အနောက်ဘက် ကောင်းကင်တွင် နေဝင်သွားသည်နှင့် အရှေ့ဘက်ကောင်းကင်မှ ဝိုင်းစက်ပြည့်ဝန်းသော ငွေလမင်းကြီး ထွန်းပလင်းဖြာလို့ လာလေ၏။
အော်မေ့တောင်…
သဘာဝရှုခင်းအလှအပများဖြင့် နာမည်ကြီးလှသော အော်မေ့တောင်ကြီးသည် ထွက်ပေါ်စ လရောင်အောက်တွင် ငြိမ်သက်နေ၏။
အော်မေ့တောင်ပတ်လည် သစ်ပင်၊ တော၊ တောင်၊ လျို၊ မြောင်၊ စိမ့်၊ စမ်းများ၌ နေထိုင်ကြသော ကျေးငှက်သာရကာများ အိပ်တန်းပြန်ကုန်ကြလေပြီ။ သားရဲတိရစ္ဆာန်ကြီးငယ်တို့သည်လည်း အသိုက်သို့ ပြန်ကာ ခိုအောင်းကုန်ကြလေပြီ။ ညငှက်၊ တောကြောင် စသည့် ည၌ ကျက်စားကြသော တောကောင်များ အစာရှာ ထွက်လာကြသည်။
ထိုအချိန်တွင် အော်မေ့တောင်ပေါ်၌ မီးပုံးအိမ်လေးများက တစ်လုံးပြီးတစ်လုံး လင်းလာပြီး ရာထောင်ချီသော မီးပုံးများ ထွန်းလင်းသွားသည်။
နတ်ဘုရားပူဇော်ပွဲအတွက် မီးထွန်းကြလေပြီ။
အော်မေ့တောင်ဌာနခွဲမှ နှစ်ရာခန့်ရှိသော နဂါးစိမ်းဂိုဏ်းသားများသည် ဌာနခွဲမှူး၏ ဦးဆောင်မှုဖြင့် စည်းဝေးခန်းမကြီးထဲတွင် စုရုံးကြလျက် နတ်ဘုရားပူဇော်ပွဲအခမ်းနားကို ကျင်းပရန် ပြင်ဆင်နေကြသည်။
ရိုးရာအစဉ်လာအတိုင်း ကောင်းကင်နတ်ဘုရား၊ ရေနတ်ဘုရား၊ မြေနတ်ဘုရားတို့ကို ပူဇော်၍ ဆုတောင်းကြမည် ဖြစ်သည်။
ခန်းမကြီး၏ စင်မြင့်ထက်တွင် ပန်း၊ ဆီမီး၊ အမွှေးတိုင်၊ ဆန်မုန့်လုံးနှင့် ရိုးရာအစားစာများနှင့် သစ်သီးဝလံများ ပြည့်စုံလှပအောင် တခမ်းတနား ပြင်ဆင်နေကြသည်။
ထိုသို့ နဂါးစိမ်းဂိုဏ်းသားများအားလုံး တစ်နေရာတည်း၌ စုဝေး၍ နတ်ဘုရားပူဇော်ဆုဆောင်းပွဲအတွက် အာရုံစိုက်နေချိန်တွင် လူရိပ်သုံးခုသည် တစ္ဆေသရဲများအလား အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် အော်မေ့တောင်ပေါ်သို့ တက်လာကြလေ၏။
မြန်လွန်းသည်။
ကောင်းကင်တွင် လရောင်က ထိန်ထိန်သာနေပြီး တောင်တက်လမ်းတစ်လျှောက် မီးအိမ်အလင်းရောင်များနှင့် လင်းထိန်နေသော်လည်း သစ်ပင်ကြီးငယ်များလည်း ရှိနေသဖြင့် အမှောင်ရိပ်များလည်း ရှိနေသည်။
ထိုလူရိပ်သုံးခုက အမှောင်ရိပ်များကို အားပြုအသုံးချ၍ လျင်မြန်စွာ ပြေးတက်လာကြသည်။
နတ်ဘုရားပူဇော်ပွဲ အခမ်းနားကျင်းပနေချိန် ဖြစ်၍ နဂါးစိမ်းဂိုဏ်းသားအစောင့်များလည်း စုဝေးခန်းမကြီးထဲ ရောက်နေကြသဖြင့် ထိုလူရိပ်သုံးခု၏ လှုပ်ရှားမှုကို မည်သူမှ သတိမထားမိခဲ့ကြပေ။
ထိုလူရိပ်သုံးခု၏ လျင်မြန်မှုနှင့် ကျွမ်းကျင်မှုကလည်း အစောင့်များရှိနေလျှင်ပင် အလွယ်တကူ ကျော်ဖြတ်နိုင်ကြမည့် ပုံပင်။ သူတို့၏ လှုပ်ရှားမှုက လျင်မြန်ရုံသာမဟုတ်ဘဲ အလွန်လည်း ကျွမ်းကျင်ကြသည်။ တောင်တက်လမ်းတစ်လျှောက် သစ်ပင်များတွင် ခိုနားနေကြသော ညငှက်များသည်ပင် အထိတ်တလန့်မဖြစ်သွားဘဲ နေမြဲတိုင်းနေလျက် တိတ်ဆိတ်မှု မပျက်ခဲ့ပေ။
သိပ်မကြာလိုက်ပါ လူရိပ်သုံးခုက အော်မေ့တောင်ပေါ်သို့ ရောက်လာခဲ့ကြသည်။ သုံးယောက်လုံး အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး နှစ်ယောက်က အနက်ရောင်အဝတ်ခေါင်းစွပ်ကို စွပ်ကာ မျက်နှာကို ဖုန်းကွယ်ထားကြသည်။ တစ်ယောက်ကတော့ မျက်လုံးပေါက်မပါသော ရှေးဟောင်းကြေးမျက်နှာဖုံးကြီးတစ်ခုကို တပ်ဆင်ထားသည်။
သူတို့သည်ကား ရသေ့ကြီး၊ ရှောင်လုံနှင့် နှင်းပန်းတို့ပင် ဖြစ်လေ၏။
မလိုအပ်သော နောက်ဆက်တွဲများ မဖြစ်ရလေအောင် သုံးယောက်လုံးက သူတို့၏ မျက်နှာကို ဖုံးကွယ်ထားကြသည်။
တောင်ထိပ်ရင်ပြင်တွင် လရောင်နှင့် မီးရောင်များ လင်းထိန်နေ၏။ သို့သော် လူသူကား ကင်းမဲ့နေသည်။ စည်းဝေးခန်းမကြီးဘက်မှသာ လူသံများ ကြားနေရသည်။
ရသေ့ကြီးနှင့် နှင်းပန်းက ရှောင်လုံကို ကြည့်လိုက်ကြသည်။
စိတ်ဝိညာဉ်အာရုံခံနယ်မြေ…
ရှောင်လုံက စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ဖွင့်၍ နေရာမှ ဖျပ်ကနဲ ပျောက်ကွယ်သွားခဲ့သည်။
စိတ်ဝိညာဉ်အာရုံခံနယ်မြေက ပေငါးထောင်အထိ ဖြန့်ကျက်အာရုံခံနိုင်သောကြောင့် အမှောင်ထုခြေလှမ်းနှင့် ပေါင်းစပ်လိုက်သောအခါ အော်မေ့တောင်ထိပ်တစ်ခုလုံးကို အာရုံခံရန် မခက်ခဲပေ။
ခဏအကြာတွင် ရှောင်လုံက ပြန်ရောက်လာပြီး လျှို့ဝှက်အသံဖြင့် ပြောလိုက်သည်။
~~နဂါးစိမ်းဂိုဏ်းသားအားလုံးလိုလို ဟိုခန်းမကြီးထဲမှာ နတ်ဘုရားပူဇော်ဆုတောင်းပွဲ အခမ်းနား ကျင်းပနေကြတယ်~~
~~အားလုံးလိုလိုဆိုတော့…~~
~~လူကြီးတစ်ယောက်ကတော့ ဟိုအဆောက်ဦးရဲ့ မြေအောက်ခန်းမှာ ရှိနေတယ်။ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေဘာတွေတော့ မတွေ့ဘူး~~
ရသေ့ကြီးနှင့် နှင်းပန်းက ရှောင်လုံညွှန်ပြသော အဆောက်ဦးကို လှမ်းကြည့်လိုက်ကြသည်။
~~အဲဒါ စာကြည့်ဆောင်ပဲ။ မြေအောက်ခန်းက ပထမထပ်နဲ့ ဒုတိယထပ်ဆိုပြီး နှစ်ထပ်ရှိတယ်။ ပထမမြေအောက်ထပ်က ဂိုဏ်းသားတွေကို အပြစ်ပေးပြီး အမှားဆင်ခြင်ခိုင်းတဲ့ အထပ်။ ဒုတိယမြေအောက်ထပ်မှာ အော်မေ့ဂိုဏ်းရဲ့ လျှို့ဝှက်ခန်း ရှိတယ်~~
နှင်းပန်းမှာ ငယ်စဉ်က စာကြည့်ဆောင်မှူးနှင့်အတူ စာကြည့်ဆောင်၏ ဒုတိယ မြေအောက်ထပ် လျှို့ဝှက်ခန်းသို့ ဆင်းပြီး အော်မေ့ဂိုဏ်း၏ အမွေအနှစ်သိုင်းကျမ်းသေတ္တာကို ယူခဲ့ဖူး၍ စာကြည့်ဆောင်တွင် မြေအောက်ထပ်နှစ်ထပ်ရှိကြောင်း သိနေခဲ့သည်။
~~မြေအောက်ခန်း နောက်တစ်ထပ် ရှိသေးတာလား။ ဒါဆို…~~
ရှောင်လုံက မြေအောက်ခန်း ဒုတိယထပ် ရှိသေးမှန်း မသိသဖြင့် ပထမထပ်အထိကိုသာ အာရုံခံကြည့်ခဲ့မိသည်။
~~ဟုတ်တယ်…၊ မြေအောက်ခန်း ဒုတိယထပ်က လျှို့ဝှက်ခန်းပဲ။ တည်ဆောက်ထားတာ အရမ်းလျှို့ဝှက်ပြီး သေသပ်တယ်။ ရှာတွေ့ဖို့ မလွယ်ဘူး။ ဖမ်းဆီးထားတဲ့ လူတွေကို ထားမယ်ဆိုရင် ဒုတိယမြေအောက်ထပ်က အလုံခြုံဆုံးနေရာပဲ~~
~~ဒါဆို သွားကြည့်ကြစို့~~
ထို့နောက် သုံးယောက်လုံး စာကြည့်ဆောင်ဘက်သို့ သွားလိုက်ကြသည်။
ရှောင်လုံက စိတ်ဝိညာဉ်အာရုံကို စာကြည့်ဆောင်၏ ပထမမြေအောက်ထပ်ကို သေချာပြန်အာရုံခံကြည့်လိုက်သည်။
အစိမ်းရောင်ဝတ်စုံနှင့် လူကြီးတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ စာဖတ်နေသည်ကို အာရုံခံမိသည်။ ဒုတိထပ်သို့ ဆင်းသော လျှို့ဝှက်တံခါးပေါက်ကိုလည်း အာရုံခံမိခဲ့သည်။
‘ဟုတ်တယ်။ ဒုတိယမြေအောက်ထပ် ရှိနေသေးတယ်…’
ရှောင်လုံက လျှို့ဝှက်တံခါးကို စိတ်ဝိညာဉ်အာရုံဖြင့် ထိုးဖောက်ဖြတ်ကျော်၍ ဒုတိယမြေအောက်ခန်းထဲသို့ အာရုံခံကြည့်လိုက်သည်။
‘တွေ့ပြီ…’
ဒုတိယမြေအောက်ခန်းထဲတွင် သံလှောင်အိမ် ဆယ်ခု ရှိနေပြီး သံလှောင်အိမ်တစ်ခုစီတွင် လူရုပ်ပင် မပေါ်တော့သည့် လူငယ်တစ်ယောက်စီ ချည့်နဲ့စွာ ခွေလဲနေကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ ကျောရိုးကို ဆွဲထုတ်ခံထားရသလိုမျိုး ချည့်နဲ့ နေကြသည်။
ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံဖြင့် အာရုံခံသိမြင်နိုင်စွမ်းက ပကတိမျက်စိဖြင့် မြင်ရသည်ထက် စူးရှရှင်းလင်းသောကြောင့် ထိုလူငယ်များ၏ အားနည်းချည့်နဲ့နေမှုမှာ သာမန်အားနည်းခြင်းမျိုး မဟုတ်မှန်း အာရုံခံမိခဲ့သည်။
‘သူတို့က ဟူလောင်တို့ရဲ့ ရွာသားတွေ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ အငွေ့အသက်က ဟူလောင်တို့နဲ့ ဆင်တူနေတယ်…’
လူငယ် ဆယ်ယောက်ထဲမှ ငါးယောက်မှာ ဟူလောင်တို့၏ ရှေးဟောင်းကျားလူသားမျိုးနွယ်စုရွာသားများမှန်း အာရုံခံမိလိုက်ရသည်။
“နဂါးစိမ်းဂိုဏ်း…”
ရှောင်လုံက အံကြိတ်၍ တီးတိုး ကြိမ်းဝါးလိုက်သည်။
~~တွေ့ပြီလား လူလေး~~
~~တွေ့ပြီ ဘိုးဘိုး…၊ ဆယ်ယောက်။ ဒါပေမဲ့ အားလုံး အခြေနေမကောင်းဘူး။ နဂါးစိမ်းဂိုဏ်းက တစ်ခုခု လုပ်ထားခဲ့ပြီးပြီ။ သူတို့တွေ အရမ်းအားနည်းနေကြတယ်~~
~~သိုင်းပညာတွေ အတွင်းအားတွေ ဖျက်ဆီးထားတာမျိုးလား~~
~~အဲဒီလိုမျိုး မဟုတ်ဘူး။ သူတို့ဆီကနေ တစ်ခုခု ထုတ်ယူခံထားရသလိုမျိုးပဲ~~
ရှောင်လုံက ပြောပြနေရင်းက အံတကြိတ်ကြိတ်နှင့် ဒေါသထွက်နေခဲ့သည်။ သူနှင့် ဟူလောင်တို့ကြားက ပတ်သက်မှုမှာ သာမန် မိတ်ဆွေသူငယ်ချင်းထက် ပိုသည်။ ဟူလောင်တို့က သူ့ကို သူတို့မျိုးနွယ်စု၏ ကျေးဇူရှင်တစ်ယောက် သူရဲကောင်းတစ်ယောက်လို အနေထားထိ အသိမှတ်ပြုထားကြသည်။ သူ့ခန္ဓာကိုယ်ထဲတွင်လည်း ဟူလောင်တို့ ပေးခဲ့သော ကျားဘုရင်သွေးစက်၏ သွေးစွမ်းအားက စီးဆင်းနေသည်။ သူ့လက်မောင်းတွင်လည်း ကျားဘုရင်အစွယ် အဆောင်လက်ဖွဲ့ကို ချည်နှောင်ထားသည်။ ထိုကြောင့် ရှောင်လုံ၏ ခံစားချက်နှင့် ဒေါသက အတော်ခက်ထန်နေခဲ့သည်။ ဟူလောင်တို့၏ ရွာသားက သူ၏ ရွာသားများဟု သတ်မှတ်ထား၍ ဖြစ်သည်။
နှင်းပန်းက ရှောင်လုံ၏ စိတ်ခံစားချက်နှင့် ဒေါသကို ခံစားမိသွားသည်။
~~မလောနဲ့ မောင်လေး။ ပထမမြေအောက်ထပ်မှာ ရှိနေတဲ့ တစ်ယောက်က သိုင်းစွမ်းအား ဘယ်အဆင့်လဲ~~
~~သိုင်းထိပ်သီးအဆင့်~~
~~သိုင်းထိပ်သီးအဆင့်လား…~~
နှင်းပန်းက သိုင်းအကျော်မော်အဆင့်သာ ဖြစ်သည်။ ထို့ကြောင့် သိုင်းထိပ်သီးအဆင့်ကို ရင်ဆိုင်နိုင်စွမ်း မရှိပေ။
ရသေ့ကြီးမှာလည်း သိုင်းစွမ်းအားများ ဆုတ်ယုတ်ကျဆင်းနေသောကြောင့် ကိုယ်ဖော့ပညာစွမ်းတစ်ခုသာ ဟုတ်တိပတ္တိ စွမ်းရည်ကောင်း ရှိသည်။ သိုင်းစွမ်းအားမှာ သိုင်းထိပ်သီးတစ်ယောက်ကို အလွယ်တကူ ရင်ဆိုင်နိုင်စွမ်း မရှိပေ။
အနည်းငယ် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်နှင့် နတ်ဘုရားပူဇော်ဆုတောင်းပွဲ အခမ်းနားကျင်းပနေကြသော နဂါးစိမ်းဂိုဏ်းသားများ ချက်ချင်း ရောက်လာကြပေလိမ့်မည်။
နှင်းပန်းနှင့် ရသေ့ကြီးတို့ စဉ်းစားနေစဉ်မှာပင် ရှောင်လုံမှာ နေရာမှ ရိပ်ကနဲ ပျောက်ကွယ်သွားလေ၏။
~~ဒီကလေးကတော့…၊ မြန်မြန်လိုက်~~
ရသေ့ကြီးနှင့် နှင်းပန်းလည်း စာကြည့်ဆောင် မြေအောက်ခန်းသို့ အမြန်ဆင်းလိုက်သွားကြသည်။
မြေအောက်ခန်းထဲတွင် ဒေါင်းမြီးစိမ်းက စာအုပ်တစ်အုပ်ကို အာရုံစိုက်၍ ဖတ်နေ၏။ ထိုစဉ် လှုပ်ရှားမှုကို အာရုံခံမိပြီး မြေအောက်ခန်း တံခါးဘက်ကို လှမ်းကြည့်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက် မြေအောက်ခန်းထဲ ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။
“သေချင်နေကြတာလား”
ကြိမ်းမောင်းပြီး လှုပ်ရှားဟန် ပြင်လိုက်သည်။
ထိုစဉ်မှာပင် သူတစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားသည်။
အန္တရာယ်…။
အန္တရာယ်သိစိတ်နှင့်အတူ သူ့နောက်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော လူတစ်ယောက်ကိုလည်း သတိပြုမိလိုက်သည်။
အမြန်လှုပ်ရှားရန် ဟန်ပြင်လိုက်သည်။ သို့သော် လှုပ်ရှားခွင့် မရလိုက်ပါ။
“ထောက် ထောက် ထောက်…”
ဒေါင်းမြီးစိမ်း၏ နောက်မှ လူက ပိုမြန်သည်။
ဒေါင်းမြီးစိမ်း၏ သွေးကြောများပေါ်ကို တထောက်ထောက်နှင့် လိုက်ထောက်လိုက်သည်။
လှုပ်ရှားမှုက မြန်လွန်း၏။
ဒေါင်းမြီးစိမ်း၏ အတွင်းအား၊ သိုင်းစွမ်းအား၊ ကိုယ်ဖော့ပညာ အားလုံး ချိတ်ပိတ်ခံလိုက်ရသည်။ သာမန်လူတစ်ယောက်ကဲ့သို့ ဖြစ်သွားခဲ့သည်။
ဒေါင်းမြီးစိမ်း၏ စိတ်ထဲတွင် သူ့တစ်သက်လုံး တစ်ခါမှ မခံစားဖူးသော အကြောက်တရားကြီးတစ်ခု ဖြစ်ပေါ်လာသည်။
သေခြင်းတရားလော။ မဟုတ်သေးပေ။ ဒေါင်းမြီးစိမ်းအတွက် သေခြင်းနှင့်ရှင်ခြင်းကြား ဖြတ်သန်းခဲ့ဖူးသော အတွေ့ကြုံများက မနည်းတော့ပေ။ မည်မျှ ခက်ခဲ၍ မည်မျှ အန္တရာယ်များသော ကိစ္စကြီးများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ထိုမျှ မကြောက်ခဲ့ဖူးပေ။ အဘယ်ကြောင့်ဆိုသော် မျှော်လင့်ချက်ဟူသော မီးတောက်လေးက သူ့စိတ်ထဲ တောက်လောင်နေခဲ့သောကြောင့် ဖြစ်သည်။ ထိုမျှော်လင့်ချက်ဖြင့် အခက်ခဲအန္တရာယ်များကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ သေလုမျောပါး ဖြစ်ခဲ့ရလျှင်ပင် မျှော်လင့်ချက်မီးတောက် ရှိနေသဖြင့် သေရွာမှလည်း ပြန်လာခဲ့ဖူးသည်။
မျှော်လင့်ချက် ရှိနေနိုင်ခဲ့ခြင်းမှာ သူ့တွင် ဖြတ်ကျော်ရန် ရုန်းကန်ရန် ခွန်အားတချို့ ရှိနေ၍ ဖြစ်သည်။ ရင်ဆိုင်ရသော အခက်ခဲနှင့် အန္တရာယ်ကို လေ့လာစူးစမ်းနိုင်စွမ်း ရှိခဲ့သောကြောင့် ဖြစ်သည်။
သို့သော် ယခုတော့ မတူတော့ပေ။ ဒေါင်းမြီးစိမ်းတစ်ယောက် မျှော်လင့်ချက်များ ရုတ်ချည်း ပျောက်ကွယ်သွားသည်။ သူက မျက်လုံးပေါက်မပါသော ကြေးမျက်နှာဖုံးနှင့် လူကို ကြည့်နေမိသည်။ လူတစ်ယောက်၏ မျက်နှာကို မမြင်ရလျှင်ပင် မျက်လုံးကို မြင်ရလျှင် ထိုလူ၏ စိတ်နှင့် ခံစားချက်ကို အကဲခတ်နိုင်ပြီး ဆိုးခြင်းကောင်းခြင်းကို စဉ်းစားသုံးသပ်နိုင်သည်။
သို့သော် သူ့ရှေ့က လူမှ မျက်လုံးပေါက်မပါသော ကြေးမျက်နှာဖုံးကြီးကို တပ်ထားသည့်အတွက် မျက်လုံးချင်းဆုံကြည့်ခဲ့သော ဒေါင်းမြီးစိမ်းတစ်ယောက် ခြေလက်များ တဖြည်းဖြည်းအေးစက်လာပြီး သာမန်လူတစ်ယောက်၏ ခွန်အားပင် ပျောက်ဆုံးသွားခဲ့သည်။
ကြောက်သည်။ သေလောက်အောင် ကြောက်လာသည်။ မည်သို့သော မကောင်းဆိုးဝါးနှင့် မျက်နှာချင်းဆိုင် တွေ့နေရသနည်းဟု အမောတကောတွေးရင်း ကြောက်ကြောက်လန့်လန့်နှင့် အသံကုန်အော်ဟစ်ရန် ပါးစပ်ဟလိုက်သည်။
“ဗျစ်…”
“အူး…”
ဒေါင်းမြီးစိမ်းက ပါးစပ်ဟရုံသာ ရှိသေးသည်။ လက်တစ်ဖက်က ဒေါင်းမြီးစိမ်း၏ ပါးစောင်ကို လျှပ်တစ်ပြက် လာကိုင်ပြီး ဖျစ်ညှစ်လိုက်ရာ ဒေါင်းမြီးစိမ်း၏ ပါးစောင်ရိုးက ပြုတ်ထွက်သွားပြီး အောက်မေးကြီး ပြုတ်ကျကာ ပါးစပ်ဟောင်းလောင်းကြီး ဖြစ်သွားခဲ့သည်။ ပါးစပ် ပြန်မပိတ်နိုင်တော့ပေ။
“အ…”
နာကျင်မှုနှင့် ထိတ်လန့်မှုကြောင့် လည်ချောင်းထဲက ရှိသမျှအားဖြင့် အော်ရန် ထပ်ကြိုးစားသည်။ မရပါ။ လက်တစ်ဖက်က ဒေါင်းမြီးစိမ်း၏ လည်ပင်းလေပြွန်ကို လာဖျစ်ညှစ်ထားခဲ့ပြန်သည်။
“အစ်…အစ်…”
ထိုလက်က ကြောက်စရာကောင်းအောင် သန်မာလွန်းနေခဲ့သည်။ အားမစိုက်ဘဲနှင့်ပင် ဒေါင်းမြီးစိမ်း၏ လည်ပင်လေပြွန်ကို ဖျက်ဆီးပစ်နိုင်အောင် သန်မာနေသည်။
ဒေါင်းမြီးစိမ်းတစ်ယောက် လည်ပင်းပေါက်ထွက်မတတ် နာကျင်မှုနှင့်အတူ တအစ်အစ်နှင့် ညည်းညူရင်း မျက်လုံးကြီးများ ပြူးကျယ်နေခဲ့သည်။ ထိတ်လန့်မှု၊ ကြောက်ရွံမှု၊ မျှော်လင့်ချက်မဲ့မှုနှင့် နာကျင်ခံခက်မှုတို့ကြောင့် မျက်နှာကြွက်သားများ တွန့်လိမ်က တုန်ရီနေခဲ့သည်။
ရှောင်လုံက ဒေါင်းမြီးစိမ်း၏ လည်ချောင်းလေပြွန်ကို ဖျစ်ညှစ်ထားရာမှ လွှတ်ပေးလိုက်သည်။
“ဟမ့်…”
ရသေ့ကြီးနှင့် နှင်းပန်းမှာ ဘေးကသာ ရပ်ကြည့်နေခဲ့ကြသည်။
သိုင်းထိပ်သီးအဆင့်တစ်ယောက်က ရှောင်လုံ၏ လက်ထဲတွက် ကြက်ကလေးငှက်ကလေးထက်ပင် အခြေနေဆိုးနေသည်ကို ကြည့်ပြီး ချွေးပြန်ချင်သွားသည်။ အထူးသဖြင့် ရှောင်လုံ၏ အကိုင်အတွယ်ကြမ်းတမ်းမှုကို ထိတ်လန့်သွားသည်။ လူတစ်ယောက်ကို သားရဲတိရစ္ဆာန်တစ်ကောင်ကို အမဲဖျက်သလို ကိုင်တွယ်သွားသည်က တကယ်ကို ကြမ်းတမ်းလွန်းသည်။ မည်သည့် သနားညှာတာမှုမှ မရှိနေခဲ့ပေ။
‘တော်သေးတယ်။ မောင်လေးက လူမသတ်တဲ့ စည်းမျဉ်းကို လိုက်နာနေလို့။ မဟုတ်ရင်တော့…’
နှင်းပန်းမှာ တွေးရင်း သက်ပြင်းခိုးချလိုက်ရသည်။
ရသေ့ကြီးမှာလည်း သူ့မြေး၏ ဒေါသနှင့် ခက်ထန်ကြမ်းတမ်းမှုကို ကြည့်ပြီး သက်ပြင်းချနေသည်။
ရှောင်လုံက ဒုတိယ မြေအောက်ထပ်သို့ ဆင်းသော လျှို့ဝှက်တံခါးကို ဖွင့်ပြီး ဆင်းသွားသည်။
နှင်းပန်းက ဆင်းလိုက်သွားရန် ပြင်သည်။
~~ဘိုးဘိုးတို့က ဒီအပေါ်က အခြေနေကို စောင့်ကြည့်နေလိုက်ရအောင်~~
~~ဟုတ်ကဲ့ ဘိုးဘ်ိုး~~
ရှောင်လုံ၏ ခွန်အားက သူတို့ လိုက်ပါကူညီရန်ပင် မလိုအပ်နေ၍ ဒေါင်းမြီးစိမ်းကိုသာ စောင့်ကြည့်ရင်း နေရစ်လိုက်ကြသည်။
ဒေါင်းမြီးစိမ်းမှာတော့ အောက်မေးကြီး ပြုတ်လျက်၊ သွားရည်များ စီးကျလျက်၊ ပြူးကြောင်သော မျက်လုံးများဖြင့် လျှို့ဝှက်မြေအောက်ခန်းတံခါးကို ငေးကြည့်နေခဲ့သည်။
ရသေ့ကြီးက ဒေါင်းမြီးစိမ်း၏ အသွင်ပြင်နှင့် ဒေါင်းမြီးစိမ်းယပ်တောင်ကို မြင်ပြီး သိသွားခဲ့သည်။
~~ဒီလူက ဒေါင်းမြီးစိမ်းဆိုတဲ့ လူပဲ~~
~~ဒါဆို ဒီလူက ဌာနခွဲမှူးအဆင့်ကနေ ဌာနချုပ်မှူးအဆင့်ထိ တက်လာတဲ့ အဲဒီ ဒေါင်းမြီးစိမ်းပေါ့~~
ဒေါင်းမြီးစိမ်းမှာ နဂါးစိမ်းဂိုဏ်း၏ စွမ်းဆောင်မြင့်ပြီး နာမည်ကျော်ကြားသူတစ်ယောက် ဖြစ်ခဲ့၍ ချယ်ရီဂိုဏ်း၏ သတင်းအချက်လက်များထဲတွင် ပါရှိနေသူ ဖြစ်သည်။
ထိုကဲ့သို့သော လူတစ်ယောက်က မြေအောက်ခန်းတွင် အစောင့်ရှောက်တစ်ယောက်အဖြစ် တာဝန်ယူနေခြင်းကို ကြည့်လျှင် လျှို့ဝှက်မြေအောက်ခန်းတွင် ဖမ်းဆီးထားသော လူများ၏ အရေးပါမှုကို တွက်ဆနိုင်သည်။
~~နဂါးစိမ်းဂိုဏ်းက ဘယ်လိုအကြံစည်ကြီးတွေ လုပ်နေပြန်ပြီလဲ မသိဘူး~~
နဂိုကမှ နဂါးစိမ်းဂိုဏ်း၏ လျှို့ဝှက်ချက်များက နက်နဲနေခဲ့လေရာ ယခုလို ကိစ္စများက ထပ်ရှိနေပြန်သေးသည်။
ရသေ့ကြီးနှင့် နှင်းပန်းလည်း အတွေးများနှင့်အတူ စိတ်မောသွားကြသည်။
ထိုအချိန်တွင် ရှောင်လုံ ဒုတိယမြေအောက်ထပ်သို့ ရောက်သွားပြီ ဖြစ်သည်။ ရှောင်လုံ ရောက်သွားသည်နှင့် လှောင်အိမ်ငါးခုမှ လူငယ်ငါးယောက်မှာ တစ်ချက် တုန်သွားသည်။ ထို့နောက် သူတို့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာကြသည်။ ခွန်အားကင်းမဲ့လျက် ခွေလဲနေကြသော လူငယ်ငါးယောက်မှာ သားရဲများလို မာန်ဖီက အတင်းကုန်းရုန်း၍ ထလာကြသည်။
“အီး… ဂီး…ဂါး…”
ရှောင်လုံလည်း ထိုလူငယ်ငါးယောက်၏ လှုပ်ရှားမှုကို မြင်လျှင် အံ့ဩသွားသည်။ ခုနကအထိ ခွန်အားမဲ့ကာ ချည်းနဲ့နေခဲ့သော လူငယ်များမှာ မကောင်းဆိုးဝါး ဝင်ပူးသလိုမျိုး ရုတ်တရက်ကြီး ထလာကြသည်။ တဆတ်တဆတ်တုန်နေသည့်ကြားမှ သံတိုင်ကို အားယူရပ်ရင်း ရှောင်လုံကို ပြူးကြည့်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် မှိန်ဖျော့ဖျော့အဝါရောင်အငွေ့အသက်တချို့ တောက်လောင်နေခဲ့သည်။ သားရဲများ၏ မာန်စိတ်မျိုးကို မြင်နေရသည်။ နာကျင်မှုကို မြင်နေရသည်။ အညိုးတရားနှင့် ခက်ထန်မှုကို မြင်နေရသည်။ တစ်ချိန်တည်းမှာပင် အလွန်ရိုသေလေးစားသော အရိပ်ငွေ့တစ်ခုလည်း ရှိနေခဲ့သည်။
ရှောင်လုံလည်း ထိုလူငယ်များ၏ မျက်လုံးများကိုကြည့်ပြီး သူ့သွေးထဲ လှုပ်ခါသွားသည်။ ခက်ထန်လာသည်။
“မစိုးရိမ်ကြနဲ့တော့။ မင်းတို့ကို ရွာပြန်ခေါ်သွားပေးမယ်”
ရှောင်လုံက ပြောလိုက်သောအခါ ထိုလူငယ်ငါးယောက်လုံး ခေါင်းအသာငုံ့၍ အရိုသေးပေးဟန်မျိုး လုပ်ကြသည်။
ရှောင်လုံလည်း စကားဆက်မပြောတော့ဘဲ သံလှောင်အိမ်ကို အကဲခတ်သည်။ တံခါးကို ချိတ်ဆက်ထားသော သံကြိုးနှင့် အဖွင့်အပိတ် မောင်းတံကို မြင်ပြီး မည်သို့ ဖွင့်ရမှန်း သိသွားသည်။ ထို့ကြောင့် ချက်ချင်းပင် လှောင်အိမ်တံခါးများကို ဖွင့်ပေးလိုက်သည်။
“ဂျိုင်း ဂျိုင်း ဂျိုင်း…”
သံလှောင်အိမ်တံခါးဖွင့်သံများက မြေအောက်ခန်းတစ်ခုလုံး မြည်ဟိန်းသွားပြီး အပေါ်ထပ်အထိ လွင့်ပျံသွားသည်။
ဒေါင်းမြီးစိမ်းတစ်ယောက် လှောင်အိမ်တံခါးဖွင့်တစ်ချက် ကြားတိုင်း သူ့ခန္ဓာကိုယ်က တစ်ချက် တုန်သွားသည်။
‘သွားပြီ…။ အားလုံး သွားပြီ။ လုံးဝ အဆုံးသတ်သွားပြီ…’
ရန်သူများက သူ့ကို မသတ်ဘဲ ထိုအတိုင်း ထားခဲ့လျှင်ပင် ထိုအကျဉ်းသားလူငယ်များ လွတ်မြောက်သွားပါက သူ၏ ရှင်သန်မှုက လုံးဝ အဆုံးသတ်သွားမည် ဖြစ်သည်။ တကယ်ကို ဆိုးဝါးခြင်းပင်။
ရှောင်လုံက လူငယ်ငါးယောက်က်ို လွှတ်ပေးလိုပြီးနောက် လူငယ်များကို စစ်ဆေးကြည့်လိုက်သည်။
အတွင်းအားဆုံမှတ် မပျက်စီးနေပေ။ အတွင်းအားတချို့လည်း ရှိနေသေးပြီး ပုံမှန်အတိုင်း လည်ပတ်စီးဆင်းနေသည်။ သွေးလည်ပတ်မှုလည်း အလွန်အားနည်းနေသည့် ပုံမှန်အတိုင်း လည်ပတ်နေသည်။ အပေါ်ယံဒဏ်ရာများကတော့ မပြောပလောက်ပေ။
‘ထူးဆန်းတယ်။ သူတို့ရဲ့ အခြေနေက ပုံမှန်လို့ ထင်ရပေမဲ့ သိပ်ကို အားနည်းလွန်းနေခဲ့တယ်…’
လူငယ်ငါးယေက်မှာ အတော်အားတင်း၍ ကြိုးစားရပ်နေရသည် မဟုတ်ပါလား။
“မင်းတို့ ဘယ်လိုဖြစ်လို့ အခုလောက်ထိ အားနည်းနေကြတာလဲ။ ဘာဖြစ်ထားကြတာလဲ”
လူငယ်ငါးယောက်၏ မျက်လုံးများထဲတွက် နာကြည်းခက်ထန်မှုများ ထင်ဟပ်သွားသည်။
“ဟိုလူယုတ်မာက ကျွန်တော်တို့ရဲ့ ဗီဇသွေးအဆီအနှစ်ကို ထုတ်ယူသွားလို့ပါ”
လူငယ်တစ်ယောက်က လေသံဝဲဝဲနှင့် ပြောပြလာသည်။
“ဗီဇသွေးအဆီအနှစ် ထုတ်ယူခံလိုက်ရတာလား”
နားထောင်ရသောက် ထိုကိစ္စက သာမန်ကိစ္စ ဟုတ်ပုံမရပေ။ ထိုမျှ စိတ်ဓာတ်ခက်ထန်မာကျောပြီး မာန်ကြီးသော လူငယ်များကို ထိုပုံစံမျိုးအထိ ချည့်နဲ့အားနည်းသွားစေခဲ့သည် မဟုတ်ပါလား။
“ဗီဇသွေးအဆီနှစ်၊ အဲဒါကို ထုတ်ယူခံရလို့ မင်းတို့ အားနည်းကုန်တာဆိုတော့ ဗီဇသွေးအဆီနှစ် ပြန်ဖြည့်နိုင်ရင် ခွန်အားတွေ ပြန်ရလာမှာလား”
“ဟုတ်ကဲ့။ ဒါပေမဲ့ ကျွန်တော်တို့လို သွေးစွမ်းအား အပြည့်ဝ မနိုးထသေးတဲ့ လူငယ်တွေအတွက် ဗီဇသွေးအဆီနှစ်ပြန်ပြည့်ဖို့က အခွင့်ရေးနည်းလှပါတယ်။ အရွယ်မရောက်ခင် သင်းကွပ်ခံလိုက်ရတာနဲ့ တူနေလို့ ဗီဇမျိုးဆက်သွေးအဆီနှစ် ဆက်ပြီး ဖွံ့ဖြို့ဖို့ တကယ်ခက်ပါတယ်”
ရှောင်လုံက အလေးနက် စဉ်းစားသည်။
“လုံးဝ ပြန်မရနိုင်တာမျိုး မဟုတ်ဘူးဆိုတော့ အခွင့်ရေး ရှိသေးတယ်လို့ ပြောနိုင်တာပဲ”
ရှောင်လုံက ပြောရင်း သူက ကျားဘုရင်သွေးစက်ကို မြိုချဖူးပြီး သူ့ကိုယ်ထဲတွင် ကျားဘုရင်သွေးစွမ်းအား ရှိနေသည်ကို သတိရသွားသည်။
“ဒါကို ကြည့်ကြည့်”
ရှောင်လုံက ပြောရင်း လက်ညိုးထိပ်ကို ညှစ်၍ သွေးတစ်စက် ထုတ်ပြလိုက်သည်။ ထိုသွေးစက်က ကျားဘုရင်သွေးစက်နှင့် ရှောင်မျိုးဆက်သွေးတို့ ရောနေသော သွေးစက်ဖြစ်သည်။
“ငါ့သွေးတွေနဲ့ ရောသွားပေမဲ့ ကျားဘုရင်သွေးစွမ်းအားတွေ ရှိနေတယ်”
ရှောင်လုံ၏ သွေးစက်ကို မြင်လျှင် လူငယ်ငါးယောက်လုံ အလိုလို နောက်ဆုတ်ပြီး ဦးညွှတ်ကျကုန်သည်။
သားရဲများက ခွန်အားကြီးသူ သွေးမျိုးဆက် မြင့်မားသူကို သဘာဝအသိဖြင့် ရိုသေကြောက်ရွံကြသည့် ပုံစံမျိုး ဖြစ်နေသည်။
“ငါ့သွေးက မင်းတို့အတွက် တစ်ခုခု လုပ်ပေးနိုင်မလားဆိုတာ ငါလည်း မသိဘူး။ မင်းတို့ စမ်းကြည့်ရဲရင် လာယူလိုက်ပါ”
လူငယ်များလည်း မသေချာမရေရာသော မျက်လုံးမျိုးဖြင့် ကြည့်နေကြသည်။ ကျားဘုရင်သွေးစက်ဆိုသည်မှာ ကျားဘုရင်က ချန်ထားခဲ့သော အမွေနှစ်ဖြစ်သည်။ ရှေးဟောင်းကျားလူသားမျ်ိုးနွယ်များအတွက် နတ်ဆေးသဖွယ် အစွမ်းထက်သော သွေးစွမ်းအားအရင်းမြစ်လည်း ဖြစ်သည်။ သို့သော် ကျားဘုရင်သွေးစက်ကို လက်ခံနိုင်သူမှာ ရှေးဟောင်းကျားလူသားမျိုးနွယ်၏ သန်မာသူများ သူရဲကောင်းများသာ လက်ခံမြိုချနိုင်စွမ်း ရှိသည်။ သာမန်မျိုးနွယ်စုဝင်များ လက်ခံမြိုချနိုင်စွမ်း မရှိပေ။ ချော်ရည်ပူကို မြိုချမိသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် မျိုးနွယ်စု၏ သန်မာသူများ သူရဲကောင်းများသာ လက်ခံမြိုချနိုင်ကြသည်။ သူတို့၏ ခွန်အားနှင့် သွေးစွမ်းအားက ကျားဘုရင်သွေးစက်ကို လက်ခံပေါင်းစည်းနိုင်လောက်အောင် သန်မာအားကောင်းနေ၍ ဖြစ်သည်။
ကျားလူသားမျိုးနွယ်စု၏ ဗီဇသွေးမျိုးဆက်က ရှောင်လုံလို သာမန်လူ၏ သွေးနှင့် မတူပေ။ သူတို့၏ ဗီဇသွေးမျိုးဆက်က အားကောင်းသော သွေးမျိုးဆက်စွမ်းအားက အားနည်းသော သွေးမျိုးဆက်စွမ်းအားကို ဖိနှိပ်ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ယခု ဤလူငယ်ငါးယောက်မှာ အားနည်းလွန်းနေသည့်အပြင် သူတို့၏ ဗီဇမျိုးဆက်သွေးအဆီနှစ်ကိုလည်း ထုတ်ယူခံထားရသေးသည်။ သူတို့၏ မူလအခြေနေဖြင့်ပင် အစစ်မှန် ကျားဘုရင်သွေးစက်ကို မြိုချလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေသည်နှင့် တူသွားပေလိမ့်မည်။
သို့သော် ယခုက ရှောင်လုံ၏ သွေးနှင့် ရောနေသဖြင့် ကျားဘုရင်သွေးစက်၏ သွေးစွမ်းအားက အားပျော့နေပြီ ဖြစ်သည်။
“မင်းတို့ရဲ့ လက်ရှိခွန်အားမျိုးနဲ့ ရွာပြန်ဖို့က လွယ်မှာ မဟုတ်ဘူး။ အပြင်မှာ မင်းတို့ရဲ့ ရန်သူတွေ ရာချီပြီး ရှိနေတယ်။ ဒီနယ်မြေကလည်း ရန်သူ့နယ်မြေပဲ။ ဒါတွေကို ဖြတ်ကျော်ဖို့က မင်းတို့မှာ ခွန်အားမရှိလို့ မရဘူး။ ရန်သူတွေလက်ထဲမှာ ခွေးတစ်ကောင်လို သေမလား။ သေခြင်းရှင်ခြင်းကို ကိုယ်တိုင် ရွေးချယ်မလား”
ရှောင်လုံ၏ စကားကို ကြားလျှင် လူငယ်များ၏ မျက်လုံးများ ဝါသန်းတောက်ပသွားသည်။ သေသေရှင်ရှင် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ သည်အတိုင်း ဆက်နေလျှင် သူတို့အတွက် သေလမ်းသာ ရှိသည်။ ရန်သူ၏ နှိပ်စက်ညှဉ်းပန်းမှုအောက်၌ ခွေးတစ်ကောင်လို သေရပေလိမ့်မည်။ ထိုအစား သေလျှင်လည်း စွန့်စားပြီး သေလိုသည်။
“ကျွန်တော် စမ်းကြည့်မယ်”
“ကျွန်တော်လည်း စမ်းကြည့်မယ်”
ရှောင်လုံက ကျေနပ်စွာ ပြုံးလိုက်သည်။ ထိုလူငယ်ငါးယောက်က မစွန့်စားလျှင်ပင် သူက ဟူလောင်ကို ကတိပေးထားသည့်အတိုင်း ရွာသို့ ပြန်ပို့ပေးမည်သာ ဖြစ်သည်။ ထိုအတိုင်းလုပ်ရန်လည်း ခုနကတည်းက ပြောထားပြီး ဖြစ်သည်။ သို့သော် ထိုလူငယ်များ စွန့်စားလိုမှုနှင့် အရှုံးမပေးလိုမှုကို တွေ့လိုက်ရ၍ သဘောကျသွားသည်။
“မစမ်းကြည့်လည်း ရတယ်။ မင်းတို့အားလုံးကို ရွာပြန်ပို့ဖို့ ငါဆုံးဖြတ်ထားပြီးသားပဲ။ ရန်သူနယ်မြေမကလို့ ရန်သူအသိုက်ထဲဖြစ်နေရင်တောင် ငါက မင်းတို့ကို ရအောင် ခေါ်ထုတ်သွားမယ်”
ရှောင်လုံ၏ ရဲရင့်ခက်ထန်သော စကားကို ကြားလျှင် လူငယ်အားလုံးလည်း ခက်ထန်လာကြသည်။
“ကျွန်တော် လုပ်မယ်”
“ကျွန်တော်လည်း လုပ်မယ်”
စမ်းကြည့်မည် မဟုတ်တော့ပေ။ သေချာပေါက် လုပ်မည်ဟု ပြောလာကြသည်။
“ကောင်းတယ်။ ရော့…”
ရှောင်လုံကလည်း တွေဝေခြင်းမရှိဘဲ လက်ညိုးဖျားကို ညှစ်ပြီး သွေးစက်ထုတ်ပေးလိုက်သည်။
လူငယ်တစ်ယောက်က တရိုတသေဦးညွှတ်၍ သွေးစက်ကို လက်ခံသည်။
ရှောင်လုံက တခြားလူငယ်များကိုလည်း သွေးစက်တစ်စက်စီ ပေးလိုက်သည်။
“ကျားဘုရင် ကောင်းချီးပေးပါ…”
“ကျားဘုရင် ကောင်းချီး ပေးပါ…”
လူငယ်ငါးယောက်လုံး မာန်အပြည့်ဖြင့် ဟိန်းဟောက်ပြောဆိုကြသည်။ ထို့နောက် ငါးယောက်လုံး သွေးစက်ကို တွေဝေခြင်း မရှိဘဲ မြိုချလိုက်ကြသည်။
ရှင်လျှင်လည်း အတူ ရှင်မည်။ သေလျှင်လည်း အတူသေမည်ဟူသော စိတ်ဓာတ်အရှိန်ဝါက သူတို့၏ မျက်လုံးထဲတွင် တောက်လောင်နေခဲ့လေ၏။
အခန်း(၃၆၂) ပြီး
***