ရှောင်လုံနှင့် နှင်းပန်းတို့ တည်းခိုခန်းသို့ ပြန်ရောက်ချိန်တွင် ရသေ့ကြီးက ညစာစားရန် စောင့်နေခဲ့လေ၏။
“ဘိုးဘိုး…၊ သားတို့ နောက်ကျသွားတယ်”
“အိမ်း…”
ရသေ့ကြီးက အသံသာပြုပြီး စကားမပြောဘဲ ညစာကိုသာ တိတ်ဆိတ်စွာ စားလိုက်သည်။
ရှောင်လုံနှင့် နှင်းပန်းလည်း သူတို့အဘိုး၏ အရိပ်အခြည်ကြောင့် စကားဆက်မပြောဘဲ ညစာကို တိတ်တဆိတ်သာ စားလိုက်ကြသည်။
သူတို့၏ ညစာဝိုင်းက ယခုကဲ့သို့ တစ်ခါမှ မတိတ်ဆိတ်နေခဲ့ဖူးပေ။
ရှောင်လုံက သူ့ဘိုးဘိုး တစ်ခုခု ဖြစ်နေမှန်း သိ၍ မေးကြည့်ချင်နေသည်။ သို့သော် သူကိုယ်တိုင်လည်း အဘယ်ကြောင့်မှန်းမသိဘဲ မေးခွန်းထုတ်ဖို့ နှုတ်ဆွံ့နေခဲ့သည်။
နှင်းပန်းကတော့ အခြေနေကို ရိပ်မိနားလည်နေသည်။ သို့သော် သူမလည်း သူမမောင်လေးကို မည်သို့ ပြောပြရမှန်းမသိဘဲ ဖြစ်နေခဲ့သည်။
ဤသို့ဖြင့် သူတို့၏ ညစာဝိုင်းက တိတ်ဆိတ်စွာ ပြီးဆုံးသွားခဲ့သည်။ မည်သူမှလည်း ဟုတ္တိပတ္တိ မစားဖြစ်ကြပေ။ အစားသရဲ ရှောင်လုံသည်ပင် ဟိုနည်းနည်း သည်နည်းနည်းသာ စားခဲ့သည်။
သုံးယောက်သား သူတို့၏ အခန်းအသီးသီးသို့ ဝင်ပြီး တိတ်တဆိတ်သာ နေလိုက်ကြသည်။
ညသည်လည်း တစ်စတစ်စ နက်သည်ထက် နက်လာခဲ့သည်။ ကောင်းကင်၌ လမင်းကြီးက သာမြဲအတိုင်း သာနေလေ၏။
လီးရှန်းမြို့ လမ်းများပေါ်တွင် သွားလာလည်ပတ်နေသူများ မရှိတော့ပေ။ အားလုံး အိမ်ပြန်၍ အိပ်စက်နေကြပြီ ဖြစ်သည်။ သို့ဖြစ်၍ လမ်းပေါ်တွင် လူသူကင်မဲ့ပြီး တိတ်ဆိတ်နေ၏။ မီးပုံးအိမ်များသာ လေတိုက်ခတ်သွားတိုင်း ဘယ်ညာရှေ့နောက် ယိမ်းထိုးလှုပ်ခါနေကြသည်။
ရသေ့ကြီး၊ နှင်းပန်းနှင့် ရှောင်လုံတို့ သုံးယောက်မှာကား ညနက်သည့်တိုင် မအိပ်နိုင်ကြဘဲ ဖြစ်နေကြသည်။ အိပ်ရာပေါ်တွင် အတွေးကိုယ်စီဖြင့် လူးကာလှိမ့်ကာ ဖြစ်နေကြသည်။
ရှောင်လုံတစ်ယောက် အတွေးများငြိမ်သက်သွားအောင် အတွင်းအားလေ့ကျင့်ရန် စိတ်ကူးမိသော်လည်း လေ့ကျင့်ချင်စိတ် မရှိဘဲ ဖြစ်နေခဲ့သည်။ ယခုကဲ့သို့ အတွေးများ၍ အိပ်မရခြင်းက သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်နေ၏။
ထိုသို့ လူးရင်းလှိမ်းရင်းနှင့် သန်းခေါင်ကျော်ပြီး မိုးလင်းခါနီးမှ မှေးကနဲ အိပ်ပျော်သွားခဲ့သည်။
ထိုသို့ အိပ်ပျော်နေစဉ် သူ့ကိုယ်သူ အိပ်ပျော်နေမှန်း သိနေခဲ့သည်။ အိပ်ရာထဲ အိပ်ပျော်နေသော သူ့ကိုယ်သူ ပြန်သတိထားမိနေခဲ့သည်။
ထိုအခိုက်မှာပင် ရှောင်လုံက သူ၏ အခန်းထဲသို့ အဖြူရောင်ဝတ်စုံနှင့် တည်ကြည်ခန့်ညားသော အသက်သုံးဆယ်ခန့် အမျိုးသားတစ်ဦးနှင့် အလွန်နူးညံ့သိမ်မွေ့ပြီး လှပသော အမျိုးသမီးတစ်ဦး လက်တွဲ၍ အတူဝင်လာသည်ကို မြင်လိုက်ရသည်။
‘ဟင်…၊ တံခါးမဖွင့်ဘဲ ဘယ်လို ဝင်လာကြတာလဲ…’
ရှောင်လုံက အတွေးဖြင့် ကြည့်နေစဉ် အမျိုးသားနှင့် အမျိုးသမီးက ရှောင်လုံ၏ အိပ်ရာနားတွင် လာရပ်လိုက်ကြပြီး ရှောင်လုံ အိပ်နေသည်ကို ငုံ့ကြည့်နေကြသည်။ သူတို့၏ မျက်နှာပေါ်တွင် အပြုံးများနှင့် ပြည့်နေခဲ့သည်။ ရှောင်လုံကို ချစ်ခြင်းမေတ္တာများ ပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ရှောင်လုံလည်း အိပ်ပျော်နေလျက်နှင့် ထိုအမျိုးသားနှင့် အမျိုးသမီး၏ အကြည့်ကို သိနေသည်။ မြင်နေရသည်။ သူတို့ထံမှ ချစ်ခြင်းမေတ္တာကို ခံစားနေရသည်။ ရှောင်လုံ၏ ရင်ထဲ လှိုက်မောသွားခဲ့သည်။
“ကျမတို့ သားလေးက ကောင်းကောင်း ကြီးပြင်းလာတာပဲ။ ကြည့်ပါဦး သူ့မျက်လုံးတွေက ကျမနဲ့ မတူဘူးလား”
အမျိုးသမီးက ပြောရင်း သူ့ဘေးက အမျိုးသားကို မေးသည်။
အမျိုးသမီး၏ အသံက နူးညံ့လှ၏။ ညင်သာလှ၏။ ကြည်လင်ချိုသာလှ၏။ ရှောင်လုံ ကြားဖူးသော အမျိုးသမီးအားလုံးထက် ထိုအမျိုးသမီး၏ စကားသံက ပိုသာယာချိုမြနေသည်။ ရှောင်လုံတစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။ စိတ်ထဲတွင်လည်း သိမ့်ကနဲ ငြိမ့်ကနဲ ဖြစ်သွားသည်။
‘ကျမတို့ သားလေး’ဟူသော စကားသံကို ကြားလိုက်ရသောကြောင့်ပင်။
အမျိုးသားကလည်း တည်ကြည်သိမ်မွေ့စာ ပြုံး၍ ခေါင်းညိတ်သည်။
“ဟုတ်တယ်။ အကိုတို့သားလေး မျက်လုံးတွေက ညီမရဲ့ မျက်လုံးတွေနဲ့ တကယ်တူတယ်။ သားလေးရဲ့ မျက်နှာပေါက်ကတော့ အကိုနဲ့ မတူဘူးလား။ ခန္ဓကိုယ်အချိုးစားကလည်း အကို့လိုပဲ ယောကျ်ားပီသပြီး တည်ကြည်ခန့်ညားတယ် မဟုတ်လား”
“ဟုတ်တယ် သားလေးရဲ့ မျက်နှာက အကိုနဲ့ တူသွားတယ်။ ဒါကြောင့် မချောဘဲ ခန့်တဲ့ဘက် ရောက်သွားတယ်။ ညီမနဲ့သာ တူရင် လူချောလေး ဖြစ်နေမှာ”
“ကြည့်လိုက်ဦး…၊ သားလေးရဲ့ နှလုံးသားက ညီမနဲ့ တကယ်တူတယ်။ ညီမရဲ့ မျိုးဆက်သွေးက သူ့ဆီမှာ အားကောင်းနေတယ်”
“ဟုတ်တယ်နော်။ ညီမမှာ ငုပ်လျှိုးနေတဲ့ အဲဒီ မျိုးဆက်သွေးက သားလေးအလှည့်ရောက်တော့ ပြန်အားကောင်းနေတယ်။ အကို့ရဲ့ မျိုးဆက်သွေးကလည်း သားလေးမှာ ပိုအားကောင်းနေတယ်”
“အကိုကြားဖူးတယ်။ တချို့မျိုးဆက်သွေးတွေက မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်မကမ်းနိုင်ဘူးတဲ့။ မျိုးဆက် အဆက်တွေ ခုန်ကျော်ပြီး လက်ဆက်ကမ်းသွားတတ်တယ်တဲ့”
“ဒါဆို အဲဒီလို ဖြစ်လိမ့်မယ်။ အကို့မျိုးဆက်သွေးရော ညီမမျိုးဆက်သွေးရောက ညီမတို့ဆီမှာ ငုပ်လျှို့နေခဲ့ပြီးတော့ ကျမတို့ သားလေးအလှည့်ကျမှ ပြန်အားကောင်းလာတာ ဖြစ်မယ်”
“အင်း…၊ အဲဒီလိုပဲ ဖြစ်လိမ့်မယ်။ အကိုတို့ထက် ပိုတော်တဲ့ သာလေးကို မွေးပေးခဲ့လို့ ညီမကို ကျေးဇူးတင်ပါတယ်”
“အကို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ အကြင်နာတွေအတွက် ညီမကလည်း ကျေးဇူးတင်ပါတယ်”
အမျိုးသားနှင့် အမျိုးသမီးက အပြန်အလှန် ချစ်ကြင်နာစွာကြည့်၍ ပြုံးနေခဲ့ကြသည်။ သူတို့နှစ်ဦးသားထံတွင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် နားလည်သော၊ ဂရုစိုက်သော၊ ချစ်သော၊ ကြင်နာသော ခံစားမှုများနှင့် ပြည့်နေခဲ့သည်။
ရှောင်လုံမှာ ထိုအမျိုးသားနှင့် အမျိုးသမီးကို ကြည့်နေရင်းက မျက်ရည်များ အလိုလို ကျဆင်းနေခဲ့သည်။ ရင်ဘတ်တစ်ခုလုံး စူးနင့်အောင့်သက်လျက် ဆို့နစ်ခံစားနေရသည်။
ထိုအမျိုးသားနှင့် အမျိုးသမီးက သူ့ကို သားလေးဟု အကြိမ်ကြိမ်ခေါ်ပြောနေသည် မဟုတ်ပါလား။
သားလေး…။
သားလေးဟူသော စကားကို ကြားလိုက်ရတိုင်း ရှောင်လုံ၏ ကိုယ်ထဲသွေးများက လှုပ်ခါသွားသည်။ သွေးကြောများ တုန်သွားသည်။ သွေးတစ်စက်စီတိုင်းက တုံ့ပြန်နေသည်။ နှလုံးသားထဲကလည်း အလွန်အေးစိမ့်သော စွမ်းအားတစ်ခုက ရုန်းကန်နိုးထလာတော့မလို ဖြစ်လာသည်။
ထိုစဉ် အမျိုးသမီးက သူမ၏ လက်ကို ရှောင်လုံ၏ ရင်ဘတ်ပေါ် တင်၍ ညင်သာစွာ ပွတ်သပ်၍ ချော့သည်။ အလွန်နူးညံ့ ကြင်နာလှသည်။ အတိုင်းအဆမရှိသော ချစ်ခြင်းတရားနှင့် မေတ္တာတရားတို့ကို ခံစားနေရသည်။
“သားလေး လေ့ကျင့်ထားတဲ့ အတွင်းအားကျင့်စဉ်က သားလေးဖေဖေရဲ့ မျိုးဆက်သွေးနဲ့ပဲ လိုက်ဖက်တယ်။ မေမေ့မျိုးဆက်သွေးအတွက် လိုက်ဖက်တဲ့ ကျင့်စဉ် မရှိသေးဘူးဆိုတော့ မျိုးဆက်သွေး နိုးထစေတာက မကောင်းဘူး”
အမျိုးသမီး၏ စကားကို ရှောင်လုံက သေချာနားမလည်သော်လည်း အမျိုးသမီး၏ လက်ဖြင့် ပွတ်သပ်လိုက်သောအခါ သူ့နှလုံးအိမ်ထဲက ရုန်းကန်နိုးထချင်နေသော အေးစိမ့်သည့် စွမ်းအားက ပြန်ငြိမ်ကျသွားခဲ့သည်။
အမျိုးသားနှင့် အမျိုးသမီးက ရှောင်လုံကို ပြုံး၍ ကြည့်နေကြသည်။
ရှောင်လုံက ခေါ်လိုက်ချင်သည်။ ပြောလိုက်ချင်သည်။ မေးလိုက်ချင်သည်။ သို့သော် သူ့မှာ ခေါ်၍လည်း မထွက်၊ ပြော၍လည်း မထွက်၊ မေး၍လည်း မထွက်ဘဲ ဖြစ်နေခဲ့သည်။ စကားပြောဖို့ မတတ်သာဘဲ ဖြစ်နေသည်။ ပြောချင်သော စကားများက ပါးစပ်က မထွက်နိုင်ဘဲ ရင်ဘတ်ထဲတွင်သာ တင်းကြပ်ပြည့်နက်နေခဲ့သည်။
“အစ်ကိုတို့ သားလေးကို နာမည် မပေးခဲ့လိုက်ရဘူး”
အမျိုးသားက ပြောရင်း ဝမ်းနည်းသော မျက်လုံးဖြင့် ကြည့်နေခဲ့သည်။
အမျိုးသမီး၏ မျက်လုံးများတွင်လည်း ဝမ်းနည်းရိပ်များ ထင်ဟပ်သွားသည်။ သို့သော် သူမက ပြန်ပြုံးလိုက်သည်။
“ဆရာကြီးက ညီမတို့ သားလေးကို နာမည်ကောင်းလေး ပေးထားမှာပါ။ ဆရာကြီးရဲ့ အသိမြင်တွေက ညီမတို့ထက် အများကြီး သာလွန်တာဆိုတော့လေ”
“ဟားဟား…၊ ဟုတ်သားပဲ။ ဆရာကြီးက အစ်ကိုတို့သားလေးကို နာမည်ကောင်းကောင်းလေး ပေးထားမှာပဲ။ ဘာနာမည်များ ပေးထားလဲ သိချင်မိတယ်”
“ညီမလည်း သိချင်လိုက်တာ”
ရှောင်လုံ၏ ရင်ဘတ်က ပို၍ အောင့်လာသည်။ ပို၍ ဆို့နစ်လာသည်။ နှုတ်ခမ်းများ တဆတ်ဆတ် တုန်နေခဲ့သည်။ မျက်လုံးများလည်း မျက်ရည်များကြောင့် စပ်ဖျဉ်းဖျဉ်း ဖြစ်နေခဲ့သည်။ သူမေးချင်လှသည်။ ခေါ်ချင်လှသည်။ ပြောပြချင်လှသည်။
ရှောင်လုံက အတင်းရုန်းကန်၍ ပြောရန် ပြင်လိုက်စဉ်မှာပင် အမျိုးသားနှင့် အမျိုးသမီးမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
“အီး…”
ရှောင်လုံတစ်ယောက် အိပ်မက်မှ ရုတ်တရက် နိုးလာသည်။ သူ့တစ်ကိုယ်လုံး တုန်နေခဲ့သည်။ ရင်ဘတ်ထဲ တလှပ်လှပ်နှင့် စူးနစ်အောင့်သက်နေခဲ့သည်။
‘မေမေလားနဲ့ ဖေဖေလား…။ မေမေနဲ့ ဖေဖေလား…။ သား… သားနာမည် ရှောင်လုံပါ။ သားနာမည် ရှောင်လုံပါ…’
ထိုစကားလုံးများက သူ့ရင်ဘတ်ထဲ မိုးခြိမ်းသံလို မြည်ဟိန်းနေခဲ့သည်။ အိပ်မက်ထဲတွင် သူ မေးချင်ခဲ့သော မေးခွန်းလေးနှင့် ပြောပြချင်ခဲ့သော စကားလေးတစ်ခွန်းက နိုးလာမှသာ စိတ်ထဲ အတွေးထဲ ထွက်ပေါ်လာနိုင်ခဲ့သည်။
“ဖေဖေ…၊ မေမေ…”
ရှောင်လုံ၏ ပါးစပ်မှ စကားသံလည်း ထွက်လာနိုင်ခဲ့သည်။
“အီး ဟီး…”
ရှောင်လုံတစ်ယောက် အံ့ကြိတ်၍ ရှိုက်ငိုနေတော့သည်။ သူ့လက်ကလည်း ဘယ်ဘက်ရင်ဘတ်ကို တအားဆုပ်ညှစ်ထားသည်။ သူရင်ထဲ သူ့နှလုံးသားထဲက နာကြင်ဝမ်းနည်းလှသောကြောင့် ဖြစ်သည်။
“အာ့ အာ့…အဟာ့။ ဖေဖေ…၊ မေမေ…။ အီး အီးဟီးဟီး…”
သူ့မေမေ ပွတ်သပ်ကာ ချော့ခဲ့သော ရင်ဘတ်ပေါ်က ခံစားမှုအငွေ့သက်လေးကို အတင်းပြန်ခံစားကြည့်နေမိသည်။
ရှောင်လုံတစ်ယောက် ကျိတ်ငိုနေသော်လည်း တစ်ဖက်ခန်းမှ နှင်းပန်းက ကြားနေခဲ့သည်။ သူမမှာ တစ်ညလုံး အိပ်မပျော်သောကြောင့် ဖြစ်သည်။
‘မောင်လေး…’
နှင်းပန်း၏ ပါးပြင်ပေါ်သို့ မျက်ရည်များ အလိုလို စီးကျလာခဲ့သည်။ ချက်ချင်းပင် သူမက ပြတင်းပေါက်မှ ထွက်လိုက်ပြီး ရှောင်လုံ၏ အခန်းထဲ ဝင်လာခဲ့သည်။
“မောင်လေး…”
နှင်းပန်းက တီးတိုးခေါ်ရင်း ရှောင်လုံနားသို့ သွားလိုက်သည်။
အိပ်ရာထဲတွင် ငုတ်တုတ်ထိုင်၍ နာကျင်ဝမ်းနည်းစွာ ကျိတ်ငိုနေသော သူမမောင်လေးကို မကြည့်ရက်နိုင်အောင် သူမလည်း နာကျင်ဝမ်းနည်းသွားသည်။ သူမသည်လည်း ငယ်စဉ်ကတည်းက သူမ၏ အဖေနှင့်အမေကို ဆုံးရှုံးခဲ့ရသူဖြစ်သည်လေ။ အဖေနှင့်အမေကို အိပ်မက်များ မက်ခဲ့ဖူးပြီး ယခုလို နာကျင်ဝမ်းနည်းစွာ ငိုခဲ့ရဖူးသည်သာ။ ထို့ကြောင့် သူမမောင်လေး၏ ဝမ်းနည်းမှုကို သူမက သေချာနားလည်သည်။ စိတ်ချင်းလည်း ဆက်နွယ်နေသောကြောင့် ပိုခံစားရသည်။
နှင်းပန်းက ရှောင်လုံဘေးတွင် အသာဝင်ထိုင်ပြီး ဖက်ထားပေးလိုက်သည်။
ရှောင်လုံက သူ့မမကို တစ်ချက်မော့ကြည့်ပြီး ဆက်ငိုနေခဲ့သည်။ ခဏကြာအောင် ငိုပြီးနောက် အငိုတိတ်သွားသည်။
ထိုတော့မှ နှင်းပန်းက ရှောင်လုံ၏ မျက်ရည်များကို သုတ်ပေးပြီး ရှုပ်ပွနေသော ဆံပင်များကို ရှင်းပေးသည်။ သူမ၏ မျက်လုံးထဲတွင် ချစ်ခြင်းမေတ္တာများနှင့် ပြည့်နေခဲ့သည်။
“မမ…”
“အင်း…၊ အိပ်မက် မက်ခဲ့တာလား”
“ဟုတ်…၊ အိပ်မက် မက်ခဲ့တယ်။ အိပ်မက်ထဲမှာ မေမေနဲ့ ဖေဖေ့ကို မြင်ခဲ့တယ်။ သူတို့က…”
ရှောင်လုံမှာ ပြောရင်း အသံပြန်တိမ်ဝင်သွားခဲ့သည်။
“ဖေဖေက တည်ကြည့် ခန်းညားတယ်။ မေမေ့ကို အရမ်းချစ်တဲ့ ပုံပဲ။ မေမေက အရမ်းလှတယ်။ အရမ်းလည်း နူးညံ့သိမ်မွေ့တယ်။ မေမေ့ကလည်း ဖေဖေ့ကို အရမ်းချစ်ပုံရတယ်။ ပြီးတော့ သူတို့က ကျွန်တော့်ကို သားလေးလို့ ခေါ်တယ်။ သူတို့က ကျွန်တော့်ကို အရမ်းချစ်ကြတယ်ဆိုတာကို ခံစားခဲ့ရတယ်။ မေမေက ပြောတယ် ကျွန်တော့်ရဲ့ မျက်လုံးတွေက သူ့မျက်လုံးတွေနဲ့ တူတယ်တဲ့။ ဖေဖေကလည်း ပြောတယ် ကျွန်တော့်မျက်နှာနဲ့ ခန္ဓာကိုယ်အချိုးစားက သူနဲ့ တူတယ်တဲ့။ ပြီးတော့…”
ရှောင်လုံက သူ့အိပ်မက်ထဲ မြင်မက်ခဲ့သည်များနှင့် ကြားခဲ့သည်များကို စိတ်လှုပ်ရှားစွာ ပြောပြနေခဲ့သည်။
နှင်းပန်းက ပြုံး၍ နားထောင်နေသည်။
‘မောင်လေးက ဦးလေးရှောင်ပိုင်ချွမ်းနဲ့ ဒေါ်လေးရှန်းမေတို့ကို သေချာ မြင်မက်ခဲ့ပုံပဲ…’
ရှောင်လုံက အားပါးတရ ပြောပြပြီးနေရင်းက
“မေမေနဲ့ ဖေဖေက ကျွန်တော့်နာမည်ကို မသိကြဘူး။ သူတို့ သိချင်နေခဲ့ကြတယ်။ သူတို့ နာမည်ကိုလည်း ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော် အရမ်းသိချင်တယ်…”
နှင်းပန်းက ရှောင်လုံ၏ ခေါင်းကို ပွတ်ပေးရင်း ပြောသည်။
“နောက်တစ်ခါ အိပ်မက်မက်ရင် ပြောပြလိုက်နော်”
“ကျွန်တော် ပြောပြဖို့ ကြိုးစားသေးတယ်။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး။ စကား ပြောမထွက်ဘူး။ ရင်ဘတ်ထဲမှာ တင်းကြပ်ပြီး အောင့်နေခဲ့တယ်”
“မောင်လေးက အရမ်းခံစားနေရလို့ ပြောမထွက်နိုင်အောင် ဖြစ်နေတာ။ နောက်တစ်ခါဆိုရင် ခံစားချက်ကို ထိန်းပြီး ပြောကြည့်နော်”
“ဟုတ်ကဲ့ မမ”
“အင်း…၊ မိုးလည်း လင်းနေပြီဆိုတော့ ထလိုက်တော့။ ခရီးဆက်ဖို့ ပြင်ဆင်ကြမယ်”
ထို့နောက် နှင်းပန်းက ပြတင်းပေါက်မှ ပြန်ထွက်ပြီး သူမအခန်းသို့ ပြန်သွားခဲ့သည်။
ရှောင်လုံလည်း အိပ်ရာမှ ထ၍ ကိုယ်လက်သန့်စင်ပြီး ခရီးဆက်ဖို့ ပြင်ဆင်လိုက်သည်။
‘အော်မေ့တောင်၊ နဂါးစိမ်းဂိုဏ်း…၊ ဟူလောင်တို့ ရွာသားတွေ ဘာမှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်ရတာပဲ…’
ရှောင်လုံ အခန်းထဲမှ ထွက်လာလျှင် ရသေ့ကြီးလည်း အခန်းထဲက ထွက်လာသည်။
“ဘိုးဘိုး…”
“လူလေး…”
“သား…”
ရှောင်လုံက သူ့အိပ်မက်အကြောင်း ပြောပြရန် ဟန်ပြင်သည်။
ရသေ့ကြီးက ပြုံးလိုက်သည်။
“ခုနက လူလေးတို့ ပြောနေတာကို ဘိုးဘိုး ကြားခဲ့ပါတယ်”
“ဟုတ်ကဲ့ ဘိုးဘိုး။ ဒီလိုအိပ်မက်မျိုး တစ်ခါမှ မမက်ဖူးဘူး”
“အိမ်း…၊ အိပ်မက်ဆိုမှတော့ သူ မက်ချင်တဲ့အခါ မက်တတ်တာမျိုးပေါ့ကွယ်။ ကိုင်း လာကြ။ မနက်စာ စားပြီးရင် ခရီးဆက်ကြစို့ရဲ့”
“ဟုတ်ကဲ့ ဘိုးဘိုး…”
ထိုစဉ်မှာပင် နှင်းပန်းလည်း အခန်းထဲမှ ထွက်လာသည်။
ထို့နောက် သုံးယောက်သား နံနက်စာကို စားသောက်ကြသည်။ စားသောက်ပြီးနောက် ရသေ့ကြီးက အရက်တစ်အိုးနှင့် အမြည်းတချို့ မှာယူထုပ်ပိုးခဲ့သည်။
အားလုံး ပြင်ဆင်ကြပြီးနောက် မြင်းများ ထုတ်ယူ၍ ခရီးဆက်လာလိုက်ကြသည်။
လီရှန်းမြို့သားများလည်း လမ်းပေါ်တွင် သွားလာလှုပ်ရှားနေကြသည်။ ယနေ့က လပြည့်နေ့၊ နတ်ဘုရားပူဇော်ဆုတောင်းပွဲနေ့ ဖြစ်၍ အလုပ်များ ရပ်နားပြီး နတ်ဘုရားပူဇော်ဆုတောင်းပွဲအတွက် ပြင်ဆင်နေကြသည်။ မိသားစုများ ပြန်ဆုံကြသဖြင့် လူတိုင်းက ပြုံးပျော်နေကြသည်။ သို့သော်လည်း တချို့မိသားစုများက မပျော်နိုင်ကြပါ။ မိသားစုများ ပြန်မဆုံနိုင်ကြသောကြောင့် ဖြစ်သည်။
လီရှန်းမြို့က နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲတည်ရှိရာ မြို့ဖြစ်၍ နဂါးစိမ်းဂိုဏ်းသားများကိုလည်း မကြာခဏ တွေ့မြင်ရသည်။ မနေ့ညနေက ထိုသို့ မတွေ့ခဲ့ရပေ။ ယနေ့မနက်မှသာ တွေ့ရသည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ဟော့ဟော့ရမ်းရမ်း မရှိကြဘဲ စည်းကမ်းရှိသော ဂုဏ်သိက္ခာရှိသော ဂိုဏ်းသားများပုံစံဖြင့် သွားလာနေကြသည်။ သူတို့လက်ထဲတွင် သေချာပြင်ဆင်ထုပ်ပိုးထားသော လက်ဆောင်ထုပ်ကိုယ်စီနှင့် ဖြစ်၍ သူတို့လည်း အိမ်ပြန်လာကြပုံရသည်။
လီရှန်းမြို့သားများကလည်း နဂါးစိမ်းဂိုဏ်းသားများကို မြင်လျှင် ဖော်ရွေစွာ ခေါ်ပြောနှုတ်ဆက်ကြသည်။
“သူတို့ အိမ်ပြန်လာကြပြီ”
တချို့လူများက အိမ်ရှေ့ထွက်လာကြပြီး မျှော်ကြည့်ကြသည်။
“ဟေး ကောင်လေး…၊ မင်းက အားဝိန် မဟုတ်လား”
“ဟုတ်ကဲ့ ဦးလေးဟုန်၊ ကျွန်တော် အားဝိန်ပါ။ အဆင်ပြေရဲ့လား ဦးလေးဟုန်”
“အေးကွာ…၊ နေရေးစားရေးကတော့ အဆင်ပြေပါတယ်”
ဦးလေးဟုန်ဆိုသူက အားဝိန်ဆိုသော ဝဝဖိုင့်ဖိုင့် နဂါးစိမ်းဂိုဏ်းသားလူငယ်တစ်ယောက်ကို တရင်းတနှီး နှုတ်ဆက်ရင်း လမ်းတစ်လျှောက် မျှော်ကြည့်နေခဲ့သည်။ တစ်စုံတစ်ယောက်ကို မျှော်နေပုံပင်။
“ကောင်လေးအားဝိန်က နှစ်သစ်ကူးတုန်းကလည်း အိမ်ပြန်လာတယ်။ နတ်ဘုရားပူဇော်ပွဲလည်း အိမ်ပြန်လာတယ်။ ငါတ်ို့ ဟုန်လေးက ဘာလို့ အိမ်ပြန်မလာတာလဲ မသိဘူး”
“ဂိုဏ်းက စည်းကမ်းတင်းကြပ်လွန်းတယ် ဦးလေးဟုန်။ ဂိုဏ်းက ပေးထားတဲ့ လေ့ကျင့်ရေးတွေ မပြီးရင် အိမ်ပြန်ခွင့် မရဘူး။ ကျွန်တော်တောင် ဒီနေ့မှ ပြန်လာခွင့်ရခဲ့တာ။ ဒါတောင် ကျွန်တော်တို့က သာမန်အလယ်လတ်ဂိုဏ်းသားအဆင့်တွေမို့ လေ့ကျင့်ရေးတာဝန်တွေက သိပ်မများတာ။ အစ်ကိုဟုန်တို့လို လက်ရွေးစင်အဆင့် ဂိုဏ်းသားတွေက ပိုတာဝန်များတယ်။ ပိုလည်း စည်းကမ်းတင်းကြပ်တယ်။ ဒါကြောင့် အိမ်ပြန်ဖို့ ခက်နေတာ ဖြစ်မယ် ဦးလေး။ အစ်ကိုဟုန်က ရည်မှန်းချက်လည်း ကြီးတယ်လေ။ သူက အထူးဂိုဏ်းသား ဖြစ်ချင်နေတာ။ ဒါကြောင့် ပိုကြိုးစားနေတာ ဖြစ်မှာပါ ဦးလေး”
“အေးအေး…၊ ကြိုးစားလေ့ကျင့်တာက ကောင်းပါတယ်။ မင်းလည်း ကောင်းကောင်း လေ့ကျင့်နော်။ မင်းအဖေက မင်းအပေါ် အများကြီး မျှော်လင့်ထားတာ”
“ဟုတ်ကဲ့ ဦးလေး။ အစ်ကိုဟုန်က ကျွန်တော်ရဲ့ စံပြပါ။ အစ်ကိုဟုန့်ခြေရာနင်းနိုင်အောင် ကြိုးစားနေပါတယ်”
အားဝိန်က သူ့အတွေးထဲက လူတစ်ယောက်ကို လေးစားအားကျသော မျက်နှာဖြင့် ပြောနေခဲ့သည်။
ဦးလေးဟုန်ဆိုသူကလည်း မျက်နှာမကောင်းဖြစ်နေရာမှ သူ့သားအတွက် ဂုဏ်ယူဟန်ဖြင့် ပြုံးလာခဲ့သည်။
“အေးအေး…၊ သွားလိုက်ဦး။ မင်းအဖေက မနေ့ကတည်းက မျှော်နေခဲ့တာ”
“ဟုတ်ကဲ့ ဦးလေး။ ဒါဆို ကျွန်တော် သွားပြီ”
အားဝိန်က ပေါ့ပါးသော ခြေလှမ်းများဖြင့် ထွက်သွားခဲ့သည်။ ခြံဝင်လေးတစ်ခုရှေ့ရောက်လျှင် ပြောင်စပ်စပ်ပုံစံဖြင့် လှမ်းအော်လိုက်သည်။
“ဗျို့ အိမ်ရှင်တို့…၊ ဧည့်သည်လာပါတယ်။ တံခါးဖွင့်ပါဦး”
ထိုအခါ တံခါးပွင့်လာပြီး ဝဝတုတ်တုတ် လူကြီးတစ်ယောက်က မျက်နှာထား တည်တည်နှင့် ထွက်လာသည်။
“ကောင်စုတ်လေး။ ဒီအရွယ်တောင် ရောက်နေပြီ။ ပြောင်စပ်စပ်တွေ လုပ်နေတုန်းလား။ အဲဒီလို ပြောင်စပ်စပ် လုပ်နေလို့ကတော့ ဘယ်မိန်းကလေးက သဘောကျမှာလဲ။ မင်းတို့ရဲ့ ဂိုဏ်းက ယောကျာ်းတစ်ယောက်က ဘယ်လို တည်တည်ကြည်ကြည် နေထိုင်ရမယ်ဆိုတာ မသင်ပေးဘူးလား။ မင်းတို့ဂိုဏ်းက မသင်ပေးရင် ဒီအဖေက သင်ပေးမယ်။ လာခဲ့”
“အဖေ…၊ အဲဒါကို နောက်မှ သင်ပေးတော့။ သား ဗိုက်ဆာနေပြီ။ မနက်စာ မစားလာရသေးဘူး”
“ဟာ့…။ မင်းတို့ဂိုဏ်းက မနက်စာတောင် မကျွေးဘူးလား”
“ဂိုဏ်းက ကျွေးပါတယ်။ သားက အဖေ့လက်ရာကို လွမ်းနေလို့ မစားဘဲ လာခဲ့တာ”
လူကြီးက ခေါင်းခါရင်း အိမ်ထဲ ပြန်ဝင်သွားသည်။ သူ့မျက်နှာတွင်တော့ ခုနကလို မတည်တင်းနေတော့ပေ။
ဦးလေးဟုန်ဆိုသူကတော့ လှမ်းတစ်လျှောက် မျှော်ကြည့်ရင်းနှင့် နဂါးစိမ်းဂိုဏ်းသားများကို လိုက်ကြည့်နေခဲ့သည်။
တချို့အိမ်များက သူတို့ သားများ ပြန်လာ၍ ပျော်ရွှင်ရယ်မောသံများနှင့် လွင့်ပျံနေသော်လည်း တချို့အိမ်များကတော့ ဦးလေးဟုန်လိုပင် လမ်းပေါ်ထွက်၍ တမျှော်မျှော်နှင့် ကြည့်နေကြလေ၏။
ထိုမြင်ကွင်းကို ကြည့်ပြီး ရသေ့ကြီးက အသာ ခေါင်းခါသည်။
ရှောင်လုံတို့လည်း မသိမသာ သက်ပြင်းချကြသည်။
ထိုနဂါးစိမ်းဂိုဏ်းသားများသည်လည်းကောင်း လီရှန်းမြို့သူမြို့သားများသည်လည်းကောင်း နဂါးစိမ်းဂိုဏ်း၏ တကယ့်ရည်ရွယ်ချက်နှင့် လမ်းကြောင်းကို မသိမြင်ကြဘဲ နဂါးစိမ်းဂိုဏ်းက ဖန်တီးပြထားသည့် အပေါ်ယံ မျက်နှာစာကိုသာ သိမြင်နေကြသည်။ နဂါးစိမ်းဂိုဏ်းသား ဖြစ်ရသည်ကို ဂုဏ်ယူနေကြသည်။ နဂါးစိမ်းဂုဏ်း၏ ထောက်ပံ့မှုကို ကျေနပ်နေကြသည်။ နဂါးစိမ်းဂိုဏ်းက သူတို့၏ မှီခိုအားထားရာဟု ယုံကြည်နေကြသည်။
နဂါးစိမ်းဂိုဏ်းနှင့် အထွတ်ထိပ်ဂိုဏ်းကြီးကိုးဂိုဏ်းတို့ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ကြလျှင် အရင်ဆုံး သေကြေပျက်စီးကြရမည်မှာ ထိုလူငယ်များသာ ဖြစ်နေလိမ့်မည်။ သိုင်းလောကကို လွှမ်းမိုးရန် ကြံစည်ကြသော ဂိုဏ်းများမှာ အခက်ခဲဆုံးလမ်းကို ရွေးချယ်ကြသည်နှင့် တူသည်။ အောင်မြင်ခြင်းနှင့် ကျရှုံးခြင်းကို မည်သူမှ တပ်အပ်သေချာ မပြောနိုင်သော်လည်း သေချာသည်ကတော့ ဂိုဏ်းသားများ၏ သွေးနှင့်အသက်ကို စတေး၍ သွားရသော လမ်းဖြစ်သည်ဟူ၍ပင်။
အသက်ပေါင်းများစွာကို စတေး၍ တက်လှမ်းရသော လမ်းသည် မှန်ကန်ပါ၏လော။ ရသေ့ကြီးလို ပုဂ္ဂိုလ်၏ အမြင်တွင်တော့ ထိုလမ်းမျိုးကို လက်မခံပါ။ သိုင်းလောကတွင် ထိုကဲ့သို့ ရည်မှန်းချက်ကြီးသူများ ပေါ်ထွန်းခဲ့ဖူးလှပြီ မဟုတ်ပါလား။
အတွေးကိုယ်စီဖြင့် လာကြပြီးနောက် ကူးတို့ဆိပ်သို့ ရောက်လာခဲ့သည်။
ထိုမြစ်သို့ ရောက်လျှင် ရသေ့ကြီးက သက်ပြင်းချသည်။
ချင်းယီမြစ်…။
လွန်ခဲ့သော ဆယ့်ငါးနှစ်က ထိုချင်းယီမြစ်လယ်၌ နဂါးစိမ်းဂိုဏ်းသားများနှင့် တိုက်ခိုက်စဉ် ဦးလေးဖန်းက ရှန်းမေကို ကာကွယ်ရင်း အသက်ပေးသွားခဲ့သည် မဟုတ်ပါလား။
ကူးတို့လှေရအောင် ခဏစောင့်လိုက်ပြီးနောက် မြင်းသုံးစီးနှင့် လူသုံးယောက်က ကူးတို့လှေဖြင့် မြစ်ကူးလိုက်ကြသည်။
မြစ်တစ်ဖက်ကမ်း ကူးတို့ဆိပ်သို့ ရောက်လျှင် ရသေ့ကြီးက အော်မေ့တောင်ဘက်သို့ မသွားဘဲ မြစ်အောက်ဘက်သို့ လှည့်ထွက်သွားသည်။
ရှောင်လုံတို့လည်း လိုက်သွားကြသည်။
မြစ်အောက်ဘက် ကူးတို့ဆိပ်နှင့် အတော်လှမ်းသော နေရာအရောက်တွင် ရသေ့ကြီးက ပတ်ဝန်းကျင်ကို ကြည့်ရှူစစ်ဆေးပြီး မြင်းပေါ်မှ ဆင်းလိုက်သည်။
“ဘိုးဘိုး…၊ ဘာရှာနေတာလဲ”
“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က မိတ်ဆွေကောင်းတစ်ယောက်ကို ဒီနားမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်။ တစ်ခါမှ လာမကြည့်နိုင်ခဲ့ဘူး။ လူလေးလည်း လာခဲ့။ ဒီမိတ်ဆွေကရှောင်အိမ်အပေါ်မှာ သိပ်ကို သစ္စာရှိပြီး ကျေးဇူးရှိတယ်။ ဟိုကောင်လေး ဖန်းချင်းရှာနေတဲ့ ဖန်းမျိုးရိုးဆိုတာ အဲဒီ မိတ်ဆွေကြီးပဲ”
“ဖန်းချင်းရဲ့ ဆွေမျိုးလား”
ရှောင်လုံက မျက်ခုံးတွန့်သွားသည်။ ဖန်းချင်း၏ ဆွေမျိုး ဖန်းမျိုးရိုးက သူ၏ ရှောင်အိမ်တွင် အမှန်တကယ်ပင် အလုပ်လုပ်ခဲ့မှန်း နားလည်လိုက်သည်။
“နှစ်တွေက ကြာခဲ့ပြီဆိုတော့ မြေပြင်အနေထားတွေ ပြောင်းကုန်လို့ ပြန်ရှာနေတာ”
“ကျွန်တော် ရှာပေးမယ် ဘိုးဘိုး”
ရှောင်လုံက စိတ်ဝိညာဉ်ကြေးမျက်နှာဖုံးကို ထုတ်တပ်လိုက်ပြီး စိတ်ဝိညာဉ်အာရုံဖြင့် ပတ်ဝန်းကျင် မြေကြီးအောက်ကို အာရှံခံကြည့်လိုက်သည်။
ရသေ့ကြီးနှင့် နှင်းပန်းက ရှောင်လုံ လုပ်နေသည်ကို ကြည့်နေကြသည်။
ခဏအကြာတွင်
“အဲဒီဘက်မှာ ဘိုးဘိုး”
ရှောင်လုံက မြစ်ကမ်းခြေမှ အတွင်းဘက် ခပ်လှမ်းလှမ်း နေရာကို ညွှန်ပြသည်။
ရှောင်လုံ ညွှန်ပြသော နေရာက ရသေ့ကြီး ရှာနေသည့်နေရာထက် ပိုအတွင်းကျပြီး မြစ်နှင့် လှမ်းနေသည်။
“အဲဒီတုန်း မြှုပ်ထားတာ မြစ်နဲ့ ဝါးနှစ်ပြန်လောက်ပဲ ဝေးတာပါ။ အခု အတော်လေး ပိုဝေးသွားတာပဲ”
“မြစ်ကြောင်းက ကမ်းပါးထွန်းလာလို့ ဖြစ်မယ် ဘိုးဘိုး”
“အိမ်း…၊ ဟုတ်ပေသားပဲ။ မြစ်အထက်မှာ ဆိပ်ကမ်းရှိနေတော့ မြစ်ရေအနယ်ကျပြီး ဆိပ်ကမ်းတစ်ဝိုက်နဲ့ ဒီနေရာတွေမှာ ကမ်းပါးထွန်းလာတာပဲ။ ဒါကြောင့် မြစ်ကြောင်းက ဟိုဘက် ရောက်သွားတာ”
ရသေ့ကြီးလည်း အခြေနေကို နားလည်သွားပြီး ရှောင်လုံညွှန်ပြသည့် နေရာသို့ သွားလိုက်သည်။ ထို့နောက် သူ ထုပ်ပိုးပြင်ဆင်လာသော အစားသောက်ပန်းကန်များကို မြေပေါ် ချခင်းပြီး အရက်အိုးကို ဖွင့်၍ အရက်ပန်းကန်ထဲ ငှဲ့ထည့်ကာ မြေပေါ်သို့ သွန်လောင်းလိုက်သည်။
“ဦးလေးဖန်း…၊ မိတ်ဆွေကြီး၊ ကျုပ်လည်း အခုမှ လာကြည့်နိုင်တော့တယ်။ ခင်ဗျားရဲ့ သစ္စာရှိမှုကို ကျုပ် လေးလေးစားစား အသိမှတ်ပြုပါတယ်”
ထို့နောက် ရသေ့ကြီးက ရှောင်လုံကို တစ်ချက်ကြည့်ပြီး ပြောသည်။
“လူလေး…၊ လာ။ ဦးလေးဖန်းကို နှုတ်ဆက်လိုက်ပါဦး။ ကျေးဇူးလည်း တင်လိုက်။ သူက ရှောင်အိမ်ကို အသက်ပေးပြီး စောင့်ရှောက်သွားခဲ့တာ”
ရှောင်လုံလည်း မြေအောက်မှ ဦးလေးဖန်း၏ အရိုးစုကို အာရုံခံ၍ နှုတ်ဆက်လိုက်သည်။
“ဦးလေးဖန်း…၊ ကျွန်တော် ရှောင်လုံပါ။ ရှောင်အိမ်ကို အသက်ပေးစောင့်ရှောက်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ တမလွန်ဘဝမှာ အေးချမ်းပျော်ရွှင်ပါစေ…”
ထို့နောက် သုံးယောက်သား ထိုနေရာ၌ ခဏကြာအောင် တိတ်တဆိတ်နေ၍ ဦးလေးဖန်းကို အဖော်လုပ်ပေးကြသည်။
သေဆုံးသူတို့ကား နှစ်များစွာ ကြာလျှင် သွေးသားတို့ ဆွေးမြေ့ပျက်စီးပြီး မြေကြီးနှင့် တစ်သားတည်း ဖြစ်သွားကြမည်သာ။ ကြွင်းကျန်ရစ်သော အရိုးတို့သည်ပင် တစ်ချိန်တွင် မြေသား ဖြစ်သွားရပေလိမ့်မည်။ ရှင်သန်နေထိုင်ခဲ့သော ဤမြေကမ္ဘာ၌ အသွေးအသားအရိုးတို့ကို အချိန်ကာလ ရှည်ကြာစွာ မချန်ထားနိုင်ကြပါ။
အချိန်ကာလရှည်ကြာစွာ ချန်ထားနိုင်သည့် အရာမှာကား သူတို့ ပြုလုပ်ခဲ့သော ကျေးဇူးပြုမှုနှင့် ကောင်းကျိုးများသာဖြစ်သည်။ သို့မဟုတ် သူတို့ ပြုလုပ်ခဲ့သော အပြစ်ပြုမှုများနှင့် ဆိုးကျိုးများသာ ဖြစ်ပေသည်။
ရှေ့လူတို့၏ ကောင်းကျိုးဆိုးပြစ်များကို နောက်လူတို့က လက်ဆက်ကမ်း၍ လက်ခံသယ်ဆောင်ရင်း ကာလရှည်ကြာ ဆက်လက်တည်တံ့သွားကြသည်။
ကျေးဇူးပြုမှုနှင့် ကောင်းကျိုးများကို ချန်ထားပေးခဲ့လျှင် နောက်လူတို့က ကျေးဇူးတင်လျက် တမလွန်ခရီးသွားများအား ဆုမွန်ကောင်းများ တောင်းပေးကြပေလိမ့်မည်။ ကျေးဇူးသိတတ်ကြလျက် အမှတ်တရ ရှိကြပေလိမ့်မည်။ ဤကား လူသေသော်လည်း နာမည်မသေခြင်းပင် ဖြစ်သည်။
အပြစ်ပြုမှုများနှင့် ဆိုးကျိုးများကို ချန်ထားခဲ့လျှင်ကား နောက်လူတို့က ကျိန်ဆဲကြပေလိမ့်မယ်။ အမှတ်ရတိုင်း နာကြည်းခါးသီးကြပေလိမ့်မည်။ ဤကား နာမည်သေခြင်းပင် ဖြစ်လေ၏။
အခန်း(၃၆၁)ပြီး
***