တာဝန်ခံပိုင်က ခေါင်းညိတ်၍ ကျောက်စိမ်းပြား တစ်ချပ်ကို ချင်စန်းထံ ကမ်းပေးပြီး…
"တာအိုရောင်းရင်း... ခင်ဗျား အကူအညီတောင်းထားတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာအတွင်း အနီးအနား ဒေသတွေက ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ စာရင်းပါ... ဒါက သိပ်မခက်ခဲပါဘူး... ကျုပ် မိတ်ဆွေတချို့ဆီ ဆက်သွယ်ပြီး သတင်းအချက်အလက် အတော်များများ စုစည်းနိုင်ခဲ့တယ်... တစ်ယောက်ယောက်ကို ရှာနေတာများလား... အသေးစိတ် အချက်အလက်တွေ ပိုပြောပြနိုင်ရင် ရှာဖွေရတာ ပိုလွယ်ကူလိမ့်မယ်"
ချင်စန်းက ကျောက်စိမ်းပြားကို ယူ၍ စစ်ဆေးကြည့်လိုက်သည်။ အတွင်းတွင် လူနာမည်များ ပြည့်နှက်စွာ မှတ်တမ်းတင်ထား၏။ ရှီကျန်းမှာ ခြောက်သွေ့သော ဒေသတစ်ခု ဖြစ်သော်လည်း ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ပေါ်ထွက်ခြင်း မနည်းပေ။ လွန်ခဲ့သော နှစ်ရာစု အတွင်း စွမ်းအားကြီး ပုဂ္ဂိုလ်များစွာ ပေါ်ထွန်းခဲ့ပြီး သူတို့၏ ဂုဏ်သတင်းမှာ ကျယ်ပြန့်စွာ ပျံ့နှံ့ခဲ့သည်။
ကျောက်စိမ်းပြားထဲတွင် သူတို့၏ တိုက်ပွဲမှတ်တမ်းများကို အသေးစိတ် ဖော်ပြထားသည်။
တာဝန်ခံပိုင်၏ စကားကို ကြားလျှင် ချင်စန်းက မျက်ခွံကို အနည်းငယ် ပင့်၍…
"တာဝန်ခံပိုင် ဒုက္ခခံနေစရာ မလိုပါဘူး... ကျုပ် ကျင့်ကြံခြင်းက တိုးတက်မှု မရှိဘဲ ရပ်တန့်နေသလို ခံစားရလို့ ကျင့်ကြံခြင်းဂူထဲမှာပဲ အောင်းမနေချင်တော့တာပါ... ခရီးထွက်ပြီး အတွေ့အကြုံ ရှာဖို့ ဆုံးဖြတ်လိုက်တယ်... ဒါကြောင့် မသိနားမလည်ဘဲ မပြစ်မှားမိသင့်တဲ့ လူတွေကို မပြစ်မှားမိအောင် ကြိုတင် စုံစမ်းထားတာပါ"
ဒီတစ်ခါတွင် ချင်စန်းက ချင်းကျူ၏ နာမည်ကို တိုက်ရိုက် မမေးမြန်းခဲ့ပေ။
ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင် တည်နေရာမှာ နက်ရှိုင်းစွာ ဖုံးကွယ်ထားကြောင်း သူ သဘောပေါက်လာပြီ ဖြစ်သည်။
ထိုစဉ်က စီနီယာချင်းကျူ ရှီကျန်းသို့ ရောက်ရှိလာခဲ့သည်။ သူသည်လည်း ချင်စန်းကဲ့သို့ပင် မည်သူမည်ဝါ ဖြစ်ကြောင်း ဖုံးကွယ်ထားပြီး တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို တိတ်တဆိတ် ရှာဖွေခဲ့ခြင်း ဖြစ်နိုင်၏။ အကယ်၍ နောက်ဆုံးတွင် ရှာမတွေ့ခဲ့လျှင် ရှီကျန်းမှ တိတ်တဆိတ် ထွက်ခွာပြီး လူသားပိုင်နက်သို့ ပြန်သွားလိမ့်မည်။
စုန်းနတ်ဘုရား တိုက်ကြီးတွင် ဆက်လက် နေထိုင်ခြင်းမှာ ရေရှည် အဖြေတစ်ခု မဟုတ်ပေ။
တာဝန်ခံပိုင်အား ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များကို စုစည်းခိုင်းခြင်းမှာ သူတို့၏ ဇာတ်လမ်းများထဲတွင် သဲလွန်စ တစ်ခုခု ဖုံးကွယ်နေနိုင်သည်ဟူသော မျှော်လင့်ချက် အနည်းငယ်ဖြင့်သာ ဖြစ်သည်။
တာဝန်ခံပိုင်က သဘောကျစွာ ရယ်မောလိုက်သည်။
"တာအိုရောင်းရင်းက တွေးပူလွန်းနေပါပြီ... ဒီပုဂ္ဂိုလ်တွေက ရှီကျန်းမှာ တစ်ချိန်က ကြီးစိုးခဲ့ကြတာပါ... သူတို့ရဲ့ ကျင့်ကြံခြင်း အဆင့်တစ်ခု ရောက်သွားပြီ ဆိုရင် ဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေး ရှိတာမျိုး၊ ဒါမှမဟုတ် အင်မော်တယ် လမ်းစဉ်ကို လျှောက်လှမ်းဖို့ မျှော်လင့်ချက် ကုန်ဆုံးသွားတာမျိုး မဟုတ်ရင် အများစုက ရှီကျန်းမှာ ဆက်နေဖို့ မရွေးချယ်ကြပါဘူး... သူတို့က ရှီကျန်းရဲ့ အပြင်ဘက်၊ စုန်းနတ်ဘုရား တိုက်ကြီးရဲ့ အပြင်ဘက်ကို ခရီးထွက်ကြတယ်... ဒါမှမဟုတ် မုန်တိုင်းထန် နတ်ဆိုးပင်လယ်ကို သွားပြီး နတ်ဆိုးသားရဲတွေ အမဲလိုက်ကြတယ်"
ချင်စန်း၏ အကြည့်က အနည်းငယ် စူးရှသွားသည်။
"မုန်တိုင်းထန် နတ်ဆိုးပင်လယ်ကို ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက စုန်းနတ်ဘုရားတောင်ကို သွားပြီး တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို သုံးရတယ်လို့ ကြားတယ်"
တာဝန်ခံပိုင်က ခေါင်းညိတ်လိုက်ပြီး…
"မုန်တိုင်းထန် နတ်ဆိုးပင်လယ်က ချန်လန်ပင်လယ် ဒေသရဲ့ အလွန်မှာ ရှိတာပါ... အဆုံးမရှိတဲ့ မုန်တိုင်းတွေကြားထဲ ဘယ်နေရာမှာ ရှိတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိကြဘူး... အဲ့ဒီကို ရောက်ဖို့ တစ်ခုတည်းသော နည်းလမ်းက လူမျိုးနှစ်မျိုး သိမ်းပိုက်ထားတဲ့ ကျွန်းငယ်လေးတွေဆီ တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို သုံးပြီး သွားရတာပဲ... လူသားမျိုးနွယ်ရဲ့ တည်နေရာ ကူးပြောင်းခြင်း အစီအရင်တွေ အကြောင်းတော့ ကျုပ် မပြောတတ်ဘူး...”
“ဒါပေမဲ့ စုန်းမျိုးနွယ်ရဲ့ အစီအရင်တွေ အကုန်လုံးက စုန်းနတ်ဘုရားတောင် ထိပ်မှာ ရှိပြီး ဂိုဏ်းကြီးတွေက ပူးပေါင်း ထိန်းသိမ်းထားကြတာ... စုန်းနတ်ဘုရားတောင် ဆိုတာက ကျုပ်တို့ရဲ့ မြင့်မြတ်တဲ့တောင်ကို ပြောတာပါ... ဝိညာဉ်ကျောက်တုံး လုံလောက်အောင် ပေးနိုင်သရွေ့ ကျင့်ကြံခြင်း အဆင့်၊ ဂုဏ်ဒြပ်၊ လူမျိုး မရွေးဘဲ ဘယ်သူမဆို အစီအရင်ကို သုံးခွင့် ရှိပါတယ်" စကားပြောနေရင်း တာဝန်ခံပိုင်က ချင်စန်းကို တစ်ချက် လှမ်းကြည့်သည်။
"တစ်ယောက်ယောက်က ခင်ဗျားကို မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှာ သားရဲတွေ သွားဖမ်းဖို့ တိုက်တွန်းနေတာလား... အကြံပေးပါရစေ... အဲ့ဒီနေရာက စိတ်ကူးမယဉ်နိုင်လောက်အောင် အန္တရာယ်များတယ်... နတ်ဆိုးသားရဲတွေနဲ့ ပြည့်နှက်နေတဲ့ နေရာပဲ... ကျုပ်တို့ လူမျိုးနှစ်မျိုး ပေါင်းလိုက်ရင်တောင် ကျွန်းအနည်းငယ်ကိုပဲ ထိန်းထားနိုင်တာ... အဲ့ဒီကျွန်းတွေကလည်း သားရဲလှိုင်းလုံးတွေရဲ့ တိုက်ခိုက်ခြင်းကို အမြဲ ခံနေရတယ်... လူက သားရဲကို ဖမ်းတာလား၊ သားရဲက လူကို ဖမ်းတာလား ဆိုတာ မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှာ ပြောဖို့ ခက်တယ်... ရွှေအမြူတေ အဆင့် ကျင့်ကြံသူတွေတောင် မရေမတွက်နိုင်အောင် သေဆုံးခဲ့ကြတာ... ကျုပ်တို့လို အုပ်မြစ်တည်ဆောက်ခြင်း အဆင့်တွေဆို ပြောမနေနဲ့တော့... တကယ်လို့ သွေးအရိုးဆေးလုံး လိုချင်တာဆိုရင် ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်လိုက်လို့ ရပါတယ်... အဲ့လောက်ထိ အန္တရာယ်သွားယူစရာ မလိုပါဘူး"
ချင်စန်းလည်း ရယ်မောကာဖြင့်…
"ဒါဆို ခင်ဗျား တကယ် ပြောချင်တာက ကျုပ် သွေးအရိုးဆေးလုံးတွေကို ခင်ဗျားဆီကနေ ဝယ်သင့်တယ် ဆိုတဲ့ သဘောပေါ့"
စုန်းမျိုးနွယ်က ပိုးကောင် မွေးမြူခြင်း ပညာရပ်ကို နက်ရှိုင်းစွာ လေ့လာခဲ့ပြီး ဝိညာဉ်ပိုးမွှားများ၏ ပြောင်းလဲခြင်းကို မြှင့်တင်ပေးနိုင်သည့် သို့မဟုတ် ဖြစ်ပေါ်စေနိုင်သည့် ဝိညာဉ်ဆေးလုံး အများအပြား ဖန်တီးခဲ့ကြသည်။ ထိုအထဲတွင် အထင်ရှားဆုံးမှာ သွေးအရိုးဆေးလုံးပင်။
သွေးအရိုးဆေးလုံးကို နတ်ဆိုးသားရဲများ၏ သွေးနှင့် အရိုးများမှ သန့်စင်ထားခြင်း ဖြစ်သည်။ သက်စောင့် ဂူပိုးကောင်ကို ကျွေးမွေးခြင်းအားဖြင့် ပြောင်းလဲခြင်း ဖြစ်ပေါ်နိုင်ခြေကို မြင့်မားစေသည်။ ဖန်တီးရာတွင် အသုံးပြုသော သားရဲက ပိုစွမ်းအားကြီးလေ ဆေးလုံး၏ အာနိသင်က ပိုပြင်းထန်လေပင်။
ထိပ်တန်းအဆင့် သွေးအရိုးဆေးလုံးများကို ဉာဏ်ရည်ရှိသော နတ်ဆိုး အမြူတေများဖြင့်ပင် သန့်စင်ထားသည်ဟု ဆိုကြသည်။
စုန်းမျိုးနွယ် အတွက်မူ သွေးအရိုးဆေးလုံးသည် ရေခဲလွင်ပြင်မှ လူသား ကျင့်ကြံသူများအတွက် အုပ်မြစ်တည်ဆောက်ခြင်း ဆေးလုံး သို့မဟုတ် ရွှေအမြူတေ အထောက်အကူပြု ပစ္စည်းများနှင့် ဆင်တူသော အခန်းကဏ္ဍတွင် ပါဝင်သည်။
ချန်လန်ပင်လယ် ဒေသတွင် အရင်းအမြစ် ရှားပါးသော်လည်း မုန်တိုင်းထန် နတ်ဆိုးပင်လယ်တွင်မူ စိတ်ကူးမယဉ်နိုင်လောက်အောင် နတ်ဆိုးသားရဲများဖြင့် ပြည့်နှက်နေသည်။
ဤသားရဲများမှာ သူတို့၏ အဓိက ကျင့်ကြံခြင်း အရင်းအမြစ်များ မဟုတ်ပါလား။
ရိုးရာ နည်းလမ်းများကို အားကိုးမည့်အစား စုန်းမျိုးနွယ်က သူတို့၏ ကိုယ်ပိုင်လမ်းကြောင်း ဖောက်လုပ်ပြီး သွေးအရိုးဆေးလုံး ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
သို့သော် အကျိုးကျေးဇူးများ ရှိသော်လည်း သွေးအရိုးဆေးလုံးများကို ဂူပိုးကောင်များအပေါ် အလွန်အကျွံ အသုံးပြု၍ မရပေ။
သက်စောင့် ဂူပိုးကောင်များကို သွေးဂူဟုလည်း ခေါ်ကြပြီး သွေးနှင့် အဆီအနှစ်များ ကျွေးမွေး၍ မွေးမြူကြသည်။ ပိုစားသုံးလေ ယင်မိစ္ဆာချီ၏ လွှမ်းမိုးမှုကို ပိုခံရလေ ဖြစ်သည်။ သူတို့၏ စိတ်နေသဘောထားမှာ ကြမ်းတမ်း ခက်ထန်လာပြီး သခင်ကို ပြန်လည် တိုက်ခိုက်နိုင်ခြေ မြင့်တက်လာတတ်သည်။
သွေးအရိုးဆေးလုံးမှာ သားရဲအရိုးများ၊ သွေးများနှင့် နတ်ဆိုး အမြူတေများမှ သန့်စင်ထားသောကြောင့် ပို၍ လေးလံသော ဘေးထွက်ဆိုးကျိုးများ သယ်ဆောင်လာသည်။ အကယ်၍ ဂူတစ်ကောင်သာ အလွန်အကျွံ စားသုံးမိပါက ၎င်း၏ ပင်ကိုယ်စရိုက် လွယ်ကူစွာ ပြောင်းလဲသွားနိုင်ပြီး ပုန်ကန်နိုင်ခြေ မြင့်တက်လာစေသည်။ စုန်းမျိုးနွယ်၏ ပါရမီရှင်များပင် အပြည့်အဝ ဖိနှိပ်နိုင်ခြင်း မရှိကြပေ။
ချင်စန်း သွေးအရိုးဆေးလုံး အကြောင်း စတင် သိရှိစဉ်က သူ့သက်စောင့် ဂူပိုးကောင်ကို တတိယအကြိမ် ပြောင်းလဲခြင်း ရောက်အောင် တွန်းပို့ရာတွင် အသုံးပြုနိုင်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ထပ်မံ စုံစမ်းမေးမြန်းပြီးနောက် သူ့ဂူပိုးကောင်ကို မဆင်မခြင် ကျွေးမွေး၍ မရကြောင်း သဘောပေါက်လိုက်၏။
သူ့အတွက် ပြန်လည် ထိခိုက်မည်ကို မကြောက်သော်လည်း အကယ်၍ ဂူပိုးကောင်သာ ယင်မိစ္ဆာချီ လွှမ်းမိုးမှုကို ခံလိုက်ရပါက ရူးသွပ်သွားပြီး ဝိညာဉ်အသိစိတ် အားလုံး ပျောက်ဆုံးသွားကာ ကိုယ့်ကိုယ်ကိုယ်ပင် ဖျက်ဆီးပစ်နိုင်သည်။
ထိုအခြေအနေ ရောက်သွားသော သက်စောင့် ဂူပိုးကောင်မှာ သခင်အတွက် လုံးဝ အသုံးဝင်တော့မည် မဟုတ်ပေ။
တာဝန်ခံပိုင်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြီး ရှေ့သို့ ကိုင်းကာ လျှို့ဝှက်သော လေသံဖြင့်…
"ဝိညာဉ်ကျောက်တုံး လုံလောက်အောင် ရှိသရွေ့ ကျုပ် ခင်ဗျားကို ထိပ်တန်းအဆင့် သွေးအရိုးဆေးလုံးတွေတောင် ရှာပေးနိုင်ပါတယ်... တစ်ခုပဲ ရှိတာက ဈေးနှုန်း..."
သူက အဓိပ္ပာယ်ပါပါ ရပ်တန့်ပြီး ချင်စန်းကို နားလည်မှု ရှိသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ချင်စန်း ချက်ချင်း နားလည်သွားသည်။
သူ့အသူရာ အလောင်းကောင်ကို သန့်စင်ရန် နတ်ဆိုး အမြူတေများ ရှာဖွေဖို့ ရေခဲလွင်ပြင် တစ်ခွင် နှံ့စပ်အောင် သွားလာခဲ့ဖူးသဖြင့် ထိုပစ္စည်းများ၏ တန်ဖိုးကို ကောင်းကောင်း နားလည်သည်။
ချန်လန်ပင်လယ်တွင် ရေခဲလွင်ပြင်ထက် နတ်ဆိုးသားရဲ ပိုများသော်လည်း နတ်ဆိုး အမြူတေ အဆင့် သားရဲကြီးများကို အမဲလိုက်ခြင်းမှာ လွယ်ကူသော ကိစ္စ မဟုတ်ပေ။ နတ်ဆိုး အမြူတေများမှာ အလွန် အလိုရှိသော ပစ္စည်းများ ဖြစ်နေဆဲပင်။ ထိပ်တန်းအဆင့် သွေးအရိုးဆေးလုံး၏ ဈေးနှုန်းကို ခန့်မှန်းကြည့်နိုင်သည်။
ချင်စန်းက ကျောက်စိမ်းပြား သိမ်းဆည်းပြီး တာဝန်ခံပိုင်နှင့် ယဉ်ကျေးသော စကားများ ဆက်လက် ဖလှယ်နေသော်လည်း သူ့စိတ်ထဲတွင်မူ မုန်တိုင်းထန် နတ်ဆိုးပင်လယ်သို့ ဘယ်အချိန် ထွက်ခွာသင့်သည်ကို တွေးတောနေလေပြီ။
မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ် ကျင့်ကြံကတည်းက ချင်စန်းမှာ သတ်ဖြတ်ခြင်းနှင့် လက်တစ်ကမ်းအလို လမ်းကြောင်းကို လျှောက်လှမ်းရန် ကံပါလာပြီးသား ဖြစ်သည်။ အခြားသူများက မုန်တိုင်းထန် ပင်လယ်ကို ကပ်ရောဂါကဲ့သို့ ကြောက်ရွံ့ကြသော်လည်း သူကမူ သတ်ဖြတ်ခြင်း သင်္ကေတအား နားလည်သဘောပေါက်ရန် မသွားမဖြစ် သွားရပေမည်။
အမြူတေ ဖွဲ့စည်းပြီးနောက် ချင်စန်းမှာ ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်နှင့် သင့်တော်သော သက်စောင့် ဂူပိုးကောင်ကို ရှာဖွေရန် ရှီကျန်းတွင် လပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့သည်။ သို့သော် သူ့ကျင့်ကြံခြင်းမှာ တိုးတက်မှု လုံးဝ မရှိခဲ့ပေ။ အကြောင်းမှာ စစ်မှန်သော တိုက်ပွဲမှ ရရှိသည့် သွေးသားရင်းနှီးမှု ကင်းမဲ့နေသောကြောင့်ပင်။
မုန်တိုင်းထန် နတ်ဆိုးပင်လယ်မှာ မဖြစ်မနေ လိုအပ်ချက် တစ်ခု ဖြစ်လာခဲ့လေပြီ။
ချွေ့ရွှမ်ဇီနဲ့ တခြားလူတွေ ငါ့အတွက် အံ့ဩစရာ တစ်ခုခု ရှိနေဖို့ပဲ မျှော်လင့်တယ်...
ချင်စန်း တိတ်တဆိတ် တွေးနေမိသည်။
မထွက်ခွာမီက ချွေ့ရွှမ်ဇီနှင့် အခြားသူများကို သူတို့လက်အောက်ရှိ အင်မော်တယ် ကျင့်ကြံသူများ စုစည်းပြီး ဝက်ဝံတောင် ဒေသ တစ်ခုလုံးအနှံ့ လီတစ်ထောင် ပတ်လည်အထိ ရှာဖွေရန် ညွှန်ကြားခဲ့သည်။
ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်၏ အရေးပါမှုကို ကောင်းစွာ သိထားသဖြင့် တိုက်ရိုက် ထုတ်မပြောခဲ့ပေ။ လျှို့ဝှက်နယ်မြေများကို ရှာဖွေရန်သာ ပြောကြားခဲ့သည်။
အကယ်၍ ထိုအရာက အစီအရင်ကို ရှာမတွေ့နိုင်ခဲ့လျှင် ချင်စန်းလည်း ထိုကိစ္စအား ယာယီ ဘေးဖယ်ထားပြီး သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ရပေမည်။ သူ လုံလောက်အောင် တိုးတက်လာသောအခါ အခြားနည်းလမ်း တစ်ခု ရှာဖွေနိုင်သည်။
သို့သော် စုန်းနတ်ဘုရားတောင် အကြောင်းမူ သိပ်မသိပေ။ စုန်းနတ်ဘုရားတောင်မှ မုန်တိုင်းထန် နတ်ဆိုးပင်လယ်သို့ တိုက်ရိုက် သွားသင့်လော သို့မဟုတ် လူသားပိုင်နက်သို့ အရင်သွားပြီး ဓလေ့ထုံးတမ်းများကို လေ့လာကာမှ ပင်လယ်သို့ ဆက်သွားသင့်လော ဆိုသည်ကို တွေးတောနေဆဲပင်။
မုန်တိုင်းထန် နတ်ဆိုးပင်လယ် အတွင်း၌ လူသားနှင့် စုန်းမျိုးနွယ် ကျင့်ကြံသူများ အသက်ရှင်ရပ်တည်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရသည်ဟု ဆိုကြသည်။
နတ်ဆိုးသားရဲများ၏ အဆက်မပြတ် ဖိအားပေးမှုအောက်တွင် သူတို့ကြားရှိ မလိုမုန်းထားမှုများကို ဘေးဖယ်ပြီး အမှန်တကယ် ပူးပေါင်းရန် တွန်းအားပေးခံရခြင်း ဖြစ်သည်။
ထိုအတွေးဖြင့် ချင်စန်းက ကျောက်စိမ်းပြားကို သိမ်းလိုက်သည်။
အတွင်းရှိ နာမည်များထဲတွင် တစ်ခုမှ စီနီယာချင်းကျူနှင့် မသက်ဆိုင်ပေ။
"ကျုပ် မှာထားတဲ့ ဝိညာဉ်ပိုးမွှားတွေကော... ဘယ်လောက် တိုးတက်မှု ရှိပြီလဲ"
တာဝန်ခံပိုင်က ခေါင်းခါရမ်းပြီး…
"ခင်ဗျား ထွက်သွားပြီးနောက် ကျုပ် သေချာ ပြန်ကြည့်လိုက်တော့ ခင်ဗျား စာရင်းထဲက ပိုးကောင်တွေ အကုန်လုံးက အလားအလာ ကောင်းလွန်းတဲ့ အမျိုးအစားတွေချည်း ဖြစ်နေတာကို သတိထားမိတယ်... ခင်ဗျားက တော်တော် ရည်မှန်းချက် ကြီးတာပဲ... ဒါပေမဲ့ ဒီဝိညာဉ်ပိုးမွှားတွေက ရှားပါးပြီး ဖမ်းဆီးရ ခက်ခဲတယ်... ရှီကျန်းမှာ သူတို့ သိပ်မရှိဘူး..."
End
***