“ပြောပါတော့မယ်…၊ ပြောပါတော့မယ်…”
ရှောင်လုံက ဘာမှ ထပ်မမေးထပ်မပြောဘဲ နောက်တစ်ကြိမ် ဓားကို မြှောက်ပြီး ခုတ်ပိုင်းချရန် ရွယ်လိုက်သောအခါ ဒေါင်းမြီးစိမ်းတစ်ယောက် ကြောက်ကြောက်လန့်လန့်နှင့် ပြောလာတော့သည်။
ရှောင်လုံက ဓားကို ပြန်မချသေးဘဲ ဆက်ရွယ်ထားရင်း ဒေါင်းမြီးစိမ်းကို ငုံ့ကြည့်သည်။
ဒေါင်းမြီးစိမ်းမှာ စိတ်အားကျဆင်းသွားပြီဖြစ်သည်။ မျက်လုံးပေါက်မပါသော ကြေးမျက်နှာဖုံး၏ ပိတ်နေသော မျက်လုံးနေရာကို စိုက်ကြည့်ရင်း ပို၍ ကြောက်ရွံ့လာသည်။ တခြားလောကသား မကောင်းဆိုးဝါးကို ကြောက်သလိုမျိုး ကြောက်လာသည်။
ယနေ့ညက နတ်ဘုရားပူဇော်ဆုတောင်းပွဲ မဟုတ်ပါလား။ ခုနက လန်မျိုးနွယ်စုလူငယ်များက နဂါးစိမ်းဂိုဏ်းသားများကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး ရိုးရာအစဉ်လာပူဇော်မှုတစ်ခုကို လုပ်ခဲ့သေးသည် မဟုတ်ပါလား။
ယခု ရှေးဟောင်းအငွေ့သက်များနှင့် ပြည့်နေသော ထိုကြေးမျက်နှာဖုံးကြီးကလည်း ကြည့်လေကြည့်လေ ထူးဆန်းလေ ဖြစ်လာသည်။ တွေးလေတွေးလေ မူမမှန်လေ ဖြစ်လာသည်။ မျက်လုံးပေါက်လည်း မပါဘဲနှင့် မည်သို့ ကြည့်နိုင်မြင်နိုင်နေသနည်း။ မျက်မမြင်လော။ မဖြစ်နိုင်ပေ။ ထိုကြေးမျက်နှာဖုံးနှင့်လူက မျက်စိမြင်သူထက်ပင် မျက်စိလျင်သေးသည်။ မျက်နှားဖုံးက မျက်လုံးပေါက် မပါရုံသာမဟုတ် ပုံသဏ္ဍာန်ကလည်း မကောင်းဆိုးဝါးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ ခုနက တောင်ကမ်းပါးအောက်သို့ ခုန်ချစဉ်ကလည်း တစ္ဆေလိုလို သရဲလိုလို အရိပ်မည်းတစ်ခုကို ဝိုးတဝါးတွေ့မြင်လိုက်ရသေးသည်။ အခုလည်း ထိုကြေးမျက်နှာဖုံးရှင် လုပ်ကိုင်နေသည်က ရက်စက်ကြမ်းကြုတ်လှသည်။ လူနှင့်ပင် မတူပေ။ ထိုကြေးမျက်နှာဖုံးအောက်တွင် တခြားလောကမှ မကောင်းဆိုးဝါးတစ်ကောင် ရှိနေသည်လော…။
ဒေါင်းမြီးစိမ်းတစ်ယောက် စိတ်ထဲ အကြောက်တရား ဝင်သွားပြီဖြစ်၍ ကြောက်စရာများချည်း လျှောက်တွေးရင်း ကြောက်စိတ်များ ကြီးစိုးနေတော့သည်။
“ပြောပါ…။ ဟူမျိုးနွယ်စုနဲ့ လန်မျိုးနွယ်စုရဲ့ ဗီဇမျိုးဆက်သွေးအဆီနှစ်ကို ထုတ်ယူသွားတာက ဘာလုပ်ဖို့လဲ”
“ဒါက…”
ဒေါင်းမြီးစိမ်းက ဗီဇမျိုးဆက်သွေးအဆီနှစ်ဆိုသည်ကိုပင် မသိပေ။ ထို့ကြောင့် ဘာအတွက် ထုတ်ယူသွားမှန်းလည်း မသိပေ။
ဒေါင်းမြီးစိမ်းက မဖြေနိုင်၍ တွန့်ဆုတ်နေစဉ်မှာပင် ဓားချက်က ကျဆင်းလာသည်။
“ဝှစ်…”
ဘယ်လို ငရဲမျိုးလဲ။ စဉ်းစားခွင့်တောင့် မရှိတော့ဘူးလော။ ဒေါင်းမြီးစိမ်းတစ်ယောက် ဓားကျဆင်းလာသည့် လျှပ်တစ်ပြက်အချိန်လေးအတွင်းမှာပင် အတွေးပေါင်းများစွာကို ခေါင်းပေါက်မတတ်တွေးပြီး အတင်းအော်ပြောလိုက်သည်။
“မျက်လုံးဖြူ…”
ဗီဇမျိုးဆက်သွေးအဆီနှစ်ဆိုသည်ကို မသိသောလည်း၊ ဘာအတွက် ထုတ်ယူသွားမှန်းလည်း မသိသော်လည်း မျက်လုံးဖြူကောင်းထုံး ထုတ်ယူသွားခြင်းဖြစ်မည်ကိုတွေးလိုက်မိသည်။ မျက်လုံးဖြူကောင်းထုံးက မြေအောက်ခန်းထဲတွင် ကြောက်စရာကောင်းသော တစ်စုံတစ်ခုကို လုပ်ခဲ့သည် မဟုတ်ပါလား။ အလွန်အသည်းမာပြီး အနာကျင်ခံနိုင်သော ထိုလူငယ်များကို နာကျင်စွာအော်ဟစ်ညည်းညူစေပြီး သေလုမျောပါးဖြစ်အောင် ချည့်နဲ့အားနည်းသွားစေခဲ့သည် မဟုတ်ပါလား။ ထိုဘာမှန်းမသိသော ကိစ္စကို မျက်လုံးဖြူကောင်းထုံးက လုပ်ခဲ့ခြင်းသာ ဖြစ်ပေမည်။
ဓားက ဒေါင်းမြီးစိမ်း၏ လည်ပင်းနှင့် ထိရန် လက်တစ်လုံးခန့်အလိုတွင် ရပ်တန့်သွားသည်။
ကြောက်စိတ်ကြီးစိုးနေပြီဖြစ်သော ဒေါင်းမြီးစိမ်းတစ်ယောက် သူ့အသက် မသေသေးသည်ကို သိသည်နှင့် အရူးတစ်ယောက်လို ရယ်လေ၏။
“ဟားဟား…ဟားဟား…ဟီးဟီး…”
မျက်ရည်များလည်း ကျလာသလို နှာရည်များလည်း ထွက်ကျလာ၏။
အသက်ပေါင်းများစွာကိုလည်း သတ်ဖူးသည်။ ရန်သူများကိုလည်း ကလဲ့စားချေဖူးသည်။ သေခြင်းနှင့်ရှင်ခြင်းကြားကလည်း လွတ်မြောက်လာဖူးသည်။ သို့သော် ယခုလောက် ကြောက်လည်း မကြောက်ခဲ့ဖူးသလို ယခုလောက်လည်း ဝမ်းမသာခဲ့ဖူးပေ။ ကြောက်စရာကောင်းလှသော မကောင်းဆိုးဝါးတစ်ကောင်၏ လက်ထဲတွင် အသက်ရှင်နေရသည့် ခံစားချက်မျိုးဖြင့် ရူးချင်လာသည်။
“အီးဟီးဟီး…ဟားဟား…၊ ချမ်းသာပေးပါ၊ ပြောပြမယ်။ အားလုံးပြောပြမယ်။ ဟားဟား…”
ဒေါင်းမြီးစိမ်းက ငိုရင်းရယ်ရင်းနှင့် ရှောင်လုံရှေ့တွင် ဒူးထောက်လျက် အသနားခံနေတော့သည်။
“ပြောပါ…”
ပြောပါဟူသော ထိုအသံက ဒေါင်းမြီးစိမ်း၏ နားထဲတွင် တုန်ခါသွားပြီး ဦးနှောက်ထဲအထိ တုန်ခါသွားသည်။
ရှောင်လုံက အသံနိမ့်လှိုင်းသိုင်းပညာကို အသုံးပြု၍ ဖိအားတစ်ခု ထည့်လိုက်ခြင်း ဖြစ်သည်။ ဒေါင်းမြီးစိမ်းက ကြောက်စိတ်လွန်ကဲပြီး စိတ်မငြိမ်မသက်ဖြစ်ကာ ပြောချင်ရာလျှောက်မပြောနေအောင် ထိန်းချုပ်လိုက်ခြင်းလည်း ဖြစ်သည်။
“မျက်လုံးဖြူအဖိုးကြီးကောင်းထုံးက အဲဒါကို ထုတ်ယူသွားတာပါ။ အဲဒီလူက အဆိပ်ပညာမှာတင် ထူးချွန်တာ မဟုတ်ဘူး။ ထူးဆန်းတဲ့ ကိစ္စတွေလည်း လုပ်တတ်သေးတယ်။ နဂါးစိမ်းဂိုဏ်းမှာ ဖြန့်ဝေထားတဲ့ ဆေးတွေ၊ အထူးဂိုဏ်းသားတွေကို ကျွေးထားတဲ့ ဆေးတွေ၊ မကောင်းဆိုးဝါးအဆင့် ဂိုဏ်းသားတွေကို ဖန်တီးထားတာတွေ၊ လျှို့ဝှက်အင်အားစုကို ဖန်တီးထားတာတွေက အဲဒီ အဖိုးကြီးရဲ့ ထူးဆန်းတဲ့ ဆေးတွေနဲ့ ဖန်တီးထားတာတွေချည်းပါပဲ။ အဲဒီဆေးကို စားလိုက်ရင် တိုက်ခိုက်စွမ်းအားက အဆင့်တစ်ခု မြင့်တက်သွားတယ်။ နာကျင်မှုကိုလည်း မသိတော့ဘူး။
လွယ်လွယ်နဲ့လည်း မသေနိုင်တော့ဘူး။ ဒဏ်ရာတွေလည်း အလိုလို ပြန်ကောင်းလာတယ်။ ကြိုက်သလို စေခိုင်းနိုင်တယ်။ အဲဒါတွေ အားလုံးကို အဲဒီ အဖိုးကြီးက လုပ်နေတာပါ။ လျှို့ဝှက်ဌာနချုပ်မှာ အထူးလေ့ကျင့်ရေးစခန်းဖွင့်ပြီး စမ်းသပ်မှုတွေ လေ့ကျင့်မှုတွေ လုပ်နေတာပါ။ အဲဒီ လူငယ်တွေကို ဖမ်းဆီးထားတာကလည်း ထူးဆန်းတာတွေ စမ်းသပ်ဖို့ပဲ ဖြစ်လိမ့်မယ်”
ဒေါင်းမြီးစိမ်းက အရေးကြီးသော လျှို့ဝှက်ချက်များကို တရစပ် ပြောရင်း ရှောင်လုံ၏ ခြေထောက်ကို ဖက်ဟန် ပြင်သည်။
“ကျုပ် သိတာတွေ ရှိသေးတယ်။ ပြောပြဦးမယ်။ အသက်ချမ်းသာပေးပါ”
ရှောင်လုံက အဖက်မခံဘဲ ကန်ထုတ်လိုက်သည်။
“ဖြောင်း…”
ဒေါင်းမြီးစိမ်းလည်း လွင့်ထွက်သွားပြီး မြေပေါ် ပက်လက်ပြန်စန့်စန့်ကြီး ကျသွားသည်။ သူ့ပခုံးညှပ်ရိုးကြားတွင် ညပ်နေသော ဓားလည်း ပြုတ်ထွက်သွားသည်။
~~ဘိုးဘိုး…၊ မမ…၊ မျက်လုံးဖြူကောင်းထုံးဆိုတာက ဘယ်သူလဲ~~
ရသေ့ကြီးက ခေါင်းခါသည်။
~~ဘိုးဘိုး မသိဘူး၊ ကြည့်ရတာ နဂါးစိမ်းဂိုဏ်းရဲ့ နောက်ကွယ်က အင်အားကြီးတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်~~
နှင်းပန်းက စဉ်းစားပြီး ပြောလာသည်။
~~မျက်လုံးဖြူကောင်းထုံး။ အဲဒီလူက နဂါးစိမ်းဂိုဏ်းရဲ့ ကြောက်စရာကောင်းတဲ့ လူနှစ်ယောက်ထဲက တစ်ယောက် ဖြစ်လိမ့်မယ်~~
~~ကြောက်စရာကောင်းတဲ့ လူနှစ်ယောက်လား~~
~~ဟုတ်တယ်။ ဘွားဘွား ပြောပြဖူးတာက နဂါးစိမ်းဂိုဏ်းမှာ သတိထားရမယ့် လူနှစ်ယောက် ရှိတယ်တဲ့။ တစ်ယောက်က နဂါးစိမ်းဂိုဏ်းချုပ်တဲ့။ နောက်တစ်ယောက်က အဆိပ်ပညာရှင်တဲ့။ မျက်လုံးဖြူကောင်းထုံးဆိုတာက အဲဒီ အဆိပ်ပညာရှင်ဖြစ်မယ် ထင်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အော်မေ့ဂိုဏ်းကို အဆိပ်နဲ့ လုပ်ကြံပြီး ဖျက်ဆီးပစ်ခဲ့တာလည်း အဲဒီလူပဲ ဖြစ်လိမ့်မယ်~~
ရှောင်လုံက အသာခေါင်းညိတ်ပြီး ဒေါင်းမြီးစိမ်းထံ လျှောက်သွား၍ ရင်ဘတ်ကို နင်းထားလိုက်သည်။
“ဗျက်…ဗျက်…”
နံရိုးများ ကျိုးကြေသံလို အသံများ မြည်သွားသည်။
“အင့်…”
ဒေါင်းမြီးစိမ်းလည်း နာကျင်စွာ ညည်းညူရင်း ပါးစပ်မှ သွေးများ အန်ထွက်လာသည်။
“ပြောစမ်း…၊ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အော်မေ့ဂိုဏ်းကို အဆိပ်နဲ့ လုပ်ကြံခဲ့တာက အဲဒီ မျက်လုံးဖြူကောင်းထုံးပဲလား”
“ဟုတ်တယ်၊ ဟုတ်တယ်။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က အဲဒီအဖိုးကြီးကောင်းထုံးက ဒီအော်မေ့တောင်ကို အဆိပ်မီးခိုးမှိုင်းတွေနဲ့ လုပ်ကြံခဲ့တယ်။ မအောင်မြင်တော့ အစားသောက်တွေထဲ အဆိပ်ခတ်ပြီး ထပ်လုပ်ကြံခဲ့တယ်။ အဆိပ်မီးခိုးမှိုင်းတွေကို အာရုံစိုက်နေတုန်း အရက်နဲ့ အစားသောက်တွေထဲ အဆိပ်ခတ်လိုက်တာ။ ဓားဘီလူးဂိုဏ်းချုပ်၊ လေးမျက်နှာဂိုဏ်းချုပ်နဲ့ ကျားပျံဂိုဏ်းချုပ်တို့နဲ့ ကြိုတင်လက်ဝါးချင်းရိုက်ပြီး အတွင်းနဲ့အပြင် ပူးပေါင်းပြီး လုပ်ကြံလိုက်တာ။ ဟုတ်တယ်။ အဲဒါကြောင့် အော်မေ့တောင်ပေါ်က သိုင်းလောကသားတွေအားလုံးကို အဆိပ်နဲ့ ထိန်းချုပ်လိုက်နိုင်တာပေါ့။ အဲဒါတွေအားလုံးက အဖိုးကြီးကောင်းထုံးရဲ့ အစီစဉ်တွေချည်းပဲ”
ဒေါင်းမြီးစိမ်း၏ စကားကို ကြားလျှင် ရသေ့ကြီးနှင့် နှင်းပန်းတို့၏ မျက်လုံးများက အေးစက်တင်းမာသွားသည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်က အော်မေ့ဂိုဏ်း လုပ်ကြံခံရမှုကြီးကို သူတို့ကိုယ်တိုင် ကြုံခဲ့ရသည် မဟုတ်ပါလား။ ထောင်ချီသော သိုင်းလောကသားများ အဆိပ်မိခဲ့ကြပြီး အော်မေ့ဂိုဏ်းလည်း ပျက်စီးသွားခဲ့ရသည် မဟုတ်ပါလား။ မည်မျှအထိ ရက်စက်ပြီး မည်မျှအထိ ကြောက်စရာကောင်းသည်ကို သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည်။
“အဆိပ်နဲ့ ထိန်းချုပ်လိုက်နိုင်တယ်ဆိုတာက ဘာကို ပြောတာလဲ။ အဲဒီတုန်းက သိုင်းလောကသားတွေကို ဘာလုပ်လိုက်တာလဲ”
ရသေ့ကြီးက ဒေါင်းမြီးစိမ်း၏ စကားထဲက ‘အဆိပ်နဲ့ ထိန်းချုပ်လိုက်နိုင်တယ်’ဟူသော စကားကို ထူးဆန်းနေ၍ မေးလိုက်သည်။
“ဟားဟား…၊ အဲဒီတုန်းက သိုင်းလောကသားတွေကို သေကုန်ပြီလို့ ထင်နေကြတာ မဟုတ်လား။ အဲဒီတုန်းက သိုင်းလောကသားတွေ အဆိပ်မိပြီး မသေသွားဘူး။ အားလုံးကို အဖိုးကြီးကောင်းထုံးက ထိန်းချုပ်ပြီး ဌာနချုပ်ကို ခေါ်သွားလိုက်တာ”
ထိုစကားကြောင့် ရသေ့ကြီးရော နှင်းပန်းရော တုန်လှုပ်သွားခဲ့သည်။ သူတို့အပါအဝင် သိုင်းလောကတစ်ခုလုံးက လွန်ခဲ့သော ဆယ့်ငါးနှစ်က အော်မေ့တောင်အဖြစ်အပျက်၌ ပါဝင်ခဲ့သော သိုင်းလောကသားအားလုံး သေဆုံးသွားခဲ့ပြီဟု ထင်ထားခဲ့သည်။ လေးမျက်နှာဂိုဏ်းချုပ်၊ ကျားပျံဂိုဏ်းချုပ်နှင့် ဓားဘီလူးဂိုဏ်းချုပ်တို့ကိုလည်း အများနည်းတူ အဆိပ်မိပြီး သေဆုံးခဲ့ပြီဟု ထင်ထားခဲ့ကြသည်။
ဓားဘီလူးဂိုဏ်းချုပ်နှင့်ပတ်သက်၍ မူမမှန်သော သဲလွန်စတချို့နှင့် ဖြစ်ရပ်တချို့ကို ရှာဖွေစုံစမ်းရာက ဓားဘီလူးဂိုဏ်းချုပ် မသေဆုံးခဲ့ကြောင်းနှင့် နဂါးစိမ်းဂိုဏ်းနှင့် ပူးပေါင်းထားကြောင်း သံသယဖြစ်ဖွယ်များ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစုံစမ်းစစ်ဆေးမှုကို နှင်းပန်းတို့က လုပ်ဆောင်ခဲ့ရ၍ အခြေနေအတော်များများကို သိထားခဲ့သည်။
ယခုတော့ ထိုကိစ္စများက အမှန်တကယ် ဖြစ်နေခဲ့သည်။ အော်မေ့ဂိုဏ်းကို လုပ်ကြံရာတွင် ဓားဘီလူးဂိုဏ်းချုပ်အပြင် လေးမျက်နှာဂိုဏ်းချုပ်နှင့် ကျားပျံဂိုဏ်းချုပ်တို့လည်း ပါဝင်နေခဲ့သည်။ ထိုဂိုဏ်းများက နဂါးစိမ်းဂိုဏ်းနှင့် အရင်ကတည်းက လျှို့ဝှက်ပူးပေါင်းထားခဲ့ပုံရသည်။
သိုင်းလောကကြီးတစ်ခုလုံးကို ဆယ့်ငါးနှစ်တိုင်တိုင် လှည့်စား၍ ဖုံးကွယ်ထားသော ကိစ္စကြီးတစ်ခုက အခုမှသာ အဖြစ်မှန် ပေါ်ထွက်လာတော့သည်။
ကြောက်စရာကောင်းလှသော နဂါးစိမ်းဂိုဏ်းပါပေ။ ထိုမျှ ကြီးကျယ်သော ကိစ္စကြီးကို အသံလည်း မထွက်စေဘဲ အရိပ်လည်း မထွက်စေဘဲ လုပ်နိုင်ခဲ့သည်။ တခြား မည်ကဲ့သို့သော လျှို့ဝှက်ကိစ္စများ တိတ်တဆိတ် ကြံစည်နေဦးမည် မသိပေ။
ရသေ့ကြီးက စိတ်ထဲဖြစ်ပေါ်လာသော သံသယကြီးတစ်ခုကို မေးလိုက်သည်။
“နဂါးစိမ်းဂိုဏ်းချုပ်က ဘယ်အဆင့်အထိ ပေါက်မြောက်နေပြီလဲ”
“ဂိုဏ်းချုပ်ကလား…၊ ဟားဟား…၊ ဂိုဏ်းချုပ်က သူလိုကိုယ်လို အဆင့်နဲ့ ဒီလိုကိစ္စကြီးကို လုပ်နိုင်မှာတဲ့လား။ သိုင်းလောကသားတွေ အိပ်မက်မက်နေတဲ့ အဲဒီအဆင့်ကို ဂိုဏ်းချုပ်က လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကတည်းက ရောက်နေပြီးပြီ”
ထိုစကားကို ကြားလျှင် ရသေ့ကြီးမှာ တစ်ချက် ယိုင်သွားသည်။
ထိုအဆင့်…။ ဉာဏ်အလင်းပွင့်အဆင့်…။
သိုင်းလောကကြီးတစ်ခုလုံးရှိ အထွတ်ထိပ်အဆင့်ရောက်နေသူများ၏ အိပ်မက်ဖြစ်သော ထိုအဆင့်ကို နဂါးစိမ်းဂိုဏ်းချုပ်က လွန်ခဲ့သော ဆယ့်ငါးနှစ်ကတည်းက ရောက်နေခဲ့ပြီးပြီလော။
“ဒါကြောင့် သူက ဒီလို ကိစ္စကြီးကို လုပ်ရဲတာကိုး…”
ရသေ့ကြီးက တီးတိုးရေရွတ်ရင်း တုန်လှုပ်စွာ သက်ပြင်းချသည်။
ဒေါင်းမြီးစိမ်းကလည်း သူတို့ဂိုဏ်းချုပ်၏ သန်မာမှုနှင့် နဂါးစိမ်းဂိုဏ်း၏ နက်ရှိုင်းမှုများကို ပြောရင်း သူ့စိတ်ထဲ ကြီးစိုးနေသော အကြောက်တရားများ ပြေလျှော့သွားသည်။ အကြောက်တရားများ ပျောက်သွားသည်။ ပြန်ရဲရင့်လာသည်။ သူ့မျက်နှာပေါ်တွင် ထီမထင်သည့် အရိပ်များ ထင်ဟပ်လာသည်။
ဒေါင်းမြီးစိမ်းလိုပင် ဌာနမှူးကလည်း ကြောက်လန့်စိတ်များ ပြေသွားသည်။ ထိုရန်သူများက အားကောင်းသော်လည်း နဂါးစိမ်းဂိုဏ်း၏ နယ်မြေထဲမှ လွတ်မြောက်နိုင်ပါမည်လော။ ဤဌာနခွဲ၏ အခြေနေကို တခြားဌာနခွဲများက သိသွားသည်နှင့် စီချွမ်ပြည်နယ်တစ်ခုလုံးက လှုပ်ရှားလာမည် ဖြစ်သည်။ သို့ဆိုလျှင် ထိုလူများက ငှက်ဖြစ်နေလျှင်ပင် လွတ်အောင် ပျံပြေးနိုင်မည် မဟုတ်ပေ။ သူတို့ အသတ်ခံရ၍ သေသွားလျှင်ပင် ထိုရန်သူများကလည်း သေရမည်သာ ဖြစ်သည်။
“ဉာဏ်အလင်းပွင့်အဆင့်လား။ အဲဒါက အရမ်းအားကောင်းလို့လား”
ရှောင်လုံက အရေးမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ထို့နောက် နေရာမှ တစ္ဆေတစ်ကောင်လို ဖျပ်ကနဲ ပျောက်ကွယ်သွားပြီး တောင်တက်လမ်းထိပ်တွင် စိုက်ထူထားသော အော်မေ့တောင်ဌာနခွဲဟူသော ကျောက်စာတိုင်နားကို ရောက်သွားသည်။
လရောင်အောက်တွင် ဓားရောင်တစ်ချက် ဝင်းလက်သွားသည်။ နှေးကွေးလေးလံသော ဓားချက်တစ်ချက် ထွက်ပေါ်လာသည်။
“ချပ်…”
“ဝုန်း…”
လေထု သိမ့်ကနဲ့ လှိုင်းထသွားပြီး အော်မေ့တောင်ဌာနခွဲဟု ရေးထွင်းထားသော ကျောက်တုံးမှာ နှစ်ခြမ်းပြတ်ထွက်ကာ ပြိုလဲကျသွားသည်။
ထို့နောက် ရှောင်လုံက ကျောက်တုံးနှစ်ခြမ်းကို တစ်ခြမ်းပြီးတစ်ခြမ်း တောင်အောင် ပစ်ချလိုက်သည်။
“ဝုန်း…အုန်း…ဒုန်း…”
ရှောင်လုံ၏ လှုပ်ရှားမှုနှင့် ဓားချက်ကို မြင်ပြီးနောက် ဒေါင်းမြီးစိမ်းနှင့် ဌာနခွဲမှူးမှာ ခြေဖျားလက်ဖျားများ အေးစက်သွားသည်။ ကျောရိုးထဲတွင်လည်း စိမ့်တက်လာသည်။
ထိုစဉ်မှာပင် ရှောင်လုံက သူတို့ရှေ့တွင် တစ္ဆေတစ်ကောင်လို ဖျပ်ကနဲ ပြန်ပေါ်လာ၏။
“… …”
ဒေါင်းမြီးစိမ်းနှင့် ဌာနခွဲမှူးမှာ စကားပြောနိုင်ဖို့ နေနေသာသာ ဘာမှပင် မတွေးနိုင်ဘဲ စိတ်ထဲ ဟာလာဟင်းလင်း ဖြစ်သွားကြသည်။ နဂါးစိမ်းဂိုဏ်းက သန်မာသည်လော။ နဂါးစိမ်းဂိုဏ်းချုပ်က ဉာဏ်အလင်းပွင့်အဆင့်လော။ သိုင်းလောကတွင် ပြိုင်ဘက်ကင်းလော။ သို့ဆိုလျှင် ထိုကြေးမျက်နှာဖုံးနှင့်လူက မကောင်းဆိုးဝါးလော။
မည်သို့သော ကိုယ်ဖော့ပညာကို မြင်ခဲ့ရသနည်း။ မည်သို့သော ဓားချက်ကို မြင်ခဲ့ရသနည်း။
ဒေါင်းမြီးစိမ်းမှာ နှလုံးအိမ်ထဲ ပူလောင်လာသဖြင့် အာခေါင်များပင် ခြောက်လာသည်။ တံတွေးကျိတ်မြိုချနေသော်လည်း မြိုမကျဘဲ နင်နေခဲ့သည်။
‘ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ လူလဲ။ ဉာဏ်အလင်းပွင့်အဆင့်။ ဟုတ်တယ်။ ဒီလူကလည်း ဉာဏ်အလင်းပွင့်အဆင့်ပဲ…’
ဒေါင်းမြီးစိမ်းတစ်ယောက် တွေးရင်းနှင့် တုန်နေတော့သည်။ တောင်ကမ်းပါးအောက်သို့ ခုန်ချစဉ်က သူ့ကို ဖမ်းဆီးပြီး တောင်ပေါ်ပြန်ပစ်တင်ခဲ့သူမှာလည်း ထိုကြေးမျက်နှာဖုံးရှင်ဖြစ်ကြောင်း နားလည်သွားသည်။
ဒေါင်းမြီးမှာ တွေးလေတွေးလေ ကြောက်လေ ဖြစ်လာသည်။
ရသေ့ကြီးနှင့် နှင်းပန်းလည်း ရှောင်လုံ၏ ကိုယ်ဖော့ပညာ အမှောင်ထုခြေလှမ်းလှုပ်ရှားမှုနည်းစနစ်ကို သိထားပြီးဖြစ်၍ မအံ့ဩသည့်တိုင် ရှောင်လုံ၏ ဓားချက်ကိုတော့ အံ့ဩကုန်ကြသည်။ ကျောက်တုံးကို ဓားဖြင့် ခုတ်ဖြတ်ခဲ့သည် မဟုတ်ပါလား။
‘ဘယ်လောက်တောင် ဆန်းကြယ်တဲ့ ဓားချက်လဲလို့။ ဒါက လူလေး လျှောက်နေတယ်ဆိုတဲ့ ဓားလမ်းစဉ်လား…’
ရသေ့ကြီးမှာ အတွေးနက်နေမိတော့သည်။ ဓားလမ်းစဉ်ဆိုသည်ကို ရသေ့ကြီးက ရှင်းရှင်းလင်းလင်း မသိသော်လည်း သိုင်းလောက၏ ဒဏ္ဍာရီများအရ ဓားလမ်းစဉ်လျှောက်သူများမှာ အလွန်ရှားပါးပြီး အလွန်အစွမ်းထက်ကြကြောင်း ကြားဖူးသည်။
‘ဒဏ္ဍာရီတွေထဲက ဓားလမ်းစဉ်လျှောက်သူတွေက ဒီလိုမျိုး ကြောက်စရာကောင်းကြတာကိုး။ ငါ့အတွက်ဆိုရင်တောင် အဲဒီဓားချက်ကို ခုခံနိုင်ဖို့ ဘာနည်းလမ်းမှ မရှိနေဘူး။ လူလေးရဲ့ အဲဒီ ခြေလှမ်းလှုပ်ရှားနဲ့ အဲဒီ ဓားချက်ကို ဘယ်သူက ရင်ဆိုင်နိုင်မှာလဲ။ ဉာဏ်အလင်းပွင့်အဆင့်ဆိုရင်တောင် ခုခံနိုင်ပါ့မလား မသိဘူး…’
ရသေ့ကြီး တွေးနေသလို ဒေါင်းမြီးစိမ်းတို့လည်း တွေးနေသည်။ သူတို့က နဂါးစိမ်းဂိုဏ်းချုပ်၏ အစွမ်းအစကို မမြင်ဖူးပေ။ ဉာဏ်အလင်းပွင့်အဆင့်က မည်မျှ အားကောင်းကြောင်းကိုလည်း မသိပေ။ သို့သော် ယခု သူတို့ မြင်လိုက်ရသော ထိုကြေးမျက်နှာဖုံးရှင်၏ လှုပ်ရှားမှုနှင့် ဓားချက်ကို သူတို့ ဂိုဏ်းချုပ် ရင်ဆိုင်နိုင်ပါ့မလားဟု တွေးနေကြသည်။ တွေးရင်း ကြောက်နေကြသည်။ သူတို့၏ အသိဉာဏ်ဖြင့်ကား ခုခံနိုင်စရာ မည်သည့်နည်းလမ်းမှ မရှိနေပေ။
ဆေးလုံးကို အားကိုးမည်လော။ ဆေးအာနိသင်က ခုခံနိုင်စွမ်း မြင့်မားပြီး ဒဏ်ရာပြန်ကောင်းနိုင်စွမ်း မြင့်မားသော်လည်း ပြတ်တောက်သွားသော ခြေလက်များကိုတော့ ပြန်မဆက်နိုင်ပေ။ ထိုဓားချက်က ခြေလက်ကိုသာမက လူတစ်ယောက်လုံးကိုပင် အလွယ်တကူ ထက်ခြမ်းခွဲပစ်နိုင်သည့် ဓားချက်ဖြစ်သည်။ နဂါးစိမ်းဂိုဏ်း၏ ဆေးက ထက်ခြမ်းကွဲသွားသော လူသေကို ပြန်ရှင်အောင် မလုပ်နိုင်ပေ။
‘အား…၊ အရမ်းကြောက်ဖို့ကောင်းတယ်…’
ထိုစဉ်မှာပင် ဟူမျိုးနွယ်စု လူငယ်များနှင့် လန်မျိုးနွယ်စု လူငယ်များ ပြန်ရောက်လာကြသည်။ သူတို့အားလုံး ဆေးကြောသန့်စင်ထားပြီး နဂါးစိမ်းဂိုဏ်းမှ ရှာတွေ့သော အဝတ်စားများကို ဝတ်ထားကြသည်။
“ဘာပြောချင်တာ ရှိသေးလဲ”
ရှောင်လုံက ဒေါင်းမြီးစိမ်းကို မေးလိုက်သည်။
ဒေါင်းမြီးစိမ်းက ပြောချင်သော်လည်း ဘာပြောရမှန်းလည်း မသိသလို စကားပြောဖို့လည်း အားမရှိဘဲ ဖြစ်နေသည်။ လည်ချောင်းထဲ ခြောက်ကပ်ဆို့နင်နေပြီး ဗိုက်ထဲက လေမှာလည်း စကားပြောထုတ်ဖို့ပင် အားမရှိ ဖြစ်နေခဲ့သည်။
ရှောင်လုံကလည်း ဆက်မမေးတော့ဘဲ လှည့်ထွက်သွားခဲ့သည်။
“မင်းတို့လက်ထဲ အပ်လိုက်ပြီ…”
ရှောင်လုံက ဟူမျိုးနွယ်စုလူငယ်များနှင့် လန်မျိုးနွယ်စုလူငယ်များ လက်ထဲ အပ်လိုက်သည်။
ထိုအခါ ဒေါင်းမြီးစိမ်းက ကြောက်အားလန့်အားနှင့် ရှိသမျှ ခွန်အားကိို စုစည်း၍ အတင်းကုန်းရုန်းထပြီး အော်ပြောသည်။ သို့သော် အသံတိုးတိုးထွက်ရုံသာ ပြောနိုင်သည်။
“မေးတာတွေ ပြောရင် မသတ်ဘူးလို့ ကတိပေးထားတယ်လေ။ ဆရာကြီးလို အဆင့်က ကတိတည်သင့်ပါတယ်။ ကတိတည်ပေးပါ…”
ရှောင်လုံက ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“ဟုတ်တယ်။ ခင်ဗျားကို ကျုပ်မသတ်ဘူးလို့ ကတိပေးထားတယ်။ ကျုပ်ကတိကို ကျုပ်တည်တယ်။ ခင်ဗျားကို ကျုပ်မသတ်ဘူး။ ဒါပေမဲ့ သူတို့ကတော့ သတ်လိမ့်မယ်”
ဒေါင်းမြီးစိမ်းတစ်ယောက် ပက်လက်ပြန်လဲကျသွားသည်။ သူ့တွင် မျှော်လင့်ချက် မရှိတော့ပေ။ သူ့စိတ်များ ဝေဝါးသွားသည်။ ကောင်းကင်ပေါ်က လမင်းကြီးကိုပင် သေချာ မမြင်ရတော့ပါ။ နောက်ဆုံးမျှော်လင့်ချက်လေးကို စွန့်လွှတ်ပြီး စိတ်ကို လုံးဝလျှော့လိုက်တော့သည်။
ထိုစဉ် ရှောင်လုံ၏ စကားက နားထဲ တိုးဝင်လာသည်။
“သိပ်လည်း အားမငယ်ပါနဲ့။ သိပ်မကြာခင် နဂါးစိမ်းဂိုဏ်းက ခင်ဗျားနောက် လိုက်လာပါလိမ့်မယ်”
ဒေါင်းမြီးစိမ်းနှင့် ဌာနခွဲမှူးမှာ စိတ်ပျက်အားလျှော့လျက် ငြိမ်သက်သွားကြသည်။
ထိုအခိုက် ဟူမျိုးနွယ်စုလူငယ်များနှင့် လန်မျိုးနွယ်စုလူငယ်များက ဓားတစ်လက်စီကောက်ယူလိုက်ကြပြီး ဌာနခွဲမှူးထံ သွားလိုက်ကြသည်။ ထို့နောက် ဓားများကို မြှောက်လိုက်ကြသည်။
“ရန်သူ့အသက်ကို ရန်သူ့လက်နက်နဲ့ စီရင်ပြီး ဝံပုလွေနတ်ဘုရားကို ပူဇော်ပါတယ်”
“ရန်သူ့အသက်ကို ရန်သူ့လက်နက်နဲ့ စီရင်ပြီး ကျားနတ်ဘုရားကို ပူဇော်ပါတယ်”
ဌာနခွဲမှူးက ဝေးဝါးနေသော မျက်လုံးဖြင့် သူ့အပေါ် အုပ်မိုးနေသော ဓားများကို ကြောင်ကြည့်နေခဲ့သည်။
လူငယ်ဆယ်ယောက်လက်ထဲမှ ဓားဆယ်လက်က လရောင်အောက်၌ ဝင်းလက်သွားပြီး တစ်ရှိန်ထိုး ကျဆင်းလာ၏။
“ဝှစ် ဝှစ် ဝှစ်…”
“စွပ် စွပ် စွပ်…”
ဓားဆယ်လက်က ဌာနခွဲမှူး၏ ခန္ဓာကိုယ်နှင့် ခြေလက်များတွင် ထုတ်ချင်းခတ် စိုက်ဝင်သွားခဲ့သည်။ ဒဏ်ရာအသီးသီးမှ သွေးများ စီးထွက်လာပြီး အိုင်ထွန်းသွားလေ၏။
ဌာနခွဲမှူးမှာ အော်ပင် မအော်လိုက်နိုင်ဘဲ အကြောတစ်ချက်နှစ်ချက် ဆွဲကာ တွန့်လိမ်သွားပြီးနောက် ငြိမ်ကျသွားခဲ့သည်။
ဒေါင်းမြီးစိမ်းက ထိုမြင်ကွင်းကို ဗလာကျင်းနေသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ မကြာခင် သူ့အလှည့် ရောက်ပေတော့မည်။
လူငယ်ဆယ်ယောက်က ဌာနခွဲမှူး၏ အလောင်းကို ခံစားချက်မဲ့သော မျက်လုံးများဖြင့် ကြည့်ပြီးနောက် ဒေါင်းမြီးစိမ်းထံ လျှောက်သွားသည်။ လျှောက်သွားရင်းက တွေ့ရာဓားများ ကောက်ယူသွားကြသည်။
ထိုနောက် ဒေါင်းမြီးစိမ်းကိုလည်း ဌာနခွဲမှူးကို စီရင်သလိုပင် စီရင်လိုက်ကြသည်။
ဒေါင်းမြီးစိမ်းမှာလည်း ခန္ဓာကိုယ်နှင့် ခြေလက်များတွင် ဓားဆယ်လက် စိုက်ဝင်လျက် ငြိမ်သက်သွားခဲ့လေ၏။
ဒေါင်းမြီးစိမ်း…။ နဂါးစိမ်းဂိုဏ်းတွင် ထင်ရှားခဲ့သော လူတစ်ယောက်က ယခုကဲ့သို့ ဆိုးရွားစွာ အဆုံးသတ်သွားခဲ့ရသည်။ နဂါးစိမ်းဂိုဏ်းအတွက် ကြိုးစားဆောင်ရွင်ရင်း နဂါးစိမ်းဂိုဏ်းအတွက် အသက်ပေးသွားခဲ့သည်။
ဒေါင်းမြီးစိမ်းဟူသော နာမည်ကို ရရှိအောင် နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည်။ အခက်ခဲများစွာဖြင့် တည်ဆောက်ခဲ့ရသည်။ တစ်သက်တာ တည်ဆောက်မှုလည်း ဖြစ်သည်။ တစ်သက်တာ ဆုပ်ကိုင်ထားသော အရာလည်း ဖြစ်သည်။
သေလွန်ပြီးနောက် နောင်နှစ်ပေါင်း မည်မျှအထိ ဒေါင်းမြီးစိမ်းဟူသော နာမည်ကို လူတို့ မှတ်မိနေဦးမည်နည်း။ နဂါးစိမ်းဂိုဏ်းက ဒေါင်းမြီးစိမ်းကို အချိန်ကာလ မည်မျှအထိ အမှတ်ရနေပါမည်နည်း။ ငါးနှစ်လော။ ဆယ်နှစ်လော။ သို့တည်းမဟုတ် နှစ်နှစ်ဆယ်လော။ နဂါးစိမ်းဂိုဏ်းကြီးက နောက်ထပ် မည်မျှကြာသည်အထိ ဆက်လက်တည်ရှိနိုင်ပါမည်နည်း။
မည်သူမှ မသိပေ။
မွေးဖွားခြင်းသည် ကိုယ်ပိုင်ကံကြမ္မာကြောင့်ဟု ဆိုပါလျှင် ရှင်သန်ခြင်းသည် ကိုယ်ပိုင်ရွေးချယ်မှုကြောင့် ဖြစ်ပေလိမ့်မယ်။ သေဆုံးခြင်းသည်ကား…။
အခန်း(၃၆၈) ပြီး
***