သူက ကိုယ်ပိုင် ကျင့်ကြံခြင်းနှင့် အနောက်ဘက် အရပ်၌ သွေးစုပ်ဖုတ်ကောင် ဓားပြများ ဖမ်းဆီးရေး အစရှိသည့် အရေးကြီးတာဝန်များကို လုပ်ဆောင်နေလေရာ သူ့ အဒေါ်ရန် စုစုအကြောင်းကို မေ့လျော့နေခဲ့သည်။
ယခုအချိန်၌ သူက အပြင်စည်းတပည့်တစ်ယောက်ဖြစ်လာကာ ကျင့်ကြံခြင်းက အလွန် တိုးတက်လာခဲ့ပြီ မဟုတ်ပါလား။ အဆင့်နိမ့် ကျောင်းသားဘဝ၌ မည်သည့်နေရာ မသွားရကြောင်း၊ ဘာတွေကို မလိုအပ်ကြောင်း အစရှိသဖြင့် စည်းမျဉ်းများကို လိုက်နာခဲ့ရသည်။ ယခုချိန်၌ သူအလိုရှိသလို ကျောင်းတော် အနှံ့ သွားလာနိုင်ခဲ့လေပြီ။
ယခု သူ့အဒေါ်ကို သွားရှာနိုင်လေပြီ။
ထို့အပြင် သူက ကျောင်းတော်အတွင်း ကြည့်ရှုဖို့ ပိုမို စိတ်ဝင်စားနေခဲ့သည်။ ကျောင်းတော်က ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းကာ စင်မြင့်များ၊ အခန်းငယ်များ၊ မျှော်စင်များ၊ စေတီနှင့် ဘုရားကျောင်းများ ရှိကြသည်။ ထို့ပြင် လျှို့ဝှက်ချက်များစွာရှိသည့် နေရာများ၌ ဝင်္ကပါများ အထပ်ထပ်ဖြင့် ကာရံထားကြ၏။
ယွမ်ဟိုက်လန်နှင့် ပတ်သက်၍ သတင်းအနည်းငယ် ရှိဖို့ မျှော်လင့်မိသည်။
သူက ယခုအချိန်၌ သူ့ ကျင့်ကြံခြင်းက တစ်ဆို့နေကာ မကြာမီ အချိန်တစ်ခုအထိ ဆင်ရိုင်း ၂၅ ကောင် စွမ်းအားကို အသုံးပြုနိုင်ဦးမည် မဟုတ်ချေ။
တစ်စုံတစ်ယောက်က ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ကျင့်ကြံရာ၌ အစိတ်အပိုင်းများကို နိုးထစေနိုင်သည့် အသက်ဓာတ်အမြုတေ လိုအပ်သည်။ ထိုသို့မှ မဟုတ်ပါက ကျင့်ကြံခြင်းက ခက်ခဲနေပေလိမ့်မည်။ အခြားတစ်မျိုးပြောရပါက နောက်ထပ် အစိတ်အပိုင်းများ နိုးထနိုင်ဖို့က ပိုမို ခက်ခဲလာလိမ့်မည်။ ထို့ကြောင့်ပင် နတ်ဘုရား အဆင့်ကျင့်စဉ်များက နတ်ဘုရားများအတွက် ရည်ရွယ်ပြီး သာမန်လူများအနေဖြင့် ကျင့်ကြံနိုင်စွမ်း မရှိကြပေ။
သူ့ လက်စွပ်ကို သိမ်းဆည်းပြီးနောက် အခန်းအပြင်သို့ ထွက်ကာ ၃၆ ထပ်မှ ခုန်ဆင်းလိုက်သည်။
မျှော်စင်၏ အထပ်တိုင်း၌ ကွဲပြားသော အိမ်ခန်းများ ရှိကြကာ တစ်ထပ်ချင်းစီ၌ မတူညီသော အပြင်စည်း တပည့်များ နေထိုင်ကြသည်။ သို့သော်လည်း ရန်ချီက သူတို့နှင့် မသိသလို နီးစပ်ဖို့လည်း ကြိုးစားခြင်း မပြုခဲ့။
အဆောက်အဦ၏ အောက်ခြေတွင် မြင့်မားသော သစ်ပင်များ၊ စီးဆင်းနေသော ချောင်းများ၊ အဆောင်ငယ်လေးများဖြင့် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။ ထိုနေရာရှိ လန်းဆန်းသော သစ်ပင်များကို အဆင့်နိမ့် ကျောင်းသားများက သန့်ရှင်းရေး လုပ်ပေးကြရသည်။
ရန်ချီသည် လွန်ခဲ့သော လများအတွင်း ထိုသို့သော အလုပ်ကို ကိုယ်တိုင် လုပ်ခဲ့ဖူးသော်လည်း ယခုတော့ သူသည် ထိုအခြေခံ အလုပ်များမှ ကင်းလွတ်ခဲ့ပြီ။
သူက လမ်းလျှောက်သွားရင်း အဆင့်နိမ့် ကျောင်းသားများက သူ့အင်္ကျီဖြူပေါ်ရှိ 'အင်မော်တယ်ခြေနင်း ကျောင်းတော်' တောက်ပသော အနီရောင်စာလုံးကို သတိပြုမိသွားကြသည်။ သူတို့၏ အကြည့်များ၌ အားကျခြင်း မနာလိုခြင်းများကို ဖုံးကွယ်ထားနိုင်စွမ်း မရှိကြချေ။
အဆင့်နိမ့် ကျောင်းသားများ၏ ဝတ်စုံ၌ ထိုကဲ့သို့ စာလုံး မပါရှိပေ။ သူတို့၏ ဝတ်စုံများက အဖြူရောင်သာ ဖြစ်ကာ ကျောင်းတော်၏ မည်သည့် အဆင့်အတန်း ရာထူးမှ မပါရှိချေ။
ရန်ချီက မနာလို အားကျသည့် အကြည့်များကို ကြည့်လိုက်ကာ သက်ပြင်းချလိုက်မိသည်။ အင်မော်တယ်ခြေနင်း ကျောင်းတော်၏ အဆင့်အတန်းနှင့် နေရာအလိုက် စည်းမျဉ်း တင်းကျပ်မှုနှင့် ပတ်သက်၍ သူဘာမှ မပြုလုပ်နိုင်ချေ။ အကယ်၍ သူသာ လောကအုပ်ချုပ်သူ ဖြစ်ပြီး လက်ရွေးစင် ကျောင်းသားဖြစ်သွားပါက အဆင့်နိမ့် ကျောင်းသားများသူနှင့်ပတ်သက်ပြီး ဘယ်လိုတောင် တွေးမိမလဲဟု စဉ်းစားမိသွားသည်။
သူက ဥယျာဉ်ထဲမှ ထွက်ကာ အဆောက်အအုံများ၊ စေတီများ၊ နံရံများနှင့် အခြားရှုခင်းများ အစရှိသည့် ကျောင်းတော်၏ နေရာအမျိုးမျိုးကို ဖြတ်သန်းသွားခဲ့သည်။ ထို့နောက်မှာတော့ သူက အရှိန်အဝါများ ဖုံးလွှမ်းနေသည့် ထူးခြားဆန်းကြယ်သော ဘုရားကျောင်းများ ရှေ့၌ ရပ်လိုက်သည်။
ထိုနေရာက ခမ်းနားကြီးကျယ်သည့် ပုံစံ ပေါက်နေသည်။ ထိုဘုရားကျောင်းများ၏ ထိပ်ဘက်၌ ရောင်ခြည်တော်များ ဖြာထွက်နေကာ ညအချိန်မှာပင် ထိုနေရာ တစ်ဝိုက်ကို လင်းလက်စေ၏။
ထိုနေရာ တစ်ခုလုံးကို စွမ်းအားပုံစံဖြင့် ထောက်ပံ့ထားခြင်းပင်။
ထိုနေရာတစ်ခုလုံးက လက်ရွေးစင် ကျောင်းသားများ၏ ကျောင်းတော်နေရာဖြစ်ကာ ကန့်သတ်နေရာအဖြစ် သတ်မှတ်ထားကြသည်။
ထိုနေရာသို့ လက်ရွေးစင်ကျောင်းသားများနှင့် လောကအုပ်ချုပ်သူများသာ ဝင်ရောက်နိုင်ကာ အဆင့်နိမ့် ကျောင်းသားများ ဝင်ရောက်ဖို့အတွက် ဝင်ရောက်ခွင့် ကတ်ပြားလိုအပ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က စည်းကမ်းမဲ့ ကျူးကျော်လာပါက အမေးအမြန်း မရှိ သတ်ဖြတ်နိုင်သည်။
သူက ထိုနေရာအနီးသို့ ရောက်သောအခါ ဘုရားကျောင်းများ၏ စွမ်းအားပုံစံက သူ့အတွက် ကောင်းချီးပေးသလို ခံစားရစေသည်။ သူ့ စစ်မှန်သော စွမ်းအားများက ပိုမို တိုးပွားပြီး သန်မာလာကာ လွတ်လပ်ခြင်းနှင့် ပေါ့ပါးခြင်းကို ခံစားရစေသည်။ ထိုအရာက သူ့ကို သန့်စင်ပေးနေသည့်ပုံ ပေါ်၏။
"ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ စွမ်းအားပုံစံလဲ" သူက ရေရွတ်မိလိုက်သည်။
လက်ရွေးစင်ကျောင်းသားများ၏ စွမ်းအားပုံစံက စွမ်းအားစုစည်းခြင်း စွမ်းအားပုံစံထက် များစွာ အစွမ်းထက်သည်။ ဆောင်ဟေရှမ်းနှင့် ယွမ်ဟိုက်လန်တို့ ကျင့်ကြံခြင်း အလျင်အမြန် တိုးတက်လာခြင်းက အံ့သြစရာ မရှိတော့ချေ။
ရန်ချီသည် အင်မော်တယ်ခြေနင်း ကျောင်းတော်အတွင်း လပေါင်းများစွာ နေထိုင်ခဲ့ပြီး ဖြစ်၍ အချို့အရာများက သူနားလည်ထားသည်ထက် နက်နဲကြောင်း သိလာရသည်။
အပြင်စည်း ကျောင်းတော်သားများ၌ စိတ်ဝိညာဉ် စုစည်းသည့် စွမ်းအားပုံစံရှိကာ အတွင်းစည်း ကျောင်းသားများ၌ အသက်ဓာတ် စုစည်းသည့် စွမ်းအားပုံစံ ရှိသည်။ ထိုအရာများက ကျင့်ကြံခြင်းကို ပိုမိုမြန်ဆန်လာစေသည့် အရာများပင်။
လက်ရွေးစင် ကျောင်းသားများအတွက်ကတော့ ဧကရာဇ်များ၏ တာအိုစွမ်းအားပုံစံ ရှိကြသည်။ ထိုစွမ်းအားပုံစံကလည်း မိုးကောင်းကင်နှင့်မြေကြီးမှ စိတ်ဝိညာဉ် စွမ်းအားနှင့် နေနှင့်လတို့၏ အနှစ်သာရ အမြုတေများကို စုပ်ယူနိုင်သည်။ ပိုပြီး အရေးပါတာတစ်ခုက သူတို့က ဧကရာဇ်များ တာအို၏ စွမ်းအားများကိုပါ ကြီးထွားစေနိုင်သည်။
ထိုနေရာ၌ ကျင့်ကြံခြင်း ပြုလုပ်ပါက အသက်ဓာတ် စွမ်းအားပုံစံထက် ၁၀ ဆခန့်ပင် ပိုမို မြန်ဆန်စေသည်။
ယွမ်ဟိုက်လန်က ကျောင်းတော်သို့ ဝင်ရောက်ပြီးပြီးချင်း လက်ရွေးစင် ကျောင်းသား ဖြစ်လာသောကြောင့် ဧကရာဇ်များ၏ တာအိုစွမ်းအားပုံစံ၌ ကျင့်ကြံခွင့်ရခဲ့သည်။ ထို့ကြောင့် သူမ၏ တိုးတက်နှုန်းက အရမ်းကို မြန်ဆန်လွန်းလာခဲ့သည်။
သူက ဘုရားကျောင်းများ၏ စွမ်းအားပုံစံ ဘေး၌ ထိုအကြောင်း တွေးနေစဉ်မှာပင် သူ့ စစ်မှန်သော စွမ်းအားများက နိုးထလာသည်။ သူသာ အထဲဝင်သွားပါက ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုပင် တွေးတောဖို့ ခက်ခဲသည်။
ရုတ်တရက် ဘုရားကျောင်းများနှင့် ထိစပ်နေသော အပြင်ဘက် အခန်းမှ မိုးခြိမ်းသံလို အသံမျိုး ထွက်ပေါ်လာသည်။
"အဲဒီနေရာမှာ ရပ်လိုက်စမ်း"
နက်နဲသော အသတ်အဖြတ် စိတ်အာရုံကို အာရုံခံမိသွားကာ ချက်ချင်း ရပ်တန့်လိုက်သည်။
အကယ်၍ သူသာ နောက်တစ်လှမ်း ထပ်တိုးလိုက်ပါက သူ့ကို သတ်ဖြတ်ပစ်မည်မှာ အမှန်ပင် ဖြစ်သည် မဟုတ်ပါလား။
သူက အပြင်ဘက် အခန်းငယ်ကို ကြည့်လိုက်ရာ သာမန် လူ ၂ ရပ်လောက်ရှိသည့် လူကြီးတစ်ယောက် ထွက်လာတာကို မြင်လိုက်ရသည်။ သူတို့က သံချပ်ကာ ဝတ်စုံပြည့် ဝတ်ဆင်ထားကာ လခြမ်းကွေး နှစ်ဖက်ပါ လှံရှည်ကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ အော်ရာအရှိန်အဝါက ရိုင်းစိုင်းခက်ထန်ကာ သူတို့ပုံစံက ရှေးအခါမှ သားရဲများနှင့် တိုင်တန်ကြီးများ ပေါ်ထွက်လာသည်နှင့် ဆင်တူသည်။
ထို့အပြင် သူတို့အားလုံးက ဆရာသခင် အဆင့်များ ဖြစ်ကြသည်။
သူတို့က လက်ရွေးစင် ကျောင်းသား ကျောင်းတော်၌ အစောင့်အဖြစ် တာဝန်ယူကြရခြင်း ဖြစ်သည်။ ထိုလူတွေက ကမ္ဘာဦး ဘီလူးစိတ်ဝိညာဉ် သွေးများ ပါရှိကာ စွမ်းအားများက အကန့်အသတ်မဲ့သဖြင့် ပြီးပြည့်စုံသည့် အစောင့်အရှောက်များ ဖြစ်ကြသည်။
သူတို့တွေက ရိုးရှင်းလွယ်ကူစွာ ဖြေရှင်းနိုင်မည့် သူများ မဟုတ်ချေ။ သူတို့၏ သွေးကြောများက သာမန် လူသားတွေထက် ၁၀ ဆမျှ ပိုမို သန်မာသည်။ သူတို့ထဲမှ ဆရာသခင် အဆင့် တစ်ယောက်တည်းဖြင့်ပင် သာမန် ဆရာသခင် အဆင့် ၁၀ ယောက်လောက်ကို အလွယ်တကူ တိုက်ခိုက်နိုင်သည်။
သူတို့တွေကို ကျောင်းတော်၏ အရေးကြီး နေရာများ၌ အစောင့်အဖြစ် တာဝန်ပေးထားခြင်း ခံကြရသည်။ သူတို့အတွက် အမိန့် ပေးထားသည်မှာ တစ်ခုတည်းသာ ဖြစ်သည်။ ထိုအရာက 'ပထမဆုံး မဖြတ်သွားဖို့ တား၊ တားမရရင် သတ်ပစ်လိုက်' ဆိုသည့် အမိန့်တစ်ခုတည်းပင်။
ရန်ချီက ကျင့်ကြံခြင်း အခြေခံအရ သူက လောကအုပ်ချုပ်သူများကိုပင် မကြောက်ရွံ့သဖြင့် ထိုအစောင့်များကိုတော့ အလွယ်တကူ သတ်ဖြတ်နိုင်သည်။ သို့သော် ထိုသို့ ပြုလုပ်လိုက်ပါက သူဒုက္ခ သူရှာသလို ဖြစ်သွားပေလိမ့်မည်။
သူက လေးစားစွာဖြင့် လက်သီးဆုပ်ပြီး နှုတ်ဆက်လိုက်သည်။
"နှုတ်ဆက်ပါတယ်။ အစောင့်တို့... ကျွန်တော်က လက်ရွေးစင် ကျောင်းသူ တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အဒေါ် ရန်စုစုကို လာတွေ့တာပါ။ ကျွန်တော် ဒီရောက်နေကြောင်း အကြောင်းကြားပေးပါ"
လူဘီလူးကြီးများ၏ ခေါင်းဆောင်က ရန်ချီကို အထက်အောက် ကြည့်ကာ မျက်လုံးများက လောဘကြောင့် အရောင်တောက်လာသည်။
"သူမကို အကြောင်းကြားပေးရမယ်။ ငါတို့ မအားသေးဘူးကွာ... နောက်နေ့မှ ပြန်လာခဲ့"
"အိုး..."
ထိုအချိန်မှ ထိုလောဘကြီးသည့် လူဘီလူးတွေက ကျောင်းသားများထံမှ လာဘ်ပေးလာဘ်ယူ အကျင့်ပြတ် ခြစားသည့် သူများဖြစ်ကြောင်း ရန်ချီ သဘောပေါက်သွားခဲ့သည်။
ယခုအချိန်၌ ရန်ချီက ချမ်းသာကြွယ်ဝနေလေရာ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် စွမ်းအားစုစည်းဆေး ၁ သန်းတန် ငွေစာရွက် တစ်ရွက် ထွက်လာကာ ထိုလူထံ ပျံသန်းသွားသည်။
"ကျေးဇူးပြုပြီး ဒါကို ယူလိုက်ပါ... မင်းတို့ သဘောထား နည်းနည်း ပြောင်းပေးမယ်လို့ မျှော်လင့်မိတယ်"
လူဘီလူးကြီး ခေါင်းဆောင်က ထိုစာရွက်ကို ယူပြီး သိမ်းဆည်းလိုက်သည်။ သို့သော်လည်း သူက ရန်ချီကို သွားခွင့်ပေးမည့်ပုံ မရချေ။
"နားထောင်ဦး... ကောင်စုတ်လေး... ဒီမှာ ငါတို့ အစောင့်တစ်ရာ ရှိတယ်။ ငွေစာရွက် တစ်ရွက်က လုံလောက်ပြီ ထင်နေတာလား။ ငါတို့က ဒါကိုဘာလုပ်ရမလဲ... အပိုင်းပိုင်း ဖြဲလိုက်ရမှာလား။ ငွေစာရွက် တစ်ရွက်က ငါတို့ထဲက တစ်ယောက်အတွက်ပဲ လုံလောက်တယ်။ ငါ့ညီအစ်ကိုတွေအတွက် လုံလောက်အောင် ရတနာအချို့ပေးရင် ငါမင်းကို သွားခွင့်ပေးမယ်"
"ဘာ"
ထိုအချိန်မှာပင် ရန်ချီက ဘာပြောချင်လဲ နားလည်သွားသည်။ ထိုလူဘီလူး အစောင့်တွေက သူ့ကို ခက်ခဲအောင် လုပ်ချင်နေခြင်းသာ ဖြစ်သည် မဟုတ်ပါလား။ သူက ရှေ့တိုးကာ...
"ရယ်စရာပဲ။ ငါရောက်ရှိနေတာကို သွားအကြောင်းကြားပေး။ မင်းတို့ ခုလိုပဲ အမြဲလုပ်နေတာလား။ အကြီးပိုင်းက ဒီကိစ္စကို သိသွားမှာ မကြောက်ဘူးလား"
လူဘီလူးကြီးက ဟားတိုက် ရယ်မောလိုက်သည်။
"ဒုက္ခရောက်မယ်... ငါတို့ ဒီနေရာ အစောင့်ဖြစ်ကတည်းက တရားမဝင်တဲ့ စည်းမျဉ်းကို သုံးပြီး အပိုဝင်ငွေ ရှာလာတာပဲ။ မင်းလို အပြင်စည်း ကျောင်းသားလေးကများ ငါတို့ လူဘီလူးတွေကို ရန်စရဲတယ်လို့... ဘာက မင်းအတွက် ကောင်းမလဲ မသိသေးဘူး ထင်တယ်။ သွားသေလိုက်တော့"
ကြီးမားသော လက်ဝါးကြီးကို လေထဲ ဝှေ့ယမ်းလိုက်သည်နှင့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ရန်ချီထံ တိုးဝင်သွားခဲ့သည်။
လေမုန်တိုင်းက လေအမျိုးအစား စွမ်းအားပညာဖြစ်ကာ ကြီးမားသော သစ်ပင်ကြီးတွေ အမြစ်ကျွတ်ပြီး လေထဲ ပါလာနိုင်သည်။ ထိုကဲ့သို့ အရာမျိုးနှင့် ယှဉ်ဆိုင်မိပါက ရန်ချီလို လူမျိုးပင် လွင့်ထွက်သွားနိုင်သည်။
ရန်ချီ၏ မျက်လုံးများက အေးစက်သွားကာ အသတ်အဖြတ် စိတ်ဆန္ဒများ တောက်ပလာခဲ့သည်။
"သေချင်နေတာပဲ။ မင်းတို့လို ခြံစောင့်ခွေးကများ ငါနဲ့ ပြဿနာ ဖြစ်ချင်နေရတယ်"
လေမုန်တိုင်းက သူ့ထံ ရောက်ရှိသွားသောအခါ သူက စစ်မှန်သော စွမ်းအား အနည်းငယ် ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် သူက လေထဲ၌ လှမ်းဆွဲသလို လုပ်လိုက်သည်နှင့် စစ်မှန်သော စွမ်းအားများက သူ့ထံမှ ခြေလှမ်းတစ်ထောင် အကွာအဝေးထိ ထွက်ပေါ်လာသည်။
ရုတ်တရက် လူဘီလူးကြီးများက သူတို့၏ စစ်မှန်သော စွမ်းအားများ ထိန်းချုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုအချိန်မှာပင် သူတို့၏ ခန္ဓာကိုယ်များက လှုပ်ရှားလာကာ ရန်ချီ လက်ဝါးထံ ရွေ့လျားသွားကြသည်။
သူတို့က ကြောက်လန့်တကြား အော်ဟစ်ကာ စွမ်းအားများကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ရန်ချီက လက်ကို ဖွင့်လိုက်သည်နှင့် စစ်မှန်သော စွမ်းအား စီးကြောင်းများက ပျောက်ကွယ်သွားသည်။
သူတို့က စွမ်းအားများ ပြန်လည် ရုပ်သိမ်းရန် ကြိုးစားလိုက်သောကြောင့် ရလဒ် တစ်ခုအနေဖြင့် သူတို့၏ ချီပင်လယ်များ ထိခိုက်သွားသည်။
ထိုအရာက ရန်ချီက သူတို့ကို ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည် ။
ဝေါ့…
လူဘီလူးကြီးများ အပါအဝင် သူတို့ ခေါင်းဆောင်ပါ သွေးအန်ထွက်ကြကုန်သည်။
'ဒီအပြင်စည်း ကျောင်းသားက ဘာလို့ ဒီလောက် သန်မာနေရတာလဲ'
ခေါင်းဆောင်က တွေးမိကာ ကြောက်လန့်သွားသည်။
ရန်ချီက ထပ်မံ လှုပ်ရှားလိုက်ကာ လူဘီလူး ခေါင်းဆောင်က လေထဲ ပျံတက်လာကာ သူရှေ့၌ ဒူးထောက်ကျသွားသည်။
"မင်းကိုဒီမှာ တာဝန်ပေးထားတာ ငါသိတယ် ဘီလူးစိတ်ဝိညာဉ်။ တစ်ယောက်ယောက်က ငါနဲ့ ပြဿနာဖြစ်ဖို့ မင်းတို့ကို ပြောထားတယ် မှတ်လား။ ဒါပေမဲ့ ငါမင်းတို့ကို အပြစ်တင် မနေပါဘူး။ အခုငါက လောကအုပ်ချုပ်သူလောက် အစွမ်းထက်တာ မင်းတို့မြင်ပြီလား။ ငါသာ အဆင့်ချိုးဖောက် တက်လှမ်းနိုင်သွားတာနဲ့ မင်းတို့ဆိုတာ လွယ်ကူတဲ့ ပြဿနာလေးတွေ ဖြစ်သွားပြီ။ ငါမင်းတို့ရဲ့ ဘဝကို အရမ်းခက်ခဲသွားအောင် လုပ်နိုင်တယ်"
စစ်မှန်သော စွမ်းအားများက ဖြာထွက်သွားကာ ငွေစာရွက်ကို ဆွဲယူပြီး ရန်ချီထံ ပြန်ရောက်လာခဲ့သည်။
"မင်းတို့ကို ငွေစာရွက်ပေးတာက မင်းတို့ကို မျက်နှာသာပေးတာပဲ... မင်းတို့က မျက်နှာသာပေးတာ မလိုချင်ဘူးဆိုလဲ ငါ့အဆိုးမဆိုနဲ့ပေါ့ကွာ... အခုချက်ချင်း ရန်စုစုဆီ သွားပြီး ငါရောက်နေတာ အကြောင်းကြားလိုက်။ ပြီးတော့ ငါတို့ရဲ့ ချီပင်လယ်မှာ စစ်မှန်သော စွမ်းအား အစေ့တစ်ခု ထည့်ထားတယ်။ မင်းတို့ ငါ့ကို ဆန့်ကျင်တာနဲ့ ချက်ချင်း ဒုက္ခိတဖြစ်သွားစေရမယ်"
End
***