လောကအုပ်ချုပ်သူလေးယောက်နှင့် ဆရာသခင် အဆင့်များစွာကို တွေ့လိုက်ရသည့်အခါ ရန်ချီနှင့် သူ့သူငယ်ချင်းများက တစ်ယောက်ကိုတစ်ယောက် မသိမသာ ကာကွယ်ပေးလိုက်ကြ၏။
ကံဆိုးချင်တော့ ချူထျန်းကော၏ တောက်ပနေသော မျက်လုံးများက ရန်ချီကို ချက်ချင်း သတိပြုမိသွားတော့သည်။
"ဒါဆို မင်းပေါ့ ..."
သူက ဆိုလိုက်၏။ ဆောင်ဟေရှမ်းကို အနိုင်ယူစဉ်ကတည်းက ရန်ချီကို သူ စွဲမြဲစွာ မှတ်သားထားခဲ့ခြင်းပင်။ နောက်ပိုင်း ယွမ်ဟိုက်လန်ထံမှ မျက်နှာသာရဖို့အတွက် ရန်ချီကို သတ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း သူမ၌ အခြားအစီအစဉ်များ ရှိနေသဖြင့် သူ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ဖူးသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ ချူထျန်းကောက မြေပေါ်သို့ ဆင်းသက်လာပြီး ရန်ချီကို စိုက်ကြည့်လိုက်ခြင်းပင်။
သို့သော် ရန်ချီက သူနှင့် ကျင့်ဝူရွှယ်တို့၏ တိုက်ပွဲကို ဝင်ရောက် စွတ်ဖက်ခဲ့သူမှန်း ချူထျန်းကော မသိချေ။ အကယ်၍သာ သိခဲ့ပါက သွေးအန်သွားနိုင်ပေသည်။
ထိုနေ့က နှင်းများ ထူထပ်နေပြီး ရန်ချီက သူ့ လေးရာသီ ဓားပညာကို သုံးကာ ဆီးနှင်းမုန်တိုင်း ဖန်တီး၍ ကိုယ်ဖုံးကွယ်ထားခဲ့ရုံမက ငရဲနတ်ဆိုး ချပ်ဝတ်ကိုပါ ဝတ်ဆင်ထားခဲ့သည် မဟုတ်ပါလား။ ထို့အပြင် သူက ငရဲမှ မိစ္ဆာနတ်ဘုရား၏ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်ထားခဲ့သဖြင့် ချူထျန်းကောအနေဖြင့် သူ့ ဆန်းကြယ်သော ပြိုင်ဘက်မှာ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားတစ်ယောက် ဖြစ်သည်ဟု သံသယ ဝင်ခဲ့ခြင်း မရှိပေ။
လက်ရွေးစင် ကျောင်းသားတစ်ယောက်က ရန်ချီနှင့် သူ့အဖွဲ့ကို ကြည့်လိုက်ကာ ပြောလာ၏။
"ဘာတွေဖြစ်နေတာလဲ ချူထျန်းကော... မင်း သူ့ကို သိလို့လား၊ သူက အပြင်စည်း ကျောင်းသားတစ်ယောက်ပဲလေ။ လာပါ သွားရအောင်... ငါတို့ ကောင်းကင်အလောင်း လျှို့ဝှက်နယ်မြေကို ဦးတည်နေတဲ့ လေဟာနယ်တွင်းပေါက်ကို မကောင်းဆိုးဝါး အလောင်းတောင်တန်းမှာ မြန်မြန်ရှာရမယ်။ ဖုတ်ကောင်တွေက မကြာခင်မှာ အလုံးအရင်းနဲ့ ချီတက်လာလိမ့်မယ်။ ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူး"
ရန်ချီ၏ သူငယ်ချင်းများကို ကြည့်ရင်း ချူထျန်းကောက တုံ့ပြန်လိုက်သည်။
"သူတို့လေးယောက်က ကြမ်းပိုးထက် မပိုပါဘူး"
သူက ထူးဆန်းစွာ ပြုံးလိုက်ပြီး ရန်ချီကို ကြည့်ကာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ သူ့ကိုတော့ လျှော့မတွက်နဲ့။ သူက အဆင့် ၈ မှာတုန်းကတောင် ဆရာသခင် အဆင့်တစ်ယောက်ကို အနိုင်ယူနိုင်တယ်။ ဒါ့အပြင် ယွမ်ဟိုက်လန်ကလည်း သူ့ကို သေစေချင်လောက်အောင် မုန်းနေတာ။ သူမက တော်ဝင်အိမ်ရှေ့စံရဲ့ လမ်းညွှန်မှုကို ခံနေရပြီးတော့ လက်ရွေးစင် ကျောင်းသားတွေထဲမှာ ဩဇာ တော်တော်လေးကြီးတယ်လေ။ သူမက လောကအုပ်ချုပ်သူဖြစ်ဖို့ သိပ်မလိုတော့ဘူး။ ကောလာဟလ အရဆိုရင် တော်ဝင်အိမ်ရှေ့စံက သူမကို အသက်ဓာတ်စမ်းရေ ၃ စက် ပေးခဲ့တယ်တဲ့"
"ဂိုဏ်းတူ အစ်ကိုကြီး ထျန်းကောနဲ့ လူကြီးမင်းတို့ကို ဂါဝရ ပြုပါတယ်"
ဟွာရင်းဟူက ဝင်ပြောလိုက်သည်။
"ကျွန်တော်တို့က အစ်ကိုကြီးတို့ရဲ့ အရေးကြီး တာဝန်ကို ဝင်မစွက်ဖက်ရဲပါဘူး"
ထို့နောက် သူနှင့် သူ့အဖွဲ့က ထွက်ခွာရန် ပြင်လိုက်ကြ၏။
"အဲဒီမှာ ရပ်စမ်း..."
ချူထျန်းကောက အမိန့်ပေးသလို အော်ဟစ်လိုက်သည်။
ရန်ချီက နှလုံးခုန်သံ မြန်သွားပြီး ရပ်တန့်လိုက်၏။ သူက ချူထျန်းကော အကြောင်းသိသဖြင့် သူ့ကို အထင်မကြီးချေ။ ယခုအချိန်မှာလည်း သူက တိုက်ပွဲဖြစ်ဖို့ ကြိုးစားနေပုံရသည်။
ရန်ချီ ဘာမှ သိပ်မစဉ်းစားလိုက်ရခင်မှာပင် ချူထျန်းကောက ပြောလာသည်။
"ရန်ချီ... မင်း အဆင့် ၉ ဖြစ်တဲ့ ချူထျန်းကောကို အနိုင်ယူတုန်းက မင်းက အဆင့် ၈ ပဲ ရှိသေးတယ်။ အခု မင်းက ဆရာသခင် အဆင့် ဖြစ်လာပြီဆိုတော့ အရင်ကထက် ပိုပြီး အစွမ်းထက်လာမှာပဲ။ ငါ ကြားတာတော့ အဲဒါက လေထုဆန်းကြယ်အပင်နဲ့ ဆက်စပ်နေတယ်ဆို... ဟုတ်လား။ ငါ ထင်နေတဲ့ ကောလာဟလတွေ ရှင်းလင်းသွားအောင် မင်းရဲ့ ပါရမီအချို့ကို ပြပေးပါလား။ မင်းသာ ကောင်းကောင်း လုပ်နိုင်ရင် ဘာတွေဖြစ်လာမလဲ မင်း သိနိုင်မှာတောင် မဟုတ်ဘူး။ ဒီက ၃ ယောက်က သုခမိန် အဖွဲ့အစည်းက ကျွမ်းကျင်သူတွေပဲ။ မင်းကို ဖိတ်ခေါ်ဖို့ သူတို့ စိတ်ဝင်စားလိမ့်မယ်"
"အိုး..."
သုခမိန် အဖွဲ့ခေါင်းဆောင်က စိတ်ဝင်စားသွားကာ မျက်လုံးများ တောက်ပရင်း ဆိုလိုက်သည်။
"ဒါဆို မင်းက လေထုဆန်းကြယ်အပင်ကို သုံးစွဲခဲ့တာလား။ အဆင့် ၈ နဲ့ အဆင့် ၉ ကျွမ်းကျင်သူကို အနိုင်ယူနိုင်တယ်ဆိုကတည်းက မင်းရဲ့ ပါရမီကို ပြသနေတာပဲ။ ငါတို့ကို မင်းရဲ့ စွမ်းအင်ပညာ နည်းနည်းလောက် ကစားပြကြည့်ရင်ကော ဘယ်လိုလဲ။ ငါတို့ စိတ်ဝင်စားရင် မင်းအတွက် တရားဝင် စစ်ဆေးမှုလုပ်ပေးမယ်။ အကယ်၍ မင်းသာ အောင်မြင်ပြီး မင်းရဲ့ သစ္စာရှိမှုကို ပြသနိုင်ရင်တော့ သုခမိန် အဖွဲ့အစည်းကို မင်း ဝင်နိုင်ပြီ"
'စစ်ဆေးမယ်... ငါ့ရဲ့ သစ္စာရှိမှုကိုပါ ဆန်းစစ်မယ်... ပြီးတော့ သူတို့အဖွဲ့အစည်းကို ဝင်ရောက်ရမယ်ပေါ့...'
တစ်ခဏအတွင်း ရန်ချီက ချူထျန်းကော ဘာလိုချင်ကြောင်း နားလည်သွားလေပြီ။
အင်မော်တယ်ခြေနင်း ကျောင်းတော်၌ သုခမိန် အဖွဲ့အစည်းက တော်ဝင်အိမ်ရှေ့စံ အဖွဲ့အစည်းပြီးလျှင် ဒုတိယနေရာ၌ ရပ်တည်နေသည်။ သူတို့နှင့် ပူးပေါင်းပါက သေချာပေါက် အကျိုးကျေးဇူးများ ရရှိပါလိမ့်မည်။ သို့သော် သူတို့အဖွဲ့အစည်းကို ဝင်ရောက်ဖို့က လိုအပ်ချက်များ တင်းကျပ်ထားပြီး သူတို့၏ မူဝါဒကိုလည်း လက်ခံရပေလိမ့်မည်။ ထို့ကြောင့် ရန်ချီက ထိုလမ်းကို ရွေးချယ်ဖို့ စိတ်မဝင်စားခဲ့ချေ။
ထို့အပြင် သူတို့က သူ့အား အလွန်ရက်စက်သော စမ်းသပ်မှုများ ပြုလုပ်ရန် အတင်းအကြပ် တိုက်တွန်းကာ ထိုဖြစ်စဉ်အတွင်း သတ်ဖြတ်ခံရဖို့ ချူထျန်းကောက မျှော်လင့်နေခြင်းသာ ဖြစ်သည်။ ချူထျန်းကောက သုခမိန် အဖွဲ့အစည်းမှ မဟုတ်သော်လည်း သူ့စကားများက ဝန်ပိစေသည် မဟုတ်ပါလား။ ထို့အပြင် သူက ထိုခေါင်းဆောင်များကို မကောင်းဆိုးဝါး တောင်တန်း၌ စစ်ဆေး စမ်းသပ်မှု ပြုလုပ်ဖို့ ညွှန်ကြားနေသည်။
အကယ်၍ ရန်ချီက ငြင်းဆန်လိုက်ပါက သုခမိန် အဖွဲ့အစည်းကို ငြင်းဆန်ရာ ကျပေသည်။ ထိုသို့ ပြုလုပ်လိုက်လျှင် ကျောင်းတော်သို့ အသက်ရှင်လျက် ပြန်သွားနိုင်မည် မဟုတ်ချေ။
ချူထျန်းကောက ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းသာ ဖြစ်သည်။ သူက စကားအနည်းငယ် ပြောကာ ရန်ချီကို ခက်ခဲအောင် ပြုလုပ်လိုက်ခြင်းပင်။
ထို့အပြင် ချူထျန်းကော၏ ကောက်ကျစ်သော အကြည့်ကိုကြည့်ရင်း လူတိုင်းက သူ့ရည်ရွယ်ချက်ကို သိသိသာသာ မြင်နိုင်ပေသည်။
"လာခဲ့ ရန်ချီ..."
ချူထျန်းကောက အေးစက်စက် ပြောလိုက်သည်။
"မင်း သူတို့ဆီ ဝင်ရောက်နိုင်ဖို့ ပါရမီ ရှိမရှိ ကြည့်ရအောင်။ သုခမိန် အဖွဲ့အစည်းကို ဝင်ရောက်ဖို့ ကျောင်းသား ဘယ်လောက် သေခဲ့ရလဲ မင်း သိလား"
ရန်ချီက စိတ်ထဲမှ အေးစက်စက် ရယ်မောကာ တုံ့ပြန်လိုက်၏။
"တောင်းပန်ပါတယ်... ငါ သုခမိန် အဖွဲ့အစည်းကို ဝင်ဖို့ စိတ်မဝင်စားဘူး။ ငါက လွတ်လွတ်လပ်လပ်နဲ့ အချုပ်အနှောင် မရှိဘဲ နေချင်တယ်"
လေထုက ချက်ချင်း တင်းမာသွားတော့သည်။
အခြားအဖွဲ့မှ အတွင်းစည်း ကျောင်းသားတစ်ယောက်က ရှေ့ထွက်လာသည်။
"မင်းက တကယ်ကို ရဲတင်းလွန်းတာပဲ ကောင်စုတ်လေး။ ငါတို့က မင်းကို မျက်နှာသာ ပေးတာတောင် မင်းက ငြင်းဆန်ရဲတယ်ပေါ့။ ငါတို့ ဂိုဏ်းတူ အစ်ကို ၃ ယောက်က ဘယ်လောက် အစွမ်းထက်လဲ မင်း သိလား။ သူတို့က လောကအုပ်ချုပ်သူတွေ၊ လက်ရွေးစင် ကျောင်းသားတွေပဲ။ သူတို့က မင်းကို အမြင့်တင်ပေးမှာကို မင်းက သူတို့ကို မျက်နှာပျက်အောင် လုပ်တယ်ပေါ့"
သုခမိန် အဖွဲ့အစည်းမှ လောကအုပ်ချုပ်သူ ၃ ယောက်က သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်သွားကြသည်။ သူတို့ထဲမှ သက်လတ်ပိုင်း လူတစ်ယောက်က ရှေ့ထွက်လာကာ ပြောလိုက်၏။
"ကောင်းပြီ... မင်းက ငါတို့ မျက်နှာသာ ပေးတာကို ငြင်းတယ်ဆိုလည်း သဘောပဲ။ အားလုံးပဲ သွားကြရအောင်... ဒီလိုလူမျိုးအတွက်နဲ့ အချိန်ဖြုန်း မနေသင့်ဘူး"
လောကအုပ်ချုပ်သူ ၃ ယောက်က လေပေါ်ပျံတက်သွားကာ အေးစက်စက် အသံတစ်ချက် ပြုလိုက်ရာ ရန်ချီနှင့် သူ့သူငယ်ချင်းများကို ထိမှန်သွားတော့သည်။ သူတို့လေးယောက်က နောက်သို့ ဆုတ်သွားကာ လဲကျလုမတတ်ပင် ဖြစ်သွားကြ၏။ ရန်ချီ၏ မျက်နှာက ပြာနှမ်းသွားကာ သူ့ သူငယ်ချင်း ၄ ယောက်မှာ သွေးအန်လုဆဲဆဲ ဖြစ်သွားကြသည်။
ရန်ချီက သူ့သူငယ်ချင်းများလို မဟုတ်ဘဲ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။ သူတို့ကတော့ အသံလှိုင်းကြောင့် တုန်လှုပ်သွားခဲ့ကြခြင်းပင်။
"မင်းဘာသာ ကျန်နေခဲ့တော့။ ငါ မင်းကို အခွင့်အရေး ပေးတာတောင် မင်းက လွှင့်ပစ်သေးတယ်။ သိပ်ကောင်းတယ်။ မင်း ဘယ်လောက် မိုက်မဲလဲ သိလာလိမ့်မယ်"
ထို့နောက် သူက မကောင်းဆိုးဝါး တောင်တန်း အနက်ပိုင်းသို့ ပျံသန်းထွက်ခွာသွားသည်။
ခဏကြာပြီးနောက် ရန်ချီက သူ့ခြေထောက်ပေါ် သူ ပြန်ရပ်လိုက်ကာ မျက်လုံးများက သတ်ဖြတ်ချင်စိတ်များကြောင့် တောက်ပနေသည်။ သူက လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ အစစ်အမှန် စွမ်းအင်စီးကြောင်းများ သူ့သူငယ်ချင်း လေးယောက်ထံ ပို့ဆောင်ပြီး ပြန်လည် ကုသပေးလိုက်၏။
လီဟီက ခါးသီးစွာ ခေါင်းယမ်းလိုက်သည်။
"ရန်ချီ... အဲဒီကောင် ချူထျန်းကောက တကယ်မကောင်းတဲ့ကောင်ပဲ။ သူ့ရဲ့ ပါးစပ်ကြောင့် ငါတို့ကို သုခမိန်အဖွဲ့က စိတ်အနှောင့်အယှက် ဖြစ်သွားပြီ။ ရှေ့ဆက်သွားရမယ့် ခရီးက ပိုခက်ခဲလိမ့်မယ်"
"မစိုးရိမ်ပါနဲ့... ချူထျန်းကော သိပ်မကြာခင် သူ့စကားတွေ သူပြန်စားရပါလိမ့်မယ်"
ထို့နောက် သူက အဝတ်အစားများမှ ရွံ့နှင့်ဖုန်များ သန့်ရှင်းသွားအောင် တုန်ခါမှု အချို့ကို ပြုလုပ်လိုက်သည်။
မကောင်းဆိုးဝါး တောင်တန်းအနီးရှိ မြေများက အဆိပ်များနှင့် ညစ်ညမ်းနေကာ ငါးပုပ်နံ့ကဲ့သို့ အနံ့များ ထွက်ပေါ်နေသည်။ အရာရာတိုင်းက ယိုယွင်းပျက်စီးနေကာ ၎င်းတို့၏ အနံ့များက မအီမသာ ဖြစ်စေ၏။ တစ်ခါတစ်ရံ ရွံ့များထဲမှ အတိတ် ဘယ်အချိန်ကတည်းက သေဆုံးနေမှန်း မသိသည့် အရိုးများ ထွက်ပေါ်လာတတ်သည်။
ရန်ချီက မကြာမီမှာပင် ထိုနေရာရှိ ဖုတ်ကောင်များက တောင်တန်းတစ်လျှောက် ပြည့်နှက်နေကာ သက်ရှိကမ္ဘာထံ ကျူးကျော်ဝင်ရောက်ပြီး အသွေးအသားကို သတ်ဖြတ်စားသောက်ကာ ဖုတ်ကောင်များ ပိုမို ပွားများလာပုံနှင့် တောင်တန်း၌ အလောင်းစွမ်းအားများ ပိုမို သန်မာလာပုံအကြောင်းကို လေ့လာမိလိုက်သည်။
အနက်ရောင် အလောင်းတောင်တန်းရှိ သူ့ အတွေ့အကြုံများအရ တောင်ထွတ်များ၌ အတိတ်တစ်ချိန်မှ ပြိုင်ဘက်ကင်း ထင်ရှားသူများ၏ ဂူသင်္ချိုင်းများနှင့် ရတနာများရှိကြောင်း သူ သိထားသည် မဟုတ်ပါလား။
ထိုနေရာရှိ တောင်များက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ အရဲစွန့် သွားလာပြီး ပြန်မထွက်လာနိုင်သူများ၏ သင်္ချိုင်းသာ ဖြစ်သည်။
"အလင်းလှိုင်း ဒိုင်းကာ..."
သူတို့ စိတ်တည်ငြိမ်သွားပြီးနောက် အဖွဲ့ထဲရှိ ငါးယောက်စလုံး သူတို့၏ အကာအကွယ် ဒိုင်းများကို အသက်သွင်းလိုက်ကြသည်။ ၎င်းကြောင့် သူတို့၏ ဘေးပတ်လည်၌ ဖောက်ထွင်းမြင်နိုင်သည့် ဘဲဥပုံစံ အတားအဆီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ကျောင်းတော်၏ အများသုံး စွမ်းအားပုံစံဖြစ်ကာ စက်ဆုပ်စရာကောင်းသည့် အရာအားလုံးကို ဆန့်ကျင်နိုင်စွမ်း ရှိသည်။
ထိုနေရာ၌ ပေါက်ရောက်နေသော သစ်ပင်များက ထူးဆန်းလှပေသည်။ ၎င်းတို့အားလုံးက သစ်ရွက်များမရှိဘဲ အရိုးရောင်ပေါက်နေခြင်းက ထူးဆန်းနေသည်။ ၎င်းတို့အားလုံးကို အရိုးဖြင့် ပြုလုပ်ထားသည်နှင့်ပင် တူညီနေသည် မဟုတ်ပါလား။
"အရိုးသစ်ပင်တွေက မကောင်းဆိုးဝါး တောင်တန်းမှာပဲ ရှင်သန်ကြတာပဲ..."
ဟွာရင်းဟူက ရှင်းပြလိုက်သည်။
"သူတို့ကို သတိထား... သူတို့နား သိပ်မကပ်နဲ့။ သူတို့က အရိုးချွန်တွေ ပစ်လွှတ်နိုင်ပြီးတော့ အစစ်အမှန်စွမ်းအား အကာအကွယ်ကို ဖောက်ထွင်းနိုင်တယ်။ ကျောင်းသား တော်တော်များများက သူတို့ကြောင့် သေခဲ့ရတာပဲ"
သူ ပြောနေစဉ်မှာပင် အနီးနားရှိ သစ်ပင်များမှ ရုတ်တရက် အလွန်မြန်ဆန်စွာ အရိုးဆူးချွန် အများအပြား ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အရိုးလက်များက ရွံ့နွံထဲမှပေါ်လာကာ ရန်ချီကို ဆွဲချဖို့ ကြိုးစားလိုက်သည်။
ဘန်း...
ရန်ချီက သူ့ စွမ်းအင်ပညာကို ထုတ်ဖော်လိုက်ရာ အရိုးဆူးချွန်များက ပျက်စီးသွားသည်။ ထို့နောက် ခြေထောက်ကို ဆောင့်နင်းကာ အရိုးလက်များကို ဖျက်ဆီးလိုက်၏။ သူက လေထဲတွင် ပျံသန်းရင်း လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ အရိုးသစ်ပင်ကို ထိမှန်သွားပြီး မြေပြင်ထဲ နှစ်မြုပ်သွားတော့သည်။
ထိုနေရာက တွင်းပေါက်တစ်ခုဖြစ်လာကာ အနက်ရောင် မီးခိုးများ ထွက်ပေါ်လာသည်။ ၎င်းမှ မည်သည့် အရပ်ဒေသသို့ ဦးတည်ထားမှန်း မသိသည့် လမ်းတစ်ခု ပေါ်လာသည်။
"မင်းတို့ ဟိုဘက်တောင်မှာ သွားနေနေကြပါလား..."
ရန်ချီက အကြံပြုကာ အနီးနားကို ညွှန်ပြလိုက်သည်။
"မင်းတို့ အဲဒီကို သွားကြတာ ပိုကောင်းမယ်။ အရိုးသစ်ပင်တွေကို ထိန်းချုပ်နိုင်တဲ့ လျှို့ဝှက်စွမ်းအားတစ်ခု ရှိနေတာ သေချာတယ်။ အဲဒါက မြေအောက်ထဲမှာ... အလောင်းဘုရင်တောင် ဖြစ်နိုင်သေးတယ်။ အဲဒီမှာ ရတနာတွေရှိမလားလို့ ငါ အောက်ဆင်းပြီး စစ်ဆေးကြည့်လိုက်ဦးမယ်"
"ကောင်းပြီ ညီလေးရန်... ငါတို့ နားလည်ပြီ"
သူတို့အားလုံး အလျင်အမြန် ဆွေးနွေးပြီးနောက် ရန်ချီက အနက်ရောင် ဥမင်အတွင်း ပျံသန်းဝင်ရောက်သွားသည်။ ထိုအချိန်မှာပင် သူ့သူငယ်ချင်းများကတော့ သူညွှန်ပြသည့် တောင်တန်းများဆီ ဦးတည်ထွက်ခွာသွားကြ၏။
ဝှစ်...
ရန်ချီက ဥမင်အတွင်း ရောက်သွားချိန်မှာပင် ကြောက်မက်ဖွယ်လေများကြောင့် ကြက်သီးမွေးများပင် ထလာသည်။ ထိုဥမင်က နိမ့်သထက် နိမ့်ဆင်းသွားကာ လမ်းကြောင်းများက ရှုပ်ထွေးနေပြီး ဝင်္ကပါတစ်ခုနှင့်ပင် တူညီနေသည်။ ထိုအရာက သင်္ချိုင်းဂူသို့ သွားသည့်လမ်းပင် ဖြစ်ပေလိမ့်မည်။
နောက်ဆုံး၌ အပုပ်နံ့များ ပျောက်ကွယ်သွားကာ နံရံများက ကျောက်တုံးများအဖြစ် ပြောင်းလဲသွားသည်။ ထိုနေရာက အချိန်သဲများ၏ တိုက်စားမှုအောက်၌ မြှုပ်နှံခံခဲ့ရသည့် ရှေးခေတ်မှ မေ့လျော့ခံ အင်ပါယာများ၏ ဂူသင်္ချိုင်းများ ဖြစ်ကြပေသည်။
End
***