ရှောင်လုံတစ်ယောက် သူ့အဘိုး ပြောပြသော အတိတ်က အဖြစ်အပျက်များကို နားထောင်ပြီးနောက် တိတ်ဆိတ်စွာ မျက်ရည်ကျနေခဲ့သည်။
သူ့အဖေက အော်မေ့ဂိုဏ်းမှ ရသေ့မများ၏ စုပေါင်းသိုင်းကွက်အောက်၌ သေဆုံးခဲ့ရသည်လော။ သူ့အမေကလည်း သူ့အဖေ သေဆုံးမှုကြောင့် စိတ်ထိခိုက်ပြီး သူ့ကို မွေးဖွားပြီးနောက် သေဆုံးခဲ့ရသည်လော။
မည်သူ့ကို သွား၍ အပြစ်ဖို့ရပါမည်နည်း။ အော်မေ့ဂိုဏ်းရသေ့မများကို အပြစ်ဖို့ရပါမည်လော။ ကလဲ့စားချေရမည်လော။ ထိုရသေ့မများကလည်း သူတို့အမှားကို သူတို့သိပြီး အပျက်ဒဏ်ခံယူရင်း သေဆုံးခဲ့လေပြီ။ အော်မေ့ဂိုဏ်းကို အပြစ်တင်ရအောင်ကလည်း အော်မေ့ဂိုဏ်းက ပျက်စီးနေခဲ့လေပြီ။
“ဟူး…”
ရှောင်လုံ စိတ်ထဲ ပင်ပန်းစွာ သက်ပြင်းချသည်။
~~ဘိုးဘိုး…၊ သား ဖေဖေနဲ့ မေမေ့ကို အုတ်ဂူလုပ်ပေးပြီး ကမ္ပည်းစာ ရေးထိုးပေးချင်တယ်~~
~~အဲဒါကောင်းတယ်။ လူလေးက ရှောင်အိမ်ရဲ့ သားတစ်ယောက်အနေနဲ့ မိဘရဲ့ အရိုးကို စုဆောင်းပြီး အရိုးအိုးလုပ်ပေးတာပဲဖြစ်ဖြစ် အုတ်ဂူဆောက်ပေးပြီး ကမ္ပည်းစာ ရေထိုးပေးတာပဲဖြစ်ဖြစ် လုပ်တာ ကောင်းတယ်။ ဒါပေမဲ့ ဒီနေရာက အော်မေ့ဆောင်ဆိုပေမဲ့ လောလောဆယ်မှာ အော်မေ့ဂိုဏ်းက သူ့နယ်မြေကို ပြန်မယူနိုင်သေးဘူး။ နဂါးစိမ်းဂိုဏ်းရဲ့ နယ်မြေ ဖြစ်နေတုန်းပဲ။ ဒီနေရာမှာ အုတ်ဂူနဲ့ ကမ္ပည်းတိုင် လုပ်လိုက်ရင် နဂါးစိမ်းဂိုဏ်းက စူးစမ်းတာတွေ လုပ်လာနိုင်တယ်။ လူလေးရဲ့ မိဘတွေကို နဂါးစိမ်းဂိုဏ်းက မလေးမစား လုပ်နိုင်တယ်~~
ရသေ့ကြီး၏ စကားကို ကြားလျှင် ရှောင်လုံထံမှ အလွန်အေးစက်ခက်ထန်သော အငွေ့အသက်များ ထွက်လာသည်။
~~နဂါးစိမ်းဂိုဏ်းက သားမိဘတွေ အေးအေးချမ်းချမ်း လံလျောင်းနေတာကို လာနှောက်ယှက်ရင် မလေးမစားလုပ်ရင် နဂါးစိမ်းဂိုဏ်းကို ဖျက်ဆီးပစ်မယ်~~
ရသေ့ကြီးလည်း ရှောင်လုံထံ၏ ခက်ထန်သော စကားကို ကြားလျှင် သက်ပြင်းချသည်။
~~အိမ်း…၊ ဒါကြောင့် လူလေးရဲ့ မိဘတွေကို ဒီနေရာမှာပဲ အေးအေးချမ်းချမ်း အနားယူနေပါစေ။ ဒီနေရာလေးက လွတ်လပ်တိတ်ဆိတ်ပြီး အေးချမ်းတယ်။ နဂါးစိမ်းဂိုဏ်းကို ဖယ်ရှားပြီးတော့မှ ဒီနေရာမှာ အုတ်ဂူဆောက်ပေးတာပဲ ဖြစ်ဖြစ် အရိုးစုဆောင်းပြီး အရိုးအိုးလုပ်ပေးတာပဲဖြစ်ဖြစ် လုပ်တာ ကောင်းမယ်~~
ရသေ့ကြီး၏ စကားကြောင့် ရှောင်လုံလည်း စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။ အခုနေ အုတ်ဂူလုပ်နေဖို့လည်း အချိန် မရှိပေ။ ကမ္ပည်းတိုင် ရေထိုးပေးခဲ့လျှင်လည်း နဂါးစိမ်းဂိုဏ်းက စူးစမ်းနေပေလိမ့်မည်။ လတ်တလော အော်မေ့တောင်ပေါ်က နဂါးစိမ်းဂိုဏ်းဌာနခွဲ ပျက်စီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ ဂယက်ကြီး ထသွားပေလိမ့်မည်။ ထိုဂယက်ထဲ သူ့အဖေနှင့်အမေ၏ အရိုးကို တူးဖော်စူးစမ်းတာမျိုးကို အဖြစ်မခံနိုင်ပေ။
ရှောင်လုံက သူ့အဖေနှင့်အမေ၏ မြေပုံမို့မို့ရှေ့တွင် ဒူးထောက်လိုက်ပြီး မြေပုံပေါ်က မြက်ပင်များကို လက်ဖြင့်ပွတ်သပ်၍ စိတ်ဝိညာဉ်ဖြင့် နက်နက်ရှိုင်းရှိုင်း တောင်းပန်လိုက်သည်။
“_ဖေဖေ…၊ မေမေ…၊ သား အဖေနဲ့အမေအတွက် အုတ်ဂူလည်း မလုပ်ပေးနိုင်သေးပါဘူး။ ကမ္ပည်းတိုင်လည်း မထားပေးနိုင်သေးလို့ တောင်းပန်ပါတယ်။ နဂါးစိမ်းဂိုဏ်းကို ဖယ်ရှားပြီးမှ အဖေနဲ့အမေကို သား အုတ်ဂူကောင်းကောင်းနဲ့ ကမ္ပည်းကောင်းကောင်း ရေးထိုးပေးပါ့မယ်။ အဖေနဲ့အမေကို သား တောင်းပန်ပါတယ်_”
ရှောင်လုံက အရိုသေပေးပြီးနောက် ထရပ်လိုက်သည်။ ထို့နောက် ဘာမှ မပြောတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားသည်။
နှင်းပန်းနှင့် ရသေ့ကြီးတို့လည်း နောက်ကလိုက်သွားကြသည်။ သူတို့လည်း စကားမပြောဖြစ်ကြပါ။
ဟူယုံတို့နှင့် လန်မင်တို့လည်း နောက်က လိုက်သွားကြသည်။
အားလုံး ကိုယ်ဖော့ပညာဖြင့် ဆင်းလာကြသောကြောင့် သိပ်မကြာခင်မှာပင် တောင်ခြေသို့ ရောက်လာခဲ့ကြသည်။
ရှောင်လုံတို့လည်း သူတို့ ဝှက်ထားသော မြင်းများကို ပြန်ယူလိုက်ကြသည်။
ရသေ့ကြီးက ဟူယုံတို့နှင့် လန်မင်တို့ကို တစ်ချက်ကြည့်ပြီးနောက် ရှောင်လုံကို မေးလိုက်သည်။
~~ဘယ်ကို ဆက်သွားရမလဲ~~
ရှောင်လုံလည်း ဟူယုံတို့၏ ရွာက ဘယ်ဒေသတွင် ရှိမှန်း မသိပေ။ ဟူလောင်တို့ကိုတော့ နာဂန်ဒေသတွင် တွေ့ဆုံခဲ့သည်။
“ဟူယုံ…၊ ဒါက စီချွမ်ပြည်နယ် အော်မေ့တောင်ပဲ။ မင်းတို့ရွာက ဘယ်ဒေသမှာလဲ”
ရှောင်လုံ၏ မေးခွန်းကြောင့် ဟူယုံတို့သာမက လန်မင်တို့လည်း ရှောင်လုံကို ထူးဆန်းသလို ကြည့်လာသည်။
ကျားလူသားမျိုးနွယ်စု၏ ကျားဘုရင်သွေးစက်ကို လက်ခံရရှိထားသူက ဟူမျိုးနွယ်စုရွာ ဘယ်မှာရှိမှန်း မသိခြင်းက ထူးဆန်းနေသည်။
“ငါက မင်းတို့ရဲ့ မျိုးနွယ်စုရွာကို မရောက်ဖူးဘူး။ နာဂန်ဒေသမှာ ဟူမျိုးနွယ်ဝင်နှစ်ယောက်ကို တွေ့ပြီး ကူညီခဲ့ရာက မင်းတို့ကိုပါ ကယ်ပေးဖို့ ဖြစ်သွားတာပါ”
နာဂန်ဒေသဟု ပြောလိုက်သည်နှင့် ဟူယုံတို့ရော လန်မင်တို့ပါ သဘောကျသည့် အရိပ်ယောင်များ ထင်ဟပ်သွားသည်။
“ကျွန်တော်တို့ ဟူမျိုးနွယ်စုရွာက နာဂန်ဒေသမှာပါပဲ”
“ကျွန်တော်တို့ရဲ့ လန်မျိုးနွယ်စုရွာလည်း နာဂန်ဒေသမှာပါပဲ ကျေးဇူးရှင်”
“တကယ်ကို နာဂန်ဒေသပေါ့။ ကောင်းတယ်။ သွားကြတာပေါ့”
ရှောင်လုံကပြောပြီးနောက် သူ့မမနှင့် သူ့အဘိုးကို ကြည့်လိုက်သည်။ စီချွမ်ပြည်နယ်မှ နာဂန်ဒေသသို့ မည်သည့်လမ်းကြောင်းမှ သွားသင့်ကြောင်း သူ မသိသောကြောင့် ဖြစ်သည်။ ခရီးကလည်း အမှန်ပင် ဝေးလွန်းနေသည်။ အနီးဆုံးလမ်းကို ရွေး၍ သွားမှသာ ခရီးတိုပေမည်။ သူတို့လာခဲ့သော လမ်းအတိုင်း ကွေ့ပတ်၍ ပြန်သွားရလျှင် ခရီးက နှစ်ဆခန့် ပိုရှည်နေပေလိမ့်မည်။
ရသေ့ကြီးက ခဏစဉ်းစားပြီးနောက် ပြောလာသည်။
“နာဂန်ဒေသကို သွားရမှာဆိုတော့ ဟန်ကျိုးကို ပြန်လှည့်ဝင်နေရင် ခရီးက သိပ်ရှည်သွားလိမ့်မယ်”
သူတို့က ဟန်ကျိုးကို ပြန်လှည့်ဝင်၍ သမားတော်ခြံဝင်းတွင် ကျန်ခဲ့သော နာရာကီလေယာကို ပြန်ခေါ်ရဦးမည် ဖြစ်သည်။
~~လူလေးတို့နှစ်ယောက်က သူတို့ကို ခေါ်ပြီး မြောက်ပိုင်းလမ်းကြောင်းကနေ ပီကင်းအထိ သွားလိုက်။ ဘိုးဘိုးက တောင်ပိုင်းလမ်းကြောင်းကနေ သွားပြီး ဟန်ကျိုးမှာ နာရာမိန်းကလေးကို ပြန်ဝင်ခေါ်ခဲ့လိုက်မယ်။ ပီကင်းမြို့တော်မှာ ပြန်ဆုံကြတာပေါ့~~
~~ပီကင်းမြို့တော်မှာ ပြန်ဆုံကြမှာလား။ သားတို့က လမ်းကြောင်းတိုတော့ သားတို့ ပီကင်းမြို့တော်ကို အရင်ရောက်လောက်တယ်~~
~~အဲဒီလိုဆိုပေမဲ့ လူလေးတို့က လူအများနဲ့ သွားရတော့ ခရီးကြန့်ကြာချိန်တွေ ရှိလိမ့်မယ်။ ဘိုးဘိုးရဲ့ လမ်းကြောင်းက ရှည်ပေမဲ့ တစ်ယောက်တည်းဆိုတော့ ခရီးကြန့်ကြာစရာတွေ မရှိဘူး~~
~~ဒါဆို ဘယ်နေ့လောက် ပီကင်းမှာ ဆုံကြမလဲ ဘိုးဘိုး။ ရက်ချိန်းတစ်ခု ထားလိုက်ရင် မကောင်းဘူးလား~~
~~ကောင်းတယ်။ လူလေးတို့ မြန်မြန်သွားရင် ပီကင်းကို ဆယ့်ငါးရက်လောက်နဲ့ ရောက်သွားလိမ့်မယ်။ ဒီတော့ အခုက လပြည့်နေ့၊ လကွယ်နေ့မှာ ပီကင်းမြို့တော်မှာ ပြန်ဆုံကြမယ်။ သူတို့ကို ပို့ပြီးရင် ချယ်ရီဂိုဏ်းကို သွားဖို့ကလည်း အရေးကြီးနေတော့ လူလေးတို့က လကွယ်နေ့မတိုင်ခင် ပီကင်းမြို့တော်ကို စောပြီး ရောက်ခဲ့ရင်လည်း လကွယ်နေ့အထိပဲ စောင့်ကြ။ ဘိုးဘိုးနောက်ကျနေရင် ဆက်မစောင့်ဘဲ လူလေးတို့ သွားစရာရှိတာ ဆက်သွားလိုက်ကြ။ ပီကင်းကို ပထမဆုံရပ်လို့ ထားလိုက်မယ်။ ချယ်ရီဂိုဏ်းကို ဒုတိယဆုံရပ်လို့ ထားလိုက်မယ်~~
ရှောင်လုံလည်း စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ သူတို့၏ အဓိက ခရီးစဉ်မှာ ချယ်ရီဂိုဏ်းသို့ သွားရန်ဖြစ်သည်။ ဟူယုံတို့ကို ကယ်တင်ခြင်းက ကြားဖြတ်ပေါ်လာသော ကိစ္စသာ ဖြစ်သည်။ ဟူယုံတို့ကို ပြန်ပို့ပေးစရာရှိသည်ကို မြန်မြန် ပြန်ပို့ပေးပြီးလျှင် ချယ်ရီဂိုဏ်းသို့ သွားရပေမည်။
လက်ရှိတွင်လည်း ဒေါင်းမြီးစိမ်းထံမှ သိခဲ့ရသော သတင်းအချက်လက်များကို ချယ်ရီဂိုဏ်းထံ အမြန်ဆုံး သတင်းပို့ပေးရမည်။ လွန်ခဲ့သော ဆယ့်ငါးနှစ်က အော်မေ့တောင်တွင် သေဆုံးခဲ့ပြီဟု ထင်ထားခဲ့သော သိုင်းလောကသားများက အသက်ရှင်နေသေးပြီး နဂါးစိမ်းဂိုဏ်း၏ လက်ထဲတွင် ရောက်ရှိနေသည့် သတင်းက အလွန်အရေးကြီးသည်။ သိုင်းလောကကြီးတစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည့် သတင်းလည်း ဖြစ်သည်။
ထို့အပြင် နဂါးစိမ်းဂိုဏ်းက ဓားဘီလူးဂိုဏ်း၊ လေးမျက်နှာဂိုဏ်းနှင့် ကျားပျံဂိုဏ်းတို့ကို ဖျက်ဆီးခဲ့ခြင်းမဟုတ်ဘဲ အစကတည်းက ပူးပေါင်းခဲ့ခြင်းကလည်း အလွန်အရေးကြီးသော သတင်းဖြစ်နေသည်။ သိုင်းလောကထဲတွင် နဂါးစိမ်းဂိုဏ်းနှင့် တိတ်တဆိတ် ပူးပေါင်းထားသော ဂိုဏ်းများ မည်မျှ ရှိနေနိုင်သည် မသိရပေ။ နဂါးစိမ်းဂိုဏ်း၏ လျှို့ဝှက်ချက်များက များပြားလှပြီး ခန့်မှန်းရ ခက်လှသည်။
ထိုသတင်းအချက်လက်များကို အမြန်ဆုံး သတင်းပို့ပေးမှသာ နဂါးစိမ်းဂိုဏ်းက မလှုပ်ရှားခင် အထွတ်ထိပ်ဂိုဏ်းကြီးများက တစ်ခုခု ကြိုတင်ပြင်ဆင်ထားနိုင်မည် ဖြစ်သည်။ အခု အော်မေ့တောင်ဌာနခွဲ ဖျက်ဆီးခံရမှုကြောင့် နဂါးစိမ်းဂိုဏ်းက တစ်ခုခု ပြင်းပြင်းထန်ထန် လှုပ်ရှားလာနိုင်သည်။
~~ဒါဆိုရင် အဲဒီလိုပဲ လုပ်ကြမယ်။ ဘိုးဘိုး ဂရုစိုက်ပါ။ နာရာကီလေယာကိုလည်း ဂရုစိုက်ပေးပါ ဘိုးဘိုး~~
~~ကောင်းပြီ။ လူလေးတို့လည်း ဂရုစိုက်ကြ။ အချိန်မလင့်ခင် မြန်မြန် သွားကြစို့~~
~~ဟုတ်ကဲ့ ဘိုးဘိုး~~
ထို့နောက် ရသေ့ကြီးက သူ့မြင်းပေါ် ခုန်တက်ပြီး အရှေ့တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားလေ၏။
ရှောင်လုံနှင့် နှင်းပန်းတို့လည်း ရသေ့ကြီး ပျေက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် မြင်းကို ဆွဲ၍ ထွက်လာခဲ့လိုက်သည်။
~~မမတို့ရဲ့ ခြေရာလက်ရာ သဲလွန်စတွေ ဖျောက်ထားတာက ခရီးလမ်းအတွက် ပိုအဆင်ပြေလိမ့်မယ်။ စီချွမ်နယ်ထဲက ချောချောမောမော ထွက်သွားနိုင်ဖို့ သတိထားတာ ကောင်းတယ်~~
နှင်းပန်းက ပြောပြီး မြင်းခြေရာ လူခြေရာများကို ဖျောက်ရန် စီစဉ်သည်။
~~အခု ဘယ်ကို သွားကြမလဲ မမ~~
~~မြောက်ပိုင်းလမ်းကြောင်းက သွားကြမှာဆိုတော့ အရင်ဆုံး အော်မေ့တောင်ခြေမြို့ကလေးကို အရင်သွားကြမယ်။ အဲဒီကနေမှ ချန်ဒူးမြို့ကို ဝင်ပြီး စီချွမ်-ရှန်ရှီးပြည်ဆက်လမ်းကနေ ထွက်သွားကြမယ်~~
ချန်ဒူးမြို့လော။ ရှောင်လုံက သူ့မမကို ကြည့်လိုက်သည်။ ရှောင်လုံက နဂါးစိမ်းဂိုဏ်း၏ အခြေနေကို သိပ်မသိသော်လည်း ချန်ဒူးမြို့က နဂါးစိမ်းဂိုဏ်း၏ ဌာနချုပ်ဆိုသည်ကိုတော့ သိထားသည်။ စီချွမ်ပြည်နယ်တွင် နဂါးစိမ်းဂိုဏ်း၏ လျှို့ဝှက်ဌာနချုပ်ကလွဲလျှင် ချန်ဒူးမြို့ဌာနချုပ်က စီချွမ်ပြည်နယ်ရှိ နဂါးစိမ်းဂိုဏ်း၏ အင်အားအကြီးဆုံးနေရာဖြစ်သည်။
နှင်းပန်းက ရှောင်လုံ၏ အကြည့်ကို နားလည်သဖြင့် ပြောပြသည်။
~~အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးပဲတဲ့။ အခု အော်မေ့တောင်ဌာနခွဲ ပျက်စီးသွားတာကို နဂါးစိမ်းဂိုဏ်းကသိရင် စီချွမ်ပြည်နယ်တစ်ခုလုံး ပိုက်စိတ်တိုက် လိုက်ရှာကြလိမ့်မယ်။ လမ်းကြောင်းတွေ အားလုံးကို လိုက်ရှာကြလိမ့်မယ်။ ဒါကြောင့် ချန်ဒူးမြို့ကို သွားတာက အလုံခြုံဆုံးပဲ။ နဂါးစိမ်းဂိုဏ်းရဲ့ မျက်လုံးတွေကို အခြားနေရာတွေကိုပဲ အာရုံစိုက်နေချိန်မှာ သူတို့အရိပ်ထဲ ဝင်ပြီး လှုပ်ရှားတာက အကောင်းဆုံးပဲ။ မျက်လုံးက အဝေးကို မြင်နိုင်ပေမဲ့ မျက်တောင်ကိုတော့ မမြင်ဘူးတဲ့~~
ရှောင်လုံက သဘောကျသွားပြီး သူ့မမ အစီစဉ်အတိုင်း လုပ်လိုက်သည်။
“ဟူယုံတို့ လန်မင်တို့…၊ မင်းတို့မှာလည်း ခြေရာဖျောက်နည်းလမ်းတွေ ရှိတာ ငါ သိတယ်။ ထုတ်သုံးကြ။ ငါတို့ရဲ့ ခြေရာလက်ရာတွေ ဖျောက်ထားခဲ့ကြမယ်”
“ဟုတ်ကဲ့”
ဟူယုံတို့နှင့် လန်မင်တို့အတွက် ယခုလို တောစပ် တောင်ခြေ တောလမ်းခရီးတွင် ခြေရာဖျောက်၍ လှုပ်ရှားခြင်းက သူတို့ ကျွမ်းကျင်သော ကိစ္စဖြစ်သည်။
နှင်းပန်းက သူမ၏ ခြေရာဖျောက်အစီစဉ်အတိုင်း မြင်းနှစ်ကောင်နောက်တွင် သစ်ခက်နှစ်ခက်စီ တွဲလောင်းချည်ပြီးနောက် တောင်ဘက်သို့ နှင်လွှတ်လိုက်သည်။
“ဟိတ်…”
“ဖြန်း ဖြန်း…”
မြင်းနှစ်ကောင်လည်း အရိုက်ခံရပြီး နှင်လွှတ်ခံလိုက်ရသောကြောင့် တောင်ခြေတောလမ်းအတိုင်း တောင်ဘက်သို့ ပြေးထွက်သွားကြသည်။
“ခွပ်ခွပ် ခွပ်ခွပ်…”
“ဖြုန်းဖြုန်း…”
၎င်းတို့နောက်တွင် သစ်ခက်နှစ်ခက်စီကလည်း တွဲလောင်းကျလျက် တရွတ်ဆွဲ၍ ပါသွားခဲ့သည်။
မြေပြင်တွင် မြင်းခြေရာများ မကျန်တော့ဘဲ တံမြက်စီးလှည်း၍ ဖျက်လိုက်သကဲ့သို့ ပျောက်သွားသည်။ သို့သော် တရွတ်ဆွဲထားသော လမ်းကြောင်းကတော့ ကျန်နေခဲ့သည်။
~~တရွတ်ဆွဲရာတော့ ကျန်နေတယ်နော် မမ~~
နှင်းပန်းက ပြုံးလိုက်ပြီး တောလမ်းတစ်လျှောက်က သစ်ပင်များကို လက်ညိုးထိုးပြသည်။
~~သစ်ရွက်တွေ အဆက်မပြတ်ကြွေကျနေတာပဲလေ။ သိပ်မကြာခင် တရွတ်ဆွဲရာလည်း ပျောက်သွားလိမ့်မယ်။ ဒီ ခြေရာဖျောက်တာက တကယ့်ခြေရာဖျောက်တာလည်း မဟုတ်ဘူး။ လိုက်ရှာမယ့်သူတွေကို လမ်းလွှဲဖို့ သုံးလိုက်တာ။ မြင်းတွေကို ဒီအတိုင်း နှင်လွှတ်လိုက်ရင် အရမ်းသိသာလွန်းနေမှာ။ ကျွမ်းကျင်တဲ့ ခြေရာခံသမားက မြင်းခြေရာကို ကြည့်ပြီး မြင်းပေါ်မှာ လူပါလား မပါဘူးလားဆိုတာ ခန့်မှန်းနိုင်တယ်။ ဒီလိုလုပ်လိုက်တာက မမတို့အတွက် အချိန်တစ်ခု ရအောင်ပါပဲ။ ကဲ သွားကြစို့~~
ရှောင်လုံက သူ့မမ၏ အစီစဉ်များကို သဘောကျစွာ ခေါင်ညိတ်လိုက်သည်။
~~ဟုတ်ကဲ့ မမ။ မမ လမ်းပြ~~
~~အဲဒီဘက်~~
“ငါတို့နောက်က လိုက်ခဲ့ကြ”
ရှောင်လုံက ဟူယုံတို့နှင့် လန်မင်တို့ကို ပြောပြီးနောက် သူ့မမကို ဆွဲခေါ်ကာ သစ်ပင်ကြီးတစ်ပင်ပေါ်က သစ်ခက်ကြီးပေါ်သို့ ခုန်ပျံတက်သွားလိုက်သည်။
“ဝှစ်…ဟူး…”
လေဟုန်စီးကိုယ်ဖော့ပညာ။
လူရိပ်နှစ်ခုက ငှက်နှစ်ကောင်လို ခုန်ပျံတက်သွားသည်မှာ ပေါ့ပါးညင်သာလှလေ၏။
သိုင်းအကျော်မော်အဆင့်က ဝါးတစ်ပြန်ခန့်အထိသာ ခုန်ပျံတက်နိုင်သည်။ သိုင်းထိပ်သီးအဆင့်က ဝါးတစ်ပြန်ကျော် လူတစ်ရပ်အမြင့်ထိ ခုန်ပျံတက်နိုင်သည်။ ယခု ရှောင်လုံ ခုန်ပျံတက်သွားသော သစ်ခက်ကြီးက ဝါးနှစ်ပြန်ခန့် မြင့်နေသည်။ သိုင်းအထွတ်ထိပ်အဆင့်ပင် ထိုအမြင့်သို့ ခုန်မတက်နိုင်ပေ။
ထို့နောက် ရှောင်လုံက ထိုသစ်ပင်မှ နောက်သစ်ပင်ကြီးတစ်ပင်၏ သစ်ခက်ပေါ်သို့ ခုန်ပျံ၍ ကူးသွားလိုက်သည်။ ထိုနည်းဖြင့် တောလမ်းတစ်လျှောက်ရှိ သစ်ပင်ကြီးများကို ခုန်ပျံကူးလူး၍ မြောက်ဘက်သို့ ဦးတည်ထွက်သွားလိုက်သည်။
ဟူယုံတို့နှင့် လန်မင်တို့လည်း ရှောင်လုံ၏ ကိုယ်ဖော့ပညာကို အံ့ဩစွာကြည့်နေမိကြသည်။
“ငှက်တစ်ကောင်လို ပေါ့ပါးပြီး လျင်မြန်လွန်းတယ်။ လိုက်ကြစို့”
“ဟုတ်တယ်။ လိုက်ကြစို့။ တော်ကြာ မျက်ခြည်ပြတ်သွားမယ်”
ထို့နောက် ဟူယုံတို့နှင့် လန်မင်တို့က သူတို့၏ မျိုးနွယ်စု ကိုယ်ယောင်ဖျောက်နည်းခြေရာဖျောက်နည်းလမ်းကိုသုံး၍ ရှောင်လုံတို့နောက်သို့ လိုက်သွားကြသည်။
လူငယ်ဆယ်ယောက်က တောလမ်းတစ်လျှောက် သစ်ပင်များနှင့် ကျောက်တုံး ကျောက်ဆောင်များ အမှီပြု၍ သားရဲများလို လှုပ်ရှား၍ တောလမ်းအတိုင်း ထွက်ပြေးပျောက်ကွယ်သွားကြသည်။
“သူတို့ လိုက်လာနိုင်သားပဲ”
ရှောင်လုံက သူ့ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်မသုံးဘဲ ဟူယုံတို့ ခြေရာခံ၍ လိုက်လာနိုင်ရန် လျှော့ချထားပြီး စောင့်၍ ခေါ်ပေးသည်။
“အင်း…၊ သူတို့ရဲ့ လှုပ်ရှားမှုနည်းစနစ်ကလည်း ထူးဆန်းတယ်နော်။ တကယ်ထူးခြားတဲ့ ကိုယ်ယောင်ဖျောက်နည်းပဲ”
“ဟုတ်တယ် မမ…။ ကျွန်တော်လည်း သူတို့ရဲ့ မျိုးနွယ်စုလျှို့ဝှက် ကိုယ်ယောင်ဖျောက်နည်းကို စတွေ့ဖူးတုန်းက အံ့ဩခဲ့ရသေးတယ်”
“အော်မေ့တောင်ခြေမြို့ကို မိုးမလင်းခင် အရောက်သွားကြစို့။ မမတို့ ဖြတ်သွားတာကို ဘယ်သူမှ မသိဖို့လိုတယ်။ မိုးလင်းသွားမှဆိုရင် မြို့ကို ကွေ့ပတ်သွားနေရလိမ့်မယ်။ အချိန်ပိုကြာသွားနိုင်တယ်။ ပြီးတော့တစ်ယောက်ယောက်က တွေ့သွားနိုင်တယ်”
သူတို့၏ လှုပ်ရှားမှုကို တစ်ယောက်ယောက် တွေ့သွားလျှင် နဂါးစိမ်းဂိုဏ်းသို့ သတင်းရောက်သွားမည် ဖြစ်သည်။ နဂါးစိမ်းဂိုဏ်းနယ်မြေအတွင်း၌ လူတိုင်းက နဂါးစိမ်းဂိုဏ်းကို ယုံကြည်လေးစားနေကြသဖြင့် စီချွမ်ပြည်နယ်မှ မထွက်နိုင်သေးသမျှ သူတို့အတွက် နဂါးစိမ်းဂိုဏ်းသားများကို သာမက သာမန်လူများကိုလည်း သတိထားရပေလိမ့်မည်။
“ဟုတ်ကဲ့ မမ”
သန်းခေါင်ကျော်သွားပြီ ဖြစ်၍ ကောင်းကင်ပေါ်က လမင်းကြီးသည်လည်း အနောက်ဘက်ကောင်းကင်သို့ တရွေ့ရွေ့ရောက်ရှိသွားကာ အလင်းအားလည်း လျှော့ကျလာခဲ့သည်။ တစ်ခါတရံ တိမ်မျှင်တချို့ကလည်း အုံ့ဆိုင်းသွားတတ်သေး၏။
အော်မေ့တောင်ခြေမြို့လေးသည်ကား သန်းခေါင်ယံအလွန် မိုးသောက်ယံ ကောင်းကင်အောက်၌ တိတ်ဆိတ်စွာ အိပ်မောကျနေလေ၏။ ညက ကျင်းပခဲ့သော နတ်ဘုရားပူဇော်ဆုတောင်းပွဲ၌ ပင်ပန်းထားကြသော အရှိန်နှင့် မိသားစုများ ဆုံတုန်း ပျော်ရွှင်စွာ စားသောက်ထားကြသော အရှိန်ကြောင့်လည်းကောင်း နောက်ကျမှ အိပ်ရာဝင်ထားကြသောကြောင့်လည်းကောင်း မြို့သူမြို့သားများအားလုံး နှစ်ခြိုက်စွာ အိပ်မောကျနေကြသည်။
ထိုအချိန်တွင် လူရိပ်ဆယ့်နှစ်ခုက အော်မေ့တောင်ခြေမြို့လေးအတွင်းသို့ တစ္ဆေသရဲများလို တရိပ်ရိပ်နှင့် ဝင်လာကြသည်။
ထိုလူရိပ်များသည်က ရှောင်လုံ၊ နှင်းပန်းတို့ ဦးဆောင်သော အဖွဲ့ပင် ဖြစ်လေ၏။
ရှောင်လုံက အဖွဲ့ကို ဦးဆောင်ရင်းက စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ဖြန့်ကျက်၍ အာရုံခံထားသည်။ သူတို့၏ လမ်းကြောင်းတွင် လူ ရှင်း မရှင်းကို စစ်ဆေးပြီးမှ ဆက်သွားသည်။
ဟူယုံတို့ကတော့ လမ်းတစ်လျှောက်တွင် လူကိုသာမက ခွေးတစ်ကောင် ကြောင်တစ်မြီးကိုပင် မတွေ့ရ၍ အံ့ဩနေကြသည်။
“ထူးဆန်းတယ်။ ဒီမြို့လေးက သေးတယ်ဆိုပေမဲ့ ဘာလို့ ခွေးတစ်ကောင် ကြောင်တစ်ကောင် မြင်းတစ်ကောင်တောင် မတွေ့ရတာလဲ။ အိမ်မွေးတိရစ္ဆာန် မမွေးကြဘူးလား မသိဘူး”
ခွေးများ၊ ကြောင်များ၊ မြင်းများ စသည့် အိမ်မွေးတိရစ္ဆာန်များက ညအချိန်မတော် လူရိပ်မြင်လျှင် ဟောင်တတ်ကြသည် အော်တတ်ကြသည် လန့်တတ်ကြသည် မဟုတ်ပါလား။
“အောက်အစ်အီး…အွတ်”
ဟူယုံတို့ ပြောနေကြတုန်းမှာပင် အဝေးတစ်နေရာမှ ကြက်တွန်သံ ထွက်ပေါ်လာသည်။ ထို့နောက် ဆက်တိုက်ဆိုသလို ဟိုမှ သည်မှ ကြက်တွန်သံများ ထွက်ပေါ်လာ၏။ သို့သော် သူတို့ ဖြတ်သွားနေသော လမ်းတစ်လျှောက်အနီးပတ်ဝန်းကျင်တွင်တော့ ကြက်တွန်သံများ မထွက်ပေါ်လာပါ။
“ကြက်တော့ မွေးထားကြသားပဲ”
ရှောင်လုံက မည်သည့်အနှောက်ယှက်မှ မရှိရလေလအောင် လမ်းတစ်လျှောက် အာရုံခံ၍ သွားနေမှန်းကိုတော့ ဟူတို့ယုံတို့က မသိခဲ့ကြပေ။
“မိုးသောက်ယံ ကြက်တွန်သံပဲ။ မကြာခင် မိုးလင်းတော့မယ်။ မြန်မြန်လေး ဆက်သွားကြစို့”
သူတို့အားလုံး အော်မေ့တောင်ခြေမြို့ကို အမြန်ဆုံး ဖြတ်ကျော်လိုက်ကြသည်။
အချိန်တစ်ခုစာအကြာတွင်တော့ အရှေ့ကောင်းကင်မှ အရုဏ်ဦးအလင်းရောင်လည်း ပေါ်ထွက်လာခဲ့သည်။
“မိုးလင်းတော့မယ်”
နှင်းပန်းက ပြောရင်း ခဏ စဉ်းစားပြီး ရှောင်လုံနှင့် တိုင်ပင်သည်။
~~အော်မေ့တောင်ပေါ်က အခြေနေကို နဂါးစိမ်းဂိုဏ်းက သိသွားဖို့က နေ့တစ်ဝက်လောက် အချိန်လိုလိမ့်မယ်။ သိသွားပြီဆိုတာနဲ့ သတင်းတွေ ပြန့်နှံ့သွားပြီး လှုပ်ရှားမှုတွေ ဖြစ်လာလိမ့်မယ်။ ဒီတော့ နေ့တစ်ဝက်အတွင်းမှာ မြို့ကြီးတစ်မြို့မြို့မှာ ဟန်မပျက် နေပြီး အခြေနေအရ ဆက်လှုပ်ဖို့ လိုတယ်~~
~~နေ့တစ်ဝက်နဲ့ ချန်ဒူးမြို့ကို ရောက်နိုင်လား မမ~~
~~ကိုယ်ဖော့ပညာနဲ့ သွားရင်တော့ ရောက်တယ်။ ဒါပေမဲ့ လှုပ်ရှားမှုက သိသာလွန်းနေလိမ့်မယ်~~
~~ဒါဆို ဘယ်မြို့ကို သွားကြမလဲ။ နီးတဲ့မြို့ ရှိလား~~
~~ချန်ဒူးမြို့ကို မရောက်ခင် မိန်ရှန်းဆိုတဲ့ မြို့တစ်မြို့တော့ ရှိတယ်။ မိန်ရှန်းမြို့ကို နေ့တစ်ဝက်နဲ့ ရောက်နိုင်တယ်။ အဲဒီမြို့ကို ရောက်ရင် တစ်ခုခု စီစဉ်ကြတာပေါ့~~
နှင်းပန်းက ပြောပြီး ရှောင်လုံ၏ မျက်နှာဖုံးကို ကြည့်သည်။
~~မောင်လေး…၊ အဲဒီ မျက်နှာဖုံး ဆက်တပ်ထားလို့ အဆင်ပြေပါ့မလား။ မျက်နှာဖုံးက အမြင်ဆန်းလွန်းနေတယ်။ လူတွေ အာရုံစိုက်မိလိမ့်မယ်~~
ရှောင်လုံက သူ့မျက်နှာဖုံးကို မချွတ်ချင်ပေ။ သူ့စိတ်ဝိညာဉ်အာရုံခံနယ်မြေကို ဖြန့်ကျက်ပြီး ပတ်ဝန်းကျင်အခြေနေကို စူးစမ်းနေချင်၍ ဖြစ်သည်။ အန္တရာယ်ကို ရင်မဆိုင်နေဘဲ ရှောင်ရှားသွားနိုင်လျှင် အချိန်ကုန်လည်း သက်သာမည် ဖြစ်ပြီး သူတို့၏ လှုပ်ရှားမှုကို နဂါးစိမ်းဂိုဏ်းကလည်း ခြေရာမခံနိုင် ဖြစ်သွားပေလိမ့်မည်။ သို့ဖြစ်လျှင် စီချွမ်ပြည်နယ်မှ အလွယ်တကူ ထွက်သွားနိုင်မည် ဖြစ်သည်။
~~အဲဒီလို လုပ်လို့ ရတယ်။ ဦးထုပ်တစ်လုံး ထပ်ဆောင်းပြီး မျက်နှာကာ ပဝါစ ချထားလိုက်ပေါ့။ ဒါပေမဲ့ မြို့အဝင်အထွက်တွေမှာ စစ်ဆေးရင်တော့…~~
နှင်းပန်းက ပြောနေရင်းက တစ်ခုခုကို တွေးမိသွားပြီး ဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမမောင်လေး၏ ကိုယ်ဖော့ပညာအရ မြို့တံခါးများက အတားအဆီး မဟုတ်သောကြောင့် ဖြစ်သည်။
“ရပြီ သွားကြစို့။ နေ့တစ်ဝက်အတွင်း မိန်ရှန်းမြို့ကို ဝင်ကြမယ်”
ထို့နောက် အားလုံး ကိုယ်ဖော့ပညာကိုယ်စီဖြင့် ခရီးဆက်သွားလိုက်ကြသည်။
---
မိန်ရှန်းမြို့…။
မိန်ရှန်းမြို့က မြို့ကြီးတစ်မြို့မဟုတ်သော်လည်း ချန်ဒူးမြို့ကို အမှီပြု၍ ရောင်းဝယ်လုပ်ကိုင်နေသော မြို့ဖြစ်၍ အတော်လေးစည်ကားသည်။
နေ့လယ်ခင်းဖြစ်၍ နေက ကောင်းကင်အလယ်သို့ ရောက်နေသော်လည်း ဆောင်းဦးရာသီလည်းဖြစ်ပြီး စီချွမ်ပြည်နယ်၏ ရာသီဥတုကလည်း ကောင်းမွန်သောကြောင့် နေက မပူလှပေ။
မြို့တံခါးတွင် ဝင်ထွက်ဖြတ်သန်းနေသူများ ရှိနေ၏။
နှင်းပန်းဦးဆောင်သော လူငယ်ဆယ်ယောက်က မြို့တံခါးကို ဖြတ်ကျော်နေသည်။
အခု နှင်းပန်းက စာပေသမားလေး ရှောင်ယွဲ့အဖြစ် ပုံစံပြောင်းထားသည်။ ဟူယုံတို့နှင့် လန်မင်တို့ကလည်း သာမန်လူငယ်များကဲ့သို့ ပုံစံပြောင်းထားကြသည်။
စီချွမ်ပြည်နယ်က လုံခြုံအေးချမ်းသောကြောင့် မြို့အဝင်အထွက်များတွင် စစ်ဆေးမှုများရှိသော်လည်း မတင်းကြပ်လှပေ။ မည်သူမှ နဂါးစိမ်းဂိုဏ်း၏ နယ်မြေအတွင်း မဟုတ်မမှန် မလုပ်ရဲကြပေ။
ထို့ကြောင့် နှင်းပန်းတို့အဖွဲ့လည်း အထူးသတိထား၍ အစစ်ဆေးမခံရသလို တခြားလူများကလည်း သတိမထားမိကြဘဲ မြို့ထဲသို့ ဝင်နိုင်ခဲ့ကြသည်။
သို့သော်လည်း နှင်းပန်းတို့အဖွဲ့ မြို့ထဲ ဝင်သွားသည်ကို လူတစ်ယောက်ကတော့ စောင့်ကြည့်နေခဲ့လေ၏။ ထိုလူကား မြို့တံခါးမှ ပေလေးထောင်ခန့်အကွာရှိ သစ်ပင်ကြီးတစ်ပင်ပေါ်က သစ်ခက်များကြားတွင် ထိုနေသော ကြေးမျက်နှာဖုံးနှင့် ရှောင်လုံပင် ဖြစ်လေ၏။
‘မမတို့ မြို့ထဲ ဝင်သွားပြီဆိုတော့ ခု ငါ့ အလှည့်ပဲ…’
ရှောင်လုံက သစ်ပင်ပေါ်မှ အသာခုန်ဆင်းလိုက်ပြီး မြို့တံခါးကို ကျော်ဖြတ်ရမည့် လမ်းကြောင်းကို စိတ်ဝိညာဉ်အာရုံဖြင့် အာရုံခံကာ လမ်းကြောင်းသတ်မှတ်လိုက်သည်။
လမ်းတစ်လျှောက်ရှိ လူများ၏ လှုပ်ရှားမှုများကိုလည်း အာရုံခံထားသည်။ သူ့လှုပ်ရှားမှုကို မည်သူမှ သတိမထားမိစေရန် ဖြစ်သည်။ ညဘက်ဆိုလျှင် ဂရုစိုက်နေစရာ မရှိသော်လည်း နေ့ဘက်တွင် မျက်စိလျင်သူတစ်ယောက်ယောက်က သူ့လှုပ်ရှားမှုကို သတိထားမိသွားနိုင်သည်ဟု ထည့်တွက်ထားလိုက်သည်။
‘အချိန်ကျပြီ…’
မြို့စောင့်များနှင့် လူများ၏ အခြေနေက သူလိုချင်သော အနေထားသို့ ရောက်သည်နှင့် ရှောင်လုံက လှုပ်ရှားလိုက်တော့သည်။
အမှောင်ထုခြေလှမ်း…။
ရှောင်လုံ၏ ပုံရိပ်က သစ်ပင်အောက်မှ ပျောက်ကွယ်သွားပြီး ခြေလှမ်းတစ်ရာခန့်အကွာရှိ တခြားသစ်ပင်အကွယ်၌ ဖျပ်ကနဲ ပေါ်လာကာ ဖျပ်ကနဲ ပြန်ပျောက်သွားသည်။ ထိုနောက် နောက်ထပ် ခြေလှမ်းတစ်ရာကျော်အကွာရှိ သစ်ပင်အကွယ်တွင် ဖျပ်ကနဲ ထပ်ပေါ်ပြီး ဖျပ်ကနဲ ထပ်ပျောက်သွားခဲ့သည်။
လျှပ်တစ်ပြက်အတွင်း ထိုသို့ တဖျပ်ဖျပ်နှင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်ပြီး မြို့တံခါးအနီး မြို့ထဲဝင်ရန် တန်းစီနေသော လူတန်းနောက်တွင် ဖျပ်ကနဲထပ်ပေါ်ကာ ပြန်ပျောက်သွားခဲ့ပြန်သည်။
ထို့နောက်တွင်တော့ မြို့ထဲရောက်သွားပြီး မြို့တံခါးနှင့် မလှမ်းမကမ်း ပစ္စည်းတင် မြင်းလှည်းတစ်စီး၏ အကွယ်တွင် ပြန်ပေါ်လာခဲ့သည်။
‘ဟီးဟီး…၊ ရောက်ပြီကွ…’
ရှောင်လုံတစ်ယောက် ကျေနပ်နေတုံးမှာပင် မြင်းလှည်းမှ မြင်းက နှာမှုတ်ပြီး လှုပ်ရှားလာသည်။
“ဖူး…”
“ခွပ် ခွပ် ခွပ်…”
မြင်းက လူစိမ်းအနံ့ရပြီး လန့်သွားပုံရသည်။ ကျောက်ခင်းလမ်းကို ခွာဖြင့် အသံမြည်အောင် ဆောင့်နင်းနေသည်။
“ဟေး…၊ ဘယ်သူလဲ မြင်းလှည်းနားမှာ”
အော်ငေါက်မေးမြန်းသံနှင့်အတူ လမ်းတစ်ဘက်ခြမ်းရှိ ကုန်စည်ဒိုင်ထဲမှ လူကြီးတစ်ယောက် ခပ်သုတ်သုတ် ထွက်လာလေ၏။
အခန်း(၃၇၀) ပြီး
စာစဉ်(၂၀)ပြီး