ရန်ချီနှင့် ချူထျန်းကောတို့ကြား တိုက်ပွဲတွင် တစ်ယောက်သာ အသက်ရှင်ကျန်ရစ်နိုင်ပြီး ကျန်တစ်ယောက်မှာ သေဆုံးရပေလိမ့်မည်။
နှစ်ယောက်လုံး နောက်ဆုတ်ရန် အခွင့်အရေး မရှိကြောင်း သိထားကြ၏။
ချူထျန်းကောက ရန်ချီ၏ နေကျောက်မြတ်၊ ရွှေကျောက်စိမ်း ဝတ်စုံနှင့် ပင်လယ်နှလုံးသား လက်စွပ်တို့ကို လိုချင်နေသည်။ ရန်ချီကလည်း သူ့အကြောင်းများ မပေါက်ကြားစေရန် ချူထျန်းကော သေဆုံးသွားဖို့ လိုအပ်နေသည်။
တစ်ယောက်မှာ လက်ရွေးစင် ကျောင်းသားဖြစ်ပြီး လောကအုပ်ချုပ်သူ အဆင့်ရှိ စွမ်းအားကြီး ကျွမ်းကျင်သူတစ်ဦးပင်။
နောက်တစ်ယောက်မှာမူ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ကျင့်ကြံထားပြီး ကမ္ဘာဦး ဆင်ရိုင်းအကောင် (၂၀) စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုတိုက်ပွဲမှာ ဧရာမ လူဘီလူးကြီးများ၏ တိုက်ပွဲကဲ့သို့ ခမ်းနားကြီးကျယ်လွန်းလှ၏။
ရန်ချီ၏ ငရဲနတ်ဆိုး လှံတံဖြင့် ဆက်လက် တိုက်ခိုက်နေခြင်းက ချူထျန်းကော၏ သတ်ဖြတ်လိုစိတ်ကို ကြောက်မက်ဖွယ် ကောင်းအောင် တလီလီ တိုးပွားလာစေသည်။
"စကြဝဠာ လှည့်ပတ်ခြင်း... ကောင်းကင်နှင့် မြေပြင် ပိုင်းခြားခြင်း"
သူ့စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားမှာ တုန်ခါလာပြီး မြည်သံများ ထွက်ပေါ်ကာ မျက်စိကျိန်းလောက်အောင် တောက်ပလာခဲ့သည်။ ထိုဓားကိုယ်နှိုက်က လောင်ကျွမ်းနေသော မီးတောက် စိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
သတ္တုများပင် အရည်ပျော်နိုင်လောက်သည့် မရေမတွက်နိုင်သော ဓားစွမ်းအင် မီးတောက်မီးလျှံများက အတူတကွ တစ်ဟုန်ထိုး ပျံ့နှံ့လာရာ မကောင်းဆိုးဝါး တောင်တန်းရှိ ကျောက်တုံးများ အရည်ပျော်ကျလာတော့သည်။ များပြားလှသော မြေအောက်ဥမင်များပင် ချော်ရည်များဖြင့် ပြည့်နှက်သွား၏။ ထိုနည်းစနစ်မှာ ရန်ချီ၏ ငရဲချေမှုန်း နတ်ဆင်စွမ်းအားနှင့် ကွဲပြားသော်လည်း သူ့အခြေအနေနှင့်သူ ပြိုင်ဘက်ကင်းပေသည်။
ရန်ချီ၏ နည်းစနစ်မှာ နတ်ဘုရားအဆင့်ဖြစ်ပြီး စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်မှာမူ တော်ဝင်အဆင့်မျှသာရှိသည်။ သို့သော်လည်း သူတို့နှစ်ယောက်ကြား ကွာဟနေသည့် ကျင့်ကြံခြင်း အဆင့်ကိုမူ ဥပေက္ခာ ပြု၍မရချေ။
အမှန်စင်စစ် ချူထျန်းကော၏ ကျင့်ကြံခြင်းမှာ ရန်ချီထက် အဆတစ်ရာခန့် သာလွန်နေသည် မဟုတ်ပါလား။
သူ့နည်းစနစ်မှာ ပြီးပြည့်စုံလုနီးပါးဖြစ်ပြီး ကြီးမြတ်သော နေမင်းအနှစ်သာရ၏ လမ်းညွှန်မှုဖြင့် လောင်ကျွမ်းခြင်း၊ ဖြောင့်မတ်သော ဓားပညာရပ်တို့ကိုသုံးကာ မိစ္ဆာများစွာ သုတ်သင်ခဲ့ဖူးသည်။
ထိုအရာမှာ သေဆုံးရန်အတွက် စစ်မှန်သော တိုက်ပွဲတစ်ပွဲ ဖြစ်ပေသည်။
ချူထျန်းကောက မြေပြင်ကို လှုပ်ယမ်းစေကာ ကျောက်တောင်များကို ပြိုကျစေလောက်သည့် သိုင်းကွက်ကို ထုတ်ဖော်ရင်း သူ့မျက်နှာထက် ကြောက်မက်ဖွယ် အမူအရာများ ထွက်ပေါ်လာခဲ့သည်။ သူ့ဓားစွမ်းအင်များက မီးနဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် ပျံသန်းသွားပြီး အံ့မခန်း စွမ်းအားများဖြင့် ရန်ချီ၏ ငရဲနတ်ဆိုး လှံတံကို ရင်ဆိုင်လိုက်၏။
"ကောင်စုတ်လေး... သေလိုက်တော့" သူက အော်ဟစ်လိုက်သည်။ "မင်းဒီလောက် သန်မာမယ်လို့ မထင်ထားခဲ့ဘူး... အဲဒီစွမ်းအင်ပညာက ဘာလဲ... အဲဒါက တော်ဝင်အဆင့် မဖြစ်နိုင်ဘူး... အဲဒီပညာက အင်ပါယာအဆင့်ထက် ကျော်လွန်တယ်ဆိုတာ ငါလောင်းရဲတယ်... သူတော်စင်အဆင့် ပညာရပ်လား... ဟုတ်လား... လျှို့ဝှက်ဆန်းကြယ်တဲ့ သံချပ်ဝတ်လူက သူ့ကို သတ်ချင်နေတယ်လို့ ယွမ်ဟိုက်လန်က တွေးမိခဲ့တယ်... အဲဒီလူက သူမ အမှိုက်လို့ ထင်နေတဲ့ မင်းဖြစ်နေမယ်လို့ ဘယ်သူ ထင်မိမှာလဲ... မင်းရဲ့ ပညာကို မြန်မြန် ထုတ်ပေးလိုက်ပါ... မင်းရဲ့ စွမ်းအင်ပညာရပ်သာ ငါရရင် တော်ဝင်အိမ်ရှေ့စံထက်တောင် သာသွားဦးမယ်... ဟဟ... သူက အင်ပါယာအဆင့် စွမ်းအင်ပညာရပ်ဖြစ်တဲ့ ကောင်းကင်နတ်ဘုရား လက်သီးသားတော်ပညာကို ကျင့်ကြံပြီး ဒဏ္ဍာရီအဆင့်ကို ရောက်ခဲ့တယ်လေ... အကယ်၍ ငါသာ သူတော်စင်အဆင့် ပညာရပ်ကို ရရင် ဒဏ္ဍာရီအဆင့်ထက် ကျော်လွန်သွားနိုင်တယ်... ငါ ကြီးမြတ်တဲ့ သူတော်စင်အဆင့်တောင် ရောက်နိုင်သေးတယ်"
"ကြီးမြတ်တဲ့ သူတော်စင်အဆင့်... အိပ်မက်ကောင်းပဲ"
ရန်ချီက လောကအုပ်ချုပ်သူ အဆင့်ပြီးနောက် ဒဏ္ဍာရီအဆင့်ရှိကြောင်း သိထားခဲ့သည်။ ယခုအခါ ချူထျန်းကော ကျေးဇူးကြောင့် ထိုအဆင့်အထက်၌ ကြီးမြတ်သော သူတော်စင်အဆင့် ရှိမှန်း နားလည်ခဲ့ရ၏။ အမှန်တော့ ထိုအဆင့်၌ ကောင်းကင်ကို တုန်လှုပ်စေပြီး မြေကမ္ဘာကို ဖျက်ဆီးနိုင်သည့် စွမ်းအားများ ရရှိလာနိုင်မှန်း သူ မသိခဲ့ချေ။
ချူထျန်းကော၏ တိုက်ကွက်နှင့် ရင်ဆိုင်ရသည့်အခါ သူ့သွေးများ ဆူပွက်လာပြီး ရွှေရောင်အရည်များက ငရဲနတ်ဆိုးတောင်ပံ၊ ငရဲနတ်ဆိုးချပ်ဝတ်နှင့် ငရဲနတ်ဆိုး လှံတံဆီသို့ စွမ်းအားများအဖြစ် စီးဆင်းသွားခဲ့သည်။
တိုက်ခိုက်နေစဉ်အတွင်း စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ ဒြပ်စင်များကို သူ့စွမ်းအားပင်လယ်အတွင်း စုပ်ယူကာ အခြေတည်စ ငရဲမီးတောက် မီးပြင်းဖိုကြီးကို ခိုင်မာစေရန် အသုံးပြုခဲ့သည်။
အကယ်၍ သူသာ မျက်လုံးများကို မှိတ်လိုက်ပြီး ဒျန်တျန်နယ်မြေသို့ အာရုံစိုက် ကြည့်လိုက်ပါက မီးပြင်းဖိုကြီးမှာ အနက်ရောင် သွေးများဖြင့် ဖွဲ့စည်းထားကာ ရှေးဟောင်း သင်္ကေတများ ဖုံးအုပ်ထားပြီး ရှေးဟောင်း နတ်ဘုရားများ၏ စာလုံးများကို မြင်တွေ့နိုင်ပေလိမ့်မည်။
မှော်သင်္ကေတ တစ်ခုစီမှာ ဓားသွားများနှင့် ဆင်တူကာ အကျင့်ပြတ် နတ်ဘုရားများ၏ အော်သံများ ပျံ့နှံ့နေသည်။
ငရဲနတ်ဆိုး လှံတံက စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားနှင့် ရင်ဆိုင်မိတိုင်း ၎င်း၏ စွမ်းအင်အချို့ကို စုပ်ယူခဲ့၏။ သိပ်မကြာခင်မှာပင် နေနတ်ဘုရား၏ သွေးစက်နှင့် တူညီသည့် တစ်စုံတစ်ခုက အခြေတည်စ ငရဲမီးတောက် မီးပြင်းဖိုကြီး၌ ဖြစ်ပေါ်လာခဲ့သည်။
စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ အဓိကအချက်မှာ လောင်ကျွမ်းနေသော နေမင်းအနှစ်သာရ အမြုတေကို စုစည်းကာ အခြေတည်စ နတ်ဘုရား လက်နက်အသွင် ပြောင်းလဲခြင်း ဖြစ်သည်။ ၎င်း၏ အမြင့်ဆုံး အဆင့်၌ ကျင့်ကြံသူမှာ နေမင်းနှင့် တစ်သားတည်း ဖြစ်သွားပြီး သာမန် သေမျိုးလောက၌ လမ်းလျှောက်သွားလာသည့် နေနတ်ဘုရား တစ်ပါးအသွင် ပြောင်းလဲသွား ပေလိမ့်မည်။
၎င်းမှာ ရှေးဟောင်းခေတ်၌ ပြိုင်ဘက်ကင်း အံ့ဖွယ်လူသားတစ်ယောက် တီထွင်ခဲ့သည့် ပြီးပြည့်စုံသော နည်းစနစ်တစ်ခု ဖြစ်သည်။
သို့သော် ယခုချိန်၌ ရန်ချီ၏ ငရဲအော်ရာ အရှိန်အဝါက နေနတ်ဘုရားကို ငရဲမီးတောက် မီးပြင်းဖိုအတွင်း ဆွဲသွင်းကာ သူ့စွမ်းအား တိုးလာစေရန် အသုံးချခဲ့လေပြီ။
မီးပြင်းဖိုအသွင် ပြောင်းလဲလာသည်နှင့်အမျှ ငရဲနတ်ဆိုး လှံတံမှာ အစစ်အမှန်နှင့် ပိုမို တူညီလာသည်။
ဘန်း ...
လှံတံက စကြဝဠာ နေရောင်ခြည် လွှမ်းမိုးဓားနှင့် နောက်တစ်ကြိမ် ရင်ဆိုင်မိချိန်တွင် သူ့စွမ်းအားပင်လယ်က ချော်ရည်များကဲ့သို့ လှုပ်ရှားရုန်းကန်လာကာ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ဖြစ်ပေါ်လာတော့သည်။
ယခုအချိန်တွင်တော့ ချူထျန်းကောက သူ မည်သည့် ဓားနည်းစနစ်ကို အသုံးပြုသည် ဖြစ်စေ သူ့တိုက်ခိုက်မှုများက ရန်ချီ၏ ငရဲချပ်ဝတ် အကာအကွယ်ကို ထိုးဖောက်နိုင်စွမ်း မရှိဘဲ ရန်ချီ၏ အစစ်အမှန် စွမ်းအင်များက ပိုမို ကြောက်မက်ဖွယ်ကောင်းအောင် ကြီးထွားလာကြောင်း သဘောပေါက်သွားခဲ့သည်။ သူ တုန်လှုပ်သွားပြီး ရန်ချီကို အရင်ကထက်ပို၍ သတ်ဖြတ်ချင်လာခဲ့သည်။
နောက်ဆုံး၌ ရန်ချီက ပိုမို အားကောင်းလာသည်နှင့်အမျှ သူ့စွမ်းအင်ပညာမှာ မည်မျှ အစွမ်းထက်ကြောင်း ဖော်ပြလာခဲ့သည်။ ချူထျန်းကောက ၎င်းကို ဘယ်လို ရယူရမလဲဟု အဆက်မပြတ် တွေးတောနေမိ၏။ ထိုအတွေးများက သူ့ကို စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်စေခဲ့သည်။
"အချိန်ကျပြီ" ချူထျန်းကောက ရေရွတ်လိုက်သည်။ "နဂါးဖွဲ့စည်းခြင်း"
သူ့စွမ်းအင်များမှာ သမုဒ္ဒရာကဲ့သို့ တိုးတက်လာပြီး အစစ်အမှန် စွမ်းအား မီးတောက်များက သူ့ဦးခေါင်း အနောက်ဘက်၌ ထွက်ပေါ်လာကာ နေမင်းက သူ့နောက်ကျောဘက်၌ ထွန်းလင်းတောက်ပလာသည့် အသွင် ဖြစ်ပေါ်လာသည်။
"ဝေးလံသော အရပ်မှ နေမင်း ရောက်ရှိလာတာကို ကြည့်လိုက်စမ်း... ကြီးမြတ်သော နေမင်း၏ မီးနဂါး... အခြေတည် နတ်ဘုရားအမြုတေ... ငါ့ရဲ့ အစစ်အမှန် စိတ်ဝိညာဉ် ပေါ်ထွက်လာစမ်း... ငါ့အတွက် မိစ္ဆာတွေကို သတ်ဖြတ်လိုက်စမ်း"
သူ့နောက်ဘက်၌ လောင်ကျွမ်းနေသော အလင်းရောင်ခြည်များနှင့် သူ့ပုံစံမှာ တောက်ပနေသော အစစ်အမှန်စွမ်းအင်များနှင့် ဖွဲ့စည်းထားသည့် နတ်နဂါးကြီးနှင့် တူညီလာခဲ့၏။ ၎င်းက ကြီးမားသော ခေါင်းကြီးကို ထောင်လိုက်ရာ မျက်လုံးနီများက တောက်ပနေပြီး နဖူးထက်၌ ရောင်ဝါများ ထွက်ပေါ်လာသည်။ ၎င်း၏ လည်ဆံမွေးများက ထောင်မတ်နေကာ ဦးချိုကသံဖြင့် ပြုလုပ်ထားပုံ ပေါ်သည်။ ၎င်း၏ အကြေးခွံများမှာ မီးများဖြင့် တောက်လောင်နေခဲ့၏။
"ရန်ချီ... ကောင်စုတ်လေး... ငါဒီအကွက်ကို မသုံးချင်ခဲ့ဘူး... စိတ်မကောင်းစွာပဲ မင်းက ငါ့ကို ရွေးချယ်ခွင့် မပေးခဲ့ဘူး... ငါလျှို့ဝှက် ကျင့်ကြံထားတဲ့ ဒီလျှို့ဝှက် မှော်စွမ်းအားကို အသုံးပြုအောင် လုပ်ခဲ့လို့ မင်းဂုဏ်ယူသင့်တယ်... ငါရဲ့ စိတ်ဝိညာဉ် အမြုတေကို မီးနဂါးနဲ့ ပေါင်းစပ်ခဲ့တယ်... ပြီးတော့ မင်းက အဲဒီစွမ်းအားနဲ့ ဖျက်ဆီးခံရမယ်ကွ"
ချူထျန်းကော၏ အသံမှာ သေမျိုးလူသားများ အပေါ် အညှာအတာ ကင်းမဲ့သည့် ရက်စက်သော နတ်ဘုရားတစ်ပါးနှင့် တူညီလာခဲ့သည်။
မီးနဂါးကြီးက သူ့နောက်ကျောဘက်၌ ရောင်ဝါများ တောက်ပလာကာ မီးတန်းတစ်ခု အသွင် ပြောင်းလဲသွားပြီး ရန်ချီထံ ပစ်ခတ်လိုက်သည်။
အစစ်အမှန် နတ်နဂါး ချဉ်းကပ်လာသကဲ့သို့ ရန်ချီက သူ့အပေါ် ကြီးမားသော ဖိအား ဆင်းသက်လာခြင်းကို ခံစားလိုက်ရသည်။ ဆင်ရိုင်းအကောင် (၂၀) စွမ်းအားပင် ထိုကဲ့သို့ စွမ်းအားမျိုးနှင့် ရင်ဆိုင်ရချိန်၌ နောက်ဆုတ် ပေးရရုံသာ တတ်နိုင်ခဲ့သည်။
ထိုအရာမှာ ချူထျန်းကော၏ ဝှက်ဖဲတစ်ခုဖြစ်ပြီး သူ့အကောင်းဆုံး အသေသတ် လျှို့ဝှက် မှော်သိုင်းကွက် ဖြစ်ပေသည်။ သူက ရွေးချယ်စရာ မရှိသည့် အခြေအနေမှပင် ၎င်းကို အသုံးပြုကြောင်း သိသာလှ၏။ ကိုလိုဟန်မှာ သူတို့ တိုက်ခိုက်စဉ်အတွင်း ထိုအကွက်ကို အသုံးမပြုခဲ့ချေ။
"သေစမ်းကွာ"
ရန်ချီက အော်ဟစ်ကာ ငရဲနတ်ဆိုးတောင်ပံကို လှုပ်ခတ်ရင်း မီးနဂါးကြီးထံ တိုးဝင်သွားခဲ့သည်။
သို့သော်လည်း သူ မျှော်လင့်မထားခဲ့သည်က မီးနဂါး၏ စွမ်းအားများက ထိုနေရာ တစ်ဝိုက်လုံးကို ပိတ်လှောင်ကာ သူ့ကို အချုပ်ကျသကဲ့သို့ ဖြစ်သွားစေခဲ့ခြင်းပင်။ ထို့နောက် ၎င်းက သူ့ကို ဖျက်ဆီးရန် ဆင်းသက်လာခဲ့သည်။
ငရဲနတ်ဆိုး တောင်ပံနှင့်ပင် သူ လှုပ်ရှား၍ မရတော့ချေ။
ထိုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားတစ်ခုမှာ အထင်သေးစရာ မဟုတ်ပေ။
"ငရဲနတ်ဆိုး လှံတံ"
ရန်ချီက ငရဲနတ်ဆိုး လှံတံအတွင်း စွမ်းအားများ အကုန်ပေါင်းထည့်လိုက်ရာ ၎င်းက သေဆုံးခြင်း အော်ရာများ တောက်ပလာခဲ့သည်။ ၎င်းက ချုပ်နှောင်ခြင်းစွမ်းအားများကို ထိုးဖောက်ကာ ကြီးမြတ်သော နေမင်း၏ မီးနဂါးကြီးထံ တိုးဝင်သွားခဲ့သည်။
နဂါးကြီးမှာ မီတာများစွာ ရှည်လျားပြီး မြွေတစ်ကောင်လို ပျော့ပျောင်းလှ၏။ ၎င်းက နဂါးလက်သည်းကို ထုတ်ဖော်ကာ သူထံ ဖျက်ဆီးဖို့ တိုးဝင်လာသော ငရဲနတ်ဆိုးလှံတံကို လှမ်းဆွဲလိုက်သည်။
"အခြေတည် နတ်ဘုရား အမြုတေ... အရာအားလုံး ဖျက်ဆီးနိုင်သည့် မီးနဂါး... လောင်ကျွမ်းနေသော နေမင်းက နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို ဖျက်ဆီးခြင်းနဲ့ အဆုံးသတ်စေခြင်း"
ဝှစ်…
ချူထျန်းကောက သူ့အစစ်အမှန် စွမ်းအင် အကုန်လုံးကို ထည့်သွင်းကာ ရန်ချီကို သတ်ဖြတ်ဖို့နှင့် သူ့စွမ်းအင်ပညာရပ်ကို ထုတ်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။
ခွပ်... ဂလွမ်…
မီးနဂါးကြီး၏ ဖျက်ဆီးခြင်း စွမ်းအားများအောက်၌ ငရဲနတ်ဆိုး လှံတံမှာ တုန်ခါပြီး ကွဲကြေသွားကာ မဟူရာရွှေရောင် အမှုန်အမွှားများ နေရာအနှံ့ လွင့်စဉ်သွားခဲ့သည်။
မီးနဂါးကြီး၏ အစစ်အမှန် စွမ်းအင်များက ရန်ချီ၏ ငရဲနတ်ဆိုးချပ်ဝတ် အကာအကွယ်ကို ထိုးဖောက်ကာ သူ့ခန္ဓာကိုယ်ကို ဖောက်ဝင်သွားတော့သည်။
ဘုန်း ...
နဂါးကြီးက သူ့သွေးကြောများကို လောင်ကျွမ်းစေကာ သူ့စွမ်းအားပင်လယ်ပင် နေမင်းကဲ့သို့ ပူပြင်းလာခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူတစ်ကိုယ်လုံး သန့်စင်သော မီးလျှံကဲ့သို့ ပြောင်းလဲသွား ခဲ့၏။
"သေဖို့ အချိန်ရောက်ပြီ" ချူထျန်းကောက ပြောလိုက်သည်။
"မင်းသန်မာလွန်းတယ် ဆိုရင်တောင် သေတဲ့အထိ မီးလောင်ခံရမှာပဲ... ငါရဲ့ စကြဝဠာ တစ်ခွင် နေရောင်ခြည် လွှမ်းမိုး ဓားပညာရဲ့ အခြေတည်စ မီးနတ်နဂါးက ကျောက်ဆောင်တွေတောင် အရည်ပျော်အောင် လောင်ကျွမ်းနိုင်တယ်... မင်းရဲ့ စိတ်ဝိညာဉ်ကနေ မှတ်ဉာဏ်တွေကို ငါရှာဖွေလိုက်ရင် မင်းရဲ့ လျှို့ဝှက်မှော်အကြောင်း အသေးစိတ် ငါသိလာလိမ့်မယ်"
ထို့နောက် သူက ကြောက်မက်ဖွယ်ကောင်းစွာ ရယ်မောရင်း ရန်ချီဆီသို့ တိုးလာခဲ့သည်။
သို့သော်လည်း သူ ဘာမှ လုပ်ရသေးခင်မှာပင် ရန်ချီကို လောင်ကျွမ်းနေသော မီးတောက်များ မှေးမှိန်သွားခဲ့သည်။
ဝှစ်....
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရန်ချီ၏ နောက်ဘက်၌ အစစ်အမှန် ကိုယ်ထည် ရှိပုံရသည့် ကြီးမားသော မီးပြင်းဖိုကြီး ပေါ်လာသည်။ ထိုမီးပြင်းဖိုကြီးအတွင်း မီးနဂါးတစ်ကောင်က လွတ်မြောက်ဖို့ အသည်းအသန် ရုန်းကန်နေလေ၏။
ထိုအကျပ်အတည်း အချိန်ကာလအတွင်း ရန်ချီက သူ့ငရဲမီးတောက် မီးပြင်းဖိုကို အဆုံးသတ်နိုင်ခဲ့ကာ ချူထျန်းကော၏ မီးနဂါးကြီးကို ၎င်းအတွင်း ပစ်ထည့်လိုက်သည်။ ထိုအခြေတည်စ နတ်ဘုရား အမြုတေဖြင့် သူက ခက်ခက်ခဲခဲ ကျင့်ကြံဖို့ ကြိုးစားခဲ့ရသည် မဟုတ်ပါလား။
ထိုအခိုက်အတန့်၌ ရန်ချီထံမှ ထွက်ပေါ်လာသည့် အော်ရာများက နတ်ဘုရားများကိုပင် လွှမ်းမိုးနိုင်စွမ်း ရှိပုံ ပေါ်လာခဲ့သည်။
ထို့ပြင် သူ့နောက်ကျောဘက်ရှိ မီးနဂါးကြီးထံမှ ကြောက်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
"ကောင်းပြီလေ ချူထျန်းကော... အခု မင်း သေခြင်းတရားနဲ့ တွေ့ဖို့ အချိန်ကျပြီ"
ရန်ချီက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
End
***