ရှေးဟောင်းကိုလိုဟန် မြို့တော် တစ်လျှောက်တွင် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများက မြို့တံတိုင်းကို ဖျက်ဆီးကာ မရေမတွက်နိုင်သော သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ခဲ့ကြသည်။
ကောင်းကင်မှ တိမ်များက ချီစွမ်းအင်များဖြင့် ပေါင်းစပ်ပျော်ဝင်နေပြီး ထိုမြင်ကွင်းကို နေရာအနှံ့၌ မြင်တွေ့ရကာ အဆင့်ကိုး ကျွမ်းကျင်သူများလည်း နေရာ အနှံ့အပြား၌ ရှိနေကြ၏။
သွေးစုပ်ဖုတ်ကောင်များက အဘက်ဘက်မှ ကျရှုံးလာခဲ့သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများ၏ အင်အားစုများမှာ များပြားလွန်းလှသည်။ ထို့အပြင် သူတို့က ရုန်းရင်းဆန်ခတ် ပရမ်းပတာ တိုက်ခိုက်ခြင်း မဟုတ်ဘဲ အဆင့်နှင့် အဖွဲ့အစည်းများအလိုက် စစ်မှန်သောစွမ်းအားများကို စုစည်းထားကြလေရာ သွေးစုပ်ဖုတ်ကောင်များကို သတ်ဖြတ်ရသည်မှာ ဖရဲသီးခွဲသလို လွယ်ကူလွန်းလှသည်။
ထို့ပြင် သွေးစုပ်ဖုတ်ကောင်များမှာ ဓားပြများသာသာ ထိန်းမရသိမ်းမရ စည်းမဲ့ကမ်းမဲ့ လူများသာဖြစ်လေရာ ကုန်းမြေတိုက်ကြီးတစ်ခုလုံး၏ ထိပ်သီးအဖွဲ့အစည်းဖြစ်သော အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အကောင်းတကာ အကောင်းဆုံး ကျွမ်းကျင်သူများနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ ကျောင်းတော်၏ အဆင့်နိမ့် ကျောင်းသားများမှာ အဆင့် ၈ ကျွမ်းကျင်သူများ ဖြစ်ကာ အတွင်းစည်း တပည့်များက အဆင့် ၉ ကျွမ်းကျင်သူများ ဖြစ်ကြသည်။
သွေးစုပ်ဖုတ်ကောင် ဓားပြများ၌ ဆရာသခင် အဆင့်များမှာ ရှားပါးလွန်းလှသည် မဟုတ်ပါလား။
"ငါတို့ ကျောင်းတော်က ကျောင်းသားတွေ ပိုရောက်လာပြီ။ ကြည့်လိုက်... ဒါက မိုးကြိုးငါးမျိုး အဖွဲ့အစည်းပဲ။ နတ်ဘုရားစွမ်းရည် အဖွဲ့အစည်းက လူတွေတောင် ပေါ်လာကြပြီ။ ရန်ချီ ဘာတွေလုပ်နေပါလိမ့်"
လီဟီနှင့် အခြားလူများက သွေးစုပ်ဖုတ်ကောင် တစ်ရာလောက် သတ်ဖြတ်ပြီးနောက် အနားယူလိုက်ကြသည်။
"ငါမသိဘူး။ ခုနကတော့ မြို့လယ်ခေါင်မှာ စွမ်းအင် မငြိမ်မသက်ဖြစ်နေတာ တွေ့လိုက်တယ်။ ငါထင်တာတော့ ချူထျန်းကောနဲ့ ကျင့်ဝူရွှယ်တို့ တိုက်ခိုက်နေကြတာ ဖြစ်ဖို့များတယ်။ ဟွာရင်းဟူ၊ ဟီဂျီလီ၊ လီဟီ... မင်းတို့ ဆရာသခင်အဆင့် ရောက်ဖို့ ဘယ်လောက်အချိန် လိုသေးလဲ"
"ငါ့ရဲ့ စွမ်းအားတွေ တိုးတက်လာတယ်။ တိုက်ပွဲပြီးလို့ ငါတို့ ကျောင်းတော် ပြန်ရောက်ရင် လုပ်ဆောင်ချက် အမှတ်တွေသာ လုံလောက်ရင် ဝိညာဉ်ဆေးအချို့ ဝယ်ပြီး ငါအဆင့် ချိုးဖောက် တက်လှမ်းနိုင်မယ် ထင်တယ်။ ပြီးရင် ငါတို့ အပြင်စည်း ကျောင်းသားတွေ ဖြစ်လာရင် ငါတို့နဲ့ ပူးပေါင်းဖို့ လူဆွယ်ဖို့ အချိန်ရောက်ပြီ။ ငါတို့တွေ တကယ် နာမည်ကြီးအောင် လုပ်နိုင်မှာပါ"
လီဟီက ပြောလိုက်သည်။
"ကျောင်းတော်မှာ အဖွဲ့အစည်း တော်တော်များများ ရှိနေတယ်။ သူတို့ဆီက ခွဲထွက်ပြီး ငါတို့ဘာသာ ရပ်တည်နိုင်ဖို့ဆိုတာ အပြောထက် အလုပ်က ပိုခက်တယ်"
ဟွာရင်းဟူက သက်ပြင်းချကာ ဆိုလိုက်၏။
"ကျောင်းတော်ထဲမှာ ရုန်းကန်ရတာက သူတော်စင် ဘိုးဘေးမင်းဆက် ပြည်ထောင် တစ်လျှောက် လှုပ်ရှားရတာထက် ပိုပြီး အန္တရာယ်များနိုင်သလို အသက်အန္တရာယ်ပါ ရှိတယ်။ ကျောင်းတော်မှာ တစ်ယောက်ကိုတစ်ယောက် မသတ်ဖြတ်ရဘူးလို့ စည်းမျဉ်းတွေ ရှိပေမဲ့ အမှားအနည်းငယ် လုပ်မိရင်တောင် သေသွားနိုင်တယ်။ တော်ဝင်အိမ်ရှေ့စံ အဖွဲ့၊ လျှပ်စီးငါးမျိုး၊ နတ်ဘုရားစွမ်းရည်၊ သုခမိန်အဖွဲ့... သူတို့တွေက သနားညှာတာမယ့် အဖွဲ့အစည်းတွေ မဟုတ်ဘူး"
"ငါတို့က အဆင်ပြေပါတယ်။ ငါတို့သာ အကျိုးအမြတ် သေးသေးလေးပဲ ရမယ်ဆိုရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ အကျိုးအမြတ် ကြီးကြီးရမယ် ဆိုရင်လည်း ငါတို့ကို အလွယ်တကူ ထွက်သွားခွင့် ပေးကြမှာ မဟုတ်ဘူးလေ"
သူတို့က ထိုကိစ္စများ ဆွေးနွေးနေစဉ်မှာပင် ရုတ်တရက် အသံတစ်သံက သူတို့ အနောက်ဘက်မှ ထွက်ပေါ်လာသည်။
"အခုက ငါတို့ကိုငါတို့ ထုတ်ဖော် ပြသရမယ့်အချိန် မဟုတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ်သာ တိုးတက်အောင် လုပ်သင့်တယ်။ စွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်လာရင် လူတွေက အလိုလို ငါတို့ကို ဆက်သွယ်လာလိမ့်မယ်။ ငါ လောကအုပ်ချုပ်သူအဆင့်ကို ရောက်တာနဲ့ ငါတို့ရဲ့ ပညာရှင်ဧကရာဇ် အဖွဲ့အစည်းကို တရားဝင် ကြော်ငြာမယ်"
"ညီလေးရန်ချီ"
လူတိုင်းက လက်ထဲ၌ ဘူးသီးခြောက်သဖွယ် ဆေးပုလင်းကြီးနှစ်လုံး ကိုင်လာသည့် ရန်ချီကို လှည့်ကြည့်လိုက်ကြသည်။ ထိုပုလင်း ၂ လုံး၌ ဆေးစွမ်းအားများ ဖြာထွက်နေ၏။
"အမှန်ပဲ။ ငါ ရတနာသိုက်ကနေ အများကြီး မယူနိုင်ခဲ့ဘူး။ ဒါပေမဲ့ အကောင်းဆုံးတွေကို ရွေးယူခဲ့တယ်။ ဒီဘူးသီးခြောက် တစ်ခုမှာက ငါမသိတဲ့ ခရမ်းရောင် အမျိုးအစား ဆေးလုံးအပြည့် ပါတယ်။ မင်းတို့ ကြည့်ကြည့်လိုက်ပါ။ ပြီးတော့ ရွှေရောင်ကိုးမျိုး ပြောင်းလဲခြင်းဆေးက မင်းတို့ ဆရာသခင် အဆင့်ဖြစ်လာအောင် ကူညီပေးနိုင်မှာပဲ"
ရန်ချီက တောကြက်မောက်သီးအရွယ် ရွှေခရမ်းရောင် ဆေးလုံးကို ထုတ်ပြလိုက်သည်။
"ရွှေခရမ်းသွေးကြော သန်မာဆေးလုံး"
လီဟီက စိတ်လှုပ်ရှားသွားသည်။
"ဒါတွေက ရွှေရောင်ကိုးမျိုး ပြောင်းလဲခြင်းဆေးတွေထက် အများကြီး အဖိုးတန်တယ်။ ဒီဆေးတွေက နှစ်တစ်သောင်း ခရမ်းရွှေနဲ့ နှစ်တစ်ထောင် မှော်ဝင်မှိုတွေကို ပေါင်းစပ်ထားတာပဲ။ သူတို့က အခြားဆေးတွေထက်တောင် ရှားပါးသေးတယ်။ ဆေးတစ်လုံးကို ဖော်စပ်ဖို့အတွက် နှစ် ၂၀ လောက် အချိန်ပေးရတယ်။ ဆေးတစ်လုံးရဲ့ တန်ဖိုးကိုက မြို့တစ်မြို့စာလောက် တန်ဖိုးကြီးမားလွန်းတယ်။ ဒါကိုစားရင် အခြေခံအုတ်မြစ်ကို သန်မာစေပြီးတော့ ခံနိုင်ရည်နဲ့ စွမ်းအားကို တိုးတက်စေတယ်။ ဆေးက မင်းရဲ့ ချီပင်လယ်မှာ ကောင်းကင်ဘုံ အမြုတေ နည်းနည်းလောက် ရရှိစေပြီး မင်းသာ ကျင့်ကြံမယ်ဆိုရင် မင်းရဲ့ သွေးကြောတွေကို သိသိသာသာ အထောက်အကူ ဖြစ်စေလိမ့်မယ်။ ဒါကြောင့်ပဲ သူတို့ကို ရွှေခရမ်းသွေးကြော သန်မာဆေးလို့ ခေါ်ကြတာပဲ။ မင်းသာ ဈေးကွက်ထဲမှာ ရောင်းရင် ဈေးက မိုးပေါ်ခေါင်ခိုက်သွားလိမ့်မယ်။ ညီလေးရန်ချီ... ပုလင်းထဲမှာ ဆေးလုံးရာချီ ရှိတယ်ဆိုတော့ ငါတို့တွေ တကယ်ချမ်းသာပြီပဲ။ ကြောက်စရာ ကောင်းအောင်ကို ချမ်းသာပြီ"
"မင်းတို့ ယူလိုက်ပါ"
ရန်ချီက ပြောလိုက်သည်။ သူ့လက်စွပ်ထဲ၌ ထိုကဲ့သို့ ဆေးလုံးများစွာ သိမ်းဆည်းထားကြောင်း ထုတ်ဖော် မပြတော့ချေ။
ကံမကောင်းစွာဖြင့် သူက ဆေးလုံးများအကြောင်း များစွာမသိပေ။ ၎င်းတို့က အင်မော်တယ်ခြေနင်း ကျောင်းတော် အဆင့်နိမ့် ကျောင်းသားများ သိသင့်သည်ထက် ပိုသည့်ပုံရသည်။
"တိတ်ဆိတ်တဲ့ နေရာတစ်ခု သွားရှာကြရအောင်။ မင်းတို့ ရွှေရောင်ကိုးမျိုး ပြောင်းလဲခြင်းဆေးနဲ့ ရွှေခရမ်းသွေးကြော သန်မာဆေးသုံးဖို့ ငါကူညီပေးမယ်။ မင်းတို့ရဲ့ သွေးကြောတွေ သန်မာပြီး ဆရာသခင် အဆင့် ဖြစ်အောင်လုပ်ကြ။ ပြီးရင် ငါတို့တွေ အပြင်စည်း ကျောင်းသား ဖြစ်နိုင်ပြီ"
ထို့နောက် ရန်ချီက ဆေးလုံးများကို ထုတ်လိုက်သည်။ လျန့်တုန်က ဆရာသခင် အဆင့် ဖြစ်သော်လည်း ရန်ချီက သူ့ကိုပါ လက်ဆောင်အဖြစ် ပေးလိုက်၏။
ကိုလိုဟန်မြို့၏ စစ်မီးများ တောက်လောင်နေသည်ကို နောက်ဆုံးအနေဖြင့် ကြည့်ကာ သူတို့က ထွက်ခွာသွားကြသည်။ နောက်ဆုံးတော့ သူတို့အတွက် ကောင်းမွန်သော နေရာအဖြစ် အတန်ငယ် ဝေးသော တောင်ကြားတစ်ခု အတွင်းသို့ ရောက်ရှိလာကြသည်။ ထို့နောက် သူတို့က တင်ပျဉ်ခွေထိုင်ကာ စစ်မှန်သော ချီစွမ်းအင်များကို လည်ပတ်ပြီး ဆေးလုံးများကို စားသုံးလိုက်ကြသည်။
ထိုဖြစ်စဉ်က ခြောက်နာရီ ကြာမြင့်ခဲ့၏။ ယခုအချိန်က နေ့လယ်ခင်းဖြစ်ကာ နှင်းများ ကျရောက်ခြင်း မရှိတော့ဘဲ နေအလင်းရောင်က ကုန်းမြေတစ်လျှောက် လင်းလက်နေသည်။
လီဟီ၊ ဟီဂျီလီနှင့် နောက်ဆုံး၌ ဟွာရင်းဟူတို့ကို ရန်ချီ ကြည့်လိုက်မိသည်။ သူတို့ ၃ ယောက်၏ စွမ်းအားများက ကျယ်လောင်သောအသံများ ဖြစ်ပေါ်လာကာ ကောင်းကင်ထိတိုင်အောင် ထိုးတက်သွားသည်။ အနီးအနားရှိ နှင်းငှက်များ၊ နှင်းဝက်ဝံများ၊ နှင်းလူဝံများ အစရှိသဖြင့် စွမ်းအားကြီး မိစ္ဆာသားရဲများက ဆရာသခင် အဆင့်၏ အရှိန်အဝါကို ခံစားမိကာ ထွက်ပြေးကုန်ကြသည်။
ယခု၌ သူတို့အားလုံးက ဆရာသခင် အဆင့်များ ဖြစ်သွားကြပြီ မဟုတ်ပါလား။
"စိတ်လှုပ်ရှားစရာ ကောင်းလိုက်တာ"
ဟီဂျီလီက ပြောလိုက်သည်။
"ငါတို့က ဆရာသခင် အဆင့်ဖြစ်ပြီဆိုတော့ ငါတို့ ခေါင်းမော့ပြီး နေနိုင်ပြီ။ ပြီးတော့ ငါတို့ ကလန်မှာ ငါတို့ နေရာကလဲ သိသိသာသာ တိုးတက်လာလိမ့်မည်"
သူတို့ ၃ ယောက်က ပျော်ရွှင်မှုကြောင့် စိတ်လှုပ်ရှားကာ မျက်ရည်များပါ ကျမိသည်။ သူတို့က စွမ်းအားကြီး ကလန်များက မွေးဖွားလာကြသော်လည်း သူတို့၏ ကျင့်ကြံမှု အခြေခံက မလုံလောက်ခဲ့ချေ။ သူတို့က ယခု ဆရာသခင် အဆင့်များ ဖြစ်ကာ ကျောင်းတော်၏ အပြင်စည်း တပည့်များဖြစ်လာပါက ကလန်အတွင်း အဆင့်အတန်း ကွဲပြားလာစေကာ အရင်ကထက် အထောက်အပံ့ ပစ္စည်းများ ပိုရပေလိမ့်မည်။
သူတို့ ယခုကဲ့သို့ ဖြစ်လာခြင်းက သူတို့ ညီအစ်ကိုကောင်း ရန်ချီကြောင့် ဆိုသည်ကို နားလည်ထားကြသည်။ အကယ်၍ သူသာ မကူညီပါက သူတို့အားလုံး ၁၀ နှစ်ကျော် ထပ်မံကြိုးစားမှသာ အဆင့်ချိုးဖောက် တက်လှမ်းနိုင်လိမ့်မည်။
လူတစ်ယောက်ဘဝ၌ ဆယ်စုနှစ် ဘယ်လောက်များများ ပိုင်ဆိုင်ကြလို့လဲ။
"ညီလေးရန်ချီ... မင်းကို ကျေးဇူးတင်တဲ့အကြောင်းပြောဖို့ စကားတွေကတောင် မလုံလောက်ပါဘူး။ မင်းက ငါတို့ ပညာရှင်ဧကရာဇ်အဖွဲ့က ခေါင်းဆောင်ပဲ။ မင်းသာ အမိန့်ပေးရင် ဓားတောင်ကို ကျော်ဖြတ်ပြီး မီးပင်လယ်ပဲ ဖြတ်ရဖြတ်ရ ငါတို့ နောက်မတွန့်ဘဲ လုပ်ပေးမယ်။ ငါတို့ ကလန်မှာ ငါတို့ အဆင့်မြင့်လာမှာဆိုတော့ ညီလေး မင်းကလန်အတွက် အကူညီလိုရင် ပြောပါ။ ငါသာ ကျောင်းတော်မှာ အပြင်စည်းတပည့်ဖြစ်သွားရင် ငါ့မိသားစုကို စကားပါးလိုက်မယ်။ သိပ်မကြာခင်မှာ ငါ့ကို ကူညီဖို့ ဆရာသခင် အဆင့် ၁၀ ယောက် ရရှိလာလိမ့်မည်"
"ဘာ... သူတို့က ဆရာသခင် အဆင့် ၁၀ ယောက် ပို့ပေးမယ်"
ရန်ချီက တုန်လှုပ်သွားကာ တစ်ခဏကြာပြီးမှ ပြန်လည် ငြိမ်သက်သွားသည်။
"ကောင်းပြီလေ... ငါတို့ ဒီနှင်းတွေ ရေခဲတွေ နယ်မြေကနေ ထွက်သွားကြရအောင်။ ကျောင်းတော် ပြန်ရောက်ရင် မိစ္ဆာအမြုတေကို လုပ်ဆောင်ချက် အမှတ်တွေနဲ့ လဲနိုင်ပြီးတော့ ငါတို့ အပြင်စည်း တပည့်တွေ ဖြစ်လာလိမ့်မယ်"
သူတို့က ဆက်လက် စကားပြောကာ နှင်းထဲတွင် ပြေးသွားကြသည်။
ရန်ချီက ပျော်ရွှင်အံ့သြနေ၏။
သို့သော် အနောက်မြောက်ဘက်ရှိ အခြားနေရာ တစ်ခု၌ ချူထျန်းကော ဒေါသထွက်နေသည်။
"ဘယ်ကောင်စုတ်လေးက ကျင့်ဝူရွှယ်ကို သတ်မယ့် ငါ့အစီအစဉ်ကို နှောင့်ယှက်ရဲခဲ့ရတာလဲ"
လက်ရှိအချိန်၌ သူက နေရောင်ခြည်နှင့် ဆက်နွယ်နေသော ဓားအလင်းများကို ထုတ်ဖော်နေသည်။ တဖြည်းဖြည်းဖြင့် နေရောင်ခြည်များက စုဝေးလာကာ ရွှေရောင် အလင်းတန်းက သူ့အပေါ် ကျဆင်းလာသည်။
လွန်ခဲ့သည့် အချိန်က သူဓားကို ဖောက်ခွဲခဲ့ရာ ယခုအချိန်၌ ပြန်လည် ပြုလုပ်နေခြင်း ဖြစ်သည်။
သူ့ စကြဝဠာတစ်ခွင် နေရောင်ခြည်ဖုံးလွှမ်း ဓားက ငရဲနတ်ဆိုး လှံတံကဲ့သို့ သူကျင့်ကြံသည့် နည်းစနစ်၏ စွမ်းအားသဏ္ဍာန် ပြောင်းလဲခြင်းသာဖြစ်သည်။ ၎င်းက နေမင်း၏ အနှစ်သာရနှင့် စကြဝဠာမှ စစ်မှန်သော ချီစွမ်းအင်များကို ပေါင်းစည်းကာ ထိုအံ့ဖွယ် လက်နက်ကို ပြုလုပ်ထားခြင်းပင်။
ဘေးဘက်၌ ရှိနေသော ယွမ်ဟိုက်လန်က ဆိုလိုက်သည်။
"ဒါက ဒေါသဖြစ်စရာ မလိုပါဘူး ဂိုဏ်းတူအစ်ကိုကြီး။ ဒါပေမဲ့ ကျွန်မလည်း သူ့ကိုသတ်ပြီး သူ့ရဲ့ သရုပ်မှန်ကို ဖော်ထုတ်နိုင်မည်လို့ ထင်ထားခဲ့မိတာ။ သူက ဘယ်လိုစွမ်းအား ပညာရပ်မျိုးကို ကျင့်ကြံနေတာလဲ။ အဲဒါက တော်ဝင်အဆင့်တောင် မဟုတ်ဘူး။ အနည်းဆုံး အင်ပါယာ အဆင့်လောက် ဖြစ်လိမ့်မယ်လို့ ထင်မိတယ်။ သူ့ကို ရင်းနှီးသလို ခံစားမိတယ်။ သူနဲ့သာ နောက်တစ်ခါ ထပ်တွေ့ရင် သူ့ရဲ့ သရုပ်မှန်ကို ခန့်မှန်းမိမှာပဲ"
"ဘာ... မင်းက သူနဲ့ ရင်နှီးသလို ခံစားရတယ်"
ချူထျန်းကောက သူ့ပခုံးထက်မှ ကျော်ကာ သူမကို ကြည့်လိုက်သည်။
"သူက ပင်လယ်နတ်ဘုရား ကျောင်းတော်ကတော့ မဖြစ်နိုင်လောက်ပါဘူး"
"ကျွန်မ မသိဘူး"
သူမက စဉ်းစားရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အမှန်တရားက အကြာကြီး ဖုံးကွယ်ထားလို့မရပါဘူး။ သူက ကျွန်မကို သတ်ချင်နေပုံပဲ။ သူက ကျွန်မကိုပဲ အရင်ဆုံး တိုက်ခိုက်ပြီး သတ်ချင်နေတဲ့ ပုံပေါက်တယ်။ ကြည့်ရတာတော့ ကျွန်မကိုမုန်းပြီး သေစေချင်နေတာ သိသာတယ်။ အခု သူကျရှုံးခဲ့တယ်ဆိုတော့ သေချာပေါက် နောက်တစ်ခေါက် ကြိုးစားလာမှာပဲ"
"သူက ကြောက်စရာကောင်းတဲ့ သူဆိုတာတော့ မင်းကို ပြောရမှာပဲ။ သူက လောကအုပ်ချုပ်သူ မဟုတ်ပေမဲ့ လောက အုပ်ချုပ်သူလိုမျိုး အစွမ်းထက်တယ်။ ဒီကိစ္စသာ ပျံ့နှံ့သွားရင် အကြီးအကျယ် လှုပ်ခတ်သွားစေလိမ့်မယ်"
သူက ကြောက်မက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။
"ဒါပေမဲ့ ငါနဲ့ တိုက်ခိုက်တယ်ဆိုတည်းက သူက သေချင်နေတာပဲ။ မင်းမှန်တယ် ယွမ်ဟိုက်လန်။ သူက ကြောက်မက်ဖွယ်ကောင်းအောင် စွမ်းအားကြီးတာက သူကျင့်ကြံတဲ့ ပညာရပ်ကြောင့်ပဲ။ အဲဒါက အင်ပါယာအဆင့်တောင် မကဘူး။ သူတော်စင်အဆင့်တောင် ဖြစ်နိုင်သေးတယ်"
"သူတော်စင်အဆင့် စွမ်းအားပညာရပ်"
ယွမ်ဟိုက်လန်က သိသိသာသာ တုန်လှုပ်သွားသည်။
"အမှန်ပဲ။ ဒီပညာရပ်က သာမန်သေမျိုးထက် ကျော်လွန်ပြီး သူတော်စင်တစ်ယောက် ဖြစ်စေနိုင်မည့် ရှေးခေတ် ကြီးမြတ်တဲ့ သူတော်စင်ရဲ့ ပြီးပြည့်စုံတဲ့ ပညာတစ်ခုပဲ ဖြစ်ရမယ်။ အဲဒါကိုသာ ငါရလို့ကတော့..."
"ကောင်းပြီ။ ဒါက မခက်ခဲပါဘူးလေ"
ယွမ်ဟိုက်လန်က မျက်လုံးများ အရောင် တောက်လာကာ ပြောလိုက်သည်။
"သူက ကျွန်မကို သတ်ချင်နေတော့ နောက်တစ်ခါ ပြန်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဂိုဏ်းတူအစ်ကို ထျန်းကောက ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်း ထောင်ချောက် ဆင်ပြီးတော့ သူ့ရဲ့ စွမ်းအား ပညာရပ်အကြောင်း သိရအောင် သူ့ကို ဖိအားပေးသင့်တယ်။ ဒါက ငါတို့အတွက် ကံကောင်းမှုကြီးပဲ။ အဲဒါသာ အလုပ်ဖြစ်ရင် ငါတို့တွေ သေမျိုးဘဝက လွတ်ကင်းပြီး သူတော်စင်တစ်ပါး ဖြစ်လာနိုင်လိမ့်မယ်"
End
***