"ဒါ... ဒါက သူတော်စင်မိစ္ဆာ ပန်းချီကားလား"
ရန်စုစုက ပြောကာ မျက်လုံးများ ပြူးကျယ်လာတော့သည်။ ထိုပန်းချီကားက ကော်ဇောကြီး တစ်ချပ်လောက် ကြီးမားကာ စွမ်းအား ပညာဆရာသခင်အဆင့် မိစ္ဆာအမြုတေ ထောင်ပေါင်းများစွာ အပြင် လောက အုပ်ချုပ်သူ အဆင့် မိစ္ဆာအမြုတေ တစ်ခုပင် ပါဝင်သေးသည်။
"အန်တီလေးစုစု... ကျွန်တော့်ရဲ့ ကျင့်ကြံခြင်း အဆင့်က ဒီစွမ်းအားပုံစံကို သုံးဖို့ အတွက် အဆင့်နိမ့်လွန်းနေတယ်။ အန်တီလေး ဒါကို အသက်သွင်းနိုင်မလား"
"ဒီသူတော်စင် မိစ္ဆာပန်းချီကားက အရမ်းစွမ်းအားကြီးလွန်းတဲ့ မှော်ရတနာ တစ်ခုပဲ။ ဒါက ရှေးဟောင်းခေတ်က ကြီးမြတ်တဲ့ သူတော်စင်တစ်ပါး ဆင်းသက်လာပြီး မိစ္ဆာဖြစ်သွားတဲ့ ပုံပြင်ကို ပြောပြနေသလိုပဲ။ သမိုင်းကြောင်း တစ်လျှောက်မှာ မိစ္ဆာတာအိုရဲ့ ကျွမ်းကျင်သူ အများအပြားက ဒီလိုအရာမျိုးကို ဖန်တီးဖို့ ကြိုးစားခဲ့ကြပေမယ့် သွေးအေး လူသတ်သမားတွေသာ ဒါကို လုပ်နိုင်ကြတယ်။ ဒါကို အောင်မြင်အောင် ပြုလုပ်ဖို့ ဆိုရင် မရေတွက်နိုင်တဲ့ လူသားတွေကို သတ်ဖြတ်ဖို့ လိုတယ်။ ပြီးတော့ များပြားလွန်းတဲ့ အပြစ်မဲ့တဲ့ ဝိညာဉ်တွေနဲ့ ဒါကို ပြုလုပ်ထားတာပဲ။ ချီအာ ပန်းချီကားရဲ့ စက္ကူကို ကြည့်ကြည့်လိုက်။ အဲဒါ မိစ္ဆာအရေပြား မဟုတ်ဘူး။ လူအရေပြားတွေကို ထပ်ပြီး ချုပ်ထားတာပဲ"
"လူအရေပြားတွေ.."
ရန်ချီ တုန်လှုပ်သွားခဲ့သည်။ အစစ်အမှန်စွမ်းအားအချို့ကို ပန်းချီကား စက္ကူထံ စေလွှတ်လိုက်သောအခါမှ ထိုအရာက အတွင်းထဲ၌ လူအရေပြား ထောင်ချီဖြင့် ချုပ်လုပ်ထားကြောင်း တွေ့ရသည်။
"ဟုတ်တယ် လူအရေပြားတွေပဲ... ပြီးတော့ အထူးသီးခြား အမျိုးအစား နှစ်ခုတည်းပဲ။ ယင်နှစ်၊ ယင်လ၊ ယင်ရက်၊ ယင်နာရီမှာ မွေးဖွားခဲ့တဲ့ လူအရေပြားတွေက မိစ္ဆာ ဖြစ်လာတယ်။ ယန်နှစ်၊ ယန်လ၊ ယန်ရက်၊ ယန်နာရီမှာ မွေးဖွားခဲ့တဲ့ အရေပြားတွေက သူတော်စင် ဖြစ်လာတယ်။ တွေ့လား။ ဆရာသခင် အဆင့် မိစ္ဆာသားရဲ အမြုတေတွေမှာ လက်စားချေလိုတဲ့ ဝိညာဉ်တွေရဲ့ ခါးသီးမှုတွေ ပါနေတယ်။ ဒါက အရမ်း အဆင့်မြင့်တဲ့ မိစ္ဆာမှော်အတတ်ပဲ"
ရန်စုစုက အစစ်အမှန် စွမ်းအားအချို့ကို သူတော်စင် မိစ္ဆာပန်းချီကားအတွင်း ပို့လွှတ်လိုက်သောအခါ မိစ္ဆာသားရဲ အမြုတေ ထောင်ချီက လှုပ်ရှားရုန်းကန်ပြီး တောက်ပလာသည်။ ထို့နောက်မှာတော့ ပျက်စီးနေသော လူသားပုံစံ မျက်နှာများ ပေါ်လာသည်။ ထို့နောက် ပန်းချီကား တစ်ချပ်လုံးက သူတို့ မျက်စိရှေ့မှာပင် ပြောင်းလဲသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အကြေးခွံများက မြင့်မြတ်သော သူတော်စင်ကို ဖုံးလွှမ်းသွားကာ အမြီးရှည်ကြီး ထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ နောက်ကျောဘက် ကျောရိုး၌ အရိုးဓားများ ထွက်ပေါ်လာသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတော်စင်က မိစ္ဆာသားရဲ တစ်ကောင်ကဲ့သို့ ပြောင်းလဲသွားကာ ကျားကိုစီးရင်း အပြင်သို့ ခုန်ထွက်မည့်ပုံ ဖြစ်လာသည်။
ရန်ချီကို တုန်လှုပ်သွားစေတာက သူတော်စင် မိစ္ဆာပန်းချီကားက လေထဲ၌ ပျံဝဲနေကာ အသတ်အဖြတ်စွမ်းအားများ ထွက်ပေါ်လာပြီး ၎င်းနှင့်ရင်ဆိုင်သည့် အရာရာတိုင်းကို သတ်ဖြတ်တော့မည့် ပုံသဏ္ဌာန် ဖြစ်လာခြင်းပင်။
ဤပန်းချီကားက အစွမ်းထက်လွန်းကာ ကျင့်ဝူရွှယ်သာ ဒါကို အသုံးပြုလိုက်ပါက ရန်ချီကို အလွယ်တကူ သတ်ဖြတ်နိုင်ပါလိမ့်မည်။
သို့သော်လည်း ဘယ်လို လူတစ်ယောက်က ထိုကဲ့သို့ ပစ္စည်းမျိုးကို သယ်ဆောင်ထားရမည့် အစား သိမ်းဆည်းထားခဲ့သနည်း။ ဖြစ်နိုင်တာက ထိုပန်းချီကားကို နံရံ၌ ပုံဖော်ထားခြင်းသာ ဖြစ်ပေလိမ့်မည်။ ရန်ချီ ထိုအရာကို ယူနိုင်ခြင်းက သူပိုင်ဆိုင်ထားသည့် လက်စွပ်ကြောင့်သာ ဖြစ်ပေသည်။
"ဒီသူတော်စင် မိစ္ဆာပန်းချီကားက အပြီးမသတ်ရသေးဘူး"
ရန်စုစုက ပြောလိုက်သည်။
"ဒါကို ပြီးအောင် ပြုလုပ်ဖို့က လုပ်စရာတွေ အများကြီး ကျန်သေးတယ်။ ကျင့်ဝူရွှယ်က လောကအုပ်ချုပ်သူ အဆင့်နှစ် ရောက်အောင် စောင့်နေတာ ဖြစ်မယ်။ အနောက်မြောက် အရပ်မှာ ဖျက်ဆီး တိုက်ခိုက်ဖို့ သွေးစုပ်ဖုတ်ကောင် ဓားပြတွေကို သူဦးဆောင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး။ သူတို့ လူတွေ အများကြီး သတ်ဖြတ်နေတာ သွေးမိစ္ဆာ စွမ်းအားပညာရပ်ကို ကျင့်ကြံဖို့လို့ ဆိုပေမယ့် တကယ် အမှန်တရားက ဒီသူတော်စင် မိစ္ဆာ ပန်းချီကားအတွက်ပဲ ဖြစ်ရမယ်။ နှစ်အနည်းငယ်တည်းနဲ့ သူတို့က ကိုလိုဟန် ရှေးဟောင်းမြို့တော် ကီလိုမီတာ ငါးရာဝန်းကျင်က သက်ရှိအားလုံးကို သတ်ဖြတ်ခဲ့တယ်။ တစ်ယောက်မှ အသက်ရှင်ခွင့် မပေးခဲ့ဘူး။ ဒါတွေအားလုံးက ဒီပန်းချီကားအတွက်ပဲ ဖြစ်ရမယ် .... ချီအာက ဒါကို ခိုးလာနိုင်မယ်လို့ ငါ မယုံကြည်နိုင်လောက်အောင်ပဲ"
"ဒီစွမ်းအား ပညာဆရာသခင် မိစ္ဆာအမြုတေတွေကို ကြည့်လိုက်။ သူတို့ တစ်ခုစီမှာ လက်စားချေချင်နေတဲ့ ဝိညာဉ်တစ်ထောင်စီလောက် စုမိနေကြတယ်။ အကယ်၍ မင်းသာ ဒါကို အသက်သွင်းလိုက်ရင် ငရဲတံခါးကို ဖွင့်လိုက်သလို ကီလိုမီတာ ဒါဇင်ချီ ဒါမှမဟုတ် ရာနဲ့ချီပြီး အမဲလိုက် သရဲနယ်မြေ ဖြစ်လာလိမ့်မယ်။ ထိုနယ်မြေ တစ်ခုလုံး အမှောင်ထုက ကြီးစိုးသွားပြီး သူတော်စင် မိစ္ဆာရဲ့ ထောင်ချောက်ဆင် သတ်ဖြတ်ခြင်း ခံရလိမ့်မယ်။ ဒါက လောက အုပ်ချုပ်သူကိုတောင် ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာပဲ။ ဒါပေမဲ့ ဒီပန်းချီကားက မပြည့်စုံသေးဘူး။ နောက်ဆုံးအဆင့်က ဝိညာဉ်တွေ လိုအပ်တော့တာ မဟုတ်ဘဲ များပြားလွန်းတဲ့ အစစ်အမှန် စွမ်းအား အလုံးအရင်း လိုအပ်တယ်"
"ဒီအဓိပ္ပာယ်က ဘာပြောတာလဲ။ အကယ်၍ အန်တီလေးသာ လောကအုပ်ချုပ်သူ အဆင့်နှစ်ကို ရောက်သွားရင် ဒီရတနာကို အပြီးသတ်နိုင်မယ်လို့ ဆိုလိုတာလား"
ရန်ချီ၏ အသံက တုန်ယင်နေတော့သည်။
"အကယ်၍ အန်တီလေးသာ ပိုမို အစွမ်းထက်လာရင် ကျောင်းတော်မှာ အန်တီလေးနေရာက ပိုမို တည်ငြိမ်လာလိမ့်မယ်။ ဒီလိုဆိုရင်ကော။ ဒီပန်းချီကား အန်တီလေး ယူလိုက်တော့ "
"ငါ့ကိုပေးမယ်"
ရန်စုစု မေးလိုက်သည်။ သူမ ပုံစံက သိသိသာသာပင် အံ့သြသွားသည်။
"ဒီဟာက မိစ္ဆာတာအိုရဲ့ အရမ်း အဖိုးတန်လွန်း ရတနာပစ္စည်းလေ၊ ဒါမျိုး ဒီတစ်ခုတည်းတောင် ရှိချင်မှ ရှိမှာ။ ကျင့်ဝူရွှယ်တောင်မှ ဒီလို ပန်းချီကားကို ပြုလုပ်ဖို့ တစ်ကမ္ဘာလုံးရဲ့ ပြစ်တင်ရှုံ့ချတာကို ခံပြီး သက်ရှိများစွာ သတ်ဖြတ်ခဲ့ရတာလေ။ အကယ်၍ ငါ့မှာသာ ပန်းချီကားရှိရင် ဒါကို ပြီးပြည့်စုံသွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ ရည်ရွယ်ချက်က ဒီပန်းချီကားကို ဖန်တီးမှာ မဟုတ်ဘူး။ ဒါကို အခြေခံ ပစ္စည်းအနေနဲ့ သုံးပြီး အန်တီလေးအင်မော်တယ် ခြေနင်း ကျောင်းတော်ရဲ့ အကြီးကျယ်ဆုံး စွမ်းအား ပညာရပ်ကို သုံးပြီးတော့ ဒုတိယ အခြေတည် နတ်ဘုရားကို ဖန်တီးမယ်။ သူတော်စင် မိစ္ဆာပန်းချီကားမှာ သူတော်စင်နဲ့ မိစ္ဆာနှစ်ခုလုံးရဲ့ အခြေခံ အရည်အသွေးတွေ ရှိတယ်။ အကယ်၍ သူတော်စင်က မိစ္ဆာ ဖြစ်နိုင်တယ်ဆိုရင် ငါကလည်း မိစ္ဆာကို သူတော်စင်ဖြစ်အောင် ပြန်ပြောင်းရတာပေါ့။ ငါ့ဆရာရဲ့ အကူအညီနဲ့ ဆိုရင် ငါ နောက်ထပ် အသက်တစ်ခု ပိုင်ဆိုင်လာနိုင်လိမ့်မယ်"
"ဒီပစ္စည်းက ဒီလောက်တောင် စွမ်းအားကြီးတာလား... ကောင်းပြီလေ အန်တီလေးစုစု ဒါကို ယူလိုက်။ ဒါကိုသုံးပြီး ဒုတိယ အခြေတည် နတ်ဘုရားကို ဖန်တီးလိုက်ပါ။ အကယ်၍ အန်တီလေးမှာသာ စွမ်းအား လုံလုံလောက်လောက်ရှိရင် လျှို့ဝှက်တပည့်တစ်ယောက် ဖြစ်လာနိုင်မယ်။ ဒါဆို အန်တီလေးရဲ့ အဆင့်အတန်းက အရမ်း တိုးတက်လာလိမ့်မယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင် ကျင့်ကြံမှု အခြေခံအရတော့ ရတနာပစ္စည်းတွေက ကျွန်တော့်ကို အများကြီး အကူအညီ မဖြစ်စေဘူး။ အသက်ဓာတ် အနှစ်သာရ အများကြီးပဲ ကျွန်တော် လိုအပ်နေတာ"
သူသာ လောက အုပ်ချုပ်သူ အဆင့်ရောက်ပါက ထိုအရာကို မှော်ရတနာ ပစ္စည်းအဖြစ် အသုံးပြုနိုင်သော်လည်း သူသာ ထိုအဆင့် ရောက်သွားပါက သူ့ငရဲချေမှုန်း နတ်ဆင် စွမ်းအားကပင် သူလမ်းကြောင်း တစ်လျှောက် အရာရာတိုင်းကို ဖျက်ဆီးနိုင်သည်။
သူ့အန်တီလေး စုစုအတွက်ကတော့ ကွဲပြားသွားသည်။ ပုံမှန်အားဖြင့် ၎င်းက ကျောင်းတော်၌ အဆင့်အတန်းနှင့် ပတ်သက်၍ သူမအတွက် များစွာ အကျိုးရှိလာစေသည်။
"ကဲ ပြီးပြီပေါ့ ဒီသူတော်စင် မိစ္ဆာပန်းချီကားက အန်တီလေးဟာ ဖြစ်သွားပြီ။ အန်တီလေးဆရာကို အကူအညီတောင်းပြီး ဒုတိယ အခြေတည် နတ်ဘုရားကို ဖန်တီးလိုက်ပြီး လောက အုပ်ချုပ်သူ အဆင့်နှစ်ကို ချိုးဖောက် တက်လှမ်းလိုက်။ ပြီးတော့ အန်တီလေးအတွက် အကူအညီဖြစ်စေမယ့် ဆေးတွေကို ယူလိုက်ပါ။ ငါတော့ ပြန်သွားပြီး လောကအုပ်ချုပ်သူ အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားလိုက်ဦးမယ်"
သူက မတ်တတ်ရပ်လိုက်ကာ
"အချိန်လည်း မရှိတော့တာ ဆိုးတာပဲ။ မဟုတ်ရင် ငါ့ရဲ့ ပြိုင်ဘက်ကင်း အစစ်အမှန် စွမ်းအားကို သုံးပြီး အန်တီလေးကို အကူအညီ ပေးနိုင်ဦးမှာ"
ယွမ်ဟိုက်လန်ကိစ္စနှင့် ပတ်သက်ပြီးကတည်းက မိန်းမတွေကို မယုံသင့်ကြောင်း သူ နားလည်ခဲ့သည်။ သို့သော် သူ့အန်တီလေးက ခြွင်းချက် ဖြစ်သည်။ သူတို့နှစ်ယောက်က အတူတကွ ကြီးပြင်းခဲ့ကာ သူတို့အကြား ထူးခြားသော စိတ်ချင်း ဆက်သွယ်မှု ရှိနေခဲ့သည်။ ထိုအရာက မိသားစု ချစ်ခြင်းတရားပင်ဖြစ်ကာ သွေးက ရေထက် ပိုပျစ်သည်။
"ဒီစကားကြားရတာ ဝမ်းသာပါတယ်။ ချီအာ ငါ ဒုတိယ အခြေတည် နတ်ဘုရားရပြီးတော့ အဆင့်ချိုးဖောက် တက်လှမ်းတာကို စောင့်နေပါ။ ငါသာ လျှို့ဝှက်တပည့် ဖြစ်လာရင် ဘယ်သူမှ နင့်ကို ဒုက္ခပေးရဲတော့မှာ မဟုတ်ဘူး "
သူမက လက်ကို ဝှေ့ယမ်းလိုက်ရာ အစစ်အမှန် စွမ်းအားစီးကြောင်းများက ပန်းချီကားကို ရစ်ပတ် ချည်နှောင်လိုက်သည်။
ထို့နောက် သူတို့က ညအလင်းရောင်ထဲသို့ ထွက်လာခဲ့ကြသည်။
အမှောင်ထု၏ လွှမ်းမိုးမှုအောက်၌ သူတို့နှစ်ယောက်က လက်ရွေးစင် ကျောင်းသား ကျောင်းတော်မှ ပျံသန်းလာခဲ့သည်။
ရန်စုစုက သူမဆရာကို တွေ့ဖို့ ဦးတည်သွားပြီး ရန်ချီက အပြင်စည်း နယ်မြေသို့ ပြန်လာခဲ့သည်။
အမှန်စင်စစ် ကျောင်းသားတွေက ဘယ်လောက် ရင်းနှီးသည် ဖြစ်ဖြစ် အပြင်စည်း အတွင်းစည်း ကျောင်းသားများက လက်ရွေးစင် ကျောင်းသား ကျောင်းတော်၌ အချိန်ကြာကြီး နေထိုင်ခွင့် မရှိချေ။ အကယ်၍ ထိုကိစ္စသာ အတိုင်ခံရပါက အပြစ်ပေး ခံရပေလိမ့်မည်။ အမှန်စင်စစ် လက်ရွေးစင် ကျောင်းသားတွေက သူတို့ မိသားစုဝင်တွေကို ထိုကဲ့သို့ ကူညီပါက ကျောင်းတော်က အမိန့်များကို ဘယ်လိုလုပ် ထိန်းသိမ်းနိုင်မည်နည်း။
အစောပိုင်းတုန်းက ရန်စုစုက သူ့ကို ကျင့်ကြံဖို့အတွက် သူမအခန်းမှာ နေထိုင်ဖို့ ပြောခဲ့သည်။ သူမက ထိုကဲ့သို့ ပြုလုပ်ရန် သူမဆရာ၏ သြဇာကို အားကိုးနိုင်သော်လည်း ယွမ်ဟိုက်လန်က သူ့ကို ဖိနှိပ်ဖို့အတွက် အခွင့်အရေးကို ရသလို အသုံးချပေလိမ့်မည်။ သူမက ကရုဏာ တရားကင်းမဲ့ပြီး အဆိပ်ပြင်းသော မိန်းမတစ်ယောက်ဆိုတာ သူ နားလည်သည်။
ထို့ပြင် သူမက လောက အုပ်ချုပ်သူသာ ဖြစ်လာပါက ရန်စုစုကို ဒုက္ခပေးလာပါလိမ့်မည်။
ယခုအချိန်မှာ လုပ်ဖို့အကောင်းဆုံးက သူ့အန်တီလေး တတ်နိုင်သမျှ မြန်မြန် ပိုမို အစွမ်းထက်လာဖို့ပင်။ ထိုမှသာ ယွမ်ဟိုက်လန် ဒုက္ခပေးနိုင်မည် မဟုတ်တော့ချေ။
သူတော်စင် မိစ္ဆာပန်းချီကားက မရှိမဖြစ် လိုအပ်တဲ့ မှော်ရတနာ ပစ္စည်းတစ်ခုသာ ဖြစ်သည်။ ထိုအရာကို ပြုလုပ်ဖို့ လူသန်းတစ်ရာလောက်သတ်ဖို့ လိုအပ်ကာ ဆရာသခင် အဆင့် မိစ္ဆာအမြုတေ ထောင်ချီနှင့် လောက အုပ်ချုပ်သူ အဆင့်တစ်ခု လိုအပ်သည်။
သို့သော်လည်း ထိုရတနာ၏ ပြိုင်ဘက်ကင်း အရည်အသွေးများကြောင့် ရန်စုစုက ၎င်းကို မိစ္ဆာမှ သူတော်စင်အဖြစ် ပြောင်းလဲကာ မယုံကြည်နိုင်လောက်သည့် စွမ်းအားများ ရရှိလာလိမ့်မည်။
ရန်ချီက သူ့ နေအိမ်အခန်းသို့ ညအမှောင်ထဲ၌ ပြန်သွားခဲ့သည်။ ယခုအခါ သူ့ စွမ်းအင်စုစည်း စွမ်းအားပုံစံက ဧကရာဇ်များ၏ တာအို စွမ်းအားပုံစံနှင့် ဘယ်လောက် ကွာခြားကြောင်း နားလည်သွားတော့သည်။ ဘယ်နေရာမှာပဲ ဖြစ်နေပါစေ ကြုံရာကျပန်း တောင်ကုန်း တစ်ခု၌ ကျင့်ကြံခြင်း ထက်တော့ ပိုကောင်းပါသေးသည်။
သူက ဆေးလုံးများကို နေရာလွတ် လက်စွပ်မှ ထုတ်ယူကာ အသက်ဓာတ် စွမ်းအား တိုးစေသည့် အမျိုးအစားများကို တစ်ခုပြီးတစ်ခု စားလိုက်သည်။
ဆေးလုံးများက အရည်ပျော်သွားသည်နှင့်အမျှ သူ့ အစစ်အမှန် စွမ်းအားများဖြင့် သန့်စင်ကာ ဆေးစွမ်းအားများကို အခြေတည်စ ငရဲမီးတောက် မီးပြင်းဖိုအတွင်း စီးဆင်းစေသည်။
တစ်ခုပြီးတစ်ခု ဆေးစွမ်းအားများက မီးတောင်သဖွယ် ငရဲမီးတောက် မီးပြင်းဖိုအတွင်း စီးဆင်းကာ အသက်ဓာတ် စွမ်းအား အမြုတေများ ဖြစ်သွားပြီး သွေးကြောများ အတွင်းသို့ ဆက်လက် စီးဆင်းသွားစေသည်။ ဖြည်းဖြည်းချင်းနှင့် မှန်ကန်စွာပင် သူ့ ကိုယ်တွင်းမှ အစိတ်အပိုင်း ၂၁ခုက နိုးထလာသည်။
၎င်းတို့က ရှားပါးသော ဆေးစွမ်းကောင်းများဖြစ်ကာ တစ်ခုချင်းစီက သာမန်လူများအတွက် နှစ်ပေါင်းများစွာ ကျင့်ကြံ ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ဖြစ်စေသည်။ သို့သော်လည်း ရန်ချီက နတ်ဘုရားအဆင့် စွမ်းအားပညာရပ်ကို ကျင့်ကြံထားလေရာ သူ့ ခန္ဓာကိုယ်က သာမန်လူများ ထက် အဆတစ်ရာ တစ်ထောင်မျှ သာလွန်နေသည်။ သူ့အတွက် ထိုဆေးလုံးများက ဆယ်ရက်တာ ကျင့်ကြံခြင်း ဒါမှမဟုတ် အကောင်းဆုံးက ဆယ့်နှစ်ရက်တာ ကျင့်ကြံခြင်းလောက်သာ တိုးတက်စေသည်။
သူက ထိုဆေးအမြောက်အများ ကိုလိုဟန်မြို့တော်မှ ခိုးယူခဲ့ခြင်းကိုပင် ကျေးဇူးတင်ရပေမည်။ ဆေးစွမ်းအားများက သူ့ကိုယ်တွင်း သိသိသာသာ စီးဆင်းနေသည်။
အသက်ဓာတ် စွမ်းအားများ စီးဆင်းလာသည်နှင့်အမျှ သူ့ ကိုယ်တွင်း၌ နှစ်ဆယ့်တစ်ခုမြောက် အစိတ်အပိုင်းက ရုန်းကန်လှုပ်ရှားလာကာ မှိတ်တုတ်မှိတ်တုတ် လင်းလာသည်။ ထိုအရာက နိုးထလာခြင်း၏ အစပင်။
အစစ်အမှန်စွမ်းအားများ တိုးတက်လာသည်နှင့်အမျှ ရွှေရောင်ရောင်ခြည်များ သူ့အနီးဝန်းကျင်၌ တောက်ပလာသည်။ ထိုအရာတွေက မြင့်တက်သွားလိုက် ကျင်းလာလိုက်ဖြင့် တဖြည်းဖြည်း သူ့ နောက်ကျောဘက်၌ တံခါးပုံစံ ဖြစ်လာသည်။
တံခါး အတွင်းပိုင်း၌ ရွှေမဟူရာ အရောင်များရှိကာ မဟူရာအနက်ရောင်က ငရဲမှ မိစ္ဆာနတ်ဆိုးကို ကိုယ်စားပြုပြီး ရွှေရောင်က မြင့်မြတ် လေးစားမှုကို ကိုယ်စားပြုသည်။
ထိုအရာနှစ်ခု ပူးပေါင်းလိုက်သည့် ရွှေမဟူရာ အရောင်က ငရဲ၏ ထိပ်ဆုံးခေါင်းဆောင်ကို ကိုယ်စားပြုသည်။
ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အဆုံးစွန်ထိ ကျင့်ကြံနိုင်ပါက ပရလောက၏ ဂိတ်တံခါး မုဂ်ဝကို ဆင့်ခေါ်နိုင်သည်။
၎င်းက ငရဲပြည်နှင့် သူ့ကို တိုက်ရိုက် ချိတ်ဆက်ပေးကာ ရှေးဟောင်း မိစ္ဆာနတ်ဘုရား၏ စွမ်းအားကို ရရှိစေသည်။ ထို့ပြင် သီအိုရီအရ သူရဲကောင်း ဝိညာဉ်များကိုပါ ဆင့်ခေါ်နိုင်ပြီး အရာအားလုံးကို ချေမှုန်းပစ်နိုင်သည်။
သို့သော်လည်း ရန်ချီက ထိုအဆင့်နှင့် ဝေးကွာလွန်းသေးသည်။
ယခုအချိန်မှာ သူက လောကအုပ်ချုပ်သူ တစ်ယောက်ဖြစ်ဖို့ လိုအပ်နေပြီး နောက်ဆုံး၌ တော်ဝင်အိမ်ရှေ့စံကဲ့သို့ ဒဏ္ဍာရီ အဆင့်ကို ရောက်ရှိနိုင်ပါလိမ့်မည်။
End
***