'အပြင်စည်းကျောင်းသား ဖြစ်လာတာ အဆင့်နိမ့်ကျောင်းသားဖြစ်တာနဲ့ တော်တော်ကြီး ကွာခြားတာပဲ... ဒီအပြင်အဆင်တွေကိုပဲ ကြည့်ဦး... ဒီမိုးပျံ မျှော်စင်ပေါ်ကနေ အဆုံးအစမဲ့ တိမ်တိုက်တွေနဲ့ ပင်လယ်ကြီးကိုတောင် မြင်ရတယ်။ ဘယ်လောက် သာယာလိုက်လဲ'
ရန်ချီက စဉ်းစားမိသည်။
ထိုမျှော်စင်က သုံးထပ် ခြောက်ထပ်ရှိကာ အထပ်တိုင်းက သုံးဆယ်မီတာခန့် မြင့်မားကြသည်။ ထိုအရာက မယုံကြည်စရာ ကောင်းသည့် တည်ဆောက်မှုပင် ဖြစ်သည် မဟုတ်ပါလား။
ထိုနေရာက အပြင်စည်း ကျောင်းသားများ နေထိုင်ရာ နေရာဖြစ်သည်။ ထိုအခန်းများက အဆင့်နိမ့် ကျောင်းသားများ အခန်းထက် ပိုမို ကျယ်ဝန်းလှသည်။ လက်ရှိအချိန်၌ ရန်ချီက ပြတင်းပေါက်ဘေး ထိုင်ကာ ဆောင်းရာသီ၏ အလှတရားကို ခံစားကြည့်ရှုနေသည်။
လုပ်ဆောင်အမှတ်များ လဲလှယ်ပြီးနောက် သူ့ကို ဆရာသခင် အဆင့် ဖြစ်ကြောင်း စစ်ဆေး အတည်ပြုခဲ့ကာ အဆင့်တိုးမြှင့်ခြင်း ခံခဲ့ရသည်။ ယခု သူက အပြင်စည်း ကျောင်းသားတစ်ယောက် ဖြစ်ကာ ကိုယ်ပိုင် အိပ်ခန်းတစ်ခု ရရှိခဲ့သည်။ သူ့ သူငယ်ချင်း လေးယောက်တွင် အလားတူ အခန်းများ ရှိပြီး လက်ရှိတွင် သူတို့၏ အရာများကို စီစဉ်နေကြသည်။
ပြတင်းပေါက်များကို သန့်စင်သော ကျောက်များဖြင့် ပြုလုပ်ထားကာ ၎င်းမှ အလင်းဝင်ရောက်နိုင်သော်လည်း အအေးဓာတ်ကိုတော့ တားဆီးပေးထားသည်။
သူ့ အိပ်ခန်းက ခြောက်ထောင် စတုရန်းမီတာ ကျယ်ဝန်းကာ သူလိုအပ်သမျှ ပါရှိသည်။ အလိုအလျောက် မီးအပူပေးနိုင်သည့် ဆေးမီးပြင်းဖို၊ ကျောက်စိမ်းခုတင်၊ စွမ်းအားပညာရပ် ကျင့်ကြံရန် လိုအပ်သည့် အထောက်အပံ့အချို့ ပါရှိနေသည်။
နံရံများက အမျိုးအစား မသိသည့် ရွှေကဲ့သို့ သတ္တုစပ်မျိုးဖြင့် ပြုလုပ်ထားကာ ၎င်းတို့ပေါ်၌ မျဉ်းများ သန်းချီပါရှိပြီး စွမ်းအားပုံစံတစ်ခု ပြုလုပ်ထားသည်။
ထိုစွမ်းအားပုံစံက နေနှင့်လတို့၏ အနှစ်သာရများနှင့် ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများကို စုပ်ယူနိုင်သဖြင့် ကျင့်ကြံခြင်းကို နှစ်ဆပိုမြန်စေသည်။
ထိုအရာက အိမ်ခန်း၏ အရေးပါးဆုံး အစိတ်အပိုင်းများဖြစ်ကာ ကျောင်းတော်မှ အပြင်စည်း ကျောင်းသားများအတွက် ပြုလုပ်ထားပေးပုံပေါ်သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်၌ အဆင့်နိမ့်တပည့် သန်းချီရှိသော်လည်း သူတို့ထဲမှ ၁၀ ပုံ ၁ ပုံသာ အပြင်စည်းတပည့် ဖြစ်လာကြသည်။ ထိုအထဲမှ အနည်းစုသာ အတွင်းစည်း ကျောင်းတပည့်များ ဖြစ်လာကြသည်။
အဆင့်နိမ့်ကျောင်းသားအဖြစ်မှ အပြင်စည်း တပည့်အဖြစ် အဆင့်တက်ခြင်းက အဓိက အဆင့်တက်ခြင်းပင်ဖြစ်သည် မဟုတ်ပါလား။
အဆင့်နိမ့် ကျောင်းသားများက ကြုံရာကျပန်း တာဝန်များကို လုပ်ဆောင်ကြရသည်။ သူတို့ထဲက အချို့ဆိုရင် မိုင်းတူးရသည့်အထိ ခက်ခဲစွာ လုပ်ဆောင်ကြရသည်။ သို့သော် အပြင်စည်း ကျောင်းသားများ ဖြစ်လာပါက ဘာအလုပ်မှ လုပ်စရာ မလိုအပ်တော့သလို ဘာမှ မပေးရတော့ချေ။
အကောင်းဆုံး ဥပမာ စွမ်းအားစုစည်းနိုင်သည့် အိပ်ခန်းပင် ရရှိနိုင်ကြသည်။
ထိုကဲ့သို့ စွမ်းအားပုံစံက လောကအုပ်ချုပ်သူများပင် ပြုလုပ်နိုင်ကြသည်။ ထိုကဲ့သို့ ကျွမ်းကျင်သူများမှသာ စွမ်းအားပုံစံ၏ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း ရှိကြသည်။ ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားများ ချွေးပေါက်များမှတစ်ဆင့် ဝင်ရောက်ကာ သွေးကြောများကို သန်မာစေပြီး ချီပင်လယ်ကို အားဖြည့်ပေးနိုင်သည်။ ထိုအရာအားလုံးက ကျင့်ကြံခြင်းကို တိုးတက်လာစေသည်။
ယန်ကောင်းကင်မှာတုန်းက ရန်ချီအနေဖြင့် ထိုကဲ့သို့ ပစ္စည်းမျိုး ရှိနေလိမ့်မည်ဟုပင် မထင်ထားခဲ့ချေ။
အင်မော်တယ်ခြေနင်း ကျောင်းတော်နှင့် နှိုင်းယှဉ်ပါက ယန်ကောင်းကင်မှာ ဆင်းရဲသား ရပ်ကွက်တစ်ခုမျှသာ ဖြစ်သည်။
ထို့ပြင် ထိုနေရာရှိ လူများက ကျင့်ကြံခြင်းအတွက် စွမ်းအားပုံစံမျိုးကို အသုံးမပြုကြသကဲ့သို့ ထိုကဲ့သို့ စွမ်းအားပုံစံ ရှိမှန်းပင် သိကြမည် မဟုတ်ချေ။
ရန်ချီက အခန်းထဲမှ ထွက်လိုက်သောအခါ ရှာဖွေတွေ့ရှိမှုတစ်ခုကြောင့် အံ့သြသွားသည်။ အပြင်ဘက်ရှိ လေထုက ညစ်ညမ်းကာ မသန့်စင်သော်လည်း ဆန့်ကျင်ဘက်အနေဖြင့် သူ့အခန်းထဲရှိ လေထုက သန့်စင်ကာ အညစ်အကြေး ကင်းစင်နေသည်။ ထိုအရာက သူ့ ကိုယ်တွင်းရှိ စစ်မှန်သော စွမ်းအားများကို လျင်မြန်စွာ စီးဆင်းစေပြီး သူ့ကို အင်မော်တယ် တစ်ပါးကဲ့သို့ ခံစားရစေသည်။
ရန်ချီက စွမ်းအားပုံစံကို မှတ်သားထားဖို့ အချိန်အချို့ အသုံးပြုခဲ့သည်။ သူသာ လောကအုပ်ချုပ်သူအဆင့်ရောက်ပါက ထိုနည်းလမ်းဖြင့် ရန်ကလန်မှာ အလားတူ စွမ်းအားပုံစံ ဖန်တီးပေးဖို့ပဲ ဖြစ်သည်။ ထိုအရာက သူ့အဖေနှင့် သူ့ အစ်ကို ၂ ယောက်အတွက် ကျင့်ကြံခြင်းကို ပိုမိုမြန်ဆန်စေလိမ့်မည်။
လူများအနေဖြင့် နှစ်ပေါင်း ဒါဇင်ချီ လေ့ကျင့်မှ စွမ်းအားပညာ အဆင့် ၅ ကို ရောက်ရှိစေနိုင်ပေမဲ့ ထိုစွမ်းအားပုံစံက နှစ်အနည်းငယ်အတွင်း အဆင့် ၅ ကို ရရှိစေနိုင်သည်။
ရုတ်တရက် ရန်ချီက တံခါးခေါက်သံအချို့ ကြားလိုက်မိကာ လက်ကို ဝှေ့ယမ်းပြီး တံခါးဖွင့်လိုက်သည်။
"ညီအစ်ကို ရန်ချီ... ဒီစွမ်းအား စုစည်းပုံစံကို မင်းယုံကြည်နိုင်လား"
လီဟီနှင့် အခြားသူများသည် လုံးဝ ဂုဏ်ယူဝမ်းမြောက်စွာ နေပုံဖြင့် အထဲကို ဝင်လာကြသည်။
ရန်ချီက သူတို့ကို အထဲခေါ်လိုက်ကာ...
"ငါကြားဖူးတော့ အတွင်းစည်း ကျောင်းတော်သားတွေရဲ့ စွမ်းအားပုံစံက ယခုထက် ပိုကောင်းမွန်တယ်တဲ့။ ငါသူတို့လို ဖြစ်ချင်မိတယ်။ ကောင်းပြီ... ငါတို့ အတွင်းစည်း ကျောင်းတော်သား ဖြစ်လာအောင် လုပ်ဆောင်ချက် အမှတ်တွေ ထပ်စုကြရမယ်"
ယခုအခါ သူက ထိုအဖွဲ့ငယ်လေး၏ ခေါင်းဆောင်ဖြစ်ကာ သူတို့အားလုံးက သူ့ကို လေးစားကြသည်။
"ငါတို့ အတွင်းစည်းကျောင်းသား ဖြစ်လာဖို့ ကိစ္စကြီးတွေ လုပ်ဖို့ လိုတယ်"
လီဟီက ပြောလိုက်သည်။
"ငါတို့ လုပ်ဆောင်ချက် အမှတ်တွေ စုမယ့်အစား ကျင့်ကြံခြင်းကို အာရုံစိုက်သင့်တယ်။ ညီလေးရန်ချီသာ လောကအုပ်ချုပ်သူဖြစ်လာရင် အမှတ်တစ်ခုမှ ပေးစရာမလိုဘဲ လက်ရွေးစင် ကျောင်းသားဖြစ်လာလိမ့်မယ်။ လောကအုပ်ချုပ်သူအဆင့်ကို မတက်လှမ်းနိုင်သူတွေသာ လုပ်ဆောင်ချက် အမှတ်တွေကို ရှာဖွေရင်း အဆင့်တက်ဖို့ ကြိုးစားကြရတာလေ"
"အမှန်ပဲ"
လျန့်တုန်က ပြောလိုက်သည်။
"မင်းသာ လောကအုပ်ချုပ်သူ ဖြစ်လာရင် ကျောင်းတော်မှာ အရေးပါတဲ့သူ ဖြစ်လာလိမ့်မယ်။ ညီလေးရန်... စဉ်းစားကြည့်ရင် မင်းရဲ့ ကျေးဇူးကြောင့် ငါတို့ ဆရာသခင် အဆင့်တွေ ဖြစ်လာခဲ့တာပဲ။ အခုချိန်က ငါတို့ အိမ်ပြန်ပြီး ငါတို့ အဖေတွေဆီ သွားလည်သင့်တဲ့ အချိန်ပဲ။ အဲဒီမှာ ငါတို့ရဲ့ နေရာက ပိုမြင့်မားလာပြီး အထောက်အပံ့ကောင်းတွေ ပိုရလာလိမ့်မယ်။ ငါတို့ ထွက်မသွားခင် ဘာများညွှန်ကြားစရာ ရှိမလဲလို့ လာမေးမြန်းကြည့်တာပဲ။ ဥပမာ မင်းရဲ့ ကလန်အခြေအနေ ဘယ်လိုနေလဲ။ အခုချိန်မှာ ငါတို့က ရန်ကလန်နဲ့ မိသားစု ဖြစ်သွားပြီ။ မင်းရဲ့ အဖေက ငါ့ရဲ့ အဖေပဲ။ ငါတို့တွေအတူတူ အသက်ရှင်ပြီး အတူသေမယ်။ အောင်မြင်မှုကော ကျရှုံးမှုကော မျှဝေခံစားကြမယ်လို့ ငါကျိန်ဆိုတယ်"
"တကယ်တော့ ငါ အချို့အရာတွေကို ထောက်လှမ်းခဲ့တယ်။ ယန်ကောင်းကင် အပါအဝင် အဲဒီက ကီလိုမီတာ ငါးသောင်းအတွင်းမှာ စစ်မီးတွေ ဖြစ်နေတယ်။ အဓိကက ပင်လယ်မျိုးနွယ်စုကြောင့်ပဲ။ အမှန်တိုင်း ပြောရရင် ရန်ကလန်က အန္တရာယ် ရှိနိုင်တယ်"
ဟွာရင်းဟူက ပြောလိုက်သည်။
"တကယ်လား... ဒါဆို ကျွန်တော်တို့ ဘာလုပ်လဲ အကြံပေးကြပါဦး။ ငါ့ကလန်က အားနည်းတာ ငါသိတယ်။ အကယ်၍ ပင်လယ်မျိုးနွယ်စုသာ တိုက်ခိုက်လာရင် သူတို့ ဘယ်လိုလုပ်သင့်လဲ"
သူက လီဟီထံမှ အကြံရလိုရငြား မေးမြန်းလိုက်သည်။
"ဒီကိစ္စအတွက် စိုးရိမ်မနေပါနဲ့"
လီဟီက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။
"ငါတို့ လေးယောက် ဒီအတွက် ပြောဆိုခဲ့ပြီးပြီ။ ငါတို့ အိမ်ကို ပြန်ရောက်ဖို့ တစ်ရက်လောက်ပဲ အချိန်လိုတယ်။ အဲဒီမှာ ငါတို့ နေရာ အဆင့်မြင့်သွားတာနဲ့ ဆရာသခင် အချို့ကို ယန်ကောင်းကင်ကို ပို့လိုက်မယ်။ အဲဒါက ၃ ရက်လောက်ပဲ ကြာမှာပါ။ သူတို့က အနာဂတ်မှာ ရန်ကလန်ကို စောင့်ရှောက်ပေးလိမ့်မယ်။ အကယ်၍ ပြဿနာကြီးတွေ ပေါ်လာရင်တောင် သူတို့က ကလန်ကို ပြန်အကြောင်းကြားလိမ့်မယ်။ ငါတို့ ကလန်တွေရဲ့ စွမ်းအားနဲ့ဆိုရင် ညီလေးကိစ္စက ကိုင်တွယ်ရ လွယ်ကူမှာပါ။ ဒါပေမဲ့ တစ်ခုရှိတာက ငါတို့လူတွေက ညီလေးတို့နဲ့ မဟာမိတ်ဖြစ်တယ်ဆိုတာ သက်သေပြဖို့ အရာအချို့ ပေးလိုက်စေချင်တယ်"
"ကောင်းပြီ"
ရန်ချီက ဝမ်းသာစွာ ပြောလိုက်သည်။
"ငါ့ကလန်နဲ့ ပတ်သက်ပြီး မင်းတို့ကို ယုံကြည်တယ်။ ဒီမှာ ရွှေရောင်ကိုးမျိုး ပြောင်းလဲခြင်းဆေး ဆယ်လုံးနဲ့ ရွှေခရမ်းသွေးကြော သန်မာဆေး ဆယ်လုံး... ငါ့အဖေနဲ့ အစ်ကိုတွေကို ပေးပေးပါ။ ကျန်တာတွေကို ကလန်အတွက် သစ္စာအရှိဆုံးဖြစ်မယ့် လူတွေကို ပေးနိုင်တယ်လို့ ပြောပေးပါဦး"
"ကောင်းပြီ။ ငါတို့ သတင်းကောင်းနဲ့ ပြန်လာဖို့ တစ်လလောက်ပဲ စောင့်ပါ။ ၁၀ ရက်လောက် ကြာချင်လည်း ကြာမှာပါ"
သူတို့က ဆွေးနွေးစရာ ဆွေးနွေးပြီးနောက် လူစုခွဲလိုက်ကြသည်။
ရန်ချီက တစ်ယောက်တည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူတို့က သွေးစုပ်ဖုတ်ကောင် ဓားပြတွေ ရင်ဆိုင်ဖို့ တာဝန်ကို လက်ခံပြီးနောက် မဟာမိတ်များ ဖြစ်လာကာ ကလန်အတွက် အကူအညီ ဖြစ်လာစေခဲ့သည်။
အခုအချိန်၌ အဓိက ကိစ္စက ကျင့်ကြံခြင်းကို အာရုံစိုက်ကာ လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လာဖို့ပဲ ဖြစ်သည်။
သူက အခန်းအလယ်၌ထိုင်ကာ အသက်ရှူလေ့ကျင့်ခန်းကို စတင်လိုက်သည်။ ချက်ချင်းဆိုသလို စစ်မှန်သော စွမ်းအားများ စီးဆင်းကာ သွေးကြောများက ပိုမို သန်မာလာသည်။ အရိုးနှင့် ကြွက်သားများက ပိုမို သန့်စင်လာကာ သူ့ ချီပင်လယ်က မီးတောင်တစ်ခုကဲ့သို့ ဖြစ်လာပြီး ခန္ဓာကိုယ်အတွင်း အသံများ ထွက်ပေါ်လာသည်။
သူက ကြီးမားသော စွမ်းအားအဆင့်ကို ထုတ်ဖော်နိုင်သော်လည်း လျှပ်စီး ဆင်ရိုင်းကြီးက သူ့ ချီပင်လယ်အတွင်း မရှိတော့သလို အသက်ဓာတ် အနှစ်သာရကိုလည်း ထုတ်လုပ်နိုင်စွမ်း မရှိချေ။
သူက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အာရုံစူးစိုက်ရင်းဖြင့် သူ့ အသိအာရုံက အခန်းအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား သူက နတ်ဆင်ကြီးကို ကိုယ်စားပြုသည့် သန်းပေါင်း ၈၄၀ ခန့် ကြယ်များကို နဂါးငွေ့တန်း တစ်ခုကဲ့သို့ မြင်တွေ့လိုက်သည်။ ကံမကောင်းချင်တော့ ရေတွက်မကုန်သော ကြယ်များက သေခြင်းအော်ရာများ ဖုံးလွှမ်းနေကာ အလုံး ၂၀ ခန့်သာ တောက်ပနေခဲ့သည်။ ထိုအရာက သူရရှိထားသည့် ကမ္ဘာဦး ဆင်ရိုင်းအကောင် ၂၀ စွမ်းအား ဖြစ်သည်။
နဂါးငွေ့တန်း တစ်ခုလုံးနှင့် ယှဉ်ကြည့်ပါက ကြယ် ၂၀ ခန့်က ဘာမှ မဟုတ်တော့ချေ။
အကယ်၍ အစိတ်အပိုင်း သန်းပေါင်း ၈၄၀ လုံးက နိုးထနိုင်ပါက နတ်ဘုရား စိတ်ဝိညာဉ်လို အစွမ်းထက်လာမှာကို ရန်ချီ သိနေသည်။ ထို့ပြင် သူကိုယ်တိုင်ပင် နတ်ဘုရား ဖြစ်လာနိုင်သည်။
'အသက်ဓာတ်စွမ်းအား အနှစ်သာရ... နှစ်ဆယ့်ငါးခု နိုးထစမ်း'
သူက အတွေးများကို ရှင်းလင်းကာ စစ်မှန်သော စွမ်းအားများကို ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းစေပြီး အသက်ဓာတ်စွမ်းအားကို ဖန်တီးဖို့ ကြိုးစားလိုက်သည်။
ကံမကောင်းစွာပင် သူ့ ဖန်တီးခြင်းက အစိတ်အပိုင်းများကို နိုးထနိုင်စွမ်း မရှိချေ။
သူ့ ကျင့်ကြံခြင်းက လုံးဝ ကွဲပြားခြားနားသွားကာ ဆိုးဝါးလွန်းသည့် အခြေအနေကို ရောက်ရှိသွားသည်။
သူက သက်ပြင်းချလိုက်သည်။
'လျှပ်စီးဆင်ရိုင်းကြီး မရှိတော့ ငါ့ရဲ့ ကျင့်ကြံခြင်းက အဆ ၁၀၀၊ ၁၀၀၀ လောက် နှေးသွားခဲ့ပြီ။ နတ်ဘုရားအဆင့် စွမ်းအားကျင့်စဉ် ကျင့်ဖို့က မလွယ်ဘူးပဲ။ ငါသာ နောက်ထပ် အစိတ်အပိုင်းကို နိုးထနိုင်ရင် ငါ့ရဲ့ စွမ်းအားပညာက နောက်တစ်ဆင့်ကို ရောက်သွားပြီး ကောင်းကင်ဘုံက သက်တမ်းကို ခိုးယူနိုင်မယ်။ ပြီးတော့ သဘာဝ စွမ်းအားတွေကိုလည်း ရရှိလာနိုင်တယ်။ အခုလက်ရှိ အခြေအနေအရ ဆိုရင် နှစ်ဆယ့်ငါးခု အစိတ်အပိုင်းကို နိုးထနိုင်ဖို့ နှစ် ၂၀ လောက် အချိန်ယူရမှာပဲ"
သို့သော်လည်း သူ့မှာ အစီအစဉ်ရှိခဲ့သည်။ ထိုအရာက သူ့ ချီပင်လယ် အတွင်းရှိ ငရဲမီးတောက် မီးပြင်းဖိုကြီးပင်ဖြစ်သည် မဟုတ်ပါလား။ ထိုအရာက စွမ်းအားအမျိုးမျိုးကို သန့်စင်ကာ မိစ္ဆာ အမြုတေကိုတောင် တိုက်ရိုက်စားသုံး နိုင်သည်။ သူက ကျောက်တုံးများကို အရည်ဖျော်နိုင်သည့် ဧရာမ မီးပြင်းဖိုကြီးနှင့် တူညီသည်။
ထို့နောက် သူက လက်စွပ်ကို အသက်သွင်းလိုက်ကာ အပြာရောင် တံခါးက ပေါ်လာသည်။ ထိုအပြာရောင် တံခါးနှင့် အခန်းထဲ၌ ဆေးလုံးများ ပြည့်လျှံနေသည်။
ထိုအထဲ၌ မျက်စိ ဖမ်းစားဆုံးက သူတော်စင်မိစ္ဆာ ပန်းချီကားဖြစ်ကာ ထိုအရာကို ဆရာသခင် အဆင့် မိစ္ဆာအမြုတေ ထောင်ပေါင်းများစွာနှင့် ဖွဲ့စည်းထားပြီး လောကအုပ်ချုပ်သူ အဆင့် မိစ္ဆာအမြုတေ တစ်ခုလည်း ပါရှိသည်။ သူတို့ ဖန်တီးထားသည့် စွမ်းအားပုံစံက သန့်စင်မွန်မြတ်သည့် အော်ရာများ ထွက်ပေါ်နေသည်။
'ဒီမှာ ငါစုဆောင်းထားတဲ့ ဆေးလုံးတွေနဲ့ ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းကို အနည်းငယ် တိုးစေလိမ့်မယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ ဒီဆေးလုံးတွေက ဘာတွေလဲ မသိတာပဲ။ ဒါကြောင့် ငါသုံးလို့ မဖြစ်သေးဘူး။ ကျောင်းတော်မှာလည်း ငါယုံကြည်ရမယ့်သူ တစ်ယောက်မှ မရှိသေးဘူးလေ'
ရုတ်တရက် သူ့ မျက်လုံးများက တောက်ပသွားသည်။
'ခဏ... အန်တီစုစုဆိုရင်ကော... အခုငါ အပြင်စည်းကျောင်းသား ဖြစ်သွားပြီဆိုတော့ သူ့ကို သွားတွေ့နိုင်ပြီ'
End
***