ဒေါင်းမြီးစိမ်း…။
အတွင်းအားရော ကိုယ်ဖော့ပညာရော သိုင်းစွမ်းအားရော အကုန်လုံး ချိပ်ပိတ်ခံထားရသဖြင့် သာမန်လူတစ်ယောက်၏ ခွန်အားမျှဖြင့် တောင်ကမ်းပါးပေါ်မှ ခုန်ချလိုက်သည်။ သူက အမြန်ဆုံး လှုပ်ရှားခဲ့သော်လည်း သူ့လှုပ်ရှားမှုများက နှေးနေသည်ဟု ထင်နေသည်။ သူ့နောက်က ဝါးနက်တုတ်ရှင် လိုက်ခုန်ဆင်းလာပြီး ဖမ်းဆီးမည်ကို စိုးရိမ်နေသည်။ ဝါးနက်တုတ်ရှင်၏ ခွန်အားနှင့် လျင်မြန်မှုဖြင့်သာဆိုလျှင် သူ့အတွက် လွတ်မြောက်ရန် အခွင့်ရေး နည်းလှသည်ကို ဒေါင်းမြီးစိမ်းက သိနေသည်။ တောင်ကမ်းပါးအောက်ကျ၍ သေမည်ရှင်မည်ထက် မလွတ်မြောက်မှာကို ပိုစိုးရိမ်နေသည်။
ထို့ကြောင့် ဒေါင်းမြီးစိမ်းက ခုန်ချပြီးသည်နှင့် ဟန်ချက်ထိန်း၍ နောက်သို့ ဆတ်ကနဲ ပြန်လှည့်ကြည့်လိုက်သည်။
“ဟာ…”
ဒေါင်းမြီးစိမ်းတစ်ယောက် မေးရိုးပြုတ်၍ ဟောင်းလောင်းပွင့်နေသော ပါးစပ်က ပိုပွင့်သွားပြီး မျက်လုံးများလည်း ပြူးကျယ်သွားသည်။ စိတ်၏ အနက်ပိုင်းထဲကလာသော ထိတ်လန့်မှုကြောင့် သူ့ကျောရိုးထဲ အေးကနဲ စိမ့်ကနဲ ဖြစ်သွားသည်။
သူ့နောက်တွင် တစ္ဆေလိုလို သရဲလိုလို ဝေဝါးနေသော အရိပ်တစ်ခု ကပ်လိုက်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။
တစ္ဆေလော။ သရဲလော။ မကောင်းဆိုးဝါးလော။ သို့တည်းမဟုတ် သေခြင်းတရားလော။ သေခြင်းတရားက အရိပ်လို ကပ်လိုက်နေသည်ဟူသော စကားက ရုတ်တရက် ခေါင်းထဲဝင်လာသည်။
“အင့်…”
ဒေါင်းမြီးစိမ်းတစ်ယောက် အတွေးများနှင့် ခြောက်ခြားနေစဉ်မှာပင် ခေါင်းက စစ်ကနဲ နာကျင်သွားပြီး မိုက်ကနဲ ဖြစ်သွားသည်။ ဘာဖြစ်သွားမှန်း မသိခင်မှာပင် လုံးဝ သတိလစ်သွားခဲ့လေ၏။
ဌာနခွဲမှူးကလည်း မြေပေါ် လဲကျနေရင်းက ဒေါင်းမြီးစိမ်း တောင်ကမ်းပါးအောက် ခုန်ချသွားသည်ကို မြင်ခဲ့သည်။ စိတ်ပျက်အားငယ်နေသော သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များ ထင်ဟပ်လာသည်။ ဒေါင်းမြီးစိမ်းသာ အသက်ရှင်၍ လွတ်မြောက်သွားလျှင်ဟူသော အတွေးနှင့်အတူ ထိုရန်သူများကို ကလဲ့စားချေနိုင်မည့် အခွင့်ရေးကို မြင်ယောင်နေသည်။ ကျေနပ်နေသည်။
သို့သော် ဌာနခွဲမှူး၏ မျှော်လင့်ချက်က မပြည့်ခဲ့ပါ။
“ဝှီး…”
“ဘုတ်…”
တောင်ကမ်းပါးအောက် ခုန်ချသွားခဲ့သော ဒေါင်းမြီးစိမ်းမှာ တောင်ထိပ်သို့ ပြန်မြောက်တက်လာပြီး ပြုတ်ကျလာခဲ့သည်။ မလှုပ်မယှက်နှင့် လူသေကောင်ကြီးလို ငြိမ်သက်နေခဲ့လေ၏။
“ဒါက…”
ဌာနခွဲမှူးလည်း သူ့စိတ် ခြောက်ခြားလွန်းနေ၍ အမြင်များ မှားနေသလားဟု တွေးရင်း မျက်တောင်တဖျပ်ဖျပ်ခတ်ကာ သေချာ ထပ်ကြည့်သည်။
ဟုတ်သည်။ ဒေါင်းမြီးစိမ်းမှ ဒေါင်းမြီးစိမ်းအစစ် ဖြစ်နေသည်။
‘တောင်ကမ်းပါးအောက် ခုန်ချသွားတဲ့လူက ဘယ်လိုဖြစ်ပြီး တောင်ပေါ် ပြန်ရောက်လာတာလဲ…’
ဌာနခွဲမှူးတစ်ယောက် နားမလည်နိုင်အောင် ဖြစ်နေတော့သည်။
ဌာနခွဲမှူးက ဒေါင်းမြီးစိမ်း တောင်ကမ်းပါးအောက် ခုန်ချသွားခဲ့သည်ကိုသာ မြင်ခဲ့သည်။ တခြားလှုပ်ရှားမှုတစ်ခုကိုတော့ သူ မမြင်ခဲ့ပေ။
ဒေါင်းမြီးစိမ်းကလည်း အလစ်အငိုက်ကို ဖမ်း၍ အခွင့်ရေးရပြီဟု ထင်ပြီး ခုန်ချသွားခဲ့သည်။ သူက ဝါးနက်တုတ်ရှင် သတိမထားမိအောင်နှင့် လက်လှမ်းမမီအောင်ကိုသာ အာရုံစိုက်နေခဲ့သည်။ သူနှင့် ခြေလှမ်းတစ်ရာခန့်အကွာတွင် ရှိနေသော ကြေးမျက်နှာဖုံးရှင်ကို သတိမထားမိခဲ့ပေ။ သူ၏ လှုပ်ရှားမှုအားလုံးကို အစမှအဆုံးထိ ထိုကြေးမျက်နှာဖုံးရှင်က စောင့်ကြည့်နေခဲ့သည်ကိုလည်း မသိခဲ့ပေ။
ဟုတ်သည်။ ရှောင်လုံက ဒေါင်းမြီးစိမ်း၏ လှုပ်ရှားမှုအားလုံးကို သိနေသည်။ သူ၏ စိတ်ဝိညာဉ်အားရုံကို ဖြန့်ကျက်ထားသည့်အတွက် အလွန်သေးငယ်သော လှုပ်ရှားမှုလေးကိုပင် သူက အာရုံခံမိနေသည်။
ထို့ကြောင့် ဒေါင်းမြီးစိမ်း တောင်ကမ်းပါးအောက်သို့ ခုန်ချသွားချိန်မှာပင် ရှောင်လုံကလည်း နေရာမှ ရိပ်ကနဲ ပျောက်ကွယ်သွားခဲ့ပြီး ဒေါင်းမြီးစိမ်းအနောက်သို့ ရောက်သွားခဲ့သည်။ ဒေါင်းမြီးစိမ်းကို သတိလစ်အောင် ရိုက်နှက်ပြီး တောင်ပေါ် ပြန်ပစ်တင်လိုက်သည်။ ထို့နောက် သူ့နေရာသို့ ပြန်လာခဲ့လိုက်သည်။
အမှောင်ထုခြေလှမ်းလှုပ်ရှားမှု။ အမှောင်ထုနှင့်တစ်သားတည်းဖြစ်ခြင်း။
ထိုပညာနှစ်ခုလုံးကို တစ်ပြိုင်တည်း ထုတ်သုံးလိုက်ခြင်းဖြစ်၍ ရှောင်လုံ၏ လှုပ်ရှားမှုက ဝိုးတဝါးအရိပ်မည်းတစ်ခုအဖြစ်သာ ထင်ဟပ်တော့သည်။ လရောင်က ထိန်လင်းနေ၍သာ ဝိုးတဝါး မြင်ခဲ့ရခြင်းလည်း ဖြစ်သည်။ လရောင်သာ ထိုမျှ မသာနေလျှင် ဝိုးတဝါးပင် မြင်ရနိုင်ဖွယ် မရှိပေ။
ရသေ့ကြီးသည်လည်း ရှောင်လုံ၏ လှုပ်ရှားမှုကို မမြင်ခဲ့ပေ။ သို့သော် တောင်ကမ်းပါးအောက် ခုန်ချသွားသော ဒေါင်းမြီးစိမ်းတစ်ယောက် ရုတ်တရက်ကြီး တောင်ပေါ်ပြန်ရောက်လာပြီး သတိလစ်နေသည်ကို မြင်လျှင် ရသေ့ကြီးက ရှောင်လုံဘက်သို့ လှမ်းကြည့်သည်။
‘လူလေးရဲ့ အဲဒီ လှုပ်ရှားမှုနည်းစနစ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ငါက ကိုယ်ဖော့ပညာနဲ့ ပတ်သက်ပြီး အသိမြင်တစ်စွန်းတစ်စ ရလာခဲ့တာတောင် လူလေးရဲ့ လှုပ်ရှားမှုနည်းစနစ်ကို နားမလည်နိုင်သေးဘူး…’
ရသေ့ကြီးမှာ သူ၏ သိမြင်နားလည်မှုဖြင့်ပင် သူ့မြေး၏ ကိုယ်ဖော့ပညာကို အံ့ဩနေရတော့သည်။
“အား…”
ခြောက်ခြားဖွယ် နာကျင်အော်ဟစ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက်တွင်တော့ တောင်ထိပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ဟူမျိုးနွယ်စုလူငယ်များနှင့် ဝံပုလွေလူသားမျိုးနွယ်စုဘူငယ်များက နောက်ဆုံးလက်ကျန် နဂါးစိမ်းဂိုဏ်းသားများအားလုံးကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြသည်။ သူတို့၏ နာကြည်းမှုများအတွက် လက်တုံ့ပြန်လိုက်ကြလေပြီ။
သူတို့ကိုယ်ပေါ်တွင်လည်း ဒဏ်ရာအများအပြား ရထားကြသည်။
‘သူတို့က တကယ်ကို ခံနိုင်ရည်အား ကောင်းကြတာပဲ။ ဒီလောက် ဒဏ်ရာတွေ ရထားတာတောင် မလဲကျသွားဘူး…’
ရှောင်လုံက ဟူယုံတို့ဆီ သွားလိုက်သည်။
ဝံပုလူသားမျိုးနွယ်စုလူငယ်များက မြေပေါ် ဒူးထောက်၍ လက်နှစ်ဖက်ကို လေပေါ်မြှောက်ကာ ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်နေကြသည်။ တစ်စုံတစ်ခုကို ရိုသေလေးစားစွာ ပူဇော်ဆုတောင်းနေသလိုပင်။ သူတို့တစ်ကိုယ်လုံးတွင်လည်း ခေါင်းပေါ်မှ ဆံပင်များပါမကျန် သွေးတို့ဖြင့် စိုရွှဲနေခဲ့သည်။ ဒဏ်ရာများလည်း ပရပွရထားကြသည်။ သို့တိုင် နာကျင်ညည်းညူခြင်းလည်း မရှိသလို အားအင်ကုန်ခမ်းမောပန်းခြင်းလည်း မရှိပေ။
“မင်းတို့ အဆင်ပြေကြရဲ့လား။ ရော့…၊ ဒဏ်ရာတွေ မြန်မြန်ပြန်ကောင်းသွားအောင် ဆေးတစ်လုံးစီ သောက်လိုက်ကြ”
ရှောင်လုံက အရိပ်မဲ့ကျွန်းပေါ်တွင် ကန့်သတ်နယ်မြေထဲ လေ့ကျင့်ခဲ့ရစဉ်က ငှက်နီထံမှ ရခဲ့သော ထူးဆန်းသည့် ဆေးပင်ဆေးမြစ်များကို အကုန်လုံး မစားပစ်ဘဲ တချို့ကို သိမ်းဆည်း၍ ဆေးလုံးသဖွယ် ပြုလုပ်ထားခဲ့သည်။ ထိုဆေးပင်များက အံ့ဩစရာကောင်းလောက်အောင် အစွမ်းထက်လှသည်။ သေလုမျောပါး ထိခိုက်ဒဏ်ရာ ရထားလျှင်ပင် အမြန်ပြန်ကောင်းစေနိုင်သည်။
ယခု ဟူယုံတို့မှာလည်း သူတို့၏ ပင်ကိုယ်ခံနိုင်ရည်စွမ်း မြင့်မားလွန်း၍ တောင့်ခံနိုင်သော်လည်း ဒဏ်ရာများက မသေးငယ်ပါ။ နဂါးစိမ်းဂိုဏ်း၏ နယ်မြေမှ လွတ်မြောက်နိုင်ဖို့က ထိုပုံစံ ဖြစ်နေ၍ မရပေ။
ဟူယုံတို့ကလည်း ရှောင်လုံပေးသော ဆေးကို လက်ခံလိုက်ကြသည်။ ဆေးလုံးကို ကြည့်ပြီး ဟူယုံတို့၏ မျက်လုံးများ တောက်ပသွားကြသည်။ ဆေးလုံးက ဆေးပင် ဆေးမြစ်ကို ကြေညက်အောင်ကြိတ်ချေ၍ လက်နှင့် လုံးထားခြင်းသာ ဖြစ်၍ အမြင်မကောင်းပါ။ သို့သော် ဟူယုံတို့က သဘာဝအသိ ထက်မြက်လှသောကြောင့် ထိုဆေးလုံး၏ အာနိသင်နှင့် ဆေးပင်ဆေးမြစ်၏ ထူးခြားဆန်းကြယ်မှုကို ခံစားမိကြသည်။
ထို့ကြောင့် လူငယ်ငါးယောက်လုံး တွန့်ဆုတ်ခြင်းမရှိဘဲ ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်ပြီး ဝါးစားလိုက်ကြသည်။
“အူး…”
ချက်ချင်းပင် သူတို့၏ ဝမ်းဗိုက်ထဲ ပူနွေးတက်လာပြီး အပူစီးကြောင်းတစ်ခုက သွေးကြောများမှတစ်ဆင့် တစ်ကိုယ်လုံး ပျံ့နှံ့သွားခဲ့သည်။
“ရေသွားရှာပြီး သန့်ရှင်းလိုက်ကြဦး။ အဝတ်စားတွေလည်း ရှာဝတ်ခဲ့ကြ။ ပြီးရင် ခရီးဆက်ကြမယ်”
“ဟုတ်ကဲ့ အကိုဟူလုံ”
ဟူယုံတို့က ရှောင်လုံ၏ စကားကို တလေးတစား နားထောင်ကြသည်။ သူတို့က လဲကျငြိမ်သက်ကာ သတိလစ်နေသော ဒေါင်းမြီးစိမ်းကို အေးစက်စွာ တစ်ချက်လှမ်းကြည့်ပြီး ဂိုဏ်းအဆောက်ဦးများဘက်သို့ ထွက်သွားကြသည်။ ခုနက ဟူယုံတို့ ဂိုဏ်းအဆောက်ဦးများကြားထဲ လှုပ်ရှားတိုက်ခိုက်ခဲ့၍ ရေရှိသည့်နေရာကိုလည်းကောင်း နဂါးစိမ်းဂိုဏ်းသားများ၏ နေရာကိုလည်းကောင်း သိနေကြသည်။
ရှောင်လုံက ဝံပုလွေလူသားမျိုးနွယ်စုလူငယ်များကို တစ်ချက်ကြည့်၍ သူ့မမထံ သွားလိုက်သည်။
ဝံပုလွေလူသားမျိုးနွယ်စုလူငယ်များကတော့ လရောင်ကို ခံယူ၍ သူတို့၏ မျိုးနွယ်စုရိုးရာအစဉ်လာတစ်ခုကို လုပ်နေကြပုံရသည်။
~~မမ…၊ အဲဒီလက်နက်က ဘယ်လိုနေလဲ~~
~~သုံးရတာ အဆင်ပြေတယ်။ ကိုယ့်ခြေ ကိုယ့်လက်လို ခံစားရတယ်။ ဒါပေမဲ့ မမရဲ့ ခွန်အားက မလုံလောက်သေးလို့ထင်တယ် လက်နက်ကို သေချာ မသုံးနိုင်သေးဘူး။ ဒီလက်နက်ရဲ့ စွမ်းအားတွေက ဒီထက်အများကြီး ပိုကြောက်စရာကောင်းတယ် ~~
~~မမရဲ့ အတွင်းအားတွေ သန့်စင်သွားရင်တော့ ဒီထက် ပိုသုံးနိုင်မယ်ထင်တယ်။ ဒီလက်နက်က မမရဲ့ အတွင်းနဲ့ ချိတ်ဆက်နေတာဆိုတော့ မမရဲ့ အတွင်းအား တိုးတက်သန့်စင်လာလေလေ ဒီလက်နက်ကိုလည်း ပိုအသုံးပြုနိုင်လာလေလေ ဖြစ်လိမ့်မယ်~~
~~အင်း…၊ အဲဒီလို ဖြစ်လိမ့်မယ်~~
နှင်းပန်းက ခေါင်းညိတ်လိုက်သည်။ ဟုတ်သည်။ နဂါးဆူးနွယ်လက်နက်ကို ကောင်းစွာအသုံးပြုနိုင်ဖို့က လက်နက်အသုံးပြုနည်းစနစ်ကလည်း အရေးပါသလို အတွင်းအားအဆင့်ကလည်း အရေးပါနေသည်။ ပုံရိပ်မြင်ကွင်းထဲက သွေးနီရောင်ဆံပင်နှင့်အမျိုးသမီးက နဂါးဆူးနွယ်လက်နက်ကို ကြောက်စရာကောင်းလောက်အောင် အသုံးပြုနိုင်ခဲ့ခြင်းမှာ ထိုအမျိုးသမီး၏ အတွင်းအားကလည်း အလွန်မြင့်မားသောကြောင့်သာ ဖြစ်ပေမည်။
ရှောင်လုံက သူ့မမ လက်ချက်ဖြင့် အသက်ပျောက်နေကြပြီဖြစ်သော လက်ရွေးစင်ဂိုဏ်းသားများကို စစ်ဆေးကြည့်သည်။
~~အဲဒီဆေးက တကယ်ကို မကောင်းဆိုးဝါးဆန်တယ်။ ဒီလို ဒဏ်ရာတွေ ရထားတာတောင် မသေဘဲ လှုပ်ရှားတိုက်ခိုက်နိုင်သေးတယ်~~
~~ဟုတ်တယ်။ နဂါးစိမ်းဂိုဏ်းမှာ ဒီလိုဆေးမျိုး ရှိနေတာက တကယ်မကောင်းဘူး။ ဂိုဏ်းချင်းတိုက်ပွဲတွေ ဖြစ်လာရင် ရင်ဆိုင်ဖို့ မလွယ်ဘူး~~
~~အခု တစ်ခု ထပ်သိလိုက်ရတာက ကောင်းသွားတယ်။ သူတို့ရဲ့ အတွင်းအားဆုံမှတ် ပျက်စီးသွားရင် ဆေးအာနိသင်လည်း ပြယ်သွားတယ်~~
~~အဲဒီလိုဆိုပေမဲ့ အတွင်းအားဆုံမှတ်ကို ဖျက်ဆီးဖို့က မလွယ်ဘူး။ သူတို့ အတော်လေး အထိနာပြီး ခုခံတားဆီးနိုင်စွမ်း နည်းနေမှ အတွင်းအားဆုံမှတ်ကို တိုက်ခိုက်နိုင်မှာ။ တိုက်ပွဲ စတာနဲ့ ချက်ချင်း တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး~~
ဟုတ်တော့လည်း ဟုတ်သည်။ အတွင်းအားဆုံမှတ်ဆိုသည်မှာ သိုင်းသမားများ၏ အသက်သဖွယ် ဖြစ်သည်။ ထို့ကြောင့် သိုင်းသမားတိုင်းက အတွင်းအားဆုံမှတ်ကို အသက်သဖွယ် လုံခြံအောင် ကာကွယ်ထားတတ်ကြသည်။ မည်သည့် သိုင်းပညာဖြစ်စေ တိုက်စစ်၊ ခံစစ်၊ ရှောင်တိမ်းကွက်များ အားလုံးသော နည်းစနစ်များတွင် အတွင်းအားဆုံမှတ်ကို မထိခိုက်စေရန် ဦးစားပေးထားသည့် နည်းစနစ်များသာ ဖြစ်သည်။
၎င်းမှာ သိုင်းပညာတိုင်း၏ အခြေခံတည်ဆောက်ပုံ ဖြစ်နေ၍ပင်။ သိုင်းနည်းစနစ်တိုင်း၏ သိုင်းကွက် သိုင်းဟန်များတွင် အတွင်းအားဆုံမှတ်ကို ကာကွယ်ရန် အခြေခံကွက်များ ပါနေပြီးသား ဖြစ်သည်။ အတွင်းအားဆုံမှတ်ကို အကာကွယ်မဲ့ လွတ်ထားသော သိုင်းနည်းစနစ်များလည်း ရှိတော့ရှိသည်။ သို့သော် ထိုသိုင်းနည်စနစ်များသည်လည်း အတွင်းအားဆုံမှတ်ကို ခန္ဓာကို သန်မာမှုဖြင့် ခုခံနိုင်အောင် အလေးပေး လေ့ကျင့်ရသော သိုင်းပညာများ ဖြစ်ကြသည်။ သိုင်းကွက် သိုင်းဟန်ဖြင့် ခုခံကာကွယ်ခြင်း မဟုတ်ဘဲ ခန္ဓာကိုယ်သန်မာမှုဖြင့် ခုခံကွာကွယ်ခြင်း နည်းစနစ်ဖြစ်သည်။
တချို့က အတွင်းအားဆုံမှတ်ကို ချပ်ဝတ်ကဲ့သို့ ပစ္စည်းအသုံးဆောင်ဖြင့် ကာကွယ်ထားတတ်ကြသည်။
ထို့ကြောင့်လည်း သိုင်းလောကတွင် အတွင်းအားဆုံမှတ် ထိခိုက်ပျက်စီး၍ သေဆုံးသူများ၊ အတွင်းအား ဆုံးရှုံးသူများနှင့် ဒုက္ခိတဖြစ်သူများထက် ခြေလက်ဦးခေါင်းစသည့် တခြားနေရာများ ထိခိုက်ဒဏ်ရာရ၍ သေဆုံးသူနှင့် ဒုက္ခိတဖြစ်သူက ပိုများသည်။
ဆေးသုံးထား၍ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိသော နဂါးစိမ်းဂိုဏ်းသားများအတွက်ပင် အတွင်းအားဆုံမှတ်ကို ပစ်မှတ်ထား၍ တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ သိုင်းပညာကို သိနေသေးပြီး မည်သို့ တိုက်ခိုက်ရမှန်း သိနေသမျှ အတွင်းအားဆုံမှတ်ကိုလည်း ကာကွယ်ထားပြီးသား ဖြစ်နေပေလိမ့်မည်။
ယခုလည်း ရှောင်လုံနှင့် နှင်းပန်းတို့က လက်ရွေးစင်ဂိုဏ်းသားများ၏ အတွင်းအားဆုံမှတ်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ ထိုဂိုဏ်းသားများ ဒဏ်ရာပြင်းထန်ပြီး ကာကွယ်နိုင်စွမ်း မဲ့နေကြသောကြောင့်သာ ဖြစ်သည်။
“ဟူး…၊ တကယ်မလွယ်ဘူးပဲ”
ရှောင်လုံနှင့် နှင်းပန်းတို့ စကားပြောနေတုန်းမှာပင် ဝံပုလွေလူသားမျိုးနွယ်စုလူငယ်များ ထရပ်လာကြသည်။ သူတို့က ရှောင်လုံကို ကြည့်လိုက်ကြပြီး အနားသို့ လျှောက်လာကြသည်။ ညာလက်ကို ဘယ်ဘက်ရင်ဘတ်ပေါ်ထား၍ ဦးညွှတ်ကာ အရိုသေပေးကြသည်။
သူတို့ဆီမှ သွေးညှီနံ့က အလွန်ပြင်းထန်နေ၏။
“ကျွန်တော်တို့ကို ကယ်တင်ပေးပြီး ရန်သူကို လက်တုံ့ပြန်ခွင့်ပေးတဲ့အတွင် အသက်သခင်ကျေးဇူးရှင်ကို အများကြီး ကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်ပါတယ် အသက်သခင်ကျေးဇူးရှင်”
အသက်သခင်ကျေးဇူးရှင်လော…။
ရှောင်လုံက စိတ်ထဲ ကျိတ်ပြုံးမိသည်။
“အဲလောက်ကြီး အလေးနက်မထားပါနဲ့။ ငါ့ကို ဟူလုံလို့ပဲ ခေါ်ပါ။ မင်းတို့ကရော…”
“ကျွန်တော်တို့က လန်မျိုးနွယ်စုရွာကပါ။ ဟူမျိုးနွယ်စုရွာနဲ့ နီးပါတယ်။ ကျွန်တော်က လန်မင်၊ သူက လန်ရှုံ၊ သူက လန်ဂန်း၊ သူက လန်ချန်း၊ သူကတော့ လန်ဝေလို့ ခေါ်ပါတယ် ကျေးဇူးရှင်…”
‘လန်မျိုးနွယ်စုနဲ့ ဟူမျိုးနွယ်စု…။ ဒီအသုံးနှုံးက သူတို့ကိုယ်သူတို့ ပြောဆိုကြတဲ့ အသုံးနှုန်းဖြစ်ပုံပဲ။ ရှေးဟောင်းဝံပုလွေလူသားမျိုးနွယ်စု၊ ရှေးဟောင်းကျားလူသားမျိုးနွယ်စုဆိုတဲ့ အသုံးနှုန်းတွေက အပြင်လူတွေ ခေါ်ပြောကြတဲ့ အသုံးနှုန်းတွေ ဖြစ်လိမ့်မယ်…’
ရှောင်လုံလည်း တွေးရင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟူယုံတို့ကိုတော့ သန့်ရှင်းရေးလုပ်ခိုင်းထားတယ်။ အဝတ်စားတွေလည်း လဲခိုင်းထားတယ်။ ပြီးရင် ခရီးဆက်ကြမလို့လေ။ လန်မင်…၊ မင်းတို့လည်း ငါတို့နဲ့အတူလိုက်မယ်ဆိုရင် သန့်ရှင်းရေးသွားလုပ်ပြီး အဝတ်စားတွေ ရှာဝတ်ခဲ့လိုက်ကြ။ ဒီနေရာက နဂါးစိမ်းဂိုဏ်းရဲ့ နယ်မြေထဲမှာ။ ဒီနယ်မြေက ထွက်သွားဖို့က သတိထားပြီး သွားလာဖို့ လိုတယ်”
လန်မင်တို့ လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်သူ့နယ်မြေလော…။
သူတို့မျက်လုံးထဲတွင် တိုက်ခိုင်သတ်ဖြတ်ချင်စိတ်များ တောက်လောင်လာသည်။
ရှောင်လုံက ထိုလူငယ်များ၏ စိတ်ကို ခံစားမိသဖြင့် ဘာမှ ဆက်မပြောဘဲ ကြည့်နေလိုက်သည်။
လန်မင်က အရင်ဆုံး စိတ်လျှော့လိုက်ပြီး သူ့အဖေါ်များကို ကြည့်ကာ ခေါင်းခါပြသည်။ ထိုအခါ တခြားလူငယ်များလည်း သက်ပြင်းချကာ စိတ်လျှော့လိုက်ကြသည်။
သူတို့၏ ခွန်အားမျှဖြင့်ဆိုလျှင် ဤတောင်ပေါ်မှပင် လွတ်မြောက်နိုင်စရာ မရှိပေ။ ရန်သူများ၏ မကောင်းဆိုးဝါးဆန်သော ခွန်အားကို သူတို့က ရင်မဆိုင်ခဲ့ရသော်လည်း သူတို့ မြင်ခဲ့ကြသည်။ ကျေးဇူးရှင်တို့ကသာ ထိုရန်သူများကို မဖယ်ရှားပေးခဲ့လျှင် သူတို့ဆိုသည်မှာ အလောင်းများသာ ဖြစ်နေပေလိမ့်မည်။
အခု သူတို့ လွတ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ရန်သူ့နယ်မြေထဲမှာသာ ရှိသေးသည်။ သတိထားရမည်။ သေမှာ ကြောက်၍တော့ မဟုတ်ပေ။ သို့သော်လည်း အချည်းနှီးတော့ အသေမခံလိုကြပေ။
“ကျွန်တော်တို့လည်း လိုက်ခဲ့ပါ့မယ် ကျေးဇူးရှင်…”
“ကောင်းပြီ၊ ဒါဆို ဟိုဘက်ကို လိုက်သွားလိုက်ကြ။ ဟူယုံတို့ အဲဒီဘက်ကို သွားကြတယ်”
“ဟုတ်ကဲ့…”
လန်မင်တို့ ငါးယောက်လည်း ဂိုဏ်းအဆောက်ဦးများဘက်သို့ ထွက်သွားကြသည်။ ထွက်မသွားခင် သူတို့က လဲကျငြိမ်သက်နေသော ဒေါင်းမြီးစိမ်းကို အေးစက်စွာ ကြည့်သွားကြသည်။
~~သူတို့က ဒေါင်းမြီးစိမ်းကို တစ်စစီဆွဲဖြဲပစ်ချင်နေတယ်~~
နှင်းပန်းက ဟူမျိုးနွယ်စုလူငယ်များကရော လန်မျိုးနွယ်စုလူငယ်များကပါ ဒေါင်းမြီးစိမ်းအပေါ် နာကြည်းမုန်းတီးနေမှုကို မြင်နိုင်ခဲ့သည်။
ရှောင်လုံကလည်း ခေါင်းညိတ်သည်။ သူလည်း ခံစားမိသည်သာ။
~~ကြည့်ရတာ ဒေါင်းမြီးစိမ်းက သူတို့ကို နှိပ်စက်တဲ့လူ ဖြစ်မယ်ထင်တယ်~~
~~အင်း ဖြစ်နိုင်တယ်။ မောင်လေးမှာရော ဘာအစီစဉ်ရှိသေးလဲ~~
~~အဲဒီလူနဲ့ ဟိုလူက ဒီနေရာမှာ အသန်မာဆုံးလူတွေပဲ။ တချို့ကိစ္စတွေကို သိထားလောက်တယ်။ နည်းနည်းပါးပါး မေးကြည့်ချင်သေးတယ်~~
ထို့နောက် ရှောင်လုံက သတိလစ်နေသော ဒေါင်းမြီးစိမ်းကို သတိပြန်ရလာအောင် လုပ်လိုက်သည်။
“ဟီး…”
ဒေါင်းမြီးစိမ်းလည်း အသက်မောကြီး ဟီးကနဲရှိုက်ရင်း ငေါက်ကနဲ ထထိုင်လာသည်။ ပြူးကြောင်ကြောင် မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို လိုက်ကြည့်ရင်း ပစ္စုပ္ပန်အခြေနေကို ပြန်နားလည်အောင် လုပ်နေသည်။ ခဏအကြာတွင် အခြေနေအားလုံးကို ပြန်ဆက်စပ်မိသွားဟန်ဖြင့် မျက်လုံးများ ကြည်လင်သွားခဲ့သည်။
“စကားလေးဘာလေး ပြောကြတာပေါ့”
ရှောင်လုံက ပြောရင်း ဒေါင်းမြီးစိမ်း၏ မေးကို ပင့်ကန်လိုက်သည်။
“ဂလုတ်…”
ပြုတ်ကျနေသော မေးရိုးက အန်ကျပြန်ဖြစ်သွားသည်။
“နာလို့လား”
ဒေါင်းမြီးစိမ်းက မျက်လုံးပြူး၍ ပြန်ကြည့်ရင်း ခေါင်းခါပြသည်။
မေးရိုးဆွဲဖြုတ်ပြီး မညှာမတာ ပြန်ကန်တည့်ခံရသည်က မနာဘဲနေမည်လော။ သို့သော် နာပါသည်ဟုလည်း မပြောရဲသဖြင့် နာကျင်မှုကို ကျိတ်မှိတ်ခံရင်း ခေါင်းခါပြနေရသည်။
နှင်းပန်းက သူမမောင်လေး၏ ရန်သူအပေါ် အကိုင်အတွယ်ကြမ်းပုံကို ကြည့်ပြီး ကျိတ်၍ သက်ပြင်းချသည်။
“ဟေ့လူကြီး…၊ ခင်ဗျားနာမည် ဘယ်သူလဲ”
“ဒေါင်းမြီးစိမ်းပါ။ ဌာနချုပ်မှုးတစ်ယောက်ပါ”
“ကောင်းပြီ ဒေါင်းမြီးစိမ်း၊ ကျုပ် သိချင်တာရှိတယ်။ ကျုပ်မေးတာ ဖြေရင် ခင်းဗျားအသက်ကို ကျုပ် မသတ်ဘူး”
ဒေါင်းမြီးစိမ်းက မယုံဟန်ဖြင့် ကြည့်လာသည်။
“ခင်ဗျား မယုံရင်လဲ မတတ်နိုင်ဘူး။ ကျုပ်မေးတာ မဖြေချင်လဲ ရတယ်။ သတ်လိုက်ရုံပဲ ရှိတာပေါ့”
ဒေါင်းမြီးစိမ်းကလည်း သတ်ချင်သတ်ဟူသော မျက်နှာဖြင့် တင်းခံနေသည်။
ရှောင်လုံက ပြောပြောဆိုဆိုနှင့် မလှမ်းမကမ်းတွင် ကျနေသော ဓားတစ်လက်ကို သွားကောက်သည်။
ဒေါင်းမြီးစိမ်းက မျက်နှာကြီးတင်းလျက် ကြည့်နေခဲ့သည်။ သတ်ချင်သတ်ဟူသော စိတ်ဖြင့် တင်းခံထားသည်။ သူ၏ အတွေ့အကြုံများအရ အခုထိ သူ့ကို မသတ်ဘဲ ထားခြင်းမှာ မသတ်လို၍မှန်း သိနေသလို သူ့ဆီက တစ်ခုခု သိချင်နေ၍မှန်းလည်း သိနေသည်။ သူ့ဘက်ကသာ မပြောဘဲ တင်းခံထားလျှင် အသက်ရှင်နိုင်ပြီး သူ့ဘက်က ဖွင့်ပြောလိုက်လျှင် ချက်ချင်းအသတ်ခံရနိုင်ကြောင်း သိသည်။ ထို့ကြောင့် သူနာမည်ကိုသာမက ဌာနချုပ်မှူးဟူသော သူ့အဆင့်တန်းကိုပါ ပြောပြလိုက်ခြင်းလည်း ဖြစ်သည်။ သူ့အဆင့်တန်းက ထိုလူများလက်ထဲတွင် တန်ဖိုးတစ်ခု ရှိနေစေရန် ဖြစ်သည်။ သူ့အနေထားက ထိုလူများလက်ထဲတွင် တန်ဖိုးမဲ့သွားလျှင် သူ့အသက်ကလည်း တန်ဖိုးမဲ့သွားပေလိမ့်မည်။ ထို့ကြောင့် သူ ဘာမှ မပြောသေးသမျှ သူ့အသက်က လုံခြုံနိုင်သည်ဟု တွေးရင်း တင်းခံထားသည်။ ခြိမ်းခြောက်ခြင်း နှိပ်စက်ခြင်းလောက်ကိုတော့ သူက မတောင့်ခံနိုင်စရာ မရှိပေ။
ထိုစဉ် ရှောင်လုံက ဓားကောက်ပြီး ပြန်လျှောက်လာသည်။
ဒေါင်းမြီးစိမ်းက ခြမ်းခြောက်ခံရမည် နှိပ်စက်ခံရမည်ကို တွေးထားပြီး ဖြစ်၍ အသင့်ပြင်ထားသည်။ သူ့မျက်နှာပေါ်တွင်ကြောက်ရွံ့ဟန် မပြပါ။ ချော့တစ်လှည့် ခြောက်တစ်လှည့်နှင့် မေးခွန်းများ ထပ်မေးလာမည်ကိုလည်း ကြိုတွေးထားပြီး ဖြစ်သည်။
ရှောင်လုံက ဒေါင်းမြီးစိမ်းအနား ပြန်ရောက်သည်နှင့် ဘာမပြော ညာမပြောနှင့် ဒေါင်းမြီးစိမ်း၏ လည်ပင်းကို ခုတ်ပိုင်းချလိုက်သည်။
“ဝှစ်…”
“ဒုတ်…”
“အီး…”
ဓားချက်က အရှိန်အဟုန်နှင့် အားပါသော်လည်း သိပ်မမြန်ပါ။ ထို့ကြောင့် ဒေါင်းမြီးစိမ်းမှာ အထိတ်တလန့်ဖြစ်သွားသည့်ကြားမှ အသည်းအသန် ရှောင်လိုက်နိုင်သည်။ အတွင်းအားနှင့် သိုင်းပညာများ ချိပ်ပိတ်ခံထားရသော်လည်း သည်လို ခုတ်သတ်ခံရမည်ကိုတော့ ငြိမ်မခံနေပေ။ အတွေ့ကြုံပြည့်ဝသော သိုင်းသမားတစ်ယောက်၏ အလိုလိုသိစိတ်ကြောင့် ရှောင်တိမ်းမိပြီးသား ဖြစ်သွားခဲ့သည်။
ထို့ကြောင့် ဓားချက်က လည်ပင်းကို မခုတ်မိဘဲ ပခုံးပေါ်ကို ခုတ်ချမိသွားပြီး ပခုံးတွင် စိုက်နေခဲ့သည်။
“ဓားက သိပ်မကောင်းဘူး ထင်တယ်”
ထိုမျှ အားပါပြီး အရှိန်အဟုန်ရှိသော ဓားချက်က ပခုံးတွင် စိုက်နေရုံသာ စိုက်နေသည်။ ညှပ်ရိုးကိုပင် မခုတ်ဖြတ်နိုင်ခဲ့ပေ။
ရှောင်လုံက ဓားကို လှုပ်နှဲ့၍ ပြန်ဆွဲဖြုတ်သည်။
ဒေါင်းမြီးစိမ်းမှာ နာကျင်မှုကို ကျိတ်မှိတ်ခံရင်း ရှောင်လုံကို ပြူးကြည့်နေသည်။ တကယ်သတ်တော့မှာလားဟုလည်း တွေးနေသည်။
ရှောင်လုံကတော့ ဒေါင်းမြီးစိမ်းကို မကြည့်ဘဲ ဓားသွားကိုသာ စစ်ဆေးကြည့်နေသည်။
“ဓားက တကယ်တုံးတာပဲ။ ဒီဓားတုံးကြီးနဲ့သာဆိုရင် တော်တော် ခုတ်သတ်နေရမယ်ထင်တယ်”
ရှောင်လုံက ပြောဆိုရင်း ပြန်လှည့်ထွက်သွားပြီး မလှမ်းမကမ်းတွင် ကျနေသော တခြားဓားတစ်လက်ကို သွားကောက်သည်။ ဓားသွားကို စစ်ဆေးပြီး ဓားကိုလည်း လက်ထဲ ဆကြည့်သည်။ ဝှေ့ယမ်းကြည့်သည်။
“ဝှစ် ဝှစ်…”
ကျေနပ်သွားဟန်ဖြင့် ထိုဓားကို ယူ၍ ဒေါင်းမြီးစိမ်းထံ ပြန်လျှောက်လာသည်။
ဒေါင်မြီးစိမ်းက လှမ်းကြည့်ရင်း ချွေးပြန်လာသည်။ ဒဏ်ရာကလည်း နာသလို စိတ်ထဲတွင်လည်း စိုးရိမ်ပူလောင်လာသည်။ တကယ်အသတ်ခံရတော့မှာလားဟု တွေးရင်း ဂနာမငြိမ် ဖြစ်လာသည်။
ရှောင်လုံက ပြန်ရောက်သည်နှင့် ခုနကလိုပင် ဘာမှ မပြောဆိုနေဘဲ ခုတ်ပိုင်းချလိုက်ပြန်သည်။
ထိုဓားချက်က ပိုပြင်းထန်သည်။ ထက်ရှသော ဓားလေခွင်းသံက ကြက်သီးထစရာ ကောင်းလှသည်။ သည်အတိုင်း ခုတ်သတ်ခံနေရသော ဒေါင်းမြီးစိမ်းအတွက် ပို၍ နားခံရဆိုးနေခဲ့သည်။
ဒေါင်းမြီးစိမ်းလည်း ခုနကလို ထပ်အခုတ်မခံရအောင် ဖင်တရွတ်ဆွဲ၍ အနောက်သို့ အသည်းအသန် ဆုတ်၍ ရှောင်လိုက်မိသည်။
ရှောင်မလွတ်ခဲ့ပါ။ ဓားချက်က ခုနက ဓားချက်ဘေးနားမှာပင် ထပ်ခုတ်ချမိသွားသည်။ ဤတစ်ချက်ကတော့ ညှပ်ရိုးကို ဖြတ်၍ ပခုံးထဲ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်သွားသည်။ ဓားက ညှပ်ရိုးကြားထဲ ညပ်နေတော့သည်။
“ညပ်နေပြီ”
ရှောင်လုံက ထင်းတုံးတွင် စိုက်နေသော ဓားကို ပြန်ထုတ်သလိုမျိုး ဓားကို လှုပ်၍နှဲ့၍ ပြန်ထုတ်ရန် ကြိုးစားသည်။
ဒေါင်းမြီးစိမ်းတစ်ယောက်မှာတော့ ရှောင်လုံကို သရဲသဘက်လို ပြူးကြည့်ရင်း နာကျင်စွာ ညည်းညူအော်ဟစ်နေလေ၏။ သူ တင်းထားသော စိတ်များ ပြိုကျချင်လာသည်။
“ဘာလို့ ဒီလောက်တောင် ကြပ်ညပ်နေတာလဲ။ ထားလိုက်တော့”
ရှောင်လုံက ဓားကို ပြန်ထုတ်မရသဖြင့် လက်လျှော့လိုက်ပြီး ပြန်လှည့်ထွက်သွားသည်။ တခြားဓား သွားကောက်နေပြန်သည်။
ဒေါင်းမြီးစိမ်းတစ်ယောက် အကြီးအကျယ်တုန်လှုပ်လျက် ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေတော့သည်။ ဒဏ်ရာ၏ နာကျင်ခြင်းနှင့် ထိုကြေးမျက်နှာဖုံးနှင့်လူ၏ ကြမ်းတမ်းရက်စက်ခြင်းကို ထိတ်လန့်လာသည်။
ရှောင်လုံက ဓား သုံးလေးချောင်း ကောက်ပြီး ပြန်လာသည်။ ဓားတစ်ချောင်းနှင့် ခုတ်သတ်၍ မသေလျှင် တစ်ချောင်းပြီးတစ်ချောင်း ထပ်ခုတ်မည့်ပုံပင်။
ဒေါင်းမြီးစိမ်းတစ်ယောက် ကျောရိုးထဲ အေးစိမ့်သွားသည်။ အံတင်းတင်းကြိတ်ကာ တောင့်ထားသည့်ကြားမှာ သူ့တစ်ကိုယ်လုံး မသိမသာ တုန်လာသည်။
ထိုမြင်ကွင်းကို ဌာနခွဲမှူးက ထိတ်လန့်ပြူးကျယ်သော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်။ သူ့ဘောင်းဘီခွကြားတွင်လည်း စိုရွှဲနေခဲ့လေ၏။
အခန်း(၃၆၇)ပြီး
***