"ညီလေးရန်... မင်း ပြန်လာပြီလား..."
လီဟီနှင့် အခြားလူများက သူတို့၏ စွမ်းအင်ပညာရပ်များကို ထုတ်ဖော်သုံးစွဲကာ ကျန်ရှိနေသေးသည့် အရိုးစုများနှင့် ဖုတ်ကောင်များကို သတ်ဖြတ်ပြီး မိစ္ဆာအမြုတေများကို ထုတ်ယူလိုက်ကြသည်။
သို့သော်လည်း ထိုမိစ္ဆာအမြုတေများက အရည်အသွေးနိမ့်ကာ အချို့ဆိုလျှင် တန်ဖိုးပင် မရှိချေ။
"ဟုတ်တယ်... ငါ ပြန်လာပြီ..."
သူက လက်ယပ်ခေါ်လိုက်ကာ "ဟေ့လူတွေ... ဒီပစ္စည်းတွေကို ကြည့်ပါဦး..."
သူတို့ ပြေးလာကြကာ ရန်ချီပြသသည့် ရွှေကျောက်စိမ်း ဝတ်စုံ၊ တုတ်ချောင်းနှင့် ဟွိုက်ယင်ဘုရင်၏ အလောင်းကို ကြည့်လိုက်ကြသည်။ သူတို့ကို စစ်ဆေးပြီးနောက် လျန်တုန်က ရှင်းပြလိုက်၏။
"ဒါက နှစ်တစ်ထောင် အလောင်းဘုရင်ပဲ... ရွှေကျောက်စိမ်း ဝတ်စုံကလည်း အကြိုကောင်းကင် အကာအကွယ်ဝတ်စုံပဲဟ..."
"ဒီတုတ်ချောင်းမှာ နေကျောက်မြတ်တောင် ပါသေးတယ်..." ဟွာရင်းဟူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဒါက နေကျောက်မြတ် ဆိုတာ ယုံတောင် မယုံနိုင်ဘူး..." လီဟီသည်လည်း စိတ်လှုပ်ရှားနေသည်။
"အကြိုကောင်းကင် အကာအကွယ် ဝတ်စုံ... နေကျောက်မြတ်..." ရန်ချီက ထိုအရာများကို မသိလေရာ ရှင်းပြပေးဖို့ လိုအပ်နေသည်။
"ညီလေးရန်ချီ... မင်းသိတဲ့အတိုင်းပဲ... ကျောင်းတော်မှာ နယ်ပယ်အမျိုးမျိုးကို သင်ကြားပေးတယ်လေ... ဥပမာ မှော်ရတနာတွေအကြောင်း၊ ဆေးလုံး ဖော်စပ်နည်း၊ စိတ်ဝိညာဉ်ဆေးတွေ၊ လက်နက်ကိရိယာ သွန်းလုပ်ပုံတွေ၊ လက်မှုပညာရပ်တွေ၊ နက္ခတ်ဗေဒ၊ ပထဝီအနေအထား အဲ့ဒီလို သင်ကြားပေးတာတွေ ရှိတယ်... မင်း အဲ့ဒီ အတန်းတွေထဲက အချို့ကိုတက်ဖို့ ငါ အကြံပေးချင်တယ်... ပစ္စည်းတွေကို ခွဲခြားသိမြင်နိုင်ရင် မင်းရဲ့ ကျင့်ကြံခြင်းမှာ အကူအညီကောင်း ဖြစ်စေလိမ့်မယ်... အကြိုကောင်းကင် အကာအကွယ်ဝတ်စုံကို အကြိုကောင်းကင် ရွှေကျောက်မြတ်နဲ့ ပြုလုပ်ထားတာပဲ... ဒါကြောင့် ဒီဝတ်စုံက မာကျောပြီး ဓားလှံ ထိုးမဖောက်နိုင်သလို ပိုးချည်မျှင်လို နူးညံ့တယ်... ပြီးတော့ ဒီကောင်က သေဆုံးတဲ့ ခန္ဓာကိုယ်တွေ မပုပ်သိုးအောင်လည်း ထိန်းသိမ်းပေးထားနိုင်တယ်... မြေမြှုပ်ထားတဲ့ ဘယ်အလောင်းမဆို သဘာဝအားဖြင့်တော့ ကောင်းကင်နဲ့ မြေပြင်ကြားက စိတ်ဝိညာဉ် စွမ်းအင်တွေကို စုပ်ယူပြီး တဖြည်းဖြည်းနဲ့ ကြောက်ဖို့ကောင်းတဲ့ ဖုတ်ကောင်တွေ ဖြစ်လာကြတယ်... ဒါပေမဲ့ အခြားဖုတ်ကောင်တွေနဲ့ မတူတာက ဒီဝတ်စုံက အတိတ်ဘဝက မှတ်ဉာဏ်တွေကို မှတ်မိနေစေတယ်... နေကျောက်မြတ်က ပိုပြီးတောင် အံ့ဩစရာ ကောင်းသေးတယ်... သူ့မှာ အလွန်ပူပြင်းတဲ့ အပူရဲ့ အနှစ်သာရ အမြုတေ ပါဝင်နေတယ်... နေမင်းဆီကနေ မီးလုံးတစ်ခုအဖြစ် ကြွေကျလာပြီး နောက်ဆုံးမှာ ကျောက်တုံးအဖြစ် ပြောင်းလဲသွားခဲ့တာပဲ... ကျောက်မြတ်မှာ ပါဝင်တဲ့ စွမ်းအင်ကို အရာအားလုံးမှာ အသုံးပြုနိုင်တယ်... မီးစွမ်းအင်ကျင့်တဲ့သူသာ နေကျောက်မြတ်ကို ရသွားရင် သူ့ရဲ့ ကျင့်ကြံခြင်းက ခုန်ပျံကျော်လွှားသလို တိုးတက်လာလိမ့်မယ်..."
"ညီလေးရန်ချီ... မင်း သင်္ချိုင်းဂူထဲမှာ နှစ်တစ်ထောင် အလောင်းဘုရင်ကိုတွေ့ပြီး အနိုင်ယူခဲ့တာလား... ဘယ်လိုလုပ်ပြီး လောကအုပ်ချုပ်သူကို တိုက်ခိုက်နိုင်ရတာလဲ..."
"အမ်... ကံကောင်းသွားတာပါဗျာ... ငါ သွားနေရင်းနဲ့ နှစ်တစ်ထောင် အလောင်းဘုရင် ကျင့်ကြံနေတာကို တွေ့ခဲ့တယ်... ကံကောင်းချင်တော့ သူက ကျင့်စဉ် ဖောက်ပြန်ပြီး ပေါက်ကွဲလုနီးနီး ဖြစ်နေပြီလေ... ငါ သူ့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ပြီးတော့ သတ်ပစ်လိုက်နိုင်တယ်..."
ရန်ချီက ပုံပြင်တစ်ခုအဖြစ် ပြောင်းပြောလိုက်သည်။ အကယ်၍ သူသာ ဖုတ်ကောင်များနှင့် အရိုးစုများကို သတ်ဖြတ်ကာ နှစ်တစ်ထောင် အလောင်းဘုရင်ကိုပါ ထပ်သတ်နိုင်သည့် သတင်းသာ ထွက်သွားပါက သူနှင့်ပတ်သက်၍ အမှန်တရားကို ဖုံးကွယ်ဖို့ ပိုမိုခက်ခဲလာပေလိမ့်မည်။
သက်ရှိတိုင်းကို ထိတ်လန့်သွားစေမည့်အစား ကျောင်းတော်၌ နာမည် တဖြည်းဖြည်း ရရှိလာအောင် လုပ်တာကမှ ပိုအဓိပ္ပာယ်ရှိသည်။ သူသည် အခြားလေးယောက်နှင့် တစ်ဖွဲ့တည်း ဆိုသော်လည်း သူ့ကျင့်ကြံခြင်း နည်းစနစ်နှင့် ပတ်သက်၍ ထုတ်ဖော်ပြလိုက်ခြင်းက ပညာရှိရာ ရောက်လိမ့်မည် မဟုတ်ချေ။
"မင်းက တကယ် ကံကောင်းလွန်းတာပဲ... နှစ်တစ်ထောင် အလောင်းဘုရင် ကျင့်ကြံခြင်း ဖောက်ပြန်နေချိန်နဲ့မှ ကြုံခဲ့ရတယ်လို့ကွာ..."
တစ်အုပ်စုလုံးက အံ့ဩနေကြသော်လည်း သူ့ကို ယုံကြည်ကြသည်။ သူက သင်္ချိုင်းဂူ အနက်ပိုင်းသို့ ဝင်ရောက်ကာ တစ်ကိုယ်တည်းဖြင့် နှစ်တစ်ထောင် အလောင်းဘုရင်ကို သတ်ပစ်ဖို့က မဖြစ်နိုင်ကြောင်း သိသာသည် မဟုတ်ပါလား။
"မင်းတို့ သိလား... ဒီနှစ်တစ်ထောင် အလောင်းဘုရင်က ဟွိုက်ယင်ဘုရင်ပဲ... သူက ရှေးခေတ်က အုပ်ချုပ်သူတစ်ယောက်ဖြစ်ပြီးတော့ ဒီနေရာမှာ မြှုပ်နှံခဲ့တယ်..." လီဟီက ပြောလိုက်သည်။ "နောက်ပိုင်း သူက ဖုတ်ကောင်ဖြစ်သွားပြီး ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တယ်... နောက်ဆုံးတော့ မကောင်းဆိုးဝါး တောင်တန်းအနက်ပိုင်းကို လာပြီးတော့ အနားယူခဲ့တယ်... နှစ်ပေါင်းများစွာ အင်မော်တယ်ခြေနင်း ကျောင်းတော်က ကျောင်းသားတွေက သူ့ကို လာရောက် တိုက်ခိုက်ခဲ့ကြတယ်... အဲ့ဒီလူတွေထဲမှာ လက်ရွေးစင်ကျောင်းသားတွေဖြစ်တဲ့ လောကအုပ်ချုပ်သူတွေတောင် ပါသေးတယ်လေ... ဒါပေမဲ့လည်း သူတို့ အားလုံးကို ရှောင်တိမ်းနိုင်ခဲ့တယ်... ဒီကိစ္စသာ ပျံ့သွားရင် မကောင်းဘူး... အကယ်၍ လူတွေသာ ငါတို့ လက်ထဲမှာ အကြိုကောင်းကင် အကာအကွယ်ဝတ်စုံနဲ့ နေကျောက်မြတ်သာ ရှိမှန်းသိသွားရင် လက်ရွေးစင် ကျောင်းသားတွေတောင် လောဘတက်ပြီး သူတို့လက်ထဲ အပ်လိုက်ရလိမ့်မယ်... အကယ်၍ ငါတို့သာ သူတို့လက်ထဲ မအပ်ရင် ငါတို့ကို သေတဲ့အထိ မုန်းတီးနေကြမှာပဲ..."
"အမှန်ပဲ ..." ဟွာရင်းဟူက ဝင်ပြောလိုက်သည်။ "ဒီအကြိုကောင်းကင် အကာအကွယ် ဝတ်စုံနဲ့ နေကျောက်မြတ်က ငါတို့ ပညာရှင်ဧကရာဇ် အဖွဲ့အစည်းရဲ့ အဖိုးတန်ရတနာအဖြစ် စဉ်းစားသင့်တယ်... အကယ်၍ ချူထျန်းကောသာ ဒါကိုသိသွားရင် ငါတို့အတွက် ကံဆိုးမိုးမှောင် ကျလာလိမ့်မယ်... သူက စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာကိုကျင့်ကြံပြီး နေမင်းရဲ့အနှစ်သာရကို စုဆောင်းရတယ်... ဒါမှ အာကာသနဲ့ဆိုင်တဲ့ နတ်ဘုရားလက်နက်ကို ပြုလုပ်နိုင်မှာ ဖြစ်ပြီးတော့ ကီလိုမီတာ ငါးရာအတွင်း အရာအားလုံးကို သတ်ဖြတ်နိုင်လိမ့်မယ်... တကယ်လို့ သူသာ နေကျောက်မြတ်ကိုရသွားရင် သူ့နည်းစနစ် ကျင့်ကြံခြင်းမှာ နှစ်ပေါင်းတစ်ရာ နှစ်ရာစာလောက် တိုးတက်လာလိမ့်မယ်... သူက သက်တမ်းအကြိမ်ကြိမ် ခိုးယူသွားနိုင်ပြီး လျှို့ဝှက်တပည့်တောင် ဖြစ်လာနိုင်သေးတယ်လေ... သူသာ သိသွားရင် ကျောင်းတော်ရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုပြီးတော့ ငါတို့ကို သတ်ဖို့ ကြိုးစားလိမ့်မယ်..."
ထိုအချိန်မှာပင် အသံတစ်ခုက သူတို့နားထဲ ရောက်လာသည်။ "မင်း မှန်တယ်... ဒီထက်တော့ ပိုမမှန်နိုင်တော့ဘူး... ဒီလို အံ့ဖွယ်အရာမျိုးကို ယူဖို့ မင်းတို့ကို မသတ်ရင် ငါ ချူထျန်းကော မဟုတ်တော့ဘူး..."
ရန်ချီ၊ လီဟီ၊ လျန်တုန်၊ ဟွာရင်းဟူတို့ အားလုံး လှည့်ကြည့်လိုက်ရာ လေထဲမျောနေသည့် ချူထျန်းကောကို တွေ့လိုက်ရပြီး တုန်လှုပ်သွားကြသည်။ သူက အစစ်အမှန် စွမ်းအင်များကို ထိန်းကာ တောင်ပေါ်သို့ ဆင်းလာလေ၏။
ရန်ချီ၏ သူငယ်ချင်း လေးယောက်က ချူထျန်းကောကို ကြည့်ရင်း မျက်နှာ ဖြူလျော်သွားကာ ဒူးများပင် တုန်ယင်လာသည်။ နောက်ဖြစ်လာမည့် အရာများနှင့်ပတ်သက်၍ ခံစားချက် မကောင်းကြတော့ပေ။
ရန်ချီက ဘယ်သူမှ မသိနိုင်သည့် လျှို့ဝှက်ချက် တစ်ခုကို လျှို့ဝှက်ထားသလို တည်ငြိမ်နေသည်။ သူက ရှေ့တိုးလိုက်ကာ ချူထျန်းကောကို ကြည့်လိုက်သည်။
ချူထျန်းကောက သူ့ကို သေသူတစ်ယောက်ကဲ့သို့ မှတ်ယူကာ ပြန်ကြည့်လိုက်၏။ ထို့နောက် သူ့မျက်လုံးများက နေကျောက်မြတ်ပေါ် ရောက်ရှိသွားကာ စိတ်အားထက်သန်လာတော့သည်။ "နေကျောက်မြတ်... ငါ့ရဲ့ အိပ်မက်ထဲမှာတောင် တောင့်တနေတဲ့ အရာတစ်ခု... ဒီနေ့တော့ ငါ ရရှိတော့မယ်... ဒီကျောက်မြတ်တုံးနဲ့ဆိုရင် ငါ့ရဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာက အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ်... ငါက နေမင်းရဲ့ အင်ပါယာအလား စကြဝဠာရဲ့ အရှင်သခင်လို ဖြစ်သွားမှာပဲ... မင်းတို့ မှားနေတာ တစ်ခု ရှိသေးတယ်... ဒါက ငါ့ရဲ့ ကျင့်ကြံခြင်းကို နှစ်တစ်ရာ နှစ်ရာလောက် တိုးပေးပြီး လက်ရွေးစင်ကျောင်းသား ဖြစ်လာမှာ မဟုတ်ဘူး... ငါက သူတော်စင် သားတော်တစ်ပါးတောင် ဖြစ်လာဦးမှာ..."
"ချူ... ချူထျန်းကော..." လီဟီက အထစ်ထစ် အငေါ့ငေါ့ ဖြစ်သွားသည်။ "အာ... အစ်ကိုကြီး ချူထျန်းကော ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."
"ငါ ဘာလုပ်ဖို့ စီစဉ်နေလဲ မင်းတို့ တကယ် မသိဘူးလား..." ချူထျန်းကောက ပြောကာ သူတို့ဆီ ဦးတည် လျှောက်လာသည်။
"ငါ့ရဲ့ လိမ္မာပါးနပ်မှုကို ကျေးဇူးတင်ရမယ်... မင်းတို့ ငါးကြီးကြီး တွေ့ထားတာ ငါ သိနေတယ်လေ... ဒါကြောင့် လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်ကို မင်းတို့နောက်ကို လျှို့ဝှက်ပြီး လိုက်ခိုင်းခဲ့တယ်... ရန်ချီလို လူစုတ်လေးက မြေအောက်ထဲသွားပြီး ဟွိုက်ယင်ဘုရင်ရဲ့ ကျင့်ကြံမှု ဖောက်ပြန်နေတာကိုတွေ့မယ်လို့ ဘယ်သူက ထင်မိမှာလဲ... အဆုံးသတ်အနေနဲ့ နေကျောက်မြတ်နဲ့ အကြိုကောင်းကင် အကာအကွယ်ဝတ်စုံတောင် ရရှိခဲ့သေးတယ်... အချို့ ခွေးကောင်လေးတွေက တကယ် ကံကောင်းတာပဲ... ဒီနေ့ဟာ ငါ ချူထျန်းကော ထင်ပေါ်ကျော်ကြားလာမယ့် နေ့ပဲ..."
"ငါတို့ကို သွားခွင့်ပေးပါ အစ်ကိုကြီး ထျန်းကော... ဒီနေ့ ကျောက်မြတ်နဲ့ အကြိုကောင်းကင် အကာအကွယ် ချပ်ဝတ်ကို လက်ဆောင်အနေနဲ့ ယူလိုက်ပါဗျာ... ငါတို့ ဘယ်သူ့ကိုမှ ဘာမှ ပြန်မပြောပါဘူး..." လျန်တုန်က ပြောလိုက်သည်။
ချူထျန်းကောက အေးစက်စက် ရယ်မောလိုက်လေ၏။ "မင်းတို့ကို သွားခွင့်ပေးရမယ်... ဘယ်လိုတောင် တုံးအတာလဲ... လူသေတွေကသာ ကောလာဟလတွေ မပျံ့စေတာ... အခြားလူတွေ အားလုံးက လူလိမ်တွေချည်းပဲ... မင်းတို့ အခြားလူတွေကို ဝတ်စုံနဲ့ ကျောက်မြတ် အကြောင်းပြောလဲ ကိစ္စမရှိပါဘူး... ဘာလို့လဲဆိုတော့ မင်းတို့ သေရမှာမို့လို့ပဲ... ငါတို့က အန္တရာယ်များလွန်းတဲ့ မကောင်းဆိုးဝါး တောင်တန်း တောနက်ထဲကို ရောက်နေကြတယ်... အခုချိန်က မျက်မြင်သက်သေ အနည်းငယ်လောက်ကို ရှင်းလင်းဖို့ အချိန်ကောင်းပဲ..."
"ကျောင်းတော်က အပြစ်ပေးမှာကို မင်း မကြောက်ဘူးလား..." ဟွာရင်းဟူက ကောက်ရိုးတစ်မျှင်ကို အားကိုးသလို ပြောလိုက်သည်။ "မင်းက လက်ရွေးစင် ကျောင်းသား ဖြစ်တာကြောင့် အတွင်းစည်း ကျောင်းသားတွေကို မရိုမသေ ဆက်ဆံလို့ရတယ်လို့ မဆိုလိုဘူး... အပြင်စည်း ကျောင်းသားတွေကို သတ်တာက ရာဇဝတ်မှုကြီးပဲ... ကျောင်းတော်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး..."
"မင်း ဘာပြောတာလဲ... ငါ မင်းတို့ကို မသတ်ပါဘူး... ဟွိုက်ယင်ဘုရင် သတ်လိုက်တာ..." သူက လက်ချောင်းထိပ်များကို ဆော့ကစားရင်း ပြောလိုက်သည်။ "မင်းတို့ကို ကယ်ဖို့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲကို ငါ တိုက်ခဲ့တယ်... စိတ်မကောင်းစွာပဲ မင်းတို့ကို မကယ်နိုင်ခဲ့ဘူး... မင်းတို့ အသတ်ခံရပြီးနောက် ဟွိုက်ယင်ဘုရင်ကို ငါ သတ်ပြီး မင်းတို့အတွက် ကလဲ့စားချေပေးခဲ့တယ်..."
ချူထျန်းကောက အားလုံးကို တွေးထားခဲ့လေပြီ။ ရန်ချီ၏ သူငယ်ချင်း လေးယောက်က သူ့သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသည်။
သူတို့အတွက် မျှော်လင့်ချက် မရှိတော့ချေ။ သူတို့က စွမ်းအားပညာဆရာသခင်များ ဖြစ်သော်လည်း လောကအုပ်ချုပ်သူတစ်ယောက်ဖြစ်တဲ့ သူက သူတို့ကို ကျောက်တုံးပေါ် ကြက်ဥ တင်ခွဲသလို လွယ်ကူလှသည်။
ဆရာသခင် အဆင့် အယောက်တစ်ရာ ပူးပေါင်းခြင်းက သာမန် လောကအုပ်ချုပ်သူ တစ်ယောက်ကို ယှဉ်နိုင်သည်။ သို့သော် ချူထန်းကောက သာမန် လောကအုပ်ချုပ်သူတစ်ယောက် မဟုတ်ချေ။ သူက အင်မော်တယ်ခြေနင်းကျောင်း၏ လက်ရွေးစင်တစ်ယောက် ဖြစ်လေရာ သာမန် လောကအုပ်ချုပ်သူများကို လွှမ်းမိုးနိုင်သည်။
အမှန်အတိုင်း ပြောရမည်ဆိုပါက အင်မော်တယ်ခြေနင်း ကျောင်းတော် ပြင်ပရှိ လောကအုပ်ချုပ်သူများက ဒုတိယတန်းစားများသာ ဖြစ်ကြသည်။ ကျင့်ကြံခြင်း အဆင့်တူသည့် လူများထဲ၌ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများက အတော်ဆုံးထဲမှ အတော်ဆုံးများသာ ဖြစ်ကြသည် မဟုတ်ပါလား။
သူ့စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားသိုင်းကြောင့် သူက လက်ရွေးစင် ကျောင်းသားများထဲ ရက်စက်သော လူသတ်သမားအဖြစ် သတ်မှတ်ခံထားရသည်။
"ဖောက်ထွက်ဖို့ အချိန်ကျပြီ..."
"ညီလေးရန်ချီ... အားလုံး ငါတို့တာဝန်ထားလိုက်... မင်းရဲ့ ကျင့်ကြံခြင်းက အမြင့်ဆုံးပဲ... မင်း ထွက်ပြေးဖို့ ငါတို့ အချိန်ဆွဲထားပေးမယ်..."
"ညီလေးရန်ချီ ဒီက ထွက်သွားတော့... ဒီကိစ္စကို ကျောင်းမှာ ပြန်တိုင်ရမယ်... ငါတို့ကို ချူထျန်းကော သတ်တယ်လို့ သူတို့ကို ပြောလိုက်ပါ... ငါတို့ ကလန်ကို ပြောလိုက်ပါ... သူတို့ ငါတို့အတွက် ကလဲ့စားချေပေးလိမ့်မယ်..."
"ချူထျန်းကောကို ငါတို့ အချိန်ဆွဲထားမယ်..."
"ဂရုစိုက်ပါ ညီလေး... ဒီက ထွက်သွားတော့..."
သူတို့က ရင်ထဲမှလာသည့်အတိုင်း အော်ဟစ်လိုက်ကာ လီဟီ၊ ဟွာရင်းဟူ၊ ဟီဂျီလီ၊ လျန်တုန် သူတို့ အားလုံးက စွမ်းအင်ပညာရပ်များ ထုတ်ဖော်ကာ ချူထျန်းကောဆီ ပြေးသွားကြသည်။ သူတို့၏ ရည်ရွယ်ချက်ကား ရန်ချီ လွတ်မြောက်ဖို့အတွက် အချိန်ဆွဲပေးထားခြင်းသာ။
ချူထျန်းကော၏ နောက်ဘက်၌ ဓားအလင်းက ပေါ်လာကာ ရန်ချီ၏ သူငယ်ချင်း လေးယောက်ကို တိုက်ခိုက်ဖို့ ပြင်လိုက်ကြသည်။
"သေစမ်း..." သူက အော်ဟစ်လိုက်သည်။
"စစ်ရထားကို တားဆီးဖို့ ကြိုးစားတဲ့ ရှိခိုးကောင်အကြောင်း မင်းတို့ ကြားဖူးလား..."
သို့သော်လည်း ရန်ချီက ရှေ့တိုးလိုက်၏။
ရုတ်တရက် စွမ်းအားကြီးမားသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာကာ သူ့သူငယ်ချင်း လေးယောက်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။
သူတို့က ဘာတွေ ဖြစ်သွားသလဲ ကြည့်ကာ မျက်လုံးများ ပြူးကျယ်လာကြသည်။
ချူထျန်းကောက ရန်ချီနှင့် သူ့သူငယ်ချင်းတွေကို စိုက်ကြည့်လိုက်သည်။
"မင်းတို့ လေးယောက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ငါ့ကို လွတ်မြောက်စေချင်တာလား..." ရန်ချီက ပြောလိုက်သည်။
"မင်းတို့ လေးယောက်... တကယ်ကို ငါ့ရဲ့ ညီအစ်ကိုတွေပဲ... အတူတူနေပြီး အတူတူ သေကြမယ်... အခုကစပြီး မင်းတို့က ငါ အစ်ကိုကြီး၊ အစ်ကိုနှစ်လို့ သွေးသောက်ညီအစ်ကို ဖြစ်သွားပြီ... ဒါကြောင့် ငါ မင်းတို့ကို ဘာမှ မဖုံးကွယ်ထားတော့ဘူး... ညီအစ်ကိုတို့... ငါ ချူထျန်းကောကို အနိုင်ယူတာကို ကြည့်နေပါ... ဘယ်သူမှ ငါ့ရဲ့ ညီအစ်ကိုတွေကို မထိရဘူး... ထိတဲ့သူ သေရမယ်... မင်းကို ဆိုလိုချင်တာပဲ ချူထျန်းကော..."
ထိုအချိန်၌ သူတို့၏ တိုက်ခိုက်မှုများက ပျက်ပြယ်သွားခဲ့ကာ အစစ်အမှန် သူတို့အနီး၌ အကာအကွယ် ဒိုင်းကာကဲ့သို့ ဖြစ်သွားသည်။
သူတို့ လေးယောက်က တဖြည်းဖြည်း သတိဝင်လာကာ ရန်ချီကို ကြည့်လိုက်ကြသည်။
"အမှန်တိုင်းပြောရရင် ငါ မင်းတို့ကို လိမ်ခဲ့တယ်... ပေါက်ကြားသွားခဲ့ရင်လည်း ကပ်ဆိုးတွေ ဖြစ်လာမှာမို့လို့ပဲ... ဟွိုက်ယင်ဘုရင် ကျင့်ကြံခြင်း ဖောက်ပြန်နေချိန်မှာ ငါ သတ်ခဲ့တာ မဟုတ်ဘူး... ဒါပေမဲ့ သူ့ကိုတော့ ငါပဲ သတ်ခဲ့တာပဲ... ရိုးရိုးရှင်းရှင်းလေးပဲလေ..."
သူက ချူထျန်းကောကို အာရုံ ပြန်စိုက်လိုက်ကာ ပြောလိုက်သည်။
"မင်း အမှန်တိုင်း မသိခဲ့ဘူးဆိုတာ ငါ လောင်းရဲတယ် ချူထျန်းကော... အခု မင်း သိရပြီလေ... ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီနေ့ထက် ပိုပြီး မင်း အသက်မရှင်နိုင်တော့လို့ပဲ..."
End
***