တာဝန်ခံပိုင်က ဝိညာဉ်ပိုးမွှားများ တွေ့သည်ဟု ကောလာဟလ ထွက်နေသော နေရာသစ် သုံးခုအကြောင်း ချင်စန်းကို ပြောပြခဲ့သည်။ ၎င်းတို့မှာ သူ မကြာသေးမီကမှ စုံစမ်းသိရှိခဲ့ခြင်း ဖြစ်သော်လည်း အားလုံးမှာ ဝေးကွာလှပြီး တိကျမှု ရှိ၊ မရှိ မသေချာသေးပေ။
ထိုသုံးမျိုးလုံးမှာ သဘာဝလွန် ပိုးမွှားများအဖြစ် သတ်မှတ်ခံထားရသော်လည်း အချို့ကား မွေးရာပါ ပါရမီနှင့် မကိုက်ညီခြင်း၊ အချို့မှာမူ မွေးမြူနည်း မရှိခြင်းတို့ကြောင့် ကောင်းကင်မျက်လုံး လိပ်ပြာကို သက်စောင့် ဂူပိုးကောင်အဖြစ် ရွေးချယ်ခြင်းက ပိုစိတ်ချရသော ရွေးချယ်မှု ဖြစ်နိုင်ကြောင်း ချင်စန်း သုံးသပ်မိလိုက်သည်။
ချင်စန်း တိတ်ဆိတ်စွာပင် အတွေးနက်နေသည်ကို မြင်လျှင် တာဝန်ခံပိုင်က ထပ်လောင်း ပြောဆိုလိုက်သည်။
"ထိပ်တန်း ဝိညာဉ်ပိုးမွှားတွေ ရှိနိုင်တဲ့ နောက်ထပ် နေရာတစ်ခု ရှိသေးတယ်... ရှီကျန်း အပြင်ဘက်က ပြိုင်ဘက်ကင်း ဂိုဏ်းကြီးတွေလေ... သူတို့ မွေးမြူထားတာ ဖြစ်နိုင်တယ်"
ချင်စန်းလည်း ရယ်မောရင်း…
"ခင်ဗျားက သူတို့ ရောင်းမယ် ထင်လို့လား"
တာဝန်ခံပိုင်က ခေါင်းခါပြကာ…
"ဖြစ်နိုင်ခြေ သိပ်မရှိပါဘူး... စုန်းပိုးမွှား မှတ်တမ်းရဲ့ အဆင့်သတ်မှတ်ချက်တွေက ဂိုဏ်းငယ်လေးတွေနဲ့ လေလွင့်ကျင့်ကြံသူတွေ အတွက်လောက်ပဲ အသုံးဝင်တာ... ဂိုဏ်းကြီးတွေနဲ့ အင်အားကြီး အဖွဲ့အစည်းတွေ အတွက်တော့ တန်ဖိုးမရှိသလောက်ပဲ... ကျုပ်တို့အတွက် အသုံးမဝင်တဲ့၊ မွေးမြူနည်း မသိတဲ့၊ ဒုတိယအဆင့် ပြောင်းလဲခြင်းလောက်ပဲ ရောက်နိုင်တဲ့ ပိုးကောင်တွေက သူတို့အတွက် အရေးပါချင် ပါလိမ့်မယ်... သူတို့ထဲက တချို့က ဒီလိုပိုးကောင်တွေကို မွေးမြူဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတွေ ပိုင်ဆိုင်ထားကြတယ်... ဒါတွေက သူတို့ရဲ့ လျှို့ဝှက်ချက်တွေ၊ ဂိုဏ်းရဲ့ အသက်သွေးကြောတွေ ဖြစ်နေတာလေ... သူတို့ ဘယ်တော့မှ ပြင်ပလူကို ရောင်းမှာ မဟုတ်ဘူး"
ချင်စန်းက ထိုအချက်ကို ကြိုတွေးပြီးသား ဖြစ်သည်။ စုန်းမျိုးနွယ်၏ ဂိုဏ်းကြီးများမှာ အမှန်တကယ်ပင် စွမ်းအားကြီးလှသည်။ သူတို့ ပိုးကောင် မွေးမြူခြင်း ပညာရပ်မှာ ယူလင်းဂိုဏ်းနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိ၏။
ကြက်သွေးရောင် မီးရွှေစင်နှင့် ယူလင်းဂိုဏ်း၏ အမွေအနှစ်သာ မရှိခဲ့လျှင် သူကိုယ်တိုင်လည်း ဤမျှ ဝေးဝေး မအိပ်မက်ရဲခဲ့ပေ။ လူအများနည်းတူ စုန်းပိုးမွှား မှတ်တမ်းထဲရှိ အဆင့်မြင့် ဝိညာဉ်ပိုးမွှား တစ်ကောင်ကောင်ကို ရွေးချယ်လိုက်ရုံသာ ရှိတော့မည်။
တာဝန်ခံပိုင်ကို နှုတ်ဆက်ပြီးနောက် ချင်စန်းက ကုန်သည်အသင်းအဖွဲ့ အနည်းငယ်ကို ထပ်မံ သွားရောက်ခဲ့သည်။ ထိုညမှာပင် ကင်းခြေများရွာမှ ထွက်ခွာလာခဲ့၏။
ကံမကောင်းစွာဖြင့် အသစ်ရရှိသော သတင်းအချက်အလက် တစ်ခုမှ စိတ်ကျေနပ်စရာ မကောင်းခဲ့ပေ။ ချင်စန်းစိတ်ထဲ ကောင်းကင်မျက်လုံး လိပ်ပြာကို သက်စောင့် ဂူပိုးကောင်အဖြစ် ရွေးချယ်ရန် ပို၍ တိမ်းညွတ်လာခဲ့လေပြီ။
ကင်းခြေများရွာနှင့် လုံလောက်အောင် ဝေးကွာသွားပြီဟု ယူဆရသော အချိန်တွင် ကိုယ်ယောင်ဖျောက်ခြင်းကို ရပ်တန့်ပြီး ဓားပျံစီး၍ ဝက်ဝံတောင် ဒေသဆီ လျင်မြန်စွာ ပြန်လာခဲ့တော့သည်။
နေ့ရောညပါ မနားတမ်း ပျံသန်းလာခဲ့ပြီး…
ဝက်ဝံတောင် နယ်မြေထဲသို့ ပြန်လည် ဝင်ရောက်ခါနီးတွင် သူ့ခြေထောက်အောက်ရှိ ဓားအလင်းတန်း ရုတ်တရက် ရပ်တန့်သွားသည်။ ညာဘက်လက်ကို မြှောက်၍ ဂျင်တစ်ထောင် လက်စွပ်ထဲမှ ပစ္စည်းတစ်ခု ထုတ်ယူလိုက်၏။ ၎င်း၏ ပြောင်းလဲသွားမှုကို စစ်ဆေးရင်း ချင်စန်း မျက်နှာထား မသိမသာ ပြောင်းလဲသွားသည်။
သူ့လက်ဖဝါးထဲတွင် ချင်းဖူဒင်္ဂါး၏ အမေဒင်္ဂါး ရှိနေသည်။
မူလက အမေဒင်္ဂါး၏ အလယ်ဗဟိုမှာ အပေါက်ဖြစ်နေပြီး သားဒင်္ဂါး ပျောက်ဆုံးနေခြင်း ဖြစ်သည်။
သို့သော် လွန်ခဲ့သော ခဏလေးက ချင်စန်း ဤအနီးအနားသို့ ရောက်ရှိလာပြီးနောက် အမေဒင်္ဂါး၏ အလယ်ဗဟိုတွင် သားဒင်္ဂါး တစ်ပြား ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
သားဒင်္ဂါး ပြန်ရောက်လာလေပြီ။
တည်နေရာ ကူးပြောင်းပြီးနောက် သူက အအမလေးကို သားဒင်္ဂါး တစ်ပြား ပေးခဲ့ဖူးသည်။
ယခုအခါ သူမက ၎င်းကို ချိုးဖျက်လိုက်ပြီ ဖြစ်သည်။
ချင်စန်းလည်း ချင်းဖူဒင်္ဂါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပိုးမွှားငါးကောင်ဂိုဏ်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာထားမှာ မရေရာမှုများဖြင့် လှုပ်ခတ်နေ၏။
ထိုစဉ်က အအမလေးမှာ ချင်းဖူဒင်္ဂါးကို ပြန်မယူရန် တောင်းပန်ခဲ့ဖူးသည်။ ၎င်းကို သူမအား အခြားလူတစ်ယောက် ပေးဖူးသည့် ပထမဆုံး လက်ဆောင်ဟု ယုံကြည်နေသောကြောင့်ပင်။
ချင်စန်း သူမအကြောင်း ကောင်းကောင်း နားလည်သည်။ အမှန်တကယ် ဆိုးရွားသော အခြေအနေနှင့် မကြုံတွေ့ရသရွေ့ ထိုဒင်္ဂါးကို လိုလိုလားလား ဖျက်ဆီးမည့်သူ မဟုတ်ပေ။
ပိုးမွှားငါးကောင်ဂိုဏ်းထဲမှာ ဘယ်လို အန္တရာယ်မျိုး ကြုံတွေ့နိုင်မှာလဲ…
ချွေ့ရွှမ်ဇီ သူမကို ဒုက္ခပေးရဲမည်ဟု ချင်စန်း မယုံကြည်ပေ။
ချွေ့ရွှမ်ဇီမှာ ပါးနပ်သော လူတစ်ယောက် ဖြစ်သည်။ အအမလေး လက်ထဲရှိ ရွှေရေခဲဓားနှင့် အမြူတေစား သံဆူးတို့ ပေါ်သွားလျှင်ပင် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ပြစ်မှားပြီး လုယူရလောက်အောင် တန်ဖိုးမရှိပေ။
အဓိက မေးခွန်းမှာ... အအမလေးက ချင်းဖူဒင်္ဂါးကို ဘယ်အချိန်က ချိုးဖျက်လိုက်တာလဲ။
ချင်းဖူဒင်္ဂါးမှာ သတ်မှတ်ထားသော အကွာအဝေး အတွင်း၌သာ သားဒင်္ဂါးကို အာရုံခံနိုင်သည်။
ချင်စန်းက ဝက်ဝံတောင် ဒေသမှ ထွက်ခွာသွားပြီးနောက် အာရုံခံနိုင်စွမ်း အကွာအဝေးကို ကျော်လွန်သွားခဲ့၏။ ယခု အနီးကပ် ပြန်ရောက်လာမှသာ အမေဒင်္ဂါးက သားဒင်္ဂါးကို အာရုံခံမိပြီး ပြန်ခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူက ဝက်ဝံတောင် ဒေသထဲသို့ အပြည့်အဝ ပြန်မရောက်သေးပေ။ ဤနေရာမှာ ဒင်္ဂါး၏ အာရုံခံနိုင်စွမ်း အကွာအဝေး အစွန်းဆုံး ဖြစ်နေလေပြီ။ ဆိုလိုသည်မှာ အအမလေး ဒင်္ဂါးကို ချိုးဖျက်ခဲ့သည်က အတော်လေး ကြာမြင့်နေလောက်ပြီ ဖြစ်သည်။
သူ နောက်ကျသွားပြီလား မသိ။
ချင်းဖူဒင်္ဂါးက သတင်းစကား မပါးနိုင်ပေ။ သူမ ဘာဖြစ်သွားသည်ကို ချင်စန်း သိနိုင်မည့် နည်းလမ်း မရှိချေ။
သို့သော် ဒင်္ဂါး ကွဲကြေသွားချိန်တွင် အသုံးပြုသူ၏ သွေးအငွေ့အသက် အနည်းငယ် ကျန်ရစ်တတ်သဖြင့် အမေဒင်္ဂါးက ယေဘုယျ ဦးတည်ချက်ကို ခန့်မှန်းပြသနိုင်သည်။
ချင်စန်း အံ့ဩသွားရသည်မှာ ထိုတည်နေရာက သူ့လက်ရှိ နေရာ၏ အရှေ့ဘက်၊ ချင်းယီမြစ်၏ မြစ်အောက်ပိုင်းတွင် ရှိနေခြင်းပင်။
သို့သော် ပိုးမွှားငါးကောင်ဂိုဏ်းမှာ မြောက်ဘက်တည့်တည့်၊ ချင်းယီမြစ်၏ မြစ်ဖျားပိုင်းတွင် တည်ရှိသည်။
အအမလေးက ဘာလို့ ပိုးမွှားငါးကောင်ဂိုဏ်းကနေ ထွက်လာခဲ့တာလဲ…
ရက်တွက်ကြည့်လျှင် သူမ ဂိုဏ်းနှင့်အတူ ရှိနေခဲ့သည်မှာ နှစ်ဝက်ခန့်သာ ရှိသေးသည်။
ချင်စန်းက သူမအတွက် ကျင့်ကြံခြင်း အထောက်အကူပြု ဆေးလုံး အမြောက်အမြား ပေးထားခဲ့ပြီး တောင်ပံပါ မြွေရွာရှိ ယဇ်ပုရောဟိတ်များ၏ ပိုင်ဆိုင်မှုများကိုပင် သူမထံ အပ်နှံထားခဲ့သည်။ သူမ၏ ကျင့်ကြံခြင်း အရင်းအမြစ်များမှာ ထိုစဉ်က သူရှိခဲ့သည်ထက် များစွာ သာလွန်နေသည်။
သို့သော် သူမ ပါရမီမှာ ညံ့ဖျင်းလှ၏။
ထိုမျှ တိုတောင်းသော ကာလအတွင်း သူမသာ ချီသန့်စင်ခြင်း တတိယအဆင့် အထွတ်အထိပ် ရောက်နေလျှင်ပင် အောင်မြင်မှု တစ်ခုဟု ချင်စန်း ခန့်မှန်းလိုက်သည်။ စတုတ္ထအဆင့်မှာ အတားအဆီး တစ်ခု မဟုတ်ပါလား။ ဆေးလုံးများကိုသာ အားကိုး၍ ကျော်လွှားနိုင်ခြင်း မရှိပေ။
ချီသန့်စင်ခြင်း တတိယအဆင့်ဖြင့် အတော်လေး လုံခြုံသော ဝက်ဝံတောင် ဒေသတွင်ပင် နေရာတိုင်း၌ အန္တရာယ် ရှိနိုင်သည်။ ဤကဲ့သို့ အချိန်မျိုးတွင် အအမလေး ပိုးမွှားငါးကောင်ဂိုဏ်းမှ ထွက်ခွာလာခြင်းမှာ အလွန် သံသယဖြစ်ဖွယ် ကောင်းလှသည်။
ချင်စန်းက ချင်းဖူဒင်္ဂါးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပိုးမွှားငါးကောင်ဂိုဏ်း ရှိရာဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။ သူမကို ကယ်တင်ဖို့မှာ ထိပ်ဆုံး ဦးစားပေး ဖြစ်ကြောင်း သိသဖြင့် ဓားအလင်းတန်းကို ချက်ချင်း လှည့်လိုက်၏။
အစစ်အမှန်ချီနှင့် ဆေးလုံးများကို နှမြောမနေဘဲ ဓားချီမိုးကြိုးသံနှင့် နဂါးကိုးကောင် ကောင်းကင်ရထား အဆောင်အား တိုက်ရိုက် အသက်သွင်းကာ အမြင့်ဆုံး အမြန်နှုန်းဖြင့် ခရီးနှင်တော့သည်။
အအမလေးက သူ့အပေါ် တစ်ချိန်က ကြင်နာခဲ့ဖူးသည်။ ယခု သူမ ဒုက္ခရောက်နေချိန်တွင် သူ ကယ်တင်ရပေမည်။ နောက်မကျသေးဖို့သာ မျှော်လင့်ရ၏။
ထို့အပြင် သူမ ပိုးမွှားငါးကောင်ဂိုဏ်းမှ ရုတ်တရက် ထွက်ခွာလာခြင်းမှာ အကြောင်းပြချက် တစ်ခု ရှိရပေမည်။ အကယ်၍ ချွေ့ရွှမ်ဇီသာ တိတ်တဆိတ် ယုတ်မာသော ရည်ရွယ်ချက်များ ရှိခဲ့လျှင် အအမလေးကို ရှာတွေ့မှသာ အမှန်တရားကို ဖော်ထုတ်နိုင်မည် ဖြစ်သည်။
ဓားချီမိုးကြိုးသံမှာ စွမ်းအားကြီးသော ထွက်ပြေးတိမ်းရှောင်ခြင်း နည်းလမ်း တစ်ခု မဟုတ်ပါလား။
ဓားအလင်းတန်း တစ်ခုက ကြယ်တံခွန် တစ်စင်းအလား ကောင်းကင်ကို ထိုးခွဲသွားပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါက အရပ်မျက်နှာ အနှံ့ အတားအဆီးမရှိ ပျံ့နှံ့သွား၏။
လမ်းတစ်လျှောက်ရှိ မရေမတွက်နိုင်သော ငှက်များနှင့် သားရဲများမှာ ကြောက်လန့်တကြား ထွက်ပြေးကုန်သည်။
ကြည်လင်သော ကောင်းကင်အောက် မိုးကြိုးပစ်သံ ကြားလိုက်ရပြီး မျက်စိကျိန်းလောက်အောင် တောက်ပသော ဓားအလင်းတန်းကို မြင်လိုက်ရသည့် သာမန်လူသား အချို့မှာ ကြောက်ရွံ့အံ့သြစွာ ဒူးထောက်ကျပြီး ကောင်းကင်သို့ ဦးခိုက် ပူဇော်ကြသည်အထိပင်။
ချင်းဖူဒင်္ဂါးက ယေဘုယျ ဦးတည်ချက်ကိုသာ ညွှန်ပြနိုင်သည်။ အအမလေး ရွေ့လျားနေသေးကြောင်း ချင်စန်း မသဲမကွဲ အာရုံခံမိ၏။
ရွာကြီးတစ်ရွာအပေါ် ဖြတ်ကျော်သွားစဉ် ရုတ်တရက် အတွေးတစ်ခု ဝင်လာပြီး စိတ်စွမ်းအင်ကို အောက်သို့ ဖြန့်ကျက်လိုက်ရာ အတွင်း၌ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ယဇ်ပုရောဟိတ်အို တစ်ပါးကို တွေ့လိုက်ရ၏။ တွေဝေမနေဘဲ အစစ်အမှန်ချီကို လက်ကြီးတစ်ဖက် အဖြစ် စုစည်းပြီး ယဇ်ပုရောဟိတ်အိုအား သူ့ကျင့်ကြံခြင်းဂူထဲမှ ဆွဲထုတ်လိုက်သည်။
"အား..."
ယဇ်ပုရောဟိတ်အိုမှာ ကြောက်လန့်တကြား အော်ဟစ်တော့သည်။
သူ့ဂူထဲတွင် အေးဆေးစွာ ကျင့်ကြံနေစဉ် အကာအကွယ် အတားအဆီးမှာ ကြမ်းတမ်းသော အင်အားဖြင့် စုတ်ဖြဲခံလိုက်ရခြင်း မဟုတ်ပါလား။ သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အစစ်အမှန်ချီဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်က သူ့အား ကြက်ပေါက်လေး တစ်ကောင်ကဲ့သို့ ဖမ်းဆုပ်ပြီး လေထဲသို့ မတင်လာခဲ့သည်။ ခုခံနိုင်စွမ်း လုံးဝ မရှိချေ။
ကယ်တင်ရေးကိုသာ အပြည့်အဝ အာရုံစိုက်နေသော ချင်စန်းမှာ ယဇ်ပုရောဟိတ်ကို ဖမ်းမိပြီးနောက် အရှိန် လုံးဝ မလျော့ခဲ့ပေ။ လေကဲ့သို့ အမြန်နှုန်းဖြင့် တောင်တန်း အများအပြားကို မျက်တောင် တစ်ခတ် အတွင်း ဖြတ်ကျော်လာသည်။
"ငါ မေးနေတယ်... ဝက်ဝံတောင် ဒေသမှာ မကြာသေးခင်က ဘာတွေ ဖြစ်ခဲ့လဲ"
ယဇ်ပုရောဟိတ်အိုကို လက်ထဲတွင် တွဲလောင်း ဆွဲထားရင်း ချင်စန်းက အေးစက် စူးရှသော အကြည့်ဖြင့် မေးမြန်းလိုက်သည်။
ချင်စန်းထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားကြောင့် ယဇ်ပုရောဟိတ်မှာ ကြောက်ရွံ့တုန်လှုပ်နေလေပြီ။ သို့သော် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်နှင့်အညီ ချင်စန်း သူ့ကို သတ်ဖြတ်လိုပုံ မပေါ်ကြောင်း သဘောပေါက်လိုက်သဖြင့် စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး တုန်ယင်သော အသံဖြင့်…
"လွန်ခဲ့တဲ့ လေးလလောက်က ပိုးမွှားငါးကောင်ဂိုဏ်းမှာ ရွှေအမြူတေ အဆင့် ကျွမ်းကျင်သူ တစ်ယောက် ရုတ်တရက် ရောက်လာပြီး အနီးအနား ဒေသတွေကို ထိန်းချုပ်လိုက်ပါတယ်... ရွှေအမြူတေ ကျင့်ကြံသူရဲ့ နာမည်ကို သုံးပြီး ကျုပ်တို့ အကုန်လုံးကို လီတစ်ထောင် အတွင်းမှာ ရှိတဲ့ လျှို့ဝှက်နယ်မြေတွေကို ရှာဖွေဖို့ အမိန့်ပေးခဲ့တယ်... အဲ့ဒါကလွဲရင် ဘာထူးခြားတဲ့ ကိစ္စမှ မရှိပါဘူး"
ချင်စန်း မျက်လုံးများ မှေးစင်းသွားသည်။
"မကြာသေးခင် ရက်ပိုင်းအတွင်း ပိုးမွှားငါးကောင်ဂိုဏ်းက ဘာထူးခြားတဲ့ လှုပ်ရှားမှုမျိုးမှ မရှိဘူးလား"
"စီနီယာ ဘာကို ဆိုလိုတာလဲ မသိပါဘူးခင်ဗျာ... ကျုပ် သိသလောက်တော့... ဘာမှ မရှိပါဘူး" ယဇ်ပုရောဟိတ်အိုက ချင်စန်းကို အကဲခတ်ရင်း သတိဖြင့် ဆက်ပြောလာသည်။
ချင်စန်းလည်း မေးခွန်း အနည်းငယ် ထပ်မေးပြီးနောက် ယဇ်ပုရောဟိတ်အို အမှန်တကယ် ဘာမှ မသိကြောင်း တွေ့ရသဖြင့် ပေါ့ပေါ့ပါးပါးပင် လွှင့်ပစ်လိုက်တော့သည်။
အသက်ဘေးမှ သီသီလေး လွတ်မြောက်လာသော ယဇ်ပုရောဟိတ်အိုမှာ မျက်နှာ ဖြူဖျော့သွားပြီး ပြုတ်ကျနေစဉ် တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါ မကောင်းတော့ဘူး... တော်တော် မကောင်းတော့ဘူး... ဝက်ဝံတောင် ဒေသမှာ မငြိမ်မသက်မှုတွေ ဖြစ်တော့မယ်... ငါ ဒီကနေ အမြန်ဆုံး ထွက်သွားတာ ကောင်းမယ်..."
ယဇ်ပုရောဟိတ်ကို ထားရစ်ခဲ့ပြီးနောက် ချင်စန်းက အရှိန် လုံးဝ မလျော့ခဲ့ပေ။
မကြာမီ ချင်းယီမြစ်ကို လှမ်းမြင်လာရသည်။ အိမ်ခြေတစ်ထောင်ရွာမှာ ရှေ့မလှမ်းမကမ်းတွင် ရှိနေ၏။ ချင်းဖူဒင်္ဂါးက နောက်တစ်ကြိမ် တုံ့ပြန်လာသည်။
အအမလေးမှာ မြစ်အောက်ပိုင်းတွင် ဝေးကွာစွာ ရှိနေတုန်းပင်။
End
***