ကောင်းကင်တွင် လပြည့်ဝန်းကြီးက ရွှန်းရွှန်းဝေကာ သာလို့နေ၏။ ညက တစ်စထက်တစ်စ နက်သည်ထက်နက်လာသောကြောင့် လက ကောင်းကင်၏ အလယ် အခေါင်အထိပ်သို့ ရောက်လာခဲ့လေ၏။
ညနက်လေပြီ။
အော်မေ့တောင်ကြီးသည်က လရောင်အောက်၌ တိတ်ဆိတ်လျက် ငြိမ်သက်နေ၏။ ညငှက်တို့သည်ပင် အလှုပ်အရှား မရှိပါပေ။ အနားယူအိပ်စက်နေကြသည်လော။ သို့တည်းမဟုတ် လေအဝှေ့တွင် သယ်ဆောင်လာသော အော်မေ့တောင်ပေါ်က သတ်ဖြတ်ခြင်းအငွေ့အသက်နှင့် သွေးညှီနံ့တို့ကြောင့် ကြောက်ရွံ့စွာ ဝေးရာသို့ ရှောင်ရှားသွားကြလေရော့သလား မသိပေ။
အော်မေ့တောင်ထိပ်ပေါ်တွင် လူဆယ့်သုံးယောက်ကလွဲ၍ ကျန်လူအားလုံး အသက်မဲ့နေ၏။ ဟူမျိုးနွယ်စုလူငယ်များနှင့် လန်မျိုးနွယ်စုလူငယ်များက မည်သည့်နဂါးစိမ်းဂိုဏ်းသားကိုမှ အရှင်မထားဘဲ အကုန်သတ်ဖြတ်ပစ်လိုက်ကြသည်။ တောင်ထိပ်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေပြီး သွေးများလည်း အိုင်ထွန်းနေသည်။
~~ဘိုးဘိုး…၊ ဒီအလောင်းတွေကို ဘယ်လို လုပ်ကြမလဲ~~
ရသေ့ကြီးက အလောင်းများကို ကြည့်ပြီး ခေါင်းခါလိုက်သည်။
~~အချိန်ရှိတုန်း ဘိုးဘိုးတို့ ဒီနေရာက ထွက်သွားဖို့ လိုတယ်။ အလောင်းတွေကို နဂါးစိမ်းဂိုဏ်းက သူတို့ဘာသာ ရှင်းကြလိမ့်မယ်~~
ရသေ့ကြီးက ပြောရင်း ရှောင်လုံနှင့် နှင်းပန်းကို လေးနက်စွာ ကြည့်သည်။
နှင်းပန်းကလည်း ရသေ့ကြီးကို လေးနက်စွာ ပြန်ကြည့်ရင်း ရှောင်လုံကို အသာငဲ့ကြည့်သည်။
~~ဘာဖြစ်လို့လဲ ဘိုးဘိုး~~
ရသေ့ကြီးက အသက်တစ်ချက် ပြင်းပြင်းရှူပြီးနောက် လေးနက်စွာ ပြောသည်။
~~လူလေးကို တစ်နေရာ ခေါ်သွားစရာ ရှိတယ်~~
ရှောင်လုံလည်း သူ့ဘိုးဘိုးနှင့် သူ့မမ၏ လေးနက်နေသော စိတ်ကို ခံစားမိပြီး ဘာမှ မေးခွန်းထုတ်မနေတော့ဘဲ လက်ခံလိုက်သည်။
~~သူတို့ကိုရော တစ်ခါတည်း ခေါ်သွားကြမလား ဘိုးဘိုး~~
~~ခေါ်သွားကြတာပေါ့။ အဲဒီနေရာကို သွားပြီးရင် တစ်ခါတည်း ထွက်သွားကြမယ်~~
~~ဟုတ်ကဲ့ ဘိုးဘိုး~~
ရှောင်လုံလည်း သူ့အဘိုးနှင့် တိုင်ပင်ပြီးနောက် ဟူယုံတို့နှင့် လန်မင်တို့ကို ပြောလိုက်သည်။
“မင်းတို့အားလုံး ငါတို့နောက်က လိုက်ခဲ့ကြ။ ဒီနေရာက ထွက်သွားကြစို့”
“ဟုတ်ကဲ့ အကိုဟူလုံ”
“ဟုတ်ကဲ့ ကျေးဇူးရှင်”
ဟူယုံတို့နှင့် လန်မင်တို့ နှစ်ဖွဲ့လည်း ထွက်သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်၍ ရှောင်လုံတို့နောက်မှ လိုက်လာခဲ့ကြသည်။ သူတို့အားလုံး ရန်သူ့လက်တွင်းမှ လွတ်မြောက်ပြီး မွေးရပ်ဌာနေသို့ ပြန်ကြရမည်ဖြစ်၍ စိတ်လှုပ်ရှားနေကြသည်။ တစ်ဖက်တွင်လည်း ရန်သူနယ်မြေအတွင်းမှ လွတ်မြောက်အောင် ထွက်ရမည့်အရေးကို တွေးရင်း စိုးရိမ်နေကြသည်။
ရှောင်လုံတို့အားလုံး အနောက်ဘက် တောင်ဆင်းလမ်းမှ ဆင်းလာပြီးနောက် လျိုတစ်ခုအနားရောက်တွင် တောင်ဆင်းလမ်းမှ ခွဲထွက်ပြီး ဆက်သွားလိုက်ကြသည်။ ထို့နောက် တောင်ကျရေတံခွန်တစ်ခုကို ကျော်လိုက်ပြီးနောက်တွင် တစ်သီးတသန့်ဖြစ်နေသော တောင်ကလပ်တစ်ခုသို့ ရောက်လာခဲ့ကြသည်။
တောင်ကလပ်က အတော်အသင့် ကျယ်ဝန်းသည်။ မြက်ခင်းစိမ်းကလွဲ၍ သစ်ပင်ခြုံနွယ်များ မရှိဘဲ ရှင်းလင်းနေ၏။
တောင်တက်လမ်းနှင့် အနည်းငယ် အလှမ်းဝေးပြီး မလှမ်းမကမ်းတွင်လည်း ရေတံခွန်လေးတစ်ခု ရှိနေသည့်အပြင် တသီးတခြားနေရာတစ်ခု ဖြစ်နေသောကြောင့် တိတ်တဆိတ် နေထိုင်ရန် သင့်တော်သော နေရာကောင်းလေး ဖြစ်သည်။ နေဝင်ချိန်မြင်ကွင်းကို မြင်ရမည်ဖြစ်ပြီး အော်မေ့တောင်ပတ်ဝန်းကျင်၏ အလှကို မြင်ရနိုင်သည်။
ရှောင်လုံတစ်ယောက် တောင်ကလပ်ပေါ်သို့ ခြေချလိုက်သည်နှင့် သူ့ကျောရိုးထဲ စိမ့်ကနဲ ငြိမ့်ကနဲ နွေးကနဲ ဖြစ်သွားသည်။ တစ်ခါမှ မဖြစ်ဖူးသော ခံစားချက်တစ်ခုက သူစိတ်ထဲ ဖြစ်ပေါ်လာခဲ့သည်။
‘ဒီနေရာက…’
ရှောင်လုံတစ်ယောက် တွေးရင်း လှည့်ပတ်ကြည့်နေစဉ်မှာပင် နှင်းပန်းက တောင်ကလပ်အစွန်နားက ခပ်မို့မို့ဖြစ်နေသော နေရာသို့ သွားကာ ဒူးထောက်ချလိုက်သည်။
ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံက သူ့မမထံတွင် ရောက်နေသော်လည်း အခြားတစ်နေရာတွင် ရှိနေသော မြေသားမို့မို့နှစ်ခုကိုလည်း အာရုံခံမိနေသည်။
ရှောင်လုံ၏ ခြေလှမ်းများ ရုတ်တရက် တုံ့ကနဲ ရပ်သွားသည်။ မည်သို့ဖြစ်မှန်းမသိဘဲ သူ့ခြေထောက်များက ဆက်လှမ်း၍မရဘဲ ထိုနေရာ၌ ကျောက်ချထားသလို ခိုင်နေခဲ့သည်။ ခုနက စိတ်ထဲ ကိန်းအောင်းလာသော ခံစားချက်က ရုတ်တရက်ကြီး ကြီးထွားလာပြီး ရင်ဝင်တွင် ဆို့နစ်လာခဲ့သည်။
“ဘွားဘွားကို မြေး ကန်တော့ပါတယ်။ အဟင့် ရွှတ်…”
ရှောင်လုံက သု့မမ၏ တီးတိုးရေရွတ်သံနှင့် ငိုရှိုက်သံကိုလည်း ကြားသည်။ ပခုံးလေးနှစ်ဖက်နှင့် ကျောပြင်လေး သိမ့်ကနဲသိမ့်ကနဲ လှုပ်ခါနေသည်ကိုလည်း မြင်သည်။
သူ့မမ အလွန်ဝမ်းနည်းစွာ ငိုနေသည်။ သူ့မမ ထိုမျှအထိ ဝမ်းနည်းပူဆွေး၍ ငိုနေသည်မျိုး သူ မမြင်ဖူးပါ။
ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံကလည်း မြေပုံမို့မို့ကို ဖောက်ထွင်း၍ မြေအောက်ထဲအထိ အာရုံခံမိလိုက်သည်။
အရိုးစုတစ်ခု။ ဟုတ်သည် ထိုမြေမို့မို့အောက်ထဲတွင် လူအရိုးစုတစ်ခု ရှိနေသည်။ သူ့မမကလည်း ဘွားဘွားဟု တီးတိုးခေါ်၍ ငိုနေသည်။
ဘွားဘွား…။ လီရှန်းမြို့တွင် လှေစီးရင်း သူ့မမ ပြောပြခဲ့သော ဘွားဘွားဆိုသူပင် ဖြစ်ပေလိမ့်မည်။
ရှောင်လုံ၏ စိတ်ဝိညာဉ်အာရုံက အခြားတစ်ဖက်က မြေသားမို့မို့လေးနှစ်ခုအောက်ထဲသို့ အာရုံခံကြည့်မိလိုက်ပြန်သည်။
အရိုးစု နှစ်ခု…။
ထိုအရိုးစုနှစ်ခုကို မြင်လိုက်သည်နှင့် ရှောင်လုံ၏ နှလုံးအိမ်ထဲ အေးစိမ့်သွားသည်။ နှလုံးအိမ်ကို အေးစက်နေသော လက်ဖြင့် ဆုပ်ညှစ်ခံလိုက်ရသလို အေးစိမ့်ကာ နာကျင်သွားသည်။ ခြေလက်များ တုန်လာသည်။ ခုနက လှုပ်မရဘဲ တောင့်ခိုင်နေသော ခြေအစုံက လှုပ်လာသည်။ တစ်လှမ်းချင်း လှမ်းရင်း ထိုမြေကုန်းမို့မို့လေးနှစ်ခု ရှိရာသို့ သွားနေမိသည်။
နံပါတ်တစ်တည်းခိုခန်း၌ ညအိပ်တည်းခိုစဉ်က အိပ်မက်ထဲတွင် မြင်မက်ခဲ့သော အမျိုးသားနှင့် အမျိုးသမီးကို ရုတ်တရက်ကြီး မြင်ယောင်လာသည်။
‘သူ… သူတို့လား…၊ အဲဒါ သူတို့လား…’
ရှောင်လုံမှာ တွေးရင်း တစ်လှမ်းချင်း တရွေ့ရွေ့လျှောက်နေမိသည်။ မျက်နှာဖုံးအောက်က သူ့မျက်လုံးများတွင်လည်း မည်သည့်အချိန်က ကျနေမှန်းမသိသော မျက်ရည်များ ကျဆင်းနေခဲ့သည်။ ရင်ဘတ်တစ်ခုလုံး အေးစက်ဆို့နစ်လျက် အလွန်နာကျင်နေခဲ့သည်။ အထူးသဖြင့် နှလုံးအိမ်ထဲက အလွန်အားကောင်းသော အအေးဓာတ်တစ်ခုက နိုးထချင်သလို ရုန်းကန်လာသည်။
“အင့်…”
ထိုအအေးဓာတ် ရုန်းကန်လာသည်နှင့် ရှောင်လုံတစ်ယောက် နာကျင်စွာ ညည်းညူလိုက်ရသည်။
“ဒါက…”
ဘေးမှ ရပ်ကြည့်နေသော ရသေ့ကြီးမှာလည်း ရှောင်လုံထံမှ ရုတ်တရက် ထွက်လာသော အအေးဓာတ်အရှိန်ဝါကို ခံစားမိခဲ့သည်။ ထိုအအေးဓာတ်ကို ရသေ့ကြီးက ကောင်းစွာ သိသည်။ ရှောင်လုံ မိခင်ဝမ်းထဲ ရှိနေစဉ်က ဖြစ်ပေါ်နေခဲ့သော အအေးဓာတ် ဖြစ်သည်။ ရသေ့ကြီးကိုယ်တိုင် ထိုအအေးဓာတ်ကို ထိန်းချုပ်ပေးခဲ့ရသည်။ မတော်တဆမှုကြီးကြောင့် ထိုအအေးဓာတ် ပေါက်ကွဲထွက်လာပြီး ရှန်းမေကို ရေခဲရုပ်သဖွယ် အေးခဲသွားစေခဲ့သည်ကိုလည်း သိသည်။ လွန်ခဲ့သော လေးနှစ်ကျော် ငါးနှစ်ခန့်က ရှောင်လုံထံတွင် ထိုအအေးဓာတ် ပြန်ထွက်ပေါ်လာခဲ့သေးသည်။ ရသေ့ကြီးက အသက်နှင့်ရင်း၍ ပြန်ထိန်းချုပ်ပေးခဲ့သည့်တိုင် မထိန်းချုပ်နိုင် ဖြစ်ခဲ့ရပြီး တန်ပြန်သက်ရောက်မှုကြောင့် ရသေ့ကြီးကိုယ်တိုင်ပင် သေမလို ဖြစ်ခဲ့ရသည်။
ယခု ထိုအအေးဓာတ်အရှိန်ဝါက ရုတ်တရက် ပြန်ထွက်ပေါ်လာသည်။
ရသေ့ကြီးလည်း ထိတ်လန့်လျက်မှ ရှောင်လုံအနားသို့ သွားလိုက်သည်။
“လူလေး…၊ ဘိုးဘိုး ရှိတယ်နော်။ အများကြီး မတွေးနဲ့။ ဟုတ်တယ်။ သူတို့က လူလေးရဲ့ ဖေဖေနဲ့ မေမေပဲ။ သူတို့နဲ့ တွေ့ရအောင်လို့ ဘိုးဘိုး ခေါ်လာပေးတာ။ ကန်တော့လိုက်နော်…”
ရသေ့ကြီးက ရှောင်လုံ စိတ်တည်ငြိမ်အောင် အတွေးမလွန်အောင် ပြောပြနေသော်လည်း ရှောင်လုံက မည်သည့်စကားမှ ပြန်မပြောဘဲ မြေပုံနှစ်ခုရှေ့တွင် ကျောက်ရုပ်လို ရပ်နေခဲ့သည်။ အေးစိမ့်သော အငွေ့သက်များကလည်း ဆက်၍ ထွက်ပေါ်နေသည်။
ရှောင်လုံမှာ ရသေ့ကြီးထင်သလို အတွေးများနေခြင်းလည်း မဟုတ်သလို အတွေးလွန်နေခြင်းလည်း မဟုတ်ပေ။ ရှောင်လုံ၏ နှလုံးသွေးများက ကြောက်စရာကောင်းလောက်အောင် နက်နက်ရှိုင်းရှိုင်း ခံစားနေရခြင်းသာ ဖြစ်သည်။ ရှောင်လုံ၏ အတွင်းစိတ် အနက်ရှိုင်းဆုံးအပိုင်းတွင် တစ်ခါမှ မဖြစ်ပေါ်ဖူးသော ခံစားချက်တစ်ခုက ရှင်သန်နိုးထလာခဲ့သည်။ ထိုခံစားချက်နှင့်အတူ သူ့ နှလုံးအိမ်ထဲ အိပ်စက်နေသော အအေးဓာတ်တစ်ခုကလည်း နိုးထရန် ရုန်းကန်နေခဲ့သည်။
ရသေ့ကြီး မပြောပြခင်ကတည်း ထိုအရိုးစုနှစ်ခုမှာ သူ့ ဖေဖေနှင့် သူ့မေမေ၏ အရိုးစုမှန်း သိနေခဲ့သည်။ သူ၏ ခံစားမှုဖြင့် အလိုလို သိနေပြီး အိပ်မက်ထဲတွင် မြင်မက်ခဲ့သော ခန့်ညားတည်ကြည်သော ယောကျ်ားနှင့် နူးညံ့သိမ်မွေ့သော မိန်းမလှ စုံတွဲကို မြင်ယောင်နေခဲ့သည်။ ထိုအမျိုးသားနှင့် အမျိုးသမီးက ရှောင်လုံကို သူတို့၏ ကလေးဟု ခေါ်နေခဲ့သည် မဟုတ်ပါလား။
‘ဖေဖေ…၊ မေမေ…’
အိပ်မက်ထဲတွင် ခေါ်မထွက်ခဲ့သော စကားလုံးများက ရှောင်လုံ၏ စိတ်ထဲ မိုးကြိုးမုန်တိုင်းလို မြညိဟိန်းပေါက်ကွဲ နေသည်။ သို့သော် ပါးစပ်ကတော့ အသံမထွက်ပါ။ ပါးစပ်က အသံထွက်ရန်လည်း မလိုပါ။ သူ၏ ခံစားချက်နဲ့ စိတ်ဝိညာဉ်မှ ခေါ်နေသံက ပါးစပ်က ပြောနေသံထက် ပိုကျယ်လောင်ပြီး ပိုနက်ရှိုင်းသည်။
ရှောင်လုံက စိတ်ဝိညာဉ်ထဲမှ ခေါ်ရင်း ဒူးထောက်ချလိုက်သည်။ ထို့နောက် နဖူးနှင့် မြေကြီးကို တိုက်၍ ကန်တော့သည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ် ကန်တော့ပြီးနောက် ဒူးထောက်လျက် ငြိမ်သွားသည်။
‘ဖေဖေ…၊ မေမေ…၊ သားနာမည်က ရှောင်လုံပါ။ သားနာမည်က ရှောင်လုံပါ။ ကျားလိုနဂါးလို သန်မာစေချင်လို့ ဘိုးဘိုးက နာမည်ရွေးပေးထားတာပါ။ နာမည်က ကောင်းတယ် မဟုတ်လားဟင်။ သားက တစ်ကယ်လည်း သန်မာတယ်။ အရမ်းလည်း နေကောင်းတယ်။ တစ်ခါမှ နေမကောင်း မဖြစ်ဖူးဘူး။ ဟီးဟီး…၊ အများကြီးလည်း စားနိုင်တယ်။ ဒါကြောင့် သားကို စိတ်မပူနဲ့နော်။ သား…၊ ဖေဖေနဲ့ မေမေ့ကို အရမ်းချစ်တယ်။ သား…၊ သား… ဖေဖေနဲ့ မေမေ့ကို အရမ်းချစ်တယ်။ အိ…အင့်…’
ရှောင်လုံတစ်ယောက် မလှုပ်မယှက် ဒူးထောက်ငြိမ်သက်လျက်မှ အိပ်မက်ထဲတွင် မြင်ခဲ့ဖူးသော သူ့ဖေဖေနှင့် သူ့မေမေကို ပြန်အာရုံပြုကာ စကားများ ပြောနေခဲ့သည်။ အိပ်မက်ထဲတွင် ခံစားခဲ့ရသော သူ့အဖေနှင့် အမေထံမှ ချစ်ခြင်းတရားကို နက်နက်ရှိုင်းရှိုင်း ပြန်ခံစားနေသည်။
စကားပြောရင်း ခံစားရင်းက နှလုံးအိမ်ထဲ အလွန်အေးခဲနာကျင်လာသဖြင့် ဆက်မပြောနိုင်ဖြစ်ပြီး ညည်းညူနေခဲ့သည်။ ပြောချင်သော စကားများစွာ ရှိနေသော်လည်း ဆက်မပြောနိုင်ဘဲ ဆို့နစ်နေခဲ့သည်။
သူ့ဘဝတစ်လျှောက်လုံး အတွင်းစိတ်အနက်ပိုင်းထဲတွင် ကိန်းအောင်းနစ်မြုပ်နေသော မိဘမေတ္တာ ငတ်မွတ်မှုက ရှောင်လုံအတွက် မတွေးရဲခဲ့သော အကြောင်းရာ ဖြစ်သည်။ မမေးရဲခဲ့သော အကြောင်းရာလည်း ဖြစ်သည်။ ထို့ကြောင့်လည်း ကလေးဘဝတစ်လျှောက်လုံး သူ့အဖေနှင့် သူ့အမေအကြောင်းကို တစ်ခါမှ မမေးခဲ့သလို တစ်ခါမှလည်း မတွေးခဲ့ပေ။ မိဘမေတ္တာကို မသိချင်၍လည်း မဟုတ်သလို မေ့နေ၍ လည်း မဟုတ်ပေ။ မတွေးရဲ မမေးရဲ၍ ဖြစ်သည်။ သူ့တွင် မိဘမရှိဟူသော အဖြေမျိုး ပြန်ကြားရမှာကို ကြောက်၍ ဖြစ်သည်။
အခုတော့ သူ့မိဘ၏ မြေပုံရှေ့၌ ဒူးထောက်နေခဲ့ရလေပြီ။ သူ ကလေးလေးဘဝကတည်းက ကြောက်ခဲ့သော အကြောက်တရားနှင့် မျက်နှာချင်းဆိုင်နေရလေပြီး။ သူ့မိဘနှစ်ပါးက ဤလောကကြီး၌ မရှိနေတော့ပေ။
ရှောင်လုံထံမှ အေးစိမ့်သော အငွေ့အသက်များ ပိုအားကောင်းလာခဲ့သည်။ ညည်းညူသံနှင့်အတူ ကြေးမျက်နှာဖုံးအောက်မှ သွေးများ စီးကျလာသည်။ ရှောင်လုံတစ်ယောက် နာကျင်ခံစားရလွန်း၍ သွေးအန်နေသည်။ ကြေးမျက် မျက်နှာဖုံးအောက်မှ ရှောင်လုံ၏ မျက်နှာကလည်း အေးစက်ဖွေးဆွတ်နေခဲ့သည်။
နှလုံးအိမ်ထဲက အအေးဓာတ်ကြီးက အရှိန်အဟုန်နှင့် ရုန်းကန်နေပြီး ပေါက်ကွဲထွက်လာတော့မတတ် ဖြစ်လာသည်။
ထိုအအေးဓာတ်အရှိန်အဝါကို ဟူယုံတို့နှင့် လန်မင်တို့လည်း ခံစားမိကြသည်။ သူတို့၏ မျက်လုံးများထဲတွင် အန္တရာယ်ကို အာရုံခံမိသော အရိပ်အယောင်များ ထင်ဟပ်လာပြီး စိုးရိမ်ရိပ်များလည်း ပေါ်လာသည်။ အားလုံးက ရှောင်လုံကို ထိတ်လန့်စိုးရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
ထိုစဉ် နှင်းပန်းက ရှောင်လုံထံ ပြေးလာသည်။
~~မောင်လေး…~~
နှင်းပန်းက သူ့မောင်လေး၏ စိတ်ထဲက နာကျင်မှု၊ ဝမ်းနည်းမှုနှင့် အေးစက်နေမှုတို့ကို ခံစားမိနေခဲ့သည်။ ထို့ကြောင့် သူ့မောင်လေးကို တစ်ယောက်တည်း လွှတ်မထားနိုင်တော့ဘဲ ပြေးလာပြီး ရှောင်လုံဘေးတွင် အတူတူ ဒူးထောက်၍ ရှောင်လုံကို သိုင်းဖက်ထားလိုက်သည်။
~~မောင်လေး~~
ရှောင်လုံကို ဖက်ထားပေးသော နှင်းပန်း၏ လက်မှာ တွန့်ကနဲ ဖြစ်သည်။ သူ့မောင်လေး၏ ခန္ဓာကိုယ်က ပူနွေးမနေဘဲ အေးစက်တောင့်တင်းနေ၍ ဖြစ်သည်။ သို့ဖြစ်၍ နှင်းပန်းက သူ့မောင်လေးကို နွေးထွေးအောင် တိုး၍ ဖက်ထားပေးလိုက်သည်။ အေးစက်မှုကြောင့် သူမ၏ လက်များ ခံရခက်နေသည့်တိုင် သူမက တိုး၍ ဖက်ထားသည်။ ဖက်ထားရင်းက ရှောင်လုံ၏ လက်မောင်းကို တဖွဖွ ပွတ်သပ်ပေးသည်။ ကလေးတစ်ယောက်ကို ချော့သိမ့်နေသလိုမျိုး ချော့နေခဲ့သည်။ သူ၏ ရင်ထဲတွင် သူ့မောင်လေးကို ချစ်ခြင်းများနှင့် ပြည့်နေပြီး စိုးရိမ်လည်း စိုးရိမ်နေသည်။
~~မောင်လေး…၊ မမ ရှိတယ်။ မောင်လေးနားမှာ မမ ရှိတယ်နော်။ ဖေဖေရဲ့ နာမည်က ရှောင်ပိုင်ချွမ်းတဲ့။ တည်ကြည်ခန့်ညားပြီး ရဲရင့်တဲ့ ယောကျ်ားတစ်ယောက်ပေါ့။ ဖေဖေက မေမေ့ကိုလည်း အရမ်းချစ်တယ်။ မောင်လေးကိုလည်း အရမ်းချစ်တယ်။ ဖေဖေ့အတွက် မေမေနဲ့ မောင်လေးက အရာအားလုံးထက် အရေးကြီးခဲ့တယ်။ အရာအားလုံးထက်လည်း တန်ဖိုးထားခဲ့တယ်~~
နှင်းပန်းက သူမ မှတ်မိသမျှ ဦးလေးရှောင်ပိုင်ချွမ်းနှင့် ဒေါ်လေးရှန်းမေတို့၏ ပုံရိပ်များကို ပြန်တွေးရင်း လျှို့ဝှက်အသံဖြင့် ပြောပြနေခဲ့သည်။ ဦးလေးရှောင်ပိုင်ချွမ်းနှင့် ဒေါ်လေးရှန်းမေက မောင်လေး၏ အဖေနှင့်အမေ ဖြစ်၍ သူမ၏ အဖေနှင့်အမေဟုပင် စိတ်ထဲ ထားလိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် ထိုမျှ ချစ်ခင်ကြင်နာကြသော တည်ကြည်ရိုးသားကြသော ဇနီးမောင်နှံကို အဖေ အမေဟု ခေါ်ရသည့်အတွက်လည်း နှင်းပန်းက သဘောကျသည်။ သူမသည်လည်း အဖေနှင့်အမေကို မမြင်ခဲ့ဖူးပေ။ မခေါ်ခဲ့ဖူးပေ။ ထို့ကြောင့် သူ့မောင်လေး၏ အဖေနှင့် အမေကို သူမ၏ အဖေနှင့်အမေဟုပင် စိတ်ထား၍ ခေါ်ပြောလိုက်သည်။
~~မေမေကလည်း ဖေဖေ့ကို အရမ်းချစ်တယ်။ ဖေဖေ့ကို ကြည့်တဲ့ မေ့မေ့ရဲ့ မျက်လုံးထဲမှာ ဖေဖေ့ကို အရမ်းယုံကြည်ပြီး အရမ်းအားကိုတဲ့ ချစ်ခြင်းတွေနဲ့ ပြည့်နေတတ်တယ်။ မေမေက မောင်လေးကိုလည်း အရမ်းချစ်တယ်။ မေမေ့နာမည်က ရှန်းမေတဲ့။ နာမည်ကတင် နူးညံ့သိမ်မွေ့ပြီး လှတာ မဟုတ်ဘူး။ လူကလည်း တကယ်ကို နူးညံ့သိမ်မွေ့ပြီး လှတယ်။ မမတွေ့ဖူးသမျှ အမျိုးသမီးတွေထဲမှာ မေမေက အလှဆုံးပဲ။ ဖေဖေကလည်း အခန့်ညားဆုံးပဲ~~
နှင်းပန်းက တတွတ်တွတ် ပြောပြရင်း အေးစက်တောင့်တင်းနေသော သူ့မောင်လေးကို တင်းတင်းဖက်ထားသည်။
ထိုစဉ်
“ဟင်း…”
ရှောင်လုံထံမှ အသက်ရှူသံကြီးတစ်ချက် ရှူးကနဲ ထွက်လာပြီး ငြိမ်သက်တောင့်တင်းနေရာမှ လှုပ်ရှားလာသည်။
“ရှောင်ပိုင်ချွမ်း…၊ ရှန်းမေ…”
ရှောင်လုံထံမှ တီးတိုးရေရွတ်သံလည်း ထွက်သည်။
“ဟုတ်တယ်။ ဖေဖေ့နာမည်က ရှောင်ပိုင်ချွမ်း…၊ မေမေ့နာမည်က ရှန်းမေ…”
နှင်းပန်းလည်း သူ့မောင်လေး လှုပ်ရှားလာပြီး စကားပြောလာသဖြင့် စိတ်သက်သာရာ ရသွားသည်။ သို့သော် စိတ်တော့ မအေးရသေးပါ။ အဘယ်ကြောင့်ဆိုသော် ရှောင်လုံ၏ ခန္ဓာကိုယ်က အေးစက်နေတုန်းပင် ရှိသေး၍ ဖြစ်သည်။
ရှောင်လုံက စကားဆက်မပြောတော့ဘဲ ပြန်တိတ်ဆိတ်သွားသည်။ ထို့နောက်တွင် ပို၍ ခက်ထန်ကြမ်းတမ်းသော အအေးဓာတ်ကြီး ထွက်ပေါ်လာသည်။ သူ့အဖေ၏ အရိုးစုပေါ်က ဒဏ်ရာများကို မြင်ခဲ့၍ ဖြစ်သည်။ တချို့အရိုးများက ပြတ်တောက်နေခဲ့သည်လေ။
“ဘယ်သူလဲ…၊ အဲဒါ ဘယ်သူတွေလဲ…”
ရှောင်လုံက ရုတ်တရက် အေးစက်စွာ မေးလိုက်သည်။
ရှောင်လုံ၏ စကားလုံးများနှင့်အတူ ပါလာသော အေးစက်မှုက တကယ်ကို ကြမ်းတမ်းလွန်းသည်။ စကားသံကို ကြားလိုက်ရခိုက်မှာပင် သွေးများ အေးခဲတုံ့ဆိုင်းသွားသလို ခံစားရသည်။
အလွန်ရုန့်ရင်းကြမ်းတမ်းသော အအေးဓာတ်ကြီးတစ်ခုက ရှောင်လုံကို ဗဟိုပြု၍ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်လေထုပင် ရုတ်တရက် အေးစက်သွားသည်။
ဟူယုံတို့နှင့် လန်မင်တို့ လူငယ်များမှာ အလိုလို နောက်ဆုတ်သွားကြသည်။ သူတို့၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ထင်ဟပ်နေခဲ့သည်။
ဟူယုံတို့က ရှောင်လုံကို မမြင်ဖူးသလို ကြည့်နေကြသည်။ သူတို့က သူတို့ကိုယ်ထဲမှ ဗီဇသွေးမျိုးဆက်အာရုံခံစားမှုအသိဖြင့် ရှောင်လုံကို ရင်းနှီးနေကြသည်။ ဆက်နွယ်မှုကိုလည်း ခံစား၍ ရသည်။ သို့သော် ယခုတော့ ထိုဆက်နွယ်မှုက ရုတ်တရက် ပျောက်သွားသည်။ သူတို့နှင့် ရှောင်လုံကြား ဆက်နွယ်ရင်းနှီးနေသော သွေးစွမ်းအားအငွေ့အသက်က ထိုအအေးဓာတ်ကြီး ထွက်ပေါ်လာချိန်တွင် ပျောက်ကွယ်သွားခဲ့သည်။ လုံးဝ အေးခဲသွားသလိုပင်။
‘ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အအေးဓာတ်ကြီးလဲ…’
နှင်းပန်းမှာလည်း တုန်နေရှာ၏။ အအေးဓာတ်က ကြမ်းတမ်းလွန်း၍ သူမ လက်များ အေးစက်သွားပြီး တစ်ကိုယ်လုံး တုန်နေသည်။ သို့တိုင် သူမက ရှောင်လုံကို လွှတ်မပေးဘဲ ဖက်ထားပေးသည်။ ပို၍ ဖက်ထားပေးသည်။
~~မောင်…မောင်လေး၊ မမ… မမ ရှိတယ်နော်~~
နှင်းပန်း၏ အသံကိုကြားလိုက်မှ ရှောင်လုံထံမှ ပေါက်ကွဲထွက်လာသော ရုန့်ရင်းကြမ်းတမ်းသော အအေးဓာတ်ကြီးက ပြန်တည်ငြိမ်သွားသည်။
“ဘယ်သူတွေလဲ…၊ အဲဒါကို ဘယ်သူတွေ လုပ်ခဲ့တာလဲ…”
ရှောင်လုံက အေးစက်စွာ ထပ်မေးသည်။
ရသေ့ကြီးက ရှောင်လုံ ဘာကို မေးနေမှန်းရိပ်မိသွားပြီး ပြောလိုက်သည်။
~~လူလေးသိချင်တာကို ဘိုးဘိုး ပြောပြမယ်။ အရင်ဆုံး လူလေးစိတ်ကို ထိန်းပါ။ လူလေးမမ အေးခဲနေပြီ~~
ရသေ့ကြီး၏ စကားကြောင့် ရှောင်လုံက သူ့မမကို ကြည့်သည်။
မမ…။
သူ့အတွက် အရေးကြီးဆုံးနှင့် အချစ်ရဆုံး ဖြစ်သော သူ့မမက သူ့ကို တင်းတင်းဖက်ထားရင်း အေးစက်ကာ တုန်နေသည်ကို မြင်လျှင် ရှောင်လုံ၏ စိတ်များ မအေးစက်နိုင်တော့ပေ။ မခက်ထန်နိုင်တော့ပေ။ နှလုံးအိမ်ထဲက ခက်ထန်ကြမ်းတမ်းနေသော အအေးဓာတ်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။ ထိုအစား အေးမြအတွင်းအားက အစားထိုးနေရာယူသွားသည်။ ရှောင်လုံထံမှ ထွက်ပေါ်နေသော ရုန့်ရင်းကြမ်းတမ်းသော အအေးဓာတ်အရှိန်ဝါများလည်း ပျောက်ကွယ်သွားခဲ့သည်။
ပတ်ဝန်းကျင်လေထုထဲ ပျံ့နှံ့နေသော အအေးဓာတ်လည်း ပျောက်ကွယ်သွားသည်။
‘ပုံမှန် ပြန်ဖြစ်သွားပြီ…’
ဟူယုံက တွေးရင်း သူ့အဖော်များကို ကြည့်ကာ ခေါင်းညိတ်ပြသည်။ သူတို့အားလုံး စိတ်သက်သာရာရသလို ခံစားနေရသည်။ ခုနက ပျောက်ကွယ်သွားသော ဗီဇသွေးမျိုးဆက်စွမ်းအား ဆက်နွယ်ရင်းနှီးမှုကိုလည်း ပြန်အာရုံခံမိလာသည်။
လန်မင်တို့ကလည်း ယခုမှ ရှောင်လုံကို သူတို့သိသော သူတို့၏ ကျေးဇူးရှင်ဟူသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
~~မမ~~
ရှောင်လုံက သူ့မမကို ကြင်နာစွာ ခေါ်ရင်း သူ့မမ၏ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ အေးမြအတွင်းအားကို စီးဆင်းစေလိုက်သည်။
အေးမြသန့်စင်သော အတွင်းအားများ နှင်းပန်းထံ စီးဆင်းသွားပြီးနောက် မကြာခင်မှာပင် နှင်းပန်းလည်း ပြန်တည်ငြိမ်လာသည်။ အေးစက်တုန်ခါနေမှုများ သက်သာပျောက်ကင်းသွားသည်။
~~မမ…~~
~~အင်း…၊ မောင်လေး…၊ မမ မောင်လေးနဲ့အတူ ရှိတယ်နော်~~
ရှောင်လုံ၏ နှလုံးသားထဲအထိ နွေးထွေးသွားသည်။ နူးညံ့သွားသည်။
ရှောင်လုံက အသာခေါင်းညိတ်လိုက်သည်။
~~ဟုတ်ကဲ့ မမ~~
ရှောင်လုံက သူ့မမလက်ကို ဆွဲ၍ အတူတူ ထရပ်လိုက်ပြီး မြေပုံကို ထပ်အရိုအသေပေးသည်။
နှင်းပန်းကလည်း ရှောင်လုံနှင့်အတူ အရိုသေပေးသည်။
ရသေ့ကြီးက ဘေးတွင် ရပ်လျက် ရှောင်ပိုင်ချွမ်းနှင့် ရှန်းမေတို့၏ မြေပုံကို တွေတွေကြီး ကြည့်နေခဲ့သည်။ ရသေ့ကြီး၏ မျက်လုံးများက တစ်ချက်တစ်ချက် ဝေဝါးသွားလိုက် ပြန်ကြည်လင်လိုက် ဖြစ်နေသည်။ သူ၏ စိတ်အာရုံကလည်း လွန်ခဲ့သော ဆယ့်ငါးနှစ်က အဖြစ်အပျက်များထံ ပြန်ရောက်သွားသည်။
အဖြစ်အပျက်များက ကြာခဲ့ပြီ ဖြစ်၍ တချို့အဖြစ်အပျက်များက ဝေဝါးမေ့ပျောက်ကုန်လေပြီ။ သို့သော်လည်း တချို့အဖြစ်အပျက်များက မနေ့တစ်နေ့ကလိုပင် ထင်ရှားနေသေးသည်။ နာကျင်ခံစားနေရသေးသည်။ ဝမ်းနည်းပူဆွေးနေရသေးသည်။ အထူးသဖြင့် နောက်ဆုံးထွက်သက်တွင် ကြည့်ခဲ့သော ရှန်းမေ၏ မျက်လုံးများကို ရသေ့ကြီးတစ်ယောက် မမေ့နိုင်ခဲ့ပေ။
ရသေ့ကြီးလည်း သက်ပြင်းရှည်ကြီးကို လေးလံစွာ ချရင်း စိတ်ထဲ ဆို့နစ်ဝမ်းနည်းလာမှုကို ဖြေရသည်။
ထို့နောက် ရှောင်လုံကို တစ်ချက်ကြည့်ပြီး ကောင်းကင်ပေါ်က လမင်းကြီးကို မော့ကြည့်သည်။ အနှစ်နှစ်အလလ ကြာသည့်တိုင် မပြောပြနိုင်ခဲ့သော ထိုအတိတ်အဖြစ်အပျက်များက ရသေ့ကြီး၏ စိတ်ထဲတွင် အလွန်လေးလံနေခဲ့သည်။
အခု ထိုအထုပ်အပိုးကြီးကို လွှတ်ချချိန် ရောက်လာခဲ့လေပြီ။ ပြောသင့်သော အချိန်ကိုလည်း ရောက်လာခဲ့ပြီ ဖြစ်သလို ရှောင်မျိုးဆက်ကလည်း အရွယ်ရောက်လာခဲ့ပြီး မဟုတ်ပါလား။
~~အဲဒီတုန်းက အဖြစ်အပျက်တွေကတော့ ဘိုးဘိုး ပြောပြပါ့မယ်~~
ရသေ့ကြီးက သူ့ထံသို့ ရှောင်မျိုးဆက်ဖြစ်သော ရှောင်ပိုင်ချွမ်းဟူသော လူရွယ်တစ်ယောက် ရောက်လာပြီး ဖိတ်ခေါ်သည်မှစ၍ အတိတ်က အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။
ရှောင်မျိုးဆက်နှင့် ခွန်လွန်ဂိုဏ်းကြားက ကျေးဇူးတရားများနှင့် အကြောင်းတရား ဆက်နွယ်နေမှုများ၊ ကွမ်ကျိူးမြို့ ရှောင်ဂေဟာသို့ လိုက်လာခဲ့ရသည်များ၊ ရှန်းမေ၏ ထူးဆန်းသော ရောဂါအခြေနေနှင့် သန္ဓေသားအခြေနေကြောင့် ရေမြေဒေသပတ်ဝန်းကျင်ကောင်းတွင် ကုသနိုင်ရန် ကွမ်ကျိုးမြို့မှ အော်မေ့တောင်သို့ ခရီးရှည်ကြီး ထွက်လာခဲ့ကြသည်များ၊ လမ်းခရီးတစ်လျှောက် အဖြစ်အပျက်များ၊ လီရှန်းမြို့တွင် နဂါးစိမ်းဂိုဏ်းသားများနှင့် ပဋိပက္ခ ဖြစ်ခဲ့ရသည်များ၊ ထိုပဋိပက္ခက သေးရာမှ ကြီးလာပြီး နဂါးစိမ်းဂိုဏ်းလီရှန်းမြို့ဌာနခွဲက မြစ်အကူးတွင် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်များ၊ ထိုတိုက်ခိုက်မှု၌ ဦးလေးဖန်းက အသက်ပေး၍ ရှန်းမေကို ကာကွယ်ပေးခဲ့ပုံနှင့် ထို့နောက် အော်မေ့တောင်သို့ ရောက်လာခဲ့ပြီး ဆေးကုပေးခဲ့သည်များ၊ ဆေးကုသမှု အောင်မြင်၍ ရှန်းမေနှင့် ဗိုက်ထဲက ကလေးကို ကယ်တင်နိုင်ခဲ့သည်များ၊ အားလုံး ဝမ်းသာပျော်ရွှင်ခဲ့ရသည်များ၊ သို့သော်လည်း မမျှော်လင့်ဘဲ အော်မေ့ဂိုဏ်း၏ ပြဿနာထဲတွင် ကြားညှပ်ပြီး အော်မေ့ရသေ့မများ၏ အထင်လွဲမှုမှတစ်ဆင့် တိုက်ကြခိုက်ကြသည်အထိ ဖြစ်ကုန်သည်များ၊ အော်မေ့ ရသေ့မများ၏ စုပေါင်းဓားကွက်အောက်တွင် ရှောင်ပိုင်ချွမ်း အသက်ဆုံးရှုံးခဲ့ရပြီး ရှန်းမေလည်း ထိုစိတ်ဖြင့် ထိန်းချုပ်ထားသော အအေးဓာတ်များ ပြန်ပေါက်ကွဲထွက်ပြီး ရေခဲရုပ်လို ပြောင်းလဲသွားခဲ့သည်များ၊ စာကြည့်ဆောင်မှူး၏ အကူညီဖြင့် ရှန်းမေကို ခဏတာ ပြန်ကယ်ဆယ်ထားနိုင်ခဲ့ပြီး ကလေးမွေးဖွားနိုင်အောင် လုပ်ခဲ့ရသည်များ၊ ကလေးမွေးပြီးနောက် ရှန်းမေလည်း ကွယ်လွန်သွားခဲ့ရပုံနှင့် အော်မေ့ဂိုဏ်းကို နဂါးစိမ်းဂိုဏ်းက လုပ်ကြံတိုက်ခိုက်သိမ်းပိုက်ခဲ့ပုံများ၊ ကလေးနှစ်ယောက်ကို ခေါ်၍ အင်ပါယာအနောက်မြောက်ဖျားက နယ်စပ်မြို့လေးအထိ ထွက်ခွာပြီး ရှောင်လုံနှင့် နှင်းပန်းတို့ကို ပြုစုပျိုးထောင်ပေးခဲ့ရသည်များ၊ ရှောင်လုံ သိတတ်နားလည် မှတ်မိသည့် အဖြစ်အပျက်များအထိ အားလုံးကို ပြောပြလိုက်လေ၏။
ထိုသို့ပြောပြပြီးနောက် ရသေ့ကြီး၏ စိတ်လည်း ပေါ့ပါးသွားခဲ့သည်။ နှစ်ပေါင်းများစွာ သိမ်းဆည်းထားရသော အဖြစ်အပျက်တစ်ခုကို သက်ဆိုင်သူအား ပြောပြလိုက်နိုင်ခဲ့လေပြီ။
တောင်ကလပ်တစ်ခုလုံး တိတ်ဆိတ်နေ၏။ မည်သူမှ မလှုပ်ရှားသလို မည်သူမှလည်း စကားမပြောကြပေ။
“ပေါက် ပေါက်…”
ရှောင်လုံ၏ မျက်နှာဖုံးအောက်မှ မျက်ရည်စက်များ မြက်ခင်းပြင်ပေါ်သို့ တပေါက်ပေါက် ကျဆင်းသံတစ်ခုသာ ထွက်ပေါ်နေခဲ့သည်။
ကောင်းကင်ပေါ်မှ လမင်းကြီးသည်လည်း ဝမ်းနည်း၍လောမသိ တိမ်မျှင်တချို့ကြား တိုးဝင်သွားခဲ့လေ၏။
အခန်း(၃၆၉)ပြီး
***