ရုတ်တရက် ရန်ချီက အားနည်းသော အပြင်စည်း ကျောင်းသား တစ်ယောက် မဟုတ်တော့ပေ။ ယခုအခါ သူက ကောင်းကင်နှင့် မြေပြင်ကို ဖြိုဖျက်နိုင်သည့် စွမ်းအားကြီး ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည်။ ထိုအခိုက်အတန့်၌ သူက လူသားလား မိစ္ဆာနတ်ဘုရားလား ပြောနိုင်ဖို့ ခက်ခဲလှ၏။
သူ့သူငယ်ချင်းများက အိပ်မက် မက်နေသလို ခံစားကြရသည်။
ချူထျန်းကောက သူမြင်တွေ့နေရတာကို မယုံကြည်နိုင်ကာ မျက်လုံးများ ပြူးကျယ်လာသည်။
ရန်ချီက ဆောင်ဟေရှမ်းကို အနိုင်ယူခဲ့တုန်းက ပုရွက်ဆိတ် တစ်ကောင်ထက် အနည်းငယ် ခွန်အားကြီးသူဟု သတ်မှတ်ကာ အချိန်မရွေး အနိုင်ယူနိုင်သည်ဟု ထင်ထားခဲ့သည်။
ထို့ကြောင့် ယွမ်ဟိုက်လန်ဆီမှ မျက်နှာသာရလျှင် သူ့ကို ရှင်းလင်းပစ်ဖို့ တိုက်တွန်းခဲ့သည်။
ယခု ရန်ချီ၏ အော်ရာနှင့် သူ့သူငယ်ချင်းလေးယောက် ကျင့်ကြံမှု အခြေခံ၏ စွမ်းအားကို အလွယ်တကူ ဖျက်ဆီးနိုင်ပုံကို စဉ်းစားကြည့်လျှင် သူ့ကို သိသိသာသာ အနိုင်ယူဖို့ မလွယ်ကူမှန်း သဘောပေါက်လာသည်။
ရန်ချီက သူ့အစစ်အမှန် ခွန်အားကို ထုတ်ဖော်လိုက်သဖြင့် ချူထျန်းကောကို အသက်ရှင်လျက် လွှတ်ပေးမည့်ပုံ မပေါ်တော့ချေ။ ၎င်းက သတ်ဖြတ်မလား၊ အသတ်ခံမလား ရွေးချယ်ရမည့် အခြေအနေ ဖြစ်လာသည်။
"မင်းက မင်းရဲ့ သေခြင်းတရားကို ကိုယ်တိုင် ရှာဖွေနေခဲ့တာပဲ... မင်းက ငါ့ကို သတ်ချင်တယ်... ဒါကြောင့် မင်းရဲ့ အသက်ကို အရင်ယူဖို့ထက် အခြား ရွေးစရာမရှိတော့ဘူး... လေပန်းတာ တော်လောက်ပြီ... စကြရအောင်..."
ဝှစ်...
ရန်ချီ၏ လက်မပေါ်၌ အပြာရောင် လက်စွပ်တစ်ခုပေါ်လာကာ အလင်းများ တောက်ပလာခဲ့သည်။ ထို့နောက် အပြာရောင် ဂိတ်တံခါးတစ်ခု ပေါ်လာကာ တိမ်ကဲ့သို့ စွမ်းအား စီးကြောင်းများက ရန်ချီ၏ သူငယ်ချင်းလေးယောက်၊ ရွှေကျောက်စိမ်း ချပ်ဝတ်နှင့် နေကျောက်မြတ်တို့ကို ရစ်ပတ်ကာ အထဲသို့ ဆွဲခေါ်သွားခဲ့၏။
တိုက်ပွဲဖြစ်နေချိန်၌ ထွက်ပေါ်လာသော လှိုင်းများက သူ့သူငယ်ချင်းများကို ထိခိုက်စေမည်ကို အဓိက စိုးရိမ်သောကြောင့်ပင်။
ထို့ပြင် သူက ချူထျန်းကောကို မကောင်းဆိုးဝါး တောင်တန်း၌ ရှင်လျက် ထွက်မသွားနိုင်အောင် သေချာ ပြုလုပ်ရပေလိမ့်မည်။
အကယ်၍ သူသာ အသက်ရှင်ခဲ့ပါက ပြဿနာများက ပြီးဆုံးတော့မည် မဟုတ်ချေ။
အကယ်၍ သူသာ သေသွားပါက ယွမ်ဟိုက်လန်က စွမ်းအားကြီး နောက်လိုက် တစ်ယောက် ဆုံးရှုံးသွားစေကာ အနာဂတ်၌ သူမကို ရင်ဆိုင်ဖို့ ပိုမို လွယ်ကူလာစေနိုင်လိမ့်မည်။
နှစ်တစ်ထောင် အလောင်းဘုရင်ဟွိုက်ယင်ကို သတ်တုန်းက သာမန် ကလေး သတ်ဖြတ်ခဲ့ခြင်းသာ ဖြစ်သည်။ သူက ဆော့ကစားနေခဲ့ခြင်းသာ ဖြစ်၏။ ရန်ချီက ချူထျန်းကောကိုတော့ သူ့နှလုံးသား ဆန္ဒအတိုင်း အမှန်တကယ် တိုက်ခိုက်ဖို့ အချိန်ကျလာပြီဟု ယူဆထားသည်။
ရန်ချီက နေရာလွတ် လက်စွပ်ကို အသုံးပြုလိုက်သည်နှင့် ၎င်းက ဘာပစ္စည်းမှန်း ချူထျန်းကော ချက်ချင်း နားလည်သွားခဲ့သည်။ သူက စိုက်ကြည့်ကာ ပြောလိုက်သည်။ "ဒါ ပင်လယ်နှလုံးသား နေရာလွတ် လက်စွပ်ပဲ... ဒီလက်စွပ်က အတွင်းပိုင်းမှာ ပစ္စည်းတွေ သိုလှောင်နိုင်တဲ့ ပြီးပြည့်စုံတဲ့ ရတနာ တစ်ခုပဲ..."
ထို့နောက် သူက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေရာ မကောင်းဆိုးဝါး တောင်မှ မြူခိုးများပင် လှုပ်ရှားယိမ်းယိုင်ကုန်သည်။ "ငါ မင်းကို အထင်မကြီးခဲ့မိဘူး ရန်ချီ... မင်းမှာ လျှို့ဝှက်ချက် တော်တော်များတာပဲ... ယွမ်ဟိုက်လန် ဒါကြောင့် ဒီလောက် အလေးအနက်ထားတာကိုး... အစက သူမက ရန်စုစုကို မျက်နှာသာ ပေးတာလို့ ငါ ထင်နေခဲ့တာ... မင်းက အရမ်း ပါးနပ်လွန်းတယ်လို့ ငါ မထင်ထားခဲ့မိဘူး... စိတ်မကောင်းစွာပဲ မင်းမှာရှိတဲ့ အဖိုးတန်ရတနာတွေကို မင်း လက်လွှတ်ရတော့မယ်... ငါက မင်းကို ဒုက္ခိတ လုပ်ဖို့ပဲ စဉ်းစားထားတာ အခုတော့ မင်းကို သတ်ရတော့မယ်..."
"မင်း ငါ့ကို သတ်နိုင်မယ် ထင်နေတာလား... ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်တာလဲကွာ ..." ရန်ချီ၏ စွမ်းအားများက ထပ်တိုးလာကာ အနက်ရောင် စွမ်းအားများက သူ့ကို ဝန်းရံလာသည်။ မျက်စိတစ်မှိတ်အတွင်း သူ့ကို မဟူရာ ရွှေရောင် ချပ်ဝတ်တစ်ခုက ဖုံးအုပ်သွားခဲ့၏။
"ဘာလဲဟ ..." ရန်ချီ သူ့ကို မတိုက်ခိုက်ခင် ချူထျန်းကောက ဦးအောင် တိုက်ဖို့ ပြင်ထားခဲ့သည်။ သို့သော် မဟူရာ ရွှေရောင် ချပ်ဝတ်ကို မြင်ပြီးနောက် သူက တုန်လှုပ်သွားကာ ရပ်တန့်သွားခဲ့သည်။
"ဒါက..."
"ဟုတ်တယ်... အဲ့ဒါပဲ..." ရန်ချီက ပြန်ပြောလိုက်သည်။
"မင်း အရင်က ဒီချပ်ဝတ်ကို မြင်ဖူးပါတယ်... ဘာလို့လဲဆိုတော့ ကိုလိုဟန်မှာ မင်းကို တိုက်ခဲ့တဲ့သူက ငါပဲလေ... ပြီးတော့ ငါ သူတော်စင် မိစ္ဆာပန်းချီကားကို ယူခဲ့တယ်... သွေးစုတ်ဖုတ်ကောင် ဓားပြတွေ စုဆောင်းထားတဲ့ ရတနာတွေ အတော်များများလည်း ငါ သမခဲ့ သေးတယ်... စကားမစပ် သူတော်စင် မိစ္ဆာပန်းချီကားက ငါ့အဒေါ် ရန်စုစုကို ပေးလိုက်ပြီ... သူမက အဲ့ဒါကိုသုံးပြီး စိတ်ဝိညာဉ် ခန္ဓာကိုယ် ပြင်ပထုတ်ယူပြီးတော့ ဒုတိယအခြေတည် နတ်ဘုရားကို ကျင့်ကြံနေပြီ... သူမက လောကအုပ်ချုပ်သူ ဒုတိယအဆင့် တတိယအဆင့်တောင် ရောက်သွားနိုင်သေးတယ်... ဘယ်လိုပဲဖြစ်ဖြစ် သူမက လျှို့ဝှက်တပည့် တစ်ယောက် ဖြစ်လာလိမ့်မယ်... ငါ့ကို လွယ်လွယ်လေး အနိုင်ယူနိုင်မယ်လို့ မင်း ထင်နေတာလား... မင်း လျှို့ဝှက်ကျောင်းသား ဘယ်တော့မှဖြစ်လာမှာ မဟုတ်သလို မင်း အချိန်အကြာကြီး အသက်ရှည်မှာလည်း မဟုတ်ဘူး... ငါနဲ့ တိုက်ခိုက်တာ မိုက်မဲတယ်လို့ မထင်မိဘူးလား..."
ချူထျန်းကော သူ့ဘဝ၌ အရှုံးကြီး ရှုံးသွားမည့်အကြောင်းကို ရန်ချီက ပြောပြနေသည်။
သူက ပြန်လည် တိုက်ခိုက်ဖို့ကြိုးစားလျှင်ပင် အချည်းနှီးဖြစ်ရုံမက သူကိုယ်တိုင်သာ ထိခိုက်စေပါလိမ့်မည်။
သူက သံချပ်ကာလူ ဘယ်သူလဲ ရှာဖွေခဲ့ကာ ထိုလူကို တိုက်ခိုက်ပြီး မျက်နှာပျက်ရခြင်းကို ပြန်အဖတ်ဆည်နိုင်ဖို့ မျှော်လင့်နေခဲ့သည်။ ကံမကောင်းစွာပင် သူက သဲလွန်စ တစ်ခုမှ မရှိခဲ့ချေ။
အခုချိန်မှာတော့ သူရှာဖွေနေသည့်လူက အမှိုက်ကောင်လို့ သူယူဆထားသည့်လူနှင့် တစ်ယောက်တည်းဖြစ်ကြောင်း သိခဲ့ရသည်။ သူက စိတ်ဆိုးဒေါသထွက်ကာ သည်းမခံနိုင် ဖြစ်ခဲ့သည်။
"သေစမ်းကွာ ..."
သူက အော်ဟစ်လိုက်သည်။ နေရောင်ခြည်ကဲ့သို့ စွမ်းအင်များ ပေါက်ကွဲထွက်လာကာ သူ့စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာမှ ဓားစွမ်းအင်စီးကြောင်းများ ဖြစ်ပေါ်လာသည်။ ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ခြေလှမ်း တစ်ထောင်အတွင်း အရာရာတိုင်းက ဓားကမ္ဘာအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုအရာက ဓားကမ္ဘာပင် မဟုတ်ချေ။ ဓားများ၏ စကြဝဠာတစ်ခုပင် ဖြစ်လာသည်။
"ကောင်စုတ်လေး... မင်းက မဟူရာ ရွှေရောင်ချပ်ဝတ်နဲ့ မွန်းစတားပဲ... မင်း အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ တစ်ချိန်လုံး ပုန်းအောင်းနေခဲ့တယ်... မင်းရဲ့ အစီအစဉ်က ဘာလဲ... မင်းက မိစ္ဆာတစ်ကောင်ဆိုတော့ ရန်စုစုကလည်း မိစ္ဆာမပဲ ဖြစ်ရမယ်... ကောင်းပြီ... မင်းကို ငါ ကျောင်းတော်ကို စစ်ဆေးမေးမြန်းဖို့ ဖမ်းခေါ်သွားရမယ်... မင်းရော ရန်စုစုရော အကျဉ်းကျခံရမယ်... မင်း စောင့်နေ..." ချူထျန်းကောက အသက်ပြင်းပြင်း ရှူလိုက်ကာ အသံလှိုင်းအချို့ကို ထုတ်ဖော်လိုက်ပြီး ဓားစွမ်းအားပုံစံ ဖွဲ့စည်းလိုက်သည်။
"စကြဝဠာ ဖျက်ဆီးခြင်း ဂြိုဟ်ဆိုးကြမ္မာငင်ဓား..."
ကြောက်မက်ဖွယ်ခွန်အားဖြင့် သန်းပေါင်းများစွာသော ဓားစွမ်းအင်များက ရန်ချီထံ တိုးဝင်လာခဲ့သည်။
ထိုအချိန် ရန်ချီလက်ထဲ၌ ငရဲနတ်ဆိုးလှံတံ ပေါ်လာသည်။ မဟူရာ ရွှေရောင်သွေးများက မြေအောက်ကမ္ဘာမှ ပေါ်လာသလို လှံတံပေါ် စီးဆင်းသွားကြ၏။ သေခြင်းနယ်ပယ်ကို အုပ်စိုးသည့် နတ်ဘုရားများ ထွက်ပေါ်လာသလို လှံတံမှ ငရဲပြည်၏ တေးသွားကဲ့သို့ အသံများ ထွက်ပေါ်လာသည်။
ရန်ချီက သိန်းငှက်တစ်ကောင်ကဲ့သို့ ပျံဝဲကာ ဓားစွမ်းအင်များကို အလွယ်တကူ ရှောင်တိမ်းလိုက်သည်။
ချူထျန်းကော ရုတ်တရက် သူ့အသက် သူ မပိုင်သလို ခံစားလိုက်ရသည်။
ရန်ချီက အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်က လောကအုပ်ချုပ်သူ တစ်ယောက်ပင် နိမိတ်မကောင်းမှုနှင့် ကြောက်ရွံ့ခြင်းကို ခံစားရစေသည်။
"ရွံစရာ ကောင်းလိုက်တာ..." ချူထျန်းကောက အော်ဟစ်လိုက်ကာ စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ "ဓားက အရာအားလုံး ဖန်တီးတယ်... သက်ရှိအားလုံးရဲ့ ရင်းမြစ်ပဲ..."
နေရောင်ခြည်ကဲ့သို့ အစစ်အမှန် စွမ်းအင်များက တောင်တန်းတစ်ခုလုံး ပြည့်နှက်သွားကာ မြူများ ကင်းရှင်းသွားစေပြီး မြေပေါ်ရှိ ရွှံ့နွံ့များပါ ခြောက်သွေ့ကုန်ကာ ကျောက်တုံးများနှင့် သင်္ချိုင်းအများအပြား ပေါ်လာသည်။
သူ့ဓားစွမ်းအားများကို ဓားပန်ကာကဲ့သို့ ဖန်တီးကာ အချွန်ကဲ့သို့ ဓားမိုးများက ရန်ချီထံသို့ လေထဲမှတစ်ဆင့် ဖြတ်သန်းလာခဲ့သည်။
"ငရဲချေမှုန်း နတ်ဆင်စွမ်းအား ..." ရန်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့လှံတံက တုန်ခါသွားကာ သန်းနှင့်ချီသော လှံတံပုံရိပ်များစွာ ဖြစ်ပေါ်လာပြီး ၎င်းတို့က အတူတကွ ချိတ်ဆက်သွားကာ ငရဲအော်ရာများ ပါဝင်သည့် တံခါးတစ်ခုကဲ့သို့ ဖြစ်လာသည်။ ထိုအရာက ငရဲ၏ တံခါးများနှင့် တူညီနေသည်။
ဓားပန်ကာမှ အလင်းရောင်ခြည်များက ငရဲတံခါး၏ စားသောက်ခြင်းကို ခံရကာ မြူမှုန်များကဲ့သို့ ပျက်ပြယ်သွားလေ၏။
တိုက်ခိုက်မှုမှ ဖြစ်ပေါ်ခဲ့သည့် ဓားစွမ်းအားများကို သူ့လှံတံမှတစ်ဆင့် စွမ်းအားပင်လယ်နှင့် ငရဲမီးတောက်မီးပြင်းဖိုက စုပ်ယူသွားခဲ့သည်။
ရန်ချီက ပိုမိုတိုက်ခိုက်လေ ပိုမိုသန်မာလာကာ ငရဲလှံတံကလည်း အံ့မခန်း ဖြစ်လာခဲ့သည်။ ယခုအခါ ငရဲ၏ စွမ်းအားကဲ့သို့ များပြားလွန်းသည့် မဟူရာ ရွှေရောင်စွမ်းအားများက လေပွေကဲ့သို့ ဝန်းရံလာကာ ၎င်းက ရန်သူ့ အစစ်အမှန် စွမ်းအားများကို စုပ်ယူပြီး ရန်ချီ ကိုယ်ပိုင်အဖြစ် ပြောင်းလဲပေးသည် ။
ရန်ချီ၏ ငရဲမီးတောက်မီးပြင်းဖိုက ရန်သူ့ စွမ်းအားများကို ဆန့်ကျင် အသုံးပြုနိုင်စေရန် ထိုကဲ့သို့ အရာများကို ပြုလုပ်နိုင်လေရာ သူ့ကို အနိုင်ယူနိုင်ဖို့က မဖြစ်နိုင်သလောက် ဖြစ်လာခဲ့သည်။
သူက ကိုလိုဟန်မှာတုန်းက ချူထျန်းကောကို အနိုင်ယူနိုင်ခဲ့သည်။ ယခု လများ ကြာမြင့်ပြီးနောက် လောကအုပ်ချုပ်သူ အဆင့်ကို မရောက်သေးသော်လည်း သူ့ကျင့်ကြံခြင်း အဆင့်က အရင်ကထက် သာလွန်လာကြောင်း သူ နားလည်သည်။ ထိုအရာက စွမ်းအင်၊ အသက်ဓာတ်၊ သွေးကြောနှင့် ကျင့်ကြံခြင်းမှ ဖြစ်ပေါ်လာကာ သူက အရင်ကထက် အသိဉာဏ် ကြွယ်ဝလာခဲ့သည် မဟုတ်ပါလား။
သူ့သွေးကြောအတွင်းရှိ မဟူရာရွှေရောင် နတ်ဘုရားသွေးများက ငရဲနတ်ဆိုးလှံတံ၊ ငရဲနတ်ဆိုးတောင်ပံနှင့် ငရဲနတ်ဆိုးချပ်ဝတ်ကို ပုံသဏ္ဌာန် မပြောင်းလဲစေခဲ့ချေ။ ၎င်းတို့ကို အစစ်အမှန် ကိုယ်ထည်များနီးနီး ဖြစ်ပေါ်စေကာ အခြားပုံရိပ်ယောင် လက်နက်များထက် လုံးဝ ကွဲပြားသည့် အဆင့်ကို ရောက်ရှိစေခဲ့သည်။
ဝှစ် ...
သူ့လှံတံက အကာအကွယ် ဓားစွမ်းအားနှင့် နေမင်း၏ တောက်လောင်နေသော စွမ်းအားများကို လျစ်လျူရှူကာ ချူထျန်းကော၏ နဖူးထံ တိုးဝင်လာသည်။
ချူထျန်းကောက ထိတ်လန့်ကာ အော်ဟစ်လိုက်သည်။ "ဘယ်လိုတောင် ရဲတင်းလွန်းတာလဲ ဒီကောင်စုတ်..."
သူ့စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားကို အရိပ်တစ်ခုသဖွယ် ဝှေ့ယမ်းလိုက်ကာ အော်ဟစ်လိုက်၏။ "တန်ခိုးကြီးမားတဲ့ ကောင်းကင် ဓားဘီးက သတ္တဝါ အားလုံးကို အလင်းရောင် ပေးသည်..."
သူ့စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားက လေထဲ ပျံသန်းသွားကာ လောင်ကျွမ်းနေသော အနီရောင် နေမင်းကဲ့သို့ အနီရောင် အလင်းတန်းက အရာအားလုံးပေါ် ကျဆင်းလာကာ ရှစ်မီတာ အတိအကျ လောင်ကျွမ်းနေသော ဓားစွမ်းအင်က ရန်ချီ၏ ငရဲနတ်ဆိုးလှံတံဖြင့် ပြင်းပြင်းထန်ထန် ထိခိုက်မိသွားသည်။
ခလွမ်...
ရန်ချီနှင့် ချူထျန်းကောက တစ်ယောက်နှင့်တစ်ယောက် ဝေးကွာသွားကြသည်။ ချူထျန်းကောက လေပေါ်မှာ ဆက်မထိန်းနိုင်တော့ဘဲ မြေပေါ်ကျဆင်းကာ ဒယီးဒယိုင် နောက်ဆုတ်သွားရသည်။
ထိုအခိုက်အတန့်၌ သူ့ငရဲနတ်ဆိုးလှံတံ၊ ငရဲနတ်ဆိုးချပ်ဝတ်နှင့် ငရဲနတ်ဆိုး အတောင်ပံများက အစစ်တစ်ခုကဲ့သို့ အကောင်အထည် ရှိလာကြပုံပေါ်သည်။ သူ့ငရဲနတ်ဆိုး တောင်ပံများ ယခုအခါ မီတာ သုံးရာကျော် ကြီးမားလာကာ သူတို့က မဟူရာ ရွှေရောင်များ ပြောင်းလဲလာခဲ့သည်။ သူတို့ တစ်ချက် လှုပ်ခတ်လိုက်သည်နှင့် အနီးရှိ သစ်ပင်များက အမြစ်မှ ကျွတ်ထွက်ကာ အနီးနားရှိ ဖုတ်ကောင်နှင့် အရိုးစုများဖြင့် လေထဲ လွင့်ပါသွားကြသည်။
ထိုအတောင်ပံများကိုကြည့်ရင်း ချူထျန်းကောက သူ ထွက်မပြေးရင် အသတ်ခံရမည် ဖြစ်ကြောင်း သိသွားသည်။
ရန်ချီက အလွန်မြန်ဆန်နေလေရာ လောကအုပ်ချုပ်သူ အဆင့်နှစ်ပင် သူ့ရှေ့မှောက်၌ ကြောက်လန့်သွားပေလိမ့်မည်။
ချူထျန်းကောက နည်းလမ်းပေါင်း ထောင်ချီ စဉ်းစားမိသော်လည်း တစ်နည်းမှ ရန်ချီကို သတ်နိုင်မည် မထင်မိချေ။
"မင်းက ဘယ်သူလဲ..." သူက အော်ဟစ်လိုက်သည်။
End
***