ရန်ချီက နောက်ဆုံး၌ လောကအုပ်ချုပ်သူ အဆင့်သို့ ရောက်ရှိလာလေပြီ။
ယခုအချိန်၌ သူက ကောင်းကင်နှင့် မြေပြင်အကြားရှိ ရှုပ်ထွေးနက်နဲလွန်းသော ပင်ကိုယ် သဘာဝစွမ်းအား အမျိုးမျိုးအပြင် ၎င်းတို့၏ အန္တရာယ်များလွန်းသော ပြောင်းလဲမှုများ ပြုလုပ်နိုင်သည်ကို တွေ့ရှိခဲ့ရသည်။ သူအာရုံခံစားမိသည့် စွမ်းအင်လေပွေများက အမာကျောဆုံး သတ္တုများကို ဖုန်မှုန့်များအဖြစ် ပြောင်းလဲနိုင်စွမ်းရှိ၏။ အလွန်ကြီးမားသော စွမ်းအားများက သူ့ကို ဖြတ်သန်းသွားခဲ့သည်။
သူက အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။ လရောင်စီးကြောင်းများမှ လန်းဆန်းသော ပင်ကိုယ်သဘာဝစွမ်းအင်များက သူ့ကိုယ်တွင်း ဝင်ရောက်ကာ အသက်ဓာတ် စွမ်းအား အမြုတေ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူ့ကိုယ်တွင်းရှိ အညစ်အကြေးများကို အသက်ရှူခြင်း၌ ပါဝင်နေသည့် စိတ်ဝိညာဉ်စွမ်းအားများက သန့်စင်ပေးနေသည်ကို ခံစားလိုက်ရသည်။
ယခုအချိန်၌ သူ့ခန္ဓာကိုယ် အတွင်းအပြင်နှစ်ခုလုံး သန့်စင်သွားအောင် လုပ်ဆောင်နိုင်လာပြီ ဖြစ်သည်။
လက်ရှိတွင် သူက သာမန် အစားအစာများကို မစားသုံးဘဲ ရှင်သန်နိုင်စွမ်း ရှိလာခဲ့လေပြီ။ သူလိုအပ်သည့် အာဟာရမှာ ကောင်းကင်နှင့် မြေပြင်အကြား စိတ်ဝိညာဉ်စွမ်းအားနှင့် နေနှင့်လတို့၏ အနှစ်သာရ အမြုတေများသာ ဖြစ်ပေသည်။
လောကအုပ်ချုပ်သူများက သာမန်လူသားများ လိုအပ်သည်များကို မလိုအပ်တော့ချေ။ သူတို့က ဘဝသက်တမ်းကို ခိုးယူရန် စွမ်းအင်ကို စုစည်းကြရသည်။ စွမ်းအင်က ဘဝဖြစ်လာ၏။ ဘဝကလည်း စွမ်းအင်ပင် ဖြစ်လာတော့သည်။
သူတို့ကိုယ်သူတို့ ထောက်ပံ့နိုင်ဖို့အတွက် ကောင်းကင်နှင့်မြေပြင်အကြား စိတ်ဝိညာဉ် စွမ်းအားများကို သိမ်းယူခြင်းက လောကအုပ်ချုပ်သူအဆင့်၏ ဆန်းကြယ်သော အစိတ်အပိုင်း တစ်ခုပင်။ ထိုကျင့်ကြံခြင်းအဆင့်၌ ရန်ချီက အစာရေစာမရှိသည့် သေစေနိုင်သော နေရာ၌ ပိတ်မိနေလျှင်ပင် နှစ်ပေါင်းရာနှင့်ချီ အသက်ရှင်နေနိုင်ပေလိမ့်မည်။
သူလိုအပ်သမျှက ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်စွမ်းအားများသာ ဖြစ်သည်။
လောကအုပ်ချုပ်သူအဆင့် ရောက်သည်နှင့် သူ့အစစ်အမှန် စွမ်းအင်များက ကောင်းကင် တုန်ခါခြင်းများ၊ မြေပြိုသည့် အပြောင်းအလဲများကို တောင့်ခံနိုင်လာကာ သူ့အနီးဝန်းကျင်ရှိ မရေမတွက်နိုင်အောင် များပြားသော ဆန်းကြယ်သည့် ဒြပ်စင်များနှင့် ပင်ကိုယ်သဘာဝ စွမ်းအင်များကို စုပ်ယူနိုင်လာသည်။
သူက အချိန်-စကြဝဠာနှင့်ပတ်သက်၍ ရိုးရှင်းသော နားလည်မှုများကိုပင် သဘောပေါက် လာခဲ့သည်။
အချိန်-စကြဝဠာဆိုသည်မှာ ရှေးကျသော စကားလုံးပင်။ လောကအုပ်ချုပ်သူများပင် ၎င်းကို ကောင်းမွန်စွာ နားလည်နိုင်ခြင်း မရှိကာ မထိန်းချုပ်နိုင်ကြချေ။
ရန်ချီ၏ ပင်လယ်နှလုံးသား နေရာလွတ် လက်စွပ်၌ သေးငယ်သော နေရာလွတ်သာ ပါရှိကာ အချိန်-စကြဝဠာကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ အချိန်-စကြဝဠာ ကိုယ်၌က မငြိမ်မသက် ဖြစ်နေသည်။
ရန်ချီက ယခုအချိန်၌ လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်လာကာ နားလည်နိုင်စွမ်း ပိုရှိလာသော်လည်း ပင်လယ်နှလုံးသား လက်စွပ်ကဲ့သို့ ပစ္စည်းမျိုးကို ထုလုပ်ဖန်တီးရန်အတွက် အချိန်-စကြဝဠာကို မထိန်းချုပ်နိုင်သေးချေ။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန်အတွက် ကျင့်ကြံခြင်းက ယခုထက် တိုးတက်လာဖို့ လိုအပ်ပေသည်။
"လရောင်ခြည် အနှစ်သာရ"
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ရေမျက်နှာပြင်ပေါ် ကျရောက်နေသည့် အဆုံးအစမဲ့ လရောင်ခြည်က သူ့အနီး၌ မြင့်မြတ်သည့် ရောင်ဝါများကဲ့သို့ လှည့်ပတ်လာတော့သည်။
သူ့ လရောင်ခြည်အပေါ် ထိန်းချုပ်နိုင်စွမ်းအားက ကြောက်ခမန်းလိလိ အဆင့်သို့ ရောက်ရှိလာလေပြီ။
"မြစ်တွေကို ခြောက်သွေ့စေပြီး ပင်လယ်ပါ ခဲသွားစမ်း... သလင်းကျောက် နန်းတော်"
သူ့လက်များက ရေပေါ်သို့ ချလိုက်သည်နှင့် ချက်ချင်း အစိုင်အခဲများ ဖြစ်လာသည်။ ထူးဆန်းသည်မှာ အအေးဓာတ် စွမ်းအင်ပညာရပ် မဟုတ်သဖြင့် အအေးဓာတ် စွမ်းအင်များ မပါရှိချေ။ ထိုအစား သူက ရေကို သလင်းကျောက်ဖြစ်စေရန် များပြားသော စွမ်းအားကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ဝုန်း ...
ထို့နောက် သူက လက်ကို မလိုက်ရာ သလင်းကျောက်က ရေထဲမှ မြင့်တက်လာကာ ကြီးမားသော နန်းတော်ကြီး ဖြစ်သွားသည်။ ထိုအရာက ရေနှင့် တူသော်လည်း သတ္တုကဲ့သို့ မာကျောနေ၏။ ထိုနန်းတော်ကို ဖွဲ့စည်းနေချိန်၌ သတ္တုချင်း ပွတ်တိုက်သံများ ထွက်ပေါ်နေသည်။
ထိုအရာက အစအဆုံး ခြေလှမ်းတစ်ထောင် အတိရှိကာ စားပွဲများ၊ ထိုင်ခုံများ၊ အိပ်ရာများနှင့် အခြား ပရိဘောဂပစ္စည်းများပင် ပါရှိနေသည်။ ၎င်းတို့ အားလုံးကို ရေသလင်းကျောက်နှင့် ဖွဲ့စည်းထားပုံပေါ်ကာ အလွန် လှပနေသည်။
၎င်းတို့ အားလုံးက အစစ်အမှန်စွမ်းအင်များဖြင့် ဖန်တီးထားသော်လည်း အလွန် လက်ရာမြောက်လှ၏။
ရန်ချီက လောကအုပ်ချုပ်သူအဆင့်သို့ တက်လှမ်းပြီးနောက် ထိုကဲ့သို့ အရာမျိုးကို ပြုလုပ်နိုင်လာခဲ့သည်။
ချူထျန်းကောက အစစ်အမှန် စွမ်းအင်များစွာ ကုန်ကျစေသည့် ထိုကဲ့သို့ ရေကို သလင်းကျောက် ပြောင်းလဲခြင်းမျိုး မပြုလုပ်နိုင်ချေ။
ထိုကဲ့သို့ ပြုလုပ်မှုမျိုးက လောကအုပ်ချုပ်သူ (၁၀) ယောက် အတူတကွ လုပ်ဆောင်ရန်ပင် မဖြစ်နိုင်ချေ။
အကယ်၍ သူတို့ အောင်မြင်အောင် ပြုလုပ်နိုင်လျှင် အသက် (၁၀) ခါ ရှူချိန်လောက်သာ ထိန်းချုပ်ထားနိုင်ပါလိမ့်မည်။
သို့သော် ရန်ချီကတော့ ထိုကြီးမားသော နန်းတော်ကြီးကို တည်ဆောက် ထိန်းချုပ်နိုင်ရုံမက နာရီအနည်းငယ်ခန့်ပင် ထိန်းထားနိုင်ပုံပေါ်သည်။ တကယ်တော့ သူက ထိုမျှလောက်သာ ပြုလုပ်ခြင်း မဟုတ်ချေ။ တစ်ခဏကြာပြီးနောက် များပြားလွန်းသော သလင်းကျောက်အပင်များက နန်းတော်မြေပြင်၌ ပေါ်ထွက်လာကြသည်။
ပိုမို၍ အံ့ဩစရာ ကောင်းသည့်အချက်က ရေများကို သလင်းကျောက် ကျားများ၊ ဆင်များနှင့် လူများကိုပါ ဖန်တီးကာ နန်းတော်အတွင်း လှည့်ပတ် သွားလာစေနေခြင်းပင်။ ထိုအရာက ချူထျန်းကောထက် စိတ်ကူးယဉ် မရအောင် သာလွန်သွားသည်။
ရန်ချီက လောကအုပ်ချုပ်သူ အဆင့်ကို ရောက်ရှိရန် အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။ ယခု သူအောင်မြင်သွားသောအခါ စွမ်းအားကြီးမားသည့် လောကအုပ်ချုပ်သူ အဆင့် (၁) သို့ ရောက်ရှိခဲ့လေပြီ။
အကယ်၍ သူသာ တတိယအဆင့်နှင့် စတုတ္ထအဆင့် လောကအုပ်ချုပ်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ထွက်ပြေးနိုင်စွမ်း ရှိလာသည်။
ကိုးဆင့်မြောက် လောကအုပ်ချုပ်သူက လောကအုပ်ချုပ်သူ အဆင့်အတွင်း အမြင့်ဆုံး ဖြစ်၏။ ဘဝသက်တမ်း ခိုးယူခြင်းဖြစ်စဉ်က အလွန်ခက်ခဲလွန်းလှသည်။ သို့သော်လည်း အောင်မြင်မှု တစ်ခုစီတိုင်းက သက်တမ်းကို တိုးလာစေသည်။ အဆင့်ကိုး လောကအုပ်ချုပ်သူများက နှစ် (၃) ထောင် အသာလေး ရှင်သန်နိုင်ကာ ဒဏ္ဍာရီလာအဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ဖို့အတွက် အချိန်များစွာ ပေးဖို့ လိုအပ်ပေသည်။
ချူထျန်းကောက လောကအုပ်ချုပ်သူ အဆင့် (၁) သာ ဖြစ်ခဲ့သည်။ သူသာ အဆင့် (၂) ဖြစ်ပါက ရန်ချီကို အလွယ်တကူ အနိုင်ယူနိုင်ပါလိမ့်မည်။
ရန်ချီက ယခုအချိန်၌ လောကအုပ်ချုပ်သူ တစ်ယောက် ဖြစ်လာရာ အဆင့် (၂)၊ အဆင့် (၃) လောကအုပ်ချုပ်သူများကို ရိုးရှင်းစွာ ဖျက်ဆီးနိုင်ပါလိမ့်မည်။
ထိုအရာက နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်က မည်မျှ အစွမ်းထက်သလဲ ဆိုတာကို ပြသနေခြင်းပင်။ နတ်ဘုရားများ အသုံးပြုသည့် နည်းစနစ်များက ပေါ့သေးသေး မဟုတ်ချေ။ ထိုကဲ့သို့ နည်းစနစ်မျိုးကို ကျင့်ကြံခြင်းက အန္တရာယ်ကြီးမားသော်လည်း ရွေးချယ်သူများအနေဖြင့် ပိုမိုမြင့်မားသည့် အဆင့်များကို ချိုးဖောက်တက်လှမ်းနိုင်ခဲ့ပါက နတ်ဘုရားများ၏ ကောင်းချီးပေးခြင်းကို ခံရသည်။
"သလင်းကျောက်နန်းတော်... နတ်ဘုံဗိမာန်... ကံမကောင်းတာက အမြဲမခံတာပဲ... တကယ်လို့ ငါ့ရဲ့ အစစ်အမှန်စွမ်းအင်သာ လုံလုံလောက်လောက် သန်မာရင် ပင်လယ်ပြင် တစ်ခုလုံးတောင် သလင်းကျောက်နန်းတော်အဖြစ် ပြောင်းလဲလိုက်လို့ရတယ်... ဒါက နတ်ဘုရားတွေရဲ့ စစ်မှန်တဲ့ စွမ်းရည်ပဲလေ... ငါကတော့ တော်တော်လေး သေးသိမ်သေးတယ်"
သူက သက်ပြင်းချကာ အစစ်အမှန် စွမ်းအင်များကို ပြန်လည်သိမ်းဆည်းလိုက်ရာ ချက်ချင်းဆိုသလိုပင် သလင်းကျောက်နန်းတော်၊ သစ်ပင်များ၊ ကျားများ၊ ရေနဂါးများ၊ အင်မော်တယ် ကြိုးကြာများ၊ ဆင်များနှင့် လူသားများအားလုံးက ရေအဖြစ် ပြန်လည် ပြောင်းလဲသွားကာ ပင်လယ်ထဲသို့ ပြန်ကျသွားခဲ့တော့သည်။ ထိုဇာတ်လမ်းက အိပ်မက်တစ်ခုကဲ့သို့ အဆုံးသတ်သွားသည်။
နန်းတော်ကို ရန်ချီက အစစ်အမှန် စွမ်းအင်များဖြင့် ဖန်တီးထားခြင်းဖြစ်လေရာ စွမ်းအင်များ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ပြန်လည် ပြိုကွဲသွားသည်မှာ သဘာဝကျပေသည်။
သူလုပ်နိုင်ခဲ့သည့်အရာက ချမ်းသာကြွယ်ဝ တိုက်ကြီးမှ ကျွမ်းကျင်သူ အများစုပင် မလုပ်ဆောင်နိုင်ကြချေ။
ရန်ချီက မာန်မာန ထောင်လွှားသူ မဟုတ်ကာ ကမ္ဘာပေါ်ရှိ သူ့နေရာကို သူသိနေခြင်းကိုပင် ကျေးဇူးတင်ရပေမည်။ အင်မော်တယ်ခြေနင်း ကျောင်းတော်၌ မရေမတွက်နိုင်သော ကျွမ်းကျင်သူများနှင့် ပြည့်နှက်နေသည်။ ထို့ပြင် တော်ဝင်အိမ်ရှေ့စံက ဒဏ္ဍာရီအဆင့်ပင် ရောက်ရှိနေလေရာ သူဘယ်လောက် စွမ်းအား ကြီးမားကြောင်းကို ရန်ချီ မခန့်မှန်းနိုင်ချေ။
ထို့ကြောင့် သူက သူ့သေးငယ်သော အောင်မြင်မှုအတွက် ဂုဏ်ယူကြွားဝါ မနေခဲ့ပေ။
'ငါ လက်ရွေးစင် ကျောင်းသားအဖြစ် သွားလျှောက်သင့်လား' သူက စဉ်းစားလိုက်မိသည်။
သူက ရေမျက်နှာပြင်ထက်၌ ကြက်ခြေခတ်ထိုင်ကာ သူ့အနီးအနား၌ ကြည်လင် တောက်ပနေသည်။ အဆင့် (၇) ကျွမ်းကျင်သူများပင် ရေပေါ် လမ်းလျှောက်နိုင်လေရာ လောကအုပ်ချုပ်သူများ၏ စွမ်းအားကို ထုတ်ဖော်ပြနေရန် မလိုအပ်ချေ။
အကယ်၍ သူသာ လက်ရွေးစင် ကျောင်းသားဖြစ်ပါက မြင့်မားသော ပုံရိပ်ကိုပိုင်ဆိုင်ကာ အထောက်အပံ့များ ပိုရပေလိမ့်မည်။
သို့သော်လည်း ထိုအရာက အန္တရာယ်များမှာကို သူစိုးရိမ်နေမိသည်။ သူက သူ့နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကို မည်သူ့ကိုမှ မသိရှိစေချင်ခဲ့ချေ။
လက်ရွေးစင် ကျောင်းသားဖြစ်လာပါက သူ့ကို လူအများအပြား အာရုံစိုက်စေကာ ကျောင်းတော်မှ ကျွမ်းကျင်သူများက သူ့ကို စတင် စုံစမ်းကြပေလိမ့်မည်။ ကံမကောင်းစွာပင် သူက သူ့လျှို့ဝှက်ချက်များကို ထိုကဲ့သို့ စစ်ဆေးမှုများအောက်၌ ဖုံးကွယ်ထားနိုင်ဖို့အတွက် ယုံကြည်ချက် မရှိချေ။
ငရဲချေမှုန်း နတ်ဆင်စွမ်းအားက ကွယ်ပျောက်နေနိုင်သော်လည်း ရန်ချီက အစွမ်းထက်လွန်းနေရာ ထိပ်သီး ကျွမ်းကျင်သူများက သူ့စိတ်ဝိညာဉ်ထဲမှ အကန့်အသတ်မဲ့ စွမ်းအားများကို သတိထားမိမှာကို စိုးရိမ်မိနေသည်။
"ဒီတစ်ခါတော့ ငါမေ့ထားသင့်တာ ပါပဲလေ... ငါ့ရဲ့ အစစ်အမှန်ခွန်အားကို မထုတ်ဖော်ပြသင့်ဘူး... ငါ လောကအုပ်ချုပ်သူဖြစ်ကြောင်း မဖော်ပြသေးခင် ငါ့ရဲ့ အစစ်အမှန် စွမ်းအင်ကို အပြည့်အဝ ပိတ်လှောင် တားဆီးထားဖို့က အကောင်းဆုံးပဲ... ရှေးစကားတွေအရ သစ်တောရဲ့ အမြင့်ဆုံး သစ်ပင်က လေတိုက်ပိုခံရတယ်တဲ့... ယွမ်ဟိုက်လန်မှာ တော်ဝင်အိမ်ရှေ့စံရဲ့ ကျောထောက်နောက်ခံ ရှိတယ်... သူသာ ငါ့ကို အာရုံစိုက်မိရင် အမှားကြီး ဖြစ်သွားမှာပဲ"
နောက်ဆုံး ရန်ချီက မတ်တပ် ထရပ်လိုက်သည်။
သူ့ကျင့်ကြံခြင်းအဆင့် တိုးလာလေလေ ငရဲချေမှုန်းနတ်ဆင်စွမ်းအားက ပိုမို အားကောင်းလာကြောင်း ခံစားမိသည်။ နောက်ဆုံး၌ ၎င်းက သူ့စွမ်းအား ကြီးမားသော အသက်ဓာတ်စွမ်းအားနှင့် အစစ်အမှန်စွမ်းအင်ကို ချုပ်နှောင် ပိတ်လှောင်ထားနိုင်သည့် အစွမ်း ရရှိလာပါလိမ့်မည်။
ရုတ်တရက် သူ့နဖူးထက်မှ ရွှေရောင် နတ်ဆိုးကလေးကို စစ်ဆေးလိုစိတ် ပြင်းထန်လာခဲ့သည်။
ထိုအချိန်မှ သူ့ကျင့်ကြံခြင်း တိုးတက်လာပါက ရွှေရောင် နတ်ဆိုးကလေးပါ ပြောင်းလဲ တိုးတက်လာကြောင်း သဘောပေါက်လိုက်ရသည်။
ထို့အပြင် သူ့စိတ်ဝိညာဉ်၊ စိတ်အာရုံ ခံစားနိုင်စွမ်း အားလုံးက (၁၀) ဆ တိုးတက်လာခဲ့သည်။ ထိုအချိန်ကျမှ သူက ရွှေရောင်နတ်ဆိုးကလေး၏ မျက်နှာအမူအရာနှင့် ခန္ဓာကိုယ်ပေါ်၌ ရှုပ်ထွေးနေသော မျဉ်းများ ရှိနေကြောင်း တွေ့လိုက်ရ၏။
၎င်းက နတ်ဘုရားများကို တိုက်ခိုက်ရန် အလင်းရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့်ပုံ ပေါ်နေသည်။ ထိုနတ်ဆိုးကလေးက အလွန်အလွန် သေးငယ်လွန်းသော်လည်း အမှန်တကယ်အားဖြင့် မဖော်ပြနိုင်လောက်အောင် စွမ်းအား ကြီးမားသည်။
ချပ်ဝတ်ပေါ်ရှိ မျဉ်းကြောင်းများက နည်းစနစ်တစ်ခုကို ဖော်ပြနိုင်ဖို့အတွက် ရေးဆွဲထားသည့် စကားလုံးများပင်။
ရန်ချီက ကံမကောင်းစွာပင် ၎င်းတို့ကို မဖတ်နိုင်ချေ။ သို့သော်လည်း ထိုအရာများက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ရေးသားထားသည်ဟု သူထင်မြင်မိနေသည်။
အတိတ်က မိုးကြိုးပစ်ချခံရပြီးနောက် နတ်ဆိုးကလေးက သူ့နဖူးထက် ရောက်ရှိနေကာ သူ့ကို နည်းစနစ် ပေးခဲ့သည်။ သို့သော်လည်း ထိုအရာက မပြည့်စုံချေ။ ထိုအရာ လောကအုပ်ချုပ်သူ အဆင့်မတိုင်မီ အစိတ်အပိုင်းလောက်သာ ဖြစ်မှန်းသာ သူသိသည်။
သို့သော် သူက ယခု လောကအုပ်ချုပ်သူ ဖြစ်လာသဖြင့် ရွှေရောင်နတ်ဆိုးကလေးပေါ်ရှိ နည်းလမ်းအတိုင်း ကျင့်ကြံဖို့ လိုအပ်နေသည်။
သူ့အတွက် ထိုစာသားများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခြင်းက ကံမကောင်းစရာပင်။ ထိုသို့ ပြုလုပ်ရန်အတွက် သူ့ကျင့်ကြံခြင်းအခြေခံကို တိုးမြှင့်ဖို့ လိုအပ်နေပေသည်။
စာသားများကို စစ်ဆေးပြီးနောက် သူက အစိတ်အပိုင်းတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ ထိုစကားလုံးက ရှေးဟောင်းစကားလုံးဖြစ်ကာ ဖတ်ဖို့ခဲယဉ်းသော်လည်း မဖြစ်နိုင်တာတော့ မဟုတ်ချေ။ ထိုစကားလုံးက "မိစ္ဆာနတ်ဘုရား ချုပ်နှောင်ခြင်း" ဖြစ်သည်။
ထို့အပြင် "ငရဲတံခါး" ဆိုသည့် နည်းစနစ်တစ်ခုလည်း ရှိနေသေးသည်။
ငရဲတံခါးကို ဆင့်ခေါ်ကာ ငရဲမှ စွမ်းအားကြီးမားသည့် မိစ္ဆာနတ်ဘုရားများကို ခေါ်ထုတ်၍ သူတို့၏ အစွမ်းကိုသုံးပြီး ရန်သူကိုပင် ချေမှုန်းနိုင်ဖို့အတွက် အသုံးပြုကောင်း အသုံးပြုနိုင်ပါလိမ့်မည်။