ကြက်သွေးရောင် မီးရွှေစင် တစ်စက်သာ ကျန်တော့၏။ ချင်စန်းက စမ်းချောင်းဘေးရှိ ကျောက်တုံး အက်ကြောင်းများကြားတွင် ၎င်းကို ထားရှိခဲ့သည်။
မိုးမလင်းသေးပေ။ အလင်းရောင်မလာမီ အမှောင်ဆုံး အချိန်ပင်။
တစ်ညလုံး စည်ကားနေပြီးနောက် လိပ်ပြာချိုင့်ဝှမ်းမှာ ယခုအခါ ငြိမ်သက်ခြင်း အငွေ့အသက်များနှင့်အတူ တိတ်ဆိတ်သွားခဲ့လေပြီ။
လိပ်ပြာအုပ် တစ်အုပ်က စမ်းချောင်းကို ဖြတ်ကျော် ပျံသန်းလာသည်။
ရုတ်တရက် ထိုရေပြင် အထက်ရှိ လိပ်ပြာများ အားလုံး လေထဲတွင် တောင့်တင်းသွားပြီး ကခုန်နေသော ဟန်ပန်အတိုင်း မလှုပ်မယှက် ရပ်တန့်သွားကြသည်။
မသိလျှင် ဤနေရာ၌ အချိန် ရပ်တန့်သွားသကဲ့သို့ပင်။
နောက်တစ်ခဏတွင် လူရိပ်တစ်ခု စမ်းချောင်း ကမ်းပါး၌ ပေါ်လာသည်။
ချင်စန်းက လိပ်ပြာအုပ်ကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ကမ်းပါးတလျှောက်ရှိ ကျောက်တုံးများဆီ အကြည့် ရွှေ့လိုက်သည်။ ခဏတာ တွေဝေပြီးနောက် လက်ကိုဆန့်ထုတ်၍ လှမ်းခေါ်လိုက်လျှင် သာမန် ဂေါ်ဖီထုပ်ဖြူ လိပ်ပြာပုံစံနှင့် လိပ်ပြာငယ် တစ်ကောင်က ကျောက်တုံး အက်ကြောင်းထဲမှ ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ သေးငယ်ပြီး နှင်းကဲ့သို့ ဖြူဖွေးသော အတောင်ပံများပေါ်တွင် အနက်ရောင် အစက်အပြောက်များ ပါရှိသည်။ ဤသည်မှာ အတွေ့ရအများဆုံး လိပ်ပြာ အမျိုးအစားများထဲမှ တစ်ခုပင်။
လန့်သွားသဖြင့် ထိတ်လန့်တကြား ပျံသန်းနေသော်လည်း မမြင်ရသော လှောင်အိမ်တစ်ခု အတွင်း ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။ ဘက်ပေါင်းစုံ ပိတ်ဆို့ခံထားရပြီး ထွက်ပြေး၍ မရနိုင်ချေ။
ချင်စန်းထံသို့သာ ဖြည်းဖြည်းချင်း တည့်တည့် မျောပါလာတော့သည်။
ချင်စန်းက ဂေါ်ဖီထုပ်ဖြူသဏ္ဍာန် လိပ်ပြာကို စိုက်ကြည့်နေမိသည်။ ဤမျှ နီးကပ်နေသည့်တိုင် အပြစ်အနာအဆာ တစ်စက်မျှ ရှာမတွေ့သေးပေ။
ဤသည်မှာ ကောင်းကင်မျက်လုံး လိပ်ပြာဖြစ်ကြောင်း သူ သေချာသည်။
ကြက်သွေးရောင် မီးရွှေစင် ပျောက်ကွယ်သွားသည်ကို အာရုံခံမိလိုက်သည့် ခဏမှာပင် သူ့ စိတ်စွမ်းအင် ချက်ချင်း အသုံးပြု၍ ပတ်ဝန်းကျင် လေဟာနယ်အား ပိတ်ဆို့လိုက်ခြင်း ဖြစ်သည်။
ယခင်က ကျောက်တုံး အက်ကြောင်းထဲတွင် မည်သည့် လိပ်ပြာမှ မရှိခဲ့ပေ။ လေဟာနယ်ကို ပိတ်ဆို့ပြီးမှသာ ဤဂေါ်ဖီထုပ်ဖြူ လိပ်ပြာ ရုတ်တရက် ပေါ်လာခြင်း မဟုတ်ပါလား။
ကောင်းကင်မျက်လုံး လိပ်ပြာ တစ်ကောင်တည်းသာ ဤမျှ အစွမ်းထက်သော ပုန်းကွယ်ခြင်းနှင့် ရုပ်ဖျက်ခြင်း စွမ်းရည်များကို ပိုင်ဆိုင်ပေလိမ့်မည်။
"နောက်ဆုံးတော့ ဝိညာဉ်ပိုးမွှား တစ်ကောင် ဖမ်းမိပြီ... မလွယ်လိုက်တာ"
ချင်စန်း စိတ်ထဲ သက်ပြင်းချလိုက်သည်။ သူက နေရာ ခြောက်ခုကို ခက်ခက်ခဲခဲ သွားရောက်ခဲ့ပြီးနောက် ယခုမှသာ တစ်ခုခု ရရှိခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် အသုံးမကျသော စားလိုက်အိပ်လိုက် ဖက်တီးပိုးကောင်နှင့်သာ ပြန်သွားရမည့်ကိန်းပင်။
ကောင်းကင်မျက်လုံး လိပ်ပြာကို ဖမ်းမိပြီ ဖြစ်သော်လည်း ချင်စန်းက ၎င်းအား သက်စောင့် ဂူပိုးကောင်အဖြစ် သန့်စင်ရန် အလျင်မလိုသေးပေ။ စူးစမ်းရှာဖွေရန် နောက်ထပ် နေရာနှစ်ခု ကျန်နေသေးသည် မဟုတ်ပါလား။ ပိုကောင်းသော ရွေးချယ်စရာ တစ်ခု တွေ့နိုင်လောက်သည်။
ချင်စန်းက ယူလင်းဂိုဏ်း၏ ပိုးမွှား ချည်နှောင်ခြင်း နည်းလမ်းများထဲမှ တစ်ခုကို ပြန်စဉ်းစားပြီး အတားအဆီး တစ်ခု ရွေးချယ်ကာ ကောင်းကင်မျက်လုံး လိပ်ပြာအပေါ် အလွှာလိုက် အလွှာလိုက် ချလိုက်သည်။
လိပ်ပြာမှာ ရုန်းကန်မှုကို မစွန့်လွှတ်သေးပေ။
အတားအဆီး၏ အန္တရာယ်ကို အာရုံခံမိပုံရပြီး ခဏတာ ပြန်လည် တိုက်ခိုက်နေသည်။ သို့သော် သူ့ကြိုးပမ်းမှုများ အရာမထင်သောအခါ ပို၍ ဂနာမငြိမ် ဖြစ်လာတော့သည်။ ရုတ်တရက် ပုံစံပြောင်းလဲကာ သူ့ကို လှည့်စားရန် ကြိုးစားသည့်အနေဖြင့် လှပသော စာကလေးမြီး လိပ်ပြာ တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။
ပြောင်းလဲမှုမှာ လျင်မြန်လှသည်။
ဂေါ်ဖီထုပ်ဖြူ ပျောက်ကွယ်သွားသည်နှင့် စာကလေးမြီးက နေရာယူလိုက်သည်။ သေချာ ဂရုမစိုက်သော သူဆိုလျှင် အလွယ်တကူ လှည့်စားခံရပေလိမ့်မည်။
ချင်စန်း တိုးတိုးလေး ရယ်မောမိတော့သည်။ ဉာဏ်ရည် မနိုးထသေးသော ဝိညာဉ်ပိုးမွှား တစ်ကောင်သာ ဖြစ်သေးသည်... သိပ်ကို ရိုးအလွန်းသည်။
ဤအချက်က ထိုလိပ်ပြာ မည်သူမည်ဝါ ဖြစ်ကြောင်းကို ပို၍ သေချာစေရုံသာ ရှိသည်။
အချိန်အတော်ကြာပြီးနောက် အတားအဆီး အပြည့်အဝ ချပြီးသွားခဲ့လေပြီ။ ဂေါ်ဖီထုပ်ဖြူက သူ့ရုပ်ဖျက်ခြင်းကို စွန့်လွှတ်ပြီး မူလပုံစံ အစစ်အမှန်သို့ ပြန်လည် ပြောင်းလဲလာသည်။
"ဒုတိယအဆင့် အသွင်ပြောင်းလဲခြင်း ကောင်းကင်မျက်လုံး လိပ်ပြာ... ကြည့်ရတာ ဒုတိယအဆင့် ပြောင်းလဲခြင်းရဲ့ နောက်ဆုံးအဆင့်မှာ ရှိနေပုံပဲ... သူ့ရဲ့ ပုန်းကွယ်နိုင်စွမ်းက ဒီလောက် ကြောက်စရာ ကောင်းနေတာ မဆန်းတော့ဘူး"
ချင်စန်းက လိပ်ပြာကို သူ့လက်ချောင်းထိပ်တွင် နားစေရန် လမ်းညွှန်လိုက်သည်။
ရှေးဟောင်း စာပေများတွင် မှတ်တမ်းတင်ထားသည့် အတိုင်းပင်။ ကောင်းကင်မျက်လုံး လိပ်ပြာ၏ ပုံစံအစစ်အမှန်မှာ အပြာရောင်ဖျော့ဖျော့ အလင်းရောင်များ လွှမ်းခြုံထားသကဲ့သို့ ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ ၎င်းရှိနေလျှင် လိပ်ပြာချိုင့်ဝှမ်း အတွင်းရှိ အခြား လိပ်ပြာများ အားလုံး အရောင်မှိန်သွားရ၏။
အတောင်ပံများပေါ်တွင် စက်ဝိုင်းပုံ အကွက်များ ပါရှိပြီး မျက်လုံးများနှင့် အတော်လေး တူနေပြီ ဖြစ်သည်။ တတိယအကြိမ် ပြောင်းလဲခြင်း ပြီးမြောက်သည်နှင့် ကောင်းကင်မျက်လုံးများ နိုးထလာပေလိမ့်မည်။
ချင်စန်းက ကောင်းကင်မျက်လုံး လိပ်ပြာကို ဝိညာဉ်သစ်သီး ဝတ်ရည် အနည်းငယ် တိုက်ကျွေးပြီးနောက် ကျန်လိပ်ပြာများကို ပြန်လွှတ်ပေးလိုက်သည်။ သူ လှည့်ထွက်လာပြီး လှပနေဆဲဖြစ်သော လိပ်ပြာချိုင့်ဝှမ်းကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ကာ ကျေနပ်စွာဖြင့် ထွက်ခွာလာခဲ့တော့သည်။
ကင်းခြေများရွာ…
နာမည်က ထူးဆန်းသော်လည်း ရှီကျန်း တစ်ခွင်တွင် ကျော်ကြားလှသည်။
ဝက်ဝံတောင် ဒေသမှာ ဝေးလံခေါင်ဖျားပြီး ရှီကျန်း၏ အနောက်မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိသည်။ ကျင့်ကြံသူ အများစု ခြေမချချင်ကြသော ခြောက်သွေ့ပြီး လူသူကင်းမဲ့သည့် နေရာတစ်ခု ဖြစ်သည်။ ကင်းခြေများရွာမှာ ဝက်ဝံတောင် ဒေသ၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး အတော်လေး ဝေးကွာသော်လည်း ဝက်ဝံတောင်မှ သွားရောက်နိုင်သော အကြီးဆုံးနှင့် အင်အားအကြီးဆုံး စခန်းတစ်ခုပင်။
အနီးအနားရှိ စုန်းမျိုးနွယ်ဝင် ကျင့်ကြံသူများမှာ ကုန်သွယ်ရန်နှင့် သတင်းအချက်အလက် စုဆောင်းရန် ကင်းခြေများရွာသို့ မကြာခဏ လာရောက်လေ့ ရှိကြသည်။
ဤနေရာမှာ ရေခဲလွင်ပြင်၏ ကျင့်ကြံခြင်း လောကရှိ ဈေးကွက်တစ်ခုနှင့် တူညီသည်ဟု ဆိုရပေမည်။
ခရီးပန်းလာသော ချင်စန်း တစ်ယောက် ဖုန်မှုန့်များ ပေကျံလျက် ကင်းခြေများရွာ၏ ခြေရင်းတွင် ပေါ်လာပြီး မော့ကြည့်လိုက်သည်။
ရွာမှာ မြို့တစ်မြို့ကဲ့သို့ ကျယ်ဝန်းလှသည်။
ခြေတံရှည် သစ်သား အဆောက်အအုံများမှာ တစ်ခုနှင့်တစ်ခု ကပ်လျက် တန်းစီနေပြီး အားလုံးက စုန်းမျိုးနွယ်၏ ထူးခြားသော ဗိသုကာ လက်ရာများဖြင့်။ အဆောက်အအုံများမှာ တောင်တန်း တစ်ခုလုံး ဖြန့်ကျက် တည်ရှိနေသဖြင့် တောင်ပံပါ မြွေရွာထက် အဆပေါင်းများစွာ ကြီးမားသည်။
ဈေးကွက်ကို ကင်းခြေများရွာရှိ အမြင့်ဆုံး တောင်ထိပ်တွင် တည်ဆောက်ထားသည်။ ရှီကျန်း တစ်ခွင်မှ ဂိုဏ်းအသီးသီးနှင့် ကုန်သည်အသင်းအဖွဲ့များက ထိုနေရာတွင် စခန်းများ တည်ထောင်ထားကြပြီး ချွေ့ရွှမ်ဇီ အများဆုံး ဆက်ဆံလေ့ရှိသော အသင်းအဖွဲ့လည်း ပါဝင်သည်။
ချင်စန်း လိပ်ပြာချိုင့်ဝှမ်းမှ ထွက်ခွာလာခဲ့သည်မှာ တစ်လကျော် ကြာခဲ့လေပြီ။
မျှော်လင့်ထားသည့် အတိုင်းပင် နောက်ဆုံး နေရာနှစ်ခုမှာ ဗလာဖြစ်နေပြီး ဝိညာဉ်ပိုးမွှားများ၏ အရိပ်အယောင်မျှ မတွေ့ရပေ။ ချင်စန်းလည်း တောရိုင်းထဲတွင် ရည်ရွယ်ချက်မရှိ ဆက်လက် လှည့်လည်သွားလာရန် ဆန္ဒမရှိတော့သဖြင့် ဓားပျံစီး၍သာ ပြန်လာခဲ့လိုက်သည်။
ခရီးသွားခြင်းနှင့် မျှားခေါ်ခြင်း လုပ်ငန်းစဉ် အပါအဝင် ဤခရီးစဉ် တစ်ခုလုံးမှာ လေးလနီးပါး ကြာမြင့်ခဲ့၏။ ကြက်သွေးရောင် မီးရွှေစင်၏ အကူအညီ ပါဝင်သည့်တိုင် သူပြန်လာချိန်တွင် အသုံးမကျသော ပိုးကောင် တစ်ကောင်နှင့် ကောင်းကင်မျက်လုံး လိပ်ပြာ တစ်ကောင်သာ ပါလာခဲ့သည်။
တကယ်တမ်း ထိုအရာ၏ တစ်စိတ်တစ်ပိုင်းမှာ သူ့ကိုယ်ပိုင် စံနှုန်း မြင့်မားမှုကြောင့်လည်း ပါသည်။
ပြန်ရောက်ပြီးနောက် ချင်စန်းက ဝက်ဝံတောင် ဒေသသို့ တန်းတန်းမတ်မတ် ပြန်မသွားဘဲ ကင်းခြေများရွာသို့ အရင် လာခဲ့ခြင်း ဖြစ်သည်။
မထွက်ခွာမီက သူ ရွာသို့ တစ်ခေါက် လာရောက်ခဲ့ပြီး ကုန်သည်အသင်းအဖွဲ့များမှ တာဝန်ခံ အများအပြားနှင့် တွေ့ဆုံခဲ့ဖူးသည်။ ဝိညာဉ်ပိုးမွှား ကိုးမျိုးနှင့် ပတ်သက်သော သတင်းအချက်အလက် အများစုမှာ သူတို့လက်မှ ရရှိခဲ့ခြင်း ဖြစ်သည်။
ခရီးမထွက်မီက သူတို့ကို ဝိညာဉ်ကျောက်တုံး အမြောက်အမြား ကြိုတင်ပေးချေခဲ့ပြီး ကိစ္စအချို့ စုံစမ်းပေးရန် လမ်းကြောင်းအမျိုးမျိုး အသုံးပြုခိုင်းခဲ့သည်။
လေးလဆိုသည်မှာ ရလဒ်အချို့ စုဆောင်းရန် လုံလောက်သော အချိန် မဟုတ်ပါလား။
ချင်စန်းက ခေါင်းဆောင်းဆွဲချပြီး ဝိညာဉ်တမ်းရှောင် နည်းစနစ်ကို အသက်သွင်းကာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်အဖြစ် ရုပ်ဖျက်လိုက်သည်။
သူက လျှို့ဝှက်ချက်များစွာ ရှိသော လူသစ်တစ်ယောက် ဖြစ်သည်။ စုန်းမျိုးနွယ် ကြီးစိုးသော နယ်မြေတစ်ခုမှ လူသားတစ်ယောက် အနေဖြင့် သူ့ထက် စွမ်းအားကြီးသော စုန်းကျင့်ကြံသူများနှင့် မတွေ့ဆုံလိုပေ။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ သူ့ကို ဖောက်ထွင်းမြင်နိုင်သော နည်းလမ်း ရှိခဲ့လျှင် အကျိုးဆက်များမှာ ဆိုးရွားပေလိမ့်မည်။
မျိုးနွယ်တူ မဟုတ်သူများတွင် ရည်ရွယ်ချက် အမျိုးမျိုး ရှိတတ်ကြသည်။
ဤစကားရပ်မှာ ချန်လန်ပင်လယ် ဒေသတွင် အထူး မှန်ကန်၏။
စုန်းမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြား ပဋိပက္ခမှာ ဘယ်သောအခါမှ မရပ်တန့်ခဲ့ဖူးပေ။ ချင်စန်းက ရှီကျန်းမှ ထွက်ခွာပြီး လူသားပိုင်နက်သို့ ပြန်ရောက်မှသာ လွတ်လပ်စွာ သွားလာရဲခြင်း ဖြစ်သည်။ စုန်းမျိုးနွယ်၏ နယ်မြေအတွင်း ရှိနေစဉ်တွင်မူ နှိမ့်ချစွာ နေထိုင်ခြင်းက အလုံခြုံဆုံး လမ်းကြောင်းပင်။
ကောလဟာလများအရ ကင်းခြေများရွာ၏ ရွာလူကြီးမှာ စွမ်းအားကြီးသော ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ထိုအချက်ကြောင့်ပင် ရွာ၏ လက်ရှိ အဆင့်အတန်းကို ရရှိထားခြင်း ဖြစ်သည်။ သူ အမှန်တကယ် ရှိနေသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ချင်စန်းက ရှာဖွေခံရမည်ကို မလိုလားပေ။
ရုပ်ဖျက်ပြီးသည်နှင့် တောင်ပေါ်သို့ ခြေကျင် တက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် အခြား ကျင့်ကြံသူများကို ကျော်ဖြတ်လာခဲ့သော်လည်း အများစုမှာ အချိန်ဆွဲမနေဘဲ အလျင်အမြန် သွားလာနေကြသည်။
ရွာထဲသို့ ရောက်ပြီးနောက် ရင်းနှီးသော လမ်းကြောင်းများအတိုင်း ယုံကြည်ချက်ရှိရှိ လျှောက်လှမ်းလာပြီး ခမ်းနားသော သစ်သား အဆောက်အအုံ တစ်ခု ရှေ့တွင် ရပ်တန့်လိုက်သည်။
အပေါ်တွင် ပိုင်ရှန်း ကုန်သည်အသင်းဟူသော ဆိုင်းဘုတ် တစ်ခု ချိတ်ဆွဲထားသည်။
ချင်စန်း ခေတ္တ ရပ်တန့်ပြီးနောက် တည့်တည့် ဝင်လာခဲ့၏။
ခန်းမဆောင်ထဲတွင် မှော်ရတနာများနှင့် ဝိညာဉ်ဆေးလုံး မျိုးစုံ စီတန်းထားပြီး ထူးခြားသော ရုပ်ရည်သွင်ပြင် ရှိကြသည့် စုန်းမျိုးနွယ်မှ အစေခံ မိန်းကလေး ဒါဇင်နှင့်ချီ၍ ဝန်ဆောင်မှု ပေးနေကြသည်။
အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ၏ အငွေ့အသက်ကို ထုတ်ဖော်ပြသထားသဖြင့် ချင်စန်းအား အစေခံ မိန်းကလေး တစ်ယောက်က ပိုင်ရှန်း ကုန်သည်အသင်းမှ တာဝန်ခံပိုင်ထံသို့ လျင်မြန်စွာ ခေါ်ဆောင်သွားသည်။
"တာအိုရောင်းရင်း... ပြန်ရောက်လာတာ မြန်လှချည်လား... ပိုးကောင် ရှာဖွေတာ အောင်မြင်ခဲ့ရဲ့လား"
တာဝန်ခံပိုင်က ချင်စန်းကို မှတ်မိနေသေးသည်။ ထိုကဲ့သို့ ထူးဆန်းသော တောင်းဆိုမှုမျိုး ပြုလုပ်သည့် ဖောက်သည်များ ရှားပါးလွန်းသည် မဟုတ်ပါလား။
"ခင်ဗျား ပြောတဲ့ နေရာနှစ်ခုမှာ ကျုပ် နှစ်လနီးပါး စခန်းချခဲ့တယ်... ဝိညာဉ်ပိုးမွှားရဲ့ အရိပ်အယောင်တောင် မတွေ့ခဲ့ရဘူး... ကျုပ် ဘယ်နှကောင် ဖမ်းမိခဲ့မယ် ထင်လို့လဲ"
ချင်စန်းက ဒေါသထွက်ဟန်ဆောင်၍ လေသံမာမာဖြင့် ပြောလိုက်သည်။
တာဝန်ခံပိုင်က တည်ငြိမ်စွာပင် လက်ဖက်ရည် သောက်ရင်း အပြုံးဖြင့်…
"တာအိုရောင်းရင်း မမေ့သေးဘူးလို့ ထင်ပါတယ်... ကျုပ် အစကတည်းက ပြောခဲ့သားပဲ... ခင်ဗျားပေးတဲ့ စာရင်းထဲမှာ ဝိညာဉ်ပိုးမွှားတွေက ရှားပါးပြီး အများစုက စုန်းပိုးမွှား မှတ်တမ်းရဲ့ အောက်ဆုံးနားမှာ ရှိတာလေ... စုန်းနတ်ဘုရားတောင်ပေါ်က ထိပ်တန်းဂိုဏ်းတွေရဲ့ တပည့်တွေလောက်ပဲ သူတို့ကို သက်စောင့် ဂူပိုးကောင်အဖြစ် သုံးရဲကြတာ... ရှီကျန်းမှာ ဒီပိုးကောင်တွေကို ရှာတဲ့လူ သိပ်မရှိတော့ သတင်းအချက်အလက်တွေက မရေရာဘူး... ခင်ဗျား လက်ဗလာနဲ့ ပြန်ရောက်လာတာ မျှော်လင့်ပြီးသားပါ... ဘာလို့ ဒေါသထွက်နေရတာလဲ"
ချင်စန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဆက်လက် ပြောဆိုမနေတော့။
"ကျုပ် စုံစမ်းခိုင်းထားတဲ့ သတင်းတွေကော... ဘာရလဒ်တွေ ရလဲ"
End
***