အအမလေးက မျက်လုံးများ မှိတ်ထားပြီး နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးရေးရေးလေး ပေါ်လာသည်။
"မအိပ်နဲ့..."
ရုတ်တရက် နက်ရှိုင်းသော အသံတစ်ခု သူမစိတ်ထဲ ပဲ့တင်ထပ်လာ၏။ အလွန် ပီပြင်လွန်းသဖြင့် နားနားကပ်ပြောလိုက်သကဲ့သို့ပင်။
ထို့နောက် သူမမျက်နှာပေါ် နွေးထွေးမှုတစ်ခု ဖြတ်သန်းသွားပြီး လက်ဖဝါးတစ်ဖက်က ညင်သာစွာ ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။
အရာအားလုံးက သိပ်ကို လက်တွေ့ဆန်လွန်းနေ၏။
အိပ်မက်တစ်ခုနှင့် မတူပေ...
အအမလေး ရုတ်တရက် လန့်နိုးလာပြီး မျက်လုံးများ ပြူးကျယ်ကာ ချင်စန်းအား စိုက်ကြည့်လိုက်သည်။ ရုတ်ခြည်းပင် သူမပါးပြင်ပေါ် မျက်ရည်များ မိုးစက်ပမာ စီးကျလာတော့သည်။
"မငိုနဲ့..."
ချင်စန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ အအမလေး စကားပြောလိုက်သည်နှင့် တပြိုင်နက် သူ့ပိုးမွှားခြင်းတောင်းထဲရှိ ဖက်တီးပိုးကောင်မှာ အကြောင်းပြချက်မရှိဘဲ ရုန်းကန် လှုပ်ရှားလာသည်။ အဖုံးကို အတင်း ကိုက်ဝါးပြီး ထွက်ပြေးဖို့ ကြိုးစားနေလေပြီ။
လက်တလော ထိုအရာကို ဖြေရှင်းရန် သူ့တွင် အားအင်ရော အချိန်ပါ မရှိပေ။
ချင်စန်းက အအမလေး မျက်နှာပေါ်ရှိ မျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း တိုးတိုးလေး မေးလိုက်သည်။
"ဘာဖြစ်ခဲ့တာလဲ ပြောပြပါဦး... ဘယ်သူ မင်းကို နာကျင်အောင် လုပ်တာလဲ... ငါကလဲ့စားချေပေးမယ်..."
ထိုစကားကြားလျှင် အအမလေးမှာ ရုတ်တရက် လက်ရှိအခြေအနေကို သတိပြုမိသွားသည်။ သူမမျက်နှာပေါ် ထိတ်လန့်မှုများ ဖြတ်သန်းသွားပြီး အားကုန်သုံး၍ ချင်စန်းကို တွန်းထုတ်၍…
"အစ်ကိုကြီးချင်... ပြေးတော့... ရန်သူတွေ ရှင့်ကို လိုက်ရှာနေကြတယ်... သူတို့ ဒီနေရာထိ ခြေရာခံမိနေပြီ..."
သူမမျက်နှာမှာ အရေးတကြီး ဖြစ်နေပုံရပြီး လေသံမှာလည်း စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်လို့။
ချင်စန်းက သူမအသက်ရှူ မှန်စေရန် ကိုယ်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းပေးရင်း နှစ်သိမ့်လိုက်သည်။
"မလန့်ပါနဲ့... ရန်သူတွေ အနားရောက်နေရင်တောင် ငါမကြောက်ဘူး... မနိုင်ရင်တောင် ငါထွက်ပြေးလို့ ရတယ်... သူတို့ ငါ့ကို လိုက်ရှာနေတယ်လို့ မင်းပြောတယ်မလား... ဘယ်လို ရန်သူမျိုးလဲ... ဘာလို့ မင်းကို တိုက်ခိုက်တာလဲ... အဲ့ဒီအချိန်တုန်းက ပိုးမွှားငါးကောင်ဂိုဏ်းက ဘယ်ရောက်နေတာလဲ"
သူ့နှစ်သိမ့်မှုအောက်တွင် အအမလေး တဖြည်းဖြည်း တည်ငြိမ်လာပြီး ပြောပြရှာသည်။
"မဟူရာ စုန်းနန်းတော်ပါ... ကျွန်မ ပိုးမွှားငါးကောင်ဂိုဏ်းမှာ ကျင့်ကြံနေတုန်း ပန်းတစ်ရာနန်းတော်က ရောက်လာတဲ့ ကျင့်ကြံသူတစ်ယောက် ပြောတာ ကြားလိုက်ရတယ်... မဟူရာ စုန်းနန်းတော်က ကျင့်ကြံသူတွေ သူတို့ဂိုဏ်းကို ရောက်လာပြီး ရွှေအမြူတေအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အမိန့်ပြန်တမ်းကို သယ်ဆောင်လာတယ်တဲ့... ဘယ်ဘက်လက်ပြတ်နေပြီး တစ်ကိုယ်လုံး အလောင်းကောင်ချီတွေ ဖုံးလွှမ်းနေတဲ့ ရှေးဟောင်း အလောင်းကောင် တစ်ကောင်ကို လိုက်ရှာခိုင်းနေတာ..."
သူမ ပြောနေသည်ကို နားထောင်ရင်း ချင်စန်း ပိုထိတ်လန့်လာသည်။
သူ မထွက်ခွာမီ ဂိုဏ်းသုံးဂိုဏ်းကို ပေါင်းစည်းခဲ့ပြီး လျှို့ဝှက်နယ်မြေများကို အတူတကွ ရှာဖွေရန် အမိန့်ပေးခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် ပန်းတစ်ရာနန်းတော်မှ ကျင့်ကြံသူများ ပိုးမွှားငါးကောင်ဂိုဏ်းသို့ ရောက်လာခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
ဘယ်ဘက်လက် ပြတ်နေပြီး အလောင်းကောင်ချီများ ဖုံးလွှမ်းနေခြင်း... ထိုအခြေအနေမှာ သူ ကူးပြောင်းရောက်ရှိလာစက ပုံစံအတိုင်းပင်။
ထိုစဉ်က သူ့ကျင့်ကြံခြင်းအဆင့် ချိပ်ပိတ်ခံထားရပြီး စိတ်စွမ်းအင်လည်း ဗလာဖြစ်နေသဖြင့် ကိုယ်ထဲရှိ အလောင်းကောင်ချီများကို မထိန်းချုပ်နိုင်ခဲ့ဘဲ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က သူ့ကို မြင်သူတိုင်း ကြာရှည်စွာ သေဆုံးနေသော အလောင်းကောင်ဟု ထင်မှတ်ကြပေလိမ့်မည်။
သို့သော် ရှေးဟောင်း အလောင်းကောင်ဟု ဆိုခြင်းကတော့ သိပ်အဓိပ္ပာယ် မရှိပေ။
ချင်စန်းကို အမှန်တကယ် အံ့အားသင့်စေသည်မှာ သူ့အား ရှာဖွေနေသူက မဟူရာ စုန်းနန်းတော် ဖြစ်နေခြင်းပင်။ အအမလေးက သူတို့ကို ချင်စန်း၏ ရန်သူများဟု ထင်မှတ်မှားခဲ့ခြင်းသာ။
မဟူရာ စုန်းနန်းတော် ဆိုသည်မှာ ရှီကျန်းဒေသ အလွန်တွင် တည်ရှိသော ဂိုဏ်းကြီးတစ်ခု ဖြစ်သည်။ ဝိညာဉ်သန္ဓေသား အဆင့် ဆရာသခင်ကြီး တစ်ပါး စောင့်ရှောက်ထားပြီး စုန်းနတ်ဘုရား တိုက်ကြီးတစ်ခုလုံးတွင် နာမည်ကျော်ကြားသည်။ သူတို့ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းပြီး ဒေသတစ်ခုလုံးကို လွှမ်းမိုးထားသော အရှင်သခင်များဆိုလည်း မမှားပေ။
ချင်စန်း၏ မြေပုံတွင် သူတို့ တည်နေရာကို ရှင်းလင်းစွာ မှတ်သားထားသည်။ ရှီကျန်း၏ အရှေ့ဘက် လီထောင်ပေါင်းများစွာ အကွာတွင် ရှိပြီး ဒေသမှ ထွက်ခွာလာသူတိုင်း ပထမဆုံး တွေ့ကြုံရမည့် အင်အားကြီး အဖွဲ့အစည်း တစ်ခုပင်။
အအမလေး ထိတ်လန့်ပြီး သူ့အတွက် စိုးရိမ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့။
သူ ရွှေအမြူတေ ဖွဲ့စည်းသည်မှာ မကြာသေးကြောင်း သူမ သိထားသည်။ သန်မာသော်လည်း သူ့အင်အားတွင် အကန့်အသတ် ရှိသေး၏။ အကယ်၍ မဟူရာ စုန်းနန်းတော်၏ ဖမ်းဆီးခြင်း ခံရပါက သေချာပေါက် သေလမ်းသာ ရှိပေလိမ့်မည်။ ရွှေအမြူတေ အမိန့်ပြန်တမ်းပါ ပါလာသည်ဆိုတော့ အနီးအနားတွင် နန်းတော်မှ ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေဖို့ များသည်။
ရှီကျန်း၏ အစိတ်အပိုင်း အချို့မှာ သူတို့ လွှမ်းမိုးမှုအောက်တွင် ရှိသော်လည်း ဝက်ဝံတောင်တန်း ဒေသမှာ အလွန် ဝေးကွာပြီး လူသူအရောက်အပေါက် နည်းပါးသည်။ ဒေသခံ အင်အားကြီးဖြစ်သော ကင်းခြေများရွာပင် မဟူရာ စုန်းနန်းတော်၏ အာရုံစိုက်မှုကို မရခဲ့ပေ။
ချင်းယီမြစ်တွင် သတိရလာကတည်းက ချင်စန်းမှာ မဟူရာ စုန်းနန်းတော်ရှိ မည်သူနှင့်မျှ မပတ်သက်ဖူးခဲ့ချေ။ သူတို့က အဘယ်ကြောင့် သူ့ကို လိုက်ရှာနေရသနည်း။ ထို့အပြင် ရှေးဟောင်း အလောင်းကောင် အဖြစ်ပါ ခေါ်ဝေါ်နေကြသေးသည်။
ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်စရာ အတွေးတစ်ခု ဝင်လာသည်။ စုန်းနတ်ဘုရား တိုက်ကြီးသို့ သူရောက်လာခြင်း၏ နောက်ကွယ်တွင် ပိုကြီးမားသော လျှို့ဝှက်ချက် တစ်ခု ရှိနေလေမလော။
ငါ သတိမေ့နေတဲ့ အချိန်တုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ…
"မင်း ထွက်သွားပြီးတဲ့နောက် ထုံမျိုးရိုးနဲ့ ကျင့်ကြံသူက လူခေါ်ပြီး လိုက်ဖမ်းတယ်လို့ ပြောတယ်မလား... ငါ့လက်တစ်ဖက် ပြတ်နေတဲ့အကြောင်း မင်း ဘယ်သူ့ကိုမှ မပြောခဲ့ဘူး မဟုတ်လား" ချင်စန်း မေးလိုက်သည်။
သူ သတိရလာကတည်းက တွေ့ဆုံခဲ့သူများထဲတွင် အအမလေးနှင့် စုန်းသမားတော်အိုကြီး နှစ်ယောက်သာ သူ့လက်ပြတ်နေကြောင်း သိထားကြသည်။
အအမလေးက အလွန် သတိကြီးသူ ဖြစ်သည်။
လက်တစ်ဖက်ပြတ် ရှေးဟောင်း အလောင်းကောင်အား ရှာဖွေနေကြောင်း ကြားလိုက်ရသည်နှင့် ချင်စန်းကို ဆိုလိုမှန်း သူမ ရိပ်မိလိုက်သည်။ ထို့ကြောင့် ပိုးမွှားငါးကောင်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာလာပြီး နတ်ဘုရား ဆေးမင်ကြောင်၏ စွမ်းအားကို သုံးကာ ချင်းယီမြစ်ထဲ ငုပ်လျှိုး၍ ရေစုန်အတိုင်း မျောပါလာခဲ့ခြင်းပင်။ သူမက ချင်းဖူဒင်္ဂါးကို ချေမွခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရရှိခဲ့ပေ။
ချင်စန်း တစ်ယောက် အန္တရာယ်ကို သတိမထားမိဘဲ လျှောက်သွားနေမည်ကို စိုးရိမ်ခဲ့ရှာသည်။
ထို့ကြောင့် သူတို့ အတူတကွ ရောက်ဖူးခဲ့သော အိမ်ခြေတစ်ထောင်ရွာနှင့် အခြားနေရာများတွင် သတင်းစကား ထားခဲ့ရန် စီစဉ်ခဲ့သည်။
သို့သော် ရွာသို့ မရောက်မီမှာပင် ထုံမျိုးရိုး ကျင့်ကြံသူနှင့် အခြားသူများ၏ လိုက်လံ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
"မပြောပါဘူး... အစ်ကိုကြီးချင်... ရှင် ထွက်သွားပြီးတဲ့နောက် ကျွန်မ ဘယ်သူနဲ့မှ စကားမပြောခဲ့ပါဘူး..." အအမလေးက ပြန်ဖြေသည်။
သူမအသံမှာ အရင်ကထက် ပိုအားနည်းနေပြီး မျက်နှာမှာလည်း ရုတ်တရက် ပြန်လည် ဖြူဖျော့သွားပြန်သည်။
"ဒါဆို သူတို့ ငါမှန်း ဘယ်လို လုပ်သိတာလဲ... တစ်ယောက်ယောက် ငါ့ကို အရင်က မြင်ဖူးတာလား" ချင်စန်း ရေရွတ်လိုက်ပြီး မျက်မှောင်များ တင်းတင်း ကြုတ်ထားမိသည်။
ပိုးမွှားငါးကောင်ဂိုဏ်း၏ ထုံမျိုးရိုး ကျင့်ကြံသူမှာ အုပ်မြစ်တည်ဆောက်ခြင်း အစောပိုင်းအဆင့်သာ ရှိသော်လည်း သူခေါ်လာသောလူကား အုပ်မြစ်တည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျွမ်းကျင်သူ ဖြစ်ပြီး ချွေ့ရွှမ်ဇီပြီးလျှင် ဒုတိယ ခွန်အား အကြီးဆုံးပင်။ ထိုအဆင့် လူတစ်ယောက် ဂိုဏ်းထဲတွင် နာမည်မကြီးဘဲ နေစရာ အကြောင်းမရှိသော်လည်း အအမလေးက သူ့ကို တစ်ခါမှ မမြင်ဖူးပေ။ ထိုသူမှာ မဟူရာ စုန်းနန်းတော်မှ တပည့်တစ်ယောက် ဖြစ်ဖို့များသည်။
ထိုနှစ်ယောက် အအမလေးကို မှီသွားချိန်တွင် သူမက ချီသန့်စင်ခြင်း တတိယအဆင့်သာ ရှိသေးသဖြင့် လျှော့တွက်ခဲ့ကြသည်။
အထူးသဖြင့် မဟူရာ စုန်းနန်းတော်၏ တပည့်မှာ ရွှေရေခဲဓားကို မြင်ပြီး သဘောကျကာ သတိလက်လွတ် ဖြစ်သွားခဲ့ခြင်းပင်။ ထိုပေါ့ဆမှုကို အခွင့်ကောင်းယူပြီး အအမလေးက အမြူတေစား သံဆူးဖြင့် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့မှာ အုပ်မြစ်တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ မဟုတ်ပါလား။ သူမတွင် နတ်ဘုရား ဆေးမင်ကြောင် အကာအကွယ် ရှိသော်လည်း ကွာခြားချက်က ကြီးမားလွန်းလှသည်။ အအမလေးမှာ သူတို့ တန်ပြန် တိုက်ခိုက်မှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရ၏။
နောက်ဆုံးတွင် ထုံမျိုးရိုး ကျင့်ကြံသူ အမြူတေစား သံဆူးကြောင့် ပေါက်ကွဲသွားသည်ကိုသာ မြင်လိုက်ရသည်။ မဟူရာ စုန်းနန်းတော်မှ တပည့် မည်သို့ ဖြစ်သွားမှန်း မသိရသော်လည်း ထပ်လိုက်မလာသည်ကို ထောက်ဆလျှင် သူ့ကံကြမ္မာလည်း သိပ်ကောင်းပုံ မရပေ။
ချင်စန်း ဖန်တီးခဲ့သော အမြူတေစား သံဆူး နှစ်ချောင်းတွင် နတ်ဆိုးဝိညာဉ် အထွတ်အထိပ်အဆင့် ကျောက်နဂါး၏ အစွယ်များ ပါဝင်သည်။ အုပ်မြစ်တည်ဆောက်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများပင် ခုခံဖို့ ခက်ခဲပေလိမ့်မည်။
"အစ်ကိုကြီးချင်... အဟွတ်... အဟွတ်..."
အအမလေး ပါးစပ်ဟလိုက်သော်လည်း ပြင်းထန်သော ချောင်းဆိုးသံများသာ ထွက်ပေါ်လာသည်။
သူမ အသားအရောင်မှာ ယခင်ကထက် ပိုမည်းနက်သွားလေပြီ။ သူမကိုယ်တိုင် ဖြစ်ပျက်နေသည်ကို အာရုံခံမိပြီး ချင်စန်းလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။ မျက်လုံးများကို အားတင်းဖွင့်၍ သူ့မျက်နှာအား နှလုံးသားထဲ ထာဝရ စွဲထင်နေစေရန် တမ်းတမှု ပြင်းပြစွာ စိုက်ကြည့်နေရှာသည်။
သူမ၏ မူလဝိညာဉ်မှာ လျင်မြန်စွာ ပျောက်ကွယ်နေပြီ ဖြစ်သည်။ သုံးပါးရောင်ခြည် ကျောက်စိမ်းရည်၏ ကြီးမားသော အသက်စွမ်းအင်ကပင် မတားဆီးနိုင်တော့ပေ။
ဝမ်းနည်းမှု အရိပ်အယောင်များ ချင်စန်း မျက်နှာပေါ် ဖြတ်သန်းသွားသည်။ သူ အကောင်းဆုံး ဆေးလုံးများကို သုံးခဲ့သော်လည်း သူမဒဏ်ရာများမှာ ပြင်းထန်လွန်းလှသည်။ အချိန်နှောင်းသွားခဲ့လေပြီ။
သူမမျက်လုံးများကို ကြည့်ရင်း သူ ခဏတာ တွေဝေပြီးနောက် တိုးညှင်းသော အသံဖြင့်…
"အအမလေး... ငါ့မှာ လျှို့ဝှက်နည်းလမ်း တစ်ခု ရှိတယ်... မင်းရဲ့ မူလဝိညာဉ် မပျောက်ကွယ်သွားအောင် ယာယီ ချိပ်ပိတ်ထားပေးနိုင်တယ်... ဒါပေမဲ့... အနာဂတ်မှာ ပြန်ဖြေနိုင်မလား ဆိုတာတော့ ငါမသိဘူး... မင်း လူမဟုတ် သရဲမဟုတ်တဲ့ အသက်ရှင်နေတဲ့ အလောင်းကောင် တစ်ကောင် ဖြစ်သွားနိုင်တယ်... ပြီးတော့ သံသရာလည်ဖို့ အခွင့်အရေးကို ထာဝရ ဆုံးရှုံးသွားနိုင်တယ်... မင်း... ဆန္ဒရှိလား"
အအမလေးက သူ့စကားကြောင့် တွေဝေခြင်း မရှိပေ။ ထိုအစား မမျှော်လင့်ထားသော မေးခွန်းတစ်ခု ပြန်မေးလာသည်။
"အစ်ကိုကြီးချင်... တကယ်လို့ အဲ့လိုဖြစ်သွားရင်... ကျွန်မကို ရှင့်ဘေးနားမှာ ခေါ်ထားမှာလား"
ချင်စန်း ကြောင်အသွားပြီးနောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်ရင်း…
"ဒါပေါ့... မင်းကို ပြန်ကောင်းအောင် လုပ်ပေးနိုင်တဲ့ အချိန်ထိ ငါ့ဘေးနားမှာ အမြဲ ခေါ်ထားမှာပါ"
"ကျွန်မ ဆန္ဒရှိပါတယ်"
ကြောက်ရွံ့မှု အရိပ်အယောင် ကင်းမဲ့စွာဖြင့် သူမ တိုးတိုးလေး ရေရွတ်လိုက်၏။
ချင်စန်းလည်း ဂျင်တစ်ထောင်လက်စွပ်ထဲမှ ကောင်းကင်အလောင်းကောင် တာအိုအဆောင်တစ်ခု ချက်ချင်း ထုတ်ယူတော့သည်။
ဤအဆောင်ကို သတ်ဖြတ်ရန် သုံးနိုင်သလို ကယ်တင်ရန်လည်း သုံးနိုင်သည်။
သူ တန်ကျီကို ကယ်တင်ဖို့ တစ်ခါ သုံးဖူးခဲ့သော်လည်း ယခုလို အခြေအနေမျိုးတွင် ထပ်သုံးရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
မြစ်ရေက ဟုန်းဟုန်းမြည်လျက် စီးဆင်းနေဆဲပင်။ အဝေးရှိ တောင်တန်းများမှာ မင်စိမ်းရောင် ပန်းချီကား တစ်ချပ်အလား လှလှပပ။
အအမလေး မျက်လုံးထဲရှိ အလင်းရောင်မှာ လျင်မြန်စွာ မှေးမှိန်စပြုလာသည်။
ချင်စန်း သက်ပြင်းတိုးတိုး ချပြီး ကောင်းကင်အလောင်းကောင် တာအိုအဆောင်ကို အသက်သွင်းရန် ပြင်လိုက်စဉ်...
အအမလေးက ရုတ်တရက် လန့်နိုးလာပြီး နောက်ဆုံးလက်ကျန် ခွန်အားကို သုံး၍ ပြောဆိုလာ၏။
"အစ်ကိုကြီးချင်... အမေက ကျွန်မကို နာမည်တစ်ခု ပေးခဲ့တယ်လို့ အဘွား ပြောဖူးတယ်... ကျင်းလျိုယင်တဲ့... ကျွန်မက အအမလေး မဟုတ်ပါဘူး... ကျွန်မနာမည်က ကျင်းလျိုယင်..."
"ကျင်းလျိုယင်... လှလိုက်တဲ့ နာမည်လေးပဲ"
ချင်စန်း ပြုံး၍ ညင်သာစွာ ပြောလိုက်တော့သည်။