“အူး…”
“အား…”
လူငယ် ငါးယောက်လုံး သွေးတစ်စက်စီ မြိုချလိုက်ပြီးနောက် တီးတိုးညည်းညူလိုက်ကြသည်။ သွေးထဲအသားထဲက ဆာလောင်လိုအပ်နေသည့် အရာကို လက်ခံရရှိလိုက်သည့် ခံစားမှုမျိုးဖြင့် တစ်ဒင်္ဂ မိန်းမောသွားကြသည်။
ခဏအတွင်းမှာပင် သူတို့၏ ဖျော့တော့နေသော မျက်နှာများ သွေးရောင်လွှမ်းလာသည်။ တစ်ဆက်တည်းမှာပင် တုန်ယင်နေမှုများ သက်သာကာ တည်ငြိမ်သွားခဲ့သည်။ ငါးယောက်လုံး ထူထူထောင်ထောင် ပြန်ဖြစ်သွားကြသည်။
‘ကျားဘုရင်သွေးစွမ်းအားက တကယ်ထူးခြားတာပဲ။ သွေးစွမ်းအားလေး နည်းနည်းကတောင် သူတို့ကို ဆိုးရွားတဲ့ အခြေနေကနေ ပြန်ဆွဲထုတ်လိုက်နိုင်တယ်။ ဒါပေမဲ့ မလုံလောက်သေးဘူး…’
လူငယ်ငါးယောက်လုံး ပြန်တည်ငြိမ်သွားပြီ ဖြစ်သော်လည်း ခွန်အားကတော့ မရှိသေးပေ။ အားနည်းနေကြတုန်းပင်။ ဗီဇသွေးအဆီနှစ် ထုတ်ယူခံရခြင်းက သူတို့အတွက် တကယ်ပင် ထိခိုက်ဆုံးရှုံးမှု ကြီးမားပုံရသည်။
ရှောင်လုံက သူ့ကိုယ်ထဲက သွေးစွမ်းအားကို ပြန်အာရုံခံပြီး ကျားဘုရင်သွေးစွမ်းအားကို စုစည်းကြည့်သည်။ ကျားဘုရင်သွေးစွမ်းအားက သူ့သွေးနှင့် ပေါင်းစပ်နေပြီဖြစ်၍ ပြန်စစ်ထုတ်ရန် မဖြစ်နိုင်တော့ပေ။ သို့သော် သူ့သွေးတစ်စက်တွင် ကျားဘုရာင်သွေးစွမ်းအား ပိုပါဝင်အောင်တော့ လုပ်နိုင်သည်။
ရှောင်လုံက သူ့လက်ညိုးကို ထပ်ညှစ်၍ သွေးစက် ထပ်ထုတ်သည်။
‘ကောင်းတယ်။ ဒီ သွေးစက်က ခုနက သွေးစက်ထက် ကျားဘုရင်သွေးစွမ်းအား ပိုပါတယ်…’
“ရော့…၊ တစ်ယောက်တစ်စက် ယူလိုက်ကြဦး။ မင်းတို့ရဲ့ ခွန်အားတွေ နဂိုအတိုင်း ပြန်ဖြစ်နိုင်မလား ကြည့်ရအောင်”
လူငယ်ငါးယောက်မှာ ကျားဘုရင်သွေးစွမ်းအားကို သူတို့ လက်ခံနိုင်မှန်း သိသွားသောအခါ တက်ကြွလာကြသည်။ ရှောင်လုံကိုလည်း အလွန်ကျေးဇူးတင်ပြီး လေးစားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
“လာပါ။ ရော့ ယူလိုက်ကြ”
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်”
ထို့ကြောင့် ရှောင်လုံပေးသော နောက်ထပ်သွေးစက်ကို ထပ်လက်ခံပြီး မြို့ချလိုက်ကြသည်။
“အီး…”
ဤတစ်ခါတွင်တော့ လူငယ်ငါးယောက်က မချည့်မဆန့် ညည်းညူရင်း ကျောများရင်များ ကော့ကာ ခြေလက်များ အကြောဆွဲပြီး တွန့်လိမ်ကုန်သည်။
‘တကယ် မလွယ်ဘူးပဲ။ ကျားဘုရင်သွေးစွမ်းအားက သူတို့မျိုးနွယ်တွေအတွက် တကယ်ကို မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေတာပဲ။ အားနည်းတဲ့ မျိုးနွယ်စုဝင်တွေ လက်ခံနိုင်တဲ့ အရာ မဟုတ်ဘူး…’
လူငယ်ငါးယောက် အချိန်အနည်းငယ်ကြာသည်အထိ ခက်ခက်ခဲခဲ တောင့်ခံလိုက်ကြပြီးနောက် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားကြသည်။
သူတို့ထံတွင် တူညီသော သွေးစွမ်းအားအရှိန်ဝါတစ်ခု တည်ရှိသွားခဲ့သည်။ သူတို့၏ မျက်လုံးများ ဝါကြန်ကြန်တောက်ပလာသည်။ ကျားရဲတစ်ကောင်၏ တည်ငြိမ်မှုနှင့် သားရဲဆန်မှုတို့ ထင်ဟပ်နေခဲ့သည်။
“အခြေနေကောင်းသွားပြီပဲ”
လူငယ်ငါးယောက်က ရှောင်လုံရှေ့တွင် ချက်ချင်းဦးညွှတ်၍ အရိုသေပေးကြသည်။
“ကယ်တင်ရှင်ကို ကျေးဇူးတင်ပါတယ်”
ရှောင်လုံက သူတို့၏ မျိုးနွယ်ဝင်မဟုတ်မှန်း သူတို့က သိကြသည်။ သို့သော် ရှောင်လုံထံတွင် ကျားဘုရင်သွေးစွမ်းအား ရှိနေသည်ကိုလည်း သူတို့က သိကြသည်။ ထိုအတွက် အဖြေမှာ ရှောင်လုံက သူတို့မျိုးနွယ်စုမှ အသိမှတ်ပြုထားသော ကျေးဇူးရှင်တစ်ယောက် သူရဲကောင်းတစ်ယောက်သာ ဖြစ်ပေမည်။ ဤကား ရှေးဟောင်းကျားလူသားမျိုးနွယ်စုဝင်များ အလိုလျောက်သိနိုင်သော ရိုးရာအစဉ်လာဖြစ်သည်။
လူငယ်ငါးယောက်လုံး ပုံမှန်နီးပါး အခြေနေပြန်ကောင်းသွားပြီဖြစ်၍ ရှောင်လုံလည်း စိတ်အေးသွားသည်။
“ငါ့ကို ဟူလုံလို့ပဲ ခေါ်ပါ။ မင်းတို့က…”
ရှောင်လုံက သူ့နာမည်မှန်ကို မပြောချင်၍ ဟူလုံဟုသာ ပြောလိုက်သည်။
“ကျွန်တော်က ဟူယုံပါ၊ သူကတော့ ဟူဖန်း၊ သူက ဟူရှန်း၊ သူက ဟူလင်း၊ သူကတော့ ဟူကျဲ့”
ဟူယုံဆိုသော လူငယ်က သူ့နာမည်ကို ပြောပြရင်း သူ့အဖော်များ၏ နာမည်ကိုလည်း ပြောပြသည်။
ရှောင်လုံက ငါးယောက်ထဲတွင် ရဲရင့်ပုံပေါ်သည့် ဟူယုံဆိုသော လူငယ်ကို ကြည့်ကာ ခေါင်းညိတ်သည်။
“မကြာခင် ငါတို့ ဒီနေရာက ထွက်သွားကြမယ်”
ဟူယုံတို့က တက်ကြွလာကြသည်။
ရှောင်လုံက တခြားလှောင်အိမ်ငါးခုကို ကြည့်လိုက်သည်။
“သူတို့က…”
ဟူယုံက လှောင်အိမ်ထဲက လူငယ်ငါးယောက်ကို ကြည့်လိုက်ပြီး ပြောပြသည်။
“သူတို့က ဝံပုလွေလူသားမျိုးနွယ်စုရွာကပါ”
ဝံပုလွေလူသားမျိုးနွယ်စုလော။ ဘိုးဘေးမှတ်တမ်းထဲတွင် ဖော်ပြထားသော ရှေးဟောင်းလူသားမျိုးနွယ်စုများထဲတွင် ဝံပုလေလူသားမျိုးနွယ်စုလည်း တစ်ခုအပါဝင် ဖြစ်သည်။
“သူတို့လည်း ဗီဇသွေးအဆီနှစ် ထုတ်ယူခံထားရတာလား”
“ဟုတ်ပါတယ်”
ရှောင်လုံတစ်ယောက် အတွေးနက်သွားရသည်။
‘နဂါးစိမ်းဂိုဏ်းက ရှေးဟောင်းလူသားမျိုးနွယ်စုတွေကို ဖမ်းဆီးပြီး ဗီဇသွေးအဆီနှစ်ကို ထုတ်ယူထားတာက ဘာလုပ်ဖို့လဲ။ ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်လောက်ဘူး…’
ရှောင်လုံက ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များကို ကြည့်လိုက်သည်။
အားလုံး အတော်လေး အခြေနေဆိုးနေသည်။ ထရပ်နိုင်စွမ်းပင် မရှိပေ။
‘သူတို့ရဲ့ အခြေနေနဲ့ဆိုရင်တော့ သူတို့ကိုပါ ခေါ်သွားဖို့က မလွယ်ဘူး…’
ရှောင်လုံတို့က လူသုံးယောက်၊ ဟူယုံတို့က ငါးယောက် ထိုရှစ်ယောက်က ဝံပုလွေလူသားမျိုးနွယ်စုမှ လူငယ်ငါးယောက်ကို သယ်သွားရမည်လော။
“သူတို့က မင်းတို့ထက်တောင် ပိုအားနည်းနေတယ်။ မင်းတို့ကမှ ထရပ်နိုင်သေးတယ်”
“ကျွန်တော်တို့လည်း အားနည်းနေခဲ့ကြတာပါ။ အကိုဟူလုံဆီက ကျားဘုရင်သွေးစွမ်းအားကို အာရုံခံမိလို့ ကျွန်တော်တို့ ထရပ်နိုင်သွားတာပါ။ သူတို့ကတော့…”
ဟူယုံက ပြောရင် တစ်ခုခုကို စဉ်းစားမိပြီး ပြောပြသည်။
“သူတို့က ဒီမှာ ချုပ်နှောင်ခံထားရတာ ကြားပြီ။ လရောင်ကို မခံစားရလို့ သူတို့က ပိုအားနည်းကုန်ကြတာ”
“လရောင်လား…”
“ဟုတ်ကဲ့…၊ ဝံပုလွေလူသားမျိုးနွယ်စုတွေအတွက် လရောင်က သူတို့ရဲ့ ဗီဇမျိုးဆက်သွေးနဲ့ သူတို့ရဲ့ ခွန်အားအတွက် ထူးခြားတဲ့ သဘာဝစွမ်းအားပါ”
“အဲဒီလိုလား…၊ ဒီညက လပြည့်ညပဲ။ အပြင်မှာ လသာနေတယ်”
“ဒါဆို…”
ဟူယုံက သူ့အဖေါ်များကို ကြည့်လိုက်သည်။
ကျန်လူငယ်များကလည်း စဉ်းစားနေကြသည်။
“သူတို့ကို အပြင်ထုတ်ပေးလိုက်ရင်တော့ ခွန်အားတချို့ ပြန်ရလာမယ်ထင်တယ်”
ရှောင်လုံလည်း ခဏစဉ်းစားလိုက်သည်။
‘ဒီလူငယ်တွေကို နဂါးစိမ်းဂိုဏ်းက အစီစဉ်ကြီးတစ်ခုအတွက် လိုအပ်နေတာ ဖြစ်လိမ့်မယ်။ ငါသာ သူတို့ကို လွှတ်ပေးလိုက်ရင် နဂါးစိမ်းဂိုဏ်းရဲ့ အစီစဉ်ကြီး ထိခိုက်သွားနိုင်တယ်။ ဒီလိုဆိုမှတော့…’
“သူတို့ကို အပြင်သယ်ထုတ်ပေးလိုက်ကြ”
“ဟုတ်ကဲ့”
ရှောင်လုံက လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်သည်။
“ဂျိုင်း ဂျိုင်း ဂျိုင်း…”
ဟူယုံတို့ ငါးယောက်က ဝံပုလွေလူသားမျိုးနွယ်စု လူငယ်ငါးယောက်ကို ဆွဲထူ၍ ကောက်ထမ်းလိုက်ကြသည်။
“ကျေး…ကျေးဇူးတင်ပါတယ်…”
ဝံပုလွေလူသားမျိုးနွယ်စု လူငယ်တစ်ယောက်က လေသံမျှ အသံထွက်ရုံဖြင့် ကျေးဇူးတင်စကား ပြောရှာသည်။ သူတို့က မလှုပ်ရှားနိုင်သော်လည်း နားကတော့ ကြားကြသည်။ မျက်လုံးကလည်း မြင်ကြသည်။ ကျားလူသားမျိုးနွယ်စုကို ကယ်တင်သူ ရောက်လာမှန်း သိနေခဲ့ကြသည်။
“သွားကြစို့”
ရှောင်လုံက အပေါ်ထပ်သို့ ပြန်တက်လာလိုက်သည်။
ဟူယုံတို့က နောက်က လိုက်လာကြသည်။
အပေါ်သို့ ရောက်လျှင် ရှောင်လုံက သူ့ဘိုးဘိုးကို လျှို့ဝှက်အသံဖြင့် ပြောလိုက်သည်။
~~ဘိုးဘိုး…၊ အဲဒီလူကို ဆွဲခေါ်လာခဲ့လိုက်~~
နှင်းပန်းနှင့် ရသေ့ကြီးက ရှောင်လုံနောက်မှ ပါလာသော လူငယ်များကို မြင်လျှင် သူတို့၏ မျက်လုံးထဲတွင် အံ့ဩရိပ်များ ထင်ဟပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လူငယ်အားလုံး၏ ကိုယ်ပေါ်တွင် နှိပ်စက်ခံထားရသည့် ဒဏ်ရာများကို မြင်လိုက်ရ၍ ဖြစ်သည်။ ထိုမျှ နှိပ်စက်ခံထားရသည့်တိုင် အသက်ဆက်ရှင်နေနိုင်ခြင်းမှာ အံ့ဩစရာကောင်းလှသည်။ လူငယ်အားလုံးမှာ လူရုပ်ပင် မပေါ်တော့အောင် မွမွညက်ညက် ကြေမတတ် ရိုက်နှက်နှိပ်စက်ခံထားရသည် မဟုတ်ပါလား။
ဟူယုံတို့ကလည်း ဒေါင်းမြီးစိမ်းကို မြင်သွားကြသည်။ အစိမ်းလိုက် စားတော့ဝါးတော့မည့် မျက်လုံးမျိုးဖြင့် ဒေါသတကြီး ကြည့်နေကြသည်။
~~ကောင်းပြီ၊ ဘိုးဘိုး ခေါ်လာမယ်~~
ထို့နောက် သူတို့အားလုံး စာကြည့်ဆောင်အပြင်သို့ ထွက်လာလိုက်ကြသည်။
နဂါးစိမ်းဂိုဏ်းသားများ၏ အရိပ်ယောင်ကို မမြင်ရပါ။ နတ်ဘုရားပူဇော်ဆုတောင်းပွဲ ကျင်းပနေတုန်း ဖြစ်ပေလိမ့်မည်။
အားလုံး လရောင်ထဲသို့ သွားလိုက်ကြသည်။
လရောင်ထဲသို့ ရောက်သည်နှင့် ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များက လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။
“အောက်…အောက်ချပေး…”
အောက်ချပေးဖို့လည်း တောင်းဆိုလာကြသည်။
ဟူယုံတို့လည်း ထိုလူငယ်များကို အောက်ချပေးလိုက်ကြသည်။
လူငယ်ငါးယောက်မှာ မြေပေါ်တွင် ပက်လက်လဲလျောင်းရင်း ကောင်းကင်ပေါ်က လမင်းကြီးကို စိုက်ကြည့်နေကြသည်။ သူတို့၏ ရင်ဘတ်များ နိမ့်ချည်မြင့်ချည်နှင့် အသက်ရှူမြန်လာကြသည်။ ခြေလက်များ တဖြည်းဖြည်း လှုပ်ရှားနိုင်လာကြသည်။ သူတို့ကိုယ်ပေါ်က အစိတ်စိတ်အမွှာမွှာ စုတ်ပြတ်နေသော အင်္ကျီကို ဆွဲဖြဲ၍ ဖယ်ပစ်လိုက်ကြသည်။
“ဗျိ ဗျိ…”
တဖြည်းဖြည်း အသက်ရှူပိုမြန်လာပြီး အသက်ရှူလည်း ကြမ်းလာသည်။
ရှောင်လုံက ထိုလူငယ်များကို အကဲခတ်၍ စောင့်ကြည့်နေလိုက်သည်။
‘လရောင်က သူတို့ရဲ့ ဗီဇသွေးမျိုးဆက်အတွက် အကျိုးရှိပုံပဲ။ သူတို့ရဲ့ ခွန်အားတွေ တဖြည်းဖြည်း ပြန်ရလာနေတယ်…’
သိပ်မကြာလိုက်ပါ။ လူငယ်ငါးယောက်လုံး ထထိုင်နိုင်လာကြသည်။ အထိုင်ပုံစံကို ပြုပြင်ပြီး လက်ဟန်တချို့ လှုပ်ရှားကာ အသက်ပြင်းပြင်းရှူလျက် လေ့ကျင့်နေကြသည်။
“ရှူးရှဲ ရှူးရှဲ ရှူးရှဲ…”
ထိုစဉ်မှာပင် နတ်ဘုရားပူဇော်ဆုတောင်းပွဲ အခမ်းနားက ပြီးသွားပုံရသည်။ စုဝေးခန်းမထဲမှ နဂါးစိမ်းဂိုဏ်းသားတချို့ ထွက်လာသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ထပ်ထွက်လာကြသည်။
“အဲဒါ ဘယ်သူတွေလဲ”
သူတို့အားလုံးက တောင်ထိပ်ကွက်လပ်မှ ရှောင်လုံတို့အဖွဲ့ကို ကြည့်နေကြသည်။ ရန်သူဟု မသိဘဲ ကြည့်နေကြသည်။ ဟူယုံတို့ကို ဖမ်းဆီးချုပ်နှောင်ထားသည်ကို သူတို့က မသိကြသောကြောင့် ဖြစ်သည်။
သူတို့နောက်မှ ဌာနခွဲမှူး ထွက်လာသည်။
“ဒါက…”
ဌာနခွဲမှူးက ဟူယုံတို့ကိုလည်းကောင်း၊ ဝတ်စုံနက်ကိုယ်စီနှင့် ရှောင်လုံတို့ကိုလည်းကောင်း၊ ရသေ့ကြီး၏ လက်ထဲမှ ဒေါင်းမြီးစိမ်းကိုလည်းကောင်း မြင်သွားသည်။
ဒေါင်းမြီးစိမ်း။ သိုင်းထိပ်သီးအဆင့်တစ်ယောက်က ကြက်ကလေးငှက်ကလေးကို အဖမ်းခံထားရသည်။ အောက်မေးရိုးကြီး ပြုတ်ကျနေပြီး ပါးစပ်ကြီး ဟောင်းလောင်းပွင့်လျက် သွားရည်များ ထွက်ကျကာ မျှော်လင့်ချက်မဲ့သော မျက်လုံးများဖြင့် ပြူးကြောင်ကြောင် ငေးကြည့်နေသည့် ပုံစံက ဌာနမှူးကို ထိတ်ကနဲ ဖြစ်သွားစေသည်။
ထိုလူသုံးယောက်က နတ်ဘုရားပူဇော်ဆုတောင်းပွဲ ကျင်းပနေချိန်ကို အခွင့်ရေးယူ၍ တိတ်တဆိတ် လှုပ်ရှားခဲ့မှန်းလည်း နားလည်လိုက်သည်။ သို့သော် သူ နားမလည်သည်က ဝတ်စုံနက်သုံးယောက်တွင် တစ်ယောက်ကသာ သိုင်းစွမ်းအားအရှိန်ဝါ မြင့်မားပြီး ကျန်နှစ်ယောက်က အခြေခံသိုင်းအဆင့်မျှသာ ရှိသည်။ သိုင်းစွမ်းအားအရှိန်ဝါမြင့်မားသူ၏ ခွန်အားကလည်း ထိုမျှအထိ မမြင့်မားနေပေ။ သို့ဖြစ်ပါလျက် ဒေါင်းမြီးစိမ်းလို အလွန်ကျွမ်းကျင်သော သိုင်းထိပ်သီးတစ်ယောက်ကို မည်သို့ အနိုင်ယူခဲ့မှန်း မတွေးတတ် ဖြစ်နေသည်။ အလစ်ချောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်မည်ဟုသာ တွေးလိုက်သည်။
နောက်တစ်ချက်မှာ အကျဉ်းသားလူငယ်များ ဖြစ်သည်။ ထိုလူငယ်အားလုံး မည်မျှ အားနည်းချည့်နဲ့နေခဲ့သည်ကို သူက ကောင်းကောင်း သိထားသည်။ သို့သော် ယခုတွင်တော့ လူငယ်ငါးယောက်က မားမားမတ်မတ် ရပ်နေကြသည်။ ကျန်ငါးယောက်ကလည်း ထူထူထောင်ထောင် ဖြစ်နေကြလေပြီ။
“ခိုးကြောင်ခိုးဝှက်နဲ့ လူကယ်ချင်နေတာလား။ အားလုံး ဝိုင်းထားကြ။ တစ်ယောက်မှ မလွတ်သွားစေနဲ့”
“ဝိုင်းထား…”
ဌာနခွဲမှူးက အော်ဟစ်အမိန့်ပေးလိုက်သောအခါ နဂါးစိမ်းဂိုဏ်းသား နှစ်ရာခန့်က နှစ်ဖွဲ့ခွဲ၍ တစ်ရှိန်ထိုး ပြေးထွက်လာကြပြီး ရှောင်လုံတို့ကို ပိတ်ဆို့ဝိုင်းရံထားလိုက်ကြသည်။
အော်မေ့တောင်ထိပ်က သိပ်မကျယ်သော်လည်း တောင်ဆင်းတောင်တက်လမ်းက နှစ်လမ်းသာ ရှိသည်။ အရှေ့ဘက်လမ်းက အများသုံး တောင်တက်တောင်ဆင်းလမ်းဖြစ်ပြီး အတန်အသင့် ပြေပြစ်သည်။ အနောက်ဘက်လမ်းက အရေးပေါ်လမ်းဖြစ်သည်။ မတ်စောက်ပြီး အတက်အဆင်း ခက်သည်။ သာမန်လူများ တက်ဆင်းရန် မလွယ်ပေ။ တောင်ဘက်နှင့် မြောက်ဘက်တွင်တော့ မတ်စောက်သော ချောက်ကမ်းပါးကြီးသာ ရှိသည်။ သိုင်းပညာနှင့် ကိုယ်ဖော့ပညာသာ မမြင့်မားလျှင် ဆင်းတက်ရန် မဖြစ်နိုင်ပေ။
ယခု နဂါးစိမ်းဂိုဏ်းသားများက အရှေ့နှင့်အနောက် တောင်တက်လမ်းကို အင်အားတစ်ရာခန့်စီဖြင့် ပိတ်ဆို့ထားလိုက်ကြပြီ ဖြစ်သည်။
လုံးဝ အဝိုင်းခံလိုက်ရခြင်းပင်။
“အကိုဟူလုံ…”
ဟူယုံက ရှောင်လုံကို ကြည့်ပြီး တီးတိုးခေါ်သည်။ ရန်သူအင်အားက များလွန်းနေ၍ ဖြစ်သည်။ သူတို့၏ ခွန်အားတချို့ ပြန်ရလာပြီ ဖြစ်သော်လည်း နဂိုခွန်အားကိုတော့ ပြန်မရကြသေးပေ။ သူတို့၏ နဂိုခွန်အားဖြင့်ပင်လျှင် ထိုရန်သူအင်အားကို ရင်မဆိုင်နိုင်ပေ။ သူတို့၏ ခွန်အားနှင့် သူတို့၏ နည်းစနစ်များက အဆင့်မြင့်သိုင်းသမားတစ်ယောက် နှစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်းမျိုး ရှိသည်။ သစ်တောလို ပတ်ဝန်းကျင်အနေထားကောင်းကို အားပြု၍ ချောင်းမြောင်းတိုက်ခိုက်ရလျှင်တော့ အဆင့်မြင့်သိုင်းသမား တစ်ဆယ်ခန့်ဆိုလျှင်ပင် သူတို့က မကြောက်ပေ။ အခုတော့ နေရာကလည်း ရန်သူနေရာ၊ သူတို့ကလည်း ခွန်အား အပြည့်မရသေး၊ ရန်သူ့အင်အားကလည်း အဆမတန် များနေသည်။
ဟူဖန်းနှင့် ဟူရှန်းတို့ လေးယောက်ကလည်း ရှောင်လုံကို ကြည့်နေကြသည်။ သို့သော် သူတို့၏ မျက်လုံးထဲတွင်တော့ ကြောက်ရွံသည့် အငွေ့အသက် တစ်စက်မျှပင် မရှိနေခဲ့ပေ။
ရှောင်လုံက ခြေဆန့်လက်ဆန့်လုပ်၍ အကြောဖြေလျှော့လိုက်သည်။
~~မမ၊ လူရိုက်ရအောင်~~
နှင်းပန်းက ရှောင်လုံ၏ စကားကြောင့် ရယ်သည်။
~~ခစ်ခစ်…၊ အင်း…၊ လူရိုက်ရအောင်~~
~~ဟိုတစ်ယောက်က သိုင်းအကျော်မော်ပဲ။ မမ ရိုက်ချင်လား~~
~~အကောင်ကြီးကို ရိုက်လိုက်ရင် အကောင်လေးတွေ မလှုပ်ရှားရဲ ဖြစ်ကုန်လိမ့်မယ်~~
~~ဟီးဟီး…၊ ဟုတ်တယ်။ အကောင်လေးတွေကိုပဲ ရိုက်ရအောင်။ အကောင်ကြီးကို ဘိုးဘိုးလက်ထဲ အပ်လိုက်မယ်~~
~~အင်း…~~
~~ဘိုးဘိုး…၊ ဟို သိုင်းအကျော်မော်ကို ခဏ ထိန်းထားပေး။ သားတို့ လူရိုက်လိုက်ဦးမယ်~~
“… …”
ရသေ့ကြီးမှာ ဘာမှ မပြောနိုင်ဘဲ သူ့မြေးနှစ်ယောက်ကို ကြည့်နေခဲ့သည်။
ရှောင်လုံက ဟူယုံတို့ကို ကြည့်လိုက်ပြီး တီးတိုး ပြောလိုက်သည်။
“မင်းတို့စိတ်ထဲက ဒေါသကို ငါ သိတယ်။ စိတ်ကြိုက် တိုက်ခိုက်ကြ။ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ကြ”
ရှောင်လုံက ပြောပြီးသည်နှင့် ရုတ်တရက် အော်ဟစ်ပြီး နဂါးစိမ်းဂိုဏ်းသားများ မရှိသည့် တောင်ဘက်သို့ ထွက်ပြေးသွားသည်။
“လွတ်အောင် ပြေးကြဟေ့…”
ထွက်ပြေးသွားသည်လော။
ဟူယုံတို့မှာ ဆွံ့အလျက် ကျန်ရစ်ခဲ့သည်။ ရဲရဲဝံ့ဝံ့တိုက်ခိုက်ကြဟု မပြောခဲ့ဘူးလော။ သူတို့ချည်း တိုက်ခိုက်ရမည်လော။
နှင်းပန်းက စိတ်ထဲမှ ကျိတ်ရယ်သည်။
‘ခစ်ခစ်…၊ ဒီကလေးကတော့လေ…’
သူမလည်း နဂါးစိမ်းဂိုဏ်းသားများ မရှိသည့် မြောက်ဘက်သို့ ထွက်ပြေးသွားလိုက်သည်။
“မပြေးနဲ့။ လိုက်ကြ”
“ယား…”
“ကျား…”
ရှောင်လုံနှင့် နှင်းပန်းတို့ ထွက်ပြေးသွားသည်ကို မြင်လျှင် နဂါးစိမ်းဂိုဏ်းသား နှစ်ဆယ်ခန့်စီ ပြေးလိုက်လာကြသည်။ ကျန်လူများက တောင်ဆင်းလမ်းကို ဆက်ပြီး ပိတ်ဆို့ထားကြသည်။
“ဟမ့်…၊ ဘယ်ပြေးမလို့လဲ။ ချောက်ထဲ ခုန်ချမလို့လား။ ဟားဟား…”
ဟုတ်သည်။ ရှေ့တွင် ပြေးလမ်း မရှိတော့ပေ။ ချောက်ကမ်းပါးသာ ရှိတော့သည်။
“ချမ်းသာပေးပါ…”
ရှောင်လုံက အော်ဟစ်၍ ချောက်ကမ်းပါးစွန်းမှ ပတ်၍ အရှေ့ဘက်သို့ ဆက်ပြေးသည်။ သို့သော် ပြေးလမ်းက ပိတ်သွားပြန်သည်။ အရှေ့ဘက်တောင်ဆင်းလမ်းကို ပိတ်ဆို့ထားသော နဂါးစိမ်းဂိုဏ်းသားများ ရှိနေသည် မဟုတ်ပါလား။
အရှေ့နောက် ညှပ်ပူးညှပ်ပိတ် အဝိုင်းခံလိုက်ရပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း နှင်းပန်းမှာ ရှောင်လုံကဲ့သို့ပင် အဝိုင်းခံလိုက်ရပြီ ဖြစ်သည်။
“အသာတကြည့် အဖမ်းခံလိုက်။ ငါတို့က မခုခံတဲ့ ရန်သူကို နာနာကျင်ကျင် သတ်လေ့ မရှိဘူး။ မနာကျင်စေဘူးလို့ အာမခံတယ်”
ရှောင်လုံက အဖမ်းမခံလိုဟန်ဖြင့် ခေါင်းခါသည်။
“ကောင်းတယ်။ ရဲရင့်တယ်။ ဒါပေမဲ့ မင်းရဲ့ ရဲရင့်မှုက ဘယ်လောက် ဆိုးရွားလဲဆိုတာ မကြာခင် သိရလိမ့်မယ်။ ဖမ်းလိုက်စမ်း”
အလယ်လတ်အဆင့် ဂိုဏ်းသားတစ်ယောက် ရှေ့ထွက်လာပြီး ရှောင်လုံကို ဖမ်းလိုက်သည်။ ဖမ်းမိသွားသည်။
ရှောင်လုံက အတင်းရုန်းထွက်သည်။
“လွှတ် လွှတ် အား အီး…”
နဂါးစိမ်းဂိုဏ်းသားကလည်း အတင်းဖမ်းချုပ်ထားသည်။ သို့သော် မဖမ်းချုပ်ထားနိုင်တော့ဘဲ လွတ်ထွက်သွားခဲ့သည်။
“ဟမ့်…၊ အားကတော့ ကောင်းသားပဲ”
ထိုနဂါးစိမ်းဂိုဏ်းသားက ထပ်ဖမ်းသည်။ ထပ်မိသည်။ ထပ်ရုန်းထွက်သွားပြန်သည်။
နဂါးစိမ်းဂိုဏ်းသားက ဒေါသထွက်လာပြီး အားကုန် ဖမ်းချုပ်သည်။
“အီး အား၊ လွှတ် လွှတ်…”
ရှောင်လုံကလည်း အသေအလဲ ရုန်းသည်။ထပ်လွတ်သွားပြန်သည်။ ရွှံ့ထဲက ငါးရှဉ့်ကို ဖမ်းနေရသလိုမျိုး ဖမ်းမိလိုက် လွတ်ထွက်သွားလိုက်နှင့် ဖြစ်နေသည်။
“ခွေးကောင် မင်းကို ငါ သတ်မယ်”
ထိုနဂါးစိမ်းဂိုဏ်းသားမှာ ရှက်လာသည်။ အားလုံးဝိုင်းကြည့်နေသည့်ကြားတွင် အဆင့်နိမ့်သိုင်းသမားတစ်ယောက်ကိုပင် မိအောင် မဖမ်းနိုင်ဖြစ်နေ၍ ရှက်ရှက်နှင့် ဒေါသတကြီး ဖမ်းချုပ်ကာ အနောက်ကနေ လည်ပင်းကို ချုပ်ထားလိုက်သည်။ အသေသတ်နိုင်သည့် ချုပ်ကွက် ဖြစ်သည်။
ရှောင်လုံကလည်း အကြောက်အကန် ရုန်းသည်။
“အီး အွတ် အဟွတ်…၊ ဒုတ် ခွပ်…”
“အင့်…”
ရုန်းကန်ရင်းနှင့် ရှောင်လုံက ဆောင့်ရုန်းလိုက်ရာ ရှောင်လုံ၏ ခေါင်းက နဂါးစိမ်းဂိုဏ်းသား၏ မေးဖျားကို ပင့်ဆောင့်မိသွားသည်။ ထိုအခါ အနောက်က ချုပ်ထားသော နဂါးစိမ်းဂိုဏ်းသားမှာ အင့်ကနဲ ညည်းညူပြီး ချုပ်ထားသော လက်များ ပြေလျှော့ကာ ခွေလဲကျသွားလေ၏။ မေးဖျားကို ပင့်လက်သီးချက် ထိသွားသည်နှင့် တူနေသဖြင့် ပျော့ခွေလဲကျသွားရသည်။
“အီး အဟွတ် အဟွတ်…”
ရှောင်လုံက အမောတကော အသက်ရှူရင်း လည်ပင်းကို ပွတ်သပ်ကာ ချောင်းဆိုးနေခဲ့သည်။
“အသုံးမကျတဲ့ကောင်။ ဒါလေးတောင် ဖြစ်အောင် မလုပ်နိုင်ဘူး။ ဘာရပ်ကြည့်နေကြတာလဲ။ ဖမ်းကြစမ်းပါဟ”
နဂါးစိမ်းဂိုဏ်းသားတစ်ယောက် ရှေ့တက်လာပြန်သည်။ ထိုလူက အဆင့်မြင့်သိုင်းသမား ဖြစ်သည်။
“မင်းက ဆိုးဆိုးရွားရွား သေချင်နေတာကိုး”
ရှောင်လုံက ရုတ်တရက် လှုပ်ရှားလိုက်သည်။ မြေပေါ်လဲကျနေသော နဂါးစိမ်းဂိုဏ်းသားကို ဆွဲထူ၍ အနောက်ကနေ လည်ပင်းကို ဖမ်းချုပ်ထားလိုက်သည်။ ထိုဖမ်းချုပ်ကွက်က ခုနက ထိုနဂါးစိမ်းဂိုဏ်းသား အသုံးပြုခဲ့သော အသေသတ်ဖမ်းချုပ်ကွက် ဖြစ်သည်။
“ရှေ့မတိုးလာနဲ့။ ကျုပ် သတ်ပစ်လိုက်မယ်”
ရှောင်လုံက သူ့လက်ထဲက ဂိုဏ်းသား၏ လည်ပင်းကို အားနှင့် ညှစ်ချုပ်လိုက်သည်။
“အစ် အစ်…”
သတိလစ်နေသော ထိုဂိုဏ်းသားမှာ မည်သို့ သတိပြန်ရလာမှန်းမသိဘဲ မျက်လုံးပြူးလျက် လျှာထွက်ကာ ရုန်းကန်နေတော့သည်။
ဝိုင်းရံပိတ်ဆို့ထားသော နဂါးစိမ်းဂိုဏ်းသားများ၏ မျက်နှာများ တင်းမာခက်ထန်သွားသည်။
“ရှေ့မတိုးလာနဲ့နော်။ ကျုပ် တကယ်သတ်လိုက်မှာနော်”
နဂါးစိမ်းဂိုဏ်းသားများ၏ မျက်နှာများ တင်းမာခက်ထန်နေရာမှ ပြေလျှော့သွားသည်။ အေးတိအေးစက်နိုင်သော အပြုံးတစ်ခုက သူတို့မျက်နှာပေါ်တွင် လက်ကနဲ ထင်ဟပ်သွားသည်။
“ကောင်းပြီ…၊ ကောင်းပြီ…”
နဂါးစိမ်းဂိုဏ်းသားတချို့က အသာနောက်ဆုတ်၍ တောင်ဆင်းလမ်းကို ဖွင့်ပေးသည်။
“သွားပါ။ ငါတို့လူကို သတ်လိုက်ရင်တော့ မင်းကို အလွှတ်မပေးဘူး”
ရှောင်လုံက ထိတ်လန့်စိုးရွံ့ဟန်ဖြင့် သူ့လက်ထဲက နဂါးစိမ်းဂိုဏ်းသားကို ဆက်ထိန်းချုပ်ပြီး တောင်ဆင်းလမ်းဘက်သို့ သွားသည်။
နဂါးစိမ်းဂိုဏ်းသားများ၏ ကြားထဲသို့ အလိုလို တိုးဝင်မိလျက်သား ဖြစ်သွားသည်။ နဂါးစိမ်းဂိုဏ်းသားများက အမှန်တကယ် လမ်းဖွင့်ပေးခြင်းမဟုတ်ဘဲ ရှောင်လုံကို ကျုံးသွင်းလိုက်ခြင်း ဖြစ်သည်။
ထိုစဉ် ရှောင်လုံ၏ အနောက်ဘက်မှ နဂါးစိမ်းဂိုဏ်းသားတစ်ယောက်က လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ သူ့လှုပ်ရှားမှုက မြန်သည်။ လျှပ်တစ်ပြက် ခုန်ဝင်လာရင်း လက်ထဲတွင်လည်း ဓားမြှောင်တစ်ချောင်း ပါလာသည်။
“ဝှစ်…”
အကာကွယ်မဲ့နေသော ရှောင်လုံ၏ လည်ပင်းကို ဓားမြှောင်ဖြင့် ခုတ်ပိုင်းလိုက်သည်။
လည်ပင်း ထက်ပိုင်း မပြတ်လျှင်ပင် ဇက်ကြောပြတ်ပြီး ချက်ချင်း သေသွားနိုင်သော သတ်ဖြတ်ကွက် ဖြစ်သည်။
“ရွှပ်…”
လှီးဖြတ်မိသံနှင့်အတူ လေထဲတွင် သွေးများ ပန်းထွက်လာသည်။
“အဟွတ် အွတ်…”
အသံက ရှောင်လုံထံမှ မဟုတ်ပေ။ ရှောင်လုံလက်ထဲ ချုပ်နှောင်ခံထားရသော နဂါးစိမ်းဂိုဏ်းသားထံမှ ဖြစ်သည်။ ထိုနဂါးစိမ်းဂိုဏ်းသား၏ လည်ပင်းမှာ လှီးဖြတ်ဒဏ်ရာဖြင့် ဟက်တက်ကြီး ပြတ်ပြီး သွေးများ ဒရဟော ထွက်နေသည်။ သွေးအမြှုပ်များလည်း တပွက်ပွက် ထွက်နေသည်။ လည်ပင်းသွေးကြောနှင့် လေပြွန် ပြတ်ထွက်သွား၍ ဖြစ်သည်။ မကြာပါ။ ချက်ချင်း အသက်ထွက်သွားခဲ့သည်။
ဓားမြှောင်ဖြင့် တိုက်ခိုက်ခဲ့သော နဂါးစိမ်းဂိုဏ်းသားမှာ မှင်တက်အံ့ဩလျက် ကြောင်ကြည့်နေမိသည်။ သူ့ဓားချက်က မည်သို့ဖြစ်ပြီး ဂိုဏ်းတူညီ၏ လည်ပင်းကို လှီးဖြတ်မိခဲ့မှန်း မသိဘဲ ဖြစ်နေသည်။
ထိုစဉ်မှာပင် ရှောင်လုံက သူ့လက်ထဲက အသက်မဲ့နေပြီဖြစ်နေသော နဂါးစိမ်းဂိုဏ်းသားအလောင်းကို တွန်းပစ်ထုတ်လိုက်သည်။
“ဝုန်း…”
ဓားမြှောင်ကိုင်လျက် ကြောင်အ မှင်တက်နေသော ဂိုဏ်းသားမှာ သူ့ထံ လွင့်လာသော သူ့ဂိုဏ်းတူညီကို အယောင်ယောင်အမှားမှားနှင့် ဖမ်းထားလိုက်မိသည်။
ဖမ်းလိုက်စဉ်မှာပင် သူ့လက်ထဲက ဓားမြှောင်က အလုခံလိုက်ရသည်။
အလောင်းနောက်မှ ကပ်လိုက်လာသော ရှောင်လုံက လုသွားခြင်း ဖြစ်သည်။
ရှောင်လုံက ထိုဂိုဏ်းသား၏ လက်နှစ်ဖက်ကို အနောက်က လှိမ်ချုပ်ထားပြီး လည်ပင်းကို ဓားမြှောင်ဖြင့် ထောက်ထားလိုက်သည်။
“တစ်ယောက်မှ မလှုပ်နဲ့နော်။ တစ်ယောက်ယောက် လှုပ်တာနဲ့ ကျုပ် သတ်ပစ်လိုက်မှာ”
“ဟားဟားဟား…၊ မင်း ငါ့ကို မသတ်ရဲပါဘူး”
အဖမ်းခံထားရသော နဂါးစိမ်းဂိုဏ်းသားက ရယ်သည်။
“ကျုပ် တကယ်မသတ်ဘူး ထင်နေလား”
“ဒါဆို သတ်လိုက်လေ။ အခု သတ်လိုက်”
နဂါးစိမ်းဂိုဏ်းသားက သူ့လည်ပင်းကို ဓားဘက် ယိုင်ပေးသည်။
“ကျုပ်…”
ရှောင်လုံက ဓားကို နောက်ဆုတ်ပေးလိုက်ရသည်။
ရှောင်လုံ တကယ်မသတ်ရဲမှန်း သိသွားသည်နှင့် နဂါးစိမ်းဂိုဏ်းသားက အေးစက်စွာ ပြုံးလိုက်သည်။ တခြားနဂါးစိမ်းဂိုဏ်းသားများလည်း ပြုံးလိုက်ကြသည်။
“မင်း မလွတ်နိုင်ပါဘူး”
နဂါးစိမ်းဂိုဏ်းသားက ပြောပြောဆိုဆိုနှင့် လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ သူ့ညာခြေ ရိပ်ကနဲ မြောက်တက်လာပြီး နောက်က ချုပ်ထားသော ရှောင်လုံ၏ မျက်နှာကို ပင့်ကန်လိုက်သည်။ လျှင်မြန်ပြီး ပျော့ပျောင်းသော ခြေပြန်ကန်ချက် ဖြစ်သည်။
“ဖတ်…”
“စွပ်…”
ကန်ချက်က မြန်သော်လည်း ရှောင်လုံက ပိုမြန်နေသည်။ ရှောင်လုံ ချုပ်ထားသူကို လွှတ်ပစ်ပြီး နောက်ဆုတ်သွားသည်။ ထိုမျှသာမက သူ့လက်ထဲက ဓားကိုလည်း လွှတ်ထားခဲ့သည်။
နဂါးစိမ်းဂိုဏ်းသား၏ ခြေပြန်ကန်ချက်က ရှောင်လုံကို မကန်မိဘဲ ရှောင်လုံ လွှတ်ခဲ့သည် ဓားမြှောင်ကို ကန်မိသွားသည်။
အခုတော့ ဓားမြှောင်က သူ့ပိုင်ရှင်၏ လည်ပင်းတွင် ကန့်လန့်ဖြတ်လျက် ထုတ်ချင်းခပ် စိုက်ဝင်နေခဲ့လေ၏။
“အဟွတ်…”
ထိုနဂါးစိမ်းဂိုဏ်းသားမှာ မျက်လုံးကြီး ပြူးလျက် ဓားမြှောင်လက်ကိုင်ကို ဆုပ်ကိုင်ကာ ဆွဲထုတ်ရန် ကြိုးစားရင်းက ဘိုင်းကနဲ လဲကျသွားသည်။ တစ်ချက်နှစ်ချက် အကြောဆွဲပြီးနောက် ငြိမ်ကျသွားခဲ့သည်။
နောက်တစ်ယောက် သေသွားပြန်လေပြီ။ ကိုယ့်ဓားနှင့်ကိုယ်၊ ကိုယ့်လည်ပင်းထဲကို ကိုယ့်ဓားမြှောင် ပြန်ကန်ထည့်မိပြီး သေသွားသည်။ မည်သို့သော အဖြစ်မျိုးနည်း။
အားလုံး တိတ်ဆိတ်နေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသများ တောက်လောင်လာသည်။ ရက်စက်သော အငွေ့အသက်များ လျှံထွက်လာသည်။ အားလုံးက ရှောင်လုံကို ဝိုင်းအမဲဖျက်တော့မည့် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူတို့အားလုံး သတ်ဖြတ်ချင်နေကြလေပြီ။
“မင်းကို သတ်မယ်ကွ…”
“သတ်…”
“သတ်ကြ…”
အော်ဟစ်ပြီး လူတစ်အုပ်လုံး ရှောင်လုံထံ ပြေးဝင်လာကြတော့သည်။
အခန်း(၃၆၃)ပြီး
***