နဂါးစိမ်းဂိုဏ်းဌာနခွဲမှူးမှာ သူ့ဂိုဏ်းသားများ၏ အခြေနေကို ကြည့်ပြီး မည်သို့ ညွှန်ကြားမှန်း မသိအောင် ဖြစ်သွားသည်။ ထိုအတိုင်း ဆက်ဖြစ်နေလျှင် သူ့ဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် ထပ်သေဆုံးမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် သူကိုယ်တိုင် ဝင်ပါရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားရသေးခင်မှာပင် သူ့ရှေးသို့ လူရိပ်တစ်ခု ရိပ်ကနဲ ရောက်လာခဲ့သည်။
“တိုက်ပွဲက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒီအတိုင်းပဲ ကြည့်နေလိုက်ပါ”
ရောက်လာသူမှာ ရသေ့ကြီး ဖြစ်သည်။ ရသေ့ကြီး၏ သိုင်းစွမ်းအားက ဆုတ်ယုတ်နိမ့်ကျနေ၍ သိုင်းထိပ်သီးတစ်ယောက်ကို ရင်ဆိုင်ရန် ခက်နိုင်သော်လည်း သိုင်းအကျော်မော်တစ်ယောက်ကိုတော့ အလွယ်တကူ ထိန်းချုပ်ထားနိုင်စွမ်း ရှိသည်။
ဌာနခွဲမှူးမှာ မျက်နှာကြီး ခက်ထန်သွားသည်။ သူက ထိုဝတ်စုံနက်ကို မယှဉ်နိုင်ပေ။ ထို့ကြောင့် တစ်ခုခု လုပ်ရန် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
“လက်ရွေးစင်ဂိုဏ်းသားတွေ…၊ လုပ်လိုက်တော့”
ဌာနခွဲမှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
လက်ရွေးစင်ဂိုဏ်းသားဆိုသည်မှာ နဂါးစိမ်းဂိုဏ်း၏ အဆင့်မြင့်သိုင်းသမားများထဲမှ စွမ်းရည်ပိုကောင်းသူများ ဖြစ်ကြသည်။ ထိုလက်ရွေးစင်ဂိုဏ်းသားများမှာ အထူးနယ်မြေ၌ သွားရောက် လေ့ကျင့်ကြရမည့် ဂိုဏ်းသားများလည်း ဖြစ်သည်။ နဂါးစိမ်းဂိုဏ်းက ဌာနခွဲအသီးသီးမှ ထိုလက်ရွေးစင်ဂိုဏ်းသားများကို သိုင်းစွမ်းအား မြှင့်တင်ပေးနိုင်သော ဆေးတစ်လုံးစီ ပေးထားသည်။ အခက်ခဲအကြပ်တည်းထဲ ကျရောက်ပြီး အသက်မသေစေရန် ရုန်းထွက်နိုင်စေရန် ဖြစ်သည်။
အခု ဌာနခွဲမှူးက သူ့ဌာနခွဲမှ လက်ရွေးစင်ဂိုဏ်းသားများကို ဆေးသုံးဖို့ အမိန့်ပေးလိုက်ပြီ ဖြစ်သည်။
ဌာနခွဲမှူး၏ အသံကို ကြားသည်နှင့် တိုက်ခိုက်နေကြသော နဂါးစိမ်းဂိုဏ်းသားများထဲမှ တချို့ဂိုဏ်းသားများက ရုတ်တရက်ဆိုသလို ဆေးတစ်လုံးယူထုတ်၍ ပါးစပ်ထဲ ပစ်သွင်းပြီး မြိုချလိုက်တော့သည်။
“အီး…”
“အား…”
လက်ရွေးစင်ဂိုဏ်းသားက နှစ်ဆယ်ရှိသည်။
အခု လက်ရွေးစင်ဂိုဏ်းသား နှစ်ဆယ်၏ သိုင်းစွမ်းအားက အဆင့်မြင့်သိုင်းအဆင့်ကို ကျော်လွန်သွားသည်။ အစစ်မှန် သိုင်းအကျော်မော်အဆင့်တစ်ယောက် မဟုတ်သော်လည်း သိုင်းအကျော်မော်အဆင့်နှင့် ရင်ဆိုင်နိုင်သော ခွန်အားမျိုး ရရှိလာကြသည်။
ထိတ်လန့်စရာကောင်းသော အင်အားပင်။ နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲတစ်ခုက သာမန်ဂိုဏ်းတစ်ခုကို ခြေမှုန်းပစ်နိုင်သော အင်အားမျိုး ရှိနေခဲ့သည်။
ရသေ့ကြီးလည်း စိတ်ထဲ လေးလံသွားသည်။ အကယ်၍ ဌာနခွဲမှူးကသာ ဆေးသုံးလိုက်လျှင် သိုင်းထိပ်သီးတစ်ယောက်လို ခွန်အားမျိုး ရရှိသွားပေလိမ့်မည်။ ထို့အပြင် ထိုဆေး၏ စွမ်းအားက ခွန်အားတိုးရုံသာမကဘဲ တိုက်ခိုက်နိုင်စွမ်းအလွန်အားကောင်းပြီး နာကျင်ရမှန်း မသိတော့ဘဲ အသေအကြေတိုက်ခိုက်တတ်သည် မဟုတ်ပါလား။ ချက်ချင်းမသတ်ဖြတ်နိုင်လျှင် ဒဏ်ရာပြန်ကောင်းနိုင်စွမ်းကလည်း ရှိသေးသည်။
ယခု နှင်းပန်း ရင်ဆိုင်နေရသော နဂါးစိမ်းဂိုဏ်းသားများထဲတွင် ဆေးသုံးထားသော လက်ရွေးစင်ဂိုဏ်းသား တစ်ဆယ် ရှိနေသည်။ ထို လက်ရွေးစင်ဂိုဏ်းသား တစ်ဆယ်က နှင်းပန်းကို တရကြမ်း တိုက်ခိုက်ကြတော့သည်။
“ဝုန်း ဝုန်း ဝုန်း…”
“ဖြောင်း ဖြောင်း…”
ရုတ်တရက် မြင့်တက်လာသော နဂါးစိမ်းဂိုဏ်းသားဆယ်ယောက်၏ တရကြမ်းတိုက်ခိုက်မှုကြောင့် နှင်းပန်းမှာ နောက်ဆုတ်လိုက်ရသည်။
တခြား နဂါးစိမ်းဂိုဏ်းသားများသည်ပင် ကြမ်းတမ်းသော တိုက်ပွဲအတွင်း ပါဝင်နိုင်ခြင်း မရှိတော့ဘဲ နောက်ဆုတ်လိုက်ရသည်။ သူတို့က နှင်းပန်း၏ ဆုတ်လမ်းကို ပိတ်ဆို့ထားလိုက်ကြသည်။
ထို့ကြောင့် နှင်းပန်းမှာ လက်ရွေးစင်ဂိုဏ်းသားဆယ်ယောက်က တစ်ဖက်၊ အဆင့်မြင့်ဂိုဏ်းသားများနှင့် အလယ်လတ်ဂိုဏ်းသားများက တစ်ဖက်၊ နှစ်ဖက်ညှပ်ပိတ်ခံလိုက်ရသည်။
“အဲဒီလိုလား။ ဒါဆိုရင် ငါလည်း စမ်းကြည့်ရသေးတာပေါ့”
နှင်းပန်းက ပြောရင်း သူ့ခါးတွင် ပတ်ထားသော နဂါးဆူးနွယ်လက်နက်ကို ထုတ်ကိုင်လိုက်သည်။ သူမ၏ သိုင်းအဆင့်က သိုင်းအကျော်မော်အဆင့်ဖြစ်သော်လည်း ဆေးသုံးထားသော လက်ရွေးစင်နဂါးစိမ်းဂိုဏ်းသားများကို ရင်ဆိုင်ရန် မလွယ်ကူပေ။ သူမ၏ သိုင်းစွမ်းအားအစစ်အမှန်ကို ထုတ်သုံးလျှင်လည်း အော်မေ့ဂိုဏ်း၏ သိုင်းပညာက ပေါ်ထွက်လာပေလိမ့်မည်။ သို့ဖြစ်လျှင် ဌာနခွဲမှူးက သူမ၏ နောက်ခံကို ခန့်မှန်းမိသွားပေလိမ့်မည်။ ထို့ကြောင့် သူမက နဂါးဆူးနွယ်လက်နက်ကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။
နဂါးဆူးနွယ်လက်နက်…။
နှင်းပင်း၏ အတွင်းအား လက်နက်ထဲ စီးဆင်းသွားသည်နှင့် နဂါးဆူးနွယ်က အသက်ဝင်နိုးထလာပြီး လေထဲတွင် လှုပ်ယမ်းနေတော့သည်။
~~မမ…၊ ထိန်းနိုင်ရဲ့လား~~
ရှောင်လုံက သူ့မမကို စိုးရိမ်သဖြင့် လျှို့ဝှက်အသံဖြင့် လှမ်းမေးလိုက်သည်။
~~မမ ထိန်းနိုင်တယ်။ နဂါးဆူးနွယ်နဲ့ လေ့ကျင့်ကြည့်လိုက်မယ်~~
~~ဟုတ်ကဲ့၊ ဒါဆို ကောင်းကောင်းလေ့ကျင့်လိုက် မမ~~
ရှောင်လုံလည်း သူ့မမကို စိတ်ချသွားသည်။ သို့သော် ဆက်၍ စောင့်ကြည့်နေလိုက်သည်။
ရှောင်လုံကို ဝိုင်းထားသော ဓားသမားကိုးယောက်က လက်ရွေးစင်ဂိုဏ်းသားများ ဖြစ်သည်။ အခု သူတို့ကလည်း ဆေးသုံးထားပြီးပြီဖြစ်၍ ခွန်အားများ မြင့်တက်လာသည်။ ရှောင်လုံကို တရကြမ်း တိုက်ခိုက်နေကြသည်။
“ရွှမ်း ရွှမ်း…”
“ထန်း ထန်း…”
“အခုလိုမှ သိပ်မဆိုးတော့တာ”
ဆေးသုံးထားသော လက်ရွေးစင်ဂိုဏ်းသားကိုးယောက်၏ တိုက်ခိုက်အားက ပြင်းထန်ကြမ်းတမ်းလှသည်။ သူတို့၏ စုပေါင်းသိုင်းကွက်ကလည်း အဆမတန် ကြမ်းတမ်းလာခဲ့သည်။
ထို့ကြောင့် ရှောင်လုံက သဘောကျသွားသည်။
“ဝှစ် ဝှစ် ဝှစ်…”
“ထန်း ထန်း ထန်း…”
ဓားကိုးလက်က အဘက်ဘက်မှ တရကြမ်းတိုးဝင်လာသည်။ မြန်ဆန်သည်။ ကြမ်းတမ်းသည်။ အရှိန်ဟုန်ကြီးသည်။ သိုင်းအကျော်မော်ကိုးယောက်၏ စုပေါင်းတိုက်ခိုက်မှုဖြစ်၍ အမှန်တကယ် ကြမ်းတမ်းသည်။
သို့သော် ဓားကိုးလက်က ရှောင်လုံထံ တိုးမပေါက်ဘဲ ဖြစ်နေသည်။ သူတို့၏ တိုက်ခိုက်မှုအားလုံးကို ရှောင်လုံက ခုခံထားခဲ့သည်။
မိုးသီးမိုးပေါက်များလို တရစပ်တိုးဝင်လာသော ဓားချက်များက မည်မျှပင် ပြင်းထန်မြန်ဆန်နေပါစေ အားလုံး အတားဆီးခံနေရသည်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ အဲဒါက ဘာဓားသိုင်းလဲ”
ဌာနခွဲမှူးက ရှောင်လုံ ခုခံနေသော ဓားကွက်ကို ကြည့်ပြီး ထိတ်လန့်အံ့ဩနေသည်။ လက်ရွေးစင်များ၏ စုပေါင်းဓားကွက်ကို ဌာနမှူးမဆိုထားနှင့် ဒေါင်းမြီးစိမ်းအတွက်ပင် မလွယ်ကူပါ။ သို့သော် ခုတော့ ဓားချက်အားလုံး တားဆီးခံနေရသည်။
ရှေ့နောက်ဘယ်ညာ အထက်အောက် အဘက်ဘက်မှာ တိုးဝင်လာသမျှ ဓားချက်အားလုံးက ရှောင်လုံ၏ ဓားနှင့် ထိပ်တိုက်တွေ့ပြီး တားဆီးခံထားရသည်။
ရှောင်လုံလက်ထဲက ဓားက လရောင်အောက်တွင် ဓားရိပ်များ ခွဲဖြာထွက်နေပြီး သူ့တစ်ကိုယ်လုံးကို လွမ်းခြုံထားသည်။ လက်ရွေးစင်ဂိုဏ်းသားများ၏ ဓားချက်များက မည်မျှပင် မြန်ပါစေ ထိုဓားရိပ်များထဲ တိုးမပေါက်ဘဲ ဖြစ်နေသည်။
ပြန့်ကျဲအက္ခရာ…။
ရှောင်လုံက အက္ခရာဓားသိုင်း၏ ခံစစ်ဓားကွက်တစ်ခု ဖြစ်သော ပြန့်ကျဲအက္ခရာဓားကွက်ကို အသုံးပြုရင်း ဒုတိယရှောင်တိမ်းကွက်နှင့် ပေါင်းစပ်အသုံးပြုကာ လေ့ကျင့်နေသည်။
အက္ခရာဓားသိုင်းတွင် ခံစစ်ဓားကွက် သုံးကွက် ရှိသည်အနက် ပြန့်ကျဲအက္ခရာက အဘက်ဘက်မှ တိုက်ခိုက်လာသော တိုက်ခိုက်မှုများကို ခုခံသည့် ဓားကွက်ဖြစ်သည်။ ဓားချက်များက အလွန်လျင်မြန်ပြီး အရပ်ဆယ်မျက်နှာလုံးကို ကာကွယ်ထားနိုင်စွမ်း ရှိသည်။ တစ်ကိုယ်လုံးကို ဓားရိပ်များဖြင့် လွှမ်းခြုံထားသကဲ့သို့ မြင်ရစေသည်။ ယခုလို လရောင်ဖွေးဖွေးအောက်တွင် ဖြစ်လေ ဓားရောင်က ပိုထွက်ပေါ်ပြီး ဓားရိပ်များ ပိုခွဲဖြာထွက်ကာ ဓားရိပ်များ၏ လွှမ်းခြုံနေမှုက ပိုမြင်သာထင်သာ ဖြစ်နေတော့သည်။
ထို့ကြောင့် နဂါးစိမ်းဂိုဏ်း ဌာနခွဲမှုးက ထိတ်လန့်အံ့ဩနေခြင်း ဖြစ်သည်။ ထိုမျှ ဆန်းကြယ်ပြီး စွမ်းအားကြီးသော ခံစစ်ဓားကွက်မျိုးကို သူ မမြင်ဖူးသောကြောင့် ဖြစ်သည်။
ထိုကြေးမျက်နှာဖုံးနှင့်လူ၏ ခွန်အားကို သိုင်းအခြေခံအဆင့်ဟုသာ ထင်ရသော်လည်း တကယ့်အစစ်မှန်ခွန်အားမှာ မဟုတ်နေခဲ့ပေ။ လက်ရွေးစင်ဂိုဏ်းသားကိုးယောက်၏ တိုက်ခိုက်မှု ထိုလူ့ရှေ့တွင် အရာမထင် ဖြစ်နေခဲ့သည်။
ဒေါင်းမြီးစိမ်းမှာလည်း ရှောင်လုံ၏ ဓားကွက်ကို ကြည့်ပြီး လက်ဖျားမှာ တုန်နေ၏။ သူ၏ အသိမြင်ဗဟုသုတဖြင့်ပင် ထိုဓားကွက်မျိုးကို မမြင်ဖူးသောကြောင့် ဖြစ်သည်။ နဂါးစိမ်းဂိုဏ်းက မည်သို့သော ရန်သူမျိုးကို သွားနှိုးဆွထားသနည်းဟုလည်း တွေးရင်း စိုးရိမ်လာသည်။ နဂါးစိမ်းဂိုဏ်း၏ ခွန်အားနှင့် လျှို့ဝှက်ဆန်းကြယ်မှုများကို ဒေါင်းမြီးစိမ်းက အတော်လေး သိထားပြီး ဖြစ်သည်။ ယနေ့သိုင်းလောကရှိ မည်သည့်ဂိုဏ်း မည်သည့်အင်အားစုကမှ နဂါးစိမ်းဂိုဏ်းကို ရင်မဆိုင်နိုင်မှန်းလည်း သိနေသည်။
သို့သော် ယခုတော့ တုန်လှုပ်စရာကောင်းလှသော ရန်သူများက နဂါးစိမ်းဂိုဏ်း၏ ဌာနခွဲတစ်ခုကို လာဆော့ကစားနေခဲ့သည်။ အကျဉ်းသားများကို ကယ်နေသည်။ ဂိုဏ်းသားများကို အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိသော်လည်း မသတ်သေးဘဲ လေ့ကျင့်ရေးအရုပ်များကဲ့သို့ အသုံးချနေကြသည်။
ဒေါင်းမြီးစိမ်းတစ်ယောက် အလွန်ထိတ်လန့်ကြောက်ရွံ့လာသည်။ သူတစ်ယောက်တည်း၏ အသက်အတွက် မဟုတ်ဘဲ နဂါးစိမ်းဂိုဏ်းအတွက် စိုးရိမ်ကြောက်ရွံ့လာခြင်း ဖြစ်သည်။
နှင်းပန်းဘက်တွင်လည်း တိုက်ပွဲက ပြင်းထန်နေသည်။
“ရွှမ်း ရွှမ်း ရွှမ်း…”
“ဖြန်း ဖြန်း…”
လက်ရွေးစင်ဂိုဏ်းသားဆယ်ယောက်က တရကြမ်းတိုက်ခိုက်နေသည်။ သူတို့က စုပေါင်းသိုင်းကွက်ကိုတော့ မသုံးကြသေးပေ။ အဆင့်မြင့်ဂိုဏ်းသားများနှင့် အလယ်လတ်ဂိုဏ်းသားများကလည်း ဝိုင်းရံပိတ်ဆို့ထားကြသည်။
နှင်းပန်းက လေထဲတွင် သစ်ရွက်ကလေးလို လွင့်မျောလှုပ်ရှားနေပြီး လက်ထဲက နဂါးဆူးနွယ်ကို တရစပ် လှုပ်ရှား၍ ခုခံတိုက်ခိုက်နေသည်။ သူမက ကြာပွတ်လက်နက်မျိုးကို မကျွမ်းကျင်သော်လည်း ကြိုးတပ်ဓားပျံလက်နက်မျိုးကိုတော့ ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။ ထို့ကြောင့် နဂါးဆူးနွယ်ကို အချိန်ယူမလေ့ကျင့်ဖူးသော်လည်း ကောင်းစွာ အသုံးပြုနိုင်နေသည်။ ထို့အပြင် နဂါးဆူးနွယ်လက်နက်၏ ဆန်းကြယ်မှုမှာ အတွင်းအားစီးဆင်းသွားသည်နှင့် ကိုယ့်လက်ကိုယ့်ခြေကဲ့သို့ ခံစားရစေပြီး စိတ်ရှိသလို အသုံးပြုနိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် လက်ရွေးစင်ဂိုဏ်းသား ဆယ်ယောက်၏ ဓားချက်များက နှင်းပန်း၏ ခံစားကို တိုးမပေါက်ရုံသာမ နဂါးဆူးနွယ်လက်နက်၏ တန်ပြန်တိုက်ခိုက်မှုကိုပင် ခံနေကြရသည်။ လက်ရွေးစင်ဂိုဏ်းသားများ၏ ကိုယ်ပေါ်တွင် နဂါးဆူးနွယ်လက်နက် ရိုက်ချက်ထိပြီး အဝတ်များ စုတ်ပြဲ၍ အရေပြားနှင့် အသားစများ ပြတ်ထွက်နေခဲ့သည်။
နဂါးဆူးနွယ်လက်နက်ပေါ်က ထက်မြသော ဆူးသွားဓားများက ကြောက်စရာကောင်းလောက်အောင် ထက်ရှပြီး ဆွဲချိတ်နိုင်စွမ်း ဆွဲဖြဲနိုင်စွမ်း ရစ်ပတ်ဆွဲဖြတ်နိုင်စွမ်း အားကြီးသည်။ နှင်းပန်း မြင်ခဲ့သော အာရုံပုံရိပ်များထဲက သွေးနီရောင်ဆံပင်နှင့် အမျိုးသမီးလက်ထဲတွင် နဂါးဆူးနွယ်လက်နက်က မကောင်းဆိုးဝါးလို ကြောက်စရာကောင်းနေခဲ့သည်။ သားရဲကြီးများကို ထက်ပိုင်းပြတ်ထွက်အောင် ရိုက်ဖြတ်နိုင်သလို၊ ထုတ်ချင်းခပ်အောင်လည်း ထိုးဖောက်နိုင်သည်။ သက်ရှိမြွေတစ်ကောင်လို ရစ်ပတ်၍လည်း အပိုင်းပိုင်းပြတ်ထွက်အောင် ဆွဲဖြတ်နိုင်သေးသည်။
ယခု နှင်းပန်းကလည်း သူမ မြင်ခဲ့ရသော အာရုံပုံရိပ်ထဲက သွေးနီရောင်ဆံပင်နှင့် အမျိုးသမီး၏ လှုပ်ရှားတိုက်ခိုက်ပုံများကို ပြန်အာရုံပြု၍ နဂါးဆူးနွယ်လက်နက်ကို အသုံးပြုကာ တိုက်ခိုင်ရင်း လေ့ကျင့်နေသည်။
“ရွှမ်း ရွှမ်း ရှီး ရှီး…”
“ဗျိ… ဇွိ ဇွိ…”
နဂါးဆူးနွယ်လက်နက်ကို ပိုနားလည်လာပြီး ပိုအသုံးပြုနိုင်လာလေ နှင်းပန်း၏ ခံစစ်နှင့် တိုက်စစ်က အရှိန်အဟုန်ကြီးလာလေ ဖြစ်လာသည်။
ထို့ကြောင့် လက်ရွေးစင်ဂိုဏ်းသား ဆယ်ယောက်မှာ နှင်းပန်းကို ထိခိုက်အောင် တိုက်ခိုက်နိုင်စွမ်း မရှိဘဲ သူတို့သာ ထိခိုက်ဒဏ်ရာ ရလာကြသည်။ ဆေးအာနိသင်ကြောင့် နာရမှန်း မသိဘဲ ဖြစ်နေ၍သာ တော်တော့သည်။ မဟုတ်လျှင် နဂါးဆူးနွယ်လက်နက်ကြောင့် ရရှိသော ဒဏ်ရာများကြောင့် လွန်စွာ နာကျင်ခံစားကြရပေလိမ့်မည် ။
တိုက်ပွဲက ပိုကြမ်းတမ်းလာပြီး တိုက်ပွဲဧရိယာက ပိုကျယ်လာသဖြင့် ဝိုင်းရံပိတ်ဆို့ထားသော အဆင့်မြင့်ဂိုဏ်းသားများနှင့် အလယ်လတ်ဂိုဏ်းများမှာ အလိုလို နောက်ဆုတ်ပေးနေရသည်။ နောက်မဆုတ်၍လည်း မဖြစ်ပေ။ မကောင်းဆိုးဝါးလို အသက်ဝင်နေသော လက်နက်က သူတို့ထံ ဝဲပျံလာတတ်သောကြောင့် ဖြစ်သည်။ တစ်ချက် အရိုက်ခံလိုက်ရသည်နှင့် အဝတ်စားများ ပြတ်ထွက်ပြီး အရေပြားနှင့် အသားစများ ပြတ်ပါသွားသည်။ လေထဲတွင် သွေးစက်များနှင့် အသားစများ လွင့်စင်နေသည်။
မည်သို့သော လက်နက်ပါနည်း။
ဌာနခွဲမှူးကလည်း နဂါးဆူးနွယ်လက်နက်၏ ကြောက်မက်ဖွယ်ကောင်းပုံကို မြင်နေသည်။
‘သူတို့က ဘယ်သူတွေလဲ။ ဘာလို့ ဒီလို ထူးဆန်းတဲ့ လက်နက်မျိုး ရှိနေတာလဲ…’
ဌာနခွဲမှူးမှာ နဂါးဆူးနွယ်လက်နက်ကို အရင်က မြင်လည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးပေ။ သိုင်းလောကတွင် မရှိခဲ့ဖူးသော လက်နက်တစ်ခု ဖြစ်ပုံရသည်။ ဆန်းကြယ်လှသလို ကြောက်စရာလည်း ကောင်းလှသည်။
‘မဖြစ်တော့ဘူး…’
ဌာနခွဲမှူးက ထိုအတိုင်း ဆက်သွားနေလျှင် သူ့ဌာနခွဲ ပျက်စီးသွားမည်ကို စိုးရိမ်လာသည်။ ထို့ကြောင့် ဆေးတစ်လုံး ထုတ်ယူ၍ သောက်လိုက်သည်။
သို့သော်…
“ဝှစ်
“ဖျောင့်…”
“အာ့…”
ဌာနခွဲမှူး၏ လက်ကို အရိုက်ခံလိုက်ရပြီး လက်ထဲက ဆေးလုံးမှာ ပါးစပ်ထဲ မရောက်ဘဲ လွင့်ထွက်သွားပြီး ဝတ်စုံနက်လူ၏ လက်ထဲ ရောက်သွားခဲ့သည်။
“ခင်ဗျား…”
ဌာနခွဲမှူးက လက်ကို နာကျင်စွာ ဆုပ်ကိုင်လျက် ဝတ်စုံနက်လူကို ဒေါသတကြီး ကြည့်နေသည်။
“ဘာခင်ဗျားလဲ။ ငြိမ်ငြိမ် ဆက်ကြည့်နေ။ ထပ်လှုပ်ရှားရင် တစ်ချက်တည်း ရိုက်သတ်ပစ်မယ်”
“ဝှိ ဝှစ်…”
ရသေ့ကြီးက ဝါးနက်တုတ်ကို ဝှေ့ယမ်း၍ ဌာနခွဲမှူးကို ရွယ်ကာ ပြောလိုက်သည်။
ဌာနခွဲမှူးလည်း မလှုပ်ရှားနိုင်တော့ပေ။ ဝတ်စုံနက်ကိုတစ်လှည့် ဝါးနက်တုတ်ကိုတစ်လှည့် ကြည့်ရင်း အကြံအစီများ အပူတပြင်း ထုတ်နေတော့သည်။
ဒေါင်းမြီးစိမ်းက ဝါးနက်တုတ်ကို မြင်လျှင် တစ်ချက်တုန်သွားသည်။
ဝါးနက်တုတ်။
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က သူ တာဝန်ယူခဲ့သော လီရှန်းမြို့ နဂါးစိမ်းဂိုဏ်းဌာနခွဲတွင် အဖြစ်ဆိုးကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ဌာနခွဲမှူးအပါအဝင် နဂါးစိမ်းဂိုဏ်းသားအများအပြား အသတ်ခံခဲ့ရသည်။ အသက်မသေဘဲ လွတ်မြောက်လာသော ဂိုဏ်းသားများက ရန်သူမှာ ဝါးနက်တုတ်ကိုင်သော အဘိုးအိုတစ်ဦးဖြစ်ကြောင်း သတင်းပို့ခဲ့သည်။
သိုင်းအကျော်မော်တစ်ယောက်ကို အလွယ်တကူ ရိုက်သတ်ပြီး ဌာနခွဲတစ်ခုလုံးနီးပါးကို သတ်ဖြတ်သွားနိုင်သူမှာ သိုင်းထိပ်သီးအဆင့်တစ်ယောက်ပင် မဟုတ်ဘဲ အထွတ်ထိပ်အဆင့်တစ်ယောက် ဖြစ်မည်ဟု ကောက်ချက်ချခဲ့ကြသည်။ ပြဿနာကို အစပျိုးခဲ့သူ နဂါးငါးဖော်က မရှုပ်သင့်သော လူများကို သွားရှုပ်ခဲ့၍ ဌာနခွဲတစ်ခုလုံးအင်အားဖြင့် ရင်ဆိုင်ခဲ့သည့်တိုင် ရန်သူကို မတိုက်ခိုက်နိုင်ခဲ့ဘဲ ဌာနခွဲတစ်ခုလုံးသာ ပျက်စီးသွားခဲ့သည်။
ထိုနောက်တွင်မှ ဒေါင်းမြီးစိမ်းက လီရှန်းမြို့ဌာနခွဲကို တာဝန်ယူခဲ့ရခြင်း ဖြစ်သည်။
ယခု ဝါးနက်တုတ်နှင့်လူကို ပြန်တွေ့နေရလေပြီ။
‘ဒါက ဘာအဓိပ္ပါယ်လဲ။ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေတာလား…’
ဒေါင်းမြီးစိမ်းက အသည်းအသန်တွေးရင်း လက်ရှိအခြေနေက သည်အတိုင်း ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ အတိတ်က ကိစ္စတချို့နှင့် ပတ်သက်နေနိုင်ကြောင်း တွေးမိလာသည်။ သို့သော် မည်သို့ ဆက်စပ်၍ မည်သည့်အကြောင်းရာများ ရှိနေနိုင်သည်ကိုတော့ ဒေါင်းမြီးစိမ်းတစ်ယောက် မစဉ်းစားနိုင် ဖြစ်နေခဲ့သည်။ သူ သိလိုက်သည့် အချက်တစ်ခုမှာတော့ နဂါးစိမ်းဂိုဏ်း၏ ရန်သူမှာ သူတို့ ထင်ထားသလို အထွတ်ထိပ်ဂိုဏ်းကြီးများသာ မဟုတ်ဘဲ သူတို့ မသိထားသော အင်အားစုတစ်ခုလည်း ရှိနေသေးကြောင်း နားလည်သွားခဲ့သည်။ ထိုအင်အားစုကလည်း အထွတ်ထိပ်ဂိုဏ်းကြီးများနှင့် တစ်နည်းနစ်ဖုံ ဆက်စပ်နေနိုင်ကြောင်း နားလည်လာသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ဆယ့်ငါးနှစ်က ထိုဝါးနက်တုတ်ပိုင်ရှင်က လီရှန်းဌာနခွဲကို ဖျက်ဆီးခဲ့ပြီးနောက် အော်မေ့တောင်ဘက်သို့ ထွက်သွားခဲ့သည်ဟု သတင်းရထားခဲ့သည် မဟုတ်ပါလား။ သို့ဆိုလျှင် ထိုဝါးနက်တုတ်ရှင်နှင့် အော်မေ့ဂိုဏ်းက တစ်စုံတစ်ခု ဆက်စပ်နေနိုင်သည်။ အော်မေ့ဂိုဏ်း ပျက်စီးသွားရခြင်းအတွက် ဆယ့်ငါးနှစ်တိုင်တိုင် မည်သူမှ မတုံ့ပြန်ခဲ့ကြဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ အထွတ်ထိပ်ဂိုဏ်းကြီးများလည်း ငြိမ်သက်နေခဲ့သည်။
ယခုတော့ လှုပ်ရှားလာခဲ့လေပြီ။ အော်မေ့ဂိုဏ်းနှင့် ပတ်သက်နေပုံရသော ဝါးနက်တုတ်ရှင်က ပြန်ထွက်ပေါ်လာသည်။ နဂါးစိမ်းဂိုဏ်း၏ အရေးကြီး အကျဉ်းသားများကို လာကယ်ထုတ်ပြီး အော်မေ့တောင်ဌာနခွဲကို လာဖျက်ဆီးနေလေပြီ။
ကိစ္စများက မရိုးရှင်းတော့ပေ။
ထိုအချိန်တွင် ဟူယုံနှင့် ဟူဖန်းတို့က အဆောက်ဦးများကြားထဲမှ ပြန်ထွက်လာကြသည်။ သူတို့ကိုယ်ပေါ်တွင် ဒဏ်ရာတချို့ ရထားပြီး တစ်ကိုယ်လုံး သွေးများ စိုရွှဲနေသည်။ ထိုသွေးများက သူတို့ရထားသော ဒဏ်ရာမှ ဟုတ်ပုံမရပေ။ ရန်သူမ၏ သွေးများ ဖြစ်ပုံရသည်။
ဟုတ်သည်။ ဟူယုံနှင့် ဟူဖန်းက သူတို့နောက် လိုက်လာသော နဂါးစိမ်းဂိုဏ်းသားများကို ခြုံခိုတိုက်ခိုက်၍ ရှင်းပစ်ခဲ့ပြီ ဖြစ်သည်။ သူတို့၏ မျက်လုံးများက တိုက်ပွဲဆာလောင်မှုနှင့်အတူ ခက်ထန်ကြမ်းတမ်းနေသည်။
“ယား…”
“ဂါး…”
နှစ်ယောက်လုံး တိုက်ပွဲနယ်မြေထဲ တဟုန်ထိုး ပြေးဝင်လာပြီး ဟူယုံက ဟူရှန်းကို ဝိုင်းတိုက်နေသော နဂါးစိမ်းဂိုဏ်းသား ခြောက်ယောက်ထံ အတင်းခုန်ဝင်တိုက်ခိုက်သည်။
ဟူရှန်းက လူငယ်ငါးယောက်ထဲတွင် ခွန်အားအကောင်းဆုံးဖြစ်သော်လည်း ခြောက်ယောက်တစ်ယောက် ဝိုင်းအတိုက်ခံနေရသဖြင့် အတော်လေး အထိနာနေပြီ ဖြစ်သည်။
ဟူယုံက ဝင်ကူလိုက်သည့်အခါတွင်တော့ ဟူရှန်းလည်း အသက်ရှူချောင်သွားသည်။ ထို့နောက် ဟူယုံနှင့် ဟူရှန်းက လက်တွဲ၍ နဂါးစိမ်းဂိုဏ်းသားခြောက်ယောက်ကို တရကြမ်း ပြန်တိုက်ခိုက်ကြသည်။
“ရွှစ် ရွှစ်…”
ဟူဖန်းကလည်း ဟူလင်းနှင့် သွားပူးပေါင်းလိုက်သည်။
ဟူလင်းက သူ၏ လျင်မြန်မှုကို အပြည့်အဝအသုံးချ၍ ခံစစ်အစား အရှောင်အတိမ်းကို ဦးစားပေး၍ ရင်ဆိုင်နေခဲ့သည်။ ဤနည်းစနစ်က တောအုပ်ထဲတွင် သူအကျွမ်းကျင်ဆုံး နည်းစနစ်လည်း ဖြစ်သည်။ သို့သော် ယခုတိုက်ပွဲနေရာက တောအုပ် မဟုတ်နေသဖြင့် သူ၏ အရှောင်အတိမ်းပရိယာယ်များက ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထို့ကြောင့် သူလည်း အတော်လေး ခက်ခဲနေပြီ ဖြစ်သည်။
ယခု ဟူဖန်းက လာကူလိုက်သည့်အခါမှာတော့ ဟူလင်းတစ်ယောက် အတော်လူးသာလွန့်သာ ဖြစ်သွားသည်။
ဟူကျဲ့တစ်ယောက်ကတော့ နဂါးစိမ်းဂိုဏ်းသား ခြောက်ယောက်နှင့် သဲကြီးမဲကြီး တိုက်ခိုက်နေ၏။ သူတို့ငါးယောက်ထဲတွင် ဟူကျဲ့က တိုက်ခိုက်စွမ်းအား အကောင်းဆုံးဖြစ်သည်။ သူ၏ လှုပ်ရှားမှုနည်းစနစ်များက အတော်ကောင်းသည်။ ခြောက်ယောက်တစ်ယောက် ရင်ဆိုင်နေရသည့်တိုင် ခုခံလိုက်၊ ရှောင်တိမ်းလိုက်၊ တန်ပြန်တိုက်ခိုက်လိုက်နှင့် ယခုအချိန်ထိ တောင့်ခံထားနိုင်ခဲ့သည်။
ဝံပုလွေမျိုးနွယ်စု လူငယ်ငါးယောက်ကလည်း အကြပ်အတည်းကြားမှ ရုန်းကန်တိုက်ခိုက်နေကြသည်။ သူတို့၏ ခွန်အားများက မကုန်ခမ်းသကဲ့သို့ ဖြစ်နေသည်။ ပို၍လည်း ရူးသွပ်ကြမ်းတမ်းလာကြသည်။ သူတို့ကိုယ်ပေါ်တွင် ဒဏ်ရာအများအပြား ရထားသော်လည်း နာရကျင်ရမှန်း မသိသကဲ့သို့ တိုက်ခိုက်နေကြသည်။ သူတို့ပုံစံက ဆေးအာနိသင်ဖြင့် ကြမ်းတမ်းနေသော နဂါးစိမ်းဂိုဏ်းသားများနှင့် ခပ်ဆင်ဆင်တူသည်။ သို့သော် သူတို့က ရူးသွပ်လေလေ ကြမ်းတမ်းလေလေ ဖြစ်လာပြီး တုံ့ပြန်မှုများက လျင်မြန်လေလေ ဖြစ်လာသည်။
သူတို့နှင့် ရင်ဆိုင်နေရသော နဂါးစိမ်းဂိုဏ်းသားများမှာ တဖြည်းဖြည်း သက်လုံကျလာကြသည်။
‘သူတို့ပုံစံကလည်း ထူးဆန်းတာပဲ။ ကြည့်ရတာ လရောင်က သူတို့အတွက် တကယ်ခွန်အားပေးနိုင်ပုံရတယ်…’
ရှောင်လုံက တိုက်ပွဲအသီးသီး၏ အခြေနေကို အာရုံခံပြီး အခြေနေကောင်းမွန်လာသည်ကို သတိထားမိခဲ့သည်။
ရှောင်လုံနှင့် တိုက်ခိုက်နေသော လက်ရွေးစင်ကိုးယောက်မှာလည်း ဆေးအာနိသင်ဖြင့် တရကြမ်းတိုက်ခိုက်နေကြသည်။ သူတို့က မည်သည့်စဉ်းစားဆင်ခြင်နိုင်စွမ်းမှ မရှိဘဲ တိုက်ခိုက်ရန်တစ်ခုတည်းသာ သိလျက် ထိုစုပေါင်းသိုင်းကွက်ကို အကြိမ်ကြိမ် ထပ်သုံး၍ တိုက်ခိုက်နေကြသည်။
ရှောင်လုံက နဂါးစိမ်းဂိုဏ်း၏ ထိုဆေးအာနိသင်ကို နားလည်ထားပြီး ဖြစ်သည်။ ထိုဆေးက သိုင်းစွမ်းအားကို တိုးမြှင့်ပေးနိုင်ပြီး နာကျင်ခံစားမှုကို မမှူဘဲ ဒဏ်ရာပြန်ကောင်းနိုင်စွမ်း ရရှိစေသည်။ သို့သော် စဉ်းစားတွေးခေါ်နိုင်စွမ်း အလွန်အားနည်းသွားပြီး ရန်သူကို တရကြမ်းတိုက်ခိုက်သတ်ဖြတ်ဖို့ တစ်ခုသာ သိတော့သည်။
အခုနေသာ ရှောင်လုံက ထိုဂိုဏ်းသားများကို စကားနာထိုး၍ စိတ်အနှောက်ယှက်ပေးလိုက်လျှင် သူတို့၏ စိတ်အခြေနေက ပို၍ ဆိုးရွားသွားမည်ဖြစ်သည်။
သို့သော် ရှောင်လုံက ထိုသို့ မလုပ်ခဲ့ပေ။ လုပ်ရန် မလိုသောကြောင့် ဖြစ်သည်။ သူတောင်းစားဂိုဏ်းသားများနှင့် အတူလှုပ်ရှားခဲ့စဉ်က ထိုနည်းလမ်းကို သုံးခဲ့ခြင်းမှာ သူ့ခွန်အားနှင့် သူ့တည်ရှိမှုကို ဖုံးကွယ်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
ယခုတွင်တော့ ထိုသို့ လုပ်ရန် မလိုအပ်ပါ။
“မင်းတို့ လုပ်နိုင်တာက ဒီလောက်ပဲဆိုတော့လည်း အဆုံးသတ်လိုက်ဖို့ပဲ ရှိတော့တာပေါ့”
ထိုစုပေါင်းတိုက်ကွက်ကို အကြိမ်ကြိမ် ရင်ဆိုင်ပြီးနောက်တွင် ရှောင်လုံအတွက် ထိုစုပေါင်းတိုက်ကွက်နှင့် လေ့ကျင့်ခြင်းက အကျိုးမရှိတော့ပေ။ ထိုလက်ရွေးစင်ဂိုဏ်းသားများမှာလည်း အပြောင်းအလဲဖြင့် တိုက်ခိုက်နိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် ရှောင်လုံက ဆက်မလေ့ကျင့်တော့ဘဲ အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။
“မင်းတို့ရဲ့ စုပေါင်းသိုင်းကွက်ကို မင်းတို့ ပြန်ယူလိုက်”
ရှောင်လုံက ပြောပြီးနောက် လျှပ်တစ်ပြက် လှုပ်ရှားလိုက်သည်။ ရှောင်လုံ၏ အရိပ်များက လရောင်အောက်တွင် တရိပ်ရိပ် ခွဲဖြာထွက်လာသည်။
၎င်းမှာ နှင်းပန်း၏ မယ်တော်ကိုယ်ပွားသိုင်းလို ကိုယ်ပွား ခွဲထုတ်ခြင်း မဟုတ်သော်လည်း ရှောင်လုံ၏ လှုပ်ရှားမှုက လျင်မြန်လှသောကြောင့် လရောင်က ပြတ်သားသော ပုံရိပ်ကို မဖော်ပြနိုင်တော့ဘဲ ဝေဝါးသော ပုံရိပ်ကိုသာ ဖော်ပြနိုင်တော့သည်။ ထို့ကြောင့် အရိပ်ပေါင်းများစွာ စီတန်းခွဲဖြာထွက်လာသလို ဖြစ်သွားခဲ့သည်။
ရှောင်လုံ၏ လက်ထဲက ဓားကလည်း ဆက်တိုက်လှုပ်ရှားသွားခဲ့သည်။ လူကိုးယောက် စုပေါင်းအသုံးပြုသော ဓားကွက်ကို သူတစ်ယောက်တည်း ထုတ်ဖော်လိုက်သည်။
သူ၏ အမြန်နှုန်း၊ သူ၏ ဓားပညာအပေါ် သိမြင်နားလည်မှုတို့ကြောင့် စုပေါင်းသိုင်းကွက်တစ်ခုကို တစ်ယောက်တည်းဖြင့် ထုတ်ဖော်နိုင်ခြင်းက ဆန်းတော့ မဆန်းကြယ်ပေ။
ထို့အပြင် ၎င်းမှာ အက္ခရာဓားသိုင်း၏ ဓားနည်းစနစ်တစ်ခုလည်း ဖြစ်နေသေးသည်။
ပုံတူအက္ခရာရေးဆွဲခြင်း…။
ရန်သူကို ရန်သူ၏ နည်းစနစ်ဖြင့် တန်ပြန်တိုက်ခိုက်နိုင်သော ဓားနည်းစနစ် ဖြစ်သည်။
“ဝှစ်း ဝှစ် ဝှစ်…”
“ရွှစ် ရွှစ် ရွှစ်…”
ရှောင်လုံ၏ ဓားချက် လှုပ်ရှားသွားသည့်နောက်တွင် ဓားရိပ်များကလည်း လူရိပ်ကဲ့သို့ တစ်သီတစ်တန်းကြီး ထင်ဟပ်သွားသည်။ ဓားရိပ်က ပတ်ပတ်လည်ကို နိမ့်ချည်မြင့်ချည် ဝေ့ချည်ဝိုက်ချည်နှင့် ဖြတ်သန်းသွားသည်။ ဓားရိပ်ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် ခြေပြတ် လက်ပြတ်များက လွင့်စင်ထွက်လာသည်။ သွေးများ လေထဲ လွင့်စင်ပြန့်ကျဲသွားသည်။
ရှောင်လုံက သူ့ဓားချက်ကို ရန်သူ၏ ခြေလက်များကိုသာ ပစ်မှတ်ထားခဲ့သည်။ မဟုတ်လျှင် ယခု လွင့်ပျံနေမည့် ခြေလက်များနေရာတွင် ဦးခေါင်းများ ဖြစ်နေပေလိမ့်မည်။
ထိုစုပေါင်းတိုက်ကွက်က ရက်စက်ကြမ်းတမ်းသော သိုင်းကွက်တစ်ခု ဖြစ်နေခဲ့သောကြောင့် တန်ပြန်လာသော ဓားချက်များကလည်း ရက်စက်ကြမ်းတမ်းနေခဲ့သည်။ ရှောင်လုံက လူမသတ်ပါဟူသော ကတိစကားကို လိုက်နာ၍ ဓားချက်ကို ထိန်းထားသောကြောင့်သာ လက်ရွေးစင်ဂိုဏ်းသားများ အသက်ချမ်းသာရာ ရသွားခဲ့သည်။
သို့သော်လည်း အားလုံး ဒုက္ခိတတော့ ဖြစ်ကုန်ကြသည်။
ရှောင်လုံက ထိုမျှနှင့် မရပ်သေးဘဲ လက်ရွေးစဉ်ဂိုဏ်းသားများကို ကြမ်းတမ်းစွာ ကန်ထုတ်လိုက်သည်။
“ဖြောင်း ဖြောင်း ဖြောင်း…”
လက်ရွေးစင်ဂိုဏ်းသားအားလုံး လွင့်စင်ထွက်သွားသည်။ ကန်ချက်များက သူတို့၏ အတွင်းအားဆုံမှတ်တည့်တည့်သို့ ထိခဲ့သောကြောင့် သူတို့၏ အတွင်းအားဆုံမှတ်များ ပျက်စီးကုန်သည်။
“အား…၊ ငါ့ လက်”
“ငါ့ခြေထောက် အား…”
“အီး…၊ ငါ့… ငါ့ အတွင်းအား”
အတွင်းအားဆုံမှတ် ပျက်စီးခြင်းက သူတို့ သောက်ထားသော ဆေးအာနိသင်ကို ပျက်ပြယ်သွားစေပုံရသည်။ ထို့ကြောင့် နာကျင်မှုကို ပြန်ခံလာရပြီး လူးလှိမ့်နေကြတော့သည်။
အခန်း(၃၆၅)ပြီး
***