[ ဇန်နဝါရီ ၂ ရက်၊ ကူးသန်းခြင်း ၉ နှစ်မြောက်။
ငါတို့ ပင်လယ်ပြင်မှာ ခရီးနှင်လာတာ ရက်ပေါင်း နှစ်ဆယ်ကျော်သွားပြီ။ စူးစမ်းရမယ့် ပစ်မှတ်ကျွန်းက နည်းနည်းလှမ်းနေသလို နာဝေးလ် သင်္ဘောပေါ်မှာလည်း ရိက္ခာတွေ ပြတ်လပ်စပြုနေပြီ။
အကယ်၍ ၁၀၀၂ ရှိတဲ့ကျွန်းသာ ကျွန်းသစ်တစ်ခု ဖြစ်လာမယ်ဆိုရင် အဲဒီမှာ ရိက္ခာဖြည့်တင်းရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်။
ငါတို့ သင်္ဘောထွက်လာတုန်းက အဲဒီကျွန်းနားကို ငါ တမင်တကာ ကပ်ပြီး တစ်ချက်ကြည့်ခဲ့သေးတယ်။ ကမ်းခြေက ပျက်စီးနေတဲ့ အပိုင်းအစတွေကို ကြည့်ရသလောက်တော့ အဲလိဇဘတ်နဲ့ ၁၀၀၂ တို့ရဲ့ တိုက်ပွဲက သိပ်ပြီး အဆင်မပြေလှဘူး ထင်တယ်။ အဲဒီကျွန်းကို ပြန်လည် ထူထောင်ဖို့ဆိုတာ လွယ်မှာ မဟုတ်ဘူး။
ဒါကလည်း ဖြစ်သင့်တာပါပဲ။ ၁၀၀၂ ရဲ့ ထူးဆန်းတဲ့ စွမ်းအားက ရင်ဆိုင်ရတာ လွယ်ကူတဲ့အရာ မဟုတ်ဘူးလေ။ သူတို့အားလုံး အဆင်ပြေကြဖို့ပဲ ငါ မျှော်လင့်ရတာပေါ့။
ကော့ဒ်လည်း ခရီးစတင်နေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အရာအားလုံးက ကောင်းမွန်တဲ့ ဘက်ကို ဦးတည်နေပါတယ်။ အန်နာ အခု ဘယ်ရောက်နေမလဲ။ သူ ဖြစ်နိုင်တာကတော့... ]
မှင်တွေ ခြောက်သွားပြီးနောက် ချားလ်စ်သည် ဒိုင်ယာရီကို ပိတ်လိုက်ကာ သင်္ဘောကို နေ့စဉ် စစ်ဆေးရန် ကုန်းပတ်ပေါ်သို့ ထွက်လာခဲ့သည်။
သူသည် စားဖိုဆောင် တံခါးကို တွန်းဖွင့်ရန် ပြင်နေစဉ်မှာပင် ငါးဖမ်းတံကို ကိုင်ထားသော ဒစ်ပ်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ဘေးမှ ပြေးထွက်သွား၏။ ငါးမျှားချိတ်တွင် ဂျယ်လီငါးနှင့် တူသော သတ္တဝါတစ်ကောင် ပါလာသည်။
“ဖရေး။ ကြည့်ဦး။ ကျုပ်ဖန်သားဂျယ်လီငါး တစ်ကောင် မိလာပြီ။ အဲဒါနဲ့ စွပ်ပြုတ် ဘယ်လိုလုပ်ရမလဲ သိလား။”
ဒစ်ပ်က လှမ်းအော်ပြောလိုက်သည်။
စားဖိုဆောင်ထဲမှ စားဖိုမှူး ဖရေး၏ ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။
“ထွက်သွားစမ်း။ သင်္ဘောပေါ်ကို ထူးဆန်းတဲ့ သတ္တဝါတွေ ယူမလာနဲ့။ အဲဒါနဲ့ တစ်ခုခု ချက်စားချင်ရင် မင်းဘာသာမင်း ချက်။ ငါတော့ မလုပ်ပေးနိုင်ဘူး။”
ချားလ်စ်သည် စားဖိုဆောင်ထဲသို့ ဝင်လာကာ သူတို့နှစ်ဦးဘေးမှ ဖြတ်လျှောက်သွားပြီး အတွင်းပိုင်းတွင် ထူးခြားမှု ရှိမရှိ စစ်ဆေးလိုက်သည်။
“ဖရေး။ ဆားနယ်မုန့်တွေထဲမှာ ပိုးကောင်တွေ စတွေ့နေပြီ။ သတိထားဦး။”
ချားလ်စ်၏ စကားကြောင့် သင်္ဘောသားနှစ်ဦး၏ စကားလက်ဆုံမှာ ရပ်တန့်သွားသည်။
ဖရေးသည် ချားလ်စ်ထံသို့ အပြေးလာကာ ထိုကိစ္စကို ချက်ချင်း ဖြေရှင်းလိုက်မည်ဟု အာမခံ၏။ ထို့ပြင် ပိုးကောင်ကိုက်နေသော မုန့်များသည် သင်္ဘောသားများအတွက်သာ ဖြစ်ပြီး ကပ္ပတိန်အတွက် အစားအသောက်မှာ လုံးဝ အဆင်ပြေစေရမည်ဟု အထူးတလည် ပြောကြားလိုက်သည်။
“သင်္ဘောသားတွေအတွက် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ သင်္ဘောသားတွေကရော လူ မဟုတ်ဘူးလား။”
ဒစ်ပ်သည် သူ့လက်အောက်ငယ်သားများ၏ အခွင့်အရေးအတွက် ဖရေးနှင့် တစ်ခါ ထပ်မံ ငြင်းခုံပြန်သည်။
ချားလ်စ် ဝင်မပါတော့ချေ။ သူတို့ မသိသေးသော ပင်လယ်ပြင်ထဲသို့ စတင်ဝင်ရောက်စဉ်က ကြောက်ရွံ့ တင်းမာနေသော အခြေအနေနှင့် နှိုင်းယှဉ်လျှင် အခုလို သာမန်ကိစ္စလေးတွေနဲ့ ငြင်းခုံနိုင်နေခြင်းက ပိုကောင်းပါသည်။
လူသားတွေသည် အခြေအနေသစ်ကို လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရာတွင် အံ့ဩစရာကောင်းလောက်အောင် စွမ်းဆောင်နိုင်ကြသူများ မဟုတ်ပါလား။
စားဖိုဆောင်မှ ထွက်လာပြီးနောက် ချားလ်စ်သည် သင်္ဘော၏ အခြားအခန်းများဆီသို့ လှည့်လည်ကြည့်ရှုသည်။ သင်္ဘောကို ပတ်ကြည့်ခြင်းမှာ မဖိတ်ခေါ်ဘဲ တက်လာသည့် သတ္တဝါများကို စစ်ဆေးရန်သာမက ခရီးစဉ်ကို ထိခိုက်စေနိုင်သည့် အခြား အချက်အလက်များကိုပါ ကြည့်ရှုရန် ဖြစ်သည်။
အစားအသောက် ရိက္ခာ၊ လောင်စာ သယံဇာတ သို့မဟုတ် သင်္ဘောသားများ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ ထိုအချက်များထဲမှ တစ်ခုခုတွင် ဟာကွက်ရှိသွားပါက သင်္ဘောကြီးမှာ ရေပေါ်က ခေါင်းတလားကြီး ဖြစ်သွားပြီး အားလုံး သေဆုံးကြရပေလိမည်။
ဒက်ခ်၊ တက်မခန်း၊ စက်ခန်း၊ အဖွဲ့သားအိပ်ဆောင်၊ စားဖိုဆောင်၊ ကုန်လှောင်ရုံနှင့် ရေတိုင်ကီ စသည်ဖြင့် နေရာတိုင်းကို ချားလ်စ် အသေးစိတ် စစ်ဆေးသည်။ တခြား ကပ္ပတိန်တွေကတော့ စည်းကမ်းချက် တစ်မျိုးစီ ရှိနိုင်သော်လည်း သူကတော့ ကိုယ်တိုင် စစ်ဆေးရသည်ကို ပိုကြိုက်သည်။
အသေးစိတ် အချက်အလက်များကသာ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုကို ဆုံးဖြတ်ပေးနိုင်ပြီး သူ၏ ထိုသို့ စေ့စပ်သေချာမှုကြောင့်ပင် ပင်လယ်ပြင်၌ ဤမျှ ကြာရှည်စွာ အသက်ရှင်နေနိုင်ခြင်း ဖြစ်သည်။ ရိုးရှင်းပြီး ငြီးငွေ့စရာ ကောင်းသော်လည်း အရေးကြီးသည့် ဤအလုပ်များသည် ကပ္ပတိန်တစ်ဦး၏ အဓိက တာဝန်များပင် ဖြစ်သည်။
“ကပ္ပတိန်။ ကျွန်းတစ်ကျွန်း တွေ့ပြီ။”
လောင်စာ သိုလှောင်မှုကို စစ်ဆေးနေစဉ် ထွက်ပေါ်လာသော စကားကြောင့် ချားလ်စ် ခဏမျှ အံ့ဩသွားသည်။ သူ တွက်ချက်ထားသည်ထက် သုံးရက်ခန့် စောနေသောကြောင့် ဖြစ်သည်။
သူသည် ကုန်းပတ်ပေါ်သို့ အမြန်ပြေးတက်လာရာ နာဝေးလ် သင်္ဘောကြီး၏ ရှာဖွေရေး မီးမောင်းအလင်းအောက်တွင် ဝေးလံသော နေရာမှ ကျွန်းတစ်ခု၏ ပုံရိပ်လွှာကို မြင်လိုက်ရသည်။
အရင်က တွေ့ဖူးသည့် ကျွန်းများနှင့် မတူဘဲ ဤကျွန်းမှာ အလွန် မြင့်မားလှသည်။ ကျွန်းထက် တောင်ထိပ်ပြားကြီး တစ်ခုနှင့် ပိုတူနေ၏။ ပတ်ပတ်လည်ရှိ ကျောက်နံရံများမှာ ပြောင်ချောနေပြီး အပင်တစ်ပင်မျှ မရှိချေ။ တောင်ကြီးမှာ မြင့်လွန်းလှသဖြင့် တောင်ထိပ်ပေါ်တွင် ဘာရှိသည်ကိုလည်း မမြင်ရပေ။
ရှေ့ရှိ ထူးဆန်းသော မြေပုံသဏ္ဌာန်ကြီးကို ကြည့်ရင်း ချားလ်စ်က ကျောက်ဆူးချရန် အချက်ပေးလိုက်သည်။ ထို့နောက် သွေးစုပ်ဖုတ်ကောင် သင်္ဘောသား အော်ဒရစ်ကို ကြည့်ကာ ညွှန်ကြားလိုက်၏။
“အော်ဒရစ်။ အပေါ်ကို ပျံတက်ပြီး တစ်ချက်လောက် သွားကြည့်လိုက်ဦး။”
အော်ဒရစ်က ခေါင်းညိတ်ပြကာ လင်းနို့အဖြစ် ပြောင်းလဲပြီး ကောင်းကင်သို့ ပျံတက်သွားသည်။ အော်ဒရစ် ပြန်အလာကို စောင့်နေစဉ်မှာပင် ဒစ်ပ်က ဇဝေဇဝါ ဖြစ်နေသော မျက်နှာဖြင့် ချားလ်စ်ထံ ချဉ်းကပ်လာသည်။
“ကပ္ပတိန်။ ကျောက်ဆူးက ပင်လယ်ကြမ်းပြင်ကို မထိဘူးဗျ။”
“ကျွန်းရဲ့ ဘေးတင်မှာ ရှိနေတာကို ဘယ်လိုဖြစ်လို့ မထိရမှာလဲ။”
ချားလ်စ်သည် ကျောက်ဆူးစက်ရှိရာသို့ သွားကြည့်ရာ ကျောက်ဆူးကြိုး တစ်ခွေလုံး အဆုံးထိ ရောက်နေသည်ကို တွေ့လိုက်ရသည်။ နာဝေးလ် သင်္ဘော၏ ကျောက်ဆူးကြိုးသည် မီတာ တစ်ရာကျော် ရှည်လျားသော်လည်း ပင်လယ်ကြမ်းပြင်သို့ မရောက်ရှိနိုင်ချေ။
‘ဒီကျွန်းရဲ့ တည်ဆောက်ပုံက ဘယ်လိုမျိုးပါလိမ့်။ ထောင်လိုက်စိုက်ထားတဲ့ ကြေးနန်းတိုင်ကြီး တစ်ခုလိုလား။’
ခဏမျှ စဉ်းစားပြီးနောက် ချားလ်စ်က ဆုံးဖြတ်လိုက်သည်။
“ဒါဆို ကျောက်ဆူးမချနဲ့တော့။ ခဏနေရင် ငါတို့ ကုန်းပေါ်တက်မယ်။ ဖရေးနဲ့ သင်္ဘောသားတွေက သင်္ဘောပေါ်မှာပဲ နေခဲ့ကြ။”
မကြာမီမှာပင် အော်ဒရစ် ပြန်ရောက်လာသော်လည်း သူ့မျက်နှာမှာ ထူးဆန်းနေသည်။
“ကပ္ပတိန်။ အပေါ်မှာက ရွှံ့နွံတောကြီးဗျ။”
“ရွှံ့နွံတော ဟုတ်လား။”
ချားလ်စ် အံ့ဩသွားမိသည်။ ကျွန်းရဲ့ တောင်ထိပ်ပေါ်မှာ ရွှံ့နွံတော ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
“ဘာပဲဖြစ်ဖြစ်။ သွားကြည့်ကြတာပေါ့။ ဖြစ်နိုင်တာကတော့ ဒီကျွန်းက ဘုရင်ရဲ့ ရိက္ခာဖြည့်တင်းတဲ့ နေရာလည်း ဖြစ်နိုင်တာပဲ။”
ပျံသန်းနိုင်သော အော်ဒရစ်၏ အကူအညီဖြင့် ကျောက်နံရံတွင် ကြိုးလှေကားကို လျင်မြန်စွာ ချိတ်လိုက်သည်။ ချားလ်စ်နှင့် အဖွဲ့သားများသည် နံရံကို ဂရုတစိုက် တွယ်တက်ကာ တောင်ထိပ်သို့ ရောက်လာခဲ့ကြ၏။ အော်ဒရစ် ပြောသည့်အတိုင်းပင် ကျွန်း၏ တောင်ထိပ်တွင် ရွှံ့နွံတောကြီး တစ်ခု ရှိနေသည်။
ဤရွှံ့နွံတောသည် သစ်တောများထဲတွင် တွေ့ရသည့် ရွှံ့နွံများနှင့် မတူပေ။ သစ်ပင်၊ ပန်းမန် သို့မဟုတ် သက်ရှိအရိပ်အယောင် လုံးဝ မရှိချေ။
စိုစွတ်နေသော မြေပြင်၊ ပုပ်သိုးနေသော ရေများနှင့် ထူထပ်သော မြူခိုးများသာ ရှိသည်။ သို့သော် ရွှံ့ဗွက်များကြားတွင် အရွယ်အစား အမျိုးမျိုးရှိသော ကျောက်တုံးများ ပြန့်ကျဲနေသည်။
သူတို့သည် ငါးအသားအချို့ကို ရွှံ့ဗွက်ထဲသို့ ပစ်ချကြည့်သော်လည်း တက်စားမည့် သက်ရှိတစ်ကောင်မျှ ထွက်မလာပေ။ ချားလ်စ်သည် ရွှံ့ဗွက်ထဲသို့ ဂရုတစိုက် လျှောက်ကြည့်ရာ သိပ်မနက်ကြောင်း တွေ့ရသည်။
အနက်ဆုံးနေရာမှာပင် သူ့ပေါင်လယ်လောက်သာ ရှိ၏။ ညာဘက်ခြေထောက်ဖြင့် ဖိနင်းကြည့်ရာ ရွှံ့ဗွက်အောက်တွင် ခိုင်မာသော မြေပြင်ရှိနေသည်ကို သိလိုက်ရသည်။
‘ဟေ့ လူ။ ဒီနေရာက ဟော့ပေါ့အိုးကြီးနဲ့ မတူဘူးလား။ ကြည့်စမ်း။ ဟိုကျောက်တုံးတွေက ဟော့ပေါ့ထဲက အသားလုံးတွေ မျောနေသလိုပဲ။’
ရစ်ချက်၏ လှောင်ပြောင်မှုကို ချားလ်စ် ဂရုမစိုက်ဘဲ ရွှံ့ရေအချို့ကို လက်ဖြင့် ခတ်ယူကာ နှာခေါင်းနားသို့ ကပ်၍ နမ်းကြည့်လိုက်သည်။ ပင်လယ်ရေနံ့ကို အရင်ရပြီးနောက် ပုပ်သိုးနေသော အနံ့ဆိုးတစ်ခုက နှာခေါင်းကို လာမှန်သည်။
ဤရွှံ့နွံထဲက ရေများသည် သာမန် ပင်လယ်ရေများသာ ဖြစ်ပြီး ဘာမှ အသုံးမဝင်ချေ။
ချားလ်စ်က သူ့လူတွေကို နောက်ကလိုက်ရန် အချက်ပြလိုက်သည်။ လူတိုင်း၏ မျက်ခုံးများမှာ တွန့်ချိုးနေကြ၏။ ညစ်ပတ်သည့် နေရာကို မည်သည့်လူသားမျှ မနှစ်သက်ပေ။ ရွှံ့ဗွက်ထဲ လျှောက်ရခြင်းမှာ မိလ္လာတွင်းထဲ လျှောက်နေရသလို ခံစားရသည်။
လီလီ၏ ကြွက်ညိုအုပ်စုသည်လည်း ရွှံ့ရေထဲ ခြေချလိုက်သည်နှင့် မီးသွေးခဲများကဲ့သို့ မည်းနက်သွားကြသည်။ ၎င်းကို မြင်သောအခါ လီလီသည် ချားလ်စ်၏ လည်ပင်းကို အတင်းဖက်ထားပြီး သူမ၏ အဖြူရောင် အမွေးအမှင်များပေါ်တွင် အမည်းစက် တစ်စက်မျှ အတင်မခံချေ။
သူ့မှာ ညဘက် မြင်နိုင်စွမ်းရှိသော်လည်း ထူထပ်သော မြူဖြူများကြောင့် အဝေးကို မမြင်ရပေ။ ဒီနေရာတွင် ဘာမှ သေချာမမြင်ရချေ။
ဒီပတ်ဝန်းကျင်က သူတို့ ပထမဆုံး စူးစမ်းခဲ့သည့် ကျွန်းကို သတိရစေသည်။ အတိတ်က အမှားမျိုး ထပ်မဖြစ်စေရန် ချားလ်စ်က ဆုံးဖြတ်ထား၏။ သူသည် အချိန်အပိုင်းအခြားအလိုက် လူစာရင်းကို ပြန်စစ်ဆေးပြီး လက်ပတ်ပေါ်ရှိ အရေအတွက်နှင့် တိုက်ဆိုင်ကြည့်သည်။
တစ်ဦးတစ်ယောက်မျှ ထူးထူးဆန်းဆန်း ပေါ်မလာစေရန် သို့မဟုတ် ပျောက်မသွားစေရန် သေချာအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။
လက်ထဲက မီးရှူးတိုင်များသည် နဂါးတစ်ကောင်၏ အသက်ရှူသံကဲ့သို့ မြူခိုးများကို ဖယ်ရှားရင်း ကျွန်း၏ အလယ်ဗဟိုဆီသို့ တဖြည်းဖြည်း လျှောက်လှမ်းလာကြသည်။
ညစ်ပတ်နေသော ရေများသည် ပုံမှန်မဟုတ်ဘဲ အေးစက်လှသည်။ သူတို့ လမ်းလျှောက်လာတာ နာရီဝက်ခန့်သာ ရှိသေးသော်လည်း ချားလ်စ်မှာ သူ၏ ခြေချောင်းများကို ခံစားလို့ မရတော့ချေ။
အန္တရာယ် မကြုံစေရန်အတွက် ချားလ်စ်က အဖွဲ့သားများကို ရပ်နားရန် ကျောက်တုံးများ ရှာခိုင်းလိုက်သည်။ ခြေချောင်းများ ပြန်လည် နွေးထွေးလာမှသာ ခရီးကို ဆက်ကြမည် ဖြစ်သည်။
ခေတ္တ အနားယူနေစဉ်မှာပင် အဖွဲ့သားများသည် အစားအစာများကို ပါးစပ်ထဲ အတင်းထိုးထည့်နေကြသည်။ သူတို့ ဗိုက်မဆာလျှင်တောင် အင်အားရှိနေစေရန် စားသောက်ကြရပေမည်။
***