"ဒါကဘာလဲ"
ချူထျန်းကော၏ မျက်လုံးထဲ၌ အံ့သြတုန်လှုပ်ရိပ်များ ပေါ်လာသည်။ သူ့ကြီးမြတ်သော နေမင်းမှ မီးနဂါးက အစစ်အမှန်စွမ်းအင် မီးပြင်းဖိုကြီး၌ပိတ်မိကာ တဖြည်းဖြည်း အရည်ပျော်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထိုနဂါးကို ဆုံးရှုံးသွားခြင်းက သူ့အစစ်အမှန်စွမ်းအင်တစ်ဝက်ကို ဆုံးရှုံးသွားခြင်းနှင့် ညီမျှပေသည်။ ၎င်းကို အသစ်တစ်ဖန် ဖန်တီးရန် အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပြန်ကာ ကောင်းကင်နှင့် မြေပြင်ကြားရှိ အဖိုးတန် ပစ္စည်းများနှင့် အချိန်အကြာကြီး ကျင့်ကြံဖို့ လိုအပ်ပေလိမ့်မည်။
အကယ်၍ သူသာ တိုက်ပွဲ၌ အချိန်ထပ်ဆွဲနေပါက သူ့အသက်ကိုပင် စွန့်လွှတ်ရနိုင်သည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားများနှင့် ဖွဲ့စည်းထားသည့် အတောင်ပံများ ပေါ်လာ၏။ ၎င်းက မီတာဒါဇင်ချီ ကြီးမားပြီး မီးတောက်များ ရစ်ခွေနေသည်။
ရန်ချီက ရယ်မောလိုက်သည်။ "ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူး... ငရဲမီးတောက်မီးပြင်းဖို... သူ့ကို ဆွဲသွင်းလိုက်စမ်း"
မဟူရာရွှေရောင် သွေးစက်များက မီးပြင်းဖိုမျက်နှာပေါ်၌ စီးဆင်းသွားပြီး ရုတ်တရက် လေထဲ၌ ရပ်တန့်နေသည့် ချူထျန်းကောထံ ပစ်မှတ်ထားကာ ရွေ့လျားသွားခဲ့သည်။
ခလွမ်...
အစစ်အမှန် စွမ်းအင်များက ချော်ရည်ကဲ့သို့ မီးပြင်းဖိုထဲမှ ထွက်ပေါ်လာကာ လေထဲသို့ ပျံတက်ပြီး ချူထျန်းကောကို ချုပ်ကိုင်လိုက်၏။ ထို့နောက် သူ့အတောင်ပံများကို ခွဲထုတ် ဖျက်ဆီးလိုက်တော့သည်။
"ဒီစွမ်းအင်ပညာက ဘာလဲ... အရမ်း ရက်စက်လွန်းတယ်"
ထိုအချိန်၌ ချူထျန်းကောက သူ အသာစီးမရကြောင်း သဘောပေါက်သွားကာ ကြီးမားသော ငရဲမီးတောက် မီးပြင်းဖိုကြီးကို ကြည့်ရင်း မျက်နှာ သုန်မှုန်လာခဲ့သည်။
"ရန်ချီ... မင်းလို ဆရာသခင် အဆင့်က ဘယ်လိုလုပ်ပြီး လောကအုပ်ချုပ်သူကိုတောင် ခြိမ်းခြောက်နိုင်ရတာလဲ"
"မင်းလည်း သေတော့မှာပဲလေ... ဒီတော့ မင်းကို ငါပြောပြလိုက်မယ်... ငါ့ရဲ့ စွမ်းအင်ပညာရပ်ကို ငရဲချေမှုန်း နတ်ဆင်စွမ်းအားလို့ ခေါ်တယ်... ပြီးတော့ မင်းထင်တာ မှားသေးတယ်... ဒါက အင်ပါယာအဆင့်လည်း မဟုတ်သလို သူတော်စင်အဆင့်လည်း မဟုတ်ဘူး... ကောင်းကင်အဆင့်တောင်မှ မဟုတ်သေးဘူး... ဒါက နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ပဲ... နတ်ဘုရားတွေနဲ့ ဒဏ္ဍာရီထဲက ပညာရှင်တွေကပဲ ဒါကို ကျင့်ကြံနိုင်တယ်"
ရန်ချီ၏ စကားများက ချူထျန်းကော၏ ဦးနှောက်ကို အကြီးအကျယ် ထိုးနှက်လိုက်သလို ခံစားရပြီး သူကိုယ်သူပင် ယုံကြည်နိုင်စွမ်း ပျောက်ဆုံးသွားခဲ့ရသည်။
ရန်ချီက သူ့ရှေ့ကို တစ်လှမ်းတိုးလာတိုင်း ကြယ်တာရာများကိုဆွဲငင်ကာ လများကို မျိုချနိုင်သည့် ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါးအလား ထင်မြင်လာမိ၏။ ထိုအရာက ကမ္ဘာဦး ဆင်ရိုင်းအကောင် (၂၀) စွမ်းအား ဖြစ်ပေသည်။
"နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ် မဖြစ်နိုင်ဘူး... အဲဒီပညာရပ်တွေကို ကျင့်ကြံတဲ့ သူနတ်ဘုရားတွေက နတ်ဘုရား စိတ်ဝိညာဉ်တွေနေတဲ့ ကောင်းကင်ဘုံမှာပဲရှိမှာ... သူတို့ကို လူသားတွေရဲ့ ကမ္ဘာမှာ မင်းမသုံးနိုင်ဘူး... သူတို့ကို ကျင့်ကြံဖို့က လုံးဝ မဖြစ်နိုင်ဘူး... ပြီးတော့ မင်းက ဘယ်လိုကောင်လဲ... မင်းက အမှိုက်တစ်စလို ကောင်ပဲလေ... အဲဒီလို အရာမျိုးကို ဘယ်လိုလုပ်ပြီး ကျင့်ကြံနိုင်မှာလဲ... အင်မော်တယ်ခြေနင်း ကျောင်းတော် တစ်ခုလုံးမှာတောင် နတ်ဘုရားအဆင့် စွမ်းအင်ပညာ တစ်ခုတောင် မရှိဘူး"
ချူထျန်းကောက အံ့သြတုန်လှုပ်သွားပြီး ဖြစ်ပျက်သမျှကို မယုံကြည်နိုင်အောင် ဖြစ်သွားခဲ့သည်။ သူက ထွက်ပြေးလွတ်မြောက်ကာ ရန်ချီအကြောင်း သတင်းဖြန့်၍ သေဆုံးသွားစေဖို့ ရည်ရွယ်ချက်ဖြင့်ပင် ဖောက်ထွင်းရုန်းကန်ရန် ကြိုးစားလိုက်သည်။
"ငရဲနတ်ဆိုး လှံတံ"
မဟူရာ ရွှေရောင် အစစ်အမှန် စွမ်းအင်များက သုံးဆယ်မီတာ ရှည်လျားသည့် လှံတံအဖြစ် ပြောင်းလဲသွားခဲ့၏။
ငရဲနတ်ဆိုး လှံတံက ပြန်လည် ဖွဲ့စည်းခံလိုက်ရသည်။
ချူထျန်းကောကို လှံဖြင့် ရက်ရက်စက်စက် ပစ်လိုက်သည့် အချိန်၌ လှံတံရှိ ငရဲမှ အဖျက်အဆီး စွမ်းအားများက လှံတံကို ဝန်းရံသွားခဲ့သည်။
ချူထျန်းကောက ထိုတိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်း မရှိရာ အစစ်အမှန် စွမ်းအင် အကာကွယ် ပျက်စီးသွားပြီး ကြောက်လန့်တကြား အော်ဟစ်ကာ ပါးစပ်အပြည့် သွေးများ အန်ထွက်လာသည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ မြေပေါ်သို့ ပြုတ်ကျလာခဲ့သည်။
သူ့အစစ်အမှန် စွမ်းအင်များက မငြိမ်မသက် ဖြစ်နေကာ လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ပင် မဖွဲ့စည်းနိုင်တော့ချေ။
ရန်ချီက ရှေ့တိုးလာကာ အစစ်အမှန် စွမ်းအင်များဖြင့် ချူထျန်းကောကို မလှုပ်ရှားနိုင်အောင် ရစ်ပတ် ချည်နှောင်လိုက်သည်။ "အင်အား ကြီးမားလွန်းတယ်ဆိုတဲ့ ချူထျန်းကော... အခုတော့ မင်း ဘာများ ပြောနိုင်သေးလဲ"
"ငါရှုံးသွားတာလား... ဆရာသခင် အဆင့်တစ်ယောက်ကို ရှုံးနိမ့်သွားခဲ့တာလား... ငါဒါကို လက်မခံနိုင်ဘူး"
ချူထျန်းကော၏ ဆံပင်များ ရှုပ်ပွနေကာ တစ်ကိုယ်လုံး သွေးများ ရွှဲစိုနေသည်။ သူ့သွေးကြောများက ပြန်ကုသနိုင်သည်ထက် ပို၍ ထိခိုက်သွားခဲ့၏။
သူက အခုချိန်၌ အရှိန်ကုန်နေသော မြားတစ်စင်းနှင့် တူညီကာ ရန်ချီရှေ့၌ မတ်တတ်ပင် မရပ်နိုင်တော့ချေ။
ပိုဆိုးသည်က ရန်ချီ၏ ငရဲမီးတောက် မီးပြင်းဖိုမှာ ရပ်တန့်သွားခြင်း မရှိချေ။
"ငါ ချူထျန်းကောက ကောင်းကင်တစ်မျှ ကြီးကျယ်တဲ့ ပါရမီရှင်ပဲ... ငါ အသက်ငါးနှစ် အရွယ်မှာ ငါ့ရဲ့ သွေးကြောတွေ အတွင်းထဲမှာ စီးဆင်းနေတဲ့ အစစ်အမှန် စွမ်းအင်ကို အာရုံခံနိုင်ခဲ့တယ်... အသက်ရှစ်နှစ်မှာ ငါ့ရဲ့ သွေးကြော အားလုံးကို ဖွင့်နိုင်ခဲ့ပြီး ကိုးနှစ်မှာ စွမ်းအား ပေါ်ထွက်လာခြင်း အဆင့်ကို ရောက်ကာ လူတွေကို အစအနမကျန် သတ်ဖြတ်ဖို့ အလှမ်းတစ်ရာ နတ်ဘုရားလက်သီးကို အသုံးပြုနိုင်ခဲ့တယ်... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ချူထျန်းကောက ရန်ချီကို စိုက်ကြည့်လိုက်သည်။
"မင်းက ငါ့ကို သတ်ပြီး အပြစ်ဒဏ်မခံဘဲ လွတ်မြောက်နိုင်မယ် ထင်နေတာလား... ငါက အင်မော်တယ်ခြေနင်း ကျောင်းတော်က လက်ရွေးစင် ကျောင်းသားတစ်ယောက်ပဲ... ငါသာ သေသွားရင် ကိစ္စကြီး ဖြစ်သွားပြီ... ပြီးရင် မင်းကို နောက်ဆုံး ရှာဖွေနိုင်မှာပဲ... ကမ္ဘာကြီးက အကျယ်ကြီး ပေမယ့် သူတို့ဆီကနေ မင်း တစ်သက်လုံး မပုန်းနေနိုင်ပါဘူးကွာ... ငါ မင်းကို သတိပေးလိုက်မယ် ရန်ချီ... မင်း အတွေးတွေကို ပိုကောင်းအောင် စဉ်းစားသင့်တယ်... မင်းဒေါ်လေး ရန်စုစုကို ပြဿနာတွေထဲ ဆွဲချသလိုဖြစ်သွားမှာကို မမေ့နဲ့"
ရန်ချီက ရယ်မောလိုက်သည်။
"မင်းက တကယ်ကို သရုပ်ဆောင် ကောင်းတာပဲ... အခုထိ မင်းရှုံးသွားတာ ဝန်မခံသေးဘူးလား... မင်းကို သတ်ရမှာ ကြောက်နေတယ်လို့ မင်းထင်နေတာလား... ဘယ်လောက်တောင် လေကြီးလိုက်တာလဲ... အရမ်းတွေ ယုံကြည်လွန်းနေတာပဲ... မင်းက လောကအုပ်ချုပ်သူ တစ်ယောက်လေ... ငါက သေးနုပ်တဲ့ ဆရာသခင် အဆင့်လေးကို ငါက မင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ"
"မင်းက အပြစ်သားပဲ... အကြိမ်တစ်ထောင်ကျော် သေဖို့တောင် ထိုက်တန်သေးတယ် ရန်ချီ"
ချူထျန်းကောက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်သလို တွေးယူလိုက်သည်။
သူက ရန်ချီ၏ လက်ထဲ၌ အရှက်ကွဲမခံနိုင်ချေ။ သူက လောကအုပ်ချုပ်သူဖြစ်ပြီး ရန်ချီက ဆရာသခင် အဆင့်မျှသာဖြစ်သည်။ ထိုအရာက မင်းသားတစ်ပါးနှင့် ကျွန်တစ်ကောင်လို ကွာခြားပေသည်။ ယခုတော့ မင်းသားက ကျွန်တစ်ကောင်၏ ခြေထောက်အောက်၌ ကျနင်းခံနေရသည်။ ချုထျန်းကော မသေဆုံးသေးသည့် တစ်ခုတည်းသော အကြောင်းပြချက်က ရန်ချီက သူ့ကို ပိုမိုရက်စက်စွာ အရှက်ခွဲလိုခြင်းကြောင့်ပင် ဖြစ်၏။
"နေလ ပြောင်းပြန် လုပ်ကြံခြင်း"
ရုတ်တရက် သူ့ကုန်ဆုံးသွားသော မီးတောက်များ ပြန်လည် တောက်ပလာပြီး ရန်ချီထံ ပြေးဝင်သွားခဲ့သည်။
ထိုအရာက သူ့ရန်သူအား နောက်ဆုံးအနေဖြင့် တိုက်ခိုက်လိုက်သည့် အကွက်တစ်ကွက်ပင်။
ကံမကောင်းချင်တော့ ရန်ချီက ထိုကဲ့သို့ အရာမျိုးအတွက် ပြင်ဆင်ထားခဲ့ပြီး ငရဲနတ်ဆိုး မီးပြင်းဖိုကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ရုတ်တရက် ချူထျန်းကော ဆင့်ခေါ်လိုက်သည့် အလင်းအားလုံး ပျောက်ကွယ်သွားပြီး မြေပေါ် လဲကျသွားသည်။ ယခုတစ်ကြိမ်၌ သူ့အစစ်အမှန် စွမ်းအင်များ ကုန်ဆုံးသွားကာ လုံးဝ အလုပ် မလုပ်တော့ချေ။
"မင်း...."
သူက ရန်ချီကို စိုက်ကြည့်ကာ ကြိမ်းမောင်းလိုက်သည်။
"ငါ မင်းကို ဘာလို့ မသတ်နိုင်ရတာလဲ... ငါ လက်မခံနိုင်ဘူး"
"သေဖို့ အချိန်ကျပြီ"
ထိုအချိန်၌ ရန်ချီ၏ စကားများက ညင်သာမနေတော့ချေ။ သူက သူ့ကို အာခံနေသော ချူထျန်းကောကို လက်ဝါးတစ်ချက်ဖြင့် ရိုက်လိုက်သည်။ ချူထျန်းကော၏ နှလုံး၊ သွေးကြောများ၊ စွမ်းအားပင်လယ်က အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့လေတော့သည်။
သူ့ပါးစပ်အတွင်းမှ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ အန်ထွက်လာကာ နောက်ပြန်လဲကျပြီး သေဆုံးသွားခဲ့သည်။
သူက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ လက်ရွေးစင် ပါရမီရှင် ကျောင်းသားတစ်ဦး ဖြစ်ကာ ဘဝတစ်လျှောက်လုံး သူလျှောက်လှမ်းရာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ ယခုတော့ သူကား သေဆုံးခဲ့ရလေပြီ။
ရန်ချီ၏ လက်ထဲ၌ သေဆုံးသွားခဲ့ရသည်။
ချူထျန်းကော၏ အလောင်းကို စိုက်ကြည့်ကာ ရန်ချီက ပြောလိုက်သည်။
"မင်းကို ကျေးဇူးတင်ပါတယ် ချူထျန်းကော... မင်းရဲ့ ကြီးမြတ်သော နေမင်း၏ မီးနဂါး... ဘဝတစ်လျှောက် ကျင့်ကြံခဲ့တဲ့ အနှစ်သာရတွေအားလုံး ငရဲမီးတောက်မီးပြင်းဖိုထဲ ပိတ်မိနေပြီ... အခုကစပြီး ငါ အဲဒါကို အစစ်အမှန်စွမ်းအင်နဲ့ အသက်ဓာတ် အနှစ်သာရ အမြုတေအဖြစ် ဖြည်းဖြည်းချင်း သန့်စင်တော့မယ်... ပြီးရင် လောကအုပ်ချုပ်သူ အဆင့်ကို တက်ဖို့ ငါထပ် ကြိုးစားကြည့်တော့မယ်"
ချူထျန်းကော၏ အသက်က ဘာမှမဟုတ်သလို မှေးမှိန် ပျောက်ကွယ်သွားတာကို ခံစားမိလိုက်သည်။
ပုံမှန်အားဖြင့် ကျင့်ကြံခြင်းအဆင့်၌ အလွန်မြင့်မားသည့် အဆင့်ကို ရောက်ရှိသွားပါက စွမ်းအားကြီး ကျွမ်းကျင်သူများက သေဆုံးပြီးနောက် သူတို့၏ အသက်ဓာတ် အရှိန်အဝါက တဖြည်းဖြည်း မှေးမှိန်လာကာ ထိုအချိန် တစ်ခဏအတွင်း သူတို့၏ သေဆုံးနေသော ခန္ဓာကိုယ်ကို ဆက်လက် ထိန်းချုပ်နိုင်ကြသည်။
သို့သော်လည်း ချူထျန်းကောက ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းမရှိဘဲ လျင်မြန်စွာပင် သေဆုံးသွားခဲ့သည်။
ရန်ချီက ငရဲမီးတောက် မီးပြင်းဖိုကို စွမ်းအားပင်လယ်အတွင်း ပြန်ပို့ဆောင်လိုက်ပြီး နေရာလွတ် လက်စွပ်မှ အပြာရောင်တံခါးကို ဆင့်ခေါ်လိုက်သည်။
လီဟီ၊ ဟီဂျီလီ၊ ဟွာရင်းဟူနှင့် လျန်တုန်တို့က တံခါးမှ ချက်ချင်း ထွက်လာကာ ပထမဆုံးအနေဖြင့် ချူထျန်းကောအလောင်းကိုမြင်ပြီး သူတို့မျက်နှာများ တုန်လှုပ်ချောက်ချား သွားသည်။
အချိန် အတော်ကြာသွားပြီးနောက် နောက်ဆုံးမှာတော့ လီဟီက အသက်ရှူကပ်သလိုဖြင့် အသံထွက်လာခဲ့၏။
"ဒီ.... ဒီအလောင်းက ချူထျန်းကောလား... သူ သေသွားပြီလား"
"ဟုတ်တယ်"
ရန်ချီက ပြန်ဖြေလိုက်သည်။
"ချူထျန်းကောက သေသွားပြီ... ငါ သူ့ကို သတ်လိုက်ပြီ"
End
***