ရန်ချီက လူဘီလူးခေါင်းဆောင်၏ ချီပင်လယ်ထဲသို့ လူပုံသဏ္ဌာန် စစ်မှန်သော စွမ်းအားကို အလျင်အမြန် ထည့်သွင်းခဲ့သည်။
ထိုခေါင်းဆောင်က ရန်ချီကို ကြောက်လန့်တကြား ကြည့်လိုက်၏။
"မင်း... မင်း အရမ်း ရက်စက်လွန်းတယ်"
"ဒါက ဘာမှ မရက်စက်ပါဘူး၊ မင်းက ငါ့ကို ရန်သူလို ဆက်ဆံတယ်။ ဒါကြောင့် ငါက မင်းကို ခွေးတစ်ကောင်လို ပြန်ဆက်ဆံတာပဲ။ သွားပြီးတော့ သတင်းသွားပြန်ပို့လိုက်... ပြီးတော့ ငါ့ကို လိမ်ညာဖို့ မကြိုးစားနဲ့။ ငါ့ကို ဒုက္ခပေးဖို့ ကြိုးစားတာ ဘယ်သူလဲ... ယွမ်ဟိုက်လန်လား။ အဲဒါ သူမကို ပြန်ပြောလိုက်... တစ်နေ့ကျရင် ငါသူမကို အတိုးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်လို့။ သူမကိုယ်သူမ ဘယ်လောက်ပဲ ထက်မြက်တယ် ထင်နေပါစေ... သူမက ခွေးတစ်ကောင် ကြက်တစ်ကောင်ထက်တောင် မသာဘူး"
ထို့နောက် သူက လက်ကို ဝှေ့ယမ်းပြီး လွှတ်ပေးလိုက်သည်။
သူက ယခုကိစ္စနှင့် ပတ်သက်၍ ကျောင်းတော်ကို မကြောက်လန့်ခဲ့ချေ။ ကျောင်းသားများနှင့် လူဘီလူးများအကြား ပဋိပက္ခဖြစ်ပြီး တစ်ယောက်မှ မသေဆုံးသရွေ့ ကျောင်းတော်က မျက်ကွယ်ပြုထားပေလိမ့်မည်။
ထို့အပြင် သူက လောကအုပ်ချုပ်သူ နီးနီး အစွမ်းထက်ကြောင်းနှင့် မကြာမီမှာပင် အဆင့်ချိုးဖောက် တက်လှမ်းတော့မည့်အကြောင်း သူတို့မြင်အောင် ပြသထားခဲ့သည် မဟုတ်ပါလား။
သူသာ အဆင့်တက်သွားပြီး လက်ရွေးစင် ကျောင်းသား ဖြစ်လာပါက ထိုအစောင့်များ ဆိုးဆိုးဝါးဝါး ခံစားရပေလိမ့်မည်။ လက်ရွေးစင် ကျောင်းသားများက သာမန် လူသားများထက် များစွာ သာလွန်သည်။
ထိုကဲ့သို့ မဟုတ်ပါက သူတို့ကို လက်ရွေးစင်ဟု သတ်မှတ်မည် မဟုတ်ချေ။
လူဘီလူး အစောင့်ခေါင်းဆောင်က ရန်ချီ မျက်လုံးထဲမှ သတ်ဖြတ်ချင်စိတ်ကို မြင်တွေ့သောအခါ သူက ဘာမှ မပြောဝံ့တော့ပေ။
သူက ပိုမို အမုန်းပွားလာစေဖို့ ကြောက်ရွံ့သွားကာ အငွေ့တစ်ခုသဖွယ် ပျောက်ကွယ်သွားသည်။
အခြား လူဘီလူးများကလည်း ရန်ချီရှေ့၌ လဲကျနေကာ ရွေ့လျားခြင်း မပြုကြတော့ချေ။
သိပ်မကြာခင်မှာပင် အစောင့်ခေါင်းဆောင်က နှစ်ဆယ့်ငါးနှစ်အရွယ် လူငယ်တစ်ယောက် နောက်မှ လိုက်ပါလာပြီး ပြန်ထွက်လာခဲ့သည်။ သူက တရားမျှတကာ ဘက်မလိုက်တတ်သော မျက်နှာထားပုံစံ ပေါက်နေသည်။ ရန်ချီကို အထက်အောက် ကြည့်လိုက်ရင်း ပြောလိုက်သည်။
"မင်းက ရန်စုစုရဲ့တူလား... သူက အရမ်း အရေးကြီးတဲ့ စွမ်းအားပညာရပ်ကို တစ်ယောက်တည်း ကျင့်ကြံနေတယ်။ သူ့ကို အနှောင့်အယှက် မဖြစ်စေနဲ့။ ဒါပေမဲ့ မင်းလာခဲ့ရင် မင်းကို ခေါ်လာခဲ့ဖို့ ငါ့ကို မှာထားတယ်။ ငါ့နောက်လိုက်လာခဲ့"
ထိုဆရာကြီး ဟန်ပန်နှင့် လူ၏ အရှိန်အဝါက ဆရာသခင် အဆင့်ထက် ကျော်လွန်ကာ လောကအုပ်ချုပ်သူ ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် ယွမ်ဟိုက်လန်ကဲ့သို့ ကျောင်းသားများကလွဲ၍ လက်ရွေးစင် ကျောင်းသားတိုင်းက လောကအုပ်ချုပ်သူများ ဖြစ်ကြသည် မဟုတ်ပါလား။
အင်မော်တယ်ခြေနင်း ကျောင်းတော်က ချမ်းသာကြွယ်ဝတိုက်ကြီး၏ နံပါတ်တစ် စွမ်းအားအကြီးဆုံးဖြစ်လေရာ ထိပ်သီး ကျွမ်းကျင်သူများက တိမ်များကဲ့သို့ ပေါများလှသည်။ ထိုနေရာ၌ လောကအုပ်ချုပ်သူများကို တွေ့ဖို့က ရှားပါးခြင်း မရှိပေ။
ရန်ချီ ကျောင်းတော် ရောက်ရောက်ချင်းမှပင် သူ့အဒေါ် ရန်စုစုက လောကအုပ်ချုပ်သူ အဆင့်ကို နှစ်ပေါင်းများစွာကတည်းက ရောက်ရှိခဲ့ပြီး လက်ရွေးစင် ကျောင်းသူ တစ်ယောက် ဖြစ်နေကြောင်း သိထားပြီးသား ဖြစ်သည်။
"ဒီလူက ဘာလဲ။ အန်တီစုစုရဲ့ မိတ်ဆွေလား"
ယခုအချိန်၌ သူက အန်တီစုစုထံ အလည်လာနိုင်ပြီဖြစ်လေရာ သူမက သူ့ကို ထွက်တွေ့လိမ့်မည်ဟု ထင်ထားခဲ့သည်။ ယခုကဲ့သို့ ဆရာကြီးယောင်ယောင် လူတစ်ယောက်က သူ့ကို စောင့်ကြည့်ကာ လိုက်ပို့ပေးမည်ဟု မထင်ထားခဲ့ချေ။ သူက အနည်းငယ် စိတ်မကျေမနပ် ဖြစ်ကာ သတိကြီးကြီးဖြင့် ထိုလူနောက်ကို လိုက်လာခဲ့သည်။
ထိုလူက ရန်ချီ သူ့ဘေးမှာ လမ်းလျှောက်နေတာကို သတိပြုမိသောအခါ မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်သည်။ သူ့ပုံစံက စိတ်အနှောင့်အယှက် ဖြစ်ပုံရသွားကာ အသံမြှင့်ပြီး ပြောလိုက်သည်။
"လက်ရွေးစင် ကျောင်းသားတွေရဲ့ ကျောင်းတော်က စွမ်းအားပုံစံ အမျိုးမျိုး ပုံရိပ်ယောင် အမျိုးမျိုးနဲ့ ကာကွယ်ထားတယ်။ မင်းက လောကအုပ်ချုပ်သူ မဟုတ်တော့ ဒီနေရာက မင်းအတွက် အန္တရာယ် ကြီးလွန်းတယ်။ မင်းက အားနည်းလွန်းနေတော့ ငါ့နောက်မှာပဲနေ။ အဲလိုဆို ဘာအန္တရာယ်မှ မဖြစ်ဘူး။ ကြားလား"
"ငါအဆင်ပြေပါတယ်။ ဒီနေရာက စွမ်းအားပုံစံတွေနဲ့ ပုံရိပ်ယောင်တွေက လောကအုပ်ချုပ်သူတွေကို မထိရောက်ဘူးဆိုရင် ငါ့ကိုလည်း ထိခိုက်နိုင်မှာ မဟုတ်ဘူး။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ငါတာဝန်ယူပါတယ်"
ရန်ချီက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောလိုက်သည်။
"ဘာ"
ထိုလူက မျက်လုံးပြူးသွားကာ ရန်ချီကို အကြာကြီး ငေးကြည့်မိလိုက်သည်။ သို့သော်လည်း ရန်ချီ၏ တည်ငြိမ်နေသော အမူအရာကို တွေ့ပြီးနောက် ကောက်ကျစ်စွာ ပြုံးလိုက်၏။
"ကောင်းပြီလေ။ အဲဒါဆိုလည်း ဂရုစိုက်ပါ"
ဝှစ်....
သူက ရုတ်တရက်ဆိုသလို အရိပ်တစ်ခုသဖွယ် အစအန ရှာမရအောင် ပျောက်ကွယ်သွားသည်။
ထိုနယ်မြေရှိ စင်္ကြံလမ်းများနှင့် တံခါးများက ဝင်္ကပါတစ်ခုသလို မြွေလိမ်မြွေကောက်ဖြင့် ရှုပ်ထွေးနေသည်။ ဘုရားကျောင်းများက အလွန်မြင့်မားကာ ထူးဆန်းသော မှော်သင်္ကေတများ စွမ်းအားပုံစံများ ပြည့်နှက်နေသည်။ မည်သူမဆို ခြေတစ်လှမ်း မှားယွင်းသွားပါက အဆုံးမရှိ မြေတွင်းများထဲ ပြုတ်ကျသွားနိုင်သည်။
လက်ရွေးစင် ကျောင်းသားက ရန်ချီ ပြောဆိုခဲ့သည်နှင့် ပတ်သက်၍ ဒေါသထွက်ခဲ့ကာ ရန်ချီ ဒဏ်ရာရချင်ရစေဆိုပြီး ပစ်ထားခဲ့သည်။
အသက်ငါးခါ ရှူချိန်အတွင်း သူက လမ်းတစ်ရာခန့်မှ ဖြတ်ကျော်သွားကာ ဘုရားကျောင်း နယ်မြေ အနက်ပိုင်းသို့ ရောက်လာသည်။
ထိုအချိန်မှ သူက ရပ်လိုက်ကာ အင်္ကျီလက်ကို ခါရင်း အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
"ဒီအလိုက်ကန်းဆိုးမသိတဲ့ကောင်က အပြင်စည်းကျောင်းသားလေးပဲ ရှိသေးတယ်။ ဘယ်လောက်တောင် စိတ်ကြီးဝင်နေရတာလဲ။ ငါသူ့ဆီပြန်သွားပြီး စိတ်ဖြင့် ရှာဖွေခြင်း အချို့ လုပ်ရမယ်။ ဒါမှ အနာဂတ်မှာ သူကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း အားထုတ်ကြိုးစားပြီး နေနိုင်လိမ့်မယ်"
"အိုး... တကယ်ကြီးလား... ဒီလမ်းတွေက အန္တရာယ်များပုံလဲ မပေါ်ပါဘူး။ ဒီမှာ ပုံရိပ်ယောင်အချို့နဲ့ စစ်မှန်သော စွမ်းအား အတားအဆီး အနည်းငယ်ပဲ ရှိတယ် ထင်တယ်။ ကျင့်ကြံခြင်း အခြေခံသာ လုံလုံလောက်လောက် မြင့်မားနေရင် ဒါတွေက ပြဿနာတောင် မဟုတ်တော့ဘူး"
ရန်ချီက အေးအေးဆေးဆေးဖြင့် သူ့နောက် ရပ်နေတာကို လက်ရွေးစင် ကျောင်းသားက မြင်တွေ့လိုက်ရသည်။ ထို့ပြင် သူက နံရံပေါ်မှ ပန်းချီကားများပင် ကြည့်ရှုနေသေးသည် မဟုတ်ပါလား။
"မင်း...."
ထိုလူက ဆက်ပြောစရာ စကားများ ပျောက်ဆုံးသကဲ့သို့ အသံအချို့သာ ထွက်လာသည်။
"ကောင်းပြီလေ။ ဂိုဏ်းတူအစ်ကိုကြီး ဆက်သွားရအောင်။ ငါ အန်တီလေးစုစုနဲ့ မတွေ့တာ ၁၀ နှစ်ကျော်ပြီ"
ရန်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုလူငယ်က ရန်ချီ၏ စွမ်းအားပညာရပ်နှင့် တိုက်ခိုက် ယှဉ်ပြိုင်လိုစိတ် ပေါ်လာကာ နှာခေါင်းရှုံ့လိုက်သည်။ သူက လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်ကာ အခြား ကျောင်းသားများ အပေါ် စိတ်ကြီးဝင်ကာ မာနထောင်လွှားခဲ့သည်။ ထို့ပြင် သူတို့ကိုလည်း အစေခံနှင့် ကျွန်များကဲ့သို့သာ သဘောထားသည်။ ယခုအခါ ရန်ချီရှေ့၌ မျက်နှာပျက်ရသဖြင့် မခံမရပ်နိုင်အောင် ဖြစ်နေသည်။
သို့သော်လည်း အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူက စိတ်လျှော့ကာ ရှေ့ကို ဆက်လျှောက်သွားတော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သူတို့က လမ်းများ ဘုရားကျောင်းများ မရေမတွက်နိုင်အောင် ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့က အဆောက်အအုံ တစ်ခုရှေ့၌ ရပ်လိုက်ကြသည်။ လူငယ်က တံခါးကို ကိုးကြိမ်ဆက်တိုက် ခေါက်လိုက်လေရာ အခြားကမ္ဘာမှ အသံကဲ့သို့ ထွက်ပေါ်လာသည်။
"ခလွမ်"
တံခါးက ဖြည်းညင်းစွာ ပွင့်လာသော်လည်း အမှောင်ထုကလွဲပြီး ဘာမှ မပေါ်လာချေ။ ထို့နောက် ကြောင်လိမ် လှေကား တစ်ခု ပေါ်လာကာ မည်သည့်အရပ်မှန်း မသိသည့် နေရာသို့ ဆက်သွယ်ထားသည်။
"ကောင်းပြီ။ မင်းအန်တီလေးက ဒီထဲမှာ ကျင့်ကြံ အားထုတ်နေတယ်။ မင်းလာမှာကို သူသိတယ်"
ထိုလူငယ်က အေးစက်စက် နှာခေါင်းရှုံ့ကာ အမှောင်ထဲ တစ်နေရာသို့ လက်ညှိုး ထိုးပြလိုက်သည်။
"အိုး... တကယ်ကြီးလား"
ရန်ချီက စစ်မှန်သော စွမ်းအားများကို ဘုရားကျောင်းအတွင်း စေလွှတ်ထားခဲ့ကာ ကွဲပြားခြားနားသော အသတ်အဖြတ်ဆန္ဒများကို ခံစားမိလေရာ ထိုနေရာက အလွန်အန္တရာယ် ကြီးမားမှန်း သိထားခဲ့သည်။ ထိုနေရာ၌ နတ်မိစ္ဆာများ အချို့ကို ချုပ်နှောင်ထားသည့် အော်ရာ အရှိန်အဝါကိုလည်း ခံစားမိသည်။
ထိုနေရာက ရန်စုစု၏ ကျင့်ကြံခြင်းအခန်း မဟုတ်ကြောင်း သိသာလှသည် မဟုတ်ပါလား။ ထိုအရာက ထောင်ချောက်တစ်ခုသာ ဖြစ်သည်။
သူက နှုတ်ခမ်းကို သပ်လိုက်ရာ တံခါးကို လက်ပြလိုက်ရင်း ပြောလိုက်သည်။
"အစ်ကိုကြီး... ကျွန်တော်နဲ့ အတူ ဘာလို့ မလိုက်ခဲ့တာလဲ"
ထိုလူငယ်၏ မျက်လုံးများက ရုတ်တရက် ဒေါသကြောင့် တင်းမာလာကာ ထို့နောက်မှာတော့ စိတ်ကို ပြန်ထိန်းလိုက်သည်။ သူက တောက်ပစွာ ပြုံးလိုက်ရင်းဖြင့်...
"ငါ့မှာ အခြားလုပ်စရာ ရှိသေးတယ်။ မင်းဟာမင်းပဲ အထဲ ဝင်သွားတော့လေ"
"အဲဒီမှာ အန္တရာယ်ရှိနေတာတော့ မဟုတ်ပါဘူးနော်"
ရန်ချီက နောက်ကျောဘက်၌ လက်သီးဆုပ်ကာ မေးလိုက်သည်။ ထိုလူငယ်က အဘယ်ကြောင့် အခုလိုလုပ်မှန်း သူစဉ်းစားမရချေ။ သို့သော်လည်း အပြင်ဘက်၌ အစောင့်များက သူ့ကို ခက်ခဲအောင်လုပ်ကာ ယခုလည်း လက်ရွေးစင်တစ်ယောက်က သူ့ကို ပစ်မှတ်ထားနေသည်ကို တွေးကြည့်ပါက အဆင့်မြင့် လူတစ်ယောက်က အမိန့်ပေးထားပုံရသည်။
'ယွမ်ဟိုက်လန် ဖြစ်နိုင်မလား... ဒါပေမဲ့ သူက ဆရာသခင် အဆင့်ပဲ ရှိသေးတယ်။ ကျောင်းတော်ထဲမှာ ဒီလောက် အာဏာမရှိလောက်သေးဘူး။ သူက ဘယ်လိုလုပ်ပြီး လောကအုပ်ချုပ်သူ တစ်ယောက်ကို အမိန့်ပေးနိုင်နေတာလဲ။ သူမက ကျောင်းတော် အကြီးပိုင်းတွေနဲ့ ပတ်သက်နေတာလား မသိဘူး... အန်တီစုစုနဲ့ တွေ့မှ မေးကြည့်ရမယ်'
သူက တွေးလိုက်သည်။
"ကောင်စုတ်လေး အထဲသာ ဝင်သွားစမ်းပါ"
ဝှစ် …
ထိုလူငယ်က လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်လေရာ စစ်မှန်သော စွမ်းအားများက စွမ်းအားစက်ဝန်းများက လက်ဝါးပုံရိပ်ကြီးကို ဖုံးလွှမ်းသွားခဲ့သည်။ ထိုလက်ဝါးကြီးက တောင်ကြီး တစ်ခုသဖွယ် ရန်ချီထံ တိုးဝင်လာတော့သည်။
"မင်းမှန်တယ်။ ကောင်စုတ်လေး... အဲဒါက ရန်စုစုရဲ့ တရားကျင့်ကြံခန်း မဟုတ်ဘူး။ အဲဒါက လက်ရွေးစင်ကျောင်းတော်ရဲ့ မိစ္ဆာချုပ်နှောင် လှောင်ချိုင့်ပဲ။ အဲဒီထဲမှာ မိစ္ဆာအမျိုးမျိုး ရှိတယ်။ မင်းအထဲကို သွားပြီး ပျော်နေစမ်းပါ။ မင်းလို အပြင်စည်း ကျောင်းသားလေးကများ ငါ့ကို အကြိမ်ကြိမ် ပြန်ခံပြောရဲတယ်။ မင်းကိုသာ အပြစ်မပေးရင် ငါ့ဂုဏ်သိက္ခာ မြောင်းထဲ ရောက်သွားမှာပေါ့ကွ။ မင်းကို ပြောရရင်တော့ မင်းခေါင်းကို တစ်ယောက်ယောက်က ဆုကြေးထုတ်ထားသေးတယ်။ မင်းကို မကောင်းဆိုးဝါးတွေ စားတဲ့ အချိန်ကျရင် မင်းကိုသတ်တဲ့သူက ငါ အိုးရန်ဟို ဆိုတာ မှတ်သွားလိုက်"
ရန်ချီက အိုးရန်ဟို သူ့ကို တိုက်ခိုက်လာမှာကို စောင့်နေခဲ့လေရာ တောင်ကဲ့သို့ စစ်မှန်သော စွမ်းအားများ ထွက်ပေါ်လာသည်နှင့် သူကလည်း လှုပ်ရှားဖို့ ပြင်ဆင်လိုက်သည်။
သို့သော်လည်း ထိုအချိန်မှာပင် နန်းတော်များကြားမှ ဓားအလင်းတန်း တစ်ခု ထွက်ပေါ်လာကာ ကြီးမားသော စွမ်းအားစက်ဝန်းနယ်ပယ်ကြောင့် မြင့်မားလေးလံသော မြေထုဆွဲအား ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက စစ်မှန်သောစွမ်းအား တောင်ကြီးကို ဖျက်ဆီးလိုက်တော့သည်။
ထို့နောက် ဓားအလင်းက လေပွေတစ်ခုသဖွယ် ပြောင်းလဲသွားကာ တစ်စစီဖြစ်နေသော စွမ်းအားများကို စုပ်ယူသွားသည်။
"အိုးရန်ဟို... ရှင်က ကျွန်မမိသားစုဝင် တစ်ယောက်ကို ဒုက္ခပေးရဲတယ်ပေါ့"
မိန်းကလေးတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ ထိုအသံက စီးဆင်းနေသော မြစ်ချောင်းတစ်ခုကဲ့သို့ အလွန် ချိုသာလှသော်လည်း ဓားတစ်ချောင်းကဲ့သို့ ချွန်ထက်နေသည်။
"ရန်စုစု"
အိုးရန်ဟိုက တုန်လှုပ်သွားကာ နောက်လှည့်ပြီး ထွက်ပြေးဖို့ ကြိုးစားလိုက်သည်။
သူလှည့်လိုက်စဉ်မှာပင် လမ်းအဆုံး၌ အမျိုးသမီးက ပေါ်လာသည်။ သူမက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းတန်းက သူမလက်ဝါးထံ ပြန်ရောက်ရှိလာသည်။ သူမက အရပ်ရှည်ကာ ပိန်ပိန်သွယ်သွယ်လေးဖြစ်သည်။ သူမက ခြေထောက် ရှည်ရှည်လေးများက အင်မော်တယ် ကြိုးကြာနှင့် ဆင်တူကာ လှပတင့်တယ်နေသည်။ သူမက စိမ်းပြာရောင် လည်ပတ် ခါးတိုအင်္ကျီ ဝတ်ဆင်ထားကာ အနက်ရောင် ဆံနွယ်များကို နီရဲရဲ ပိတ်စဖြင့် စည်းထားသည်။ ထိုအစိမ်းရောင်နှင့် အနီရောင်က မီးနှင့် ရေလို ကွာခြားကာ ယန်နဲ့ယင်လို ဖြစ်နေသည်။ သူမက တည်ငြိမ်ကာ နက်ရှိုင်းပုံရကာ ရေတွင်းထဲမှ ကြယ်အလင်းရောင် ရောင်ပြန်ဟပ်နေသကဲ့သို့ပင် ဖြစ်နေသည်။
သူမက ကျင့်ကြံခြင်းက အိုးရန်ဟိုထက် ကျင့်ကြံခြင်း အခြေခံ နက်ရှိုင်းကြောင်း သိသာသည်။
အိုးရန်ဟိုက သူ့နေရာ အဆင့်အတန်းကို ယုံကြည်မှုရှိကာ အနည်းငယ် စိတ်ငြိမ်လာသည်။
"ဒါက မင်းနဲ့ မဆိုင်ဘူး ရန်စုစု။ မင်းတူက တော်ဝင်အိမ်ရှေ့စံ နှစ်သက်နေတဲ့ သူကို အပြစ်လုပ်ခဲ့တယ်။ ငါက သူမအမိန့်တိုင်း လုပ်ခဲ့တာပဲရှိတယ်။ ငါက တော်ဝင်အိမ်ရှေ့စံကို လေးစားကြောင်း ပြတာပဲရှိတယ်။ မင်းက သူကို ဆန့်ကျင်ချင်နေတာလား"
End
***