"နောက်ထပ် နေရာက လိပ်ပြာချိုင့်ဝှမ်း"
ချင်စန်းက ဦးတည်ချက် သတ်မှတ်ရန် သူ့မြေပုံကို ထုတ်ကြည့်လိုက်သည်။
လိပ်ပြာချိုင့်ဝှမ်းမှာ အဆိပ်အိုင်နှင့် သိပ်မဝေးပေ။ အကယ်၍ ဓားပျံစီးခရီးသွားလျှင် ရောက်ရှိရန် နှစ်ရက်သာ ကြာမြင့်ပေလိမ့်မည်။
နာမည် အတိုင်းပင်... လိပ်ပြာချိုင့်ဝှမ်းမှာ မရေမတွက်နိုင်သော လိပ်ပြာများဖြင့် ပြည့်နှက်နေသည့် လှပသော လျှိုမြောင်တစ်ခု ဖြစ်သည်။
လည်ပတ်ခဲ့ဖူးသူတိုင်းက တူညီသော ခံစားချက် တစ်ခုတည်းကိုသာ ဖော်ပြကြသည်... လှပခြင်း...
ထောင်သောင်းချီသော လိပ်ပြာများက ချိုင့်ဝှမ်း တစ်လျှောက် တနှစ်ပတ်လုံး ဖူးပွင့်နေသော ပန်းပွင့်များကြား ကခုန်ပျံသန်းနေကြသည်။ နွေဦး၊ နွေရာသီ၊ ဆောင်းဦး သို့မဟုတ် ဆောင်းရာသီ ဖြစ်စေ... ရှုခင်းမှာ အမြဲတမ်း ညှို့ယူဖမ်းစားနိုင်စွမ်း ရှိ၏။
ဤလိပ်ပြာများမှာ လူ့လောကတွင် တွေ့ရလေ့ရှိသော သာမန် မျိုးစိတ်များ ဖြစ်ကြသည်။ ဝိညာဉ်ပိုးကောင်များ မဟုတ်ကြသလို ချိုင့်ဝှမ်း ကိုယ်တိုင်မှာလည်း သာမန် ချိုင့်ဝှမ်းတစ်ခုသာ။ အတွင်း၌ မည်သည့် အကာအကွယ် အတားအဆီးများ၊ ဝိညာဉ်ဆေးပင်များ ဝှက်ထားခြင်း မရှိပေ။
ကျင့်ကြံသူများ လိပ်ပြာချိုင့်ဝှမ်းကို ဦးဆုံး ရှာတွေ့ချိန်တွင် လိပ်ပြာများကို ဆွဲဆောင်ပြီး တွယ်တာစေသော ရတနာ တစ်ခုခု ဖုံးကွယ်ထားသည်ဟု သံသယ ဝင်ခဲ့ကြသည်။
ချိုင့်ဝှမ်း တစ်ခုလုံးကို မွှေနှောက် ရှာဖွေခဲ့ကြသော်လည်း လုံးဝ သဘာဝအတိုင်း ဖြစ်တည်နေသော နေရာတစ်ခု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ရုံသာ ရှိသည်။ မြေပြင်အနေအထားကြောင့် ထိုနေရာရှိ ဝိညာဉ်ချီမှာ အနည်းငယ် ပိုသိပ်သည်းပြီး ရာသီဥတုမှာ တနှစ်ပတ်လုံး နွေဦးပေါက်ကဲ့သို့ သမမျှတ နေခြင်း ဖြစ်သည်။
ကောင်းကင်မျက်လုံး လိပ်ပြာဟု ခေါ်သော ဝိညာဉ်ပိုးကောင် တစ်ကောင် ချိုင့်ဝှမ်းထဲတွင် နေထိုင်သည်ဟု ဆိုကြသည်။
ချင်စန်းက ကောင်းကင်မျက်လုံး လိပ်ပြာအတွက် အထူးတလည် ရောက်လာခဲ့ခြင်းပင်။ သို့သော် ၎င်းကို သူ့သက်စောင့် ဂူပိုးကောင် အဖြစ် အသုံးပြုသင့် မသင့် မသေချာသေးပေ။
စုန်းမျိုးနွယ်က ကောင်းကင်မျက်လုံး လိပ်ပြာကို သက်စောင့် ဂူပိုးကောင် အတွက် အနည်းဆုံး သင့်လျော်သော ရွေးချယ်မှုများထဲမှ တစ်ခုဟု သတ်မှတ်ထားသည်။ ယူလင်းဂိုဏ်း အတွင်း၌လည်း ဤလိပ်ပြာနှင့် ပတ်သက်သော မှတ်တမ်းများမှာ မပြည့်စုံဘဲ ပျက်စီးနေသော ရှေးဟောင်း စာလိပ်တစ်ခုအပေါ် အခြေခံထားခြင်း ဖြစ်သည်။
ထိုမှတ်တမ်းများ အရ ကောင်းကင်မျက်လုံး လိပ်ပြာသည် အရွယ်အစား အားဖြင့် သာမန် လိပ်ပြာတစ်ကောင်နှင့် တူညီသည်။ ၎င်း၏ အတောင်ပံများမှာ ပေါ့ပါးပြီး ပုံသဏ္ဍာန်မှာ ကျက်သရေ ရှိသည်။ အထင်ရှားဆုံး အင်္ဂါရပ်မှာ ၎င်းအတောင်ပံများ၏ ခမ်းနားထည်ဝါမှုပင်။
နေရောင်ခြည်အောက်တွင် ၎င်း အတောင်ပံများက မှိန်ဖျော့ဖျော့ ကောင်းကင်ပြာရောင်ကို ပြသသည်။ ပျံသန်းနေစဉ် ပြာလဲ့သော ပင်လယ်ပြင်ကို ဖြတ်သန်းသွားသော လှိုင်းလုံးများကဲ့သို့ ကြည့်ရှုရပြီး တစ်ခါတစ်ရံ အတောင်ပံများက သက်တံအလား တောက်ပသော အရောင်အသွေးများဖြင့် လက်လက်ထနေတတ်သည်။
အတောင်ပံများ အပြည့်အဝ ဖြန့်လိုက်လျှင် လေထဲ ကခုန်ပျံသန်းနေစဉ် လှိုင်းလုံးများနှင့် သက်တံများ ဝန်းရံထားသကဲ့သို့ ထင်မှတ်ရပြီး ဆန်းကြယ်သော အလှတရား တစ်ခုကို ပိုင်ဆိုင်ထားသည်။
၎င်း အတောင်ပံများပေါ်တွင် မျက်လုံးများနှင့် တူသော အကွက်များ ပါရှိသည်။
ထို့ကြောင့် ကောင်းကင်မျက်လုံး လိပ်ပြာဟု အမည်တွင်ခြင်း ဖြစ်သည်။
အမှန်တကယ်တွင် မျက်လုံးပုံစံ အကွက်များမှာ အလှဆင်ရုံ သက်သက် မဟုတ်ပေ။ လိပ်ပြာက တတိယအကြိမ် အသွင်ပြောင်းလဲမှု ပြီးဆုံးပြီးနောက် ထိုအကွက်များမှာ အစစ်အမှန် ကောင်းကင်မျက်လုံးများ ဖြစ်လာလိမ့်မည်။ ဤသည်မှာ ၎င်း၏ မွေးရာပါ စွမ်းရည် ရင်းမြစ်ပင်။
ဒုတိယအကြိမ် အသွင်ပြောင်းလဲချိန်တွင်ပင် ကောင်းကင်မျက်လုံး လိပ်ပြာ၌ ဖုံးကွယ်ခြင်းနှင့် ပုံသဏ္ဍာန် ပြောင်းလဲခြင်း စွမ်းရည်များ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
သာမန် လိပ်ပြာတစ်ကောင် အဖြစ် ရုပ်ဖျက်ထားလျှင် မည်သည့် အားနည်းချက်မျှ မပြသပေ။ ပုန်းကွယ်လိုက်သည်နှင့် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ဦး၏ စိတ်စွမ်းအင်ကိုပင် ရှောင်တိမ်းနိုင်သည် ဆိုကြသည်။
သို့သော် ထိုမျှ အားကောင်းသော ရှင်သန်ခြင်း စွမ်းရည်များက ထိုရည်ရွယ်ချက် တစ်ခုတည်း အတွက်သာ အသုံးဝင်သည်... ရှင်သန်ခြင်း။
ထို့အပြင် ကောင်းကင်မျက်လုံး လိပ်ပြာတွင် အခြား အထူးစွမ်းအားများ မရှိပေ။ သာမန် လိပ်ပြာတစ်ကောင်ကဲ့သို့ နုနယ်သည်။ လေပြင်း တစ်ချက် တိုက်ခတ်ခြင်းကပင် သေစေနိုင်သည်။ ငယ်ရွယ်စဉ် သေဆုံးရန် လွယ်ကူလှ၏။
တောရိုင်းထဲတွင် ရှင်သန်နိုင်စွမ်းမှာ ၎င်း၏ စူးရှသော အန္တရာယ် အာရုံခံနိုင်စွမ်းနှင့် ဖုံးကွယ်ခြင်း၊ ပုံသဏ္ဍာန် ပြောင်းလဲခြင်း ကျွမ်းကျင်မှုများအပေါ် လုံးဝ မှီခိုနေရသည်။
အကယ်၍ ကျင့်ကြံသူ တစ်ဦးသာ ကောင်းကင်မျက်လုံး လိပ်ပြာကို သက်စောင့် ဂူပိုးကောင် အဖြစ် ရွေးချယ်ခဲ့လျှင် တတိယအကြိမ် အသွင်ပြောင်းပြီးသည် အထိ တိုက်ပွဲတွင် မည်သည့် အကူအညီမှ ရလိမ့်မည် မဟုတ်ပေ။
ထိုအချိန် ရောက်လျှင်ပင် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်မှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိပေ။ အတောင်ပံများပေါ်ရှိ ကောင်းကင်မျက်လုံးများကသာ ထူးခြားဆန်းပြား စွမ်းရည်များကို စတင် ထုတ်ဖော်လာလိမ့်မည်။
ဤစွမ်းအားများ၏ တိကျသော သဘောသဘာဝမှာ ရှင်းလင်းမှု မရှိပေ။ ယူလင်းဂိုဏ်း၏ မှတ်တမ်းများတွင် ထိုကဲ့သို့ စွမ်းရည်တစ်ခုမှာ ပုံရိပ်ယောင်များနှင့် အတားအဆီးများကို ဖောက်ထွင်းမြင်နိုင်ပြီး အမြင်ပိုင်းဆိုင်ရာ အနှောင့်အယှက်များကြောင့် ထိခိုက်မှု မရှိခြင်း ဖြစ်ကြောင်းသာ ဖော်ပြထားသည်။
၎င်း၏ စွမ်းအားနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြချက် မရှိပေ။
သေချာသည်မှာ ကောင်းကင်မျက်လုံး လိပ်ပြာက အနည်းဆုံး စတုတ္ထအကြိမ် အသွင်ပြောင်းလဲမှု အထိ ရောက်နိုင်သည့် အလားအလာ ရှိသော်လည်း ထိုအလွန် မှတ်တမ်းများမှာမူ ပို၍ပင် ဝေဝါးနေသည်။ လိပ်ပြာ၏ ကောင်းကင်မျက်လုံးများ ဆက်လက် တိုးတက်ပြောင်းလဲနေမည်ဟု ဖော်ပြထားသည်။
ဤသည်မှာ ချင်စန်း တွန့်ဆုတ်ရခြင်း၏ အရင်းအမြစ်ပင်။
သူက သက်စောင့် ဂူပိုးကောင်ကို အကြောင်းရင်း နှစ်ချက်ဖြင့် မွေးမြူခြင်း ဖြစ်သည်။ ပထမမှာ သူ့ခန္ဓာကိုယ် အတွင်းရှိ စည်းတံဆိပ်အပိုင်းအစများကို ကိုင်တွယ်ဖြေရှင်းရန်။ ဒုတိယမှာ ဝိညာဉ်သန္ဓေသား အဆင့်သို့ ထိုးဖောက် ဝင်ရောက်ရာတွင် ကူညီပေးနိုင်မည့် အဖော်မွန် တစ်ကောင် ရရှိရန်။
သူ့တွင် သက်စောင့် ဝိညာဉ်ဓား တစ်လက် ပိုင်ဆိုင်ထားပြီး ဖြစ်သဖြင့် ပိုးကောင် ရွေးချယ်ရာတွင် တိုက်ခိုက်ရေး စွမ်းရည်မှာ အရေးအကြီးဆုံး စံနှုန်း မဟုတ်ပေ။
သို့တိုင် အလွန်အမင်း အားနည်း၍ မဖြစ်ပေ။ အကယ်၍ ပိုးကောင်က မည်သည့် အထောက်အပံ့မှ မပေးဘဲ မွေးမြူရန် ကြီးမားသော ကြိုးပမ်းအားထုတ်မှုနှင့် အရင်းအမြစ်များ လိုအပ်နေပါက အချိန်နှင့် အလားအလာကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ထိုအချက်က ကောင်းကင်မျက်လုံး လိပ်ပြာနှင့် ပတ်သက်၍ အဓိက ပြဿနာ ဖြစ်နေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ နုနယ်ပြီး ဆည်းဆာကြမ်းပိုးနှင့် မတူဘဲ တိုက်ပွဲတွင် မည်သည့် အထောက်အပံ့မှ မပေးပေ။ လိပ်ပြာ၏ ထူးခြားဆန်းပြား စွမ်းရည်များ မည်မျှ အစွမ်းထက်မည်ကို သိရှိရန်လည်း ချင်စန်း၌ နည်းလမ်း မရှိချေ။ တတိယအကြိမ် အသွင်ပြောင်းသည်အထိ စောင့်ဆိုင်းရပေဦးမည်။
အကယ်၍ ၎င်း စွမ်းအားမှာ သာမန် မျက်လုံးအခြေခံ တာအိုနည်းစနစ်များနှင့် တူညီနေပါက ဆုံးဖြတ်ချက်အတွက် နောင်တရရန်မှတပါး ရွေးချယ်စရာ ရှိမည် မဟုတ်ပေ။
ထူးခြားဆန်းပြား ပိုးမွှားမှတ်တမ်းတွင် ပါဝင်သော အခြား ပိုးမွှားများကဲ့သို့ပင် ကောင်းကင်မျက်လုံး လိပ်ပြာကို မွေးမြူပျိုးထောင်ရန် အလွန် ခက်ခဲသည်။ ကြီးထွားမှုနှုန်း မြန်ဆန်စေရန် အထူးနည်းလမ်းများ အသုံးပြု၍ ကျွေးမွေးရမည် ဖြစ်ပြီး ကြီးမားသော အရင်းအမြစ် ပမာဏ လိုအပ်ပေလိမ့်မည်။ သူကိုယ်တိုင် ရှာဖွေ ပြင်ဆင်ရပေမည်။
ဤအချက်များ ရှိနေလင့်ကစား ကောင်းကျိုးနှင့် ဆိုးကျိုးများကို ချိန်ဆပြီးနောက် ချင်စန်းက ကောင်းကင်မျက်လုံး လိပ်ပြာကို သူ့ရွေးချယ်စရာများထဲမှ တစ်ခု အဖြစ် ထည့်သွင်းရန် ဆုံးဖြတ်လိုက်သည်။
ထူးခြားဆန်းပြား ပိုးမွှားမှတ်တမ်းသို့ ဝင်ရောက်နိုင်သော မည်သည့် ပိုးကောင်မဆို ရှင်းလင်းသော အလားအလာ ရှိစမြဲပင်။
မှတ်တမ်းကောင်းကောင်း ရှိသော ထူးခြားဆန်းပြား ပိုးမွှားများမှာ များသောအားဖြင့် ပိုကြီးမားသော အလားအလာ ရှိကြပြီး အသွင်ပြောင်းလဲမှု နှေးကွေးသော်လည်း အပြန်အလှန် အားဖြင့် ကြောက်မက်ဖွယ် မွေးရာပါ စွမ်းရည်များကို တိုးတက်စေကြသည်။ ကောင်းကင်မျက်လုံး လိပ်ပြာမှာလည်း သိပ်နောက်ကျ ကျန်ရစ်ခဲ့မည် မဟုတ်သဖြင့် စွန့်စားရကျိုး နပ်ပေသည်။
အကယ်၍ ၎င်း၏ ပုံရိပ်ယောင်များကို ဖောက်ထွင်းမြင်နိုင်စွမ်းမှာ လုံလောက်အောင် အားကောင်းပါက အခြေအနေများစွာတွင် အလွန် တန်ဖိုးရှိပေလိမ့်မည်။ အထူးသဖြင့် လျှို့ဝှက် သို့မဟုတ် ဆန်းကြယ်သော နေရာများကို စူးစမ်းရှာဖွေရာတွင်ပင်။ ထို့အပြင် ဤသည်မှာ လိပ်ပြာ၏ တစ်ခုတည်းသော စွမ်းရည် ဖြစ်ချင်မှ ဖြစ်မည်။
အကယ်၍ ပိုကောင်းသော ဂူပိုးကောင် ရှာမတွေ့ပါက ချင်စန်း အနေဖြင့် ကောင်းကင်မျက်လုံး လိပ်ပြာကို ရွေးချယ်ယုံသာ။
တကယ်တော့... အဲ့ဒါက ဖမ်းမိမှ ပြောလို့ရမယ့် ကိစ္စပါ...
နှစ်ရက် အကြာတွင် ချင်စန်းက လိပ်ပြာချိုင့်ဝှမ်း တည်ရှိရာ တောင်တန်းသို့ ရောက်ရှိလာ၏။ ချိုင့်ဝှမ်း အနီးသို့ ရောက်သောအခါ သူ့မျက်မှောင် ရုတ်တရက် ကြုတ်သွားသည်။ တောင်ထိပ်တစ်ခုပေါ် ဆင်းသက်ပြီး ခေါင်းငုံ့ကာ ခါးရှိ ပိုးကောင်ခြင်းတောင်းကို လှမ်းကြည့်လိုက်သည်။
ခြင်းတောင်း အတွင်းမှ တိုးညှင်းသော်လည်း စူးရှသော တရှဲရှဲ မြည်သံ ထွက်ပေါ်နေဆဲ။
ဖက်တီးပိုးကောင်က ခြင်းတောင်းကို ကိုက်ခဲနေပြန်ပြီ။
ချင်စန်း ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော နှစ်ရက် အတွင်း ဖက်တီးပိုးကောင်က စားလိုက် အိပ်လိုက်မှလွဲ၍ ဘာမှ မလုပ်ပေ။ နိုးလာပြီး အစားအစာ မရှိသည်ကို တွေ့တိုင်း သူ့ထံမှ ပိုတောင်းဆိုရန် ခြင်းတောင်းကို မရပ်မနား စတင် ကိုက်ခဲတတ်သည်။
အဆိုးရွားဆုံး အပိုင်းမှာ ကြက်သွေးရောင် မီးရွှေစင်မှလွဲ၍ အခြား မည်သည်မှ မစားခြင်းပင်။
ချင်စန်းက ဝိညာဉ်ဆေးလုံး အမျိုးမျိုး၊ ဆေးရည်များနှင့် အဆိပ်များပင် ကျွေးမွေးရန် ကြိုးစားခဲ့သော်လည်း ဖက်တီးပိုးကောင်ကမူ လုံးဝ လျစ်လျူရှုထားခဲ့သည်။ တစ်ချက်လေးပင် လှည့်မကြည့်ပေ။ သူ့ကမ်းလှမ်းမှုများကို စော်ကားခံရသကဲ့သို့ သူ့အား တံတွေးနှင့် ထွေးကာ မျက်စောင်းပင် ထိုးလိုက်သေး၏။
အကယ်၍ သူ့မျက်လုံးများ မစူးရှပါက ၎င်းတွင် မျက်လုံး ပါသည်ကိုပင် သတိထားမိလိုက်မည် မဟုတ်ပေ။
ဤကဲ့သို့ ဝိညာဉ်ပိုးကောင်မျိုးကို သက်စောင့် ဂူပိုးကောင် အဖြစ် အသုံးပြုရန် ချင်စန်း ထည့်သွင်း မစဉ်းစားရဲပေ။ မွေးမြူရန် မဖြစ်နိုင်သလောက်ပင်။
သို့သော် ဤသတ္တဝါမှာ လုံးဝ မိုက်မဲနေခြင်းတော့ မဟုတ်။ သူ တစ်ယောက်တည်းသာ ကြက်သွေးရောင် မီးရွှေစင်ကို သယ်ဆောင်ထားကြောင်း သိနေပုံရသည်။ မည်မျှပင် လွှင့်ပစ်ရန် ကြိုးစားပါစေ ခေါင်းမာစွာဖြင့် အကြိမ်တိုင်း တွားသွား ပြန်ရောက်လာတတ်သည်။
တွယ်ကပ်မိသည်နှင့် တပြိုင်နက် ပျော်ရွှင်စွာ ပြန်အိပ်ပျော်သွားပြန်သည်။
သို့သော် သူ့အား သခင်အဖြစ် အသိအမှတ် မပြုသေးပေ။
ကျင့်ကြံသူ တစ်ဦး အနေဖြင့် ဝိညာဉ်ပိုးကောင် တစ်ကောင်ကို အမိန့်ပေးနိုင်သည့် နည်းလမ်း သုံးခုသာ ရှိသည်။ ပထမမှာ ယူလင်းဂိုဏ်း၏ ပိုးမွှားထိန်းချုပ် နည်းစနစ်များ။ ဒုတိယမှာ စုန်းမျိုးနွယ်၏ သက်စောင့် ဂူပိုးကောင်။ တတိယမှာ အလွန် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်သည့် ဝိညာဉ်ပိုးကောင်က သခင်ကို မိမိသဘောဆန္ဒ အလျောက် အသိအမှတ် ပြုခြင်း ဖြစ်သည်။
ဒဏ္ဍာရီများအရ ဝိညာဉ်ပိုးကောင်က နှောင်ကြိုးဖွဲ့ရန် စတင် ဦးဆောင်သောအခါ ကျင့်ကြံသူနှင့် ပိုးကောင်တို့ ထူးကဲသော ဝိညာဉ် ပဲ့တင်ထပ်မှုကို မျှဝေရရှိကြပြီး မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု ဆိုကြသည်။
ဤကဲ့သို့ အခွင့်အရေးမျိုးမှာ ကံတရားထက် ကျော်လွန်ပြီး လုံးဝ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
၎င်းတို့၏ နိမ့်ကျသော ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဝိညာဉ်ပိုးကောင်များ ဘာတွေးနေသည်ကို ခန့်မှန်းရန် မဖြစ်နိုင်သလောက်ပင်။
အချို့က လူသားများကို ဆွဲဆောင်ရာတွင် အသုံးပြုသော နည်းဗျူဟာများ ဖြစ်သည့် ဟန်ဆောင် ခြုံခိုတိုက်ခိုက်မှု ဖန်တီးပြီး ပိုးကောင်၏ အသက်အား ကယ်တင်ကာ ကရုဏာ ပြသခြင်းမျိုးကိုပင် ကြိုးစားခဲ့ကြသည်။
နောက်ဆုံးတွင် လုံးဝ ထိရောက်မှု မရှိကြောင်း သက်သေပြခဲ့၏။ ဝိညာဉ်ပိုးကောင်များက ကျေးဇူးတရားကို ထိုနည်းလမ်းဖြင့် မခံစားတတ်ကြပေ။
ချင်စန်းက ဖက်တီးပိုးကောင်ကို နှစ်ရက်တိတိ စိတ်ရှည်လက်ရှည် ကျွေးမွေးခဲ့သည်။ သို့တိုင် သတ္တဝါလေးက ကျေးဇူးတင်ခြင်း မရှိဘဲ အငမ်းမရ စားချင်စိတ်ကိုသာ ပြသနေသည်။ နောက်ဆုံးတွင် သူ သည်းခံနိုင်သလောက် သည်းခံပြီးပြီဟုသာ ဆုံးဖြတ်လိုက်တော့သည်။
ယခုက သင်ခန်းစာ ပေးရမည့် အချိန် ရောက်လေပြီ။
၎င်း၏ စားချင်စိတ်မှာ မကြီးမားသော်လည်း မပြတ်တမ်း စားသောက်နေသည်။ ထိုပမာဏမှာ တဖြည်းဖြည်း လျင်မြန်စွာ များပြားလာသည်။
"ကြက်သွေးရောင် မီးရွှေစင်က အရမ်း တန်ဖိုးကြီးလွန်းတယ်... ငါ့မှာ အသီးတစ်လုံးပဲ ကျန်တော့တာ... ငါ့ရဲ့ သက်စောင့် ဂူပိုးကောင် အသွင်ပြောင်းဖို့အတွက် လိုနေသေးတယ်... ဘယ်လိုလုပ် အသုံးမကျတဲ့ ဖက်တီးပိုးကောင် တစ်ကောင်ကို အစာကျွေးပြီး ဖြုန်းတီးပစ်ရမှာလဲ"
အေးစက်စွာ နှာခေါင်းရှုံ့ရင်း ချင်စန်းက ယမမင်းတံခွန်ကို ထုတ်ယူပြီး ကိုးလွှာငရဲ မိစ္ဆာမီးလျှံ တစ်စကို ဆင့်ခေါ်ကာ သေးငယ်သော အပ်တစ်ချောင်း အဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် ပိုးကောင်ခြင်းတောင်းကို ဖွင့်လိုက်တော့သည်။
End
***