ချားလ်စ်သည် သေဆုံးနေသော အလောင်းပေါ်မှ ဓားနက် ကို ဆွဲနှုတ်ရန် ပြင်လိုက်စဉ်မှာပင် အက်ရှရှအသံတစ်ခု ထွက်ပေါ်လာသည်။ “လူသတ်လိုက်ရတာက မင်းရဲ့ ဝေဒနာတွေကို သက်သာစေသလား။ စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ချားလ်စ် လှည့်ကြည့်လိုက်ရာ သူ၏ဘေးတွင် လာစတို ရောက်နေသည်ကို တွေ့လိုက်ရသည်။ အဘိုးကြီးသည် လက်ထဲတွင် မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ကာ တစ်ခုခုကို အသည်းအသန် ရေးမှတ်နေ၏။
“ခင်ဗျား ဒီကို ဘယ်လိုရောက်လာတာလဲ” ချားလ်စ်က မေးလိုက်သည်။
“မင်းရဲ့ အိမ်မွေးကြွက်မလေးက ငါ့ကို အလောတကြီး လာခေါ်တာလေ။ ငါကတော့ ပြဿနာ အကြီးအကျယ် တက်နေပြီ ထင်တာ၊ ဒါလေးတင်လား” လာစတိုက သူ၏ သံခြေထောက်ဖြင့် သွေးအိုင်ထဲသို့ အမှတ်မထင် နင်းဝင်သွားရင်း ပြောလိုက်သည်။
သူသည် အိတ်ထဲမှ အမှုန့်ထုပ်တစ်ခုကို ထုတ်ကာ အလောင်းများပေါ်သို့ ဖြူးလိုက်သည်။ တစီစီ မြည်သံနှင့်အတူ အလောင်းများမှာ လျင်မြန်စွာ အရည်ပျော် ပျောက်ကွယ်သွားတော့သည်။
သိပ်မကြာခင်မှာပင် အဖွဲ့သားများအားလုံး ချားလ်စ်၏ အခန်းသို့ ပြန်ရောက်လာကြသည်။ သူတို့ကိုယ်ပေါ်တွင် လတ်ဆတ်သော သွေးနံ့များ လှိုင်နေ၏။ ဒစ်ပ်ကတော့ သူ၏ လူပြက်မျက်နှာဖုံးကို ကစားနေပြီး သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ လူအချို့ကို သတ်လိုက်ရခြင်းက သူ့အတွက်တော့ ဘာမှမဟုတ်သည့်အလားပင်။
ဂျိမ်းစ်သည် စိတ်လှုပ်ရှားစွာဖြင့် ထရပ်ကာ အားလုံးကို အရိုအသေပေးလိုက်သည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ”
ချားလ်စ်က သူ၏ မမြင်ရသော လက်တံများဖြင့် ဂျိမ်းစ်ကို ထူပေးလိုက်ပြီး “မင်းကိုယ်တိုင် မဖြေရှင်းနိုင်ဘူးလား” ဟု သိချင်စိတ်ဖြင့် မေးလိုက်သည်။
ခရမ်းရောင် ပိရမစ်ရဲ့ စွမ်းအားနဲ့ဆိုရင် ဂျိမ်းစ်သည် ထိုလူမိုက်များကိုရော၊ သူ့ကို ဖမ်းဆီးခဲ့သော ရဲများကိုပါ အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိသည်။ ချားလ်စ်က ဘာကြောင့် သူ့လူက သူတို့ကို စောင့်နေခဲ့ရသလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။
“ကျွန်တော်...” ဂျိမ်းစ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ မျက်နှာတစ်ခုလုံး နီမြန်းသွားရှာသည်။
ချားလ်စ်သည် ဂျိမ်းစ်၏ စရိုက်ကို ကောင်းကောင်းသိသည်။ ကောင်းကောင်းပြောရလျှင် စိတ်သဘောထား နူးညံ့လွန်းခြင်းဖြစ်ပြီး ဆိုးဆိုးဝါးဝါး ပြောရလျှင်တော့ ထုံအအ နိုင်လွန်းခြင်းပင်။
သူသည် အခြားအဖွဲ့သားများကဲ့သို့ အရက်သောက်ခြင်း၊ မိန်းမလိုက်စားခြင်းများကို ဘယ်တော့မှ မလုပ်ပေ။ ကွယ်လွန်သူ မိခင်ဖြစ်သူ၏ စကားကို နားထောင်ကာ ပိုက်ဆံကို စုဆောင်းပြီး အိမ်ဝယ်ကာ အိမ်ထောင်ပြုရန်သာ ကြိုးစားနေသူ ဖြစ်သည်။
စူးစမ်းရှာဖွေရေး သင်္ဘောသားအလုပ်ကို အခြားသူတွေက အသက်နှင့်ရင်းပြီး လုပ်ကြသော်လည်း ဂျိမ်းစ်ကတော့ သာမန်ရုံးအလုပ်တစ်ခုလို သဘောထားကာ လုပ်ကိုင်နေသူ ဖြစ်သည်။
“ငါတို့က အကြောင်းမရှိဘဲ ရန်မစဘူး၊ ဒါပေမဲ့ သူများက လာစော်ကားတာကိုတော့ ငြိမ်ခံနေမှာ မဟုတ်ဘူး။ မှတ်ထားပါ... ငါတို့က သန္တာကျောက်တန်းကျွန်းစုက သာမန်အရပ်သားတွေ မဟုတ်ဘူး။ အုပ်ချုပ်ရေးမှူး သတ်မှတ်ထားတဲ့ ဥပဒေတွေက ငါတို့ကို ချုပ်ကိုင်ထားလို့ မရဘူး”
မိမိအသက်ကို ပေါ့ပေါ့တန်တန် သဘောထားသူများအတွက် သူတစ်ပါးအသက်ကို တန်ဖိုးထားရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ကျွန်းသားများသည် ပင်လယ်သားများကို ကြောက်ရွံ့ခြင်း၊ အထင်သေးခြင်းများ ရှိနေကြခြင်း ဖြစ်သည်။
ချားလ်စ်၏ စကားကို ကြားရသောအခါ ဂျိမ်းစ်၏ မျက်နှာတွင် တွေဝေသွားသည့် အရိပ်အယောင်လေး ဖြတ်သန်းသွားသည်။ သူသည် မိမိ၏အလုပ်မှာ ကျွန်းပေါ်က အခြားအလုပ်တွေလိုပဲ လုပ်အားပေးပြီး ပိုက်ဆံရတဲ့ အလုပ်တစ်ခုလို့သာ အမြဲထင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ်မှန်း သူ သိလိုက်ရပြီ။
“ကပ္ပတိန်... လူတွေ အများကြီး သေသွားတာက ကပ္ပတိန်အတွက် ပြဿနာ မဖြစ်နိုင်ဘူးလား” ဂျိမ်းစ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ရပါတယ်။ ဆိပ်ကမ်းရပ်ကွက်မှာ အမှိုက်တချို့ သေသွားတာကို ကျွန်းအတွင်းပိုင်းက လူတွေက ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒီကိစ္စ ပြီးသွားပြီ။ မင်းဇနီးကို ခေါ်ပြီး အိမ်ပြန်တော့” ဟု ချားလ်စ်က ဂျိမ်းစ်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
ဂျိမ်းစ်သည် အဖွဲ့သားများကို နှုတ်ဆက်ကာ သူ၏ ဇနီးနှင့်အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
“နေဦး” ချားလ်စ်က လှမ်းခေါ်လိုက်သည်။ ဂျိမ်းစ် ချက်ချင်း ရပ်သွား၏။
“ပန်းပဲဆရာတစ်ယောက်ကို ရှာပါ။ မင်းရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်အတွက် သင့်တော်မယ့် ဝတ်စုံနဲ့ လက်နက်တစ်ခု လုပ်ခိုင်းလိုက်။ အဲဒါက တိုက်ပွဲတွေမှာ မင်းရဲ့ တိုက်ခိုက်ရေးနဲ့ ခုခံရေးစွမ်းရည်ကို အများကြီး မြှင့်တင်ပေးလိမ့်မယ်”
“ဟုတ်... ဟုတ်ကဲ့ပါ” ဂျိမ်းစ်က အားတင်းကာ ပြုံးပြရင်း ခေါင်းညိတ်လိုက်သည်။
ခြောက်ကပ်နေသော လမ်းမပေါ်တွင် မိုစီကာနှင့် ဂျိမ်းစ်တို့ ဘေးချင်းယှဉ်ကာ လျှောက်လာကြသည်။ သူတို့နှစ်ဦးစလုံးမှာ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်နေကြ၏။ ခုနက ဖြစ်ပျက်ခဲ့သမျှမှာ သူတို့အတွက် အလွန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
မိုစီကာသည် ခင်ပွန်းဖြစ်သူကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ရှင် အဲဒီအဖွဲ့ကနေ ထွက်လို့ မရဘူးလား။ ကျွန်မရဲ့ ပေါင်မုန့်ဆိုင်က ကျွန်မတို့နှစ်ယောက်လုံးကို ကျွေးထားနိုင်ပါတယ်၊ ရှင်ကတော့”
ဂျိမ်းစ်၏ မျက်နှာတွင် တွေဝေသွားသော်လည်း ချက်ချင်းပင် ခေါင်းခါလိုက်သည်။ “ကပ္ပတိန်က ကိုယ့်အသက်ကို ကယ်ထားတာပါ။ သူကိုယ်တိုင် ခရီးမထွက်တော့ဘူးလို့ မဆုံးဖြတ်မချင်း ကိုယ် ဘယ်တော့မှ အလုပ်ထွက်မှာ မဟုတ်ဘူး”
သူမ၏ အမြဲတမ်း အေးဆေးတည်ငြိမ်လှသော ခင်ပွန်းသည် ယခုကဲ့သို့ ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်ကို မြင်သောအခါ မိုစီကာမှာ အကြည့်လွှဲလိုက်မိသည်။ ခင်ပွန်းဖြစ်သူသည် စိတ်သဘောထား နူးညံ့သော်လည်း တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ဘယ်သူမှ ဖျောင်းဖျ၍ မရမှန်း သူမ သိသည် မဟုတ်ပါလား။
“ဒါဆို... ရှင့်အလုပ်က အရမ်း အန္တရာယ်များလား” မိုစီကာက စိုးရိမ်တကြီး မေးပြန်သည်။
ဂျိမ်းစ်က မိုစီကာကို ဖက်ထားလိုက်ရင်း “မရှိပါဘူး။ ဘာမှ အန္တရာယ် မရှိပါဘူး။ ကိုယ်က စက်ခန်းထဲမှာပဲ နေရတာပါ၊ ဘာမှ စိုးရိမ်စရာ မရှိပါဘူး” ဟု လိမ်ညာကာ နှစ်သိမ့်လိုက်သည်။
“ရှင် ဘာပဲလုပ်လုပ် ကိုယ်တိုင် အန္တရာယ်မဖြစ်ဖို့ပဲ ကျွန်မ ဆုတောင်းပါတယ်။ ကျွန်မတို့ ကလေးလေးက အဖေမရှိဘဲ မကြီးပြင်းပါရစေနဲ့...” မိုစီကာ၏ မျက်ဝန်းမှ မျက်ရည်များ ဝဲတက်လာတော့သည်။
“အင်း... ကိုယ် ကတိပေးပါတယ်” ဂျိမ်းစ်က တိုးတိုးလေး ပြောလိုက်သည်။
ရုတ်တရက် ဂျိမ်းစ်၏ နောက်ကျောကို တစ်စုံတစ်ယောက်က ဝင်တိုက်လိုက်သည်။
“နမ်းချင်ရင်လည်း အခန်းထဲမှာ သွားနမ်းကြစမ်းပါ။ လမ်းလယ်ခေါင်မှာ ဘာလုပ်နေကြတာလဲ” လာစတိုက လက်ထဲတွင် ဝိုင်ပုလင်းကို ကိုင်ကာ ညည်းညူလိုက်သည်။ သူသည် သူတို့ကို အေးစက်စက် ကြည့်ကာ ကျွန်းအတွင်းပိုင်းသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်သွားလေတော့သည်။
သင်တုန်းဓားဂိုဏ်း၏ ကိစ္စမှာ ကျွန်းပေါ်ရှိ အေးချမ်းသာယာမှုကို မထိခိုက်စေသော ဖြစ်ရပ်လေးတစ်ခုလိုပင် ပြီးဆုံးသွားခဲ့သည်။ ချားလ်စ်အတွက်လည်း ထိုကိစ္စမှာ သိပ်ပြီး အရေးမပါလှပေ။ အကယ်၍ ကိစ္စကြီးထွားလာခဲ့လျှင်လည်း သူသည် အခြားကျွန်းသို့ ပြောင်းသွားရုံသာ ဖြစ်သည်။
သို့သော် ပြောင်းလဲမှုအချို့တော့ ရှိလာသည်။ ယခုအခါ သူ အပြင်ထွက်တိုင်း ပတ်ဝန်းကျင်မှ လူများ၏ ကြောက်ရွံ့သော အကြည့်များကို သူ ခံစားနေရသည်။ သူ လမ်းလျှောက်လာလျှင် လူများက သူ့အနားမှ အလိုအလျောက် ခွာပေးကြ၏။
ထိုကိစ္စ ပြီးသွားသောအခါ ချားလ်စ်သည် မည်သို့ အနားယူရမည်ဆိုသည့် မူလမေးခွန်းဆီသို့ ပြန်ရောက်သွားပြန်သည်။ ကုန်းပေါ်တက်ပွဲတော်က နေ့တိုင်း ရှိနေသည် မဟုတ်ပါလား။
နောက်ဆုံးတွင် သူသည် သူ၏ ခန္ဓာကိုယ်ကို ရစ်ချက် ထံ လွှဲပေးလိုက်ပြီး ရစ်ချက် စိတ်ကြိုက် လုပ်ခွင့်ပေးလိုက်သည်။
ပထမတော့ ရစ်ချက်မှာ အလွန်ပင် ပျော်ရွှင်နေခဲ့သည်။ သူသည် ကျွန်းပေါ်က ဖျော်ဖြေရေး နေရာစုံကို လှည့်ပတ်သွားလာခဲ့သော်လည်း တစ်ပတ်ခန့်အကြာတွင်တော့ သူလည်း ပျင်းရိလာတော့သည်။ သူသည် ကုတင်ပေါ်တွင် လူးလှိမ့်ရင်း ပျင်းရိလွန်း၍ ညည်းညူနေတော့သည်။
အဆုံးသတ်တွင်တော့ သူတို့နှစ်ဦးစလုံးမှာ ‘ကောင်းကျိမင်’ များသာ ဖြစ်ကြသည်။ သူတို့နှစ်ဦးစလုံးသည် အိမ်သို့သာ ပြန်ချင်ကြပြီး ဤနေရာတွင် အချိန်ဖြုန်းနေရန် စိတ်မပါကြပေ။
ချားလ်စ်သည် စူးစမ်းရှာဖွေသူများအသင်း တွင် တွေ့ခဲ့သော ရင်းနှီးသူများကို သတိရလိုက်သဖြင့် ထိုနေရာသို့ ထွက်လာခဲ့သည်။ ထိုသူများက ‘နတ်ဘုရား၏ ကျိန်စာ’ ကို မည်သို့ ဖယ်ရှားရမည်ကို သိနိုင်ကောင်း သိနိုင်လိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။
“ဘာ... သူတို့အားလုံး ထွက်သွားကြပြီ ဟုတ်လား”
ချားလ်စ်၏ အံ့ဩနေသော မျက်နှာကို ကြည့်ကာ အသင်းမှ ဝန်ထမ်းက ခေါင်းညိတ်ပြလိုက်သည်။ “နှင်းဆီနက်သင်္ဘောက ကပ္ပတိန် အဲလစ်ဇဘက်က လူနေလို့ရတဲ့ ကျွန်းတစ်ကျွန်းကို ရှာတွေ့ခဲ့တယ်လေ။ အဲဒါနဲ့ သူမ သိတဲ့ ကပ္ပတိန်တွေ အားလုံးကို ဖိတ်ခေါ်ပြီး ကျွန်းကို သိမ်းပိုက်ဖို့အတွက် သင်္ဘောအုပ်စုကြီး ဖွဲ့ပြီး ထွက်သွားကြပြီ”
ချားလ်စ်သည် အသင်းထဲမှ စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်လာခဲ့သည်။ ဘာမှ လုပ်စရာမရှိဘဲ ဖြစ်နေရသည့် ခံစားချက်မှာ အလွန်ပင် စိတ်ညစ်ဖို့ ကောင်းလှသည်။
‘ဟေ့... မင်းမှာ တစ်ခုခု စဉ်းစားမိတာ ရှိလား’ ဟု ချားလ်စ်က သူ၏ ဒုတိယစိတ်ဝိညာဉ်ကို မေးလိုက်သည်။
‘အဘိုးကြီးဆီ သွားရအောင်။ သူက အနားယူတာဟာ စိတ်ချောက်ချားတာအတွက် အကောင်းဆုံး ဆေးပဲလို့ ပြောခဲ့တယ် မဟုတ်လား။ သူက ဆရာဝန်ဆိုတော့ ကုသမှုနဲ့ ပတ်သက်ပြီး တစ်ခုခု ထပ်ပြောနိုင်မှာပေါ့’
ချားလ်စ်သည် ရစ်ချက်၏ အကြံကို သဘောတူကာ ကျွန်းအတွင်းပိုင်းသို့ ဦးတည်လိုက်သည်။ လာစတိုက သူ့ကို လိပ်စာတစ်ခု ပေးခဲ့ဖူးသဖြင့် ထိုနေရာကို ရှာဖွေခဲ့ရာ ဟောင်းနွမ်းလှသော တည်းခိုခန်းတစ်ခုသို့ ရောက်သွားသည်။
လာစတိုမှာ ချားလ်စ် ရောက်လာသည်ကို မြင်သောအခါ စိတ်တိုသွားပုံရသည်။ လက်ထဲတွင် ဝိုင်ယာကြိုးအချို့ကို ကိုင်ကာ စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်သည်။ “ဘာဖြစ်ပြန်ပြီလဲ”
“ခင်ဗျား အဲဒီ မှန်နက်ကို အားသွင်းဖို့ ကြိုးစားနေတာလား” ချားလ်စ်က မေးလိုက်သည်။
“မင်းနဲ့ မဆိုင်ဘူး။ မင်း ဒီကို ဘာလာလုပ်တာလဲ” လာစတိုက ဝိုင်ယာကြိုးများကို ပစ်ချလိုက်သည်။
“ကျွန်တော် ဘယ်လောက်အထိ ထပ်ပြီး အနားယူရဦးမှာလဲ။ ကျွန်တော် အနားယူလို့ ဝပြီလို့ ထင်တယ်”
လာစတိုက သူ၏ ရုပ်ဆိုးလှသော မျက်နှာကို ချားလ်စ်၏ ရှေ့သို့ တိုးလာစေကာ ချားလ်စ်၏ မျက်လုံးများကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်လိုက်သည်။ ထို့နောက် အိတ်ထဲမှ အနံ့ဆိုးထွက်နေသော စေးကပ်ကပ် အရာတစ်ခုကို ထုတ်ပေးကာ “ဒါကို မျိုချလိုက်” ဟု ညွှန်ကြားလိုက်သည်။
ချားလ်စ်သည် အသက်ကို ပြင်းပြင်းရှူကာ ထိုအရာကို တစ်ခုလုံး မျိုချလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နားထဲတွင် ဆူညံသံများ ပြည့်နှက်သွားပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ပုံပျက်ပန်းပျက် ဖြစ်ကုန်တော့သည်။
ထိုအခြေအနေမှာ သုံးမိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက်မှ ပုံမှန် ပြန်ဖြစ်သွားသည်။ လာစတိုက အသက်ကို ပြင်းပြင်းရှူနေရသော ချားလ်စ်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။
“မရသေးဘူး။ မင်း အနားယူတာ မလုံလောက်သေးဘူး။ ဆက်ပြီး အနားယူပါ။ နောက်တစ်ပတ်နေရင် ငါ မင်းဆီကို ဆေးအချို့ ယူပြီး လာခဲ့မယ်”
“အဘိုးကြီး... ဘာကို အနားယူတယ်လို့ ခေါ်တာလဲ။ ကျွန်တော် ဘယ်လို အနားယူရမှန်းကို မသိတော့ဘူး။ ကျွန်တော် ပင်လယ်ထဲ ပြန်ထွက်ချင်ပြီ” ရစ်ချက်သည် ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“စူးစမ်းရှာဖွေရေး ကပ္ပတိန်တစ်ယောက် ဖြစ်ပြီးတော့ မင်းက ဘယ်လိုပျော်ရမလဲဆိုတာ မသိဘူးလား။ အသီးအနှံတွေ စားမလား၊ အရက်သောက်မလား၊ လောင်းကစားလုပ်မလား၊ မိန်းမလိုက်စားမလား၊ ဒါမှမဟုတ် ဟိုမျက်မမြင် သွေးစုပ်ဖုတ်ကောင်လို နေ့တိုင်း ပန်းချီဆွဲမလား... မင်း ကြိုက်တာလုပ်။ ငါ့ကို လာမနှောင့်ယှက်နဲ့တော့၊ ငါ အလုပ်ရှုပ်နေတယ်ကွ”
ချားလ်စ်၏ မျက်နှာရှေ့မှာပင် တံခါးကြီးမှာ ‘ဒုန်း’ ခနဲ အရှိန်ဖြင့် ပိတ်သွားလေတော့သည်။
***