ရှောင်လုံက လက်ရွေးစင်ဂိုဏ်းသားကိုးယောက်ကို ဖယ်ရှားလိုက်ပြီးနောက်တွင် ဟူမျိုးနွယ်စု လူငယ်များနှင့် ရင်ဆိုင်နေကြသော နဂါးစိမ်းဂိုဏ်းသားများသည်လည်းကောင်း ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များနှင့် ရင်ဆိုင်နေကြသော နဂါးစိမ်းဂိုဏ်းသားများသည်လည်းကောင်း ကြောက်ရွံ့ထိတ်လန့်သွားကြသည်။ အလွန်ကြမ်းတမ်းသော လက်ရွေးစင်ဂိုဏ်းသားများသည်ပင် ခြေပြတ်သူပြတ်၊ လက်ပြတ်သူပြတ်နှင့် အတွင်းအားဆုံမှတ်များ ဖျက်ဆီးခံလိုက်ရသည် မဟုတ်ပါလား။
သူတို့က ဆေးသုံးထားခြင်းမဟုတ်၍ ကြောက်ရမှန်း လန့်ရမှန်း သိကြသည်။ ထိုကြောင့် အားလုံး တုံ့ဆိုင်သွားကြပြီး သူတို့၏ စုပေါင်းသိုင်းကွက်များလည်း ဖရိုဖရဲ ဖြစ်ကုန်သည်။
ထိုအခါ အရိုင်းစိတ်ဝင်၍ သွေးဆာနေသော သားရဲများလို တရကြမ်းတိုက်ခိုက်နေကြသည့် ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များက အတင်းခုန်အုပ်၍ တန်ပြန်တိုက်ခိုက်ကြသည်။ လက်သည်းများနှင့် ကုတ်ဆွဲကြသည်။ ဖက်ကိုက်ကြသည်။
“ယား…”
“ဂါး…”
“ဗျိ ဗျိ…”
“အား…အီး…”
နဂါးစိမ်းဂိုဏ်းသားများမှာ နာကျင်စွာ ညည်းညူအော်ဟစ်၍ လဲကျသွားကြသည်။
တချို့က လည်ပင်းလေပြွန် ပြတ်ထွက်သည်အထိ လည်ပင်းကို အကွင်းလိုက်ကြီး ကိုက်ဖြတ်ခံလိုက်ရသည်။ တချို့က လည်ပင်းသွေးကြောကို အမိအရ ကိုက်ဖြတ်ခံရသည်။ တချို့က ရင်ဘတ်ကို ဆွဲဖြဲခံရပြီး နံရိုးများပါ ဆွဲချိုးခံရသည်။ တချို့မှာတော့ ဝမ်းဗိုက်များ ဆွဲဖွင့်ခံရပြီး အူများ အသည်းများ ထွက်ကျလာကြသည်။
အလွန်ကြမ်းတမ်းသလို သေကွင်းသေကွက်ကိုချည်း တိုက်ခိုက်ခံရသည်။
သူတို့ ခံစားခဲ့ရသော နာကျင်မှုများအတွက် အညှာတာမဲ့စွာ ပြန်ရက်စက်ကြသည်။
ဟူမျိုးနွယ်စု လူငယ်များကလည်း မလျှော့ပါ။ သူတို့၏ အရိုက် အပုတ် အကုတ် အဆွဲ အချ်ိုးအဖဲ့များအောက်တွင် နဂါးစိမ်းဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်။
ရှေးဟောင်းသားရဲလူသားမျိုးနွယ်စုများက လူနေမြို့ပြနိုင်ငံများ၏ ဝေးလံသီခေါင်သော အရပ်ဒေသများ၌ လျှို့ဝှက်သိုသိပ်စွာ နေထိုင်ကြသော်လည်း အားနည်းသည်တော့ မဟုတ်ပေ။ မတိုက်ခိုက် မသတ်ဖြတ်တတ်သည်လည်း မဟုတ်ပေ။ သူတို့ကို သွားထိခိုက်လျှင် သားရဲများလို အငြိုးတကြီးနှင့် ပြန်တုံ့ပြန်တတ်သည်။
အခုတော့ နဂါးစိမ်းဂိုဏ်းသားများမှာ ဟူမျိုးနွယ်စုလူငယ်များနှင့် ဝံပုလွေလူသားမျိူးစုလူငယ်များ၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံနေရသည်။ သည်တစ်ခါ ထွက်ပြေးဖို့ ကြိုးစားနေရသူမှာ နဂါးစိမ်းဂိုဏ်းသားများ ဖြစ်နေသည်။ သို့သော်လည်း ပြေးစရာလမ်းက မရှိပေ။ တောင်ဆင်းလမ်းကို ပိတ်ဆို့ထားသည်။
နှင်းပန်း၏ ဘက်တွင်လည်း လက်ရွေးစင်ဂိုဏ်းသားများ၏ အခြေနေက အတော်ဆိုးနေသည်။ သူတို့က သဲကြီးမဲကြီးတိုက်ခိုက်နေသော်လည်း သူတို့၏ တိုက်ခိုက်မှုများက နှင်းပန်းကို မထိခိုက်စေနိုင်ခဲ့ပေ။ အကြောက်အလန့်လည်း မရှိ၊ နာကျင်မှုကိုလည်း မသိဘဲ တရကြမ်းတိုက်ခိုက်လေလေ သူတို့၏ ကိုယ်ပေါ်တွင် ဒဏ်ရာများ အထပ်ထပ်ရလေ ဖြစ်လာကြသည်။ အခု သူတို့၏ ကိုယ်ပေါ်တွင် အင်္ကျီများ အပိုင်းပိုင်း ပြတ်ပြီး မကြည့်ရဲလောက်အောင် ဆိုးရွားသော ဒဏ်ရာကြီးများ ရထားကြသည်။ တချို့ ဒဏ်ရာများက အရိုးများပင် ပေါ်နေသည်။ ပခုံးကို အရိုက်ခံထားရသော ဒဏ်ရာများက အကြောများပြတ်ပြီး ပခုံးတစ်ခြမ်းစောင်းကာ လက်လည်း တွဲလောင်းကြီး ဖြစ်နေသည်။ သူတို့၏ ပြန်လည်ကုသနိုင်စွမ်းမှာလည်း ဓားဒဏ်ရာ လှံဒဏ်ရာနှင့် မတူသော နဂါးဆူးနွယ်လက်နက်ဒဏ်ရာကို ကုသနိုင်စွမ်း မရှိဘဲ ဖြစ်နေသည်။
ဓားဒဏ်ရာ လှံဒဏ်ရာများက ပြတ်တောက်ဒဏ်ရာနှင့် ထိုးဖောက်ဒဏ်ရာများဖြစ်၍ ဒဏ်ရာပြန်စေ့လွယ်သည်။ သွေးတိတ်လွာ်သည်။ လျင်မြန်စွာ ပြန်ကောင်းလွယ်သည်။ ယခု နဂါးဆူးနွယ်လက်နက်က အရေပြား၊ အသားစနှင့် အကြောများကို ချိတ်ဆွဲဖြတ်တောက်သွားသောကြောင့် ဒဏ်ရာကြီးများက ဟပြဲကြီးဖြစ်လျက် အရိုးထိအောင် နက်နေသည်။ ဒဏ်ရာ ပြန်မစေ့နိုင်ဘဲ ဖြစ်နေသည်။ ထို့ကြောင့် လက်ရွေးစင်ဂိုဏ်းသားများ၏ အခြေနေက အတော်ဆိုးရွားနေသည်။ လက်တစ်ဖက် တွဲလောင်းကျသူက ကျ၊ ကိုယ်တစ်ခြမ်း ရွဲ့စောင်းသူက ရွဲ့စောင်း၊ ခြေတရွတ်တိုက်ဆွဲသူက ဆွဲနှင့် ဖြစ်နေကြသည်။ သာမန်အနေထားသာဆိုလျှင် ဘိုင်းဘိုင်းလဲ၍ အသက်ထွက်ကုန်ပြီး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း ဆေးအာနိသင်ကြောင့် မသေနိုင်ဘဲ တိုက်ခိုက်ဖို့သာ သိလျက် ဆက်၍ တိုက်ခိုက်နေကြသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းက မထိရောက်တော့သည့်တိုင် ဆက်၍ တိုက်ခိုက်နေကြသည်။
“တော်တော် ဆိုးရွားတဲ့ ဆေးပဲ”
နှင်းပန်းက လက်ရွေးစင်ဂိုဏ်းသားများ၏ မကောင်းဆိုးဝါးဆန်မှုကို ကြည့်ပြီး စိတ်မသက်မသာ ဖြစ်သွားရသည်။
~~မမ…၊ သူတို့ရဲ့ အတွင်းအားဆုံမှတ် ပျက်စီးသွားရင် ဆေးအာနိသင်လည်း ပြယ်သွားတယ်~~
ရှောင်လုံက သူ တွေ့ရှိခဲ့သော လက်ရွေးစင်ဂိုဏ်းသားများ၏ အားနည်းချက်ကို လျှို့ဝှက်အသံဖြင့် ပြောပြလိုက်သည်။
နှင်းပန်းမှာ နဂါးဆူးနွယ်လက်နက်ကို အသုံးပြုနိုင်စွမ်း အာရုံပုံရိပ်မြင်ကွင်းထဲက သွေးနီရောင်ဆံပင်နှင့် အမျိုးသမီးလို ထက်ပိုင်းပြတ်ထွက်အောင် ရိုက်နှက်သတ်ဖြတ်နိုင်စွမ်း မရှိသေးပေ။ အရိုးပေါ်သည်အထိ၊ အကြောများ ပြတ်သည်အထိသာ ရိုက်နှက်နိုင်သေးသည်။ ထိုရိုက်ချက်များက သာမန်လူများကို အသေသတ်နိုင်သော်လည်း ဆေးသုံးထားသော နဂါးစိမ်းဂိုဏ်းသားများကိုတော့ မသတ်ဖြတ်နိုင်ခဲ့ပါ။ ထို့ကြောင့်လည်း တိုက်ပွဲက ထိုမျှ အချိန်ကြာနေရခြင်း ဖြစ်သည်။
သူမက နဂါးဆူးနွယ်ကို လေ့ကျင့်ချင်၍ အချိန်ယူတိုက်ခိုက်နေသည့်တိုင် မသတ်နိုင် မသေနိုင်ဖြစ်နေသော ထိုလက်ရွေးစင်ဂိုဏ်းသားများကြောင့် စိတ်ကသိကအောင့် ဖြစ်လာရသည်။ သူမ၏ အတွင်းအားသာ မသန့်စင်နေလျှင် သူမ၏ ကိုယ်ဖော့ပညာသာ အဆင့်တစ်ခုအထိ မတိုးတက်ခဲ့လျှင် ထိုတိုက်ပွဲက ပို၍ ခက်ခဲနိုင်သည်။
ယခုတော့ နှင်းပန်းကလည်း လက်ရွေးစင်ဂိုဏ်းသားများ၏ အဓိကအားနည်းချက်ကို သိသွားပြီ ဖြစ်၍ တိုက်ကွက်ပုံစံ ပြောင်းလိုက်သည်။
“ရွှမ်း ရွှမ်း ရွှမ်း…”
“ရွှီး ရွှီး ရွှီး…”
နဂါးဆူးနွယ်လက်နက်က လေထဲတွင် မြွေပျံတစ်ကောင်လို လူးလွန့်လှုပ်ရှားသွားပြီး လက်ရွေးစင်ဂိုဏ်းသားတစ်ယောက်၏ အတွင်းအားဆုံမှတ်ကို ထိုးဖောက်သွားသည်။
“စွပ်…”
“အင်…”
နာကျင်ရမှန်း မသိဘဲ ဒဏ်ရာပရပွရနေသည့်ကြားမှ မကောင်းဆိုးဝါးလို မသေနိုင်ဖြစ်နေသော ထိုဂိုဏ်းသားမှာ တစ်ချက်ညည်းညူပြီး ခွေလဲကျသွားသည်။ လဲကျလျက်မှ အကြောများဆွဲကာ နာကျင်စွာ ညည်းညူနေခဲ့သည်။ အသက်ကိုလည်း ဖုတ်လိုက်ဖုတ်လိုက်နှင့်သာ ရှူနိုင်တော့သည်။ သူ၏ အတွင်းအားဆုံမှတ် ပျက်စီးမှုနှင့်အတူ သူ၏ ဆေးအာနိသင်များ ပျက်ပြယ်သွားခဲ့လေ၏။
နှင်းပန်းက အခြေနေကို နားလည်သွားပြီဖြစ်၍ တရစပ် တိုက်ခိုက်လိုက်သည်။
“ရွှစ် ရွှစ် ရွှစ်…”
“စွပ် စွပ် စွပ်…”
နဂါးဆူးနွယ်လက်နက်၏ ထိပ်ဖျားက ဆူးသွားလို ချွန်မြထက်ရှလှသောကြောင့် လက်ရွေးစင်ဂိုဏ်းသားများ၏ ဝမ်းဗိုက်ထဲ သို့ အလွယ်တကူ ထိုးဖေါက်သွားပြီး အတွင်းအားဆုံမှတ်များကို ဖျက်ဆီးပစ်လိုက်သည်။
“အား…”
“အီး…”
လက်ရွေးစင်ဂိုဏ်းသားများက နာကျင်စွာ အော်ဟစ်ရင်း လဲကျသွားကြသည်။ အခုတော့ မကောင်းဆိုးဝါးလို မဟုတ်တော့ဘဲ သေလူမျောပါး ခံစားနေကြသည်။
တိုက်ပွဲက လျင်မြန်သည်။ လက်ရွေးစင်ဂိုဏ်းသားများ၏ အခြေနေက တရွတ်ဆွဲနေသူများ၊ ရွဲ့စောင်းနေသူများ၊ လက်ခြေ တွဲလောင်းဖြစ်နေသူများ ဖြစ်၍ နဂါးဆူးနွယ်ကို ခုခံတားဆီးနိုင်စွမ်း မရှိကြပေ။ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြသည်။
အခု အဆင့်မြင့်ဂိုဏ်းသားများနှင့် လက်ရွေးစင်ဂိုဏ်းသားများသာ ကျန်တော့သည်။ အင်အားနှစ်ရာခန့် ရှိခဲ့သော ဌာနခွဲက အခုတော့ အင်အားတစ်ရာပင် မရှိတော့ပေ။ ရှိသည်မှာလည်း အလယ်လတ်အဆင့် ဂိုဏ်းသားများနှင့် အဆင့်မြင့်ဂိုဏ်းသားများသာ ကျန်တော့သည်။ လက်ရွေးစင်ဂိုဏ်းသားအားလုံးမှာ ဒုက္ခိတဖြစ်ကုန်ပြီး အတွင်းအားဆုံမှတ် ပျက်စီးကုန်ပြီ ဖြစ်သည်။
ဝံပုလွေလူသားမျိုးနွယ်စု လူငယ်များက သူတို့၏ ရန်သူအားလုံးကို သတ်ဖြတ်လိုက်ပြီးနောက် ရန်သူ့သွေးကို လက်နှစ်ဖက်ဖြင့် ခံယူ၍ ကောင်းကင်သို့ ဆန့်တန်းကာ အော်ဟစ်ကြသည်။
“အူး ဝူး…”
“ဝံပုလွေနတ်ဘုရားကို ရန်သူ့သွေးနဲ့ ပူဇော်ပါတယ်”
သူတို့တစ်ကိုယ်လုံးတွင်လည်း သွေးများ ရွှဲနစ်နေ၏။ ရန်သူအားလုံးကို သတ်နိုင်ခဲ့သလို သူတို့ကိုယ်တိုင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။ သို့သော် သူတို့၏ မျက်လုံးများက တောက်ပနေခဲ့သည်။ နာကျင်နေသည့်ကြားမှ အားမာန်များ ပြည့်နေခဲ့သည်။
ဝံပုလွေလူသားမျိုးနွယ်စု၏ ယုံကြည်မှုတွင် ခက်ခဲစွာ အမဲလိုက်၍ ရရှိသော သားကောင်ဖြင့် ဝံပုလွေနတ်ဘုရားကို ပူဇော်ခြင်းထက် ရန်သူကို သတ်ဖြတ်အနိုင်ယူ၍ ပူဇော်ခြင်းက ဝံပုလွေနတ်ဘုရားကိုပို၍ အားရကျေနပ်စေသည်။ ပို၍လည်း ကြီးကျယ်မြင့်မြတ်သည်။ ဂုဏ်သိက္ခာလည်း ပိုကြီးမားသည်။ ထို့ကြောင့် သူတို့အားလုံးက ဂုဏ်ယူစွာ တက်ကြွနေကြသည်။
ထို့နောက် သူတို့၏ မျက်လုံးများက ကျန်နေသေးသော နဂါးစိမ်းဂိုဏ်းသားများထံ ရောက်သွားသည်။ သူတို့၏ မျက်လုံးများတွင် ခက်ထန်ကြမ်းတမ်းမှုနှင့် သတ်ဖြတ်လိုမှုများ ပြည့်နက်သွားသည်။
ရန်သူမှန်လျှင် အားလုံးကို သတ်ပစ်ရမည်။ အညှာတာ မရှိစေရ။
ဟူယုံတို့ကလည်း ထို့အတူပင်။ သူတို့ ဟူမျိုးနွယ်စုကလည်း ရန်သူကို သက်ညှာပေးရိုး မရှိပေ။ အထူးသဖြင့် ယခုလို သူတို့ကို ဖမ်းဆီးနှိပ်စက်ပြီး ဗီဇမျိုးဆက်သွေးအဆီနှစ် ထုတ်ယူသည့် ရန်သူများကို သူတို့က အမုန်းတီးဆုံးနှင့် အနာကြည်းဆုံး ဖြစ်သည်။ သတ်ဖြတ်ခံရခြင်းထက်ပင် ပိုနာကြည်းကြသည်။
“သတ်…”
သားရဲများလို ပြေးလွှားခုန်ဝင်လာကြသော ရန်သူများကို မြင်လျှင် နဂိုကတည်းက ထိတ်လန့်နေကြပြီ ဖြစ်သော နဂါးစိမ်းဂိုဏ်းသားများမှာ ပျာယာခတ်ကုန်သည်။ မည်သို့ ခုခံရမှန်း မသိ ဖြစ်ကုန်သည်။ လက်နက်ချ၍ အသက်ချမ်းသာပေးရန်လည်း တောင်းဆို၍ ရမည့်ပုံ မဟုတ်ပေ။ သူသေကိုယ်သေ တိုက်ခိုက်ရမည်လော။
“ကျား…”
နဂါးစိမ်းဂိုဏ်းသားများကလည်း သည်အတိုင်း အသတ်မခံဘဲ သူသေကိုယ်သေ တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။
တစ်ဖက်က အမုန်းတရားနှင့် နာကြည်းမှုများဖြင့် သတ်ဖြတ်လိုစိတ် ပြင်းထန်ကာ သားရဲများလို ခက်ထန်ကြမ်းတမ်းနေကြသည်။ တစ်ဖက်ကလည်း ကြောက်ကြောက်လန့်လန့်ဖြင့် သူသေကိုယ်သေ တန်ပြန်တိုက်ခိုက်ကြသည်။ ထို့ကြောင့် နှစ်ဖက် ထိပ်တိုက် တွေ့ဆုံသည်နှင့် သတ်ဖြတ်မှုကြီး စတင်ဖြစ်ပွားလေတော့သည်။
“ဝုန်း…”
“ဖြောင်း…”
“ရွှမ်း ရွှမ်း…”
ဌာနခွဲမှူးမှာ သူ့ဂိုဏ်းသားများကို ညွှန်ကြားနိုင်စွမ်း မရှိတော့ဘဲ ငေးကြောင်၍သာ ကြည့်နေခဲ့သည်။ ထွက်ပေးဖို့ကလည်း ပြေးလမ်းက မရှိ။ အရှေ့ဘက်တောင်ဆင်းလမ်းကို လက်နက်ဆန်းနှင့်ဝတ်စုံနက်က ပိတ်ဆို့ထားပြီး အနောက်ဘက်တောင်ဆင်းလမ်းကို ကြေးမျက်နှာဖုံးနှင့်လူက ပိတ်ဆို့ထားသည်။ ထိုနှစ်ယောက်လုံးက လက်ရွေးစင်ဂိုဏ်းသားများကိုပင် ရက်ရက်စက်စက် အနိုင်ယူနိုင်စွမ်း ရှိသောကြောင့် လက်ရှိ လက်ကျန် ဂိုဏ်းသားလောက်ဖြင့် ထိုးဖောက်ရန် မဖြစ်နိုင်ပေ။
စုပေါင်းသိုင်းကွက်ဖြင့် ခုခံတိုက်ခိုက်ရန်မှာလည်း ထိုလူနှစ်ယောက်လုံးက စုပေါင်းသိုင်းကွက်ကို မမှုကြပေ။ သူတို့အတွက် လေ့ကျင့်ရေးအဖြစ်သာ သတ်မှတ်၍ တိုက်ခိုက်လေ့ကျင့်နေခဲ့ကြသည်။ အဓိပ္ပါယ်က သတ်ဖြတ်လိုလျှင် အချိန်မရွေးသတ်ဖြတ်နိုင်သည်ဟူသော ခွန်အားမျိုး ရှိနေခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ဌာနခွဲမှူးမှာ မည်သည့် ညွှန်ကြားမှုမှ မပေးနိုင်တော့ဘဲ ဂိုဏ်းသားများ၏ သူသေကိုယ်သေ အကြောက်အကန် တိုက်ခိုက်မှုကိုသာ ကြည့်နေခဲ့ရသည်။ သူကိုယ်တိုင်လည်း လှုပ်ရှားနိုင်စွမ်း မရှိပေ။ သူ လှုပ်ရှားလိုက်သည်နှင့် ဝါးနက်တုတ်နှင့်လူက သူ့ကို ရိုက်သတ်ပေလိမ့်မည်။
“ပြီးသွားပြီ။ ငါ့ရဲ့ ဌာနခွဲကတော့ ပြီးသွားပြီ…၊ အီး…”
ဌာနခွဲမှူးမှာ တုန်လှုပ်စွာ ညည်းညူရင်း တုန်နေလေ၏။ သူ့စိတ်ထဲ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း၊ ခံရခက်ခြင်း၊ မကျေနပ်ခြင်းများနှင့် ပြည့်နက်နေခဲ့သည်။ သို့သော် သူ့တွင် မည်သို့မှ တုံ့ပြန်နိုင်စွမ်း မရှိပေ။
ဒေါင်းမြီးစိမ်းကတော့ အနည်းငယ် ပြန်တည်ငြိမ်နေပြီ ဖြစ်သည်။ ဝါးနက်တုတ်ရှင်က ဌာနခွဲမှူးကို ထိန်းချုပ်နေချိန်တွင် သူ့အပေါ် သိပ်အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူ၍ ပိတ်ဆို့နေသော သွေးကြောများကို တိတ်တဆိတ် ကျိတ်ဖွင့်နေလိုက်သည်။ သို့သော် ထူးဆန်းလေစွ။ မည်သို့သော သွေးကြောပိတ်ပညာမှန်း မသိပေ။ သူ့သွေးကြောများကို မဖွင့်နိုင် ဖြစ်နေသည်။
‘ဘယ်လို အကြောပိတ်နည်းကြီးလဲ၊ ဘာလို့ ငါ့အတွင်းအားတွေ စုစည်းလို့ မရတာလဲ…’
အကြောပိတ်သိုင်းပညာမှာ ယနေ့သိုင်းလောကတွင် ရှားပါးနေပြီ ဖြစ်သော်လည်း တချို့ဂိုဏ်းများ တချို့ကျွမ်းကျင်သူများက အကြောပိတ်နိုင်စွမ်း ရှိကြသေးသည်။ ထိုနည်းအတူ အကြောဖွင့်ပညာများလည်း ရှိနေသေးသည်။
အကြောပိတ်ခံရလျှင် အကြောဖွင့်ပေးသူ မရှိလျှင် ကိုယ်တိုင်ကြိုးစား၍ ပြန်ဖွင့်ကြရသည်။ နည်းစနစ်မှာ အပိတ်ခံထားရသော သွေးကြောနေရာကို အတွင်းအားပို့လွှတ်၍ ဖွင့်သည့်နည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းက အကောင်းဆုံးလည်း ဖြစ်သည်။
ယခုလည်း ဒေါင်းမြီးစိမ်းက သူ့သွေးကြောကို အတွင်းအားပို့လွှတ်၍ ပြန်ဖွင့်ရန် ကြိုးစားခဲ့သည်။ သို့သော် သူ့အတွင်းအားများကို စုစည်းနိုင်စွမ်း မရှိဘဲ ဖြစ်နေသည်။ အတွင်းအားကို မစုစည်းနိုင်သဖြင့် အပိတ်ခံထားရသော သွေးကြောကို အတွင်းအားပို့လွှတ်၍ ဖွင့်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။
ရှောင်လုံက ဒေါင်းမြီးစိမ်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်ရန် သွေးကြောကို ပိတ်ထားခြင်း မဟုတ်ဘဲ အတွင်းအား၊ ကိုယ်ဖော့ပညာနှင့် သိုင်းစွမ်းအားကို ချိပ်ပိတ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့် ဒေါင်းမြီးစိမ်းမှာ သာမန်လူတစ်ယောက်လိုသာ လှုပ်ရှားနိုင်၏။ အတွင်းအား၊ ကိုယ်ဖော့ပညာနှင့် သိုင်းစွမ်းအားများ ပျောက်ကွယ်နေခဲ့သည်။
ဒေါင်းမြီးစိမ်းက အခြေနေကို အကဲခတ်ပြီး လွတ်မြောက်ရာ လမ်းစကို ရှာနေသည်။
နှစ်ဖက်တိုက်ပွဲက ကြမ်းတမ်းလှ၏။ ဝရုန်းသုန်းကားလည်း နိုင်လှ၏။ လူအုပ်ကြားထဲ သားရဲများ ဝင်ရောက်မွှေနှောက် တိုက်လိုက်သတ်ဖြတ်နေသကဲ့သို့ပင်။
ရသေ့ကြီးက ဌာနခွဲမှူးကို လှုပ်မရအောင် ထိန်းချုပ်ထားသည်။
နှင်းပန်းနှင့် ရှောင်လုံက တောင်ဆင်းလမ်းမှ ပိတ်ဆို့ကာ တိုက်ပွဲကို ကြည့်နေကြသည်။ သူတို့က ဝင်မတိုက်ကြသော်လည်း လိုအပ်လျှင် ကူညီရန် အသင့်ပြင်ထားသည်။
ထိုအခြေနေအရပ်ရပ်ကို အတွေ့ကြုံများလှပြီဖြစ်သော ဒေါင်းမြီးစိမ်းက မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်ရင်း သူ့လွတ်လမ်းကို ရှာနေသည်။ တောင်ဆင်းလမ်းကတော့ သူ့ လက်ရှိခွန်အားဖြင့် ထိုးဖောက် မဆင်းနိုင်ပေ။ သူ၏ မူလခွန်အားဖြင့်သာဆိုလျှင် အရှေ့ဘက်တောင်ဆင်းလမ်းမှ လွတ်မြောက်နိုင်စရာ ရှိသည်။ လက်နက်ဆန်းနှင့်လူ၏ သိုင်းပညာက အကျော်မော်အဆင့်မျှသာ ရှိမှန်း သူ ခန့်မှန်းတွက်ချက်မိထားသည်။ သို့သော်လည်း လက်ရှိတွင် သူ့ခွန်အားက သာမန်လူတစ်ယောက်၏ ခွန်အားသာ ရှိနေသည့်အတွက် မထိုးဖောက်နိုင်ပေ။
သူ့တွင် လွတ်မြောက်ရန် လမ်းနှစ်ခုတော့ ရှိနေသည်။ တောင်ဘက်နှင့် မြောက်ဘက် တောင်ကမ်းပါးမှ ခုန်ဆင်းရန် ဖြစ်သည်။ ထိုတောင်ကမ်းနှစ်ခုတွင် တောင်ဘက်ကမ်းပါးက တောင်ဘက်ကမ်းပါးလောက် မမတ်စောက်သလို မြင့်လည်း မမြင့်မားပေ။ လက်ရှိသူ့ခွန်အားဖြင့် ခုန်ချလျှင် အန္တရာယ်ရှိနိုင်သော်လည်း သည်အတိုင်း ဆက်နေလျှင် သေခြင်းတရားမှလွဲ၍ တခြား မရှိနိုင်ပေ။
အရိုင်းစိုင်းကောင်များ၏ အငြိုးကြီးမှုနှင့် အရိုင်းဆန်မှုကို သူ မြင်နေသည်။ ဆက်နေလျှင် ထိုအရိုင်းစိုင်းများက သူ့ကို တစ်စစီ ဆွဲဖြဲသွားနိုင်သည်။ သူက ရိုက်နှက်နှိပ်စက်ခဲ့သူ မဟုတ်ပါလား။ ထိုအရိုင်းစိုင်းများ၏ မျက်လုံးထဲက နာကြည်းမုန်းတီးမှုကိုလည်း သူ မြင်ထားသည်။ သူ့အတွက် သေလျှင်ပင် ကောင်းကောင်း သေရရန် မဖြစ်နိုင်ပေ။
‘ငါ စွန့်စားရမယ်။ ငါ စွန့်စားရမယ်။ မြောက်ဘက်တောင်ကမ်းပါးက မတ်စောက်လွန်းပေမဲ့ ငါနဲ့ နီးတယ်။ တောင်ဘက်ကမ်းပါးက ငါနဲ့ ဝေးလွန်းနေတယ်။ လက်ရှိ ငါ့ခွန်အားနဲ့ဆိုရင် တောင်ဘက်ကမ်းပါးကို ရောက်အောင် မသွားနိုင်ခင် ပြန်ဖမ်းမိသွားနိုင်တယ်။ ဝါးနက်တုတ်ရှင်က မြန်ပေမဲ့ ခြေလှမ်းသုံးလှမ်းအတွင်း ငါ့ကို ဖမ်းမိဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ငါ ကမ်းပါးထိပ်ကို ခြေလှမ်းသုံးလှမ်းကွာအထိ သွားဖို့က မဖြစ်နိုင်ဘူး။ အရမ်းသိသာသွားလိမ့်မယ်။ ဒီကနေ ကမ်းပါးထိပ်က ခြေလှမ်းရှစ်လှမ်းစာလောက် ဝေးနေတယ်။ ခြေလှမ်းငါးလှမ်းစာအကွာဝေးအထိပဲ ငါ ချည်းကပ်လို့ ရလိမ့်မယ်။ ဒီတော့ ခြေလှမ်းသုံးလှမ်း။ ဟုတ်တယ် ငါ ခြေလှမ်းသုံးလှမ်းလောက် မသိမသာ ချည်းကပ်သွားရမယ်။ ပြီးရင် အခွင့်ရေးကို စောင့်မယ်။ ဒါမှမဟုတ် အခွင့်ရေးကို ဖန်တီးရမယ်…’
ဒေါင်းမြီးစိမ်းက တွေးပြီးသည်နှင့် နာကျင်တုန်လှုပ်၍ ယိမ်းယိုင်သွားဟန်ဖြင့် အနောက်သို့ ခြေတစ်လှမ်း မသိမသာ ဆုတ်လိုက်သည်။
‘တစ်လှမ်း။ နောက်ထပ် နှစ်လှမ်း လိုသေးတယ်…’
တိုက်ပွဲက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။ နဂါးစိမ်းဂိုဏ်းသားများ တစ်ယောက်ပြီးတစ်ယောက် အသတ်ဖြတ်ခံနေရသည်။
“ဖုန်း…”
“အမယ်လေး…”
သွေးပျက်စရာကောင်းသော နာကျင်အော်ဟစ်သံများက အော်မေ့တောင်ထိပ်တစ်ခုလုံး လွင့်ပျံနေသည်။
ဌာနခွဲမှူးက ထိုမြင်ကွင်းကို ကြည့်ပြီး မျက်လုံးကြည့်များနီရဲနေသည်။ မေးကြောကြီးများ ထောင်သည်အထိ အံ တင်းတင်းကြိတ်ထားသည်။
“ဌာနခွဲမှူး ကယ်ပါ…။ အား…”
“ဂျွတ်…”
ဂိုဏ်းသားတစ်ယောက်က အသတ်ခံရခါနီးဆဲဆဲတွင် သူသေကိုယ်သေ တိုက်ခိုက်သတ်ဖြတ်ရန် အရဲတင်းထားသော စိတ်များ ပျောက်သွားပြီး သေရမှာ ကြောက်ရွံ့စွာဖြင့် ဌာနခွဲမှူးကို အကူညီတောင်းသည်။
သို့သော် ဌာနခွဲမှူး မတုံ့ပြန်နိုင်ခင်မှာပင် ဟူရှန်းက ထိုဂိုဏ်းသား၏ လည်ပင်ရိုးကို ကျိုးကြေသည်အထိ နင်းခြေ၍ သတ်ပစ်လိုက်သည်။
ဌာနခွဲမှူးမှာ ရင်ထဲ ဆို့နစ်လျက် တုန်နေသည်။ ထိုဂိုဏ်းသား၏ နာကျင်ကြောက်ရွံ့နေသော မျက်လုံးများကို သူ မြင်ခဲ့သည်။ ထိုဂိုဏ်းသား၏ အသနားခံ၍ အကူညီတောင်ခံသံကို သူ ကြားခဲ့သည်။ လည်ပင်းရိုး ကျိုးကြေသံနှင့် ရက်ရက်စက်စက် အသတ်ခံလိုက်ရသည်ကို သူ မျက်ဝါးထင်ထင် သူ မြင်ခဲ့သည်။ ဌာနခွဲမှူး၏ မျက်လုံးများ ဝေဝါးသွားသည်။ ဒေါသနှင့် နာကျင်ဝမ်းနည်းမှုကြောင့် ဖြစ်သည်။
ဌာနခွဲမှူးက လှုပ်ရှားရန် ပြင်သည်။
“ခုချက်ချင်း သေချင်နေရင် ကြိုးစားကြည့်လို့ ရတယ်”
ရသေ့ကြီး၏ အေးစက်သော ခြိမ်းခြောက်သံကြောင့် ဌာနခွဲမှူးမှာ မလှုပ်နိုင် ဖြစ်သွားခဲ့သည်။
ထိုအခြေနေကို အသုံးချလိုက်သူက ဒေါင်းမြီးစိမ်း ဖြစ်သည်။ သူက ထိတ်လန့်ဟန်ဖြင့် ခြေနှစ်လှမ်း ဆက်တိုက် ဆုတ်လိုက်သည်။ ယခု သူနှင့် တောင်ထိပ်ကမ်းပါးနှင့်က ခြေလှမ်းငါးလှမ်းသာ ကွာတော့သည်။
‘အခွင့်ရေးတစ်ခု ရတာနဲ့ ငါ ခုန်ချမယ်။ သေရင်လည်း သေပါစေ။ ရန်သူလက်ထဲမှာတော့ အသေမခံနိုင်ဘူး။ တကယ်လို့ မသေခဲ့ရင် ဒီရန်သူတွေရဲ့ ခွန်အားနဲ့ လှုပ်ရှားမှုတွေကို ဌာနချုပ်ကို သတင်းပို့ရမယ်။ ငါ သတင်းပို့ရမယ်။ ဒီလူတွေကို ထွက်သွားခွင့် ပေးလို့ မဖြစ်ဘူး…’
ဒေါင်းမြီးစိမ်းတစ်ယောက် စိတ်ထဲ ကျိတ်တွေးရင်း အခြေနေကို ဆက်စောင့်ကြည့်နေသည်။ အခွင့်ရေးတစ်ခု ပေါ်လာရန် စောင့်နေလိုက်သည်။
တိုက်ပွဲက တစ်ဖက်စောင်းနင်း ဖြစ်သွားခဲ့လေပြီ။ နဂါးစိမ်းဂိုဏ်းသားများမှာ နှစ်ဆယ်ခန့်သာ ကျန်တော့သည်။ အလောင်းများ ပြန့်ကျဲနေပြီး သွေးများ အိုင်ထွန်းနေသည်။ တောင်ထိပ်တစ်ခုလုံး သွေးညှီနံ့ကြီး ဖုန်းလွှမ်းနေတော့သည်။
နဂါးစိမ်းဂိုဏ်းသား နှစ်ဆယ်မှာ တန်ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘဲ တစ်ဖက်သတ် အသတ်ဖြတ်ခံနေရတော့သည်။ သူသေကိုယ်သေ တိုက်ခိုက်နိုင်စွမ်းလည်း မရှိတော့သလို အကြောက်အကန် တင်းထားသော ရဲစိတ်များလည်း ပျောက်ပျက်ကုန်ပြီ ဖြစ်သည်။
အခုတော့ ဒဏ်ရာကိုယ်စီဖြင့် သေရမှာ ကြောက်ရွံ့ထိတ်လန့်လျက် အတင်းခုခံနေကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားများ ကြီးစိုးနေခဲ့သည်။
“ချမ်း…ချမ်းသာ ပေးပါ။ အသက်ချမ်းသာပေးပါ”
“ဌာနခွဲမှူး အား…”
“ကယ်ပါဦး…”
“ကယ်ကြပါဦး…”
ကြောက်ကြောက်လန့်လန့်ဖြင့် အသနားခံကြသည်။ ကူပါကယ်ပါ အော်ဟစ်နေကြသည်။
ဌာနခွဲမှူးလည်း ဆက်မကြည့်နိုင်တော့ပေ။ ဆက် မကြားနိုင်တော့ပေ။ သူလည်း သေချင်လျှင် သေပါစေတော့ဟု စိတ်မျိုး ပေါ်ပေါက်လာပြီး အတင်းလှုပ်ရှားလိုက်သည်။
“သတ်ကြ…”
“ဟမ့်…”
“တကယ်သေချင်နေတာကိုး…”
“ဝှီး…”
ရသေ့ကြီးကလည်း လက်မနှေးပေ။ ဌာနခွဲမှူး၏ ဦးခေါင်းကို ဝါးနက်တုတ်ဖြင့် ရိုက်ချလိုက်သည်။ ဦးခေါင်းကွဲသံနှင့်အတူ သွေးများ ဖြန်းကနဲ လွင့်စင်သွားသည်။
ဌာနခွဲမှူးလည်း လူသေကောင်အလောင်းတစ်ခုလို မြေပေါ် ပုံလျက် လဲကျသွားခဲ့သည်။ အသက်တော့ မသေသွားပါ။ သို့သော် ပြန်မထနိုင်တော့ဘဲ ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေ၏။
နဂါးစိမ်းဂိုဏ်းသားများလည်း သူတို့ ဌာနခွဲမှူးမှာ တစ်ချက်တည်း ရိုက်လဲခံလိုက်ရသည်ကို မြင်ပြီး မျှော်လင့်ချက် မဲ့ကုန်ကြသည်။ သေခြင်းကလွဲ၍ တခြားမရှိတော့ပြီမှန်း နားလည်သွားကြသည်။ အားလုံး ဆက်ရုန်းကန်မနေချင်တော့၍ လက်လျှော့လိုက်ကြတော့သည်။
ထိုအချိန်တွင် အခွင့်ရေးစောင့်နေသော ဒေါင်းမြီးစိမ်းက တောင်ကမ်းပါးသို့ အမြန်ပြေးသွားလိုက်သည်။
ခြေလှမ်း ငါးလှမ်းစားသာ ဖြစ်၍ လျှပ်တစ်ပြက်အတွင်း ကမ်းပေါးထိပ်သို့ ရောက်သွားသည်။
မြင့်မားမတ်စောက်သော တောင်ကမ်းပါကြီးက လရောင်အောက်တွင် ဝေဝါးနေ၏။ အောက်ခြေကို မမြင်ရပါ။
ဒေါင်းမြီးစိမ်းတစ်ယောက် သူ့မျက်နှာကို ဟပ်သွားသော တောင်လေအေးကို ရှူရှိုက်၍ အသက်အောင့်ပြီးနောက် တွေဝေနေခြင်းမရှိဘဲ တစ်ခါတည်း ခုန်ချလိုက်တော့သည်။
‘သေရင် သေမယ်။ မသေရင် ဒီလူတွေကိုအကြောင်း သတင်းပို့မယ်…’
အခန်း(၃၆၆)ပြီး
***