ယွမ်ဟိုက်လန်၏ အစီအစဉ်များကို ချူထျန်းကော တွေးမိလေလေ စိတ်ဝင်စားလေလေ ဖြစ်လာသည်။
သူသာ ထိုလူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ရရှိပါက သိပ်မကြာခင်မှာ လျှို့ဝှက် ကျောင်းသားများလောက် အစွမ်းထက်လာမည် မဟုတ်ပါလား။
လက်ရွေးစင် ကျောင်းသားများက ပထမတန်းစားအဖြစ် ဂုဏ်ကျက်သရေ ရှိသော်လည်း လျှို့ဝှက်ကျောင်းသားများက ပို၍ ဂုဏ်သရေ ရှိကြသည်။
လူတစ်ယောက်၏ စစ်မှန်သောစွမ်းအားက ပိုမိုတိုးတက်လာသည်နှင့်အမျှ နေရာပါ တိုးတက်လာကာ ကျောင်းတော်မှ အထောက်အပံ့များစွာ ရရှိပြီး နှစ်ထောင်ချီ ဆက်လက် တိုးတက်ကာ နောက်ဆုံး၌ သေဆုံးသွားတော့မည် မဟုတ်ချေ။ ချူထျန်းကောက ထိုကဲ့သို့ လူမျိုးကို မနာလို အားကျခဲ့သည်။ သူသာ အင်ပါယာအဆင့်ပညာရပ်ကို လျှို့ဝှက်ကျင့်ကြံနိုင်ပါက ဆယ်စုနှစ် အတွင်း သူ့ အဆင့်က ပို၍ မြင့်တက်သွားလိမ့်မည်။
အကယ်၍ သူတော်စင်အဆင့် ပညာရပ်သာ ဆိုပါက ပိုမိုလျင်မြန်ပေလိမ့်မည်။ သူ့ တိုးတက်နှုန်းက ခုန်ပျံကျော်လွှားကာ လူတိုင်းက သူ့ကို ပါရမီရှင်ဟု မြင်ကြပေလိမ့်မည်။
ထိုအရာက လက်ရွေးစင် ကျောင်းသားများပင် မမျှော်မှန်းနိုင်သည့် ဂုဏ်ကျက်သရေ ဖြစ်သည်။
ယွမ်ဟိုက်လန်လည်း ထိုကဲ့သို့ အတွေးမျိုး ရှိနေသည်။
'သူက ဘယ်သူလဲ။ ချူထျန်းကောတောင် သူရှိနေမှန်း မသိခဲ့ဘူး။ သူက မြေအောက်ရတနာသိုက်ကနေ ရုတ်တရက် ထွက်လာတာပဲ။ သူက ရတနာတွေအပြင် ကျင့်ဝူရွှယ်ရဲ့ သူတော်စင်မိစ္ဆာ ပန်းချီကားပါ ခိုးယူခဲ့သေးတယ်တဲ့... သူ ငါ့ကို မုန်းနေတာတော့ သေချာတယ်။ သူက ဘယ်သူလဲ...'
ရုတ်တရက် သူမ၏ အာရုံထဲ၌ လူတစ်ယောက်ပုံ ပေါ်လာသည်။
နောက်ဆုံးတွင် သူမက စဉ်းစားရင်း ခေါင်းခါလိုက်၏။
'မဖြစ်နိုင်လောက်ဘူး။ ငါကစားခဲ့တဲ့ လူက ဒီလို မဖြစ်လောက်ဘူး။ သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှု အခြေခံနဲ့ စွမ်းအားပညာရပ်ကလည်း လုံးဝကွဲပြားသေးတယ်။ သူက ဆောင်ဟေရှမ်းကို အနိုင်ရတုန်းက အဆင့် ၈ ပဲရှိသေးတာ ဟိုလူက အဆင့် ၉ ရောက်နေပြီ။ သူတို့ ၂ ယောက် ကြားက ကွာဟချက်က အရမ်းကြီးမားလွန်းတယ်။ ငါ မြန်နိုင်သမျှ မြန်မြန် အဆင့်ချိုးဖောက် တက်လှမ်းနိုင်မှ ဖြစ်မယ်။ ငါပြန်ရောက်တာနဲ့ အခန်းအောင်းပြီး လောကအုပ်ချုပ်သူ ဖြစ်အောင်ကို ကျင့်ကြံရတော့မယ်'
"သွားကြရအောင် ဂိုဏ်းတူအစ်ကိုကြီး။ ကျင့်ဝူရွှယ်လည်း မလွတ်မြောက် နိုင်လောက်ဘူး။ အစ်ကို့ကို အကြွေးမတင်ထားဘူးနော်။ သူ့ကို ဘယ်သူသတ်လိုက်လဲလို့ သိချင်မိတယ်။ သုခမိန် အဖွဲ့အစည်းကလည်း အဲဒီမှာရှိနေတော့ သူတို့ သတ်နိုင်မယ် ထင်တာပဲ။ ကျင့်ဝူရွှယ်က စူပါလူသား မဟုတ်တော့ နောက်ဆုံး သူက သေရမှာပါပဲ"
"ငါဂရုမစိုက်ဘူး"
ချူထျန်းကောက အနည်းငယ် ဒေါသထွက်နေပုံ ရသည်။
ရုတ်တရက် မိုးကုတ်စက်ဝိုင်းမှာ အလင်းတန်းများ ထွက်ပေါ်လာသည်ကို ကြည့်ရင်း သူ့ မျက်နှာအမူအရာက ခြောက်ခြားသွားခဲ့သည်။ သူတို့ ဘယ်လောက် သန်မာသလဲ တွေးကြည့်မိရင် သူတို့က ဆရာသခင် အဆင့်များ မဟုတ်ဘဲ လောကအုပ်ချုပ်သူများသာ ဖြစ်ကြသည်။
"နောက်ထပ် လောကအုပ်ချုပ်သူတွေလား"
သူက တုန်လှုပ်ကာ ရေရွတ်မိလိုက်သည်။ သို့သော် ထိုလူများက နီးကပ်လာသောအခါ အင်မော်တယ်ခြေနင်း ကျောင်းတော်ကမှန်း သိရှိသွားကာ ပြန်လည်တည်ငြိမ်သွားခဲ့သည်။
ဝှစ်… ဝှစ်... ဝှစ်
အလင်းတန်းများက နီးကပ်လာကာ သူတို့ထံ ရောက်ရှိလာကြသည်။ သူတို့က ချူထျန်းကောကဲ့သို့ လောကအုပ်ချုပ်သူများသာ ဖြစ်သည်။
နှစ်ယောက်က ယောက်ျားများဖြစ်ကာ တစ်ယောက်က မိန်းကလေး ဖြစ်သည်။
"လုံထိုက်၊ ယင်းလင်၊ လို့ထျန်း"
သူက နှုတ်ဆက်လိုက်သည်။
"မင်းတို့က သုခမိန် အဖွဲ့အစည်း၊ နတ်ဘုရားစွမ်းရည် အဖွဲ့နဲ့ မိုးကြိုးငါးမျိုး အဖွဲ့တွေကပဲ။ ဘယ်လိုလုပ်ပြီး အတူတူ ပူးပေါင်းနေကြတာလဲ"
"ရန်သူတွေနဲ့ တိုက်ခိုက်တဲ့အချိန် ကျောင်းတော်သားအချင်းချင်း ပူးပေါင်းတာ အကောင်းဆုံးပဲလေ"
အမျိုးသမီးက ပြောလိုက်သည်။ သူမက ယွမ်ဟိုက်လန်ကို အထက်အောက် ကြည့်လိုက်ကာ...
"ညီမက သူတို့ ပြောနေတဲ့ ပင်လယ်နတ်ဘုရား သွေးတွေ သွေးကြောထဲမှာ စီးဆင်းနေတဲ့ ပါရမီရှင် ယွမ်ဟိုက်လန်လား"
"ဟုတ်ကဲ့အစ်မ။ အဲဒါက ကျွန်မပါပဲ"
ယွမ်ဟိုက်လန်က ဦးညွှတ်ပြီး အရိုအသေ ပေးလိုက်သည်။
"အစ်မတို့ ညီမနဲ့ ဆွေးနွေးစရာ ရှိလို့လားရှင့်"
လက်ရွေးစင် ကျောင်းသား ၃ ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကာ ဆိုလိုက်သည်။
"ကိစ္စမရှိပါဘူး။ အစ်မတို့က အမိန့်အတိုင်း လိုက်နာခဲ့ရုံပါ။ ဒီမှာ ညီမအတွက်"
ထို့နောက် သူမက လက်သီးဆုပ်အရွယ် သွေးနီရောင် မိစ္ဆာအမြုတေကို ယွမ်ဟိုက်လန်ထံ ပေးလိုက်သည်။
၎င်းမှ ထွက်ပေါ်လာသည့် သွေးစွမ်းအားများက ကြောက်မက်ဖွယ် ကောင်းလှသည်။
"လောကအုပ်ချုပ်သူ မိစ္ဆာအမြုတေ... မင်းတို့..."
ချူထျန်းကောက အံ့သြသွားသည်။
"ဟုတ်တယ်... ငါတို့သုံးယောက် ကျင့်ဝူရွှယ်ကို အလစ်တိုက်ပြီး သတ်လိုက်တယ်။ ပြီးတော့ မိစ္ဆာအမြုတေကို ယူလာခဲ့တာပဲ။ ပြီးတော့ ငါတို့ ဘာလို့ ညီမယွမ်ဟိုက်လန်ကို ပေးလဲဆိုတာနဲ့ ပတ်သက်ပြီး အချိန်ကုန်ခံ စဉ်းစားမနေနဲ့။ ဒါက တော်ဝင်အိမ်ရှေ့စံ အမိန့်ပေးထားတာပဲ။ ငါတို့က တော်ဝင်အိမ်ရှေ့စံအဖွဲ့က မဟုတ်ပေမဲ့ သူ့ရဲ့ စွမ်းအားကို လေးစားတယ်။ ဒါကြောင့်ပဲ သူ့အမိန့်အတိုင်း ငါတို့ လုပ်ခဲ့တာပဲ။ ညီမလေးဟိုက်လန်... တော်ဝင်အိမ်ရှေ့စံနဲ့ တွေ့ရင် အစ်မတို့အတွက် စကားကောင်းပြောပေးဖို့ မျှော်လင့်ပါတယ်။ အဲဒါဆို အစ်မထာဝရ ကျေးဇူးတင်နေမှာပါ"
ယွမ်ဟိုက်လန်က မိစ္ဆာအမြုတေကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူမက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ညီမ ပြောပေးပါ့မယ်။ အစ်မတို့ကို ကျေးဇူးအများကြီး တင်ပါတယ်"
ချူထျန်းကောက ယခုကိစ္စကြောင့်တော့ အများကြီး တုန်လှုပ်မသွားချေ။
လျှို့ဝှက်ဆန်းကြယ်သော တော်ဝင်အိမ်ရှေ့စံက ယွမ်ဟိုက်လန်ကို အရင်ထဲက စိတ်ဝင်စားနေကြောင်း ထင်မြင်ခဲ့သည်။ ယခုအခါမှတော့ သူတို့ ဆက်ဆံရေးက ထိုထက်ပိုကြောင်း သိလိုက်ရသည်။ တော်ဝင်အိမ်ရှေ့စံက ကိုလိုဟန်ရှိ ကျင့်ဝူရွှယ်ကို သတ်ဖြတ်သည့် မည်သူမဆို မိစ္ဆာအမြုတေအား ယွမ်ဟိုက်လန်ကို ပေးဖို့ မှာကြားခဲ့ပုံ ပေါ်သည်။ သူက သူမကို စိတ်ဝင်စားတာထက် ပိုတာက သေချာနေသည် မဟုတ်ပါလား။
'ယွမ်ဟိုက်လန်က ဘယ်သူလဲ... ဘာလို့ သူက သူမကို စိတ်ဝင်စားနေရတာလဲ'
ချူထျန်းကော သူ့ခံစားချက် အားလုံးကို အလျင်အမြန် ရုပ်သိမ်းလိုက်သည်။ သူက ထူးခြားကျွမ်းကျင်ကာ ထက်မြက်သော်လည်း တော်ဝင်အိမ်ရှေ့စံနှင့်ယှဉ်ပါက သူက မြေကြီးနှင့်တူကာ မင်းသားက ကောင်းကင်ကြီးနှင့် တူညီသည်။ သူသာ တစ်ခုခုမှားယွင်းစွာ ပြောမိပါက သူ့ဘဝ အဆုံးသတ်သွားပေလိမ့်မည်။
"ညီမလေး... ကျောင်းတော်ကို ပြန်မယ်ဆို အစ်မတို့နဲ့ လိုက်ခဲ့လေ"
လက်ရွေးစင် ကျောင်းသားတစ်ယောက်က ပြောလိုက်သည်။
"အကယ်၍ ညီမသာ တစ်ခုခုဖြစ်ရင် တော်ဝင်အိမ်ရှေ့စံက စိုးရိမ်နေရလိမ့်မယ်"
"စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်"
ယွမ်ဟိုက်လန်က ပြောလိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် သူတို့ထံ ပျံသန်းပြီး ပူးပေါင်းလိုက်သည်။
"အို... အစ်ကိုတို့ ၃ ယောက်... ညီမအတွက် တစ်ခုလောက် စုံစမ်းပေးလို့ ရမလား"
"နာမည်သာ ပြောလိုက်ပါ"
လုံထိုက်က ပြောလိုက်သည်။
"သူက အဆင့်နိမ့် ကျောင်းသားဖြစ်တဲ့ ရန်ချီပါ။ သူက ရန်စုစုရဲ့ တူဖြစ်ပြီးတော့ ကျောင်းတော်မှာ တက်ရောက်နေတယ်။ သူနေ့စဉ် ဘာတွေလုပ်နေလဲ စုံစမ်းပေးပါ။ ဒီလိုဆိုရင် တော်ဝင်အိမ်ရှေ့စံဆီမှာ အစ်ကိုတို့အတွက် စကားကောင်း ပြောပေးပါ့မယ်"
"ကောင်းပြီ... သွားကြတာပေါ့... တိတ်ဆိတ်တဲ့ နေရာရှာပြီး လောကအုပ်ချုပ်သူ အဆင့်ကို တက်လှမ်းဖို့ ကျင့်ကြံအားထုတ် ရဦးမယ်"
ယွမ်ဟိုက်လန်က ပြောလိုက်သည်။
သူမက သက်သောင့်သက်သာ ခံစားမိကာ ထိုအုပ်စုနှင့်အတူ ပျံသန်းသွားသည်။
ပုံမှန်အားဖြင့် ဆရာသခင် အဆင့်များက အချိန်အကြာကြီး ပျံသန်းနိုင်စွမ်း မရှိချေ။ သို့သော် သူမလက်ထဲ၌ လျှို့ဝှက်ဆန်းကြယ်သည့် နဂါးပုလဲရှိနေခြင်းကြောင့် လောကအုပ်ချုပ်သူ နီးနီး အစွမ်းထက်လာသည်။
တစ်ညနှင့် တစ်ရက် ခရီးဆက်ပြီးနောက် ရန်ချီတို့က အနောက်မြောက် အရပ်မှ ကျောင်းတော်သို့ ပြန်ရောက်လာကြသည်။
သူက ကျင့်ဝူရွှယ်ကို မသတ်နိုင်ခဲ့သော်လည်း သူ့သူငယ်ချင်းများက သိသိသာသာ တိုးတက်လာခဲ့သည်။
ထို့ပြင် ကျင့်ဝူရွှယ်ကို သတ်လိုက်ခြင်းက လူအများ အာရုံစိုက်စရာ ဖြစ်သွားနိုင်သည်။
ထိုအကြောင်းသာ ပျံ့နှံ့သွားပါက အဆင့်နိမ့်ကျောင်းသားက လောကအုပ်ချုပ်သူ တစ်ယောက်ကို ဘယ်လိုသတ်သလဲဆိုကာ ရှင်းပြရ ခက်ပေလိမ့်မည်။ ထိုအရာက ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။ သေချာပေါက် လူအများ စိတ်ဝင်စားစရာ ဖြစ်လာပေလိမ့်မည်။
သူတို့ ရောက်ရှိပြီး မကြာမီ သတ်ဖြတ်ခဲ့သည့် အရာများကို ရေတွက်လိုက်ရာ ဆရာသခင်အဆင့် အမြုတေ ၂၃ ခု ရရှိခဲ့သည်။ အဆင့် ၇ အဆင့် ၈ မိစ္ဆာအမြုတေက ရာချီပင် ရှိသည်။
အကယ်၍ သူတို့သာ ထိုအရာအားလုံးက လဲလှယ်လိုက်ပါက တစ်ယောက်ချင်းစီ အမှတ် တစ်ရာခန့် ရရှိကြလိမ့်မည်။
ထိုလုပ်ဆောင်ချက် အမှတ်များနှင့် ဆိုပါက သူတို့ အပြင်စည်း တပည့်များ ဖြစ်လာနိုင်သည်။
အပြင်စည်း ကျောင်းသားများ နေထိုင်သည့် နေရာက အဆင့်နိမ့် ကျောင်းသားများနှင့် ကွဲပြားသည်။
သူတို့က ကျောင်းတော်အတွင်း နေရာတိုင်းကို သွားလာနိုင်ကာ ကျမ်းစာတိုက်ကိုလည်း ဝင်ရောက်ပြီး သိုင်းပညာရပ်များစွာနှင့် ရှေးဟောင်း မှတ်တမ်းများစွာ ဖတ်ရှုနိုင်သည်။ ထို့အပြင် သူတို့က လောကအုပ်ချုပ်သူများထံမှပင် သင်ယူနိုင်ခွင့် ရှိကြသည်။
အချိန်ခဏမျှ အနားယူပြီးနောက် သူတို့ ကျောင်းတော်ထဲရှိ ရှေးဟောင်း ကျောက်တုံး နန်းတော်တစ်ခုကို ဦးတည်သွားကြသည်။
ထိုကျောက်တုံးနန်းတော်ကြီး၏ အဝင်ဝ၌ ကြီးမားသော စာလုံးများဖြင့် စာများ ရေးထွင်းထားသည်။ ထိုအရာက 'အောင်မြင်မှုများနှင့် သူတော်ကောင်းတရား' ဖြစ်သည်။
ထိုနေရာက ကျောင်းသားများ၏ တန်ဖိုးကြီး ပစ္စည်းများနှင့် လုပ်ဆောင်ချက် အမှတ်များ လဲလှယ်သည့်နေရာဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ လုပ်ဆောင်ချက် အမှတ်စနစ်ကို အောင်မြင်မှုများနှင့် သူတော်ကောင်းတရားစနစ်ဟု ခေါ်ဆိုခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်း၌ ကျောင်းသားဦးရေ များပြားလာကာ အချို့မြို့များ၌ လူများက ကျောင်းတော်မှ လူများအဖြစ် လိမ်လည်ပြောဆိုခဲ့ကြသည်။ ထို့ကြောင့် သူတို့က လုပ်ဆောင်ချက် အမှတ်အဖြစ် ပြောင်းလဲခဲ့ကြခြင်း ဖြစ်သည်။
သို့သော်လည်း သူတို့က ထိုနန်းတော် ခန်းမ၏ နာမည်ကို ပြောင်းလဲခဲ့ခြင်း မရှိချေ။
ရန်ချီက နန်းတော်၏ နာမည်ကိုကြည့်ကာ ထိုအရာက အောင်မြင်ခြင်းနှင့် သူတော်ကောင်း တရားနှင့် ထိုက်တန်သည်ဟု ခံစားမိသည်။ ထိုအရာက အမိန့်နှင့် စည်းမျဉ်း စည်းကမ်းများကို ကိုယ်စားပြုကာ လေးစားမှု ရှိစေသည်။
ဟောခန်းထဲ၌ လူအိုကြီးတစ်ယောက် ထိုင်နေသည်။ သူ့ လက်ထဲ၌ စာလိပ်တစ်လိပ် ရှိကာ လက်ရှိအချိန်မှာ လေ့လာနေပုံရသည်။ သူ့ အော်ရာ အရှိန်အဝါအရ ဆရာသခင် အဆင့် မဟုတ်ဘဲ လောကအုပ်ချုပ်သူ ဖြစ်ကြောင်း သိနိုင်သည် မဟုတ်ပါလား။
လီဟီက ရှေ့တိုးကာ အရိုအသေ ပေးလိုက်သည်။
"ပါမောက္ခ... ကျွန်တော်တို့ အစောပိုင်း ပေးအပ်ခဲ့တဲ့ တာဝန်အတွက် ရရှိလာတဲ့ သွေးမိစ္ဆာ အမြုတေတွေ လာလဲတာပါ"
"အို..."
လူအိုကြီးက ပြောလိုက်ကာ ကြည့်လိုက်သည်။
"ကောင်းပြီလေ။ အင်း... မင်းတို့က အဆင့်နိမ့် ကျောင်းသားတွေလား။ ကြည့်ရတာ မင်းတို့တွေ ဆရာသခင် အဆင့် ဖြစ်သွားပုံပဲ။ ဒါကြောင့်မင်းတို့ အပြင်စည်း တပည့်အဖြစ် အဆင့်တက်ဖို့ ရောက်လာကြတာပေါ့။ ငါပြောတာ မှန်ရဲ့လား"
"မှန်ပါတယ် ပါမောက္ခ။ ဒါကြောင့် ကျွန်တော်တို့ ဒီရောက်လာတာပါ"
ထို့နောက် သူတို့ ရရှိခဲ့သည့် သွေးမိစ္ဆာ အမြုတေများကို ထုတ်ပေးလိုက်သည်။
လူအိုကြီးက ဆရာသခင် အဆင့်များ အနေဖြင့် ယခုလောက် များပြားသော သွေးမိစ္ဆာ အမြုတေများကို တွေ့လိုက်သောအခါ မျက်ခုံးပင့်တက်သွားသည်။
"မင်းတို့ ဒီလောက်များပြားတဲ့ သွေးစုပ်ဖုတ်ကောင် ဓားပြတွေကို သတ်ခဲ့တာလား။ မင်းတို့ ၅ ယောက်တည်းနဲ့ ဒီလောက်တောင် သတ်နိုင်ခဲ့တာပဲ။ ဒါတွေအတွက် လုပ်ဆောင်ချက်အမှတ် ၆၀၀ ရမယ်။ မင်းတို့ဘာသာ ခွဲဝေယူကြတော့"
ထို့နောက် လူအိုကြီးက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းတံဆိပ်တစ်ခုက ရန်ချီထံ ရောက်ရှိလာသည်။ ထိုအထဲတွင် အလင်းစက် ခြောက်ရာပါရှိကာ ၎င်းတို့က လုပ်ဆောင်ချက်အမှတ် ဘယ်လောက်ရှိသလဲ ဆိုတာကို ဖော်ပြနေသည်။
End
***