လေထုမှာ ကြိုတင်နိမိတ်မကောင်းသလို တင်းမာမှုများ ရှိနေသော်လည်း သင်္ဘောသားများ၏ စိတ်ဓာတ်မှာမူ တည်ငြိမ်နေဆဲ ဖြစ်သည်။ အခု သူတို့ ရောက်ရှိနေသည့် အခြေအနေမှာ လူသားတစ်ယောက်အတွက် ဆိုးရွားလှသည် ဆိုသော်လည်း အရင်က သူတို့ စူးစမ်းခဲ့ဖူးသည့် ကျွန်းများနှင့် နှိုင်းယှဉ်လျှင်မူ ဘာမှမဟုတ်သကဲ့သို့ ရှိပေသည်။
ချားလ်စ်သည် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ရင်း စိတ်ထဲမှနေ၍ ရစ်ချက်နှင့် စကားပြောနေမိ၏။
‘ဒီနေရာမှာ မျှော်လင့်ချက်က သိပ်မရှိလှဘူး။ ဒီကျွန်းက နေရောင်ခြည် လုံးဝ မရတဲ့ ပုံပဲ’
‘ဒါပေါ့။ မင်း မနံဘူးလား။ ဒီနေရာက ဘယ်လောက် နံသလဲဆိုတာ။ ငါသာ ပိုက်ပြင်သမား ဖြစ်နေရင်တောင် ဒီလောက် ညစ်ပတ်တဲ့ နေရာမျိုးကိုတော့ လုံးဝ ပြင်ပေးမှာ မဟုတ်ဘူး’
‘ဒီနေရာကို အပြည့်အဝ စူးစမ်းပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့။ ဖြစ်နိုင်တာကတော့ ဘုရင် က သူ့ရဲ့ ရိက္ခာဖြည့်တင်းတဲ့ နေရာကို ဒီလို ပုံစံမျိုးနဲ့ ဖုံးကွယ်ထားတာလည်း ဖြစ်နိုင်တယ်’
‘အင်း။ အကယ်၍ သူတို့ တကယ်ပဲ ဒီကို ရောက်ခဲ့ဖူးတယ်ဆိုရင် ဒီမှာ ရတနာတွေ ရှိနေနိုင်တာပေါ့’
‘လျှောက်မတွေးစမ်းနဲ့။ ပြီးခဲ့တဲ့ အခေါက်က သင်ခန်းစာ မရသေးဘူးလား’
‘ငါက ဘယ်တုန်းက လျှောက်တွေးလို့လဲ။ အဲဒါက ငါတို့ရဲ့ အစွမ်းကို မြှင့်တင်ဖို့ မဟုတ်ဘူးလား။ အခုထိ ငါတို့ အသက်ရှင်နေတာကလည်း အဲဒီ ရတနာတွေရဲ့ စွမ်းအားကြောင့် မဟုတ်လား’
‘ရတနာတိုင်းမှာ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်။ ရတနာတွေ အများကြီး ပိုင်ဆိုင်ထားရုံနဲ့ ပိုပြီး အစွမ်းထက်လာတာ မဟုတ်ဘူး’
ထိုစဉ်မှာပင် ဒစ်ပ်၏ အသံက သူတို့နှစ်ဦး၏ စိတ်ထဲမှ စကားပြောခန်းကို ဖြတ်တောက်လိုက်သည်။ ချားလ်စ်နှင့် ရစ်ချက်တို့ နှစ်ဦးလုံးသည် ခေါင်းကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ ဒစ်ပ်သည် သူ၏ ကျောပိုးအိတ်ထဲမှ ပြောင်းလုံးပုံစံ ပစ္စည်းတစ်ခုကို ထုတ်နေသည်ကို တွေ့လိုက်ရ၏။
“အဲ။ ဒါလေး ပါလာသေးတာပဲ။ ကျန်ခဲ့ပြီ မှတ်နေတာ”
ဒစ်ပ်က ထိုပစ္စည်းကို မြှောက်ပြရင်း ပြောလိုက်သည်။
သူ့လုပ်ဖော်ကိုင်ဖက်များ စိတ်ဝင်တစား ကြည့်နေစဉ်မှာပင် ဒစ်ပ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဆက်ပြော၏။
“ဒါက အယ်လ်ဘီယွန် ကျွန်းစုက ထွက်တဲ့ နောက်ဆုံးပေါ် ကိရိယာလေးပဲ။ ကဲ ကြည့်လိုက်ကြဦး”
ဒစ်ပ်က ထိုပစ္စည်းပေါ်မှ ခလုတ်နီလေးကို နှိပ်လိုက်သည့်အခါတွင် စူးရှသည့် အဖြူရောင် အလင်းတန်းတစ်ခုက ရှေ့ရှိ မြူခိုးများကို ထိုးဖောက်သွားပေသည်။
“ဒါကို လက်နှိပ်ဓာတ်မီးလို့ ခေါ်တယ်။ လက်ထဲကိုင်ပြီး သယ်သွားလို့ရတဲ့ လျှပ်စစ်မီးအိမ်ပေါ့။ ခင်ဗျားတို့ မတွေ့ဖူးကြဘူး မဟုတ်လား။ ကပ္ပတိန်... ဘာလို့ ရယ်နေတာလဲ။ ဒီအလင်းတန်းရဲ့ အကျယ်ကိုလည်း ချိန်လို့ရသေးတယ်ဗျ”
ဒစ်ပ်က ဓာတ်မီး၏ ခေါင်းပိုင်းကို လှည့်လိုက်သည့်အခါတွင် အလင်းတန်းမှာ စူးရှသည့် ဓားအလင်းတန်းကြီး တစ်ခုကဲ့သို့ ဖြစ်သွားသည်။ ဒစ်ပ်သည် ထိုဓာတ်မီးကို ကိုင်၍ မြူခိုးများကို ဖြတ်တောက်နေသည့် အလင်းဓားကြီး တစ်လက်ကဲ့သို့ ဟိုရမ်းဒီရမ်းဖြင့် ဆော့ကစားနေ၏။
ချားလ်စ်သည် ထိုအလင်းတန်းကို ကြည့်ရင်း သူ၏ မျက်နှာပေါ်မှ အပြုံးမှာ စဉ်းစားဟန် ပုံစံသို့ ပြောင်းလဲသွားသည်။ ဤလက်နှိပ်ဓာတ်မီးမှာ တကယ်ပင် အသုံးဝင်နိုင်ပေသည်။ ဘာပဲဖြစ်ဖြစ် ဤအရာသည် မီးရှူးတိုင်များထက်စာလျှင် သိုလှောင်ရသည်မှာ ပို၍လွယ်ကူပြီး ပိုမို ကြာရှည်ခံပေသည်။
ဒါ့အပြင် ထူထပ်သည့် မြူခိုးများကို ပိုမို ထိထိရောက်ရောက် ထိုးဖောက်နိုင်စွမ်း ရှိသည်။ နောက်တစ်ခေါက် ခရီးစဉ်အတွက် ဝယ်ယူရမည့် ပစ္စည်းစာရင်းထဲတွင် ဤကိရိယာကို ထည့်သွင်းရန် ချားလ်စ်က စိတ်ထဲမှ မှတ်သားထားလိုက်၏။
“အား”
စူးရှသည့် အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံမှာ လီလီ ဖြစ်၏။ သူမသည် ချားလ်စ်၏ လည်ပင်းကို အတင်း ဖက်ထားသည်။
“ဘာဖြစ်လို့လဲ”
ချားလ်စ်က ကြွက်ဖြူလေးကို သူ၏ ရှေ့သို့ ယူဆောင်ကာ မေးလိုက်၏။
“ဟိုမှာ။ မျက်နှာကြီး။ အလင်းတန်း ဖြတ်သွားတုန်းက အဲဒီမှာ မျက်နှာကြီး တစ်ခုကို မြင်လိုက်ရတယ်”
ချက်ချင်းဆိုသလိုပင် ချားလ်စ်သည် သူထိုင်နေသည့် ကျောက်တုံးပေါ်မှ ခုန်ဆင်းကာ လီလီ ပြသည့်ဘက်သို့ ပြေးသွားသည်။ အဖွဲ့သားများကလည်း သေနတ်များကို အသင့်ပြင်၍ နောက်မှ လိုက်လာကြ၏။
သူတို့သည် မြူခိုးများကြားမှ အပြင်းပြေးသွားကြပြီး လီလီပြောသည့် မျက်နှာကြီးဆီသို့ ရောက်သွားသည်။ သို့သော် ထိုအရာမှာ လူအစစ် မဟုတ်ဘဲ နံရံပေါ်တွင် ဆွဲထားသည့် ပုံတစ်ပုံသာ ဖြစ်ပေသည်။
အတိအကျ ပြောရလျှင် ထိုအရာမှာ ပုံတူပန်းချီထက် ကလေးတစ်ယောက် လျှောက်ဆွဲထားသည့် ပုံနှင့် ပိုတူနေသည်။ ဆွဲသည့်သူမှာ ပန်းချီပညာ သိပ်မရှိသော်လည်း သူ ဘာကို ဆိုလိုချင်သည် ဆိုသည်ကိုမူ ထင်ထင်ရှားရှား ပြသနေ၏။
ထိုပုံထဲတွင်မူ ကိုယ်လုံးတီးနှင့် လူတစ်ယောက်က သူ၏ လည်ပင်းကို နာကျင်စွာ ဆုပ်ကိုင်ထားသည့် ပုံဖြစ်သည်။ သူ၏ နာကျင်နေသည့် မျက်နှာပေးနှင့် ကြမ်းတမ်းသည့် စုတ်ချက်များမှာ ထိုပုံကို ပိုမို ကြောက်မက်ဖွယ် ကောင်းအောင် ပြုလုပ်နေသကဲ့သို့ ရှိသည်။
“မစ္စတာ ချားလ်စ်။ ဒါကို ဘယ်သူ ဆွဲထားတာလဲ”
လီလီက သူမ၏ ခေါင်းလေးကို ချားလ်စ်၏ ကော်လာထဲတွင် ဝှက်ထားရင်း မေးလိုက်၏။
“ဒါကို ဘယ်သူ ဆွဲတာလဲ ဆိုတာထက် ဒီနံရံကြီးကို ဘယ်သူ တည်ဆောက်ခဲ့တာလဲ ဆိုတာကို ငါ ပိုပြီး စိတ်ဝင်စားတယ်”
ချားလ်စ်က သူ၏ ရှေ့မှ ခိုင်မာသည့် အဆောက်အအုံကြီးကို လက်ဖြင့် ထိကြည့်ရင်း ပြောလိုက်သည်။ ထူထပ်သည့် မြူခိုးများကြောင့် ဤနံရံ၏ အမြင့်နှင့် အနံကို သူ သေချာ မမြင်ရပေ။
သူသည် သူ၏ ဓားနက်ဖြင့် နံရံကို ခြစ်ကြည့်သည့်အခါ ထိုနံရံမှာ ကွန်ကရစ်ကဲ့သို့ အလွန် ခိုင်မာနေသည်ကို တွေ့လိုက်ရ၏။
‘ဘယ်လိုလူမျိုးက ဒီလို အနံ့ဆိုးတွေ ထွက်နေတဲ့ ရွှံ့နွံတော အလယ်မှာ ဒီလို နံရံကြီးကို လာပြီး ဆောက်ထားရတာလဲ။ အဝါရောင်ဖျော့ဖျော့ အရောင်ကို ကြည့်ရသလောက်တော့ ဒါက ဖောင်ဒေးရှင်း ရဲ့ လက်ချက်နဲ့ မတူဘူး။ ဘုရင် များလား’
“သွားကြစို့။ ငါတို့ ဒီနံရံအတိုင်း လိုက်သွားမယ်”
ချားလ်စ်က အမိန့်ပေးလိုက်ပြီး သူ၏ အဖွဲ့သားများကို ခေါ်ကာ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလိုက်၏။
သူတို့၏ မီးရှူးတိုင် အလင်းရောင်များ ပန်းချီကားပေါ်မှ ပျောက်ကွယ်သွားသည့်အခါ ပုံထဲမှ လူ၏ မျက်နှာမှာ စတင်၍ ပုံပျက်သွားသည်။ အဲဒီနောက်တွင်မူ နံရံထဲမှနေ၍ နောက်ထပ် ကြောက်စရာကောင်းသည့် ပုံရိပ်များ ထွက်ပေါ်လာ၏။
သူတို့၏ ပါးစပ်များမှာ အသံတိတ် အော်ဟစ်နေသကဲ့သို့ ဟပြဲကြီး ဖြစ်နေပြီး တစ်ယောက်နှင့်တစ်ယောက် ရောယှက်ကုန်သည်။ မကြာခင်မှာပင် ထိုပုံရိပ်များမှာ နံရံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
နံရံအတိုင်း လိုက်လာရင်း ချားလ်စ်နှင့် အဖွဲ့သားများသည် နှစ်နာရီနီးပါး လမ်းလျှောက်လာပြီးနောက် လမ်းဆုံးသို့ ရောက်သွားကာ ကြီးမားသည့် အပေါက်ဝကြီး တစ်ခုကို တွေ့လိုက်ရ၏။ ထိုအပေါက်ဝ၏ ဟိုဘက်တွင်မူ မြူခိုးများ ဖုံးလွှမ်းနေပြီး ဘာရှိသည်ကို မသိရပေ။
ကံကောင်းသည်မှာ ချားလ်စ်တွင် ကိရိယာသစ်များ ပါလာခြင်း ဖြစ်သည်။ သူသည် သူ၏ ကျောပိုးအိတ်ထဲမှ မှန်သေတ္တာ တစ်ခုကို ထုတ်လိုက်၏။ အော်ဒရစ်ကို ဘေးကင်းသည့် အကွာအဝေးသို့ ပျံသွားခိုင်းပြီးနောက် ချားလ်စ်က သေတ္တာကို ဖွင့်လိုက်သည်။
စူးရှသည့် နေရောင်ခြည်များ ထွက်ပေါ်လာပြီး မြူခိုးများကို ဖယ်ရှားပစ်လိုက်၏။ သူတို့ရှေ့တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး ဆွံ့အသွားကြသည်။
ထိုအပေါက်ဝ၏ ဟိုဘက်တွင်မူ နံရံများ တစ်ခုနှင့်တစ်ခု ရောယှက်နေပြီး စိုစွတ်သည့် မြူခိုးများကြားတွင် ကြီးမားလှသည့် ဝင်္ကပါကြီး တစ်ခု ဖြစ်နေ၏။ ထိုနံရံများမှာ အလွန် မြင့်မားပြီး ကျယ်ပြောလှသဖြင့် မီတာတစ်ရာခန့် ရှိသည့် ဘီလူးကြီးများအတွက် တည်ဆောက်ထားသကဲ့သို့ ရှိပေသည်။ ထိုနံရံကြီးများ၏ ရှေ့တွင် ရပ်နေရုံနှင့်ပင် သူတို့၏ တစ်ကိုယ်လုံး တုန်ရီနေမိသည်။
နွေးထွေးသည့် အလင်းရောင်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နံရံများမှာ မြူခိုးများကြားတွင် ပြန်လည် ပုန်းကွယ်သွား၏။
ခဏအကြာတွင် နားကွဲမတတ် စူးရှသည့် အသံကြီး ထွက်ပေါ်လာသည်။ ထိုအရာမှာ ချားလ်စ်က သူ၏ ဓားနက်ဖြင့် ဘေးရှိ နံရံပေါ်တွင် မြားပုံစံ တစ်ခုကို ထွင်းထုလိုက်ခြင်း ဖြစ်၏။
“သွားကြစို့”
သူသည် မြူခိုးများကြားသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားပေသည်။
လေထုမှာ ပိုမို၍ ဖိအားများလာ၏။ အန္တရာယ် ရှိနေသည် ဆိုသည်ကို လူတိုင်း သိနေကြပြီး ဘယ်သူမှ ဤနေရာတွင် မသေချင်ကြပေ။ ထို့ကြောင့် လူတိုင်းမှာ အစွမ်းကုန် သတိထားနေကြသည်။
ချားလ်စ်နှင့် အဖွဲ့သားများသည် ဤဝင်္ကပါထဲသို့ မဝင်ခင်က အဆိုးဆုံးကို ပြင်ဆင်ထားခဲ့ကြသော်လည်း အချိန်အတော်ကြာ လျှောက်လာသည့်တိုင် ဘာထူးခြားမှုမှ မတွေ့ရသေးပေ။
သို့သော် ဘာမှ မဖြစ်ခြင်းကပင် နောက်ထပ် လာတော့မည့် အန္တရာယ်ကြီး တစ်ခုက သူ၏ အစွယ်များကို ဝှက်ထားသကဲ့သို့ ဖြစ်နေ၏။ ချားလ်စ်မှာ ဤကဲ့သို့ ရင်တထိတ်ထိတ်နှင့် စောင့်နေရခြင်းကို သိပ်မုန်းပေသည်။ သူ၏ စိတ်မှာလည်း အစွမ်းကုန် တင်းမာနေ၏။
ဤဝင်္ကပါထဲတွင်မူ အနားယူရန် ကျောက်တုံးများ မရှိပေ။ အေးစက်လှသည့် ရေများကြောင့် ချားလ်စ်၏ ခြေထောက်များမှာ တဖြည်းဖြည်း ထုံကျင်လာသည်။ သူသည် နာရီကို ကြည့်လိုက်သည့်အခါ သူတို့ ဤဝင်္ကပါထဲတွင် လမ်းလျှောက်လာသည်မှာ နှစ်နာရီနီးပါး ရှိသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူသည် ပတ်ဝန်းကျင်မှ ညစ်ပတ်သည့် ရေများကို တစ်ချက်ကြည့်ပြီး နံရံပေါ်တွင် နောက်ထပ် မြားပုံစံ တစ်ခုကို ထွင်းလိုက်သည်။ ပြီးနောက် သူ၏ အဖွဲ့သားများကို လှည့်ကြည့်ကာ ပြောလိုက်၏။
“နောက်ထပ် နာရီဝက်လောက်ပဲ ထပ်သွားမယ်။ ဘာမှ မတွေ့သေးဘူးဆိုရင်တော့ ဒီနေ့အတွက် သင်္ဘောကို ပြန်ပြီး အနားယူကြမယ်။ ပြီးမှ နောက်တစ်ခေါက် ပြန်လာကြတာပေါ့”
ချားလ်စ်၏ စကားကို ကြားသည့်အခါ လာစတို အပါအဝင် အားလုံးသည် သက်ပြင်းချရင်း စိတ်သက်သာရာ ရသွားကြသည်။ ဤနေရာမှာ တကယ်ပင် နေလို့မကောင်းသည့် နေရာ ဖြစ်ပေသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး နာရီဝက် ပြည့်ခါနီးတွင် ချားလ်စ်၏ လက်ထဲမှ ဓားနက်မှာ ရုတ်တရက် သူ့ဘာသာသူ ပျံထွက်သွားပြီး ရေထဲသို့ တိုးဝင်သွား၏။
ချားလ်စ်သည်လည်း ချက်ချင်းပင် သူ၏ လက်နက်နောက်သို့ လိုက်သွားသည်။ သူသည် ဓားရိုးကို ကိုင်၍ အစွမ်းကုန် ဆွဲထုတ်လိုက်သော်လည်း ဓားသွားတွင်မူ ဘာမှ ပါမလာပေ။
ဤအပြုအမူမှာ ချားလ်စ်ကိုယ်တိုင် လုပ်ခြင်း မဟုတ်ဘဲ ရစ်ချက်က လုပ်ခြင်း ဖြစ်၏။
‘မင်း ဘာမြင်လိုက်လို့လဲ’
‘ရေမျက်နှာပြင်ပေါ်မှာ လှိုင်းလေးတစ်ခု ဖြစ်သွားတာ မြင်လိုက်လို့ တစ်ခုခု ရှိတယ် ထင်လို့။ ထူးဆန်းလိုက်တာ။ ငါ မျက်စိမှားတာများလား’
ချားလ်စ်သည် ဓားနက်ဖြင့် ရေထဲသို့ ဟိုနှိုက်ဒီနှိုက် လုပ်ကြည့်သော်လည်း ရွှံ့ဗွက်များမှလွဲ၍ ဘာမှ မတွေ့ရပေ။
သူသည် ပြန်၍ မတ်တပ်ရပ်ပြီး အချိန်ကို တစ်ခါ ထပ်စစ်လိုက်၏။
“ကဲ ပြန်ကြမယ်။ နာရီဝက် ပြည့်ပြီ။ အနားယူပြီးမှ နောက်တစ်ခါ ပြန်လာကြမယ်”
လူတိုင်းသည် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု ကျသွားသကဲ့သို့ လှည့်ထွက်ရန် ပြင်လိုက်ကြသည်။ သို့သော် လူစာရင်းကို ပြန်စစ်လိုက်သည့် အခါတွင် ချားလ်စ်၏ မျက်နှာပေါ်၌ ချွေးစေးများ ကျလာပါတော့၏။
“အားလုံး ခဏနေဦး။ ပတ်တီး ပျောက်နေပြီ”
***