လေးရက်ကြာပြီးနောက်…
ဆယ်လပိုင်း ဆယ့်လေးရက်နေ့ ညနေခင်းတွင် ရသေ့ကြီး၊ ရှောင်လုံနှင့် နှင်းပန်းတို့ သုံးယောက် လီရှန်းမြို့သို့ ရောက်လာခဲ့ကြသည်။
ကွေ့ယန်မြို့မှ အော်မေ့တောင်သို့ ခုနှစ်ရက်ခန့် သွားရမည်ဟု ရသေ့ကြီးက ပြောခဲ့သော်လည်း လမ်းခရီးတစ်လျှောက်တွင် အဆင်ပြေချောမွေ့စွာ ခရီးဆက်နိုင်ခဲ့သောကြောင့် လေးရက်တည်းဖြင့် လီရှန်းမြို့သို့ ရောက်လာနိုင်ခဲ့သည်။ သူတို့၏ ခရီးသွားနှုန်းက အနည်းငယ်ပိုမြန်သွားသော်လည်း မသိသာခဲ့ပေ။
အကြောင်းမှာ ခရီးလမ်းတစ်လျှောက်တွင် တခြားလူများကလည်း မြန်မြန်ခရီးသွားနေကြသောကြောင့် ဖြစ်သည်။ လပြည့်နေအမီ အိမ်ပြန်နေသော ဒေသခံများ၊ လပြည့်နေ့အမီ ဦးတည်ရာအရောက် သွားနေသော ခရီးသွားများ ရှိနေသောကြောင့် ဖြစ်သည်။ ရှောင်လုံတို့သည်လည်း အများနည်းတူ ခပ်မြန်မြန် ခရီးသွားခဲ့ကြသဖြင့် မမြင်ရသော မျက်လုံးများက သတိပြုမိသွားမည်ကို မစိုးရိမ်ရတော့ပေ။
လီရှန်းမြို့သို့ ရောက်လာကတည်းက ရသေ့ကြီး၏ အမူအရာက အလွန်လေးနက်နေပြီး ငြိမ်သက်နေခဲ့သည်။ စကားလည်း သိပ်မပြောတော့ဘဲ တစ်ယောက်တည်းသာ နေခဲ့သည်။
နှင်းပန်းလည်း လီရှန်းမြို့သို့ ရောက်လာကတည်းက သူမ၏ မျက်နှာက မလန်းဆန်းဘဲ ဖြစ်နေခဲ့သည်။
ရှောင်လုံတစ်ယောက်သာ ပေါ့ပါးသွက်လက်နေပြီး တက်ကြွနေခဲ့သည်။
လီရှန်းမြို့ ညနေခင်းက ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေ၏။ မြို့ခံများက လမ်းများ အိမ်များ သစ်ပင်များတွင် ရောင်စုံမီးပုံးအိမ်များ ချိတ်ဆွဲအလှဆင်နေကြသည်။ ကလေးများက လမ်းပေါ်တွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြသည်။ တချို့လူများကတော့ လှည့်လည်သွားလာ၍ လျှောက်ကြည့်နေကြသည်။
လမ်းတစ်လျှောက်တွင် ဆိုင်ကြီးဆိုင်ငယ်များနှင့် လမ်းဘေးဆိုင်လေးများနှင့် စည်ကားနေ၏။ လူများစွာကလည်း သွားလာကြည့်ရှုနေကြသည်။ တချို့က ဝယ်ယူနေကြသည်။
ဆိုင်တိုင်းလိုလိုတွင် ရောင်စုံစက္ကူမီးပုံးများ ရောင်းနေကြသည်။ တချို့ဆိုင်များတွင် မီးပုံးများသာမက မီးကြာပန်းများကိုပါ ရောင်းနေသည်။ မီးပုံးများနှင့် မီးကြာပန်းများက ပုံစံအမျိုးမျိုးနှင့် အလွန်လှသည်။ တချို့ဆိုင်များတွင်တော့ အလှအပသုံးအဆောင်များလည်း ရောင်းနေကြသည်။
အစားသောက်များ ရောင်းသော ဆိုင်အမျိုးမျိုးလည်း ရှိလေ၏။
“မီးပုံးတွေ အများကြီးပဲ”
“အိမ်း…၊ မနက်ဖြန်က ဆယ်လပိုင်း၊ ဆယ့်ငါးရက်၊ လပြည့်နေ့၊ နတ်ဘုရားပူဇော်ပွဲတော်ရှိတယ်လေကွယ်။ ဒါကြောင့် အိမ်တိုင်း မိသားစုတိုင်းက ကြိုတင်ပြင်ဆင်နေကြတာ။ နတ်ဘုရားပူဇော်ပွဲတော်က အရေးကြီးတဲ့ ပွဲတော်မို့ လပြည့်နေ့အမီ အိမ်ပြန်ရောက်အောင် ခရီးအမြန်နှင်သူတွေ ရှိနေတာပေါ့”
“ဪ…၊ ဒါကြောင့် ခရီးအမြန်နှင်နေကြတာကိုး။ နတ်ဘုရားပူဇော်ပွဲတော်ဆိုတာက ဘာလုပ်တဲ့ ပွဲတော်လဲ ဘိုးဘိုး”
ရှောင်လုံ၏ တစ်သက်တွင် ရိုးရာပွဲတော်ဟူ၍ နှစ်ကူးပွဲတော်နှင့် နဂါးလှေပွဲတော်ကိုသာ ဟုတ်တိပတ်တိ ကြုံဖူးသည်။ ကျန်မည်သည့်ပွဲတော်ကိုမှ မကြုံဖူးပေ။ ငယ်စဉ်က နယ်ခြား၌ နေခဲ့သည့်တစ်လျှောက်တွင် အဘွားလော့ထော်က နှစ်ကူးပွဲတော်ကို လုပ်ပေးတတ်သည်။ နဂါးလှေပွဲတော်ကိုတော့ ငှက်ကျွန်းမှ ထွက်လာပြီး အရူးသမားတော်ကို လိုက်ရှာကြရင်းက ပီးကင်းမြို့တော် ရွှေငါးစားတော်ဆက်သို့ ရောက်ခဲ့စဉ်က ကြုံခဲ့နွှဲခဲ့ရဖူးသည်။
ကျန်နှစ်များတစ်လျှောက်တွင် အရိပ်မဲ့ကျွန်းပေါ်၌ လေ့ကျင့်ရင်းဖြင့် အချိန်ကုန်ခဲ့ရသည်။ မည်သည့် နှစ်မှန်း၊ မည်သည့် လမှန်း မသိခဲ့ရသလို လူသူလည်း မရှိသောကြောင့် အရိပ်မဲ့ကျွန်းသခင်က မည်သည့်ပွဲတော်မှ မလုပ်ခဲ့ပေ။
“အိမ်း…၊ နတ်ဘုရားပူဇော်ပွဲတော်က နတ်ဘုရားတွေကို ပူဇော်ပြီး ဆုတောင်းတဲ့ ပွဲတော်ပါ။ မိသားစုဝင်တွေ ပြန်စုဆုံပြီး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နတ်ဘုရားတွေကို အတူတူ ပူဇော်ဆုတောင်းကြတဲ့ ပွဲတော်ပါ”
ရှောင်လုံက မျက်ခုံးတွန့်ပြီး စဉ်းစားလိုက်သည်။
‘မနက်ဖြန် လပြည့်ညမှာ ဒီလို ပွဲတော်ရှိတာဆိုတော့ လူတိုင်း ပွဲတော်ကို အာရုံရောက်နေကြမှာပဲ။ ငါတို့ လှုပ်ရှားဖို့ အခွင့်ရေးကောင်းတစ်ခု ရနိုင်တယ်…’
ရှောင်လုံက သူ့အတွေးကို ရသေ့ကြီးအား လျှို့ဝှက်အသံဖြင့် ပြောပြသည်။
~~ဘိုးဘိုး အော်မေ့တောင်ကို မနက်ဖြန်ည အရောက်သွားပြီး လှုပ်ရှားရအောင်~~
~~မနက်ဖြန်ညလား~~
~~ဟုတ်ကဲ့။ မနက်ဖြန်ညမှာ နတ်ဘုရားပူဇော်ပွဲတော်ရှိတာဆိုတော့ လူတွေက ပွဲတော်ကို အာရုံစိုက်နေကြမှာပဲ။ သားတို့ လှုပ်ရှားဖို့ အခွင့်ရေးကောင်း ဖြစ်လိမ့်မယ်~~
သူတို့သုံးယောက် အော်မေ့တောင်ကို ချဉ်းကပ်ဖို့က မခက်ပေ။ လူကယ်ပြီးနောက် ပြန်ထွက်ခွာလျှင်သာ ခက်ခဲနိုင်သည်။
~~အိမ်း…၊ ကောင်းသားပဲ။ ဒါဆို မနက်ဖြန်ညမှာ လှုပ်ရှားကြတာပေါ့။ ဒီတစ်ည ဒီမြို့မှာ တည်းခိုပြီး မနက်စောစော အော်မေ့တောင်ကို သွားလိုက်ကြမယ်~~
~~ဟုတ်ကဲ့ ဘိုးဘိုး~~
ထို့နောက် ညအိပ်တည်းခိုရန် တည်းခိုခန်း ရှာလိုက်ကြသည်။
နံပါတ်တစ်တည်းခိုခန်း…။
ရသေ့ကြီးက ထိုတည်းခိုခန်းရှေ့သို့ရောက်လျှင် ခြေလှမ်းတုံ့ကနဲ ရပ်သွားသည်။ နှင်းပန်းလည်း အတူတူပင်။ သူမ၏ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့သည်။
“ဒီတည်းခိုခန်းက ကောင်းတယ် ဘိုးဘိုး။ အစားသောက်တွေ တော်တော်ကောင်းမယ့်ပုံပဲ။ အနံ့ရရုံနဲ့ သွားရည်တောင် ကျတယ်။ ဒီမှာ တည်းကြရအောင်။ ဟီးဟီး…”
ရှောင်လုံကတော့ လေထဲ အနံ့ခံရင်း နံပါတ်တစ်တည်းခိုခန်းတွင် တည်းရန် ရွေးချယ်လိုက်သည်။
ရသေ့ကြီးနှင့် နှင်းပန်းက မကန့်ကွက်ကြဘဲ လေးပင်စွာ ခေါင်းညိတ်လိုက်ကြသည်။
နံပါတ်တစ်တည်းခိုခန်းက လွန်ခဲ့သော ဆယ့်ငါးနှစ်ကထက် များစွာ ပိုကြီးကျယ်ခမ်းနားနေခဲ့သည်။
ရသေ့ကြီးက ခါတိုင်းကဲ့သို့ ရှောင်လုံနှင့် နှစ်ယောက်တစ်ခန်း မယူဘဲ တစ်ယောက်တည်း တစ်ခန်းယူရန် ရွေးချယ်ခဲ့သည်။
နှင်းပန်းကလည်း သူမ တစ်ယောက်တည်းတစ်ခန်း ယူခဲ့သည်။
ထို့ကြောင့် ရှောင်လုံလည်း တစ်ယောက်ခန်းတစ်ခန်း ယူလိုက်ရတော့သည်။
‘ဘိုးဘိုးနဲ့ မမက ဘာဖြစ်နေကြတာလဲ။ စိတ်မပျော်သလိုပဲ…’
ရှောင်လုံက သူ့ဘိုးဘိုးနှင့် သူ့မမ စိတ်မပျော်ဖြစ်နေသည်ကို ခံစားမိနေသည်။ သို့သော် မမေးခဲ့ပါ။ သူ့ဘိုးဘိုးနှင့် သူ့မမက မပြောပြသောကြောင့် သူကလည်း တမင် မမေးဘဲ နေလိုက်သည်။
ရသေ့ကြီးနှင့် နှင်းပန်းက သူတို့အခန်းထဲ ဝင်သွားပြီးနောက် တံခါးပိတ်ထားလိုက်ကြသည်။
‘မမနဲ့ ဘိုးဘိုးက တစ်ခုခု ဖြစ်နေကြတယ်…’
ရှောင်လုံလည်း မတတ်သာဘဲ သူ့အခန်းထဲဝင်ပြီး နားလိုက်သည်။
“ဝါး…၊ ရှုခင်းက တကယ်လှတာပဲ”
ပြတင်းပေါက်မှ လှမ်းကြည့်လိုက်လျှင် မြစ်နှစ်စင်း ပေါင်းဆုံပြီး မြစ်တစ်စင်းတည်းအဖြစ် စီးဆင်းသွားသည့် မြစ်ဆုံမြင်ကွင်းက ထူးထူးခြားခြား လှပနေခဲ့သည်။ မြစ်ပြင်ကို ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းဦးလေနုအေးကလည်း ရေငွေ့ရနံ့နှင့်အတူ နှာသီးဖျားကို အေးအေးသက်သက်နှင့် ကလူကျီစယ်နေခဲ့သည်။
“ဒီတည်းခိုခန်းပိုင်ရှင်က နေရာရွေးတာ တကယ်တော်တယ်”
ရှောင်လုံက တစ်ယောက်တည်း တီးတိုးရေရွတ်နေရင်းက ရုတ်တရက် သူ့မမအခန်းဘက်သို့ လှည့်ကြည့်လိုက်မိသည်။ သူ့မျက်နှာပေါ်က အပြုံးလည်း ပျောက်သွားသည်။ သူ့မမထံမှ အလွန်ဝမ်းနည်းနေသော ခံစားချက်ကို ခံစားမိလိုက်သောကြောင့် ဖြစ်သည်။
‘မမက ဘာလို့ ဝမ်းနည်းနေတာလဲ…’
နှင်းပန်းကလည်း အခန်းပြတင်းပေါက်တွင်ရပ်လျက် မြစ်ဆုံမြင်ကွင်းကို ကြည့်နေခဲ့သည်။ သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်များ ရစ်ဝဲနေခဲ့ပြီး မြစ်ဆုံမြင်ကွင်းကလည်း ဝေဝါးနေခဲ့သည်။ သူမ၏ စိတ်က လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က ဤတည်းခိုခန်းတွင် သူမ၏ အဘွားနှင့် လာရောတည်းခိုခဲ့သည့် မှတ်ဉာဏ်များကို ပြန်သတိရကာ မြင်ယောင်နေခဲ့သည်။
‘ဘွားဘွား…၊ ဘွားဘွားရေ…’
လီရှန်းမြို့ထဲ မြေးအဘွားနှစ်ယောက် လျှောက်လည်ခဲ့သည်များ၊ နံပတ်တစ်တည်းခိုခန်း၌ တည်းခိုခဲ့သည်များ၊ မြစ်ဆုံမြင်ကွင်းကို ပြတင်းပေါက်မှ ယခုကဲ့သို့ပင် မြေးအဘွားနှစ်ယောက် အတူကြည့်ခဲ့ကြသည်များ၊ မြစ်ထဲ လှေအပျော်စီးခဲ့သည်များ၊ လှေစီးရင်း သူမဘွားဘွား နားထောင်ချင်သည့် ‘တောတောင်ရေမြေ’တေးသံကို ကျောက်စိမ်းပလွေဖြင့် တီးမှုတ်ခဲ့သည်များကို တရိပ်ရိပ်နှင့် ပြန်မြင်ယောင်နေခဲ့သည်။
သူများအတွက် သူမအဘွားက ကြောက်စရာကောင်းသော အကြည်းတန်အရုပ်ဆိုးလှသော အဆိပ်ကဝေမကြီး ဖြစ်သော်လည်း သူမအတွက်ကား အချစ်ရဆုံးသော အတွယ်တာရဆုံးသော အကြင်နာဆုံးသော တစ်ဦးတည်းသော ဆွေမျိုးရင်းချာ ဖြစ်သည်။
“ဘွားဘွား…၊ အဟင့် အဟင့်…”
နှင်းပန်းက တီးတိုးရေရွတ်ရင်း အသံထွက်၍ ငိုနေမိတော့သည်။ သူမ၏ မျက်ဝန်းထဲမှ မျက်ရည်များက ပါးပြင်ပေါ်သို့ စီးဆင်းနေခဲ့သည်။ ရှောင်ယွဲ့အသွင် ရုပ်ဖျက်ထားသော်လည်း နှင်းပန်းအသွင်ကို မဖုံးဖိနိုင် ဖြစ်နေခဲ့သည်။
ရသေ့ကြီးလည်း အခန်းထဲတွင် တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူ့အတွေးများကလည်း ဤနံပါတ်တစ်တည်းခိုခန်းတွင် တည်းခိုခဲ့သည့် အတိတ်နှင့်အတူ ရှောင်ပိုင်ချွမ်းနှင့် ရှန်းမေတို့၏ ပုံရိပ်များကို မြင်ယောင်နေခဲ့သည်။
‘ရှောင်ပိုင်ချွမ်း…၊ ရှန်းမေ…။ ဒါက ကံကြမ္မာပဲလား။ ကံကြမ္မာက တစ်ပတ်လည်လာတာလား…’
ရသေ့ကြီး၏ အိုမင်းနေသော မျက်လုံးများက မှေးမှိန်ဝေဝါးနေပြီး မျက်ရည်စတို့ဖြင့် စိုစွတ်နေ၏။ ရှောင်လုံကို အခုချိန်ထိ သူ့မိဘနှစ်ပါးအကြောင်းကို မပြောပြရသေးပေ။ မနက်ဖြန်ဆိုလျှင် အော်မေ့တောင်ကို ရောက်ပေတော့မည်။ မပြောပြ၍ မဖြစ်တော့ပေ။ ပြောပြရပေတော့မည်။ မည်သို့ စပြောရမှန်း မသိအောင် ဖြစ်နေခဲ့သည်။
ရှောင်လုံက သူ့မမနှင့် သူ့ဘိုးဘိုးတို့၏ ဝမ်းနည်းမှုနှင့် စိတ်ပင်ပန်းမှုကို ခံစားမိနေသဖြင့် သူလည်း မပျော်နိုင်အောင် ဖြစ်နေခဲ့သည်။ ဘာကြောင့်မှန်းမသိဘဲ ရုတ်တရက်ကြီး ဝမ်းနည်းလာခဲ့သည်။ တစ်စုံတစ်ခုသော ခံစားချက်တစ်ခုက သူ့နှလုံးအိမ်ထဲတွင် တလှပ်လှပ်နှင့် လှုပ်ရှားနေခဲ့သည်။
“ဟူး…”
ရှောင်လုံက သက်ပြင်းရှိုက်ရင်း မြစ်ဆုံမြင်ကွင်းကိုသာ အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိခဲ့သည်။
ထိုစဉ် နှင်းပန်းက အခန်းထဲမှ ထွက်သွားလေ၏။
‘မမ…’
ရှောင်လုံလည်း အခန်းထဲမှ ထွက်၍ သူ့မမနောက်မှ လိုက်သွားလိုက်သည်။
နှင်းပန်းက ရှောင်လုံလိုက်လာမှန်း သိပုံမရဘဲ တွေဝေငေးငိုင်လျက် တည်းခိုခန်းမှ ထွက်ကာ မြစ်ကမ်းဘက်သို့ ထွက်သွားသည်။
မြစ်ကမ်းသို့ ရောက်လျှင် အပျော်စီးလှေငယ်များထားသည့်နေရာတွင် အကြာကြီးရပ်လျက် တွေဝေငေးငိုင်နေခဲ့သည်။ မျက်လုံးများထဲတွင်လည်း မျက်ရည်များနှင့် ပြည့်နေလေ၏။
ထို့နောက် နှင်းပန်းက လှေငယ်တစ်စင်းထဲ ဆင်းသွားပြီး လှေကြိုးကို ဖြေကာ လှော်ထွက်သွားသည်။
သူမက ပကတိ ပတ်ဝန်းကျင်ကို မသိဘဲ အတွေးမှတ်ဉာဏ်ထဲ နစ်မျောလျက် စိတ်၏ စေ့ဆော်မှုအတိုင်းသာ လိုက်လုပ်နေခဲ့သည်။ ထို့ကြောင့် သူမ၏ လှော်ပေါ်တွင် ရှောင်လုံ တက်လိုက်လာသည်ကို မသိဘဲ လှေကိုသာ လှော်နေခဲ့သည်။
ရှောင်လုံကလည်း သူ့မမ၏ စိတ်ခံစားချက်ကို မနှောက်ယှက်ဘဲ တိတ်တဆိတ်သာ လိုက်စောင့်ရှောက်ပေးနေလိုက်သည်။
မြစ်ပြင်သို့ရောက်လျှင် နှင်းပန်းက လှေကို ဆက်မလှော်တော့ဘဲ မြစ်ကြောင်းအတိုင်းသာ မျောထားလိုက်သည်။
သူမ၏ အသိစိတ်က ပကတိပတ်ဝန်းကျင်နှင့် အဆက်ပြတ်နေပုံရသော်လည်း ထိုနေရာကိုတော့ သိနေသည်။ ထိုနေရာက တစ်ချိန်က သူမ၏ ဘွားဘွားနှင့်အတူ လှေမျောစီးခဲ့သော နေရာဖြစ်သည်။
နှင်းပန်း ကျောက်စိမ်းပလွေကို ထုတ်ပြီး တောတောင်ရေမြေဟူသော တေးသံကို စတင် တီးမှုလေ၏။
တောတောင်ရေမြေ…။ ထိုတေးသံက သူမဘွားဘွား အလွန်နှစ်သက်သော တေးသံဖြစ်သည်လေ။
“ ♪… ♪… ♪… ”
သာယာငြိမ့်ညောင်းသော တေးသံက ညနေခင်း လေပြေနှင့်အတူ မြစ်ယံ၌ လွင့်ပျံသွားလေ၏။
ရှောင်လုံက သူမမကို ကြည့်၍ တေးသံကို နားထောင်နေလိုက်သည်။ ပလွေသံက ရှောင်လုံ၏ စိတ်အစဉ်ကို သာယာအေးချမ်းသော တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝအလှတရားတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့သည်။
နှင်းပန်း၏ စိတ်အစဉ်ကလည်း သူမ၏ ပလွေသံစဉ်ထဲ နစ်မျောဝင်ရောက်သွားခဲ့သည်။ လောကမာယာတေးကဗျာ သံစဉ်သိုင်းကို မလေ့ကျင့်သည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သော်လည်း ယခုလို စိတ်အခြေနေက အတိတ်မှတ်ဉာဏ်များနှင့် လွှမ်းခြုံနစ်မျောနေချိန်တွင် သံစဉ်သိုင်းကို နက်နက်ရှိုင်းရှိုင်း ခံစားတီးမှုတ်နိုင်နေသည်။ သူမ၏ အတွင်းအားတိုးတက်သန့်စင်လာမှုနှင့် သိုင်းနှလုံးသားရင့်သန်လာမှုတို့နှင့်ပါ ပေါင်းစပ်လိုက်သောအခါ ပလွေသံက သူမ အရင်က တီးမှုတ်နိုင်ခဲ့ဖူးသမျှထက် ပိုထူးခြားအားကောင်းနေတော့သည်။
“ ♪…♪…♪…♪…”
နှင်းပန်း၏ စိတ်အစဉ်က တေးသံစဉ်၏ ခေါ်ဆောင်မှုထဲ ရောက်သွားပြီး အတိတ်မှတ်ဉာဏ်ပုံရိပ်များနှင့် ပေါင်းစပ်လိုက်သောအခါ တစ်ချိန်က သူမအဘွားနှင့်အတူ လှေစီးခဲ့သည့် ပုံရိပ်များနှင့် ခံစားချက်များက အစစ်မှန်ကဲ့သို့ ထင်ဟပ်လာတော့သည်။
နှင်းပန်း၏ မျက်နှာပေါ်တွင် အလွန်နူးညံ့သန့်စင်သော အပြုံးလေး ပေါ်နေခဲ့သည်။ မည်သည့်အပူအပင်မှ မရှိသော ကလေးမလေးတစ်ယောက်၏ အပြုံးမျိုး ဖြစ်သည်။ သူမ၏ မျက်နှာက ချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြားထဲ ရှင်သန်ဖူးပွင့်နေသော ပန်းကလေးတစ်ပွင့်သဖွယ် သန့်ရှင်းသိမ်မွေ့နေခဲ့သည်။
နှင်းပန်းမှာ လွန်ခဲ့သော ဆယ့်ငါးနှစ်ကျော်ကာလ ကလေးမလေးတစ်ယောက်၏ သန့်စင်သော မှတ်ဉာဏ်ကို ခံစားရင်း နစ်မျောပျော်ဝင်နေလေ၏။
ရှောင်လုံလည်း ထို့အတူပင်။ သူ၏ အလှပဆုံး အပျော်ရွှင်ဆုံး အတိတ်မှတ်ဉာဏ်ထဲ ပျော်ဝင်နစ်မျောနေခဲ့သည်။ အဘွားလော့ထော်ကို မြင်ယောင်နေခဲ့သည်။ အဘွားလော့ထော် ပြောပြသော ပုံပြင်များကို နားထောင်ခဲ့ရသော ညများကို အမှတ်ရနေခဲ့သည်။ လုံထွေ၏ ကျောကုန်းပေါ်တွင် အိပ်ရင်း သူ့မမ သိုင်းလေ့ကျင့်နေသည်ကို ကြည့်ခဲ့သော အတိတ်မြင်ကွင်းများကို မြင်ယောင်နေခဲ့သည်။
ပလွေတေးသံက သူတို့နှစ်ယောက်လုံးကိုအတိတ်က အလှပဆုံး အသန့်ရှင်းဆုံး အဖြူစင်ဆုံး အပျော်ရွှင်ဆုံး မှတ်ဉာဏ်ပုံရိပ်များထဲ ဆွဲခေါ်နစ်မျောနေစေခဲ့သည်။
အချိန်တချို့ကြာပြီးနောက် ပလွေသံက တဖြည်းဖြည်း တိုးတိတ်သွားပြီး တေးသံလည်း ပြီးဆုံးသွားသည်။
နှစ်ယောက်လုံးလည်း တဖြည်းဖြည်းမျက်လုံးပွင့်လာကြသည်။ သူတို့၏ မျက်လုံးများက ကြည်လင်နေ၏။ အေးချမ်းနေ၏။ နူးညံ့သိမ့်မွေ့နေ၏။ စိတ်ရောကိုယ်ရော အေးချမ်းလျက် မည်သည့်အပူပင်မှ မရှိနေခဲ့ပေ။
“မမ…”
“မောင်လေး…”
နှင်းပန်းမှာ ပကတိပတ်ဝန်းကျင်ကို ပြန်အာရုံစိုက်နိုင်သွားပြီ ဖြစ်သည်။ သူမ ခံစားဝမ်းနည်းနေခဲ့ရသော ခံစားမှုများနှင့် အတိတ်မှတ်ဉာဏ်ထဲ နစ်မျောမှုများက ပလွေတေးသံနှင့်အတူ ပြီးဆုံးသွားခဲ့သည်။
“မမတို့ လှေစီးနေကြာလား…”
“ဟုတ်ကဲ့ မမ…၊ မမနောက်ကို ကျွန်တော် လိုက်လာတာ”
နှင်းပန်းလည်း သူမ၏ ခုနက အခြေနေကို ပြန်မှတ်မိသွားသည်။ သူမက ပကတိပတ်ဝန်းကျင်ကို သတိမပြုမိနိုင်သည်အထိ အတိတ်မှတ်ဉာဏ်ထဲ နစ်မျောမိခဲ့သည်ကို ပြန်သတိထားမိသွားသည်။
နှင်းပန်းက ရှောင်လုံကို ကြည့်ပြီး ပြောသည်။
“မမမှာ အရမ်းချစ်ရတဲ့ ဘွားဘွားတစ်ယောက် ရှိခဲ့တယ်။ ဘွားဘွား မမကို အရမ်းချစ်တယ်။ အရမ်းလည်း ဂရုစိုက်တယ်”
နှင်းပန်းက ပြောရင်း ကောင်းကင်ပေါ်သို့ မော့ကြည့်သည်။
အနောက်ဘက် ကောင်းကင်ယံ၌ ညနေခင်းဆည်းဆာရောင်က နီစွေးစွေးနှင့် ဝမ်းနည်းလွမ်းဆွေးဖွယ် မှိုင်းညို့နေလေ၏။
သို့သော် နှင်းပန်း၏ မျက်လုံးများက ကြည်လင်နေပြီး ချစ်ခြင်းတရားတို့ဖြင့် ပြည့်လျှံရွှမ်းစိုနေခဲ့သည်။ သူမ၏ မျက်နှာပေါ်တွင် အလွန်လှပသန့်စင်သော အပြုံးတစ်ခု ရှိနေသည်။
“မမရဲ့ ဘွားဘွား အရမ်းလှပြီး အရမ်းချစ်ဖို့ကောင်းမှာပဲ”
နှင်းပန်းက ကြည်နူးစွာ ပြုံး၍ ခေါင်းကလေးကို သွက်လက်စွာ ညိတ်ပြသည်။
“ဟုတ်တယ်။ ဘွားဘွားက အရမ်းလှပြီး အရမ်းချစ်ဖို့ကောင်းတယ်။ တစ်လောကလုံးက အဘွားအိုတွေထဲမှာ အလှဆုံးနဲ့ ချစ်စရာအကောင်းဆုံးပဲ”
ရှောင်လုံကလည်း ပြုံး၍ နားထောင်နေခဲ့သည်။
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က မမနဲ့ မမရဲ့ဘွားဘွားက အခုလိုပဲ လှေကလေးစီးခဲ့ကြတယ်။ မမကို တောတောင်ရေမြေ တေးသံ တီးမှုတ်ခိုင်းတယ်။ ဘွားဘွားက တောတောင်ရေမြေသံစဉ်ကို အရမ်းသဘောကျတယ်။ လောကမာယာတေးကဗျာထဲမှာ ဘွားဘွားက ဒီတေးသံကို အကြိုက်ဆုံးပဲ”
နှင်းပန်း ဆက်၍ သူမ၏ အဘွားနှင့် သူမတို့ သိုင်းလောကထဲ ပျော်ရွှင်စွာ လျှောက်သွားခဲ့ပုံများ လည်ပတ်ခဲ့ပုံများကို တစ်ခုပြီးတစ်ခု ပြောပြသည်။
ထိုသို့ပြောပြနေစဉ်အတွင်း နှင်းပန်းမှာ ရယ်လည်း ရယ်သည်။ ပြုံးလည်းပြုံးသည်။ ပျော်လည်း ပျော်နေခဲ့သည်။
ရှောင်လုံက သူ့မမ ပြောပြသမျှကို နားထောင်ရင်း သူ့မမ ပြုံးလျှင် လိုက်ပြုံးမိသည်။ သူ့မမ ရယ်လျှင် လိုက်ရယ်မိသည်။ သူ့မမ ပျော်လျှင် သူလည်း ပျော်နေခဲ့သည်။ သူ့မမနှင့် စိတ်ချင်းဆက်လျက် တစ်ထပ်တည်း လိုက်ခံစားနေခဲ့သည်။
စကားတပြောပြောနှင့် လာခဲ့ကြရာ လှေကလေးက ရေစီးအတိုင်း မျောပါလာပြီး မြစ်ကမ်းဘေးက ကျောက်တောင်ထွင်း လီရှန်းဗုဒ္ဓဆင်းတုကြီးရှေ့နားသို့ ရောက်လာခဲ့သည်။
“ဝါး… ရုပ်တုကြီးက အကြီးကြီးပါလား”
မြစ်ကမ်းဘေး ကျောက်ဆောင်ကြီးတစ်ခုလုံးကို ထုဆစ်ပုံဖော်ထားသော လီရှန်းဗုဒ္ဓဆင်းတုကြီးကို ကြည့်ပြီး ရှောင်လုံမှာ အံ့ဩနေလေ၏။ တစ်ချိန်တည်းမှာပင် ဗုဒ္ဓဆင်းတုကြီးကို အနီးကပ် တက်ကြည့်ချင်သည့် စိတ်ကလည်း စေ့ဆော်လာခဲ့သည်။
“တက်ကြည့်ကြရအောင်”
နှင်းပန်းရော ရှောင်လုံရော ပြိုင်တူ ပြောလိုက်မိကြသည်။
“ဟီးဟီး…”
“ခစ်ခစ်…”
နှစ်ယောက်သား သူတို့စကား တိုက်ဆိုင်နေ၍ ရယ်လိုက်မိကြသည်။
နှင်းပန်းက သူမအဘွားနှင့်တုန်းက ထိုဗုဒ္ဓကျောက်ဆင်းတုကြီးကို တက်မကြည့်ခဲ့ရသည်ကို မှတ်မိသွားသေးသည်။ သို့သော် သူမက ထိုလီရှန်းဗုဒ္ဓကျောက်ဆင်းတုကြီးသို့ ချယ်ရီဂိုဏ်း၏ လျှို့ဝှက်လှုပ်ရှားမှု တာဝန်ဖြင့် အကြိမ်များစွာ ရောက်လာခဲ့ဖူးသည်။
ရှောင်လုံက လှေငယ်ကို ကမ်းသို့ ကပ်နိုင်အောင် လှော်နေသည်။
နှင်းပန်းကလည်း ကူ၍ ထိန်းပေးသည်။
လှေ ကမ်းကပ်သွားသည်နှင့် လှေကြိုးအမြန်ချည်ပြီး ကမ်းပေါ် တက်လိုက်ကြသည်။
“ဝါး…၊ အနီးကပ်ကြည့်လေ ကြီးလေပဲနော် မမ”
“အင်း…၊ ဟုတ်တယ်”
“ဒီမှာတော့ မီးပုံးတွေ မပြင်ဆင်ထားဘူး”
လီးရှန်းတစ်မြို့လုံး မီးပုံးများ ပြင်ဆင်ချိတ်ထားသော်လည်း ဤလီရှန်းဗုဒ္ဓကျောက်ဆင်းတုတွင်တော့ မီးပုံးများ အထူးတလည် မပြင်ဆင်ထားပါ။ ပုံမှန် ထွန်းညှိနေကျဖြစ်သည့် မီးပုံးတချို့သာ ရှိသည်။
“နတ်ဘုရားပူဇော်ပွဲတော်က တာအိုဝါနဲ့ နတ်ဘုရားဝါဒတွေနဲ့ သက်ဆိုင်တဲ့ ပွဲတော်လေ။ ဗုဒ္ဓဝါဒပွဲတော် မဟုတ်ဘူး။ ဒါကြောင့် ဒီနေရာမှာ မီးအိမ်တွေ မပြင်ဆင်ထားတာ ဖြစ်မယ်”
“တာအိုဝါဒ၊ နတ်ဘုရားဝါဒ၊ ဗုဒ္ဓဝါဒ…”
ရှောင်လုံက တီးတိုးရေရွတ်ရင်း ရင်ပြင်ပေါ်တွင် ရှေ့သွားလိုက် နောက်ပြန်သွားလိုက် လုပ်ပြီး ဗုဒ္ဓဆင်းတုကြီးကို လှည့်ပတ်ကြည့်နေခဲ့သည်။
“ကျွန်တော့်ကို ပြုံးပြပြီး လိုက်ကြည့်နေသလိုပဲ ဟီးဟီး…”
ရှောင်လုံက သူ့အဖြစ်ကို သူရယ်ရင်း သဘောကျနေခဲ့သည်။
ဟုတ်လည်းဟုတ်သည်။ အဘယ်ကြောင့်မှန်း မသိပေ။ သူ အရှေ့ဘက်သို့ သွား၍ မော့ကြည့်လျှင်လည်း ဗုဒ္ဓဆင်းတုကြီးက သူ့ဘက်ကို လှည့်၍ ပြုံးပြကာ ငုံ့ကြည့်နေသလို မြင်နေရသည်။ အနောက်ဘက်သို့ ပြန်လျှောက်သွားပြီး ကြည့်လျှင်လည်း ထိုအတိုင်းသာ ဖြစ်နေခဲ့သည်။ အရှေ့မှ အနောက်၊ အနောက်မှ အရှေ့ မည်သို့သွားသွား လိုက်ကြည့်နေသလို မြင်နေရသည်။
နှင်းပန်းကလည်း ရှောင်လုံနှင့်အတူ လိုက်လျှောက်ပြီး ဗုဒ္ဓဆင်းတုမျက်နှာကို မော့ကြည့်သည်။ သူမ သွားသည့်ဘက်ကို လိုက်ကြည့်နေသည်ကို မြင်ပြီး သူမလည်း အံ့ဩသွားရသည်။
“ဟီးဟီး…၊ ထူးဆန်းတယ်နော် မမ”
“ခစ်ခစ် ဟုတ်တယ်နော်”
ပတ်ဝန်းကျင်တွင် မည်သူမှ မရှိနေ၍ သူတို့နှစ်ယောက် ပင်ကိုယ်အသံဖြင့် ပြောဆိုနေခဲ့ကြသည်။
ထိုစဉ်
“ဖျပ်ဖျပ် ဖျပ်ဖျပ်”
ခြေသံနှင့်အတူ မဟာယနဗုဒ္ဓဘာသာဘုန်းတော်ကြီးအိုတစ်ပါး လျှောက်လာနေသည်ကို လှမ်းမြင်လိုက်ရသည်။ ဘုန်းကြီးအိုကြီး၏ လက်ထဲတွင် ပန်းများ ပါလာ၏။
ရှောင်လုံနှင့် နှင်းပန်းလည်း ကလေးများလို ဆော့နေသည်ကို ရပ်လိုက်သည်။
ဘုန်းကြီးအိုကြီးက ရှောင်လုံတို့ကို မြင်လျှင် ပြုံးသည်။ ရှောင်လုံတို့ကို ပြုံးပြခြင်း မဟုတ်ဘဲ ဘုန်းကြီးအိုကြီးဘာသာ တစ်ခုခုကို သဘောကျ၍ ပြုံးခြင်းမျိုး ဖြစ်သည်။
“အိမ်း…”
ဘုန်းကြီးအိုကြီးက အသံပြုသော်လည်း စကားမပြောခဲ့ပေ။ ပန်းအိုးများရှိရာသို့ သွားပြီး ပန်းအိုးလွတ်တစ်လုံးတွင် သူယူလာသော ပန်းများကို သေချာညင်သာစွာ ထိုးနေလိုက်သည်။
ရှောင်လုံနှင့် နှင်းပန်းက ရပ်၍သာ ကြည့်နေကြသည်။
ဘုန်းကြီးအိုကြီးက ပန်းထိုးပြီးနောက် ရေခွက်ထဲက ရေကို သွန်ပစ်ပြီး ဆေးကြောကာ ရေအသစ်ထပ်ဖြည့်သည်။ ထို့နောက် မူလနေရာတွင် ပြန်ထားသည်။
နေဝင်သွားပြီ ဖြစ်၍ ဆည်းဆာရောင်နှင့် လင်းနေသော ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။
ဘုန်းကြီးအိုကြီးက မီးကျည်တောက်ကို ထုတ် မီးပုံးအိမ်များကို မီးထွန်းညှိလိုက်သည်။
ဘုန်းကြီးအိုကြီး၏ လှုပ်ရှားမှုများက နေ့စဉ်ပြုလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေသည်နှင့် တူနေသော်လည်း အလွန်လေးနက်၍ တည်ကြည်ငြိမ်သက်လှသည်။ မည်သည့် လှုပ်ရှားမှုကမှ ပေါ့ပေါ့ဆဆ မရှိပေ။ အလွန်ရိုးရှင်းသော နေ့စဉ်လုပ်နေကျအလုပ်ကို သတိအပြည့်ဖြင့် ဂရုတစိုက်လုပ်နေသည်ကို မြင်ရသည်က တစ်မျိုးထူးခြားနေသည်။
ရှောင်လုံ သတိပြုမိသလို နှင်းပန်းကလည်း သတိပြုမိသည်။ ထို့ကြောင့် နှစ်ယောက်သားက ဘုန်းကြီးအိုကြီး လှုပ်ရှားမှုများကို ဂရုတစိုက် လိုက်ကြည့်နေမိကြသည်။
ဘုန်းကြီးအိုကြီးက လုပ်စရာရှိသည်များ လုပ်ပြီးနောက် လက်အုပ်ချီ၍ ဗုဒ္ဓဆင်းတုကြီးကို မမှိတ်မသုန်သော အကြည့်ဖြင့် မော့ကြည့်သည်။ ဘုန်းကြီးအိုကြီး၏ မျက်လုံးအကြည့်က ရေပြင်လို တည်ငြိမ်ပြီး ရေစင်လို သန့်ရှင်းနေသည်။ ကြည်ညိုမြတ်နိုးရိပ်များလည်း ထင်ဟပ်နေသည်။ တစ်စုံတစ်ခုကို ရှင်းလင်းစွာ သိမြင်နားလည်နေသည့် အလင်းရောင်တစ်ခုလည်း ရှိနေခဲ့သည်။
ရှောင်လုံတို့မှာ ဘုန်းကြီးအိုကြီးက သူတို့ကို စကားတစ်ခွန်းမှ မပြောခဲ့သော်လည်း လှုပ်ရှားမှုများမှတစ်ဆင့် စကားများစွာ ပြောပြနေသကဲ့သို့ ခံစားနေရသည်။
သို့သော် ထိုလှုပ်ရှားမှုဖြင့် ပြောပြနေသော စကားကို သူတို့နှစ်ယောက်မှာ နားမလည်ဘဲ ဖြစ်နေသည်။ နားမလည်သော်လည်း သူတို့က မျက်ခြည်မပြတ် လိုက်ကြည့်နေမိကြသည်။
ဘုန်းကြီးအိုကြီးက ဘုရားစာတချို့ကို တီးတိုးရွတ်ဆိုပြီးနောက် လက်အုပ်ချီ၍ ရှိခိုးလိုက်သည်။ ထို့နောက် ရှောင်လုံတို့ဘက်သို့ တစ်ချက် လှည့်ကြည့်ကာ ပြုံးပြသည်။
ထိုအပြုံးကတော့ ရှောင်လုံတို့ကို ပြုံးပြခြင်း ဖြစ်သည်။ ကြည်လင်၍ တည်ငြိမ်အေးချမ်းလှသော အပြုံးဖြစ်သည်။
“မနက်ဖြန်ဆိုရင် နတ်ဘုရားတွေကို ပူဇော်ပြီး ဆုတောင်းကြမယ့် ပွဲတော်နေ့ပဲ။ မိသားစုတွေ ဆုံစည်းကြမယ့် နေ့လည်း ဟုတ်တယ်”
ဘုန်းကြီးအိုကြီးက တစ်ယောက်တည်း ပြောသလို တီးတိုးပြောဆိုပြီး ရှောင်လုံတို့ကို ထပ်ပြုံးပြသည်။
“ဒီဘုန်းကြီးအိုကြီးကတော့ ဗုဒ္ဓကို နေ့တိုင်းပူဇော်ဖြစ်တယ်။ သတ္တဝါတွေ အေးချမ်းကြပါစေလို့လည်း ဆုတောင်းမေတ္တာပြုပေးဖြစ်တယ်။ အိမ်း…ဆုံတွေ့ဖို့ ကံကြမ္မာရှိသူတွေနဲ့လည်း ဆုံစည်းရပါတယ်”
ဘုန်းကြီးအိုကြီးက ပြောဆိုပြီးနောက် ပြန်ထွက်သွားခဲ့သည်။ ဘုန်းကြီးအိုကြီး၏ ပုံရိပ်က တဖြည်းဖြည်း ဝေးသွားပြီး တောင်စွန်းအကွေ့တစ်ခုသို့ ချိုးကွေ့ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
လေထဲတွင်တော့ တည်ငြိမ်အေးချမ်းသော တီးတိုးအသံတစ်ခု လွင့်မျောလာခဲ့လေ၏။
“သတ္တဝါတွေ အေးချမ်းကြပါစေ…”
အခန်း(၃၅၉)ပြီး
***