"ဒါတကယ်ကြီး ချူထျန်းကောရဲ့ အလောင်းလား... စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာလို ကျော်ကြားတဲ့ စွမ်းအင်ပညာရပ်ကို ကျွမ်းကျင်တဲ့အထိ ကျင့်ကြံနိုင်ခဲ့တဲ့သူက ရန်ချီလက်ချက်နဲ့ အသတ်ခံလိုက်ရတာလား"
ထိုအရာမှာ လူတိုင်းအတွက် စဉ်းစားစရာ ဖြစ်စေ၏။ သူတို့အားလုံး မြင်တွေ့နေရသည့် မြင်ကွင်းကို မယုံကြည်နိုင်ကြချေ။ ထို့နောက် သူတို့က အခြားအရာတစ်ခုကို သတိပြုမိသွားကြသည်။ ထိုအရာမှာ ချူထျန်းကော၏ ရုပ်အလောင်း၌ ကျန်ရစ်နေခဲ့သည့် တောက်ပသော ဓားငယ်လေး တစ်ခုပင်။
ထိုအရာက ဘာလဲဆိုတာကို လီဟီ ချက်ချင်းသိလိုက်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ကာ အစစ်အမှန် စွမ်းအင်စီးကြောင်းကို ထုတ်ဖော်လျက် ထိုဓားငယ်လေးကို သူ့လက်အတွင်း ဆွဲယူလိုက်တော့သည်။
"ဓားပုံသဏ္ဍာန် အနှစ်သာရ"
၎င်းမှာ သုံးလက်မခန့်ရှည်လျားကာ ကျောက်မြတ်နှင့် သတ္တု ရောစပ်ပြုလုပ်ထားပုံ ပေါ်သော်လည်း အမှန်တကယ်တွင် ထိုကဲ့သို့ မဟုတ်ချေ။ ၎င်း၏ အတွင်းပိုင်း၌ မီးများ တောက်လောင်နေပုံကို ကြည့်ရှုရုံဖြင့် မည်မျှ စွမ်းအားကြီးမှန်း သိမြင်နိုင်ပေသည်။
"ဒါက ချူထျန်းကောရဲ့ စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားရဲ့ အစစ်အမှန် စွမ်းအင် အမြုတေပဲ..." လျန့်တုန်က ပြောလိုက်သည်။ "ဒီဓားပုံသဏ္ဍာန် အနှစ်သာရက သူ့ရဲ့ ကိုယ်ပိုင် ဖန်တီးမှုပဲလေ... ငါတို့က ဒီဓားငယ်ကို သုံးပြီးတော့ ချူထျန်းကောရဲ့ ဓားပညာကို ရယူနိုင်တယ်"
"သိပ်ကောင်းတယ်... ဒါဆို မင်းတို့လေးယောက် တစ်ယောက်တစ်ပိုင်းစီ ခွဲယူလိုက်ကြပါလား" ရန်ချီက အကြံပြုလိုက်သည်။
ရန်ချီက လက်ဖြင့် ညွှန်လိုက်ရာ ဓားပုံသဏ္ဍာန် အနှစ်သာရမှာ အပိုင်းလေးပိုင်း ကွဲကြေသွားကာ တစ်ခုချင်းစီက ဓားစွမ်းအင်စီးကြောင်းများအဖြစ် သူ့သူငယ်ချင်းလေးယောက်ထံ ဝင်ရောက်သွားခဲ့ တော့သည်။
ဓားစွမ်းအင်များက သူတို့ကိုယ်တွင်း မီးကဲ့သို့ ဖြတ်သန်းစီးဆင်းသွားကာ စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်၏ ဉာဏ်အလင်းကို အခြေခံ၍ သူတို့၏ အစစ်အမှန် စွမ်းအင်များ ပြောင်းလဲလာခဲ့လေပြီ။
ယခုအချိန်၌ သူတို့လေးယောက်ထံတွင် ထိုနည်းစနစ်၏ အစိတ်အပိုင်း တစ်ခုစီ ရှိနေပြီး အကယ်၍ သူတို့လေးယောက် အတူတကွ ပူးပေါင်းလိုက်ပါက ချူထျန်းကောကဲ့သို့ တူညီသော အစွမ်းသတ္တိကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ရန်ချီမှာ ဓားပုံသဏ္ဍာန် အနှစ်သာရကို သူကိုယ်တိုင်အတွက် မလိုအပ်သဖြင့် ၎င်းကို လေးပိုင်းခွဲပြီး သူ့သူငယ်ချင်းများကို ပေးလိုက်ခြင်းက ပိုမို ကောင်းမွန်ပေသည်။ သူတို့က ထိုအရာကို အသုံးပြုကာ လောကအုပ်ချုပ်သူတစ်ယောက်နှင့် တိုက်ခိုက်နိုင်ပါလိမ့်မည်။
"ဒီဓားနည်းစနစ်က ကောင်းကင်နဲ့ မြေပြင်အကြား ဝိညာဉ်တွေနဲ့ နတ်ဘုရားတွေကိုတောင် ငိုကြွေးအောင် လုပ်နိုင်တာပဲ ..."
အချိန်အနည်းငယ် ကြာပြီးနောက် သူတို့လေးယောက်က ဓားစွမ်းအင်များကို စုပ်ယူလိုက်နိုင်ပြီး မျက်လုံးများ ပွင့်လာကြသည်။
"ငါတို့တွေ ဒီနည်းစနစ်ကို အပြည့်အဝ မရတာ ဆိုးတယ်ကွာ..." လီဟီက ပြောရင်း သက်ပြင်းချလိုက်သည်။ "ငါတို့ ကျောင်းတော်ရဲ့ ကျမ်းစာတိုက်မှာ အဲဒီနည်းစနစ် အပြည့်အစုံကို ဝယ်ဖို့ လုပ်ဆောင်ချက် အမှတ်တွေ လုံလုံလောက်လောက် လိုအပ်တယ်... အဲဒါသာရရင် ငါတို့ရဲ့ ကျင့်ကြံခြင်းက တစ်ဟုန်ထိုး တိုးတက်လာမှာပဲ"
သူတို့၏ အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်းမှာ ရှင်းလင်းသွားခဲ့လေပြီ။ သူတို့က လောကအုပ်ချုပ်သူများအကြား အမြင်ဆုံးအဆင့်အဖြစ် သတ်မှတ်ခံထားရသည့် တော်ဝင်အဆင့် စွမ်းအင်ပညာရပ် စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားကိုသာ ကျင့်ကြံကြပေလိမ့်မည်။
သူတို့က ထိုအရာကို နှစ်အနည်းငယ်လောက် ကျင့်ကြံအားထုတ်ပါက လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ဖို့အတွက် အခွင့်အလမ်း ပိုများသည်။
ရန်ချီကမူ ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို အဆင့်တစ်ခုထိ ကျင့်ကြံနိုင်ပါက သူသတ်လိုက်သူတိုင်း၏ မှတ်ဉာဏ်နှင့် အတွေးများကို ထုတ်ယူနိုင်ပေလိမ့်မည်။
ဝိညာဉ်မိစ္ဆာများက လူသားများ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းရှိကြရာ သူက ငရဲကို နင်းချေနိုင်သည့် အကန့်အသတ်မဲ့ ပညာရပ်ကို ကျင့်ကြံထားသဖြင့် ထိုကဲ့သို့ စွမ်းရည် ရရှိလာခြင်းမှာ သဘာဝကျလှသည်။ ကံမကောင်းချင်တော့ သူက ထိုအဆင့်ထိ မရောက်ရှိသေးချေ။
"ဟုတ်တယ် မင်းပြောတာ မှန်တယ်" ရန်ချီက ထောက်ခံလိုက်သည်။ "ငါတို့သာ လုပ်ဆောင်မှတ် လုံလုံလောက်လောက်ရှိရင် စကြဝဠာတခွင် နေရောင်ခြည်လွှမ်းမိုးဓားပညာရဲ့ လျှို့ဝှက် ကျင့်ကြံနည်းကို ရနိုင်လိမ့်မယ်... သိပ်မကြာခင်မှာပဲ မင်းတို့လေးယောက်လုံး ချူထျန်းကောထက် သာသွားပါလိမ့်မယ်"
သူ့သူငယ်ချင်း လေးယောက်က မယုံကြည်နိုင်သလိုဖြစ်သွားကာ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့က ရန်ချီ ဘာကြောင့် ယခုလို ယုံကြည်စိတ်ချစွာ ပြောလိုက်လဲ နားမလည်နိုင်ကြပေ။
ထိုအချိန်၌ ရန်ချီက ပြုံးကာ နေကျောက်မြတ်တုံးကို ထုတ်လိုက်သည်။
"ငါရှင်းပြမယ်... စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာက လောင်ကျွမ်းနေတဲ့ နေမင်းရဲ့ အမြုတေကို စုပ်ယူပြီး ကြီးမြတ်သော နေမင်းရဲ့ ဓားဝိညာဉ်အသွင် ပြောင်းလဲတာပဲ... ဒီနေ့ ကျောက်မြတ်ကို သုံးလိုက်ရင် မင်းတို့ ကျင့်ကြံခြင်းလည်း တိုးလာပြီး ကျင့်ကြံမယ့် နှစ်တွေလည်း ချွေတာရာ ရောက်တယ်... ပြီးတော့ ငါတို့ ရွှေကျောက်စိမ်း ချပ်ဝတ်ကို ကျောင်းတော်မှာ လုပ်ဆောင်မှတ် အများအပြားနဲ့ လဲလို့ ရလောက်မယ်... အဲဒါက စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်ကို ဝယ်ဖို့ ထပ်တောင် ပိုဦးမှာပဲလေ"
ရန်ချီက သူတို့ အကျိုးအမြတ်ကို တတ်နိုင်သမျှ တိုးမြှင့်လိုကြောင်း တဖြည်းဖြည်းနှင့် လီဟီ သဘောပေါက်သွားခဲ့သည်။
"ဒီကိစ္စလည်း ဖြေရှင်းပြီးပြီဆိုတော့ ငါတို့ ကျောင်းတော် ပြန်ကြရအောင်" ရန်ချီက တိုက်တွန်းလိုက်သည်။ "ချူထျန်းကော သေဆုံးသွားတာကြောင့် အကြီးအကျယ် လှုပ်ခတ်မှုတွေ ဖြစ်လာလိမ့်မယ်... အဲဒါပြီးတဲ့အထိ ငါတို့ ငြိမ်ငြိမ်လေး စောင့်နေရလိမ့်မယ်... ပြီးတော့ ငါတို့တွေ ရွှေကျောက်စိမ်း ချပ်ဝတ်နဲ့ ဟွိုက်ယင်ဘုရင်ရဲ့ အမြုတေကို လုပ်ဆောင်မှတ် အများကြီးနဲ့ လဲရဦးမယ်"
အသေးစိတ် ဆွေးနွေးပြီးသည့်နောက် သူတို့ငါးယောက်က မကောင်းဆိုးဝါး တောင်တန်းမှ ထွက်ခွာကာ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ဦးတည် ပြန်လာခဲ့ကြတော့သည်။
တောင်တန်းများက သိပ်မဝေးလှချေ။ သိပ်မကြာမီမှာပင် သူတို့ အခန်းများဆီ ပြန်ရောက်လာကာ ကျင့်ကြံခြင်းကို စတင်ကြသည်။
အပြင်စည်း ကျောင်းသားများ၏ ကျင့်ကြံခြင်းက အဆင့်နိမ့် ကျောင်းသားများထက် ပိုမို ချောမွေ့၏။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအား စုစည်းသည့် စွမ်းအားပုံစံက ဧကရာဇ်များ၏ တာအိုစွမ်းအား ပုံစံလောက် မထိရောက်သော်လည်း သူတို့အတွက်တော့ အကျိုးများစွာ ရှိသေးသည်။
ယခုအချိန်၌ ရန်ချီက သူ့ငရဲမီးတောက် မီးပြင်းဖိုကို ပြီးပြည့်စုံသွားစေခဲ့ကာ ကြီးမြတ်သော နေမင်း၏ မီးနဂါးကြီးမှာ ၎င်းအတွင်း ပိတ်မိနေခဲ့သည်။ သူက ၎င်းကို တဖြည်းဖြည်း အရည်ဖျော်ကာ သူလိုအပ်သည့် အသက်ဓာတ်စွမ်းအား အမြုတေအဖြစ် ပြောင်းလဲပစ်လိုက်သည်။
ထိုအရာကြောင့် သူက လောကအုပ်ချုပ်သူအဆင့်သို့ ချိုးဖောက် တက်လှမ်းရန် အခြား မှော်ရတနာများ၏ အကူအညီ မလိုအပ်တော့ချေ။
လီဟီနှင့် အခြားလူများက ရွှေနှင့် ကျောက်စိမ်း ချပ်ဝတ်ကို အခြားလူများ သံသယ မဖြစ်စေဘဲ လုပ်ဆောင်ချက် အမှတ်ဖြင့် လဲလှယ်ဖို့ အစီအစဉ် ဆွဲခဲ့ကြသည်။
တဖြည်းဖြည်းနှင့် အချိန်တစ်လလုံး ကုန်ဆုံးသွားခဲ့လေပြီ။ ဘယ်သူမှ ချူထျန်းကော သေဆုံးသွားမှန်း မသိကြချေ။ လက်ရွေးစင် ကျောင်းသားများအနေဖြင့် အကြောင်းမကြားဘဲ သွားလာနေခြင်းက ပုံမှန်ပင်။ သူတို့ထဲမှ တစ်ယောက်က ကျောင်းတော် အပြင်သို့ လပေါင်းများစွာ ထွက်ခွာသွားခြင်းက အထူးအဆန်း မဟုတ်တော့ပေ။
နှစ်စဉ်ကျင်းပသည့် လက်ရွေးစင် ကျောင်းသားပွဲတော် ကျောင်းတော်တွင်း သိုင်းပြိုင်ပွဲ၌ မပေါ်လာမှသာ စုံစမ်းစစ်ဆေးကြပေလိမ့်မည်။
ကံမကောင်းစွာပင် ထိုအချိန်သို့ ရောက်ပါက သဲလွန်စ ရှာဖွေဖို့ရာ အလွန် ခက်ခဲ သွားပေလိမ့်မည်။
နောက်ဆုံး၌ လီဟီနှင့် အခြားလူများ ရွှေကျောက်စိမ်း ချပ်ဝတ်ကို စွမ်းအားကြီး ကလန်တစ်ခု၌ အဖိုးတန် ရတနာများနှင့် လဲလှယ်နိုင်ခဲ့သည်။ ထို့နောက် ထိုရတနာများကို ကျောင်းတော်၌ လုပ်ဆောင်ချက် အမှတ်နှင့် လဲလှယ်ခဲ့ကာ စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာကို အပြည့်အဝ ရရှိနိုင်ခဲ့ကြသည်။
ထိုအချိန်မှစ၍ သူတို့၏ ကျင့်ကြံခြင်းကို အပြည့်အဝ ပြုလုပ်နိုင်သွားကာ ကျင့်ကြံခြင်း မြန်ဆန်စေဖို့အတွက် နေကျောက်မြတ်ကို သုံးစွဲခဲ့ကြ၏။
နေမင်း၏ အမြုတေ သူတို့၏ ဓားစွမ်းအင်များနှင့် ပေါင်းစပ်သွားပြီးနောက် သူတို့၏ သွေးကြောများက မျက်လှည့်ဆန်ဆန် တိုးတက်လာကာ ဆရာသခင် အဆင့် အထွတ်အထိပ်သို့ ရောက်ရှိလာကြသည်။
ယခုအချိန်၌ သူတို့က ချူထျန်းကော စကြဝဠာတခွင် နေရောင်ခြည် လွှမ်းမိုးဓားပညာ အသုံးပြုသည့် အစွမ်း၏ တစ်ဝက်ခန့်ကို ထုတ်ဖော်နိုင်လာကြလေပြီ။
ချူထျန်းကော ကျင့်ကြံခဲ့ချိန်၌ နေကျောက်မြတ် မရှိသည့်အတွက် ကျင့်ကြံခြင်းက နှေးကွေးခဲ့ရခြင်း ဖြစ်သည်။
လွန်ခဲ့သည့် တစ်လအတွင်း ကုန်းမြေတိုက်ကြီး၏ အအေးဓာတ်က နည်းပါးလာခဲ့ကာ နွေဦးရာသီ ရောက်လာသည်နှင့်အမျှ သက်ရှိများက တစ်ဖန် ပြန်လည် ကြီးထွားလာကြသည်။
အရောင်စုံပန်းပင်များနှင့် ဆေးပင်များက ကျောင်းတော်အနှံ့ ပေါက်ရောက်နေကြ၏။ ပန်းဝတ်မှုန်များ လေထဲ ပျံ့နှံ့သွားသည်နှင့်အမျှ ၎င်းကို ရှူရှိုက်သူများ အနေဖြင့် သက်တောင့်သက်သာ ခံစားရစေသည်။
နွေဦးရာသီ ညနေခင်း တစ်ခု၌ ရန်ချီက ပြတင်းပေါက်ကို ဖွင့်ကာ တရားထိုင်ဖို့အတွက် ကြက်ခြေခတ် ထိုင်ချလိုက်သည်။ ငရဲမီးတောက် မီးပြင်းဖိုအတွင်းရှိ နဂါးကြီးမှာ ယခုအခါ ရွှေရောင်အလင်းတန်း တစ်ခုသာ ကျန်တော့ပြီး အရာအားလုံး ပျောက်ကွယ်လုဆဲဆဲ ဖြစ်လာသည်။ သူ့သွေးကြောများ၌ စီးဆင်းနေသည့် မဟူရာရွှေရောင် သွေးများတွင် ယခုအခါ နေမင်း၏ အမြုတေများ ပါဝင်နေကာ သူ့ကို ပိုမို လင်းလက်၍ သန်မာလာစေခဲ့သည်။
အသက်ဓာတ် စွမ်းအားများက နှစ်ဆယ့်တစ်ခုမြောက် အစိတ်အပိုင်း ဝင်ရောက်သွားကာ ၎င်းက တဖြည်းဖြည်း နိုးထလာခဲ့၏။
ရန်ချီက အသက်ကို ဖြည်းဖြည်းချင်း ရှူရှိုက်လိုက်ရာ သူ့ပြတင်းပေါက်အနီး လေပြင်းများ တိုက်ခတ်လာကာ အင်မော်တယ်ခြေနင်း ကျောင်းတော်အတွင်း တည်ရှိနေသည့် အသက်ဓာတ် အော်ရာများကို သူ့ထံ ဆွဲယူလိုက်သည်။ ပန်းဝတ်မှုန်နှင့် ပွင့်ချပ်များနှင့် ဆင်တူသည့် မျက်စိကျိန်းမတတ် အလင်းတန်းများက သူ့ကိုယ်တွင်း တဖြည်းဖြည်း စီးဆင်းသွားသည်။
ထို့ပြင် သူ့ရှေ့ရှိ တောက်ပနေသော မိစ္ဆာအမြုတေ၌ အသက်ဓာတ် စွမ်းအားများ တုန်ခါလာခဲ့သည်။
သူက အမြုတေကို အမှုန့်ချေကာ ပါးစပ်ထဲ ထည့်ပြီး မျိုချလိုက်တော့သည်။
မိစ္ဆာအမြုတေမှ အစစ်အမှန် စွမ်းအင်များက သူ့စွမ်းအားပင်လယ်နှင့် အတွင်း ချက်ချင်း စီးဆင်းသွားကာ ငရဲမီးတောက် မီးပြင်းဖိုက ၎င်းကို အစစ်အမှန် စွမ်းအင်အမြုတေအဖြစ် တစ်ခါတည်း ပြောင်းလဲပေးလိုက်သည်။
သူက မိစ္ဆာအမြုတေကို တိုက်ရိုက် စားသုံးခဲ့ခြင်းပင်။
အကယ်၍ လောကအုပ်ချုပ်သူတစ်ယောက်ပင် ထိုအခြင်းအရာကို တွေ့မြင်သွားပါက ကြောက်လန့်တုန်လှုပ် သွားပေလိမ့်မည်။ ထို့ပြင် သူတို့က မိစ္ဆာနတ်ဘုရားတစ်ပါးအဖြစ် ထင်မှတ်သွားနိုင်ပေသည်။
End
***