ကောင်းကင်တွင် ငွေလမင်းကြီးက ငြိမ်သက်အေးချမ်းစွာ သာနေ၏။
အော်မေ့တောင်ထိပ်တွင်ကား…
ရှောင်လုံမှာ ပြေးဝင်လာကြသော လူအုပ်ကြီး၏ ကြားထဲတွင် တောင်ပြေးလိုက် မြောက်ပြေးလိုက်နှင့် ပျာယာခတ်နေ၏။
“အီး အား…”
“လွှတ်ပေးပါ…”
“ချမ်းသာပေးပါ…”
ပါးစပ်ကလည်း အငြိမ်မနေဘဲ အော်ဟစ်နေသေးသည်။
“ဖုန်း… ဖြောင်း…”
“ခွပ်… ခွပ်…”
အတင်း တိုးကြိတ်ရုန်းကန်၍ ထွက်ပြေးဖို့ ကြိုးစားရင်း၊ ရှောင်ရင်းတိမ်းရင်းနှင့်ကြောက်ကန်ကန်လျက် ပြန်လည်တိုက်ခိုက်သည်။
နဂါးစိမ်းဂိုဏ်းသား တစ်ရာခန့်က ရှောင်လုံတစ်ယောက်တည်းကို အတင်းပိတ်ဆို့ ဖမ်းချုပ် တိုက်ခိုက်နေကြသည်။
နဂါးစိမ်းဂိုဏ်းသားများ၏ လက်သီးချက်များ၊ လက်ဝါးချက်များ၊ ခြေကန်ချက်များက ရှောင်လုံကို ထိသလို ရှောင်လုံ၏ ပရမ်းပတာ တိုက်ခိုက်မှုများကလည်း နဂါးစိမ်းဂိုဏ်းသားများကို ထိသည်။
သူတစ်ချက်၊ ကိုယ်တစ်ချက်။ သူနာ ကိုယ်နာနှင့် တရကြမ်းတိုက်ခိုက်နေကြသည်။
အခြေနေက ဝရုန်းသုန်းကားနိုင်လှသောကြောင့် နဂါးစိမ်းဂိုဏ်းသားအချင်းချင်းလည်း မတော်တဆ ထိခိုက်မိကုန်သေးသည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ကြာလေ ဒေါသထွက်လေ ဖြစ်လာကြသည်။ ဤမျှ ဝိုင်းဝန်းတိုက်ခိုက်နေသည့်ကြားတွင် ဖမ်း၍လည်း မမိ၊ အမိအရလည်း မတိုက်ခိုက်နိုင်ဘဲ သူတို့ပင် တစ်ချက်တစ်ချက် ပြန်ထိခိုက်နေသေးသည့်အတွက် ပို၍ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ကြသည်။
သို့သော် အခုချိန်ထိ မည်သူမှ လက်နက် မထုတ်သုံးဘဲ လက်ဗလာဖြင့်သာ တိုက်ခိုက်နေကြသည်။
“ယား…”
“သေစမ်း…”
“ဖြောင်း…”
“ဖောင်း…”
ရှောင်လုံ၏ တိုက်ပွဲအခြေနေကို ရသေ့ကြီးက ကြောင်ကြည့်နေမိသည်။ သူ့မြေး၏ တိုက်ခိုက်ပုံကို ပထမဆုံး မြင်ဖူးခြင်းလည်း ဖြစ်သည်။
‘အဲဒါက ဘယ်လို တိုက်ခိုက်ပုံကြီးလဲ…၊ အဲဒါက ရှောင်တိမ်းကွက်လား…’
ဒေါင်းမြီးစိမ်းကလည်း လှမ်းကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ ခုနက သူ့ကို လျှပ်တစ်ပြက်အတွင်း ထိန်းချုပ်အနိုင်ယူခဲ့သော လူက ထိုလူပင်လောဟုလည်း တွေးနေခဲ့သည်။
ဟူယုံတို့က ရှောင်လုံတစ်ယောက် နဂါးစိမ်းဂိုဏ်းသားများကြားထဲ ရုန်းကန်တိုက်ခိုက်နေသည်ကို ကြည့်ပြီး အံကြိတ်ကာ လက်သီးများ တင်းတင်းဆုပ်လိုက်ကြသည်။ သူတို့က ရှောင်လုံကို ဝင်ကူပြီး တိုက်ခိုက်ဖို့ ဟန်ပြင်နေသော်လည်း အခြားတစ်ဖက်တွင် တိုက်ခိုက်နေသော နှင်းပန်းကိုလည်း ကြည့်မိကြသည်။
နှင်းပန်းကလည်း ရန်သူကြားထဲတွင် လိပ်ပြာလေးတစ်ကောင်လို ခုန်ပျံလှုပ်ရှား၍ တိုက်ခိုက်နေခဲ့သည်။ ရှောင်လုံ၏ တိုက်ပွဲလောက်တော့ ဝရုန်းသုန်းကား မဖြစ်ပေ။ ရှောင်လုံလောက်လည်း အခြေနေ မဆိုးပေ။ အခုထိ နှင်းပန်းက ဒဏ်ရာတစ်ချက်ပင် မရသေးပေ။
ထို့ကြောင့် ဟူယုံတို့က တစ်ယောက်နှင့်တစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး ရှောင်လုံကို ကူညီရန် ပြေးသွားကြသည်။
ဟူယုံတို့ငါးယောက်က နဂါးစိမ်းဂိုဏ်းသားများကို အနောက်မှ အလစ်ခုန်အုပ်၍ တိုက်ခိုက်လိုက်ကြသည်။
“ဝှီး ဝှီး…”
“ဝှစ် ဝှစ်…”
“ဗျိ ဗျိ…”
“ဇွိ ဇွိ…”
“အီး…”
“အား…”
ဟူယုံတို့၏ တိုက်ခိုက်မှုက အရိုင်းဆန်ကြသည်။ ခက်ထန်ကြသည်။ ကြမ်းတမ်းကြသည်။ သန်မာကြသည်။ အညှာတာမဲ့ကြသည်။
ဟူယုံတို့က သူတို့ နှိပ်စက်ညှင်းပန်းခံထားရသမျှ ဒေါသနှင့် နာကြည်းမှုများကို ဖွင့်ထုတ်၍ ရက်ရက်တိုက်ခိုက်သတ်ဖြတ်ကြသည်။ သူတို့၏ ရက်စက်ကြမ်းတမ်းသော လက်သည်းကုတ်ချက်များအောက်တွင် နဂါးစိမ်းဂိုဏ်းသားများ ဗိုက်ပွင့်သူပွင့်၊ လည်ပင်း ပွင့်သူပွင့်နှင့် အသက်ထွက်သွားကြသည်။ တချို့မှာ အတင်းဖမ်းချုပ်၍ လှိမ်ချိုးသတ်ဖြတ်ခံရပြီး လည်ပင်း ကျိုးသူကျိုး၊ ခါးကျိုးသူကျိုးနှင့် အသက်ထွက်သွားကြသည်။
ဟူယုံတို့၏ တိုက်ခိုက်သတ်ဖြတ်မှုများက အမှန်ပင် ကြမ်းတမ်းရက်စက်လှသည်။
ရန်သူကို တိုက်ခိုက်သတ်ဖြတ်လိုက်နိုင်သဖြင့် ဟူယုံတို့၏ မျက်နှာတွင် ကျေနပ်ရိပ်များ ထင်ဟပ်သွားသည်။
အနောက်မှ ရုတ်တရက် အလစ်ဝင်တိုက်ခိုက်ခံလိုက်ရသဖြင့် နဂါးစိမ်းဂိုဏ်းသားများမှာ ဖရိုဖရဲ ဖြစ်ကုန်သည်။ နဂါးစိမ်းဂိုဏ်းသားတချို့က ဟူယုံတို့ကို လှည့်ရင်ဆိုင်သည်။
“သတ်ကြ”
“သတ်…”
“ရွှမ်း ရွှမ်း…”
သူတို့လူများ အသတ်ခံလိုက်ရသောကြောင့် နဂါးစိမ်းဂိုဏ်းသားများက လက်နက်များ ထုတ်၍ တိုက်ခိုက်ကြတော့သည်။
သတ်ဖြတ်ပွဲကြီး စတင်လေပြီ။
ဟူယုံတို့က လက်ဗလာနှင့်သာ တိုက်ခိုက်ကြသည်။ သူတို့၏ အခုန်၊ အလွှား၊ အသတ်၊ အပုတ်၊ အချုပ်၊ အချိုး တိုက်ခိုက်ပုံများက သားရဲများလို လျင်မြန်ပေါ့ပါးပြီး အဆုတ်အတက် သွက်လက်လှသည်။ ထိပ်တိုက်ရင်ဆိုင်သည်က နည်းသည်။ တိမ်းလိုက် ရှောင်လိုက် ဆုတ်လိုက်နှင့် အလစ်အငိုက်ကို ဖမ်း၍ မမျှော်လင့်သော လှုပ်ရှားမှုများဖြင့် ရုတ်တရက် တန်ပြန်တိုက်ခိုက်ကြသည်။ အများနှင့်တစ်ယောက် အဝိုင်းမခံရအောင် သတိထားကြသည်။ အရှေ့က တစ်ယောက်ကို တိုက်ခိုက်မယောင်နှင့် ခုန်ပျံကျော်လွှား၍ အနောက်ကတစ်ယောက်ကို အလစ်ဝင်တိုက်ကြသည်။
လူအုပ်ကြားထဲ ကျားရဲငါးကောင် ဝင်ရောက်တိုက်ခိုက်နေသလိုပင်။
“ဝုန်း…”
“ဝှီး…”
“ဖေါင်း…”
နဂါးစိမ်းဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
“ဒီအရိုင်းစိုင်းကောင်တွေကို အရင်သတ်ကြ”
နဂါးစိမ်းဂိုဏ်းသား အနည်းငယ်ဖြင့် ဟူယုံတို့ကို မတားဆီးနိုင်သောကြောင့် အင်အားပိုသုံးလိုက်ကြသည်။
သို့သော် သူတို့တွင် ရန်သူက ထိုအရိုင်းစိုင်း ငါးယောက်တည်း မဟုတ်ပေ။ အခုထ်ိ ဖမ်းလည်း မမိ၊ သတ်လည်း မရနှင့် ဝရုန်းသုန်းကား တိုက်ခိုက်နေသော ကြေးမျက်နှာဖုံးစွပ်နှင့် လူတစ်ယောက်လည်း ရှိနေသေးသည်။ ထိုတစ်ယောက်က သူတို့ကြားထဲတွင် ရောက်နေပြီး တွန်းထိုးတိုက်ခိုက်နေသဖြင့် နဂါးစိမ်းဂိုဏ်းသားများမှာ ဟူယုံတို့ကို အင်အားသုံး၍ ဖိအားပေးတိုက်ခိုက်ရန် ကြိုးစားလိုက်သည်နှင့် နောက်ကျောမလုံ ဖြစ်ကုန်သည်။
ထို့ကြောင့် ရှောင်လုံ၏ တွန်းထိုးတိုက်ခိုက်မှုကို ခံရကုန်သည်။
“ဖုန်း…”
ထိုအခါ ရှောင်လုံအပေါ် နဂိုဒေါက ရှိနေပြီး ဖြစ်၍ နဂါးစိမ်းဂိုဏ်းသားများက ရှောင်လုံကို အရင်သတ်ပစ်ရန် တိုက်ခိုက်ကြပြန်သည်။
“ဒီကောင်ကို အရင်သတ်”
နဂါးစိမ်းဂိုဏ်းသားများက ရှောင်လုံကို ဓားဖြင့် ဝိုင်းခုတ်ကြသည်။
“အား…၊ အမယ်လေး…၊ သေပါပြီ…”
ရှောင်လုံက ကြောက်ကြောက်လန့်လန့်နှင့် အော်ရင်း အလူးအလဲ ရှောင်တိမ်းသည်။ ရှောင်တိမ်းရင်းဖြင့် လစ်ရင်လစ်သလို ရရင်ရသလို တွန်းထိုးတိုက်ခိုက်သွားသေးသည်။
နဂါးစိမ်းဂိုဏ်းသားများက ရှောင်လုံကို မဲနေသဖြင့် ဟူယုံတို့မှာ အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းတိုက်ခိုက် မခံရတော့ပေ။ ထို့ကြောင့် သူတို့အတွက် လှုပ်ရှားတိုက်ခိုက်ရန် အခွင့်ရေးပိုရသွားကြသည်။ သူတို့ကလည်း အခွင့်ရေးကို လက်လွှတ်မခံဘဲ အတင်းတိုက်ခိုက်သတ်ဖြတ်ကြသည်။
“ဂါး…”
“ဖြောင်း ဖြောင်း…”
နဂါးစိမ်းဂိုဏ်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားပြီး တစ်ဆယ်ကျော်ခန့် အသက်ပျောက်သွားသည်။ ဟူယုံတို့၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းပင် ဖြစ်သည်။
ရှောင်လုံလက်ချက်ဖြင့် တစ်ယောက်မှ မသေပေ။ ဒဏ်ရာသာ ရကြသည်။
နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးက အခုထိ မလှုပ်ရှားသေးဘဲ ရသေ့ကြီးကို အကဲခတ်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ဂိုဏ်းသားများကိုလည်း အကဲခတ်သည်။ သူ၏ မျက်ခုံးများ တွန့်သွားသည်။
တစ်ဖက်တွင် သူ့ဂိုဏ်းသား တစ်ရာလောက်က ရန်သူတစ်ယောက်တည်းကို အနိုင်မယူနိုင်ဘဲ သူတစ်ပြန်ကိုယ်တစ်ပြန် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ အခြားတစ်ဖက်တွင် သူ့ဂိုဏ်းသားတစ်ရာခန့်က လူခြောက်ယောက်နှင့် ဖရိုဖရဲ တိုက်ခိုက်နေသည်။ ဂိုဏ်းသားတစ်ဆယ်ကျော် လဲကျငြိမ်သက်နေ၏။
‘မဟုတ်သေးပါဘူး။ တစ်ခုခုတော့ မှားနေတယ်…’
သူ့ဂိုဏ်းသားတစ်ရာခန့်က အခြေခံသိုင်းအဆင့်သာရှိသော လူတစ်ယောက်ကို အနိုင်မတိုက်နိုင်ဘဲ သူတစ်ပြန်ကိုယ်တစ်ပြိုင် အကြိန်နယ်တိုက်ခိုက်နေရသည်က မူမမှန်ပေ။ ထို့အတူ အခြားတစ်ဖက်တွင်လည်း အင်အားရော အရေတွက်ရော သာလွန်သော သူ့ဂိုဏ်းသားများက ရန်သူကို မသတ်နိုင်ဘဲ ရန်သူ၏ သတ်ဖြတ်ခြင်းကို ခံနေရသည်။ တိုက်ပွဲက လုံးဝ မူမမှန်ပေ။
သို့သော် မည်သည့်နေရာတွင် မူမမှန်ဖြစ်နေမှန်း သူ မသိပေ။ ထို့ကြောင့် ဒေါင်းမြီးစိမ်းကို ထိန်းချုပ်ထားသည့် ရန်သူကို တိုက်ခိုက်ရကောင်းနိုးနိုး သူ့ဂိုဏ်းသားများကို သွားကူရ ကောင်းနိုးနိုး ဖြစ်နေသည်။
ဒေါင်းမြီးစိမ်းကတော့ ရှောင်လုံ၏ တိုက်ပွဲကို ကြည့်ရင်းက ထိတ်လန့်လာသည်။ သူ့ဂိုဏ်းသားများအတွက် စိုးရိမ်လာသည်။
‘သူ… သူက တမင် ကစားနေတာပဲ’
သူက ရှောင်လုံ၏ အစစ်မှန်ခွန်အားကို နဖူးတွေ့ဒူးတွေ့ ခံစားခဲ့ရသူ ဖြစ်၍ ထိုလူမှာ မည်မျှ ကြောက်စရာကောင်းကြောင်းကို သူ သိသည်။ သူ့တွင် လှုပ်ရှားခွင့်ပင် မရခဲ့ပေ။ ခုခံနိုင်စွမ်းလည်း မဲ့ခဲ့ရသည်။ ထိုကဲ့သို့သော လူက နဂါးစိမ်းဂိုဏ်းသားများကြားတွင် သူတစ်ချက်ကိုယ်တစ်ချက် အပြန်လှန်တိုက်ခိုက်နေခြင်းက တမင်ကစားနေခြင်းသာဖြစ်ကြောင်း နားလည်သွားသည်။ ခုနက အနည်းငယ် ဇဝေဇဝါဖြစ်နေခဲ့သော်လည်း အခုတော့ အခြေနေမှန်ကို မြင်လာပြီ ဖြစ်သည်။
‘သွားပြီ…၊ အော်မေ့တောင် ဌာနခွဲတော့ သွားပြီ…’
ထိုအချိန်မှာပင် ဝံပုလွေလူသားမျိုးနွယ်စု လူငယ်ငါးယောက်က မျက်လုံးပွင့်လာကြသည်။ သူ့တို့ဆီမှ အရိုင်းဆန်၍ သွေးဆာသော အငွေ့သက်များ ထွက်ပေါ်နေသည်။ သူတို့က မျက်လုံးပွင့်လာသည်နှင့် တိုက်ပွဲကို ကြည့်လိုက်ကြသည်။ လေထဲက သွေးနံ့ကို ရှူရှိုက်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် သွေးဆာ၍ ရူးသွပ်ရိပ်များ ထင်ဟပ်လာသည်။
“ရန်သူ့သွေးနဲ့ ဝံပုလွေသားရဲနတ်ဘုရားကို ပူဇော်မယ်…”
တစ်ယောက်က ဝမ်းခေါင်းသံကြီးဖြင့် ပြောလိုက်သည်။
ကျန်လေးယောက်ကလည်း ပြိုင်တူ ပြောလိုက်ကြသည်။ ထို့နောက် အားလုံး ရုတ်တရက် ခုန်ထလိုက်ကြပြီး သွေးနံ့ရသည့် ရှောင်လုံနှင့် ဟူယုံတို့ တိုက်ပွဲဘက်သို့ တစ်ဟုန်ထိုး ပြေးထွက်သွားကြသည်။
“အူးဝူး…”
ဝမ်းခေါင်းသံကြီးဖြင့် အော်ဟစ်ပြီး တိုက်ပွဲထဲ ခုန်ဝင်သွားကြသည်။
“ဝှီး ဝှိး …”
“ဂါး…ဂါး…”
ထိုဝံပုလွေလူသားမျိုးနွယ်စု လူငယ်ငါးယောက်၏ တိုက်ခိုက်မှုက ပိုကြမ်းကြုတ်သည်။ ရူးသွပ်နေသူများကဲ့သို့ တရကြမ်း တိုက်ခိုက်ကြသည်။
လက်သည်းများနှင့် ကုတ်ဆွဲကြသည်။ အတင်းခုန်အုပ် လုံးထွေး၍ လည်ပင်းကို ကိုက်ဖြတ်ကြသည်။ အရိုင်းစိတ်ဝင်၍ ရူးသွပ်နေသည့် သားရဲများကဲ့သို့ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုင်သတ်ဖြတ်ကြသည်။
သူတို့၏ လှုပ်ရှားမှုများကလည်း လရောင်အောက်တွင် တရိပ်ရိပ်နှင့် နေအောင် မြန်ဆန်လှသည်။
ခဏအတွင်းမှာပင် သူတို့ကိုယ်ပေါ်တွင် နဂါးစိမ်းဂိုဏ်းသားများ၏ သွေးများ စွန်းထင်းကုန်သည်။
လေထဲတွင် သွေးညှီနံ့က တထောင်းထောင်းထလာတော့သည်။
သူတို့ငါးယောက် တိုက်ပွဲထဲ ဝင်လာသည်နှင့် နဂါးစိမ်းဂိုဏ်းသားများမှာ ချက်ချင်း အခြေနေဆိုးကုန်သည်။ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်သည်။
ဟူယုံတို့ကလည်း အလျှော့မပေးပေ။ တရကြမ်း တိုက်ခိုက်ကြသည်။ သတ်ဖြတ်ကြသည်။
မသတ်ဖြတ်ဘဲ တိုက်ခိုက်ရုံသာ တိုက်ခိုက်နေသူမှာ ရှောင်လုံတစ်ယောက်သာ ရှိသည်။
ဝံပုလွေလူသားမျိုးနွယ်စု လူငယ်ငါးယောက်နှင့် ဟူယုံတို့ ငါးယောက်ကတော့ သူတို့၏ ရန်သူများကို အညှာတာမရှိဘဲ တိုက်ခိုက်သတ်ဖြတ်ကြသည်။
“ဖြောင်း ဖောင်း…”
“ဖုန်း ဘုန်း…”
အော်ဟစ်သံများ ဆူညံသွားသည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ဓားတယမ်းယမ်းနှင့် ခုခံတိုက်ခိုက်နေသော်လည်း ခုခံနိုင်စွမ်း မရှိကြပေ။ တစ်ယောက်ပြီး တစ်ယောက် လဲကျကာ အသက်ပျောက်သွားကြသည်။
လူငယ်ဆယ်ယောက်က သားရဲများလို ရိပ်ကနဲ ရိပ်ကနဲ လက်ကနဲ လက်ကနဲ လျင်မြန်စွာ ခုန်ပျံလှုပ်ရှား၍ အလစ်အငိုက်ကို အမိဖမ်းကာ တိုက်ခိုက်သတ်ဖြတ်ကြသည်။
အခုတော့ နဂါးစိမ်းဂိုဏ်းသားများမှာ သားရဲအုပ် အဝိုင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ ကျောချင်းကပ်၍ ခုခံရန်ကလည်း သူတို့ကြားထဲရောက်နေသော ရှောင်လုံကြောင့် ကျောချင်းကပ်ခွင့် မရကြပေ။
အရိုင်းစိုင်းများကို လှည့်ရင်ဆိုင်လျှင် ရှောင်လုံက နောက်မှ တိုက်ခိုက်သည်။ ရှောင်လုံ၏ တိုက်ခိုက်မှုကို ဂရုစိုက်မိလျှင် အရိုင်းစိုင်းများ၏ သတ်ဖြတ်ခြင်းကို ခံရသည်။
အခု နဂါးစိမ်းဂိုဏ်းသား တစ်ရာခန့်မှာ ခုနစ်ဆယ်သာ ကျန်တော့သည်။ သုံးဆယ်ခန့် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
အခြေက ဝရုန်းသုန်းကား အခြေနေမျှသာ မဟုတ်တော့ပေ။ အလွန်ဆိုးရွားသော အခြေနေ ဖြစ်လာသည်။
ထိုစဉ် အသံတစ်ခု လွင့်ပျံလာသည်။
“အပြင်ဘက်က အရိုင်းစိုင်းတွေကို ခြောက်ယောက်တစ်ယောက်နဲ့ ဝိုင်းတိုက်၊ အလယ်က တစ်ယောက်ကို ဆယ်ယောက်နဲ့ ဝိုင်းထား”
နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးက လှမ်းအော်လိုက်ခြင်း ဖြစ်သည်။ သူ့ဂိုဏ်းသားများ ယခုအတိုင်း ဝရုန်းသုန်းကားနှင့် တိုက်ခိုက်နေလျှင် ရန်သူက အလစ်အငိုက်ဖမ်း၍ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်သွားပေလိမ့်မည်။ ထို့ကြောင့် တိုက်ကွက်ပုံစံဖော်၍ တိုက်ခိုက်ရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။
ထိုအခါ ဝရုန်းသုန်းကားနှင့် ဖရိုဖရဲဖြစ်နေသော နဂါးစိမ်းဂိုဏ်းသားများလည်း သတိဝင်လာကြပြီး ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
အလယ်ပိုင်းမှ နဂါးစိမ်းဂိုဏ်းသား တစ်ဆယ်က ရှောင်လုံကို ဝိုင်းထားလိုက်ကြသည်။ ကျန်ဂိုဏ်းသားများက ခြောက်ယောက်စီ ခွဲထွက်ပြီး အရိုင်းစိုင်းတစ်ယောက်စီကို ဝိုင်းလိုက်ကြသည်။
ဝရုန်းသုန်းကား တိုက်ခိုက်နေခြင်းက နဂါးစိမ်းဂိုဏ်းသားများဘက်တွင် အရေတွက်များသော်လည်း တိုက်ခိုက်မှုရော ကာကွယ်မှုပါ မထိရောက်ဘဲ ရန်သူအတွက် အလစ်အငိုက် ဖန်တီးပေးသလို ဖြစ်နေခဲ့သည်။ ယခုလို လူစုခွဲ၍ ရန်သူအသီးသီး ခွဲယူလိုက်သည့်အခါ ဝရုန်းသုန်းကား အခြေနေလည်း ပျက်သွားပြီး ရန်သူနှင့် မျက်နှာချင်းဆိုင် ဝိုင်းရံတိုက်ခိုက်နိုင်လိုက်သည့်အတွက် အလစ်အငိုက်လည်း မရှိတော့ပေ။
ဟုတ်သည်။ ယခု ဟူယုံတို့မှာ ခြောက်ယောက်တစ်ယောက် အဝိုင်းခံလိုက်ရသောကြောင့် ခုနကလို လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်တော့ပေ။ ရှုပ်ထွေးနေသော အခြေနေထဲမှ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်ရန် အခွင့်ရေးလည်း မရှိတော့ပေ။ အခြေနေက ကြပ်တည်းသွားသည်။ သူတို့၏ တစ်ယောက်ချင်းခွန်အားက ရန်သူ နှစ်ယောက်လောက်နှင့်သာ ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်း ရှိသည်။ သို့တိုင် အပြည့်အဝ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မဟုတ်ပေ။ သူတို့၏ လျင်မြန်မှုနှင့် လှုပ်ရှားမှုနည်းစနစ်များကို အသုံးချ၍ အလျဉ်းသင့်သလို တိုက်ခိုက်နိုင်ခြင်းမျိုးသာ ဖြစ်သည်။
ယခုလို စုပေါင်းသိုင်းကွက်ပုံစံဖြင့် အဝိုင်းခံလိုက်ရလျှင်တော့ သူတို့၏ လျင်မြန်မှုနှင့် လှုပ်ရှားမှုနည်းစနစ်များက အကန့်သတ်ခံလိုက်ရသည်။ သူတို့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားရန် နေရာ မရှိတော့ပေ။ အဆုတ် အတက် မချောင်တော့ပေ။
“ဟမ့်…”
“ဘာတတ်နိုင်သေးလဲ။ သေဖို့သာ ပြင်ထား”
“သတ်ကြ…”
နဂါးစိမ်းဂိုဏ်းသားများက သူတို့၏ အခြေနေ အသာစီးရသွားသဖြင့် အားတက်သွားကြသည်။ တိုက်ခိုက်ရန် ကြုံးဝါးလိုက်ကြသည်။ အထူးသဖြင့် အခုထိ မသတ်နိုင်သေးသည့် မျက်နှာဖုံးစွပ်နှင့် သရဲလိုလို တစ္ဆေလိုလို လူကို အရင်ဆုံး သတ်ရန် လှုပ်ရှားလိုက်ကြသည်။
“နေကြပါဦး…”
ရှောင်လုံက တားထားလိုက်သည်။
နဂါးစိမ်းဂိုဏ်းသားများမှာ ဓားတဝင့်ဝင့်နှင့်မှ ရပ်သွားကြသည်။
“ဘာလဲ။ အဖမ်းခံတော့မလို့လား။ နောက်ကျသွားပြီကွ”
“မဟုတ်ဘူး။ ခုနကလိုပဲ တိုက်ခိုက်ကြမယ်လေ။ နည်းနည်းဝရုန်းသုန်းကားနိုင်ပေမဲ့ တိုက်ခိုက်ရတာ ကောင်းတယ်။ ဒီလိုကြီးကျ မကောင်းတော့ဘူး။ ခုနကလိုပဲ ပြန်တိုက်ကြရအောင်နော်…”
ရှောင်လုံ၏ စကားကြောင့် နဂါးစိမ်းဂိုဏ်းသားများ မျက်လုံးပြူးသွားသည်။ အံ့ဩသွား၍တော့ မဟုတ်ပါ။ အလွန်ဆိုးရွားရှုပ်ထွေးသော ခံစားချက်ကြောင့် ဖြစ်သည်။
ရူးနေသည်လော။ အဘယ်ကြောင့် ခုနကလို တိုက်ခိုက်ရမည်နည်း။ ဝရုန်းသုန်းကား အခြေနေထဲတွင် သူတို့ ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည် မဟုတ်ပါလော။
“ခုနကလို ပြန်တိုက်ရအော် နော်…”
“ပါးစပ်ပိတ်ထား…”
နဂါးစိမ်းဂိုဏ်းသားတစ်ယောက်က စိတ်မထိန်းထားနိုင်အောင် ဒေါသထွက်လာသဖြင့် အော်ငေါက်ပြီး ဓားကို ဝင့်၍ ခုန်ဝင်လာသည်။
“ဝှစ်…”
ရှောင်လုံကို အသေသတ်ရန် ခုတ်ပိုင်းချလိုက်သည်။ သို့သော် …
“ဖတ်…”
“ဂျွတ်…”
ခုတ်ပိုင်းချလိုက်သော သူ့ ဓားကိုင်လက်ကို ခြေတစ်ဖက်က ထောက်ကန်လာသည်။ ခုတ်ချလိုက်သော အားနှင့် ထောက်ကန်ခံလိုက်ရသော အားကြောင့် လက်ဖျံရိုး ကျိုးသွားခဲ့သည်။ ဓားလည်း လွတ်ကျသွားခဲ့သည်။
နာကျင်စွာ အော်ညည်းနေမိတုန်းမှာပင် ထိုခြေထောက်က သူ့ရင်ဝထဲ ရိပ်ကနဲ တိုးဝင်လာပြန်သည်။
“အဟွတ်…”
ထိုနဂါးစိမ်းဂိုဏ်းသားမှာ လွင့်စင်ထွက်သွားပြီး ဟူယုံကို ဝိုင်းထား ခြောက်ယောက်တစ်ဖွဲ့အတွင်းသို့ ပြုတ်ကျသွားသည်။
“ဘုန်း…”
“အင့်”
တစ်ခါတည်း သတိလစ်သွားခဲ့သည်။
စုပေါင်းသိုင်းကွက်ပုံစံအတွင်း လူတစ်ယောက် ရုတ်တရက် ပြုတ်ကျလာသောကြောင့် ထိုခြောက်ယောက်တစ်ဖွဲ့၏ စုပေါင်းသိုင်းကွက်ပုံစံက ယိုင်သွားသည်။ ဟာကွက် ပေါ်သွားသည်။
ထိုအခွင့်ရေးကို ဟူယုံက အမိအရ ဖမ်းဆုပ်ပြီး လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ မြေပေါ်လဲကျ သတိလစ်နေသော နဂါးစိမ်းဂိုဏ်းသား၏ လည်ပင်းကို ဆောင့်နင်း၍ စုပေါင်းသိုင်းကွက်အတွင်းမှ ခုန်ထွက်သွားသည်။
အာဂ ဟူယုံပင်။ ထွက်ပြေးသည်ကိုပင် သတိလစ်နေသော နဂါးစိမ်းဂိုဏ်းသား၏ လည်ပင်းကို နင်းချိုး၍ သတ်ဖြတ်သွားသေးသည်။
“မလွတ်စေနဲ့ လိုက်…”
နဂါးစိမ်းဂိုဏ်းသား ခြောက်ယောက်ကလည်း အလွတ်မပေးဘဲ ပြန်ပိတ်ဆို့ရန် လိုက်ကြသည်။
ဟူယုံက မရပ်ပါ။ တောင်ထိပ်တစ်လျှောက် ပြေးရင်း အော်မေ့ဂိုဏ်း အဆောက်ဦးများကြားထဲ ပြေးဝင်သွားသည်။ အဝိုင်းခံရလျှင် သူတွင် တိုက်ခိုက်ရန် အခွင့်ရေး မရှိမှန်းသိ၍ ပြေးလွှားရင်း ပတ်ဝန်းကျင်အခြေနေကို အသုံးချကာ တန်ပြန်တိုက်ခိုက်နိုင်မည့် အခွင့်ရေးကို ရှာရပေမည်။ ဤကား သူတို့ မျိုးနွယ်စု၏ တိုက်ခိုက်ရေး နည်းဗျူဟာ ဖြစ်သည်။ တောနက်ထဲတွင်သာဆိုလျှင် ထိုငါးယောက်လောက်ကို ဟူယုံက ဂရုမစိုက်ပေ။
ရုတ်တရက် ပြောင်းလဲသွားသော အခြေနေကြောင့် နဂါးစိမ်းဂိုဏ်းသားကိုးယောက်က ရှောင်လုံကို ပြူးကြည့်နေကြသည်။
ရှောင်လုံက ခုနက နဂါးစိမ်းဂိုဏ်းသားလက်ထဲမှ ကျကျန်ခဲ့သော ဓားကို ကောက်ယူလိုက်သည်။
“ခုနကလိုပဲ တိုက်ခိုက်ကြရအောင်နော်…”
ထိုစကားကို ထပ်ပြောပြန်လျှင် နဂါးစိမ်းဂိုဏ်းသားများမှာ မျက်နှာကြီးများ မည်းမှောင်သွားသည်။ ဒေါသထွက်ရလွန်း၍ အသက်ပင် ကောင်းစွာ မရှူနိုင် ဖြစ်ကုန်သည်။
“ကျား…”
လူကိုးယောက်က ဓားကိုးလက်ဖြင့် ခုန်ဝင်လာကြသည်။ သူတို့၏ ဓားချက်များက ရှောင်လုံ၏ ရှေ့နောက်ဝဲယာ အထက်အောက် နေရာအနှံ့သို့ တိုးဝင်လာသည်။
“ဝှစ် ဝှစ် ဝှစ်…”
“ရွှစ် ရွှစ် ရွှစ်…”
စုပေါင်းသိုင်းကွက်တစ်ခု ဖြစ်ပုံရသည်။
“ဓားမသုံးဘဲ ခုနကလို လက်သီးနဲ့ပဲ တိုက်ခိုက်ကြရင် ပိုကောင်းမှာ…”
ရှောင်လုံက တီးတိုးပြောရင်း တစ်ချက်လှုပ်ရှားလိုက်သည်။ ရှောင်လုံ၏ ပုံရိပ်က လရောင်အောက်၌ ရိပ်ကနဲ ဖြစ်သွားပြီး မူလနေရာမှ ပျောက်သွားသည်။
ဒုတိယရှောင်တိမ်းကွက်ကို အသုံး၍ ရှောင်တိမ်းလိုက်ခြင်း ဖြစ်သည်။
“ရွှပ် ရွှပ် ရွှပ်…”
ဓားကိုးလက်က လေကိုသာ ထိုးခုတ်မိသွားကြသည်။ ရှောင်လုံ၏ အင်္ကျီစကိုပင် မထိခဲ့ပေ။
ရှောင်လုံက မူလနေရာမှ ခြေတစ်လှမ်းအကွာတွင် ဓားကိုင်ချက် ရပ်နေခဲ့သည်။
နဂါးစိမ်းဂိုဏ်းသားများက သူတို့ဓားချက် မထိရောက်ခဲ့သဖြင့် ထပ်မံ တိုက်ခိုက်ကြပြန်သည်။
“ဟိတ်…”
“ဝှစ် ဝှစ် ဝှစ်”
ရှောင်လုံက ဒုတိယရှောင်တိမ်းကွက်ကို ဆက်သုံးပြီး ရှောင်တိမ်းနေလိုက်သည်။ ဒုတိယရှောင်တိမ်းကွက်၏ ပထမပိုင်းကိုသာ အသုံးပြုနေသည်ဟု ပြောလျှင် ပိုမှန်သည်။ ဒုတိယရှောင်တိမ်းကွက်တွင်လည်း ပထမရှောင်းတိမ်းကွက်လိုပင် ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ ရှိသည်။ ဒုတိရှောင်တိမ်းကွက် ပထမပိုင်းမှာ စုပေါင်းသိုင်းကွက်ကို ရှောင်တိမ်းရန်သာ ဖြစ်သည်။ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိပေ။ ဒုတိယပိုင်းကတော့ ရှောင်တိမ်းရင်းနှင့် တန်ပြန်တိုက်ခိုက်နိုင်သည်။
ရှောင်လုံက ဒုတိယရှောင်တိမ်းကွက်ကို အားရကျေနပ်သည်အထိ မကျွမ်းကျင်သေးပေ။ ထိုက်ဆန်းတောင်ပေါ်တွင်တုန်းကလည်း ထိုက်ဆန်းဂိုဏ်း၏ စုပေါင်းသိုင်းကွက်များကို ရင်ဆိုင်ရင်း ဒုတိယရှောင်တိမ်းကွက်ကို လေ့ကျင့်ခဲ့သေးသည်။ စုပေါင်းသိုင်းကွက်များနှင့် ရဆိုင်ရသည့် အခွင့်ရေးက နည်းလှသဖြင့် ရှောင်လုံမှာ ဒုတိယရှောင်တိမ်းကွက်ကို အပြည့်အစုံကျွမ်းကျင်သည်အထိ လေ့ကျင့်ရန် တိုက်ပွဲအတွေ့ကြုံ မရဘဲ ဖြစ်နေခဲ့သည်။
ခုနကလို ဝရုန်းသုန်းကား တိုက်ခိုက်ရသည်က စုပေါင်းသိုင်းကွက် မဟုတ်သော်လည်း ရှောင်လုံအတွက် ဒုတိယရှောင်တိမ်းကွက်ကို လေ့ကျင့်ရန် အခွင့်ရေးတချို့ ရသည်။ ထို့ကြောင့် သူက ခုနကလို ဆက်တိုက်ခိုက်ချင်သည်။ ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်နိုင်သည်။
ယခု နဂါးစိမ်းဂိုဏ်းသား ကိုးယောက်၏ စုပေါင်းဓားသိုင်းကွက်က ရှောင်လုံအတွက် လေ့ကျင့်ရန် အသုံးမဝင်ပေ။ ရှောင်လုံ၏ ဓားလမ်းစဉ်ရှေ့တွင် ထိုစုပေါင်းဓားသိုင်းကွက်က အနှစ်သာရ ကင်းမဲ့နေခဲ့သည်။
ထို့ကြောင့် ရှောင်လုံက ပြန်မတိုက်ခိုက်ဘဲ ရှောင်တိမ်းရုံသာ ရှောင်တိမ်း၍ တခြားတိုက်ပွဲများ၏ အခြေနေကို အကဲခတ်သည်။
သူ့မမ၏ တိုက်ပွဲအခြေနေက ကောင်းမွန်နေသည်။ အကြိတ်အနယ် တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း သူ့မမက သိုင်းအဆင့်ကို ဖိနှိပ်၍ သေချာလေ့ကျင့်နေခဲ့သည်။
ဟူမျိုးနွယ်စု လူငယ်များနှင့် ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များ၏ အခြေနေက သိပ်မကောင်းပေ။ ခြောက်ယောက်တစ်ယောက် ဝိုင်းရံတိုက်ခိုက်ခံနေရသောကြောင့် အလူးအလဲ ခုခံနေရသည်။
တစ်ဆက်တည်း ရှောင်လုံက ထွက်ပြေးသွားသော ဟူယုံ၏ အခြေနေကိုလည်း စိတ်ဝိညာဉ်အာရုံဖြင့် အာရုံခံကြည့်လိုက်သည်။
ဟူယုံက အဆောက်ဦးများကို အကာကွယ်ယူ၍ ပြေးလွှားလှုပ်ရှားရင်း ပတ်ဝန်းကျင်နှင့် ရောထွေးကိုယ်ယောင်ဖျောက်၍ တန်ပြန်တိုက်ခိုက်နိုင်နေသည်ကို တွေ့ရသည်။
‘သူတို့က ပတ်ဝန်းကျင်အခြေနေကို အသုံးချတဲ့နေရာမှာ တကယ်တော်တာပဲ…’
ရှောင်လုံက ထိုကိုယ်ယောင်ဖျောက်စွမ်းရည်ကို ဟူလောင်နှင့် ဟူပေါင်တို့ထံတွင် မြင်ခဲ့ဖူးသည်။ လျှပ်တစ်ပြက်အတွင်း ပတ်ဝန်းကျင်နှင့် ရောထွေးကိုယ်ယောင်ဖျောက်နိုင်သည့် အလွန်ထူးခြားသော ဟူမျိုးနွယ်စု၏ လျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။
ယခု ဟူယုံက ထိုစွမ်းရည်ကို အသုံးချ၍ ရန်သူကို ရင်ဆိုင်နေသည်။ အရေးလည်း သာနေသည်။ ရန်သူများကို မသတ်ဖြတ်နိုင်သေးသော်လည်း ဒဏ်ရာအသီးသီး ပေးထားနိုင်သည်။ ထို့ကြောင့် ဟူယုံ၏ အခြေနေက စိုးရိမ်စရာ မရှိတော့ပေ။
ထိုစဉ် ဟူဖန်းမှာ အတော်လေး အခြေနေဆိုးသွားသည်။ ဘေးကြပ်နံကြပ် အနေထားထဲ ရောက်သွားသည်။ ခုခံရှောင်တိမ်းရန် မစွမ်းနိုင်ဖြစ်သွားခဲ့သည်။
“သေလိုက်တော့ အရိုင်းစိုင်းကောင်…”
နဂါးစိမ်းဂိုဏ်းသားတစ်ယောက်က ဟူဖန်း၏ ရင်ဝကို ဓားဖြင့် ထိုးသွင်းလိုက်သည်။
သို့သော် မည်သို့ ဖြစ်သွားသည် မသိပေ။ သူ့လက်က တစ်ချက်တုံ့ဆိုင်းသွားခဲ့သည်။ ဓားချက်က ဟူဖန်း၏ ရင်ဝနားအရောက်တွင် တုံ့ကနဲ တစ်ချက်ဖြစ်သွားသည်။
ဟူဖန်းလည်း ထိတ်လန့်နေရာမှာ ဓားချက်က တုံ့ဆိုင်းသွားသည်နှင့် သားရဲတစ်ကောင်၏ သဘာဝအသိစိတ်မျိုးဖြင့် လျှပ်တစ်ပြက် တုံ့ပြန်လိုက်သည်။
ဓားကို ဖျပ်ကနဲ လုယူပြီး ထိုနဂါးစိမ်းဂိုဏ်းသား ခေါင်းပေါ်မှ လွှားကနဲ ကျွမ်းပစ်၍ ခုန်ထွက်သွားသည်။ ကျွမ်းပစ်ခုန်ထွက်စဉ် လက်ထဲက ဓားကိုလည်း ပစ်ပေါက်ခဲ့သေးသည်။
“စွပ်…”
ဓားက တုံ့ဆိုင်းနေသော နဂါးစိမ်းဂိုဏ်းသား၏ နောက်ကျောတွင် စိုက်ဝင်သွားပြီး ရင်ဘတ်မှ ဖောက်ထွက်လာခဲ့သည်။
“အင့်…”
ထိုနဂါးစိမ်းဂိုဏ်းသားမှာ ညည်းညူရင်း မှောက်လျက် လဲကျသွားခဲ့သည်။ ပြန်လည်း မထလာနိုင်တော့ပေ။
ထိုအဖြစ်အပျက်က လျှပ်တစ်ပြက်အတွင်း ဖြစ်သွားသဖြင့် မည်သို့ ဖြစ်သွားမှန်း မစဉ်းစားနိုင်ခင်မှာပင် ဟူဖန်းက အဆောက်ဦးများကြားထဲသို့ ထွက်ပြေးသွားပြီ ဖြစ်လေ၏။
“လိုက်ကြ။ မလွတ်စေနဲ့”
နဂါးစိမ်းဂိုဏ်းသား ငါးယောက်ကလည်း နောက်က ဒေါသတကြီး ပြေးလိုက်သွားကြသည်။
အခန်း(၃၆၄)ပြီး
***