“ဒီအချိန်လေးတော့ ငါ့ကို ခဏလွှဲပေးပါလား။ မင်းမှာ လုပ်စရာမရှိပေမဲ့ ငါ့မှာတော့ လုပ်ချင်တာတွေ အများကြီးရှိတယ်” ချားလ်စ်၏ နားထဲတွင် ရစ်ချက်၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
ခဏမျှ စဉ်းစားပြီးနောက် ချားလ်စ်သည် မိမိ၏ ခန္ဓာကိုယ်ကို စိတ်လိုလက်ရပင် လွှဲပေးလိုက်၏။ သူ၏ ဒုတိယစိတ်ဝိညာဉ်က ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဘာတွေလုပ်မလဲဆိုသည်ကိုလည်း သူ သိချင်နေမိသည်။
ချက်ချင်းပင် ချားလ်စ်၏ တွေဝေငေးမောနေသော မျက်နှာပေးမှာ အလွန်အမင်း ပျော်ရွှင်တက်ကြွနေသည့် ပုံစံသို့ ပြောင်းလဲသွားသည်။ သူသည် မြေပြင်ကို အားပြုကာ လေထဲသို့ ခုန်တက်လိုက်ပြီး အနားရှိ အလုပ်သမားတစ်ဦး၏ ပုခုံးကို နင်းကာ ခေါင်မိုးပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်၏။
ခေါင်မိုးတစ်ခုမှ တစ်ခုသို့ ခုန်ကူးရင်း ရစ်ချက်သည် လမ်းအတော်များများကို လျင်မြန်စွာ ဖြတ်ကျော်ခဲ့ပြီးနောက် နီယွန်မီးရောင်စုံများဖြင့် တန်ဆာဆင်ထားသော “ပါတီည” ဟု အမည်ရသည့် ဘားသို့ ရောက်ရှိလာသည်။ ၎င်းမှာ ဆိပ်ကမ်းရပ်ကွက်တစ်ခုလုံးတွင် အကြီးဆုံးသော သောက်စားကစားရာ နေရာပင် ဖြစ်သည်။
သူသည် ပျော်ပါးနေသော လူအုပ်ကြီးထဲသို့ တိုးဝင်ကာ ဘားကောင်တာသို့ ရောက်သွား၏။ ထို့နောက် သူ၏ ဓားနက် ကို ထုတ်ယူကာ စားပွဲပေါ်ရှိ သံတိုင်ကို ခပ်ဖွဖွ ခေါက်လိုက်သည်။
‘တောင်...’
ခေါင်းလောင်းသံလိုအသံက ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။ ဤနေရာသို့ လာနေကျ ဝါရင့်သူများကတော့ ထိုအသံ၏ အဓိပ္ပာယ်ကို ကောင်းကောင်း နားလည်ကြသည်။
“အားလုံးပဲ... ဒီနေ့ သောက်သမျှ ငါ အကုန်အကျခံမယ်။ ပျော်ကြစမ်းဟေ့”
ရစ်ချက်၏ ကြေညာချက်ကြောင့် သင်္ဘောသားများ၏ အော်ဟစ်သံမှာ အမိုးပွင့်မတတ် ကျယ်လောင်သွားတော့သည်။
ရစ်ချက်က တဟားဟား ရယ်မောရင်း ဝတ်လစ်စလစ်နီးပါး ဖြစ်နေသော စားပွဲထိုးမလေးတစ်ဦးကို ဖက်ကာ သူမကိုင်ထားသော လင်ဗန်းထဲက အရက်ခွက်များကို တစ်ခွက်ပြီးတစ်ခွက် မော့ချလိုက်သည်။
အေးစက်လှသော ချားလ်စ်နှင့် ယှဉ်လျှင် ဖော်ရွေလှသော ရစ်ချက်မှာ မိတ်ဆွေဖွဲ့ရာတွင် အလွန်ထူးချွန်ပုံရသည်။ သူသည် လူသစ်တစ်ယောက် ဖြစ်သော်လည်း သိပ်မကြာခင်မှာပင် ဘားထဲရှိ လူတိုင်းနှင့် ရင်းနှီးသွားတော့သည်။
ရစ်ချက်၏ ဟာသများကြောင့် လူများမှာ တဟားဟား ရယ်မောနေကြရ၏။ သူ၏ အကြွေစေ့ မျက်လှည့်များကလည်း ပတ်ဝန်းကျင်ရှိ လူများကို အံ့ဩမှင်သက်စေသည်။ သူသည် ကြွားဝါချင်စိတ်ဖြင့် သူပိုင်ဆိုင်ထားသော ‘ရတနာ’ အချို့ကိုပင် ထုတ်ပြလိုက်သေးသည်။ သူ၏ ဆွဲဆောင်မှုမှာ ဘားတစ်ခုလုံးကို လွှမ်းမိုးထားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရတော့သည်။
ချားလ်စ်သည် သူ၏ ဘယ်ဘက်မျက်လုံးကို ထိန်းချုပ်ကာ အရက်ခွက်ပေါ်က အလင်းပြန်မှုမှတစ်ဆင့် မိမိကိုယ်မိမိ ရယ်မောနေသည်ကို ငြိမ်သက်စွာ စောင့်ကြည့်နေ၏။
မှန်ထဲက သူ၏အပြုံးမှာ ပုံပျက်နေပြီး ကြည့်ရသည်မှာ ငိုနေသည်နှင့်ပင် တူလှသည်။ ပထမဆုံးအကြိမ်အဖြစ် ချားလ်စ်သည် ရစ်ချက်အပေါ် ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်လာမိသည်။ အဆုံးသတ်တွင်တော့ သူတို့နှစ်ဦးစလုံးမှာ အိမ်ပြန်ချင်နေကြသော ကောင်းကျိမင် များသာ ဖြစ်ကြပြီး လက်ရှိအခြေအနေအပေါ် တုံ့ပြန်ပုံချင်းသာ ကွဲပြားခြင်း ဖြစ်သည်။
“ဟားဟားဟား” ချားလ်စ်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား ရုတ်တရက် အကျယ်ကြီး ရယ်မောလိုက်သည်။ သူသည် မိမိ၏ ပေါင်ကို အားရပါးရ ရိုက်ကာ မျက်ရည်များ ထွက်လာသည်အထိ ရူးသွပ်စွာ ရယ်မောနေတော့သည်။
အရက်ခွက်ထဲက ချားလ်စ်၏ ပုံရိပ်မှာ မြင့်တက်သွားပြီး အရက်များမှာ အမှောင်ထုထဲသို့ စီးဝင်သွားသည်။ တစ်ခွက်ပြီးတစ်ခွက်... ချားလ်စ်၏ အသိစိတ်မှာ အရက်ရှိန်ကြောင့် တဖြည်းဖြည်း မှေးမှိန်သွားကာ ကမ္ဘာကြီးတစ်ခုလုံး မှောင်အတိ ကျသွားလေတော့သည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိသော်လည်း ချားလ်စ် နိုးလာသောအခါ ခေါင်းမှာ အုန်းအုန်းထနေအောင် ကိုက်နေတော့သည်။ သူ၏ အမြင်အာရုံမှာ ဝေဝါးနေဆဲဖြစ်သော်လည်း သူ၏ ဘယ်ဘက်နားထင်ကို လက်သီးဖြင့် ခပ်ဖွဖွ ထုလိုက်သောအခါမှ ပုံမှန် ပြန်ဖြစ်သွားသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူသည် ကြိုးတစ်ချောင်းပေါ်တွင် တွဲလောင်းဖြစ်နေပြီး သူ၏ အောက်တွင်တော့ မူးမေ့နေကြသော လူများ၊ လဲကျနေသော စားပွဲနှင့် ကုလားထိုင်များကို တွေ့လိုက်ရသည်။
ချားလ်စ်သည် ကြိုးကို အရှိန်ယူကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူသည် ဘားထဲမှ အပြင်သို့ ထွက်လာစဉ် လဲနေသော သင်္ဘောသားအချို့ကို မတော်တဆ နင်းမိသွားသေးသည်။
ချားလ်စ်သည် ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့် သပ်ရင်း စိတ်ထဲမှ မေးလိုက်သည်။ “ဆိုတော့... မင်းရဲ့နည်းလမ်းက အလုပ်ဖြစ်တယ်လို့ ထင်လား”
“ပါးစပ်ပိတ်ထားစမ်း! ငါ ပင်ပန်းနေပြီ၊ အိပ်ပါရစေဦး”
‘ဒီကောင့်နည်းလမ်းကတော့ အလုပ်ဖြစ်ပုံမရဘူး’ ဟု ချားလ်စ် တွေးရင်း ပြုံးလိုက်မိသည်။ သူသည် အတွေးများစွာဖြင့် လူအုပ်ကြီးထဲသို့ တိုးဝင်လာခဲ့သည်။
‘ငါ အပေါ်ကမ္ဘာမှာတုန်းက ဘယ်လို အနားယူခဲ့ပါလိမ့်။ ဖုန်းကိုပဲ တစ်နေကုန် ပွတ်နေတာလား၊ ဂိမ်းဆော့တာလား၊ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ ရန်ဖြစ်နေတာလား’ ဟု ချားလ်စ်က သူ၏ အတိတ်ကို ပြန်လည် စဉ်းစားနေမိသည်။
‘ဒီကို စရောက်ခါစတုန်းကတော့ ငါလည်း သူများတွေလို ဘားမှာ အရက်သောက်ပြီး လူမှုရေးလုပ်ခဲ့တာပဲ။ အဲဒီတုန်းက အရာအားလုံးက ငါ့အတွက် အသစ်အဆန်းတွေ ဖြစ်နေခဲ့တာ။ ဘယ်အချိန်ကစပြီး ငါက ဒီလောက်အထိ သည်းမခံနိုင်တဲ့သူ၊ စိတ်မရှည်တဲ့သူ ဖြစ်သွားတာလဲ’
ချားလ်စ်သည် ခေါင်းမော့ကာ အထက်က အနက်ရောင် ကောင်းကင်ယံကြီးကို စိုက်ကြည့်လိုက်သည်။
‘ငါက ရွေးချယ်ခံရတဲ့ သူရဲကောင်းတစ်ယောက် မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့ အချိန်ကစပြီး ဖြစ်မယ်။ ငါလည်း ဒီနေရာမှာ သေသွားနိုင်တယ်ဆိုတာကို သိလိုက်ရလို့၊ အိမ်ပြန်ဖို့ မျှော်လင့်ချက်တွေ နည်းပါးလာလို့ ဖြစ်လိမ့်မယ်။ အဲဒီ စိုးရိမ်ပူပန်မှုတွေက ငါ့ကို နှိပ်စက်ခဲ့တာ’
‘ဒါပေမဲ့ အခုတော့ အခြေအနေ ကောင်းသွားပါပြီ။ အိမ်ပြန်မယ့်လမ်းကို ငါ ရှာတွေ့ခဲ့ပြီလေ။ ဒါပေမဲ့... အပြင်က ကမ္ဘာကြီးကရော အရင်လို ရှိနေပါဦးမလား’
ချားလ်စ်သည် ထိုအတွေးများကို ခေါင်းခါကာ ဖယ်ထုတ်လိုက်သည်။ ဒီနေ့တော့ သူ အနားယူဖို့ လာခဲ့တာဖြစ်သည်။ ထိုကဲ့သို့သော အတွေးများကို နောက်မှသာ စဉ်းစားတော့မည်။
သူ သတိပြုမိလိုက်သောအခါ ဆိပ်ကမ်းရပ်ကွက်မှ ကျော်လွန်ကာ စည်ကားလှသော ကျွန်းအတွင်းပိုင်းသို့ ရောက်နေပြီ ဖြစ်သည်။
လမ်းဘေးဝဲယာရှိ မီးပုံများကို မြင်လိုက်ရသောအခါမှ ယနေ့သည် သန္တာကျောက်တန်းကျွန်းစု၏ “ကုန်းပေါ်တက်ပွဲတော်” (Landing Festival) ဖြစ်ကြောင်း ချားလ်စ် သတိရလိုက်သည်။ ကျွန်းသားများသည် မိမိတို့ကျွန်းကို သိမ်းပိုက်အောင်နိုင်ခဲ့သည့်နေ့ကို အထိမ်းအမှတ်အဖြစ် ကြီးကျယ်စွာ ကျင်းပကြခြင်း ဖြစ်သည်။
ပျော်ရွှင်စရာကောင်းသော ပွဲတော်တစ်ခုပင်။ ကျွန်းသားများသည် သူတို့၏ အကောင်းဆုံး အဝတ်အစားများကို ဝတ်ဆင်ကာ စုဝေးနေကြသည်။ ပျော်ရွှင်စရာကောင်းသော အငွေ့အသက်များမှာ လူတိုင်းဆီသို့ ကူးစက်နေပြီး သူတို့၏ လမ်းလျှောက်ပုံများမှာပင် ပေါ့ပါးသွက်လက်နေကြသည်။
လမ်းဘေးတစ်လျှောက်တွင် တူရိယာပစ္စည်းများ တီးခတ်နေသော ဂီတပညာရှင်များ ရှိနေကြသည်။ ဗိုင်အိုလင် တီးနေသူများ၊ ထရမ်ပတ် မှုတ်နေသူများနှင့် ဗုံတီးနေသူများဖြင့် ဆူညံနေ၏။ ကတတ်သူများက ကခုန်နေကြပြီး မကတတ်သူများကလည်း အားရပါးရ ကြည့်ရှု အားပေးနေကြသည်။
ချားလ်စ်သည် လူအုပ်ကြီးနောက်သို့ လိုက်ပါရင်း ပွဲတော်၏ အငွေ့အသက်ထဲတွင် နစ်မြောနေမိသည်။ ရယ်မောသံများနှင့် ပျော်ရွှင်စရာ စကားသံများကို ကြားရသောအခါ သူ၏ စိတ်ထဲတွင်လည်း ပေါ့ပါးလာသလို ခံစားရသည်။ ဤပွဲတော်သည် သူ့ကို အိမ်က တရုတ်နှစ်သစ်ကူးပွဲတော်ကို သတိရစေသည်။ အနီရောင်တွေနဲ့ ဗျောက်အိုးသံတွေ မရှိတာကလွဲရင်ပေါ့။
‘ဂွပ်... ဂွပ်...’
ဗိုက်ထဲက မြည်သံကြောင့် ချားလ်စ်၏ အတွေးစများ ပြတ်တောက်သွားသည်။ မနေ့ညက အရက်တွေပဲ သောက်ခဲ့ပြီး ဘာမှ မစားရသေးသဖြင့် ယခုတော့ ဗိုက်ဆာလာပြီ ဖြစ်သည်။
သူသည် လမ်းဘေးက ဈေးသည်တစ်ဦးထံတွင် လေးအက်ကိုး ပေးကာ ပင့်ကူဂဏန်းလက်မ တစ်ခု ဝယ်လိုက်သည်။ အခွံကို ခွာပြီး နူးညံ့အိစက်နေသော ဂဏန်းသားကို မြည်းစမ်းလိုက်၏။ မီးကင်ထားသော ဂဏန်းသားမှာ အလွန်ပင် အရသာရှိလှသည်။ ဖြူဖွေးနေသော အသားကို ကိုက်လိုက်သည့်အခါ ဂဏန်း၏ ချိုမြိန်သော အရသာမှာ ပါးစပ်ထဲတွင် ပြည့်နှက်သွားတော့သည်။
ဂဏန်းလက်မ တစ်ခုတည်းနှင့် ဗိုက်မဝသော်လည်း ချားလ်စ်၏ အစားအသောက်စိတ်ကိုတော့ နှိုးဆွပေးလိုက်သည်။ သူသည် နောက်ထပ် စားစရာကို လိုက်ရှာနေမိသည်။
မကြာမီမှာပင် လေထဲ၌ လွင့်ပျံနေသော နို့နံ့သင်းသင်းလေးကို သူ ရလိုက်သည်။ ထိုရနံ့နောက်သို့ လိုက်သွားရာ မုတ်ဆိတ်ဖြူဖြူနှင့် ဝဝကုတ်ကုတ် အဘိုးကြီးတစ်ဦးက သံပြားပူပေါ်တွင် နို့နှင့် ကမာများကို အသည်းအသန် မွှေနေသော ဆိုင်လေးတစ်ဆိုင်သို့ ရောက်သွားသည်။
ရင်းနှီးနေသော မျက်နှာကို မြင်လိုက်ရသဖြင့် ချားလ်စ်က “ကျွန်တော့်ကို တစ်ပွဲပေးပါ” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့... အခုချက်ချင်း ရပါမယ်” အဘိုးကြီးဂျွန်က လက်ကို ခပ်သွက်သွက် လှုပ်ရှားရင်း ပြန်ထူးလိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင်မှ ထိုအသံကို မှတ်မိသွားပြီး မော့ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည်။
“ဟေး... ကပ္ပတိန်၊ မတွေ့တာ တော်တော်ကြာပြီပဲ”
ချားလ်စ်သည် သူ၏ သင်္ဘောသားဟောင်းကြီးကို ကြည့်ကာ ဆိုင်လေးကို လက်ညှိုးထိုးရင်း “ခင်ဗျား ကုန်းပေါ်မှာ အနားယူတော့မယ်လို့ ပြောခဲ့တယ် မဟုတ်လား” ဟု မေးလိုက်သည်။
အဘိုးကြီးဂျွန်က သက်ပြင်းချလိုက်ပြီး “ငါ့အကြောင်း မင်းသိသားပဲ။ အငြိမ်းစားယူလို့ ရတဲ့ ပိုက်ဆံတွေက လောင်းကစားဝိုင်းနဲ့ မိန်းမတွေဆီ ရောက်ကုန်တာပေါ့။ ဒါပေမဲ့ ကျုပ်ဆိုင်လေးကိုတော့ အထင်မသေးနဲ့ဦး။ တွက်ကြည့်လိုက်ရင် ပင်လယ်ထဲမှာ ရှာတာထက်တောင် ပိုရသေးတယ်ဗျ”
ချားလ်စ်သည် အဘိုကြီးဂျွန်၏ ဘောင်းဘီပေါ်က ဖာရာတွေကို တစ်ချက် ကြည့်လိုက်မိသော်လည်း ဘာမှတော့ မပြောတော့ပေ။ သူက ခေါင်းညိတ်ပြကာ “ဒါဆိုရင်လည်း ကောင်းတာပေါ့။ အနည်းဆုံးတော့ အသက်အန္တရာယ် မရှိတော့ဘူးပေါ့” ဟု ဆိုလိုက်သည်။
အဘိုးကြီးဂျွန်က တဟားဟား ရယ်မောလိုက်ပြီးနောက် “မင်းတကယ်ကြီး စူးစမ်းရှာဖွေရေး သင်္ဘောတစ်စင်း ရလာတယ်လို့ ကြားတယ်။ လူလိုဦးမလားဗျာ။ ပိုက်ဆံအတွက် မဟုတ်ပါဘူး၊ ပင်လယ်ရဲ့ ခေါ်သံကို လွမ်းနေလို့ပါ။ ဒီကျွန်းပေါ်က ဘဝက အရမ်းပျင်းဖို့ကောင်းတယ်။ ကျွန်းသားတွေက ကျုပ် ပင်လယ်ထွက်ခဲ့ဖူးတယ်ဆိုတာ သိရင် အထင်သေးကြတယ်ဗျ။ ကျုပ်က သင်္ဘောသားအဖြစ် သွားတာပါ၊ ပင်လယ်ဓားပြ မဟုတ်ပါဘူး”
ချားလ်စ်သည် ခဏမျှ တွန့်ဆုတ်သွားပြီးမှ ခေါင်းခါလိုက်သည်။ “တောင်းပန်ပါတယ်ဗျာ၊ ကျုပ်မှာ အဖွဲ့သားတွေ အပြည့်ရှိနေပြီဗျ”
သူသည် အဘိုးကြီးဂျွန်ကို ပင်လယ်ထဲမှာ အသက်အန္တရာယ် ထပ်မကြုံစေချင်တော့ပေ။ ကုန်းပေါ်မှာနေရင် ဆင်းရဲကောင်း ဆင်းရဲလိမ့်မည်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိုမင်းပြီးမှ အေးအေးဆေးဆေး သေဆုံးနိုင်မည် မဟုတ်ပါလား။
ဂျွန်၏ မျက်နှာတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်လေး ဖြတ်သန်းသွားသော်လည်း ချက်ချင်းပင် ဟန်ဆောင်ပြုံးလိုက်ကာ “ရပါတယ်ကွာ၊ ကျုပ် ဒီအတိုင်း ပြောကြည့်တာပါ။ ခဏစောင့်ဦး... ကပ္ပတိန်၊ ခင်ဗျားရဲ့ နို့နှစ်ရောင် ကမာကင်က ရတော့မယ်”
***