ရေအောက် လိုဏ်ဂူအတွင်း၌…
"ထိုအရာက..."
ကျန်းနင်က မတ်တတ်ရပ်၍ ထွက်ခွာရန် ပြင်လိုက်စဉ် သူ၏ အကြည့်များ ရုတ်တရက် စူးရှသွားတော့၏။
အဘယ်ကြောင့်ဆိုသော် ရှေ့ရှိ ရေအိုင်ငယ်လေး အတွင်း၌ ငွေရောင် အလင်းမှုန်လေးများ တဖျပ်ဖျပ် တောက်ပနေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်...
ရေအိုင်ထဲရှိ ကျောက်တုံး အပိုင်းအစများမှာ ပုံသဏ္ဌာန်မဲ့ စွမ်းအားတစ်ခု၏ ရိုက်ခတ်မှုကြောင့် အရပ်မျက်နှာ အနှံ့သို့ အရှိန်အဟုန်ဖြင့် လွင့်စင်သွားကြလေသည်။
ချက်ချင်းဆိုသလိုပင်။
ခိုဥ အရွယ်အစားခန့်ရှိသော နက်မှောင်မှောင် ကျောက်တုံး တစ်တုံးက ရေအိုင် အောက်ခြေမှနေ၍ သူ့လက်ဖဝါးထဲသို့ ပျံသန်း ဝင်ရောက်လာ၏။
ထိုကျောက်တုံးနှင့် သူ့လက်ဖဝါး ထိတွေ့သွားသည်နှင့် အရိုးထဲထိ စိမ့်ဝင်သွားလောက်အောင် အေးစက်လှသော ခံစားမှုကြီး တစ်ခုက ရိုးတွင်းခြင်ဆီအထိ ထိုးဖောက် ဝင်ရောက်လာတော့သည်။
ဤခံစားမှုက ကျန်းနင်အား ရင်းနှီးကျွမ်းဝင်နေသည့် အငွေ့အသက် တစ်ခုကို ချက်ချင်း ပေးစွမ်းလိုက်လေသည်။
အစောပိုင်းက ရေအိုင်ထဲရှိ ရေများ၏ သဘာဝနှင့် လုံးဝ တစ်ထပ်တည်း ကျနေသည် မဟုတ်ပါလား။
ထိုအတွေးနှင့်အတူ ကျန်းနင်က လက်ထဲရှိ နက်မှောင်သော ကျောက်တုံးကို ဟိုဘက်ဒီဘက် လှန်လှော ကြည့်ရှုလိုက်သည်။
သေချာစွာ အကဲခတ်ကြည့်ရာ ထိုနက်မှောင်သော ကျောက်တုံး အတွင်း၌ ငွေရောင် ကြယ်ပွင့်လေးများ ရံဖန်ရံခါ တလက်လက် တောက်ပနေသည်ကို တွေ့လိုက်ရ၏။
ထိုအချက်ကပင် ရေအိုင် အောက်ခြေရှိ ဤကျောက်တုံးကို သူ ချက်ချင်း သတိထားမိသွားစေသည့် အကြောင်းရင်း ဖြစ်ပေသည်။
ကျောက်တုံးအတွင်း၌ ဖြတ်သန်း လှုပ်ရှားနေသော ငွေရောင် ကြယ်ရောင်လေးများကို စိုက်ကြည့်ရင်း ကျန်းနင်က သူ မကြာသေးမီကမှ သန့်စင် စုပ်ယူခဲ့သော ထူးခြားသည့် ရေမှုန်များကို အမှတ်ရသွားမိသည်။
ရေအိုင်ထဲမှ ထိုရေများတွင် ငွေရောင် အလင်းမှုန်များ ပါဝင်နေရုံသာမက ရေထဲ၌ပင် တစ်သားတည်း စုစည်းနေပြီး ဖော်ပြ၍ မရနိုင်လောက်အောင် အေးစက်နေခဲ့သည် မဟုတ်ပါလား။
"ဖြစ်နိုင်တာက..." ကျန်းနင်၏ မျက်ဝန်းများ အနည်းငယ် ပြူးကျယ်သွားတော့သည်။
သူ ယခုလေးတင် မျိုချခဲ့သော ထူးခြားသည့် ရေများ ဖြစ်တည်လာရခြင်း၏ အရင်းအမြစ်မှာ တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်ကြောင်း သူ စဉ်းစားမိလိုက်၏။
ဤကဲ့သို့သော ကောင်းကင်နှင့် မြေကြီး ရတနာများ ဆိုသည်မှာ မလွဲမသွေ မြစ်ဖျားခံရာ ဇာစ်မြစ်တစ်ခု၊ ၎င်းတို့ တည်ရှိနေရခြင်း၏ ခိုင်လုံသော အကြောင်းရင်း တစ်ခုတော့ သေချာပေါက် ရှိရပေမည်။
မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ဤနေရာတွင် အလိုအလျောက် စုစည်း ဖြစ်ပေါ်လာရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
လက်ထဲရှိ နက်မှောင်သော ကျောက်တုံးကို စိုက်ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ ဓားသွားတစ်လက်ပမာ စူးရှ ထက်မြက်လာတော့၏။
"ဒီအရာကြောင့်များလား" ကျန်းနင်က သူ့ဘာသာ တီးတိုး ရေရွတ်လိုက်မိသည်။
ယခုအချိန်ထိ တွေ့ရှိရသော တူညီသည့် အချက်အလက်များကို တွက်ဆကြည့်လျှင် သူ စုပ်ယူခဲ့သော ထူးခြားသည့် ရေများမှာ အရိုးထဲထိ စိမ့်ဝင် အေးခဲသွားစေသော ထိုကျောက်တုံးမည်းလေးကြောင့် ဖြစ်တည်လာခဲ့ခြင်း အမှန်ပင် ဖြစ်နိုင်ပေသည်။
ငွေရောင် အလင်းမှုန်များ ရံဖန်ရံခါ တလက်လက် တောက်ပနေတတ်သည့် ကျောက်တုံးမည်းတစ်တုံး။
အဘယ်ကြောင့်ဆိုသော် အစောပိုင်းက ရေများ၏ ထူးခြားသော ပုံသဏ္ဌာန်နှင့် ကျောက်တုံးမည်း နှစ်ခုစလုံးတွင် လျင်မြန်စွာ ဖြတ်သန်းသွားတတ်သော ငွေရောင် အလင်းမှုန်လေးများ အတူတူ ပါဝင်နေသောကြောင့်ပင်။
ထို့အပြင် ၎င်းတို့ ထုတ်လွှတ်နေသော အေးစက်မှုမှာလည်း လုံးဝ တစ်ထပ်တည်း ကျနေသည် မဟုတ်ပါလား။
သို့တိုင် အစောပိုင်းက ရေများနှင့် နှိုင်းယှဉ်ကြည့်ပါက ဤကျောက်တုံး၏ အေးစက်မှုမှာ များစွာ ပိုမို ပြင်းထန်နေကြောင်း ခံစားလိုက်ရသည်။
အပူချိန် အရဆိုရလျှင် ကျောက်တုံးမှာ အလွန်တရာ အေးစက်လွန်းလှသဖြင့် လောကရှိ အအေးဆုံးသော ရေခဲများပင် ၎င်းနှင့် ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။
ပုံမှန်အားဖြင့် ဆိုပါက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အပူချိန်မျိုးမှာ ပတ်ဝန်းကျင်ရှိ ကန်ရေများကို တဖြည်းဖြည်း ခဲသွားစေပြီး ရေခဲပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားစေရမည်သာ။
သို့သော် ကျန်းနင် ရှာဖွေ တွေ့ရှိလိုက်သည်မှာ...
သူ၏ ခန္ဓာကိုယ်က ကျောက်တုံးမည်းနှင့် တိုက်ရိုက် ထိတွေ့မှသာလျှင် ကျောက်တုံးမှ ထုတ်လွှတ်နေသော အေးစက်မှုကို ခံစားရခြင်းပင်။
၎င်းမှ သူ၏ လက်ဖဝါးကို ခွာလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်တုံးမည်းမှ ဖြာထွက်နေသော အအေးဓာတ်ကို လုံးဝ မခံစားရတော့ပေ။
အကြိမ်ကြိမ်အခါခါ စမ်းသပ် စစ်ဆေးကြည့်ပြီးနောက် ဤအချက်အပေါ် ကျန်းနင် ပိုမို ယုံကြည် သေချာသွားတော့၏။
ဤနေရာ၏ အစစ်အမှန် ရတနာမှာ သူ ကြုံတွေ့ခဲ့ရသော ထူးခြားသည့် ရေများ မဟုတ်ဘဲ သူ့လက်ထဲရှိ သာမန် သဏ္ဌာန်မျှသာ ရှိနေသော ဤကျောက်တုံးမည်းပင် ဖြစ်နိုင်ချေရှိသည်။
ထိုအတွေးဖြင့် သူက ကျောက်တုံးမည်းကို သတိထား၍ ဂရုတစိုက် သိမ်းဆည်းလိုက်၏။
ထို့နောက် ပတ်ဝန်းကျင် တစ်ခွင်လုံးကို သေချာစွာ ထပ်မံ ရှာဖွေကြည့်ရာ တခြား မည်သည့်အရာမှ မတွေ့ရတော့သဖြင့် ပျက်စီးနေသော သင်္ဘောပျက်ကြီး ရှိရာ လမ်းကြောင်းအတိုင်း ပြန်လည် ထွက်ခွာလာခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော် ထိုသင်္ဘောပျက်ကြီး အတွင်း၌ သံရိုင်းများ အပြည့် သိုလှောင်ထားသော ဂိုဒေါင် အပြင် နဂါးငါးဖြူ၏ ခန္ဓာကိုယ် အပိုင်းအစ နှစ်ခုနှင့် ရှီရှောင်ယွမ်၏ ဓားတို့ ကျန်ရှိနေသေးသည် မဟုတ်ပါလား။
ထိုဓားမှာ အနည်းငယ် ပဲ့ရွဲ့နေခဲ့ပြီ ဖြစ်သော်လည်း ရှီရှောင်ယွမ် ကဲ့သို့သော သူ၏ လက်သုံးတော် ဓားဖြစ်နေသဖြင့် အသုံးပြုထားသော ပစ္စည်းအရည်အသွေးနှင့် သွန်းလုပ်ထားသည့် နည်းပညာ နှစ်ခုစလုံးမှာ အလွန်တရာ တန်ဖိုးကြီးမားလှပေမည်။
ကျန်းနင် အနေဖြင့် ဤမျှ ကောင်းမွန်သော ဓားတစ်လက်ကို မည်သို့လျှင် အလဟဿ အဆုံးရှုံးခံနိုင်မည်နည်း။
...
ရေကန် မျက်နှာပြင်ထက်တွင်…
ဝုန်း...
ရေထဲသို့ ခုန်ချသွားသည့် အသံသုံးသံ ဆက်တိုက် ထွက်ပေါ်လာ၏။
တစ်ချိန်တည်းမှာပင် ကုန်းပတ်ပေါ်မှ စကားပြောသံများ ထွက်ပေါ်လာသည်။
"အခြေအနေ ဘယ်လိုလဲ... ဂိုဏ်းချုပ်နဲ့ ကျန်တဲ့သူတွေရဲ့ အရိပ်အယောင်များ တွေ့သေးလား"
"အစ်ကိုကြီး... ဘာမှ မတွေ့သေးပါဘူးခင်ဗျာ"
"..."
အခြားတစ်ဖက်တွင်မူ…
ဧရာမ သင်္ဘောကြီး အောက်ခြေရှိ ထောင့်တစ်နေရာ၌…
ယခုအခါ ဟွမ်ဆန်း၏ မျက်နှာမှာ သေလူ တစ်ယောက်ကဲ့သို့ ဖြူရော်နေခဲ့ပြီဖြစ်ပြီး နှုတ်ခမ်းများမှာလည်း ခရမ်းပုပ်ရောင် အဖြစ်သို့ ပြောင်းလဲနေလေသည်။
ပြင်းထန်စွာ ကျိုးပဲ့နေသော လက်မောင်း ဒဏ်ရာကို ရရှိထားသည့်အပြင် ရေထဲတွင် နှစ်နာရီကျော်ကြာ အဆက်မပြတ် စိမ်ထားရသဖြင့် သူ့ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းယိုင်နဲ့နေကြောင်း ခံစားနေရ၏။
သူ ဆက်၍ တောင့်ခံထားနိုင်တော့မည် မဟုတ်ဘဲ အချိန်မရွေး ဤနေရာ၌ပင် သတိလစ် မေ့မြောသွားနိုင်ကြောင်း သူ့ဘာသာ ရိပ်မိနေတော့သည်။
ထိုသို့ ဖြစ်နေသည့်တိုင် သူက အသံတစ်ချက်မျှပင် မထွက်ရဲခဲ့ချေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသော်လည်း ရှီရှောင်ယွမ်နှင့် အခြားသူများထဲမှ တစ်ယောက်မျှ ပြန်မလာခဲ့ကြပေ။
ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူက မည်သို့များ ထွက်လာရဲမည်နည်း။
အကယ်၍ အပေါ်ရှိ မြစိမ်းရောင်မြွေဂိုဏ်းမှ လူများသာ သိရှိသွားခဲ့လျှင်...
ဂိုဏ်းချုပ်ရှီတို့နှင့်အတူ ရေအောက်သို့ ဆင်းသွားခဲ့ပါလျက် သူ တစ်ယောက်တည်းသာ အသက်ရှင်လျက် ပြန်တက်လာခဲ့ပါက မည်သို့များ ဆင်ခြေပေးနိုင်မည်နည်း။
ထိုသို့ ဖြစ်လာပါက မြစိမ်းရောင်မြွေဂိုဏ်း၏ လက်ချက်ဖြင့် ပို၍ပင် နာကျင် ရက်စက်သော သေခြင်းတရားနှင့် ရင်ဆိုင်ရနိုင်ရုံသာမက မိသားစုပါ မလွဲမသွေ ဒုက္ခရောက်သွားနိုင်သည် မဟုတ်ပါလား။
ထိုအချက်ကို တွေးမိလေ ဟွမ်ဆန်း၏ ဆုံးဖြတ်ချက်က ပိုမို ခိုင်မာလာလေပင်။
ထိုစဉ်...
"ဘယ်သူလဲကွ"
"မင်းက ဘယ်သူလဲ"
သင်္ဘောအောက်ခြေတွင် ပုန်းအောင်းနေဆဲ အချိန်၌ အပေါ်ဘက်မှ ကျယ်လောင်သော အော်ဟစ်သံ အချို့ကို ရုတ်တရက် ကြားလိုက်ရ၏။
နောက်တစ်ခဏ၌...
"အား..."
ဧရာမသင်္ဘောကြီး အပေါ်ထပ်မှ ကြောက်မက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်သံများ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာတော့သည်။
ခဏတာ အတွင်းမှာပင် အပေါ်ထပ် တစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားပြီး အသံဗလံ မျိုးစုံက သူ့နားထဲသို့ ရောထွေး ဝင်ရောက်လာ၏။
"သရဲ... ဘီလူးသရဲကြီးဟေ့..." အသံတစ်သံက အလွန်ထိတ်လန့်တကြားဖြင့် အော်ဟစ်နေသည်။
"ချမ်းသာပေးပါ... ကျွန်တော့်မှာ ကျွေးမွေး စောင့်ရှောက်ရမယ့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ ရှိပါသေးတယ်ဗျာ..." တစ်စုံတစ်ယောက်က သေမတတ် ကြောက်ရွံ့စွာဖြင့် အသည်းအသန် တောင်းပန်နေ၏။
"သတ်... အကုန်လုံး သေကြစမ်း..." အခြားတစ်ယောက်ကလည်း ရက်စက် ကြမ်းကြုတ်စွာ အော်ဟစ်နေလေသည်။
သို့သော် ဤဆူညံသံများ ကြားထဲတွင် သေခြင်းတရားနှင့် ရင်ဆိုင်နေရသူများ၏ နာကျင်စွာ အော်ဟစ်သံများကိုသာ ဟွမ်ဆန်း အများဆုံး ကြားနေရခြင်း ဖြစ်လေသည်။
ရုတ်တရက်…
တစ်စုံတစ်ရာ ရေထဲ ကျသွားသည့် အသံကြီး ပဲ့တင်ထပ်သွား၏။ လူတစ်ယောက်၏ ပုံရိပ်က သူ့ရှေ့ ကိုက်အနည်းငယ် အကွာသို့ ပြုတ်ကျလာပြီး လွင့်စင်လာသော ရေလှိုင်းများက သူ့မျက်နှာကို လာရောက် ရိုက်ခတ်သွားသဖြင့် ဟွမ်ဆန်း အလန့်တကြား သတိပြန်ဝင်လာတော့သည်။
နောက်တစ်ခဏ၌…
ရေထဲပြုတ်ကျလာသော ပုံရိပ်မှာ ရေ၏ ပင့်တင်အားကြောင့် ရေမျက်နှာပြင်ထက်သို့ ပြန်လည် ပေါ်ပေါက်လာသည်။
"သေ... သေသွားပြီလား"
ဟွမ်ဆန်းက ကိုက်အနည်းငယ် အကွာမှ မလှုပ်မယှက် ဖြစ်နေသော ပုံရိပ်ကို ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်နေဆဲပင်။
ထွက်သက်ဝင်သက် အနည်းငယ် ကြာပြီးနောက် သူ၏ ထိတ်လန့် တုန်လှုပ်နေသော နှလုံးသားမှာ ပြန်လည် တည်ငြိမ်လာ၏။
သူ ခေတ္တမျှ တွေဝေသွားပြီးနောက် ထိုအလောင်း ရှိရာဆီသို့ တိတ်တဆိတ် ရေကူးသွားလိုက်သည်။
ထိုလူ၏ ဘေးသို့ ရောက်ချိန်တွင်မူ ထိုလူမှာ သေချာပေါက် အသေကောင် တစ်လောင်း ဖြစ်နေကြောင်း သူ ကောင်းစွာ သိရှိသွားခဲ့သည်။
End
***