုစိုက်ရမည် ဖြစ်သည်။ သို့သော်လည်း ကြာပန်းနက်ဂိုဏ်း၏ အကြီးကဲ လွတ်မြောက်သွားခြင်းကတော့ ကောင်းသော ကိစ္စ မဟုတ်နေပေ။
‘နောက်ထပ် ခြေလှမ်းကို ဘယ်တော့လောက် လှမ်းမှာလဲဆိုတာ ငါ သိချင်မိတယ်…’
ဌာနချုပ်မှူးကွေ့ကျိုးက တွေးတောရင်း တဖြည်းဖြည်းမြင့်တက်လာနေသော နေမင်းကြီးကို မော့ကြည့်နေခဲ့လေ၏။
အခန်း(၃၅၈)ပြီး
***