မှောင်ရီပျိုး ဝိုးတဝါးကောင်းကင်က တစ်စတစ်စနှင့် ပို၍ မှောင်လာပြီးနောက် ညအမှောင်တွင်း လုံးဝ သက်ဆင်းသွားလေတော့သည်။
လီရှန်းဗုဒ္ဓဆင်းတုကြီး၏ ရင်ပြင်၌ ရှောင်လုံနှင့် နှင်းပန်းတို့နှစ်ယောက် စကားမဆိုကြဘဲ တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏ စိတ်က ခုနက ဘုန်းကြီးအိုကြီး၏ လှုပ်ရှားမှုများနှင့် စကားများကို စဉ်းစားဆင်ခြင်နေသည်။
မြစ်ပြင်မှ ဖြတ်သန်းတိုက်ခတ်လာသော ဆောင်းဦးညလေအေး ခပ်ပြင်းပြင်းတစ်ချက် ဖြတ်တိုက်သွားသည်။
“ဟူး ဟူး…”
“ဖြုန်း ဖြုန်း …”
လေပြင်းတစ်ချက် ဖြတ်တိုက်သွားသောကြောင့် မြစ်ရေက လှိုင်းထသွားပြီး ကမ်းပါးကို တဖြုန်းဖြုန်း လာရိုက်ပုတ်သံများ ထွက်ပေါ်လာသည်။
“ကျီ ဘုန်း…”
သူတို့ စီးလာသော လှေငယ်လည်း ရေလှိုင်းပုတ်ခတ်မှုကြောင့် လှေနံဘေးနဲ့ ကမ်းပါးနံရံနှင့် ရိုက်မိပြီး အသံထွက်လာသည်။
ချိတ်ဆွဲထွန်းညှိထားသော မီးပုံးအိမ်များလည်း တဖျပ်ဖျပ် ယိမ်းထိုးလှုပ်ခတ်သွားသည်။
အတွေးနက်လျက် ငြိမ်သက်စွာ ရပ်နေကြသော ရှောင်လုံနှင့် နှင်းပန်းတို့၏ ဆံပင်နှင့် အဝတ်စားများလည်း လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံသွားလေ၏။
ခဏအကြာတွင် လေအရှိန်က တဖြည်းဖြည်း ပြန်ငြိမ်သွားခဲ့သည်။ အားလုံး ပြန်ငြိမ်သက်တိတ်ဆိတ်သွားသည်။
အလင်းပျောက်ပြီးနောက် အမှောင် ရောက်လာသည်။ လေပြေနှင့်အတူ လေပြင်း တိုက်ခတ်သွားခဲ့သည်။ အခု လေပြင်းပျောက်ကွယ်၍ လေပြေအေးလေး တငြိမ့်ငြိမ့် ပြန်တိုက်ခတ်နေပြန်သည်။ အလှည့်အပြောင်းတို့သည် တစ်ခုပြီးတစ်ခု ဖြစ်သွားခဲ့သည်။ တစ်ခုနှင့်တစ်ခု ချိတ်ဆက်၍ ဖြစ်သွားခဲ့သည်။
~~မမ…~~
~~မောင်လေး…~~
ရှောင်လုံတို့လည်း အတွေးနက်နေရာမှ နိုးထလာကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်တွေ့လိုက်ရသည့် အရိပ်အယောင်တစ်ခု ထင်ဟပ်နေ၏။
~~မှောင်သွားပြီ~~
~~အင်း…၊ မနက်ဖြန်မှ လပြည့်ညဆိုတော့ ဒီည လထွက်ဖို့ အချိန်နည်းနည်းတော့ လိုလိမ့်ဦးမယ်~~
ရှောင်လုံက ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်သည်။
အသံနိမ့်လှိုင်းအာရုံခံနယ်မြေ။
ပေနှစ်ထောင်ပတ်လည်အတွင်းက သစ်ပင် မြက်ပင် သစ်ရွက် သစ်ခက် သက်ရှိပိုးမွှား လှုပ်ရှားမှုအားလုံးကို အာရုံခံမိသည်။
ရှောင်လုံက မျက်ခုံးတွန့်လိုက်သည်။ သူရှာချင်သော တစ်စုံတစ်ခုကို အာရုံ မခံမိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ကြေးမျက်နှာဖုံးကို ထုတ်၍ တပ်ဆင်ပြီး စိတ်ဝိညာဉ်အာရုံနယ်မြေကို ဖွင့်လိုက်သည်။
ပေငါးထောင်ပတ်လည်ရှိ တည်ရှိမှုအားလုံး ပကတိမျက်စိဖြင့် မြင်ရသည်ထက် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။
ရှောင်လုံက ကျေနပ်သွားသည်။ သူ လိုချင်သည်ကို ရှာတွေ့လိုက်၍ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရှောင်လုံက ထိုနေရာမှ ရိပ်ကနဲ လှုပ်ရှားပျောက်ကွယ်သွားလေ၏။
နှင်းပန်းက ရှောင်လုံ ရုတ်တရက် ပျောက်သွားသည်ကို မြင်ပြီး မျက်ခုံးမြင့်တက်သွားသည်။
‘ဒီကလေး ဘာလုပ်နေတာလဲ…’
နှင်းပန်း၏ အတွေးဆုံးပြီး သိပ်မကြာခင်မှာပင် ရှောင်လုံ၏ ပုံရိပ်က ထိုနေရာ၌ ပြန်ပေါ်လာ၏။ သူ့လက်ထဲတွင် တောပန်းတချို့နှင့် သစ်ခွပန်းတချို့ ပါလာသည်။
ထိုမြင်ကွင်းကို ကြည့်ပြီး နှင်းပန်းက ပြုံးလိုက်သည်။
~~ဘုန်းကြီးအိုကြီး လုပ်သလို လိုက်လုပ်ကြည့်မလို့လား~~
~~ဟီးဟီး…၊ ဟုတ်ကဲ့ မမ။ မမလည်း လာလုပ်ကြည့်~~
ရှောင်လုံမှာ ခုနက ဘုန်းကြီးအိုကြီး၏ လှုပ်ရှားမှုကို အလွန်စိတ်ဝင်စားနေသည်။ လုပ်ရိုးလုပ်စဉ် သာမန်ရိုးရှင်းသော အလုပ်ကို သတိအပြည့်ဖြင့် လုပ်သွားခြင်းက သူ လိုက်မလုပ်နိုင်သော အဆင့်တစ်ခု ဖြစ်နေသည်။ ထိုကြောင့် ရှောင်လုံက ဘုန်းကြီးအိုကြီး လုပ်သွားသည့်အတိုင်း လိုက်လုပ်ကြည့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
ရှောင်လုံက ပန်းအိုးများရှိရာသို့ သွား၍ ပန်းထိုးရန် ပြင်သည်။
~~နေဦး မောင်လေး၊ ပန်းတွေကို ရေဆေးရဦးမယ်။ ခုနက ဘုန်းကြီးအိုကြီးက ပန်းတွေကို ရေဆေးထားတယ်။ မမကို ပေး၊ မမ ရေဆေးပေးမယ်~~
~~အဲ ဟုတ်သားပဲ~~
ဟုတ်သည်။ ခုနက ဘုန်းကြီးအိုကြီး၏ လက်ထဲက ပန်းများမှာ ရေဆေးထားသည်။ ရေစိုနေပြီး ပရေစက်ကလေးများ ခိုသီးနေခဲ့သည်။ ထိုခိုသီးနေသော ရေစက်ကလေးများက ပန်းပွင့် ပန်းရွက်ပေါ်မှ ပြုတ်ကျလာတော့မလိုလို ဖြစ်နေသော်လည်း ပြုတ်ကျမလာခဲ့သည်။ ခိုသီးနေသည့်အတိုင်းသာ ရှိနေခဲ့သည်။ ထိုမြင်ကွင်းက အလွန်သာမန်ဆန်ပြီး ရိုးရှင်းသော်လည်း ရှောင်လုံတို့ကတော့ ဘုန်းကြီးအိုကြီး၏ နက်နဲသော လှုပ်ရှားမှုကြောင့်သာ ထိုသို့ ထိန်းထားနိုင်ခြင်း ဖြစ်ကြောင်း နားလည်ခဲ့သည်။
ဘုန်းကြီးအိုကြီးက ပန်းပေါ်က ရေစက်ကလေးများ ပြုတ်ကျမသွားအောင် သတိထား၍ ကိုင်ဆောင်ခဲ့သည် မဟုတ်ပါလား။ ခန္ဓာကိုယ် ဟန်ချက်နှင့် ခြေလက်လှုပ်ရှားမှု အသေးဖွဲလေးများကိုသာ သတိထားသည် မဟုတ်၊ ပန်းပေါ်က ရေစက်ကလေးများအားလုံးကိုလည်း သတိထားခဲ့သည်။
ရှောင်လုံက သူ ခူးလာသော ပန်းများကို သူ့မမအား ပေးလိုက်သည်။
နှင်းပန်းက ပန်းများကို ယူပြီး ရေသွားဆေးသည်။ ရေဆေးပြီးနောက် ခုနက ကိုယ်တော်လက်ထဲ ပန်းများလို ရေစိုပြီး ရေစက်ရေပေါက်ကလေးများ ခိုသီးနေသည့် အနေထားရအောင် ချိန်ဆ၍ ရေခါလိုက်သည်။
~~ရပြီ မောင်လေး~~
ရှောင်လုံနှင့် နှင်းက ပန်းတစ်ဝက်စီ ခွဲယူလိုက်ကြသည်။
“အဲ…”
ပန်းခွဲယူစဉ် ရေစက်ရေပေါက်များ ပြုတ်ကျသွား၍ ဖြစ်သည်။ ထို့ကြောင့် နှစ်ယောက်သား ပန်းကို ရေပြန်ဆေးလိုက်ရပြန်သည်။ ပန်းပွင့် ပန်းရွက်များပေါ်တွင် ရေသီးရေစက်ကလေးများ ခိုသီးနေသည့် အနေထားရအောင်ပင် အတော်ကြိုးစားနေရသည်။ ရေက အစိုများသည့်အခါ များနေသည်။ အစိုနည်းသည့်အခါ နည်းနေသည်။
~~ရလောက်ပြီ မမ~~
~~အင်း ရလောက်ပြီ~~
သူတို့ လိုချင်သော အနေထားရလျှင် ပန်းများကို ကိုင်၍ ပန်းအိုးများရှိရာသို့ သွားလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ဟန်ချက်၊ သူတို့၏ ခြေလှမ်း၊ သူတို့ လှမ်းရှားမှုများကို သတိထားလိုက်သည်။
ထိုစဉ်မှာပင် ပန်းပေါ်မှ ရေစက်တချို့ ပြုတ်ကျသွားသည်။
“ပေါက် ပေါက်…”
~~မရပ်နဲ့ မမ၊ ဆက်သွား။ တစ်ခါတည်းနဲ့ လိုက်လုပ်နိုင်မှာ မဟုတ်ဘူး။ ဘယ်လောက် လိုက်လုပ်နိုင်လဲဆိုတာကိုပဲ အရင်သိအောင် လုပ်ကြည့်ကြမယ်~~
~~အင်း…၊ ခန္ဓာကိုယ်ပေါ် သတိထားလွန်းသွားရင် လက်ထဲက ပန်းတွေကို သတိမထားနိုင်တော့ဘူး~~
~~ဟုတ်တယ်။ ကိုယ်တော်က သူ့ကိုယ်သူရော ပန်းတွေကိုရော ပန်းပေါ်က ရေစက်လေးတွေကိုရော သေချာကို သတိထားနိုင်ခဲ့တယ်~~
ရှောင်လုံက အသံနိမ့်လှိုင်းသိုင်းပညာဖြင့်လည်းကောင်း စိတ်ဝိညာဉ်အာရုံဖြင့်လည်းကောင်း အာရုံခံ၍ သတိထားလျှင် အားလုံးကို သတိထားနိုင်ဖွယ်ရှိသော်လည်း ထိုသို့ မလုပ်ခဲ့ပေ။ ကိုယ်တော်၏ လှုပ်ရှားမှုများက သာမန်အတိုင်း လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်သွားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့ကလည်း မည်သည့်သိုင်းပညာ မည်သည့်လျှို့ဝှက်ပညာကိုမှ မသုံးဘဲ သာမန်အတိုင်းသာ လှုပ်ရှားရန် လိုသည်။
အနည်းငယ် အတွေးများသွားသည်နှင့် ရေစက်ရေပေါက်လေးများ ထပ်ပြုတ်ကျကုန်ပြန်သည်။
ထိုမျှ ရိုးရှင်းသော သာမန်လှုပ်ရှားမှုလေးက သူတို့အတွက် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် ကိုယ်တော်၏ လှုပ်ရှားမှုက မည်မျှနက်ရှိုင်းကြောင်း ပိုနားလည်လာကြသည်။
“ဟူး…”
လေတစ်ချက် အဝှေ့တွင်လည်း ပန်းများ လှုပ်ခါသွားပြီး ရေစက်ကလေးများ ပြုတ်ကျသွားပြန်သည်။
ပန်းအိုးများရှိရာသို့ ရောက်လာချိန်မှာတော့ သူတို့၏ အခြေနေက သိပ်မကောင်းတော့ပေ။ သူတို့ပန်းများပေါ်တွင် ရေစက်ရေပေါက်လေးများ သိပ်မကျန်တော့ပေ။
ပန်းအိုးလွတ်တစ်လုံးစီတွင် ပန်းထိုးလိုက်ကြသည်။ ထိုအခါတွင်လည်း ရေစက်လေးများ ထပ်ပြုတ်ကျသွားပြန်သည်။
“ပေါက် ပေါက် ပေါက်…”
ပန်းထိုးပြီးနောက် ရှောင်လုံက သူထိုးထားသော ပန်းကို ကြည့်သည်။ ကိုယ်တော် ထိုးထားသော ပန်းနှင့် ယှဉ်ကြည့်သည်။
~~ငါထိုးထားတာက တကယ်ကို ဖရိုဖရဲ ဖြစ်နေတာပဲ~~
ကိုယ်တော် ထိုးထားသော ပန်းများက သူ့နေရာနှင့်သူ နေရာကျပြီး စီရီညီညာကာ လှပကြည့်ကောင်းနေခဲ့သည်။
ရှောင်လုံက ခေါင်းကုတ်ရင်းနှင့် သူ့မမကို ကြည့်သည်။
နှင်းပန်းကတော့ ပန်းထိုးနေတုန်းပင် ရှိသေးသည်။
~~ငါ နည်းနည်း လောသွားတာပဲ~~
ရှောင်လုံက သူ အနည်းငယ် စိတ်လောသွားမှန်း သူ့ကိုယ်သူ သိလိုက်သည်။
ထိုစဉ်မှာပင် နှင်းပန်းလည်း ပန်းထိုး၍ ပြီးသွားသည်။
နှင်းပန်းကလည်း သူမ ထိုးထားသော ပန်းကို ပြန်စစ်ဆေးကြည့်သည်။ ထို့နောက် ကိုယ်တော်၏ ပန်းထိုးလက်ရာနှင့် နှိုင်းယှဉ်ကြည့်သည်။
~~သေချာ ဂရုစိုက်ထားတာတောင် ကိုယ်တော်ရဲ့ ပန်းထိုးလက်ရာကို မမီသေးဘူးပဲ~~
သို့သော် နှင်းပန်း၏ ပန်းထိုးလက်ရာက ရှောင်လုံ၏ ပန်းထိုးလက်ရာထက်တော့ ပိုသပ်ရပ်ပြီး ပိုလှနေခဲ့သည်။
~~ဝါး…၊ မမက အရမ်းတော်တာပဲ။ မမ ထိုးထားတာ အရမ်းလှတယ်~~
ရှောင်လုံက သူ့မမ၏ ပန်းထိုးလက်ရာကိုကြည့်ပြီး သဘောကျလျက် အားရပါးရ ချီးမွမ်းနေတော့သည်။
နှင်းပန်းက သူ့မောင်လေး၏ ချီးမွမ်းမှုကြောင့် သဘောကျစွာ ပြုံးသည်။
~~မောင်လေးက ရေစက်တွေ မကျအောင် သတိထားတဲ့ နေရာမှာ မမထက် ပိုတော်တယ်~~
~~ဟီးဟီး~~
ထို့နောက် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်ရင်း ကိုယ်တော် လုပ်သလို ရေခွက်တချို့ကို ဆေးကြော၍ ရေသစ် လဲလှယ်ပြီး နေရာတကျ ပြန်ထားလိုက်ကြသည်။ ထို့နောက် လက်အုပ်ချီ၍ ဗုဒ္ဓကျောက်ဆင်းတုတော်ကြီးကို မော့ကြည့်ကြသည်။
ထိုသို့ မော့ကြည့်စဉ် သူတို့၏ စိတ်ကို တည်ငြိမ်နေအောင်၊ ကြည်လင်နေအောင်၊ ရှင်းလင်းနေအောင် ဂရုစိုက်သတိထားသည်။ ကိုယ်တော် လုပ်တောင်ခဲ့စဉ်ကအတိုင်း လိုက်လုပ်နိုင်အောင် ကြိုးစားကြသည်။
သို့သော် ထူးဆန်းစွာပင် သူတို့က ကြိုးစား၍ ဂရုစိုက်သတိထားလေလေ သူတို့၏ စိတ်က မငြိမ်သက်ဘဲ အတွေးများနေသည်ကို သတိထားမိကြသည်။ ဗုဒ္ဓကျောက်ဆင်းတုကြီးကို သေချာကြည့်နေသည့်အတွင်းမှာပင် မြင်တစ်ချက် မမြင်တစ်ချက်နှင့် တစ်ချက်တစ်ချက် ဝေဝါးသွားသည်ကို သတိထားမိကြသည်။ သူတို့၏ စိတ်များက မငြိမ်သက်ဖြစ်နေသောကြောင့် သူတို့၏ မျက်လုံးအရောင်များကလည်း လှုပ်ခတ်နေခဲ့သည်။
ထို့နောက် နှစ်ယောက်လုံး အတူတူ ရှိခိုးပူဇော်လိုက်ကြသည်။
ကိုယ်တော်က ကျမ်းစာတချို့ကို ရွတ်ဆိုသွားသည် မဟုတ်ပါလား။ သူတို့တွင် ရွတ်ဆိုစရာ မရှိနေပေ။ သူတို့က မဟာယနဗုဒ္ဓဘာသာကျမ်းစာများကို မသိပေ။
သို့သော် ရှောင်လုံက ရွတ်ဆိုလိုက်သည်။
“အာမီတော်ဖော်… အာမီတော်ဖော်…အာမီတော်ဖော်…”
ထိုစကားလုံးမှာ ရှောင်လုံ သိထားသော တစ်လုံးတည်းသော စကားဖြစ်သည်။ ရှောင်လင်ဂိုဏ်းချုပ်ကြီး ရွတ်ဆိုသည်ကို ကြားဖူး၍ မှတ်မိနေခြင်းဖြစ်သည်။
ရှောင်လုံက ထိုသို့ ရွတ်ဆိုလိုက်သောအခါ နှင်းပန်းလည်း ရွတ်ဆိုလိုက်သည်။
“ဗုဒ္ဓေါ… ဗုဒ္ဓေါ… ဗုဒ္ဓေါ…”
သူမက အော်မေ့ဂိုဏ်း၏ အမွေခံတပည့်ဖြစ်သည် မဟုတ်ပါလား။ အော်မေ့ဂိုဏ်းမှာ ဗုဒ္ဓဝါဒနှင့် တာအိုဝါဒတို့ ပေါင်းစပ်ထားသော ဂိုဏ်းဖြစ်၍ မဟာယနဗုဒ္ဓဘာသာမူရင်းကျမ်းစာများကို မသိသော်လည်း ထိုသို့ရွတ်ဆိုပူဇော်နည်းကိုတော့ နှင်းပန်းက သိသည်။
ထို့နောက် နှစ်ယောက်သား ပြိုင်တူ ထပ်ရွတ်ဆိုလိုက်သည်။
“သတ္တဝါတွေ အေးချမ်းကြပါစေ…”
သူတို့၏ ရွတ်ဆိုသံများက ကိုယ်တော်၏ ရွတ်ဆိုသံလို တည်ငြိမ်အေးချမ်းသော အငွေ့သက်များ မရှိနေဘဲ သာမန်မျှသာ ဖြစ်နေသည်။ သို့သော်လည်း ထိုမျှက သူတို့ လုပ်နိုင်သည့် အတိုင်းအတာအတွင်းသာ ဖြစ်သည်။ ထိုထက်ပို၍ မလုပ်နိုင်ပေ။ ထိုထက်ပို၍ လုပ်နိုင်ရန်ဆိုလျှင် အကြိမ်များစွာ ကြိုးစားသွားရပေမည်။
သို့သော်လည်း သူတို့၏ စိတ်ထဲတွင် တည်ငြိမ်အေးချမ်းသော အငွေ့သက်လေးတစ်ခုကိုတော့ သူတို့ကိုယ်တိုင် ခံစားမိခဲ့ကြသည်။ ထိုအငွေ့သက်လေးက သေးမျှင်လှသော်လည်း သူတို့ ခံစားနိုင်ခဲ့ကြသည်။
~~လထွက်လာပြီ မမ~~
~~ဟုတ်တယ်နော်၊ လထွက်လာပြီဆိုတော့ မမတို့ ပြန်ကြစို့~~
~~ဟုတ်ကဲ့ မမ~~
ထို့နောက် ရှောင်လုံနှင့် နှင်းပန်းက လက်အုပ်ချီ၍ လီရှန်းဗုဒ္ဓကျောက်ဆင်းတုကြီးကို နောက်တစ်ကြိမ် ထပ်အရိုသေပေးပြီးနောက် ထိုနေရာမှ ထွက်လာခဲ့လိုက်သည်။
“သွားလိုက်ဦးမယ်နော်”
ရှောင်လုံက ဗုဒ္ဓကျောကဆင်းတုကြီးကို မော့ကြည့်ပြီး ပြုံးပြကာ နှုတ်တက်သည်။
~~ခစ်ခစ်…၊ အဲဒီလို နှုတ်ဆက်လို့ ရလို့လားကွယ်~~
~~ဟီးဟီး…၊ မသိဘူး မမ၊ ဒါပေမဲ့ ဗုဒ္ဓဆင်းတုကြီးက ကျွန်တော့်ကို ပြုံးပြနေလို့ ကျွန်တော်လည်း ပြန်ပြုံးပြပြီး နှုတ်ဆက်လိုက်တာ~~
~~ခစ်ခစ်…၊ အဲဒီလိုလား~~
နှင်းပန်းလည်း သူ့မောင်လေး၏ ကလေးဆန်သော အတွေးကို သဘောကျပြီး ရယ်နေမိသည်။ သူ့မောင်လေးက တစ်ခါတစ်ရံ အလွန်အူတူတူနိုင်သည် မဟုတ်ပါလား။
နှစ်ယောက်သား လှေထဲဆင်းပြီး လှေကြိုးဖြေကာ လီရှန်းမြို့ဘက်သို့ ပြန်၍ ဦးတည်လှော်ခတ်လာလိုက်ကြသည်။
~~မမ…၊ ကျွန်တော် လှေလှော်မယ်။ မမက တေးသံတစ်ခုလောက် တီးမှုတ်~~
~~မောင်လေးက တေးသံ နားထောင်ချင်လို့လား~~
~~အင်း…~~
နှင်းပန်းက ပြုံး၍ ခေါင်းညိတ်ပြီး ကောင်းကင်ပေါ်က လဝန်းကြီးကို မော့ကြည့်သည်။
“ပတ်ဝန်းကျင်က ဒီအနေထားဆိုတော့ ‘လရိပ် လေပြေ လှိုင်းနဲ့လှေ’ဆိုတဲ့ တေးသွားကို တီးမှုတ်ပြမယ်”
“ဟုတ်ကဲ့ မမ”
နှင်းပန်းက ကျောက်စိမ်းပလွေကို ထုတ်ကာ စတင် တီးမှုတ်လိုက်သည်။
“♪… ♪… ♪… ♪…”
သာယာသော ကျောက်စိမ်းပလွေသံက ညလေပြေနှင့်အတူ မြစ်ရေပြင်တစ်လျှောက် လွင့်ပျံစီးမျောသွားလေ၏။
ကောင်းကင်တွင် လမင်းကြီးက ထိန်လင်းစွာ သာနေ၏။ ညလေပြေကလည်း မြစ်ပြင်တစ်လျှောက် တသုန်သုန် တိုက်ခတ်နေ၏။ လှော်ခတ်နေသော လှေငယ်ကို လှိုင်းကြက်ခွပ်လေးများက တဖုတ်ဖုတ်တဖတ်ဖတ်နှင့် လာရိုက်ခတ်နေ၏။ ထိုရေလှိုင်းကလေးများကို လရောင်က ဟပ်သွားတိုင်း တဖျပ်ဖျပ် တလက်လက်နှင့် တောက်ပသွား၏။ လှေငယ်က မြစ်ရေပြင်နှင့် ထိုရေလှိုင်းကလေးများကို ထိုးခွဲဖြတ်သန်း၍ တရိပ်ရိပ် တငြိမ့်ငြိမ့်နှင့် ရှေ့ဆက်နေ၏။ လှော်တက်ခတ်သံကလည်း စည်းချက်မှန်မှန်ဖြင့် ခပ်တိုးတိုး ထွက်ပေါ်နေလေ၏။
ပလွေတေးသံက ထိုပတ်ဝန်းကျင်၊ ထိုမြင်ကွင်း၊ ထိုလမင်း၊ ထိုလရောင်၊ ထိုလရိပ်၊ ထိုရေလှိုင်း၊ ထိုလေပြေတို့နှင့် လိုက်ဖက်လျက် ငြိမ့်ညောင်းသာယာစွာ ထွက်ပေါ်လွင့်ပျံ့နေခဲ့သည်။
ရှောင်လုံတို့၏ လှေငယ်လေးက လရောင်အောက်တွင် တရွေ့ရွေ့နှင့် ထွက်ခွာသွားချိန်တွင် လီရှန်းဗုဒ္ဓကျောက်ဆင်းတုကြီး၏ ရင်ပြင်ပေါ်သို့ ကိုယ်တော်က ပြန်ရောက်လာသည်။
ကိုယ်တော်က မြစ်ပြင်၌ လွင့်ပျံလာသော ပလွေသံကို တစ်ချက်နားထောင်ပြီး အဝေးသို့ ရောက်နေပြီဖြစ်သော လှေငယ်လေးကို လှမ်းကြည့်၍ ပြုံးသည်။ ထို့နောက် သူက ရှောင်လုံတို့ ထိုးထားခဲ့သော ပန်းအိုးနှင့် ရေခွက်များကို ကြည့်နေခဲ့သည်။
“အိမ်း…၊ မျိုးစေ့လေးက အပင်ပေါက်လို့ ရှင်သန်အရွယ်ရောက်ပြီးရင် နောက်ထပ် မျိုးစေ့ ထပ်ပွားတာဟာ ဓမ္မတာပါပဲလေ”
ကိုယ်တော်က တီးတိုးရေရွတ်ပြီးနောက် ပြန်လှည့်ထွက်သွားခဲ့လေ၏။
ရှောင်လုံက လှေကို လှော်ခတ်ရင်း ပလွေတေးသံကို နားထောင်နေသည်။ သူ့မမကိုလည်း မမှိတ်မသုန် ကြည့်နေခဲ့သည်။ သူ့မမက ရှောင်ယွမ်အဖြစ် ရုပ်ဖျက်ထားသော်လည်း သူ့မျက်လုံးထဲတွင် သူ့မမ၏ ပကတိပုံစံကိုသာ မြင်နေသည်။ သူ အချစ်ရဆုံး သူ့မမနှင့် ယခုလိုလေး ဖြတ်သန်းနေရသည့် အချိန်လေးက ရှောင်လုံအတွက် စကားလုံးဖြင့် ပြောပြရန်ခက်သော ကျေနပ်ပျော်ရွှင်မှုဖြစ်သည်။ သူ့စိတ်နှင့် သူ့နှလုံးသားထဲ နွေးထွေးအေးမြနေခဲ့သည်။
နှင်းပန်းကလည်း မျက်လုံးမှိတ်၍ ပလွေတီးမှုတ်နေရင်းက မျက်လုံးပွင့်လာပြီး ရှောင်လုံကို ကြည့်သည်။ သူမ၏ ပုံစံကလည်း အပေါ်ယံတွင်သာ ရှောင်ယွမ် ဖြစ်နေသော်လည်း သူမ၏ အမူအရာ၊ အငွေ့အသက်များက နှင်းပန်းပုံစံ ဖြစ်နေသည်။ ရှောင်ယွမ်ပုံစံဖြစ်အောင် ဟန်မဆောင်နေသောကြောင့်ပင်။
ရှောင်လုံကို ကြည့်သော နှင်းပန်း၏ မျက်ဝန်းလှလှလေးထဲတွင်လည်း အလွန်နွေးထွေးအေးမြသော ချစ်ခြင်းမေတ္တာအငွေ့သက်လေးများ ပြည့်နေခဲ့သည်။ အစ်မတစ်ယောက်က သူ့မောင်ငယ်လေးကို ကြည့်သော မျက်ဝန်းမျိုးနှင့် မိခင်တစ်ယောက်က သူ့သားကို ကြည့်သော မျက်ဝန်းမျိုးလည်း ဖြစ်လေ၏။
“♪… ♪… ♪…”
လှေကလေးက တဖြည်းဖြည်းနှင့် လီရှန်းမြို့အနီးသို့ ပြန်ရောက်လာခဲ့သည်။ ပလွေတေးသံကလည်း တဖြည်းဖြည်းတိုးတိတ်၍ ပြီးဆုံးသွားခဲ့သည်။
“အရမ်း နားထောင်လို့ကောင်းတယ် မမ”
“အင်း…၊ လောကမာယာတေးကဗျာကို မလေ့ကျင့်ဖြစ်တာ ကြာလို့ နားထောင်ကောင်းရုံလောက်ပဲ မှုတ်နိုင်တော့တယ်”
“ကျွန်တော်ဆို အရင်က လေ့ကျင့်ဖူးတာတွေတောင် မေ့ကုန်ပြီ ဟီးဟီး…”
လောကမာယာတေးကဗျာမှာ သာမန်ဂီတသံစဉ်မျှသာ မဟုတ်ဘဲ သံစဉ်သိုင်းပညာ ဖြစ်နေ၍ ပေါက်မြောက်အောင် မလေ့ကျင့်နိုင်သေးဘဲ လေ့ကျင့်မှုကို ရပ်ထားခဲ့မိသဖြင့် အတော်များများ လေ့ကျင့်ဖူးသော နှင်းပန်းအတွက်ပင် ဂီတသံစဉ်များကို တီးမှုတ်ရန် ခက်ခဲနေခဲ့သည်။ သို့ဖြစ်၍ ရှောင်လုံလို သူ့မမကို သတိရ၍ အလွမ်းပြေလေ့လာတီးမှုတ်ခဲ့သူအတွက်က မေ့ကုန်သည်မှ သာမန်ပင် ဖြစ်သည်။
နောက်ဆုံးတွင် လှေငယ်က လီရှန်းမြို့ကမ်းခြေသို့ ပြန်ရောက်လာခဲ့သည်။
“ဘိုးဘိုးတော့ ညစာစားဖို့ သားတို့ကို စောင့်နေလောက်ပြီ”
“အင်း…၊ မြန်မြန်သွားကြစို့”
“ဟုတ်ကဲ့…၊ အစ်ကို”
နှင်းပန်းက ရှောင်ယွမ်ပုံစံ ရှောင်ယွမ်ဟန်ပန် ပြန်ဖြစ်သွားပြီ ဖြစ်သည်။ မြို့သို့ ပြန်ရောက်လာပြီဖြစ်၍ သူမ ရုပ်ဖျက်ထားသော ပုံစံအတိုင်း ပြုမူလှုပ်ရှားကာ ပြောဆိုလိုက်သည်။ ထို့ကြောင့် ရှောင်လုံကလည်း အလိုက်သင့် ပူးပေါင်းလိုက်သည်။
စာပေသမားလူရွယ်လေး ရှောင်ယွမ်နှင့် သိုင်းသမားလူငယ်လေး ရှောင်လုံတို့ ညီအစ်ကိုနှစ်ယောက် လှေငယ်ကို ကြိုးချည်ထားခဲ့ပြီးနောက် ကမ်းပေါ်သို့ တက်သွားလိုက်ကြသည်။
လပြည့်ည မဟုတ်သေးသော်လည်း လရောင်က ကြည်လင်ရွှမ်းပစွာ သာနေ၏။
လမ်းတစ်လျှောက် ပြင်ဆင်ချိတ်ဆွဲထားသော ရောင်စုံအလှမီးပုံးများကလည်း လင်းထိန်နေ၏။ လှပလွန်းနေ၏။
မြစ်ကမ်းခြေ လမ်းတစ်လျှောက်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်၍ သွားလာနေသူများလည်း အများအပြားပင်။ တချို့က မိသားစုလိုက် သွားလာနေကြသည်။ တချို့က ရွယ်တူချင်း အပေါင်းသင်းသူငယ်ချင်းများနှင့် အုပ်စုဖွဲ့၍ သွားလာနေကြသည်။
တချို့ကလေးငယ်များက လမ်းဘေးတစ်လျှောက် ရောင်းချနေသော ဆိုင်များမှ မီးကြာပန်းများ၊ မီးလှေငယ်များကို ဝယ်၍ မီးထွန်းညှိပြီး မြစ်ကမ်းခြေတွင် သွားမျှောကြသည်။ ကလေး တချို့က ထိုသို့ လုပ်နေသည်ကို မြင်ပြီး တခြားကလေးများကလည်း လိုက်လုပ်ကြသည်။
ထိုသို့ဖြင့် မြစ်ရေပြင်ထဲတွင် မီးလှေကလေးများ မီးကြာပန်းကလေးများက တစ်ခုနှစ်ခုမှ တစ်ဆယ်နှစ်ဆယ်၊ တစ်ရာနှစ်ရာအထိ များလာခဲ့သည်။
“လှတယ်”
ကလေးများ ဆော့ကစားနေကြသည်ကို လူကြီးများ၊ မိဘများ၊ အုပ်ထိန်းသူများက ကြည့်နေကြသည်။
မြစ်ရေထဲတွင် တရွေ့ရွေ့ တလှုပ်လှုပ်နှင့် မျောပါသွားသော ရောင်စုံ မီးကြာပန်းများ ရောင်စုံ မီးလှေငယ်များ၏ အလှက ထူးခြားနေခဲ့သည်။ လူအများ၏ မျက်လုံးများကို ဖမ်းစားထားခဲ့သည်။ တချို့လူရွယ်များနှင့် မိန်းမပျိုလေးများကလည်း သဘောကျလာကြပြီး သူတို့လည်း ပါဝင်ဆင်နွှဲတော့သည်။
မနက်ဖြန်တွင်လည်း ယခုကဲ့သို့ပင် မီးပုံးများထွန်းညှိ၍၊ မီးကြာပန်းများ မျှော၍၊ မီးပုံးပျံများ လွှတ်တင်၍ မြေနတ်မင်း၊ ရေနတ်မင်းနှင့် ကောင်းကင်နတ်မင်းတို့ကို ပူဇော်ကြမည် ဖြစ်သည်။ ဆုတောင်းကြမည် ဖြစ်သည်။
ယခုတွင်တော့ ကလေးများက စလိုက်သော ကစားပွဲက လူရွယ်များနှင့် မိန်းမပျိုလေးများပါ ပါဝင်ဆော့ကစားရင်းက မြစ်ရေပြင်၌ ရောင်စုံမီးကြာပန်းများ ရောင်စုံ မီးလှေငယ်များနှင့် လင်းထိန်နေခဲ့သည်။
ရှောင်လုံနှင့် နှင်းပန်းလည်း တည်းခိုခန်းသို့ မပြန်နိုင်သေးဘဲ ထိုမြင်ကွင်းကို အတူရပ်ကြည့်နေမိကြသည်။
“တကယ်လှတယ်”
ထိုစဉ် ရှောင်လုံက မီးကြာပန်းရောင်းသော ဆိုင်သို့ အပြေးသွားပြီး အနီရောင်မီးကြာပန်းနှစ်ခု ဝယ်လိုက်သည်။
ဆိုင်ရှင်များမှာ ပြုံးပျော်နေကြသည်။
“အစ်ကိုရှောင်ယွမ်…”
ရှောင်လုံက ခေါ်ရင်း သူ့မမကို မီးကြာပန်းတစ်ခု ပေးလိုက်သည်။
နှင်းပန်းက သဘောကျစွာ ပြုံးလိုက်ပြီး မီးကြာပန်းကို လက်ခံသည်။
ထို့နောက် နှစ်ယောက်သား မြစ်ကမ်းခြေ ရေစပ်သို့ ဆင်းသွားလိုက်ကြသည်။
နှစ်ယောက်သား ရေစပ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ကြသည်။ တခြားလူများကလည်း ရှောင်လုံတို့လိုပင် မီးကြာပန်း လာမျှောနေကြသည်။ မြစ်ရေပြင်တွင် မီးကြာပန်းက လင်းထိန်နေ၏။
နှင်းပန်းက သူမလက်ထဲက မီးကြာပန်းလေးကို ကြည့်ရင်း သူမအဘွားကို ရုတ်တရက် သတိရလာခဲ့သည်။ နှစ်သစ်ကူး မီးထွန်းပွဲတော်များတွင် သူမအဘွားနှင့် သူမက မြစ်ထဲ မီးပုံးမျှောတတ်ကြသည်လေ။
နှင်းပန်းက မီးကြာပန်းကို မီးညှိလိုက်ပြီးနောက် မျက်လုံးမှိတ်ကာ တီးတိုးလေး ပြောသည်။
“ဘွားဘွား…၊ ဒီမြေးက ဘွားဘွားကို အရမ်းလွမ်းပါတယ်။ တမလွန်ဘဝမှာ ဘွားဘွားတစ်ယောက်တည်း အထီးကျန်နေလား။ ဘွားဘွားရဲ့ စကားတွေကို ထပ်ကြားချင်တယ်။ မြေးလေးလို့ ခေါ်တဲ့ ဘွားဘွားရဲ့ အသံကို ကြားချင်တယ်။ ဘွားဘွားကို ဒီမြေးက အရမ်းချစ်ပါတယ်။ ဘွားဘွားကို ဒီနေရာကနေ မြေး ကန်တော့ပါတယ်။ ဘွားဘွား တမလွန်မှာ ငြိမ်းချမ်းပျော်ရွှင်ပါစေ…”
သူမ၏ အသံက တိုးသော်လည်း သူမ၏ လေးနက်သော ခံစားချက်ကို ရှောင်လုံသာမက တခြားလူများပါ ခံစားမိခဲ့ကြသည်။ တချို့ နှင်းပန်းကို ကြည့်နေကြသည်။
ချောမောငယ်ရွယ်သော စာပေသမားလေးက သူ့အဘွားကို သတိရလွမ်းဆွတ်လျက် မီးကြာပန်းလေးဖြင့် ကန်တော့ရင်း ဆုတောင်းနေသည်ကို ကြည့်ပြီး သူတို့၏ စိတ်ထဲတွင်လည်း ခံစားချက်များ ဖြစ်ပေါ်လာကြသည်။ သူတို့လည်း သူတို့၏ ကွယ်လွန်သွားသော မိဘဘိုးဘွားများကို သတိရလာကြသည်။
ရှောင်လုံကလည်း သူ့မီးကြာပန်းကို မီးညှိပြီး တီးတိုးရွတ်ဆိုလိုက်သည်။
“ဘွားဘွားကို မြေး မမြင်ခဲ့ဖူးပေမဲ့ ဘွားဘွားက အရမ်းလှပြီး အရမ်းချစ်စရာကောင်းတယ်ဆိုတာ မြေး သိတယ်။ ဘွားဘွားကို မြေးလည်း ချစ်ပါတယ်။ မမကို မြေး စောင့်ရှောက်ပေးမှာမို့ ဘွားဘွား စိတ်မပူပါနဲ့။ ဘွားဘွားကို မြေး ဒီနေရာက ကန်တော့ပါတယ်။ ဘွားဘွား တမလွန်ဘဝမှာ အေးချမ်းပျော်ရွင်ပါစ…”
ရှောင်လုံက သူ့စိတ်ထဲရှိသည့်အတိုင်း ပြောဆိုပြီးနောက် သူ့မမကို ကြည့်သည်။
နှင်းပန်းကလည်း ရှောင်လုံကို ကြည့်နေခဲ့သည်။ သူမ၏ မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာများနှင့်အတူ ဝမ်းသာကြည်နူးရိပ်များ ပြည့်နေခဲ့သည်။
ထို့နောက် နှစ်ယောက်သား မီးကြာပန်းလေးနှစ်ခုကို အတူတူ ရေထဲချပြီး မျှောလိုက်ကြသည်။
မီးကြာပန်းလေးနှစ်ခုက တစ်ခုနှင့်တစ်ခု ထိကပ်လျက် မြစ်ရေစီးကြောင်းအတိုင်း တရွေ့ရွေ့ တလှုပ်လှုပ်နှင့် မျောပါသွားလေ၏။
ရှောင်လုံနှင့် နှင်းပန်း လုပ်သကဲ့သို့ တချို့လူငယ်များ မိန်းမပျိုလေးများကလည်း လိုက်လုပ်ကြသည်။ သူတို့၏ ကွယ်လွန်သွားကြသော မိဘဘိုးဘွားများကို ကန်တော့ကြသည်။ ဆုတောင်းစကား ပြောကြသည်။ အမှတ်တရစကားများ ပြောကြသည်။
ထိုအပြုအမူလေးက တစ်ယောက်ပြီးတစ်ယောက် ကူးစက်သွားပြီး လူအများအပြား လိုက်လုပ်ကြသည်။ လူကြီးများပင် ပါဝင်လာကြသည်။
မြစ်ရေတစ်ပြင်လုံး ရောင်စုံမီးကြာပန်းများနှင့် ရောင်စုံမီးပုံးလေးများဖြင့် ပြည့်လုမတတ် ဖြစ်သွားတော့သည်။
ကောင်းကင်တွင် ငွေလမင်းကြီးက ရွှန်းပစွာ သာနေ၏။
မြစ်ရေပြင်တွင် ရောင်စုံ မီးကြာပန်းများ မီးပုံးများ တရွေ့ရွေ့မျောပါနေ၏။
အစောပိုင်း ကလေးများ မျှောလိုက်သော မီးကြာပန်းများနှင့် မီးလှေများက တဖြည်းဖြည်း ဝေး၍ ဝေး၍ မျောပါသွားပြီး နောက်ဆုံးတွင် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
နောက်မှ မျှောလွှတ်လိုက်သော မီးကြာပန်းများနှင့် မီးပုံးများကလည်း တရွေ့ရွေ့နှင့် ဝေး၍ဝေး၍ မျောပါသွားကြသည်။
ရှောင်လုံနှင့် နှင်းပန်းတို့ မျှောလွှတ်လိုက်သော အနီရောင်မီးကြာပန်းနှစ်ခုမှာလည်း အဝေးသို့ ရောက်သွားပြီးနောက် မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ကြည့်ရသည်မှာ တမလွန်လောကသို့ ဝင်ရောက်ပျောက်ကွယ်သွားသလိုပင်။
မီးကြာပန်းလေးများက သူတို့၏ ရင်တွင်းစကားများနှင့် ဆုတောင်းစကားများကို သယ်ဆောင်ပြီး တမလွန်မှ ဘွားဘွားထံ ပို့ပေးလိုက်သည်လော။
ထိုခံစားချက်ကို ရှောင်လုံနှင့် နှင်းပန်းသာ မဟုတ်ဘဲ တခြားလူငယ်များနှင့် တချို့လူကြီးများလည်း ခံစားကြရသည်။
သူတို့၏ မျက်နှာနှင့် မျက်လုံးများတွင် သူတို့၏ ရင်တွင်းစကားနှင့် ဆုတောင်းစကားကို တမလွန်မှ မိဘဘိုးဘွားများ လက်ခံရရှိခဲ့သည်ဟူသော ယုံကြည်မှုနှင့် ပျော်ရွှင်မှုအရိပ်များ ထင်ဟပ်နေခဲ့လေ၏။
အခန်း(၃၆၀)ပြီး
***